Monthly Archives: June 2024

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLF သို့ ပါတီမှပေးပို့သည့်သဝဏ်လွှာ

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

မေလ ၉ ရက် ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနေ့

၁၉၄၅ မေ ၉၊  ဒုတိယကမ္ဘာစစ်ပြီးဆုံးတယ်။ နာဇီဂျာမန်တပ်ဖွဲ့များဟာ ဆိုဗီယက်တပ်နီတော်နဲ့

မဟာမိတ်တပ်ဖွဲ့များထံ ၁၉၄၅ မေ ၈ မှာ လက်နက်ချတယ်။ ဂျပန်ဖက်ဆစ်များက ၁၉၄၅

ဩဂုတ် ၁၅ မှာ ဂျပန်ဘုရင့်အမိန့်ဖြင့် လက်နက်ချတယ်။ ဟစ်တလာက ၃၀ ဧပြီ(၁၉၄၅) က

တည်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မူဆိုလိုနီကို အစောပိုင်းကတည်းက လက်ရ

ဖမ်းဆီးမိပြီး အီတလီပြောက်ကျားများက ကြိုးပေးကွပ်မျက်ခဲ့တယ်(၁၉၄၅)။ လူသားသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းကြုတ်ဆုံး အရက်စက်ဆုံးဖြစ်တဲ့ ဖက်ဆစ်ဝါဒအပေါ် ကမ္ဘာ့ပြည်သူအပေါင်းက အောင်ပွဲဆင်ခဲ့တာ (၇၉)နှစ်တိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဆန့်ကျင်ရေးအောင်ပွဲနဲ့အတူ ကိုလိုနီထမ်းပိုးအောက်က အမျိုးသားပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေ အုံကြွပြင်းထန်လာပြီး နိုင်ငံတွေလွတ်လပ်လာကြတယ်။ ဗမာပြည်မှာလည်း  ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုကြီး (ဖဆပလ)ရဲ့ ဦးဆောင်မှုနဲ့အတူလွတ်လပ်

ရေးရလာတယ်။ ဒါကြောင့် ဒီတော်လှန်တဲ့သမိုင်းအတွေ့အကြုံကိုမှန်မှန်ကန်ကန်သိမြင်မှ အနာဂတ်မှာ     ပိုမိုကြီးမားတဲ့အောင်ပွဲတွေ ရရိုနိုင်ဖို့ သမိုင်းသင်ခန်းစာ  ထုတ်ယူနိုင်မှာဖြစ်ပါတယ်။              

ဖက်ဆစ်ဝါဒ ပေါ်ထွန်းလာခြင်း

“ဖက်ဆီ “(Fasci) ဆိုတဲ့ အီတလီစကားဟာ သစ်ကိုင်းသစ်ခက်အစည်းဆိုတဲ့အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးကို အသုံးပြုပြီး ဘီနီတို မူဆိုလိုနီ (Benito Mussolini)က အီတလီ အမျိုးသားရေးဝါဒကိုကြွေးကြော်ပြီး ဖက်ဆစ်ပါတီ (Fascist Party)ကိုထူထောင်ခဲ့တယ်။

၁၉၂၆ ကစလို့ မူဆိုလိုနီဟာ ဒီမိုကရေစီမှန်သမျှဖျက်သိမ်းပြီး နိုင်ငံတဝန်း ဖက်ဆစ်တပ်ဖွဲ့များဖွဲ့စည်းတယ်။ ၁၉၃၀ နောက်ပိုင်း ဂျပန်မှာ စစ်ဝါဒခေါင်းထောင်လာပြီး ဂျပန်နိုင်ငံရေးတွင် စစ်တပ်ဩဇာလွှမ်းမိုးမှု ထိပ်ရောက်လာတယ်။  ဒါထက်ပိုအရေးကြီးတဲ့အချက်က ဂျာမနီမှာလည်း ဖက်ဆစ်ဝါဒပေါက်လာတာဖြစ်တယ်။                          

ဒုတိယကမ္ဘာစစ်အတွက် အစို့အညှောင့်တွေဟာ အစောပိုင်းအတည်းကရှိနေခဲ့တယ်။ ပထမကမ္ဘာစစ်တွင်ရှုံးနိမ့်မှု ဗာဆေးစာချုပ်(၁၉၁၉)၊စီးပွားပျက်ကပ်(၁၉၂၉)၊နယ်ချဲ့နိုင်ငံများအတွင်း အထွေထွေအကျပ်အတည်းများနှင့်အတူ ဖက်ဆစ်ဝါဒ ပေါ်ပေါက်လာတယ်။ အားပျော့တဲ့ ဂျာမန်ဆိုရှယ်ဒီမိုကရက် ဓနရှင်အစိုးရများဟာ  ပြိုကျပျက်စီးနေတဲ့     ဂျာမန်စီးပွားရေးကို မကယ်တင်နိုင်ရုံမက အကျပ်အတည်းဟာ ဆိုးသထက်ဆိုးလာတယ်။ ဒီအခြေအနေကို

