Monthly Archives: August 2024

နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ

(နီပေါကွန်မြူနစ် အာဇာနည်ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာ)

(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် နိုင်ငံတကာကဗျာ)

ဂျယ်ဘမ်းကို အလေးပြုခြင်း

ခရစ်သျှနားစံ “အစ်ချွတ်”

(နီပေါ ကွန်မြူနစ် အာဇာနည် ကဗျာဆရာ၊ စာရေးဆရာ ခရစ်သျှနားစံ “အစ်ချွတ်” ရဲ့ ကဗျာကို အင်္ဂလိပ်ဘာသာမှ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

ဂျယ်ဘမ်း

လာဘန်ယမ်း၏ထိပ်ဖျားမှာ ရပ်လျက်

အဝေးကို မျှော်ငေး

လွတ်မြောက်ရေး မိုးကုပ်စက်ဝိုင်းရှိရာ

အချုပ်အခြာမြင့်မား တောင်တန်းများကား

မားမားရပ်လျက် ပူဆွေးမှုအတွက် ငြိမ်သက်

ကြီးမြတ်သည့် စစ်သည်တော် ငါးယောက်အား ယခုပင် အလေးအမြတ်ပြုနေကြ၏

ခေါင်ဖျားပေသိ လှုပ်ရှားနိုးကြား ရွာငယ်များ၊ တောင်ကုန်းများနှင့် လွင်ပြင်များ

တသီတတန်း ညီညာလှမ်းလျက်

လွတ်မြောက်ရေးဆီ အဆုံးမဲ့ခရီးချီရာ

လေးနက်သစ္စာဖြင့် ဆင်ခြင်

တိုးတက်သော စိတ်ပင် ဖြစ်၏။

အရပ်ရှစ်မျက်နှာအား

ခံစားမှုဖြင့် ငဲ့ကြည့် စာနာ

လူထု၏ ကြေကွဲစရာ ဖြစ်ရပ်များသာ သတိရ

မထိမ်းနိုင်သည့် ငါ ငိုချလိုက်မိ

ရှစ်ခွင်တိုင်းမှ မိုးကုပ်စက်ဝိုင်းကား

မိုးသောက်နီအလား

နီဆွေးဖြာလျက် တလက်လက်

လွတ်မြောက်နယ်မြေ ခံစားချက် ရုပ်ပုံလွှာသစ်သည်လဲ

ခိုင်မြဲသည့် သံနှင့်ကျောက်တိုင်ပမာ မားမားရပ်လျက်

ကြောက်ရွံ့ခြင်း ကင်းပါဘိလေ။

ဂျားမားကတ်ဆလ၊ ဆီရမ်းနှင့် တေးဘမ်း

ဓားသွားလို တောက်ပ

သဏ္ဌာန်သစ်များပြောင်း

လူတန်းစားတိုက်ပွဲနီ၏ သူရဲကောင်းများအဖြစ်သို့

ငါတို့၏ မီရွတ်နဲ့ ထာဝမ်း

ဆန်းသစ်သည့် ပြည်သူ့စစ်ပွဲ မီးလျှံသစ်

မဆုတ်မနစ်တမ်း လောင်ကျွမ်းသည့်နေရာ

ကလလရေကြည်

သန္ဓေတည်စ ခေတ်သစ်၏

သမိုင်းသစ်ကို ထိုစာမျက်နှာသစ်၌

ရေးထိုးလိုက်ပြီ

ပြည်သူ့စစ်ပွဲ သမိုင်းသစ်ကို ဖတ်လျက်

လာဘန်ယမ်း၏ ထိပ်မှာ ရပ်လျက်

သင့်အိပ်ရာ၏ အာဇာနည်တံခါး

ငါကား လောင်ကျွမ်းသည့် ခပ်နွေးနွေး မီးလျှံ

ငါ့ ရင်ထဲက

ခေတ်သစ်၏ ဗြောင်းဆန်သော ရောင်ခြည်များ

နီရဲတောက်ပ မိုးကုပ်စက်ဝိုင်းမှ မီးဝမ်းကြာတိုက်ပမာ

မလျှော့သည့်ဇွဲဖြင့်သာ

ခေတ်သစ်တခု၏ ပိုင်းဖြတ်မှု ငါ ပြုစုပျိုးထောင်။

တောင်ကုန်းများကား တောင်ကုန်းများသာ မဟုတ်တော့

စစ်သည်နီများ ဖြစ်လာကြပြီ

တောအုပ်များလည်း တောအုပ်များသာ မဟုတ်တော့

လူထုတပ်များ ဖြစ်လာကြပြီ

ကျေးရွာများကား

လက်စားချေရေး စခန်းများမှာ

ညီညာဖျဖျ ရှိနေကြပြီ

သည်မြေ၏ အထွဋ်အထိပ်မှာ

ဧဝရတ်သည်လည်း အလံနီများပမာ ဝင်းပလျက် ရှိချေပြီ။

ဂျယ်ဘမ်း

လာဘန်ယမ်း၏ ထိပ်မှာ ရပ်လျက်

သော့ခတ်ထားသည့် တချိန်က အချုပ်ခန်းသည်ကား

စစ်ဆင်ရေး၏ အဦးဆုံး “ချိုတရီ” အလား

တော်လှန်ရေး ကတုတ်ကျင်းသာ ဖြစ်သွားလေပြီ။

အက်ကွဲပွင့်ဟ ဤခေတ်သစ်၏ နှုတ်ခမ်းဝမှာ ရပ်လျက်

ငါ အလေးနီပြုလိုက်သည်

ဂုဏ်‌ရောင်ပြောင်သည့် စစ်မြေပြင်က အို တပ်နီတော် အ‌ပေါင်းတို့

ငါ အလေးနီပြုလိုက်သည်

အဆုံးသတ်အောင်ပွဲ၏ အလေးနီ။

ဂျယ်ဘမ်း – နီပေါနိုင်ငံ ရိုလ်ပါခရိုင်ထဲက သမိုင်းဝင် တော်လှန်ရေးဒေသတခု။ မော်ဝါဒီ ကေဒါ ၅ ယောက် အာဇာနည်အဖြစ် သမိုင်းမော်ကွန်းထိုးရာ အရပ်လည်း ဖြစ်ပါတယ်။

လာဘန်ယမ်း – တောင်ပေါ် ခရီးမှာ ထမ်းပိုးလာတဲ့ အထုပ်များချပြီး ခေတ္တနားခိုရာ မြေပြန့်နေရာများ။

ဂျားမားကတ်ဆလ၊ ဆီရမ်း၊ တေးဘမ်း၊ မီရွတ်၊ ထာဝမ်း – ရိုလ်ပါ ခရိုင်အတွင်းရှိ ပြည်သူ့စစ်ပွဲ ပိုမိုအားကောင်းသော ကျေးရွာများ။

ချိုတရီ – အများပြည်သူ ခရီးတထောက် နားခိုရာ၊ လူထုအစည်းဝေးများ ပြုလုပ်ရာ ညောင်ပင်အောက်က ကွပ်ပျစ်။

Salute Jelwang

Krishna Sen “Ichchhuk”

Jelbang 1

Standing on the peak on the top of Labhanjyang 2

I’m looking far away

Towards the horizon of liberation

The high hills of sovereignty look

Standing straight silent for the mourning

In respect to the five great warriors right now

The solitary but restless hamlets, hills and plains

Are unified in the procession

Of endless journey to liberation

The deep devoted contemplation

The conscience of progression.

I look with sensibility

At all directions

Recalling the painful stories of the people

I can’t control myself, and cry

Like the red morning

The horizon in each side

Looks red-red deep dazzling red

A novel emotional image of a liberated land

Stands like a firm pillar of iron and rock

Not scared of anything

Jaimakasala, Seram and Tebang 3

Shine like the sharp edge of a sword

Transfigured into new forms

As the heroes of the red class-struggle

Our Mirul and Thawang 4

Where there’s blazing

The fresh fire of innovative people’s war

Persistent and the novel history

Of embryonic new era is being written

In those novel page

Reading the new history of the people’s war

Standing on the peak of Lalbhanjyang

Like the martyr gate of your bed

I’m blazing warm fire

In my bosoms

The turbulent rays of the new time

Like a womb of fire in the red-red horizon

In an unyielding determination

I’m nurturing the determination of a new era.

The hills are not mere hills now

They are red warriors

The jungles are not jungles now

They are mass of people’s army

The villages are unified

In the camps of retaliation

On this peak of the land

Everest 5 is glowing as red flags.

Jelwang,

Standing on the peak of Lalbhanjyang,

Once a locked jail is now

An open trench of revolution like the first chautari 6 of operation

Standing at the crevice of this new epoch

I greet you with a red salute

Oh red armies of the grand battlefield

I offer you the red salute

The red salute of ultimate victory.

1) Name of the place in Rolpa district, also popular as historical palace of People’s War, where five Maoist cadres got martyrdom.

2) The plain area in the hill where people wait to take rest for a while taking off their loads. Here, Labhanjyang also refers to the martyrs Lai Bahadur after home the pass was named.

3. The villages of Rolpa district where People’s War was more vibrant.

4. The villages of Rolpa district where people’s war was more vibrant.

5) The Mt. Everest, the highest mountain that lies in Nepal at the northern Nepal-China border.

6) A public space under banyan trees where people gather to take rest or conduct public gatherings.

