Monthly Archives: March 2025

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကျင်းပ

မတ် ၁၅၊ ၂၀၂၅

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားနောက်ဆုံး အစီအစဉ်အနေဖြင့် အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို အလေးနီပြုကာ ၄ နှစ်မြောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

“ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတလှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ”

“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ပါစေ”

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့  ၄ နှစ်မြောက်မွေးနေ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီဗဟိုမှ ပေးပို့သော သဝဏ်လွှာ

ရဲဘော်တို့

ဒီနေ့ကာလဟာ- ကုလသမဂ္ဂမှအစ ပြည်တွင်းပြည်ပ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေအားလုံး အလုပ်များနေကြတဲ့အချိန် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာနဲ့တဝန်း ရှုပ်ထွေးသည်းသန် လာနေတဲ့ စီးပွားရေး ကုန်သွယ်ရေး အကောက်ခွန် နည်းပညာ စတဲ့ စစ်ပွဲများနှင့်အတူ စစ်သံကျယ်ပြီး အပြောင်းအလဲများတဲ့ ခေတ်ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။အခြေအနေတွေ အရှုပ်ထွေးဆုံးကာလ ဖြစ်နေတာ ရဲဘော်တွေ သိနေမြင်နေကြမှာပဲ။ အလုပ်ဖြစ်နေတဲ့သူတွေက လက်မထောင်နေနိုင်ပေမယ့် ဘာမှ ရှေ့တိုးမရသူတွေလည်း ရှိတယ်။ (ဥပမာ မင်းအောင်လှိုင် စကစ စစ်အုပ်စု)

တခါ ခရီးရောက်ပေမယ့် လက်မထောင်ဖို့ မဖြစ်သေးတဲ့သူတွေလည်း ရှိတယ်။ (အထူးသဖြင့် ယူဂျီတွေ)

ဒီလိုအနေအထားမှာ PLA တာဝန်ခံက သူတို့အခြေအနေ တင်ပြပြီး ပါတီဗဟိုကို သဝဏ်လွှာတောင်းလာပါတယ်။ ပါတီဗဟိုအနေနဲ့ အချိန်အားဖြင့် ၂ ရက်ပဲ ရပါတယ်။

PLA ဘာလဲ ဘယ်လဲက စပြီး ပြန်ကြည့်ကြရအောင်။ ၁၉၃၉ မှာ ယူဂျီဘဝနဲ့ စခဲ့တဲ့ ဗကပ ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ ယူဂျီဘဝပြန်ရောက်ခဲ့ပြီး ၈၅ နှစ်ခရီးပေါက်ခဲ့ပြီ။

ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စု အာဏာချုပ်ကိုင်တဲ့ကာလတွေမှာ ပါတီဟာ တဖက်က လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေတာလုပ်၊ တဖက်က ယူဂျီလုပ်ငန်းတွေလုပ်ရင်းက အခါအခွင့်ကောင်း စောင့်ဆိုင်းခဲ့ကြတယ်။ ဗိုလ်သန်းရွှေ မွေးထားတဲ့ ကာချုပ်မင်းအောင်လှိုင် အာဏာသိမ်းပွဲပြုလုပ်အပြီး ၂၀၂၁ ခုနှစ် ပြည်သူလူထုရဲ့ ဒီရေမြင့် အရေးတော်ပုံကြီးပေါ်ပေါက်လာတဲ့အခါမှာ အခွင့်ကောင်းပေါ်လာတယ်။ သည့်မတိုင်ခင်ကတည်းက ပါတီဟာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးလမ်းတခုအဖြစ် ထားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပြန်လည်မွေးဖွားစေဖို့ ဆယ်စုနှစ် တခုလောက်ကတည်းက ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာ အဖမ်းအဆီးတွေ လုပ်နေတဲ့ကြားက လက်နက်ကိုင်တိုက်ပွဲကို အားသန်တဲ့ ပါတီရဲ့ယူဂျီအစုတစုဟာ နယ်စပ်ကို တိမ်းရှောင်ရင်းက ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို ရောက်ရှိသွားတယ်။ ဗကပ နာမည်မခံဘဲ အကူအညီတောင်းပြီး စစ်သင်တန်းတက်ခဲ့တယ်။ တကယ်က ပါတီအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု တချို့ ရှိထားနှင့်ပြီး ဖြစ်တယ်။ ယခင်ကလည်း အပြန်အလှန် ကူညီခဲ့ကြဖူးတာလည်း ရှိလို့ KIA က အခက်အခဲမရှိ လက်ခံခဲ့တယ်။ အမှန်မှာ KIA အနေနဲ့ ပါတီအစုတစုဆိုတာ သိထားပြီး ဖြစ်တယ်။ ဒီအတွက် KIA ကို ကျေးဇူးတင်ရမှာပါ။ ထို့အတူ ဆက်လက်အကူအညီပေးခဲ့ကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ အခြားကူညီကြတဲ့ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်အသိအမှတ် ပြုပါတယ်။

(နောက်ပိုင်းအခြေအနေတွေကို တော့ ရဲဘော်တို့ကိုယ်တိုင် ပူးတွဲတိုက်ပွဲဝင်ခဲ့ကြပြီးဖြစ်လို့ အကျယ်မချဲ့တော့ပါ။)

ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ လူထုတိုက်ပွဲများဟာ ဒုတိယဖက်ဆစ်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ အဖြစ် ကြီးထွားလာနေပြီဖြစ်တယ်။

မင်းအောင်လှိုင်စစ်အုပ်စု ပျာယာခတ်နေတာနဲ့အမျှ တော်လှန်ရေးအင်အားစုများ တည်ငြိမ်ဖို့ ညီညွတ်ဖို့ ဘုံရန်သူမပျောက်ဖို့ လိုပါတယ်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ ဘုံရန်သူကို ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းများ အားလုံးနဲ့သွေးစည်းညီညွတ်မှုကို ထိန်းသိမ်းပြီး အခက်အခဲမှန်သမျှမဆုတ်မနစ် ရင်ဆိုင်ကျော်လွားကာ တော်လှန်ရေးကို အောင်ပွဲရသည်အထိ ဆင်နွဲသွားရမှာဖြစ်ပါတယ်။

ပြောချင်တာက ၄ နှစ်တာ ကာလအတွင်း ရဲဘော်တို့တတွေ ခရီးအတော်ပေါက်ခဲ့ကြပြီ။ ရှေ့လမ်းခရီးမှာ တွေ့ကြုံရမယ့် အခက်အခဲတွေကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်စိတ်ချတယ်။ နိုင်ငံရေး စစ်ရေး စည်းရုံးရေးဘက်တွေမှာ ထိတွေ့နိုင်ခဲ့ကြပြီ။ အခြေအနေနဲ့ ကိုက်ညီတဲ့ တပ်ပေါင်းစုလုပ်ငန်းတွေ လုပ်နိုင်နေကြပြီ။

မာနမကြီး လောမကြီးဘဲ ပြည်သူကို အလုပ်အကျွေးပြုရင်း ဆက်လက်လုပ်ကိုင်ချီတက်သွားကြဖို့ပဲ- ပါတီဗဟိုက တိုက်တွန်းလိုတယ်။

ရဲဘော်တို့ အောင်မြင်ကြပါစေ။

အလေးနီဖြင့်

ပါတီဗဟို

(၂၀၂၅ ခု မတ်လ ၁၃ ရက်)