ချက်ကောင်းယူပြီး ဂျာမနီတွင် အကွက်ချစီစဉ်ထားပြီး ကောင်းစွာစည်းရုံးဖွဲ့စည်းထားတဲ့ ဖက်ဆစ်ပါတီ ဖက်ဆစ်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဖက်ဆစ်လှုပ်ရှားမှုတို့ ပေါ်ပေါက်လာပါတယ်။

နာဇီပါတီထူထောင်ခြင်း

အဒေါ့ဖ်ဟစ်တလာ က နာဇီပါတီကို ၁၉၂၄ မှာထူထောင်တယ်။ နာမည်အပြည့်အစုံက ဂျာမန်အမျိုးသားဆိုရှယ်လစ် အလုပ်သမားပါတီ National Socialist Workers’ Party of Germany ဖြစ်တယ်။ Nazi သို့မဟုတ် Nasti ဆိုတာ စာလုံးများရဲ့ အတိုကောက်အက္ခရာများကို စုစည်းထားတာဖြစ်ပြီး၊ ( ကံမကောင်းအကြောင်းမလှစွာ သရုပ်ဖျက်ခြင်း ခံရတဲ့) အမျိူးသားဆိုရှယ်လစ်ဝါဒ လူသိများလာတာဖြစ်တယ်။(မဆလ ပါတီကိုသတိရစရာပါ) နာဇီပါတီဟာ အခြေခံအားဖြင့် လူဆိုးဂိုဏ်းခေါင်းဆောင်များ ကလေကချေများနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး၊ စီးပွားပျက်ကပ်နဲ့  အထွေထွေအကျပ်အတည်းနောက်ပိုင်း   မကြုံစဖူးတိုးပွားလာတဲ့၊ အလုပ်လက်မဲ့လူငယ်တွေ ဒုက္ခရောက်နေတဲ့ လူလတ်တန်းစား ဈေးဆိုင်ပိုင်ရှင်ကလေးတွေနဲ့ မကျေမချမ်းဖြစ်နေတဲ့ဓနရှင်ပေါက်စတွေ ပါဝင်လာတယ်။ အများစုဟာ နာဇီပါတီရဲ့ ဓနရှင်အမျိုးသားရေးရှော်ဗင်ဝါဒ ကြွေးကြော်သံအောက်မှာဖမ်းစားခံရပြီး ပါဝင်

လာတာဖြစ်တယ်။(ရှော်ဗင်ဝါဒ Chauvinism ဆိုတာ၊ ၁၈၃၁ တွင် နပိုလီယံတပ်မှ တပ်မှူးတဦးဖြစ်တဲ့  N. Chauvin ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်ပြီး၊ မိမိအမျိုးသားသာအမွန်မြတ်ဆုံးလို့ယူဆပြီး ကျန်အမျိုးသားများအပေါ် ရန်လိုမုန်းတီးသော ဖေါက်ပြန်တဲ့ဓနရှင်အမျိုးသားရေးဝါဒဖြစ်တယ်) 

ဟစ်တလာက သည်းခြေကြိုက်ကြွေးကြော်သံနှစ်ရပ်ဖြင့် လှုံ့ဆော်စည်းရုံးတယ်။ တခုက အမျိုးသားရေးရှော်ဗင် ဝါဒဖြစ်ပြီး၊ နောက်တခုက ဆိုရှယ်လစ်ဝါဒဖြစ်တယ်။ ဟစ်တလာကဂျာမန်လူမျိုးဟာ အာရိယန်မျိုးနွယ်အစစ်ဆုံး လူမျိုးဖြစ်ပြီး တခြားလူမျိုးများကို ဖယ်ကြဉ်ရမယ်၊ တိုက်ခိုက်ရမယ်၊ သုတ်သင်ရမယ်၊ နိုင်ငံမှနှင်ထုတ်ပစ်ရမယ်ဆိုတဲ့   လွဲမှားတဲ့အလွန်အကျွံ သဘောတရားများကို ထုတ်ဖော်လာတယ်။ ဒါဟာအဓိကအားဖြင့် ဂျူးများနဲ့  ကွန်မြူနစ်များကို ရည်ရွယ်တယ်။ ဒါ့အပြင် နာဇီပါတီရဲ့ အတုအယောင် အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးကို ဖြစ်နိုင်သမျှနည်းနဲ့ကြွေးကြော်ပြီး ဂျာမန်အရင်းရှင်အုပ်ချုပ်ရေးရဲ့ညံ့ဖျင်းမှုများကိုတိုက်ခိုက်ပြပြီး အခွင့်အရေး ရယူတယ်။ ပထမကမ္ဘာစစ်ရှုံးနိမ့်မှု နဲ့  ဗာဆိုင်းစာချုပ်တို့ကိုအပြစ်တင်ပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများ( အင်ဂလန်၊ ပြင်သစ်၊ အမေရိကန် စသည် )ကို တိုက်ခိုက်တယ်။ နာဇီပါတီဟာဓနရှင်ပေါက်စများ၊ အသေးစား ကုန်သွယ်လုပ်ငန်းရှင်များ၊အလုပ်လက်မဲ့များ၊ လူငယ်များနဲ့ ကလေချေများအပေါ် အခြေခံထားသော်လည်း၊ ဒီပါတီရဲ့   လူတန်းစားလက္ခဏာဟာ  လက်ယာစွန်းရောက်  လက်ဝါးကြီးအုပ်နယ်ချဲ့အရင်းရှင်လက္ခဏာဆောင်ပါတယ်။