ကွန်မြူနစ် အာဇာနည် ကဗျာဆရာ

နီပေါနိုင်ငံမှာ ပဒေသရာဇ် အာဏာရှင်စနစ် ဖျက်သိမ်းဖို့ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) က ဆယ်နှစ်ဆယ်မိုး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဘုရင်စနစ် ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့တယ်။ တော်လှန်ရေးအတွင်းမှာ ကွန်မြူနစ် အာဇာနည်တွေ အမြောက်အမြား အသက်ပေးလှူခဲ့ရပါတယ်။ လူသိထင်ရှား ကျဆုံးသွားသူတွေအပြင် သတင်းအစအန ရှာမရပဲ ပျောက်ဆုံးသွားသူများဟာလည်း ထောင်ဂဏန်း ရှိတယ်လို့ ဆိုပါတယ်။

အဲသလို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်တာ ခံရသူတွေထဲမှာ ထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာ ခရစ်သျှနားစံ “အစ်ချွတ်” လည်း ပါပါတယ်။ အိန္ဒိယမှာ မွေးဖွားပြီး အသက် ခြောက်နှစ်ခန့်မှာ နီပေါကို သူ့ မိသားစုနဲ့အတူ ပြန်ရောက်လာပါတယ်။ နီပေါနိုင်ငံမှာပဲ ဆက်လက် ပညာသင်ယူပြီးတဲ့နောက် ကျောင်းသားဘဝမှာ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့ပြီး နီပေါနိုင်ငံလုံးဆိုင်ရာ လွတ်လပ်သော ကျောင်းသားများသမဂ္ဂ (ANNFSU) ရဲ့ ဗဟိုကော်မတီ ညှိနှိုင်းရေးမှူးတာဝန် ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကွန်မြူနစ်ပါတီရဲ့ ရပ္ပတီဒေသဗျူရို အတွင်းရေးမှူး တာဝန် ထမ်းဆောင်ပါတယ်။

ပဒေသရာဇ် အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသား လှုပ်ရှားမှုများမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ပြီး၊ အကြိမ်ကြိမ် အကျဉ်းချခံရတယ်။ အကျဉ်းထောင်ထဲမှာ စုစုပေါင်း ဆယ်နှစ်ခန့် ဖြတ်သန်းခဲ့ရတယ်။ အိန္ဒိယကနေ အိုင်အေတန်း အောင်မြင်ခဲ့သလို ထောင်က လွတ်ပြီးတဲ့နောက်မှာလည်း နီပေါနိုင်ငံ တြိဘူဝမ် တက္ကသိုလ်ကနေ ပညာရေးဘွဲ့ ရပါတယ်။ မဟာတန်း ဆက်ပြီး တက်ရောက်စဉ်မှာပဲ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သင်တန်း ပြီးဆုံးအောင် မတက်နိုင်ခဲ့ပါဘူး။

မိခင်ပါတီဖြစ်တဲ့ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) က လက်နက်ကိုင် တော်လှန်ရေး စတင် ဆင်နွှဲကြောင်း ကြေညာတဲ့အခါ သူမြေအောက်ဆင်းသွားပြီး ပါတီလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်ပါတယ်။ သူ့ကို အရှင်ရရ၊ အသေရရ ဖမ်းဆီးနိုင်သူကို ရူပီးငွေ သုံးသန်းခွဲ ဆုချမယ်ဆိုပြီး အုပ်စိုးသူအစိုးရက ကြေညာတာ ခံရပါတယ်။

နောက်ဆုံးအကြိမ် ဖမ်းဆီးခံရတဲ့ ၂၀၀၂ ခုနှစ်မှာ သူက “ဂျာနာဒက်ရှ်” အပတ်စဉ် သတင်းစာမှာ စာတည်းလုပ်နေတာပါ။ ဒီသတင်းစာက လက်နက်ကိုင် တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ထုတ်ဝေတဲ့ သတင်းစာ ဖြစ်ပါတယ်။ အစိုးရက သတင်းစာတိုက်ကို ဝင်စီးနင်းပြီး သတင်းထောက်တွေ၊ သတင်းစာ ဆရာတွေကို ဖမ်းဆီးတဲ့အခါ ကံကောင်း ထောက်မစွာနဲ့ သူ လွတ်မြောက်သွားပါတယ်။ သတင်းစာတိုက် ပိတ်သိမ်းခံရပေမယ့် သူက လျှို့ဝှက်ပြီး ဆက်လက်ထုတ်ဝေပါတယ်။ ၂၀ ရက် မေလ ၂၀၀၂ ခုနှစ်မှာတော့ သူပုန်းခိုရာ အိမ်ရှင်ကတဆင့် ရန်သူက သတင်းရသွားတာကြောင့် အဖမ်းခံရပါတယ်။

အဲသလို အဖမ်းခံရပြီး တပတ်အကြာ ၂၇ ရက် မေလ ၂၀၀၂ ခုနှစ်မှာ ရန်သူ့ စစ်ကြောရေး ငရဲခန်းမှာပဲ ကျဆုံးသွားပါတယ်။ သူ့ ကြွင်းကျန်ရစ်တဲ့ အလောင်းကို ပြန်မရပါဘူး။ ကျဆုံးချိန်မှာ အသက် ၄၆ နှစ် ရှိပါပြီ။ ဇနီးနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ ရဲဘော်များက သူ့ကို ပြည်သူ့ ကဗျာဆရာ၊ စာရေးဆရာ၊ စစ်သတင်းထောက်၊ ပြည်သူ့ စစ်ပွဲ သားကောင်း စစ်သည်တဦး အဖြစ် ဂုဏ်ပြုကြပါတယ်။

နီပေါ နိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးမှုအသင်းနဲ့ တိုးတက်သော စာရေးဆရာများအသင်းရဲ့ ဗဟို ကော်မတီဝင် တာဝန်များလည်း ထမ်းဆောင်ခဲ့တဲ့ သူ့ကို မိခင်ပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီ (မော်ဝါဒီ) က “အကြီးမြတ်ဆုံးသော ယဉ်ကျေးမှု အာဇာနည်” ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အခုဆိုရင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေလည်း အတော်များများ ရှိပါတယ်။ ဒီထဲက ကျောင်းတကျောင်းကတော့ “အစ်ချွတ် ယဉ်ကျေးမှု အကယ်ဒမီ” ပဲ ဖြစ်ပါတယ်။

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

ဥဩချို

(ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ဖော်ပြမယ့်ဆောင်းပါး)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တဲ့ ၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။ ဒါဟာ ဗမာပြည် ပြည်တွင်းစစ်ဘယ်လို ပေါက်ဖွားလာသလဲဆိုတာနဲ့ သဘောချင်းအတူတူပဲ။

တချို့က လွတ်လပ်ရေးအပေါ် အာဏာရ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်ပါတီ သဘောကွဲလွဲပြီးမသင့်မြတ်လို့ လက်နက်ကိုင်တိုက်ကြပြီး ပြည်တွင်းစစ်ဖြစ်တယ်လို့ အပေါ်ယံရှုမြင်ရေးသားပြောဆိုနေကြတာ ရှိပါတယ်။ တချို့ကလည်း ဖဆပလ ဝန်ကြီးသခင်တင်ရဲ့မီးခွက်မှုတ်သတင်းကို သတင်းစာတွေထဲမှာထည့်ရာက အစ သခင်သန်းထွန်းက ကွန်မြူနစ်သတင်းစာတိုက်ကို လာဖျက်ဆီးရဲဖျက်ဆီးကြည့်၊ ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်လို့ ကြိမ်းဝါးတာကြောင့် ပြည်တွင်းစစ်ဖြစ်တာလို့ ရေးသူကရေးကြပါတယ်။

ဒီလိုပြောဆိုရေးသားချက်တွေဟာ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိမှုကို ပေါ့တန်စေခဲ့တယ်။

၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံ ပြည်သူလူထုကြီးနဲ့ အုပ်စိုးသူ ဖဆလပအစိုးရတို့အကြားဖြစ်ပွားနေတဲ့ လူတန်းစားပဋိပက္ခကို အုပ်စိုးသူလူတန်းစားဘက်က လက်နက်နဲ့ စတင်ဖိနှိပ်လာလို့ အုပ်စိုးခံတွေဘက်က ရရာလက်နက်နဲ့ ခုခံတုံ့ပြန် တော်လှန်တိုက်ပွဲဝင်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဒါကို လတ်တလောအကြောင်းရင်းနဲ့ အရင်းခံအကြောင်းရင်းဆိုပြီး ၂ ပိုင်းခွဲခြားကြည့်ရပါလိမ့်မယ်။

(လတ်တလော အကြောင်းရင်း)

ဖဆပလအစိုးရရဲ့ ဝန်ကြီးတဦးဖြစ်သူ သခင်တင်ဟာ နယ်လှည့်စည်းရုံးရေးဆင်းရင်း အရပ်သူ မကြင်စိန်ဆိုသူနဲ့ ဖောက်ပြန်မှားယွင်းတယ်။ ဒါဟာ ဝန်ကြီးရဲ့ မီးခွက်မှုတ်သတင်းဆိုပြီး သတင်းပေါက်ထွက်လာတယ်။ ဖဆပလ အစိုးရထဲက လက်ယာဆိုရှယ်လစ်ဂုဏ်းအုပ်စုက ဒီသတင်းကို ထည့်ရဲ့ထည့်ကြည့်လို့ ခြိမ်းခြောက်လာတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာတိုက်က ထည့်မယ်လို့ ရဲဝံ့ပြတ်သားစွာဆုံးဖြတ်လိုက်တဲ့နောက်မှာ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ဇနီး ဂျာနယ်ကျော်မမလေးရဲ့ သတင်းစာ-ဂျာနယ်တိုက်နဲ့ အခြား ထည့်ရဲတဲ့ သတင်းစာတိုက်တွေက ထည့်မယ်လို့သတ္တိရှိရှိ ဆုံးဖြတ်တယ်။ အဲဒီသတင်းကို ထည့်လိုက်တဲ့ ဂျာနယ်ကျော် ပုံနှိပ်တိုက်နဲ့ အခြားပုံနှိပ်တိုက်တချို့ကို ဖဆပလအစိုးရရဲ့ လက်ယာဆိုရှယ်လစ်ဂိုဏ်သားလူမိုက်တွေနဲ့ အရပ်ဝတ် စစ်သားပုလိပ်သားတွေက တုတ်၊ ဓား၊ ပုဆိန် လက်နက်တွေကိုင်စွဲပြီး သတင်းစာတိုက်ကို ဖျက်၊ ပုံနှိပ်စက်တွေ ရိုက်ချိုး၊ ခဲစာလုံးတွေကို လမ်းပေါ်သွန်ချ ထုချေဖျက်ဆီးတာတွေကို အကြမ်းဖက်လုပ်ဆောင်ခဲ့တယ်။ (သတင်းစာတိုက်များရဲ့ လွတ်လပ်ခွင့် ဒီမိုကရေစီအခွင့်အရေးကို အကြမ်းဖက်ဖိနှိပ်ခြင်း)