ဖက်ဆစ်နာဇီပါတီရဲ့ လှုပ်ရှားမှုဟာကျယ်ပြန့်လာပြီး  လူထုလှုပ်ရှားမှုအသွင်ဆောင်လာတယ်။ ဟစ်တလာဟာလည်း လူထုခေါင်းဆောင်ဖြစ်လာတယ်။ သူက နာဇီပါတီရဲ့လက်နက်ကိုင်အဖွဲ့အစည်းနှစ်ရပ်ကို ဖွဲ့စည်းတယ်။ နာဇီအထူးရဲတပ်ဖွဲ့( S.S) နဲ့ နာဇီအရံစစ်တပ်ဖွဲ့ (S.A) တို့ဖြစ်တယ်။ ဒီအဖွဲ့အစည်းနှစ်ရပ်ဟာ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်ဂိုဏ်းကြီးများဖြစ်ကြပြီး လူငယ်လူလတ်သန်းပောင်းများစွာ ပါဝင်တယ်။ သူတို့ဟာ ဂျူးဆန့်ကျင်ရေး၊ အလုပ်သမားလူတန်းစားဆန့်ကျင်ရေး ၊ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဆိုရှယ်ဒီမိုကရက် (အစိုးရဟောင်း)ဆန့်ကျင်ရေးအတွက် ဂျာမန်နိုင်ငံတဝန်း အစုလိုက်အပြုံလိုက်သုတ်သင်တာ

ဂိုဏ်းဖွဲ့သတ်ဖြတ်တာ တိုက်ခိုက်လုယက်ဖျက်စီးတာတွေ လုပ်ကြတယ်။

ကွန်မြူနစ် နဲ့ ဆိုရှယ်ဒီမိုကရက် 

ဟစ်တလာရဲ့ဖက်ဆစ်ဝါဒက ဂျာမန်ပြည်သူတရပ်လုံးကို ဆွဲဆောင်စည်းရုံးထားနိုင်တာမဟုတ်ဘူး။ ဟစ်တလာ အာဏာရလာတဲ့ ရွေးကောက်ပွဲကာလအထိ  ရွေးကောက်ပွဲတိုင်းမှာ ဂျာမန်ကွန်မြူနစ်ပါတီ(CPG)နဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ (SDP)တို့ရရှိတဲ့စုစုပေါင်းမဲဟာနာဇီပါတီထက် များပါတယ်။ သမ္မတက ဟစ်တလာကို   အစိုးရဖွဲ့ဖို့ဖိတ်ခေါ်တဲ့   ၁၉၃၂ ရွေးကောက်ပွဲမှာပင်လျှင် ကွန်မြူနစ်နဲ့ဆိုရှယ်ဒီမိုကရက်များရဲ့ အားဟာ ဟစ်တလာပါတီထက်များပါတယ်။ ဒါပေမဲ့သူတို့ဟာ တသီးတခြားစီ တိုက်နေကြတာဖြစ်တဲ့အတွက် ဟစ်တလာ 

အာဏာရလာတယ်။

ကွန်မြူနစ်များက ပြင်းပြင်းထန်ထန်တိုက်တယ်။ ကွန်မြူနစ်တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုဟာ ပေးဆပ်ရမှုကြီးမားပါတယ်။ ဆိုရှယ်ဒီမိုကရက်တွေကလည်း တိုက်ပါတယ်။ ဒါပေမဲ့ တကွဲတပြားစီ ဖြစ်နေတယ်။ ဖက်ဆစ်ဝါဒ ကြီးထွား လာခြင်းဟာ တော်လှန်ရေးမဆင်နွှဲခြင်းကြောင့် ဒဏ်ခတ်ခံရခြင်းပဲဖြစ်တယ်လို့ သမိုင်းဆရာများက နီဂုံးချုပ်ထားတာရှိပါတယ်။

ဒီမီထရော့ အစီရင်ခံစာ

ဂျော်ဂျီ ဒီမီထရော့ Georgi Dimitrov ဟာဘူဂေးရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၃၀ စုနှစ်အစောပိုင်းကာလမှာ ကွန်မြူနစ်အင်တာနေရှင်နယ် (Comintern)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာတယ်။ ၁၉၃၅ ကိုမင်တန် သတ္တမအကြိမ်မြောက် ကမ္ဘာ့ကွန်ဂရက်တွင် ဖက်ဆစ်ဝါဒနှင့် ဖက်ဆစ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေးတပ်ပေါင်းစုဆိုတဲ့ ထင်ရှားကြော်ကြားတဲ့ အစီရင်ခံစာတစောင်တင်သွင်းတယ်။ (အလွယ်တကူပဲ ဖက်ဆစ်ဝါဒ သို့မဟုတ် တပ်ပေါင်းစုအစီရင်ခံစာလို့ခေါ်တယ်) ဒါဟာကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုအတွက် သမိုင်းဝင် စာတမ်းတစောင်ဖြစ်ပြီး ကွန်မြူနစ်တိုင်းလေ့လာကြရတယ်။ ဖက်ဆစ်ဝါဒရဲ့အတွင်းသဘောကိုနားလည်ပြီး ဘယ်လိုတိုက်ရမယ်ဆိုတာကို ရှင်းပြတယ်။

ဖက်ဆစ်ဝါဒဆိုတာ နယ်ချဲ့စနစ်အကျပ်ဆိုက်မှုမှ ပေါက်ဖွားလာတာဖြစ်ပြီး၊ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲ့ ဗြောင်အကျဆုံး အတိအလင်းအဖြစ်ဆုံး၊ လက်ယာစွန်းအရောက်ဆုံး၊ အဖောက်ပြန်ဆုံးအာဏာရှင်စနစ်ဖြစ်တယ်။ သူ့မှာ မကျေမချမ်းမနှစ်မမြို့ဖြစ်နေတဲ့ ဓနရှင်ပေါက်စတွေ ကုန်သည်တွေ လူလတ်တန်းစားတွေ အလုပ်လက်မဲ့တွေ အသေးစားပိုင်ဆိုင်သူလေးတွေ လူငယ်တွေ စသဖြင့် လူမှုအခြေခံရှိတယ်။ သူတို့ဟာ ယဉ်ကျေးမှုအတုအယောင်အ

မျိုးသားရေးဝါဒရှော်ဗင်ဝါဒ၊ လူမျိုးရေးဝါဒ၊  ဘုံဝါဒ စတာတွေကိုအကာအကွယ်ယူပြီး သူတို့ရဲ့အတွင်းသရုပ်ကို ဖုံးကွယ်ထားကြတယ်။

ဒီမီထရော့ က ဆက်လက်တင်ပြရာမှာ ဖက်ဆစ်ဝါဒကိုခုခံကာကွယ်ဖို့ တိုက်ခိုက်ဖို့နဲ့သုတ်သင်ချေမှုန်းဖို့ တခုတည်းသောနည်းလမ်းကတော့၊ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများ၊ ဖက်ဆစ်မဟုတ်သောအင်အားစုများ အားလုံးနဲ့ အဖြစ်နိုင်ဆုံး အကျယ်ပြန့်ဆုံးတပ်ပေါင်းစုကြီးဖွဲ့စည်းရမယ်။ ဘာဒွိဟသံသယမှ ဖြစ်စရာမလိုဘူး။ ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစု နည်းပရိယာယ်လမ်းစဉ်ကျင့်သုံးတဲ့နိုင်ငံတွေ ကွန်မြူနစ်ပါတီတွေဟာ ဖက်ဆစ်ဝါဒကိုတားဆီးနိုင်တယ်(ပြင်သစ် စသည်)၊မကျင့်သုံးတဲ့နိုင်ငံတွေ ကွန်မြူနစ်ပါတီတွေဟာ မတားဆီးနိုင်ဘူး

(ဂျာမနီစသည်)။ ဒါကြောင့် ဖက်ဆစ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲအတွက် အကျယ်ပြန့်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ပေါင်းစုဖွဲ့ကြရမယ်။

ဖက်ဆစ်ဝါဒအကြောင်းရှင်းပြတဲ့ နောက်ထပ်ထင်ရှားတဲ့စာတမ်းကတော့ အီတလီကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ပာလ်မီရို တိုဂလီယာတီ Palmiro Toglatti ရဲ့ စာတမ်းပဲဖြစ်ပါတယ်။ အတွင်းသဘောကတော့ ဒီမီထရော့အစီရင်ခံစာအတိုင်းပါပဲ။ (ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလမ်းစဉ်ဆိုင်ရာ စစ်တမ်းတွေဖြစ်တဲ့ အင်းစိန်စစ်တမ်း  မြင်းခြံစစ်တမ်းတို့ဟာ ဒီမီထရော့အစီရင်ခံစာပေါ် အခြေခံပြီး ဗမာပြည်လက်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပာတယ်။ ဒီလမ်းစဉ်ပော်ကနေ ” ဖဆပလ ” တပ်ပေါင်းစုအဖွဲ့ကြီး 

ပေါ်ပေါက်လာတာ ဖြစ်ပါတယ်)