ဒီအခါ လယ်သမားတသိန်းကျော်တက်ရောက်တဲ့ ပျဉ်းမနားလယ်သမားညီလာခံကြီးအတွင်း ဥက္ကဋ္ဌ သခင်သန်းထွန်းက မိန့်ခွန်းပြောကြားရာမှာ “ကွန်မြူနစ်နေ့စဉ်သတင်းစာပုံနှိပ်တိုက်ကို ဆိုရှယ်လစ်လူမိုက်တွေ ဖျက်ဆီးရဲရင် လာကြည့်၊ ဗားကရာ ချောက်ကြီးကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်” လို့ တုံ့ပြန်လိုက်တယ်။ ဒါဟာ လက်နက်နဲ့ အဓမ္မ ဖိနှိပ်လာရင် တုံ့ပြန်တိုက်ပွဲဝင်မယ်ဆိုတာ အတိအလင်းဖော်ပြလိုက်ခြင်း ဖြစ်တယ်။

ဖောက်ပြန်တဲ့ ဖဆပလအစိုးရဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်နေ့စဉ်သတင်းစာနဲ့ ပြည်သူ့အာဏာ ဂျာနယ်ရဲ့ပုံနှိပ်တိုက်ကို လာရောက်ဖျက်ဆီးတာ မလုပ်ရဲတော့ပေမယ့် တမျိုးအကောက်ကြံကာ ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ချမှတ်ထားတယ်ဆိုပြီး တကယ်အစစ်အမှန်မရှိတဲ့ ဂိုရှယ်စစ်တမ်းဆိုတာမျိုးနဲ့ စွပ်စွဲတိုက်ခိုက်တာ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဌာနချုပ်ရုံးမှာ ကွန်မြူနစ်ပါတီရဲ့ တပ်ရင်းတရင်း လက်နက်အပြည့်အစုံနဲ့ခိုအောင်းနေတယ်လို့ မဟုတ်မမှန်စွပ်စွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ရုံးနဲ့ အနယ်နယ်အရပ်ရပ်ကပါတီရုံးများကို လက်နက်ကိုင်တပ်သားများနဲ့ ဝင်ရောက်စီးနင်း၊ ကွန်မြူနစ်ပါတီဝင်တွေကို ဖမ််းဆီးသတ်ဖြတ်မှုတွေ ၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ စတင်ပြုလုပ်လာခဲ့တယ်။ ဒါဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးပေါက်ဖွားလာစေတဲ့ လတ်တလောအကြောင်းရင်းပါပဲ။ (လူထုအစည်းအဝေးများ ကျင်းပခွင့် ၊ လူထုငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ၊ ပါတီအသင်းအဖွဲ့များ လွတ်လပ်ခွင့် စသော ပြည်သူ့ဒီမိုကရေစီကို လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ နှိမ်နင်းလာခြင်း။)

(ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးရဲ့ အရင်းခံအကြောင်းရင်း)

လွတ်လပ်ရေးတိုက်ပွဲ လမ်းခုလတ်မှာ ဗိုလ်အောင်ဆန်း လုပ်ကြံခံရတယ်။ ကွန်မြူနစ်ပါတီနဲ့ ဗိုလ်အောင်ဆန်းဦးစီးတဲ့ ဖဆပလ ပြန်လည်ညီညွတ်ရေး အတော်ခရီးပေါက်နေချိန် ဗိုလ်အောင်ဆန်း လုပ်ကြံခံလိုက်ရခြင်းဖြစ်တယ်။ ဗမာပြည်လွတ်လပ်ရေးကို နု-အက်တလီ နိုင်ငံရေးစာချုပ်၊ လက်ယာ – ဖရီးမင်း စစ်ရေးစာချုပ်၊ မြ – ခရွန်ဘီ စီးပွားရေးစာချုပ်ဆိုတဲ့ စာချုပ်သုံးရပ်နဲ့တုတ်နှောင်ပြီး ပေးခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးအရလွတ်လပ်သော်ငြား စီးပွားရေးအရ မလွတ်လပ်ကြောင်း လွှတ်တော်ထဲအထိ အတိအလင်း ဝေဘန်ထောက်ပြနေတာ ဖြစ်တယ်။

နောက်တက်လာတဲ့ ဖဆဆိုရှယ်အစိုးရက (ဖဆပလ အမည်ဆက်ခံထားသော်လည်း ဦးကျော်ငြိမ်းဆိုရှယ်လစ်များက အုပ်စီးထားလို့) လိပ်-ကန် နယ်ချဲ့သမားအလိုကျ လုပ်ကြံဇာတ်လမ်းများဖန်တီးကာ ကွန်မြူနစ်ချေမှုန်းရေးကို အတိအလင်းလုပ်လာတယ်။ ဘုရားတကာ ဝန်ကြီးချုပ်ဦးနုကလည်း လူထုအောင်သံလို ဇာတ်လမ်းရုပ်ရှင်များ ဖန်တီးပြီး ဝန်းရံတယ်။

အဲဒီအချိန်(လွတ်လပ်ရေးရပြီးကာစ) က ဖောက်ပြန်တဲ့တဲ့ ဖဆပလအစိုးရဟာ နယ်ချဲ့ကို မှီခို၊ ပ‌ဒသေရာဇ်မြေရှင်စနစ်ကို ထိန်းသိမ်း၊ ဗြူရိုကရက် အရင်းရှင်စနစ်ကို ကြီးထွားအောင်လုပ်နေတဲ့ အစိုးရဖြစ်တယ်။ နယ်ချဲ့သမားအားကိုးနဲ့ ပြည်သူသူလူထုကို အဓမ္မ ဖိနှိပ်သွေးစုပ်ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့အတူ ပြည်သူ့ဆန့်ကျင်ရေးပါ လုပ်နေတဲ့ အစိုးရဖြစ်တယ်။ ဒါကို ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတိုက်ရင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးရေးဆင်နွှဲရင်းက နိုင်ငံရေးအသိစိတ်ဓာတ်တွေ မြင့်မားလာခဲ့တဲ့ ဗမာပြည်အဖိနှိပ်ခံပြည်သူလူထုတွေက မခံမရပ်နိုင်ဖြစ်လာကြတယ်။ မခံမရပ်နိုင်တဲ့ အနယ်နယ်အရပ်ရပ်မှလယ်သမားထုက လယ်လုပ်သူလယ်ပိုင်ရေးအပါအဝင် လယ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်တယ်။ ဖြူး၊ ပျဉ်းမနားစတဲ့ လယ်သမားအစည်းအဝေးများမှာ တက်ရောက်သူ သောင်းသိန်းချီ ရှိတယ်။ နုအက်တလီစာချုပ်ဖွင့်ချပွဲအစည်းအဝေးဟာ ရန်ကုန်မှာပင် လူထု နှစ်သောင်းလောက်တက်တယ်။ ရန်ကုန်မြို့ပေါ်က စက်ရုံအလုပ်ရုံက အလုပ်သမားတွေနဲ့ ကုန်တင်ကုန်ချအလုပ်သမားတွေက အလုပ်သမားထုရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တယ်။ မြို့နေဆင်းရဲသားတွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုဆန္ဒပြမှု၊ အမှုထမ်းတွေရဲ့တိုက်ပွဲဟာ ပိုမိုပြင်းထန်လာတယ်။ ထိုစဉ်က အဖိနှိပ်ခံပြည်သူလူထုအားလုံးဟာ ဒီမိုကရေစီဘောင်အတွင်းကက သပိတ်တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေနဲ့ ဆက်တိုက်ခဲ့ တိုက်ပွဲဝင်ခဲ့တာပဲ။ ဦးနု ဖဆပလအစိုးရက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပေမယ့်လူထုတိုက်ပွဲများဟာ ငြိမ်သွားတယ်လို့မရှိ၊ တိုးတိုးပြီး တိုက်ပွဲဆင်လာကြတဲ့အခြေအနေဖြစ်တယ်။

ဒီလို ကြီးထွားလာနေတဲ့ အဖိနှိပ်ခံပြည်သူလူထုရဲ့အုံကြွမှုဟာ လွတ်လပ်ရေးမရခင်က ၄၆ ခုနှစ်တုန်းက ကိုလိုနီအုပ်စိုးသူတွေ ထိတ်လန့်သွားစေခဲ့တဲ့ အထွေထွေသပိတ်ကြီးလို ပေါက်ကွဲဖြစ်ပေါ်လာတော့မယ့်အလားအလာကို မြင်တွေ့လာရတယ်။

(၁၉၄၆ ခုနှစ် လူထုအုံကြွမှု ဒီရေမြင့်သစ်ဟာ ကိုလိုနီအစိုးရရဲ့ပုလိပ်တွေကအစ အလုပ်သမား လယ်သမား၊ ကျောင်းသားနဲ့ အမှုထမ်းစတဲ့ လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အထွေထွေသပိတ်ကြီးပါ။ နယ်ချဲ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး သွက်ချာပါဒလိုက်သွားစေတဲ့ ဒီသပိတ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရတဲ့ ကိုလိုနီအုပ်စိုးသူတွေနဲ့ နယ်ချဲ့အလိုတော်ရိတွေဟာ သူတို့ရင်ဆိုင်ရတဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ အင်အားနဲ့စွမ်းအားကို မျက်မြင်တွေ့ရှိရတဲ့အခါမှာ မျက်လုံးပြူးပြီး ထိတ်လန့်စိုးရိမ်မှု ဖြစ်ကြပါတယ်။ ကိုလိုနီနယ်ချဲ့သမားတွေကို ဗမာပြည်လွတ်လပ်ရေးအတွက်တောင်းဆိုရာမှာ ဗိုလ်ချုပ်အောင်ဆန်းက “ရရင်ရ မရရင်ချ”လို့ ကြွေးကြော်ရဲတာကလည်း ဒီလူထုအင်အားအရှိန်အဟုန်ကြီးမားမှုကိုအားကိုးပြီးပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလူထုအရှိန်အဟုန်ကြီးမားပြီး နိုင်ငံရေးအသိစိတ်ဓာတ်၊ ကိုလိုနီဆန့်ကျင်ရေးအသိစိတ်ဓာတ်နဲ့ လုံးဝလွတ်လပ်ရေးအသိစိတ်ဓာတ်မြင့်မားနေခြင်းဟာလည်း ဖဆပလထဲမှာ ဦးဆောင်မှုအခန်းမှာရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးနိုင်စွမ်းနဲ့ နိုင်ငံရေးဩဇာမြင့်မားနေလို့ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲအရှိန်နဲ့ ပါတီရဲ့ ဂုဏ်သိက္ခာမြင့်မားနေသလို လူထုကြီးဟာလည်း ဂျပန်တော်လှန်ရေးအောင်ပွဲခံစိတ်နဲ့ စိတ်ဓာတ်တွေတက်ကြွမြင့်မားနေလို့လည်း ဖြစ်ပါတယ်။)

လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှာ အုပ်စိုးသူနေရာရောက်နေတဲ့ ဖောက်ပြန်တဲ့ ဖဆပလအစိုးရဟာလည်း ၄၆ အထွေထွေအုံကြွမှုကြီးကဲ့သို့ ပေါက်ကွဲလုနီးနီးဖြစ်ပွားနေတဲ့ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်အုံကြွလာမှုကို ကြောက်လန့်လာတယ်။ နှိမ်နင်းဖို့ ကြံစည်လာတယ်။

ရှေးဦးစွာ ငြိမ်းချမ်းစွာတိုက်ပွဲဝင်နေတဲ့ အဖိနှိပ်ခံပြည်သူ့လှုပ်ရှားမှုကိုဖြိုခွဲရာမှာ ပြည်သူလူထုနဲ့ တသားတည်း မားမားမတ်မတ်ရပ်တည်ပြီး ရှေ့တန်းကနေခေါင်းဆောင်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အရင်ဆုံးစတင်ဖြိုခွဲဖို့ ပဲ။ ဒါဟာ ပြည်သူလူထုရဲ့တိုက်ပွဲဝင်မှုကို ဖိနှိပ်မှုကျင့်သုံးရာမှာ ဂေါင်(ခေါင်) အရင်ဖြိုရေး ပေါ်လစီပဲ။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကိုဖြိုခွဲရေးနဲ့အတူ သတင်းစာ၊ ဂျာနယ်တိုက် စတဲ့ မီဒီယာတွေရဲ့ ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားရေး၊ လွတ်လပ်စွာ အဖွဲ့အစည်းအသင်းအပင်းဖွဲ့စည်းခွင့်ကို ဟန့်တားပိတ်ပင်ရေး၊ ပြည်သူလူထုရဲ့ လွတ်လပ်စွာစုဝေးခွင့် ဆန္ဒပြခွင့် စတဲ့ ဒီမိုကရေစီကို သင်းသတ်ရိုက်ချိုးရေးခြေလှမ်းတွေကို စတင်ကြံစည်လုပ်ဆောင်လာတဲ့အခြေအနေ ဖြစ်တယ်။

ချုပ်လိုက်ရင် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရတာဟာ ရန်သူက ပြည်သူ့လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို လက်နက်ကိုင်အကြမ်းဖက်ဖိနှိပ်ဖြိုခွဲလို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးက လက်နက်ကိုင်ခုခံပြီး တုံ့ပြန်ဆင်နွှဲရတဲ့တော်လှန်ရေးဖြစ်တယ်။ ဖောက်ပြန်တဲ့ ဖဆပလ ဖောက်ပြန်ရေးအစိုးရနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးကြားက လူတန်းစားပဋိပက္ခဟာ လူတန်းစားတိုက်ပွဲရဲ့အမြင့်ဆုံးအဆင့် လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်တယ်။ တနည်းအားဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဗမာပြည်က ဖောက်ပြန်တဲ့ ဖဆပလအစိုးရရဲ့ မတရားဖိနှိပ်မှုကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ပြည်သူလူထုရဲ့ အုံကြွမှုအတွင်းမှ ပေါက်ဖွား ပေါ်ထွက်လာခဲ့ခြင်းသာ ဖြစ်ပါတယ်။

စစ်ကျန် အတိုအစများ

စစ်ကျန် အတိုအစများ

မြင့်ဆွေ

(ဗမာပြည်ကွန်မြူနစ််ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အဖြစ် ထုတ်ဝေတဲ့ အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ကဗျာ)

စစ်အတွင်းမှာ ကွဲကွာသွားကြရတာတွေ

စစ်အတွင်မှာ ကြုံဆုံခဲ့ကြရတာတွေ

လူသားချင်း တူးတူးခါးခါးတွေ

လူသားချင်း နှစ်နှစ်ကာကာတွေ

တောင်တန်းပြာပြာ တောစိမ်းစိမ်းတွေ

စမ်းချောင်းလေး နံဘေးမှာ

တောပန်းလေးတွေလည်း ပွင့်ပါတယ်။

– တယောက်က

အသက်နဲ့ရင်းပြီး ရောက်လာ၊

တယောက်က

ဘဝနဲ့ရင်းပြီး ရောက်လာ၊

နောက်တယောက်က

အားလုံး အသစ်က ပြန်စဖို့တဲ့…..

– ရဲဘော်ချေရဲ့ အဆိုအမိန့်တွေ

အလွတ်ကျက်ထားသူက

တော်လှန်ရေးဆိုတာ

ကြီးမြတ်တဲ့ အချစ်ပါပဲတဲ့။

– ဘယ်သူများ မနာမကျင်ဘဲ

ချစ်လို့ရခဲ့ဖူးလို့လဲ?

– ခြေတဖက် မရှိတော့တဲ့ ရဲဘော်လေးက

သူက တဝက်အာဇာနည်ပါတဲ့

ရယ်ရယ်မောမော အရွှန်းဖောက်တယ်။

– တံတိုင်းများ၊ စည်းရိုးများကို

ငါမတည်ဆောက်လို၊

ဝါးတံတားငယ်မှာ နှီးတပင်အဖြစ်သာ

အသုံးဝင်လိုခဲ့ပါတယ်တဲ့။

– မေးခွန်းကို ပြဿနာလို့ ငါမတွေး

အဖြေက ပြဿနာဖြစ်လာမှာသာ စိုးရိမ်မိတာပါ၊

ကလေးတွေ ငိုတဲ့အခါ

လူကြီးများလည်း အိပ်မပျော်နိုင်တော့ပါ။

– မြေမြှုပ်မိုင်းတွေရှင်းရင်း

ကွဲကြေနေတဲ့ နှလုံးသားတွေများ တွေ့မိရင်လေ

နီးစပ်ရာ အလံလွှမ်းပြီး

အလေးနီနဲ့ ဂုဏ်ပြုပေးလိုက်ကြပါဗျာ။

မြင့်ဆွေ

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့

ငြိမ်းမောင်ဦး

(ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်ပါတီမွေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေမည့် အရေးတော်ပုံဂျာယ်နယ်တွင် ထည့်သွင်းဖော်ပြမည့် ဆောင်းပါး)

၁၉၈၉-ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆုံးရှုံးမှုကြီးဟာ ပါတီသမိုင်းမှာ အကြီးမားဆုံးအထိနာမှုကြီးဖြစ်ခဲ့တယ်။ ထိချက်ပြင်းလှတဲ့ တော်လှန်ရေးလောကဓံမှာ ပါတီဟာအလူးအလဲခံခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေး(AS) ဆုံးရှုံးခဲ့ရသလို အခြေခံဒေသ၊ တပ် အားလုံးနီးပါးဆုံးရှုံး ပျောက်ကွယ်သွားခဲ့ရပေမယ့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(PDR) အလံကို ဆက်လက်ကိုင်စွဲပြီး( UG ) မြေအောက်ပါတီအနေနဲ့ ဆက်လက်ရပ်တည်ခဲ့တယ်။ ရန်သူကလက်နက်နဲ့ဖိနှိပ်လာရင် လူထုကလက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်တာတရားတယ်ဆိုတဲ့မူကိုတလျှောက်လုံး ရပ်ခံခဲ့တယ်။ ရေရှည်မြှုပ်နှံ အခွင့်အခါကောင်းကိုစောင့် ဆိုတဲ့လမ်းညွှန်အတိုင်း အခွင့်အလမ်းကောင်းကိုစောင့်ရင်း (AS) လက်နက်ကိုင်တော်လှန်ရေးပြန်လည်ရှင်သန်လာဖို့အခိုင်အမာ စည်းရုံးပြင်ဆင်ခဲ့တယ်။

အနှစ် ၃၀ ကျော် ယူဂျီပါတီအဖြစ် လူထုကြားမှာရပ်တည်ရင်း ဥပဒေတွင်း ဥပဒေပ လူထုလူတန်းစားတိုက်ပွဲများမှာ ပေါင်းစပ်ပါဝင် လှုပ်ရှားခဲ့တယ်။ …၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ပြည်သူတရပ်လုံးရဲ့အုံကြွမှုကြီးနဲ့အတူနိုင်ငံရေး ဒီရေမြင့်မှုကြီးတရပ်ဖြစ်ပေါ်လာပြီး တပြည်လုံးအနှံ့အပြားလက်နက်ကိုင်အုံကြွတိုက်ခိုက်မှုတွေပေါ်လာခဲ့တယ်။ ပါတီအနေနဲ့ ဒီအခွင့်အလမ်းကောင်းကို မိမိရရဆုပ်ကိုင်ခဲ့တယ်။ တော်လှန်တဲ့ပြည်သူ့စစ်ပွဲကို လက်တွေ့ဦးဆောင်ဖို့ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကို ၂၀၂၁-ခုနှစ် မတ်လ(၁၅)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲကိုအဓိကထား တခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ပေါင်းစပ်ဆိုတဲ့ နည်းပရိယာယ်လမ်းစဉ်က လက်တွေ့လမ်းညွှန်ဖြစ်လာချိန်မှာ တပ်တည်ဆောက်ရေး စာမျက်နှာဟာ အရေးကြီးတဲ့.. ရှေ့တန်းရောက်တဲ့ ပြဿနာဖြစ်လာတယ်။

၁။ တပ်တည်ဆောက်ရေးရဲ့အရေးကြီးမှု

(၁) မျက်မှောက်ကာလမှာဆင်နွှဲနေတဲ့ ဗမာပြည်ပြည်သူတရပ်လုံးရဲ့ လက်နက်ကိုင်အုံကြွမှုကြီးဟာ ခေတ်က ပြဋ္ဌာန်းလိုက်တဲ့သမိုင်းပေးတာဝန်ကြီးဖြစ်တယ်။ ဒီသမိုင်းပေးတာဝန်ကို ထမ်းဆောင်နိုင်မလား မထမ်းဆောင်နိုင်ဘူးလားဆိုတာ ပါတီသမိုင်းရဲ့အဆင့်နေရာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဒါကြောင့် တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ရေးဟာ ပါတီအတွက်အရေးကြီးတဲ့တာဝန်တရပ် ဖြစ်လာပါတယ်။

(၂) ပြည်သူ့စစ်ပွဲထဲမှာ လှုပ်ရှားတိုက်ခိုက်နေတဲ့(PLA) ဟာ ပါတီနဲ့ပြည်သူအကြားက ပေါင်းကူးတံတား ဖြစ်လာတယ်။ လက်တွေနိုင်ငံ ရေးမှာ(PLA) ရဲ့လှုပ်ရှားမှုဟာ ကျယ်ပြန့်တဲ့ လူထုကြားမှာထင်ဟပ်နေတဲ့ ပါတီရဲ့ပုံရိပ်ပဲဖြစ်တယ်။

(၃) စစ်ရေးကိုဗဟိုပြုရေးဟာ ဗမာပြည်နိုင်ငံရေးရဲ့ လက်တွေ့တောင်းဆိုချက်ဖြစ်လာတယ်။ မှန်ကန်တဲ့စစ်ရေးလမ်းစဉ်ကိုအကောင်အထည်ဖော်ဖို့အတွက် တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ရလိမ့်မယ်။ မိမိထက်အဆမတန်အင်အားကြီးတဲ့ရန်သူကိုရင်ဆိုင်ဖို့အတွက် နိုင်ငံရေး အတွေးအခေါ်ခိုင်မာတဲ့ တိုက်စွမ်းရည်ထက်မြက်တဲ့တပ်ဖြစ်လာအောင် တည်ဆောက်ရမှာဖြစ်တယ်။

(၄) ပြည်သူတရပ်လုံးရဲ့ လက်နက်ကိုင်အုံကြွမှုကြီးရှိနေပေမယ့် ပါတီအနေနဲ့ ယူဂျီစည်းရုံးရေးသဏ္ဍာန်နဲ့ ဖြတ်သန်းခဲ့ရတာကြောင့် မိမိတို့ရဲ့အတ္တဘာဝက တစ်ကပြန်စနေရတဲ့ အခြေအနေဖြစ်တယ်။ခေတ်စားနေတဲ့ လစ်ဘရယ်အတွေးအခေါ်လေထု(ကွန်မြူနစ်ဆန့်ကျင်ရေးအတွေးအခေါ်) ရဲ့စိန်ခေါ်ချက်တွေကလည်း သည်းသန်ပြင်းထန်နေတယ်။ ရန်သူဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ တပ်ထဲကိုဝင်ရောက်လာကြတယ်ဆိုပေမယ့် အတွးအခေါ် အယူအဆတွေက အမျိုးမျိုးပါလာကြတယ်။ ဒါကြောင့် တပ်ကို မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ် ဦးတည်ချက်ရှိတဲ့တပ် စည်းကမ်းလိုက်နာမှုကောင်းတဲ့တပ်ဖြစ်အောင် တည်ဆောက်ရေးအတွက် အတွေးအခေါ်တည်ဆောက်ရေးကို လက်ဦးမှုရှိရှိ လုပ်ဖို့လိုပါတယ်။

(၅) အခြေအနေအရ အသစ်ပြန်ထူထောင်ရတဲ့တပ်ဖြစ်လို့ ..တပ်မှူးတပ်သားအားလုံးကို ပါတီကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ် ပါတီကိုယုံကြည်တဲ့စိတ်ဓာတ် (ပါတီစိတ်ဓာတ်) နဲ့ ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်ကို ခိုင်မာအောင် တည်ဆောက်ဖို့ပညာပေးဖို့ လိုအပ်နေပြီဖြစ်တယ်။

အထက်ဖေါ်ပြပါအချက်တွေဟာ တပ်တည်ဆောက်ရေးရဲ့ အရေးကြီးမှုကို ရည်ညွှန်းတဲ့ အချက်တွေပဲဖြစ်ပါတယ်။

၂။ တပ်တည်ဆောက်ရေးမှာ အခြေခံရမဲ့လမ်းညွှန်သဘောတရား

တပ်တည်ဆောက်ရေးရဲ့ဦးတည်ချက်၊ အတွင်းသဘောနဲ့လက်တွေ့ကျင့်သုံးရမည့်နည်းနာ စတာတွေကိုချမှတ်ဖို့အတွက် ကျင့်သုံးရမယ့်လမ်းညွှန်သဘောတရားက မာ့က့်စ်ဝါဒ (အနုပဋိလောမရုပ်ဝါဒ သမိုင်းရေးရုပ်ဝါဒ)ပဲဖြစ်ပါတယ်။ အခိုင်အမာအခြေအနေကို အခိုင်အမာကျစွာချဉ်းကပ်ပြီး ( ရပ်တည်မှု.အမြင်.နည်းနာ) ဆိုတဲ့ မာက့်စ်ဝါဒရဲ့ သော့ချက်သုံးရပ်နဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်သွားရမှာဖြစ်ပါတယ်။

တည်ဆောက်ရေးရဲ့အတွင်းသဘောဟာ တိုက်ပွဲပဲဖြစ်ပါတယ်။ တိုက်ပွဲမပါတဲ့ တည်ဆောက်ရေးဆိုတာ အတုအယောင်သာဖြစ်ပါတယ်။ မိမိအင်အားကိုတည်ဆောက်ရေးအတွက် ရန်သူနဲ့တိုက်ပွဲဆင်ရတာ…..ပစ္စည်းမဲ့အတွေးအခေါ်ကိုတည်ဆောက်ဖို့ ဓနရှင်အတွေးအခေါ်ကိုတိုက်ပွဲဆင်ရတာ…စတဲ့ ဆန့်ကျင်ဖက်တွေရဲ့ ဒွန်တွေနေမှုနဲ့တိုက်ပွဲကတဆင့် ဖြစ်ပေါ်တိုးတက်သွားတဲ့ဖြစ်စဉ်တွေများစွာဖြတ်ကျော်သွားရမှာဖြစ်ပါတယ်။ စစ်အတတ်ပညာသင်ကြားရေးနဲ့ပတ်သက်ရင်တော့ …စစ်ပညာကို စစ်ပွဲအတွင်းမှာသင်ယူတာဟာ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါ တယ်။

၃။ တပ်တည်ဆောက်ရေးရဲ့ ဦးတည်ချက်

တပ်တည်ဆောက်ရေးမှာ..အမျိုးအစားသစ်ပြည်သူ့တပ်မတော်တရပ်တည်ဆောက်ရေးကို ခိုင်မာတဲ့ဦးတည်ချက်အဖြစ်ထားရှိရမှာ ဖြစ်တယ်။ အမျိုးအစားသစ်ပြည်သူ့တပ်မတော်ရဲ့ အရေးကြီးတဲ့..ထူးခြားတဲ့အင်္ဂါ လက္ခဏာတွေကတော့……

(၁) ကွန်မြူနစ်ပါတီရဲ့ တိုက်ရိုက်နဲ့အကြွင်းမဲ့ခေါင်းဆောင်မှုကိုခံယူထားတဲ့တပ်မတော်ဖြစ်တယ်။ (ပါတီကတပ်ကိုအမိန့်ပေးမှာဖြစ်ပြီး ..တပ်ကပါတီကိုပြန်ပြီး အမိန့်ပေးတာကိုလုံးဝ ခွင့်မပြုနိုင်ဘူးဆိုတဲ့ “မူ”..ဖြစ်တယ်။) တပ်မတော်တခုလုံးရဲ့စစ်ရေးကိုတိုက်ရိုက်လမ်းညွှန်ပေးဖို့ ပါတီဗဟိုက စစ်ရေးနဲ့ပါတ်သက်တဲ့ကော်မရှင်တခုဖွဲ့စည်းထားရှိပြီး ပါတီရဲ့အမြင့်ဆုံးခေါင်းဆောင်က ဒီကော်မရှင်ကိုတိုက်ရိုက်ဦးဆောင်ရမယ်။ တပ်တွင်းမှာ ပါတီကော်မတီ၊ ပါတီကလပ်စည်း၊ စတဲ့ပါတီ အစည်းအရုံးတွေထားရှိပြီး တပ်ရဲ့လက်တွေ့လုပ်ငန်းတွေကိုခေါင်းဆောင်ညွှန်ကြားဖို့ နိုင်ငံရေးမှူးတပ်မှူးတွေက တာဝန်ယူတယ်။

(၂) အမျိုးအစားသစ်ပြည်သူ့တပ်မတော်ဟာ မာ့က်စ်ဝါဒလီနင်ဝါဒမော်စီတုန်းအတွေးအခေါ်ကို လမ်းညွှန်သဘောတရားအဖြစ်ခံယူတယ်။

(၃) လူမျိုးစုံသွေးစည်းချစ်ကြည်ရေးအလံကို မြင့်မြင့်မားမားလွှင့်ထူထားတယ်။

(၄) အဖိနှိပ်ခံပြည်သူတရပ်လုံးရဲ့ အကျိုးကို အမြဲတမ်းဦးထိပ်ပန်ဆင်ထားတယ်။လူထုလမ်းစဉ်ကျင့်သုံးတယ်။

(၅) စည်းကမ်းကြီးသုံးရပ်နဲ့သတိပြုရန်ရှစ်ချက်ကို ကိုယ်ပိုင်အသိနိုးကြားမှုနဲ့ တင်းတင်းကျပ်ကျပ်လိုက်နာတယ်။