ဒုတိယကမ္ဘာစစ်

ဟစ်တလာ ဂျာမနီ၊ မူဆိုလိုနီ အီတလီ နဲ့ တိုဂျို ဂျပန်တို့ပေါင်း၍ ကမ္ဘာ့ဖက်ဆစ်ဝင်ရိုးတန်းအင်အားစုကို ဖွဲ့စည်းတယ်။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊  အင်္ဂလန်၊ပြင်သစ် စသည်တို့က မဟာမိတ်အင်အားစုကိုဖွဲ့စည်းတယ်။

ဖက်ဆစ်အင်အားစုက တကမ္ဘာလုံးကိုသိမ်းပိုက်ပြီးနောက် သူတို့အတွင်းခွဲဝေယူကာ ကမ္ဘာကြီးကို ဧရာမ အကျဉ်းစခန်းကြီးအဖြစ် ပြောင်းလဲပစ်မှာဖြစ်တယ်။ နှစ်စဉ် လူသန်းနဲ့ချီပြီး အသုတ်သင်ခံကြရမှာဖြစ်တယ်။ အကယ်၍ဖက်ဆစ်ဝါဒသာအနိုင်ရခဲ့ရင် ယနေ့ကမ္ဘာကြီးဟာ မျက်မှောက်အခြေအနေနဲ့ လုံးလုံးလျားလျားခြားနားတဲ့   အခြေအနေဆိုးနဲ့ကြုံကြရမှာဖြစ်တယ်။

နာဇီဂျာမနီရဲ့နည်းပရိယာယ်က ဦးစွာအားဖြင့် ဥရောပတတိုက်လုံး သို့မဟုတ် တတိုက်လုံးနီးပါးကိုသိမ်းပိုက်ဖို့ ရည်ရွယ်တယ်။ ၁၉၃၄ မှာ နယ်မြေတိုးချဲ့ရေးရည်ရွယ်ချက်နဲ့ ဩစထြီးယားကို တဖက်သတ်ဝင်တိုက်တယ်။ အီတလီက အာဖရိက အဘီဆီးနီးယားကို ဝင်သိမ်းတယ်(၁၉၃၅)။ ဂျပန်က တရုတ်ကို ဝင်တိုက်တယ်(၁၉၃၆)။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြူးနစ်စာချုပ် Munich pack (ဂျာမနီက ဩစထြီးယားကို သိမ်းပိုက်တာကို အလျှော့ပေး ကျေအေးတဲ့ စာချုပ်) နောက်ပိုင်း၊ ချက်ကိုစလိုဗက်၊ ပိုလန်နဲ့ အရှေ့ဥရောပနိုင်ငံအများအပြားကို နာဇီတပ်များက ဝင်ရောက်သိမ်းပိုက်တယ်။ ပြင်သစ်ကို(၁၉၄၀)သိမ်းတယ်။ ဗြတိသျှတပ်များကို ဘယ်လ်ဂျီယန်မှ မောင်းထုတ်ပြီး ဖင်လန်နဲ့ ဘောလ်တစ်နိုင်ငံများကို ဆက်လက်သိမ်းတယ်။

၁၉၃၉ စက်တင်ဘာ ၁ ပိုလန်ကိုသိမ်းပိုက်တဲ့နေ့ဟာ ဒုတိယကမ္ဘာစစ် စတင်တဲ့နေ့ဖြစ်တယ်။ နာဇီဂျာမနီ ပိုလန်ကိုသိမ်းပြီးမှ အနောက်နိုင်ငံတွေနဲ့ အပြန်အလှန်စစ်ကြေညာကြလို့ဖြစ်တယ်။ ဟစ်တလာဟာ နှိုင်းယှဉ်ခြင်းအားဖြင့် ဥရောပကို အလွယ်တကူသိမ်းပိုက်ရရှိသွားတယ်။ ဆိုဗီယက်-ဂျာမန် မကျူးကျော်ရေးစာချုပ်ကို ၁၉၃၉ မှာချုပ်ဆိုတယ်။ ဒီစာချုပ်ဟာ ဆိုဗီယက်ပြည်ထောင်စုအဖို့ အသက်ရှူပေါက်ရစေတယ်။ လန်ဒန်ကိုဗုံးကြဲ (၁၉၄၀)ခြင်းဖြင့် ဗြိတိသျှကို ငြိမ်သွားစေတယ်။

ဆိုဗီယက်ယူနီယံကိုဝင်တိုက်ခြင်း

ဥရောပတိုက်လုံးနီးပါးကိုသိမ်းပိုက်ပြီး အရင်းအမြစ် လူ လက်နက် ရိက္ခာ တပ်အင်အား အလုံးစုံဖြည့်ဆည်းပြီးနောက် ၊ ၁၉၄၁ ဂျွန် ၂၂ မှာ ဆိုဗီယက်ယူနီယံကို အလုံးအရင်းနဲ့ထိုးစစ်ကြီးစတင်တယ်။ စစ်ပွဲရဲ့အဆုံးအဖြတ်တိုက်ပွဲတွေဟာ အဲဒီမှာတိုက်ခဲ့ကြတယ်။ ထိုနေ့ညမှာ ငါးသန်းနီးပါးရှိတဲ့ ဂျာမန်နဲ့သူ့မဟာမိတ်တပ်များ (အီတလီ  ဟန်ဂေရီ စတဲ့) ဟာ

ကီလိုမီတာ ၄၅၀၀ ရှည်လျားတဲ့ နယ်နိမိတ်တလျှောက် ထိုးစစ်ကြီးစတင်တယ်။ ဒါဟာသမိုင်းမှာ အကြီးမားဆုံးသော ထိုးစစ်ကြီးဖြစ်တယ်။

ဒီအချိန်ကစလို့ စစ်ပွဲရဲ့အသွင်အပြင်နဲ့ လက္ခဏာဟာပြောင်းလဲသွားတယ်။ နယ်ချဲ့အချင်းချင်းတိုက်နေတဲ့စစ်ပွဲမှ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့စစ်ပွဲအဖြစ် ပြောင်းလဲသွားတယ်။ ဥရောပနဲ့ကမ္ဘာတခုလုံးရဲ့ကံကြမ္မာဟာ ဖက်ဆစ်ဂျာမနီနဲ့ဆိုဗီယက်ယူနီယံ ဘယ်သူနိုင်မလဲဆိုတဲ့အပေါ်တည်လာတယ်။ ကမ္ဘာတဝန်းရှိ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများနဲ့ ပြည်သူများဟာ ကူညီထောက်ခံ လက်တွဲလုပ်ဆောင်လာကြတယ်။

၁၉၄၂ ထဲရောက်တော့ စစ်ပွဲရဲ့ရှေ့တန်းမျဉ်းကြောင်းဟာ လီနင်ဂရက်၊ မော်စကို၊ စတာလင်ဂရက် စည်းကြောင်း တလျှောက် ရောက်ရှိလာတယ်။ ပြင်းထန်တဲ့တိုက်ပွဲများ ဒီမျဉ်းကြောင်းတလျှောက်ဖြစ်ပွားတယ်။ ဂျာမန်ထိုးစစ်ဟာ ဒီနေရာမှာရပ်တန့်သွားတယ်။ သူတို့ဟာ စတာလင်ဂရက်တဝိုက်မှဖောက်ထွက်ပြီး အာရှသို့ထိုးဖောက်ဖို့ အစီအစဉ်ရှိတယ်။ အာရှကိုသိမ်းပိုက်ထားတဲ့ဂျပန်တပ်များနဲ့ အိန္ဒိယတနေရာမှာပူးပေါင်းဖို့ဖြစ်တယ်။ အာရှကိုလည်း ဝန်ရိုးတန်းဖက်ဆစ်များက ခွဲဝေယူကြဦးမယ်။

အဆုံးအဖြတ်တိုက်ပွဲများ

ရက်ပေါင်း ၉၀၀ ကြာ လီနင်ဂရက်ကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်တယ်။ မော်စကိုမြို့ပြင် ဆင်ခြေဖုံးဒေသတွေမှာ ဂျာမန်ထိုးစစ်တန့်သွားအောင် ထိန်းထားနိုင်ခဲ့တယ်။ စစ်ပွဲဟာစတာလင်ဂရက်ရဲ့ အိမ်တိုင်းလမ်းတိုင်းမှာ ဖြစ်ပွားတယ်။ စတာလင်ဂရက်တိုက်ပွဲဟာ ၁၉၄၂ နှစ်လည်မှ ၁၉၄၃ ဖေဖေါ်ဝါရီ အထိ ကြာတယ်။ ဒီတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အဆုံးအဖြတ်တိုက်ပွဲကြီးပဲဖြစ်ပါတယ်။ လူသားတွေရဲ့ကံကြမ္မာဟာ ဒီတိုက်ပွဲပေါ်မှာတည်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှုံးနိမ့်ခဲ့ရင် ဂျာမန်တပ်တွေကို လမ်းပေါက်အသွယ်သွယ်ဖွင့်ပေးလိုက်သလို ဖြစ်မှာမို့ပဲ။

၁၉၄၃ ဖေဖေါ်ဝါရီနဲ့ မတ်မှာ နာဇီဂျာမန်များဟာ ဒုတိယကမ္ဘာစစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်မှုအဖြစ် စတာလင်ဂရက်တိုက်ပွဲမှာ အချေမှုန်းခံကြရတယ်။ ၁၉၄၃ မှစ၍ စစ်မျက်နှာအနှံ့ ဆိုဗီယက်တပ်များက ထိုးစစ်၊   နာဇီတပ်များက ခံစစ်ဖြစ်လာတယ်။ ကာရပ်စ်တိုက်ပွဲ The Battle of Kursh ဟာ နောက်ထပ်  အဓိကတိုက်ပွဲကြီး တပွဲဖြစ်တယ်။       