(၆).( ကြံ့ခိုင်မှန်ကန်တဲ့ နိုင်ငံရေးဦးတည်ချက်ရှိတဲ့လုပ်ဟန်..ရိုးရိုးကုတ်ကုတ်အဆင်းရဲအပင်ပန်းခံတဲ့

လုပ်ဟန်..လျှင်မြန်ပါးနပ်ကျင်လည်တဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယါယ်ရှိတဲ့လုပ်ဟန်) စတဲ့ …သုံးရှစ်လုပ်ဟန်ကိုကျင့်သုံးတယ်။

(၇) သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲတဲ့ ရဲသုံးရဲစိတ်ဓာတ်ကိုမွေးမြူပြီး တော်လှန်တဲ့သူရဲကောင်းဝါဒကိုမြဲမြဲကိုင်စွဲထားတယ်။

(၈) တပ်တွင်းမှာ (နိုင်ငံရေးဒီမိုကရေစီ၊ စစ်ရေးဒီမိုကရေစီ၊ စီးပွားရေးဒီမိုကရေစီ)ဆိုတဲ့ ဒီမိုကရေစီသုံးရပ်ကိုလက်တွေ့ကျကျ ကျင့်သုံးတယ်။ ဒီမိုကရေစီလည်းရှိ-ဗဟိုချုပ်ကိုင်မှုလည်းရှိ ၊စည်းကမ်းလည်းရှိ လွတ််လပ်မှုလည်းရှိ၊ စုပေါင်းခေါင်းဆောင်မှုလည်းရှိ -တဦးချင်း တာဝန်ယူမှုလည်းရှိဆိုတဲ့မူကိုကျင့်သုံးတယ်။ တပ်တွင်းမှာဗျူရိုကရေစီနဲ့ စစ်ဘုရင်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်။

(၉) တိုက်ခိုက်ရေးတာဝန်၊ လူထုစည်းရုံးရေးတာဝန်၊ ထုတ်လုပ်ရေးတာဝန်ဆိုတဲ့ တာဝန်သုံးရပ်ကို ထမ်းဆောင်တယ်.။

(၁၀) ကိုယ့်ထူးကိုယ်ချွန်စိတ်ဓာတ်ကို ခိုင်ခိုင်မာမာမွေးမြူတယ်။

အထက်ကဖေါ်ပြသွားတဲ့အချက်တွေကတော့ တပ်တည်ဆောက်ရေးမှာ ဦးတည်ချက်အဖြစ်ထားရှိရမယ့် အမျိုးအစားသစ်ပြည်သူ့တပ်မ တော်ရဲ့ အရေးကြီးတဲ့ ထူးခြားတဲ့အင်္ဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။

၄။ တပ်တည်ဆောက်ရေးနည်းနာ

ပုံမှန်အခြေအနေမှာ.. တပ်ရဲ့ နိုင်ငံရေးအတွေးအခေါ်တည်ဆောက်ရေးလုပ်ငန်း၊ တပ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ၊ တပ်ရဲ့ ယဉ်ကျေးမှုရေချိန်မြှင့်တင်ရေးလုပ်ငန်းအစရှိတဲ့တာဝန်တွေကို တပ်တွင်းပါတီအဖွဲ့အစည်းတွေဖြစ်တဲ့ ပါတီကော်မတီ၊ ပါတီကလပ်စည်းတွေက တာဝန်ယူသွားရမှာဖြစ်ပါတယ်။ အဆင့်ဆင့်ရှိ တပ်သားကော်မတီအစည်းအဝေးတွေလုပ်တာ တပ်သားထုအစည်းအဝေးတွေလုပ်တဲ့နည်းတွေနဲ့ လှုပ်ရှားသွားလို့ရနိုင်ပါတယ်။

ဒါပေမဲ့ တချို့ထူးခြားတဲ့အခြေအနေမျိုးမှာတော့ ပုံမှန်လှုပ်ရှားမှုမျိုးနဲ့မရတော့ဘဲ “ ဒီမိုကရေစီလှုပ်ရှားမှုအစည်းအဝေး”လုပ်ပြီး ကိုင်တွယ်ဖြေရှင်းရတာမျိုးလည်းရှိပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုရဲထူးခြားချက်တွေကတော့….

– ပြဿနာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို အဓိကပစ်ကွင်း(ဦးတည်ချက်)အဖြစ်ထားပြီး ဆွေးနွေးတာ…(ဥပမာ… တပ်တွင်း ဗျူရိုကရက်ဝါဒနဲ့စစ်ဘုရင်ဝါဒ လွှမ်းမိုးမှုဆန့်ကျင်ရေးလှုပ်ရှားမှု၊ …ရန်သူကိုကြောက်တဲ့ စစ်ပြေးအတွေးအခေါ်တိုက်ဖျက်ရေးလှုပ်ရှားမှု …..စည်းကမ်းကြီးသုံးရပ် သတိပြုရန်ရှစ်ချက်လိုက်နာရေးလှုပ်ရှားမှု ..စတဲ့ပြဿနာမျိုးတခုခုကိုဦးတည်ချက်ထားပြီး ဆွေးနွေးတာ……..

– တဆင့်မြင့်တဲ့အထက်အဖွဲ့အစည်းရဲ့ဦးစီးမှုနဲ့ တပ်ထု ဒါမှမဟုတ် ပါတီဝင်ထုတရပ်လုံးပါဝင်ဆွေးနွေးတာ (“ထု”ကိုဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ပေးတာ..အပြန်အလှန်ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးကြတာ.. )

– လှုပ်ရှားမှုအစည်းအဝေးဦးစီးတဲ့ခေါင်းဆောင်က လေးလေးနက်နက် နိဂုံးချူပ်ပေးတာ….

ဒီလိုထူးခြားချက်တွေရှိတဲ့ လှုပ်ရှားမှုတွေကို အခြေအနေကတောင်းဆိုလာရင် လုပ်ပေးရမယ်။ အတိတ်က ပဲခူးရိုးမ၊..အနောက်မြောက်တိုင်းက တိုက်တိုင်းအောင်တပ်တွေနဲ့ ရခိုင်ရိုးမ ပြောက်ကျားတပ်တွေရဲ့တပ်တည်ဆောက်ရေးမှာ ဒီအစဉ်အလာမျိုးတွေရှိခဲ့ဖူးတယ်။

လှုပ်ရှားမှုဟာ တပ်ရဲ့အတွေးအခေါ်လန်းဆန်းတက်ကြွဖို့၊ တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားဖို့၊ စည်းကမ်းလိုက်နာမှုပိုကောင်းလာဖို့၊ တပ်တွင်း စည်းလုံးညီညွတ်မှုခိုင်မာလာဖို့ ..စတဲ့ဖက်အသီးသီးမှာ ကြီးမားတဲ့အကျိုးပြုမှုတွေရရှိစေမှာဖြစ်ပါတယ်။

_ အခြေအနေပေးရင် တနှစ်တကြိမ် တပ်ညီလာခံလုပ်တာ လုပ်သင့်တယ်။ တပ်သားထုတရပ်လုံးပါဝင်တဲ့ လှုပ်ရှားမှုသဘောဆောင်တဲ့ အစည်းအဝေးကြီးပဲဖြစ်တယ်။

-တပ်ရဲ့ ရုံးအဖွဲ့တွေ.နဲ့တပ်စိတ်တွေမှာ တရက်တာနိဂုံးချုပ်လုပ်တဲ့ အစဉ်အလာထွန်းကားအောင်လုပ်သင့်တယ်။ တရက်အတွင်းရှိတဲ့ပြဿနာကို အကြွေးမထားဘဲ ရှင်းသွားတဲ့သဘောပဲဖြစ်တယ်။ ပါတီက ခေါင်းဆောင်ခဲ့တဲ့တပ်တွေမှာ ဒီလုပ်ဟန်မျိုးတွေ ရှိခဲ့ဖူးတယ်။

တိုက်ပွဲနိဂုံးချုပ်

တိုက်ပွဲတိုက်ပြီးရင် တိုက်ပွဲနိဂုံးချုပ်ကိုမဖြစ်မနေ လုပ်ရမယ်။

တိုက်ပွဲနိဂုံးချုပ်ဆိုတာ…မိမိတို့ဆင်နွှဲတဲ့တိုက်ပွဲရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ အားကောင်းချက်အားနည်းချက်တွေကိုစစ်ရေး အတွေးအခေါ် တပ်တည်ဆောက်ရေး၊ စတဲ့ဘက်အသီးသီးကဝေဖန်သုံးသပ်အဖြေရှာပြီး ရှေ့လုပ်ငန်းအတွက် သင်္ခန်းစာထုတ်တဲ့လှုပ်ရှားမှုပဲဖြစ်တယ်။ တနည်းပြောရရင်အမျိုးအစားသစ်ပြည်သူ့တပ်မတော်ရဲ့ တိုက်ပွဲနိဂုံးချုပ်ဆိုတာ စစ်ရေးတပ်တည်ဆောက်ရေးပြဿနာမှာ အနုပဋိလောမရုပ်ဝါဒ ကမ္ဘာ့အမြင်နဲ့ ခွဲခြမ်းစိတ်ဖြာခြင်းက ရရှိလာတဲ့အသီးအပွင့်ပဲဖြစ်တယ်။

တိုက်ပွဲတိုက်ပြီး နိဂုံးချုပ်တာမလုပ်ရင် အတွေးအခေါ်လှုပ်ရှားမှုမရှိတဲ့ဦးနှောက်လို တပ်ဟာ ကြာလေတုံးလေဖြစ်လာပြီး တိုက်စွမ်းရည် ကျလာလိမ့်မယ်။ဖရိုဖရဲဖြစ်လာလိမ့်မယ်။ ထူးခြားချက်တွေက…

– တိုက်ပွဲနိဂုံးချုပ်ကို အထက်အဆင့်ကဦးစီးပြီးလုပ်တာ …

-မတိုက်ဖြစ်တဲ့တိုက်ပွဲတွေကိုလည်း တိုက်သင့်ပါလျက်မတိုက်ဖြစ်တာလား…ဘာကြောင့်မတိုက်ဖြစ်တာလဲဆိုတာ နိဂုံးချူပ်တာ

-ရှုံးတဲ့တိုက်ပွဲတွေကိုလည်း သင်ခန်းစာထုတ် နိဂုံးချုပ်တာ….