ဒါပေမဲ့ အချေမှုန်းခံလိုက်ရတဲ့ဂျာမန်တပ်များဟာ အကြီးအကျယ်လုယက်ရမ်းကား ဖျက်စီးခဲ့ကြတယ်။ ဂျာမန် အထူးရဲတပ်ဖွဲ့ SS နဲ့ လျှို့ဝှက်ပုလိပ်တပ်ဖွဲ့(Gestapo ဂက်စတာပို) တို့  ဦးဆောင်ပြီး ဥရောပနဲ့ဆိုဗီယက်ယူနီယံအနှံ့ ဘူချန်ဝောလ် Buchenwald အော့စဝတ်စ် Auschwitz ကဲ့သို့သော လူမဆန်တဲ့နှိပ်စက်ညှဉ်းပန်းရေးအကျဉ်းစခန်းများ အနှံ့အပြားထူထောင်တယ်။

၁၉၄၄ မှာတပ်နီတော်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဥရောပနိုင်ငံများထဲသို့ အဓိက စစ်ကြောင်းကြီးသုံးကြောင်းခွဲ၍ ဝင်ရောက်တယ်။ တချိန်တည်းမှာဒေသခံပြောက်ကျားတပ်ဖွဲ့များက ဂျာမန်စစ်တပ်ရဲ့နောက်ပိုင်းမှာ အရှိန်မြှင့် တိုက်ခိုက်တယ်။

ဒုတိယစစ်မျက်နှာ

ဗြိတိသျှ ပြင်သစ်နဲ့ အမေရိကန်တပ်များကို ဒုတိယစစ်မျက်နှာဖွင့်ပြီး ဂျာမန်များကို တပြိုင်တည်း နှစ်ဖက်ညှပ်တိုက်ကာ အလျင်အမြန်ချေမှုန်းဖို့ တကမ္ဘာလုံးကတောင်းဆိုမှုရှိသော်လည်း၊ အနောက်အင်အားစုများဟာ နှောင့်နှေးနေကြတယ်။ သူတို့ကဆိုဗီယက်ပြည်ထောင်စုအထိနာပြီး အားပျော့သထက်ပျော့လာတာကိုမြင်တွေ့လိုကြတယ်။ ဒါပေမဲ့ တပ်နီတော်ဟာသူတို့ဖာသာ နာဇီတပ်များကိုချေမှုန်းသုတ်သင်ပြီး ဥရောပသို့ တိုးဝင်လာနိုင်တာကို မြင်တွေ့

လာတဲ့အခါ၊ သူတို့ဟာ ဒုတိယစစ်မျက်နှာဖွင့်ဖို့ ဆုံးဖြတ်တယ်။

၁၉၄၄ ဂျွန် ၆ အနောက်နိုင်ငံတပ်ဖွဲ့များ ပြင်သစ် နော်မန်ဒီကမ်းခြေသို့ ကမ်းတက်ဝင်ရောက်ပြီး ဒုတိယစစ်မျက်နှာ ဖွင့်လိုက်တယ်။ အနောက်တပ်ဖွဲ့များ ဟာဂျာမန်တပ်များကိုတိုက်ပြီး ဘာလင်ကိုသိမ်းဖို့ အမြန်ချီတက်တယ်။ ဆိုဗီယက်တပ်နီတော်ဟာ ၁၉၄၄-၄၅ မှာ အရှေ့ဥရောပနိုင်ငံ တသီတတန်းကြီးကို လွတ်မြောက်စေခဲ့ပြီး ဩစထြီးယားကိုရောက်လာတယ်။ သူတို့ဟာ ပိုလန် ဟန်ဂေရီ ချက်ကိုစလိုဗေးကီးယား ရိုမေးနီးယား ဘူဂေးရီးယား စတဲ့နိုင်ငံတွေကို လွတ်မြောက်စေခဲ့တယ်။ ဖက်ဆစ်အကျဉ်းစခန်းများမှ အသက်မသေဘဲ ကျန်ရစ်သူများကို ကယ်တင်နိုင်ခဲ့တယ်။

ဟစ်တလာက သူရှုံးနိမ့်လိမ့်မယ်လို့ လုံးဝမျှော်လင့်မထားဘူး။ ကမ္ဘာကိုစိုးမိုးဖို့ဆိုတဲ့  ဖက်ဆစ်ဝါဒအိပ်မက်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ ဟစ်တလာဟာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တယ်။ နာဇီတပ်မှူးများဟာ ဘာလင်ကို ဝင်ရောက်လာတဲ့ ဆိုဗီယက်တပ်နီတော်ထံ လက်နက်ချတယ်။ ဂျာမန် ရိုင်း(ချ်)လွှတ်တော်ခန်းမ Reich’s Building ထက် အောင်လံနီလွှင့်ထူနိုင်ခဲ့ပါပြီ။ ဖက်ဆစ်ဝါဒ နိဂုံးချုပ်သွားပါပြီ။