-အောင်ပွဲရတဲ့တိုက်ပွဲတွေကိုလည်း ဘာကြောင့်အောင်ပွဲရတာလဲ ရသင့်သလောက်ရခဲ့ရဲ့လား စသဖြင့် နိဂုံးချုပ်တာ..

တကယ်တော့ တိုက်ပွဲနိဂုံးချုပ်လှုပ်ရှားမှုအစည်းအဝေးဆိုတာ စစ်သင်တန်း စာသင်ခန်းလေးတွေလိုပါပဲ..“တိုက်ပွဲတိုက်လိုက် နိဂုံးချုပ်လိုက်” နဲ့ မိမိတပ်ကိုတည်ဆောက်ကြရတယ်။ သဘောတရားနဲ့လက်တွေ့ ပေါင်းစပ်တဲ့လုပ်ဟန်လို့ ဆိုနိုင်ပါတယ်။ တော်လှန်စစ်ဆိုတာ သင်ယူတတ်မြောက်ပြီးမှ လုပ်ရတာမျိုးမဟုတ်ဘဲ “ လုပ်ရင်းသင် သင်ရင်းလုပ်ရတာမျိုး”ဆိုတော့ တိုက်ရင်းတည်ဆောက် တည်ဆောက်ရင်းတိုက်ဖြစ်စဉ်မှာ တိုက်ပွဲနိဂုံးချုပ်လုပ်ငန်းဟာအရေးကြီးတဲ့ကွင်းဆက်တွေအဖြစ်တည်ရှိနေမှာဖြစ်ပါတယ်။

တပ်တည်ဆောက်ရေးမှာ တည်ဆောက်ရမည့် စိုက်ထူရမည့် တွေးအခေါ်များ…..

– ပါတီစိတ်ဓာတ်နဲ့ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်ကိုစိုက်ထူရမယ်။ ဗဟိုစင်ပြိုင်ဝါဒ၊ မင်းမဲ့ဝါဒနဲ့တဗိုလ်တမင်းဝါဒကိုဆန့်ကျင်..ရမယ်။

-တော်လှန်တဲ့အကောင်းမြင်ဝါဒကိုကိုင်စွဲရမယ်။ အဆိုးမြင်ဝါဒကို တိုက်ဖျက်ရမယ်။

-ပစ္စည်းမဲ့စစ်ရေးအမြင်ကို စိုက်ထူရမယ်။ ဓနရှင်စစ်ရေးအမြင်ကို ဆန့်ကျင်ရမယ်။

-ကိုယ့်ထူးကိုယ်ချွန်စိတ်ဓာတ်ကို မွေးမြူရမယ်။ အချောင်ဝါဒကိုတိုက်ပွဲဆင်ရမယ်။

-တော်လှန်တဲ့သူရဲကောင်းဝါဒကိုကိုင်စွဲ (သေရဲ တိုက်ရဲ အနိုင်ယူရဲတဲ့ ရဲသုံးရဲစိတ်ဓာတ် )ကိုမွေးမြူရမယ်။ ရန်သူကိုတဖက်သတ်အထင်ကြီးတဲ့ စစ်ပြေးအတွေးအခေါ်ကို ဆန့်ကျင်ရမယ်။

-လူထုကိုအလုပ်အကျွေးပြုတဲ့စိတ်ဓာတ်နဲ့ လူထုအမြင်ကိုစိုက်ထူရမယ်။ ကယ်တင်ရှင်ဝါဒနဲ့ စစ်ဘုရင်ဝါဒ ကို တိုက်ဖျက်ရမယ်။

ချုပ်ရင်……

တပ်ကိုတပ်နဲ့တူအောင်တည်ဆောက်ရမယ်..ဆိုတဲ့အချက်ကိုပိုပြီးတိကျအောင်ပြောရရင်..တပ်ကို ဂုဏ်နဲ့ဒြပ်ကိုက်ညီတဲ့ အမျိုးအစားသစ် ပြည်သူ့တပ်မတော်တရပ်ဖြစ်လာအောင်တည်ဆောက်ရေးဖြစ်ပါတယ်။

ငြိမ်းမောင်ဦး

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ

အပိုင်း(၁)

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ရောက်လျှင် မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သက်တမ်းသည် ၈၅ နှစ်တင်းတင်း ပြည့်ပါတော့မည်။ မိမိတို့အနေနှင့် ဗမာပြည်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးပါတီကြီးတရပ်အဖြစ် ဂုဏ်ပြုရင်း ဥဒါန်းရင့်ကျူးရမည့်ကာလ၊ တဆက်တည်း …ကျလာသည့်တာဝန်များကို ၂ ဆတိုး ကြိုးပမ်းရမည့်ကာလ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ပစ်ရမည့်ကာလလည်း ဖြစ်နေသည်ကို သတိမူကြစေလိုသည်။

ဗမာပြည်ကဲ့သို့သော ခေတ်ပြောင်းခေတ်လွှဲ မင်းပြောင်းမင်းလွှဲများသော နိုင်ငံမျိုးတွင် ဤမျှ သမနိရှည်ကြာသော ပါတီကြီးတရပ်ကို ဘယ်လို ထူထောင်ထားပါသလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေက ထူထောင်ခဲ့သလဲဆိုတာကို ပထမဆုံး စောကြောပြပါရစေ။

မာ့က်စ်ဝါဒအခြေခံထားသည့် တိုင်းချစ်ပြည်ချစ်မျိုးဆက်လေးခုက တည်ထောင်ထားသည့်ပါတီဖြစ်နေခြင်းကို ပထမဆုံး တင်ပြထားပါမည်။

ပါတီသမိုင်းကို စိုက်ထူတိုက်ပွဲဝင်သူများအဖြစ် အစဉ်အဆက်ခေါင်းဆောင်များက မျိုးဆက်လေးခုအဖြစ် ခွဲခြမ်းသတ်မှတ်ပြောဆိုလေ့ရှိပါသည်။

(၁) ပထမမျိုးဆက်အဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် လှုပ်ရှားခဲ့သူများကိုအခြေခံပြီး သတ်မှတ်ခဲ့သည်။

(၂) ဒုတိယမျိုးဆက်ကိုတော့ ၁၉၄၈/၄၉ (လက်နက်ကိုင်တိုက်ပွဲကာလ) ပါတီဝင်များကို ညွှန်းသည်။

(၃) တတိယမျိုးဆက်များဟူ၍- မဆလခေတ် ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်လာသူများကို အထွေထွေအတွင်းရေးမှူး ရဲဘော်ကြင်မောင်က သတ်မှတ်သည်။

(၄) စတုတ္ထမျိုးဆက်များအဖြစ် ရှစ်လေးလုံးနောက်ပိုင်း ပေါ်ထွန်းလာသည့်ပါတီဝင်များကို နေရာပေးသည်။

ဤမျိုးဆက်လေးခု၏ အဆက်မပြတ်မောင်းနှင်အားက ယနေ့ကာလအထိ အရှိန်မပျက်ချီတက်ဆဲ အင်အားစုကြီးအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။ ပါတီခေါင်းတွဲကို လက်ရှိမောင်းနှင်နေသည့် မျိုးဆက်များကတော့ တတိယနှင့် စတုတ္ထမျိုးဆက်များဟုပြောလျှင် ရမည်ထင်ပါသည်။

အပိုင်း(၂)

ဘိုးသက်ရှည်၏ ခရီးကို နောက်ကြောင်းပြန်ကြည့်ပြီး ဖြည့်စွက်တင်ပြမှ ဤပါတီကြီး၏ တိုက်ပွဲဝင်ဖြတ်သန်းမှုကို ပြည်သူများ- ရဲဘော်များ- စာဖတ်သူများ တန်ဖိုးဖြတ်နိုင်ကြပါလိမ့်မည်။

၈၅ နှစ်ကြာခရီးသည် လေတဖြူးဖြူးနှင့် သက်သက်သာသာ ရွက်လွှင့်နေသည့်ခရီးမဟုတ်။

– တောင်ဆင်းတောင်တက် အနိမ့်အမြင့် အကွေ့အကောက်များသည့် မီးရထားခရီးနှင့်နှိုင်းပါမှ ပိုမို နီးစပ်နိုင်ပါမည်။

– လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲပြီးမှ အောင်ပွဲခံနိုင်သည့် ညီနောင်ပါတီများကဲ့သို့ပင် လက်ဝဲစွန်းလက်ယာစွန်း ပွတ်တိုက်မှုများ လမ်းစဉ်တိုက်ပွဲများအပြင် ပုန်ကန်မှုများ၊ ခွဲထွက်မှုများ ကြုံခဲ့ရသည်။ တရွတ်ဆွဲ ဖြတ်ကျော်ခဲ့ရသည်။

ပါတီဗဟိုသည် တခါတရံ လမ်းစဉ်မှားများ ချခဲ့မိပြီး ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိသလို မျိုးလည်း ရှိခဲ့သည်။ သို့သော် အရင်းခံမူဖြစ်သည့်“ ပါတီကို ယုံကြည်ရမယ်၊ ပြည်သူကို ယုံကြည်ရမယ်”ဆိုသည့် တရား ၂ ပါးကိုဆုပ်ကိုင်ပြီး ဆက်လက်ချီတက်နိုင်ခဲ့သည်။

၆၀ ခုနှစ်များတွင် ပဲခူးရိုးမ၌ ဥက္ကဋ္ဌ သခင်သန်းထွန်းက “ပါတီတည်ဆောက်ရေးသည် သော့ချက်”ဟူသည့်ဆောင်ပုဒ်ကို တင်ပြခဲ့သည်။ ယခုလည်း ရဲဘော်တို့၏လေ့လာရေးဆွေးနွေးပွဲတွင် အချိန်ပေးပြီး ပါတီတည်ဆောက်ရေးခေါင်းစည်းနှင့် ဆွေးနွေးနေကြပြန်လေပြီ။

တဆက်တည်းပြောလိုသည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ မိုးပေါ်ကကျလာသည့်ပါတီမဟုတ်၊ (၁) လူတန်းစားတိုက်ပွဲဆင်နွှဲရင်းက စနစ်တကျဖွဲ့စည်းလာသည့်ပါတီ(၂) ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်းထားသည့်ပါတီ၊(၃) ယနေ့ကာလတွင် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲကာ ဗမာပြည်လက်တွေ့နှင့် ပေါင်းစပ်ချီတက်နေသည့် ပါတီ။ (၄) နိုင်ငံနှင့် ပြည်သူအပေါ် တာဝန်ကျေခဲ့သောပါတီ ဤနေရာတွင် မည်သို့မည်ပုံ တာဝန်ကျေခဲ့သည်ကို ရှင်းပြဖို့လိုလာပါသည်။

(က) ဗြိတိသျှ ကိုလိုနီခေတ်တွင် အလုပ်သမား လယ်သမား မြို့နေဆင်းရဲနှင့် အမျိုးသားအရင်းရှင်- လူတန်းစားလေးရပ်အတွက် ရပ်ခံတိုက်ပွဲဝင်ခဲ့သောပါတီ။

(ခ) ဖက်ဆစ်ဂျပန်ခေတ်၌ ပြည်သူကို စည်းရုံးလှုံ့ဆော်ပြီး လက်တွေ့တိုက်ပွဲခွင်တွင် ခေါင်းဆောင်ကာ အောင်ပွဲရယူပေးနိုင်သောပါတီ

(ဂ) စစ်ပြီးခေတ်တွင် နယ်ချဲ့အလိုတော်ရိနယ်ချဲ့နှင့် အပေးအယူလုပ်လိုသောအဖွဲ့အစည်း လူပုဂ္ဂိုလ်များနှင့် ဖဆပလ လက်ယာဂိုဏ်းကိုဆန့်ကျင်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးရယူရာတွင် အရေးပါသောကဏ္ဍမှ ထင်ထင်ရှားရှားပါဝင်ခဲ့သော ပါတီ။

(ဃ) နယ်ချဲ့အလိုကျ ပြည်တွင်းစစ်ဖန်တီးလာသော ဖဆ/ဆိုရှယ်လစ်များကို အညံ့မခံ ၊ လက်နက်နှင့်ဖိနှိပ်လာသည်ကို ရရာလက်နက်နှင့် ပြန်လည်တိုက်ပွဲဝင်ခဲ့သောပါတီ၊ မျက်မှောက်တွင်လည်း စစ်သုံးစစ်ကို ကိုယ်စားပြပြီး လက်နက်နှင့်ဖိနှိပ်နေသည့်ရန်သူကို လက်နက်နှင့်ပြန်လည်တိုက်ပွဲဝင်နေဆဲပါတီ….ဤလိုမျိုးပါတီအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပြီးသော ပါတီဖြစ်သည်။

အထက်ဖော်ပြပါ ကြန်အင်လက္ခဏာများကြောင့် ဖိနှိပ်အုပ်စိုးသူအဆက်ဆက်က ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးတည်ရန်သူအဖြစ် ကာလရှည်ကြာစွာ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့အချိန်တွင် ဘိုးသက်ရှည်ပါတီကြီး၏ ၈၅ နှစ်မြောက် အထိမ်းအမှတ်ပွဲကို ပြည်သူနှင့်အတူ ကျွန်ုပ်တို့မျိုးဆက်များက ဂုဏ်ယူဝင့်ကြွားစွာဆင်နွှဲနေနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် သတိပြုသင့်သည်မှာ ဤ ၈၅ နှစ်ခရီးသည် သမိုင်းသဘောအရ အချိန်တိုလေးမျှသာ ဖြစ်သည်။ ရှေ့ဆက်ရမည့်ခရီးစဉ် ကျန်ပါသေးသည်။ ကျွန်ုပ်တို့အနေနှင့် တတိုင်းပြည်လုံးလွတ်မြောက်ဖို့ တိုက်ပွဲဝင်ရပါဦးမည်။ ၎င်းအပြင် ငြိမ်းချမ်း၊ သာယာ၊ စည်ပင်ဝပြောသော နိုင်ငံတော်သစ်ကြီး တည်ဆောက်ရဦးမည့်တာဝန်ကြီးများ ရှိနေသေးသည်ကိုလည်း သတိချပ်ကြစေလိုသည်။

အပိုင်း(၃)

တဖက်ကို ကြည့်ကြဦးစို့။

စစ်ပြီးခေတ်သမိုင်းတလျှောက်လုံးတွင် ကပ်ပါး မွှားကောင်အဖြစ်ပါလာသော စစ်အုပ်စု(သို့မဟုတ်) စစ်ဓနရှင်လူတန်းစားတရပ်သည် ဖောက်ပြန်ရေးအင်အားစုများ၏ ကျောထောက်နောက်ခံဖြင့် အားပြည့်အင်ရွဲ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်သို့တက်ကာ နေရာယူလာခဲ့သည်။ အစွယ်ပေါက်စ ဗိုလ်နေဝင်းအစပြုသော စစ်အုပ်စုက ၁၉၆၂ ခုတွင် ဗြောင်ကြေညာကာ အာဏာသိမ်းယူချိန်ကစပြီးတွက်ပါက ယနေ့ဆိုလျှင် ၆၂ နှစ် ရှိခဲ့ပါပြီ။ ဤအနှစ် ၆၀ ကျော်အတွင်း အာဏာလောဘနှင့် ဆရာမွေး တပည့်မွေးပြီး တယောက်ကိုတယောက်ဖြုတ်ချကာ မသတီစရာ စစ်အာဏာရှင်များ တယောက်ပြီးတယောက်ပေါ်ထွက်လာခဲ့သည်။

လက်တဆုပ်စာ စစ်အုပ်စုဝင်မိသားစုများနှင့် အပေါင်းအပါခရိုနီတစုက တိုင်းပြည်၏ ဓနဥစ္စာများကို လက်ဝါးကြီးအုပ်အပိုင်စီးကာ ချမ်းသာကြွယ်ဝနေပြီး ကျန်တတိုင်းပြည်လုံးမှာမူ ဆင်းရဲတွင်းနက်သထက်နက်နေရပြီ ဖြစ်သည်။

ယနေ့ မင်းအောင်လှိုင်ခေတ်ရောက်လာတော့ တချိန်တည်း သူပဲ ယာယီသမ္မတ၊ သူပဲ ဝန်ကြီးချုပ်၊ သူပဲ စစ်ဦးစီးချုပ် ၊ သူပဲစစ်ကောင်စီဥက္ကဋ္ဌ ရာထူးတွေယူဝံ့သည့်အထိ မျက်နှာပြောင်တိုက်လာခဲ့ချေပြီ။“ ယိုသူမရှက်- မြင်သူရှက်” ဖြစ်ရပ်ပါပေ။

စစ်အုပ်စုတွင်းမှာလည်း တယောက်ထက်တယောက် ပိုအရှက်နည်းလာ ၊ ပိုပြောင်ပြောင်တင်းတင်းတင်း ပြည်သူကို သတ်ရဲဖြတ်ရဲလာတာတွေ တွေ့လာရသည်။

မင်းအောင်လှိုင်ကိုယ်တိုင်က “ဘာမဆိုလုပ်ရဲတယ်လို့ ကြွေးကြော်ထားသည်နှင့်အညီပဲ ပြည်သူကို ရန်သူလို့ ကြေညာရဲကာ” … လူမျိုးစုများအပါအဝင် ပြည်သူတွေကို စစ်လေယာဉ်များနှင့် အခေါက်ခေါက်အခါခါ ဗုံးကြဲရဲ စက်သေနတ်နှင့် ပစ်သတ်ရဲတာ၊ လက်နက်ကြီးများဖြင့် နေ့မအိပ် ညမအိပ် အဆက်မပြတ်ပစ်ခတ်သတ်ဖြတ်ရဲတာ ၊ စစ်လမ်းကြောင်းကျရာရွာတွေကို ရွာလုံးကျွတ် မီးဝင်ရှို့ရဲတာတွေက အိပ်မက်မဟုတ်၊ နေ့စဉ်ရက်ဆက် မြင်တွေ့နေရသည့် ကိစ္စတွေပဲ မဟုတ်လား။

မိမိတို့က ၈၅ နှစ်ခရီးကို သမိုင်းသဘောအရ အချိန်တိုလေးလို့ ပြောထားခဲ့ပြီ။ အခု ရန်သူစစ်အုပ်စုဘက် ပြန်ကြည့်တော့ သူတို့အချင်းချင်း အာဏာရွှေထီး လုဆောင်းနေကြပုံကိုဖြင့် “ခွေးရူးကောင်းစား တမွန်းတည့်”အဖြစ်ပဲ ကြည့်မြင်ထားဖို့ လိုပါမည်။

စစ်အုပ်စုဝင်များအတွက် မက်ဆေ့ချ် တခုတော့ ပေးလိုသည်။ တယောက်ခေါင်းပေါ် တယောက်နင်းပြီး တက်လာသည့်အထဲမှာဖြင့် မင်းအောင်လှိုင်ကတော့ ယုတ်မာရက်စက်မှုအပေါင်းတွင် သရဖူဆောင်းသွားခဲ့လေပြီ။ ရိုကျိုးစွာ သင်တို့နာခံနေရပေမည်တကား။ – ဟူ၍…………

ထပ်ဆိုပါမည်။ သင်တို့က ဤမျှယုတ်မာရက်စက်သော မင်းအောင်လှိုင်၏ ခြေဖဝါးအောက်၌ ရိုကျိုးစွာ ဆက်လက်ပြီး နာခံသွားကြတော့မည်လား။ ကျွန်ဇာတ်ကို ဆက်ခင်းသွားကြမည်လား။

ပြည်သူများကတော့ ဒီစစ်အာဏာရှင်များနဲ့လမ်းခွဲဖို့ ယတိပြတ်ဆုံးဖြတ်ပြီးကြပါပြီ။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကြစို့။

ကြီးမြတ်သော ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ရမည်။

စာတည်းအဖွဲ့

၅-၈- ၂၀၂၄