သမိုင်းသင်ခန်းစာ

ဖက်ဆစ်တပ်ဖွဲ့များနဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ဒီတိုက်ပွဲများဟာ သန္နိဋ္ဌာန်ပြင်းပြပြီး သူရဲကောင်းပီသစွာ သူသေကိုယ်ရှင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအဖြစ် သမိုင်းတင်ခဲ့တဲ့ တိုက်ပွဲများဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူသားသန်းပေါင်း ၅၀ သေဆုံးခဲ့တဲ့အနက် ဆိုဗီယက်ပြည်သူ သန်း ၂၀ သေဆုံးခဲ့ကြပါတယ်။ ထောင်သောင်းချီတဲ့ မြို့ ရွာ စက်ရုံ စိုက်ခင်း လုပ်ခင်းကိုင်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်။ ယဉ်ကျေးမှု အနုပညာတွေ အဖျက်ဆီးခံရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေထိခိုက်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေဟာ ယခုထက်တိုင် ကျန်ရှိနေပာသေးတယ်။

ဖက်ဆစ်ရဲ့ ပင်ကိုယ်လက္ခဏာကိုစောစောသိမြင်ပြီး ဆန့်ကျင်နိုင်ခဲ့ရင် ဖက်ဆစ်စနစ်ကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဆိုရှယ်ဒီမိုကရက်နဲ့လစ်ဘရယ်တွေ၊ အမျိုးသားရေးပါတီတွေဟာ ဖက်ဆစ်စနစ်ကိုသိမြင်ဖို့ အချိန်အများကြီး ယူခဲ့ရတယ်။ ကွန်မြူနစ်တွေမှာလည်း အမှားရှိတာပဲ။ တညီတညွတ်တည်းလှုပ်ရှားမှ ဖက်ဆစ်ဆန့်ကျင်သူများ ဖက်ဆစ်မဟုတ်သူများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တပ်ပေါင်းစုဖွဲ့နိုင်မှ ဥရောပနဲ့တကမ္ဘာလုံးကို ဖက်ဆစ်တွေရဲ့ မကြုံစဖူးအောင်ဖျက်ဆီးမှုမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။         

ဖက်ဆစ်ဝါဒအပေါ်အောင်ပွဲဆင်မှုဟာ အာရှနဲ့ကမ္ဘာတလွှား အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် လမ်းပွင့်စေခဲ့ပါတယ်။

ကိုးကား။ Source: May 9: Anniversary of Victory over Fascism  by Anil Rajimwale. New Age, May 10 – 16, 2009.                                                                            

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့

ကွန်မြူနစ်တို့ရဲ့ ကြီးမြတ်ဂုဏ်ပြောင်တဲ့သမိုင်းကို လက်ဆင့်ကမ်းကြစို့

နိုင်ငံတကာသတင်းတွေမှာ နော်မန်ဒီကမ်းတက်တိုက်ပွဲ (ဒီ-ဒေး) အနှစ် ၈၀ ပြည့် အထိမ်းအမှတ်သတင်းတွေ ဖော်ပြတာ တွေ့ရပါတယ်။ အနောက်အုပ်စုခေါင်းဆောင်များက ရုရှား-ယူကရိန်းစစ်ပွဲကိုအကြောင်းပြပြီး ဒုတိယကမ္ဘာစစ်အတွင်းက ကြီးမြတ်ဂုဏ်ပြောင်တဲ့ ဆိုဗီယက်ယူနီယံရဲ့အခန်းကို တညီတညွတ်တည်း ချန်လှပ်ဖုံးကွယ်ထားကြတယ်။ သမိုင်းကို ပုံဖျက်ပြောဆိုတာ ဖုံးကွယ်တာတွေလုပ်လို့ရနိုင်ပေမယ့် ဖြစ်တည်ပြီးခဲ့တဲ့အရှိတရားကိုတော့ ပြန်ပြင်ချင်လို့မရပါဘူး။ 

ဆိုဗီယက်တပ်နီတော်သာ အသက်သွေးချွေး အမြောက်အမြားပေးဆပ်ပြီးမတိုက်ခဲ့ရင် နော်မန်ဒီက အနောက်အုပ်စု စစ်သင်္ချိုင်းဟာ အခုထက် ပိုကြီးမယ့်အပြင် ရှုံးပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။ စတာလင်က အရှေ့နဲ့အနောက် စစ်မျက်နှာနှစ်ခုဖွင့်ပြီး ဂျာမနီကိုညှပ်တိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အနောက်အုပ်စုမဟာမိတ်တွေ ကမ်းတက်တိုက်ပွဲ တိုက်ကြတော့ အ‌တော်နောက်ကျပါတယ်။ သူတို့ မတိုက်လည်း ရုရှားတနိုင်ငံတည်းက နာဇီဂျာမနီကို အနိုင်ယူဖို့ လက်တကမ်း ရောက်နေတဲ့အခြေအနေပါ။ ဂျာမနီ စစ်ရှုံးဖို့သေချာသလောက်ရှိချိန်မှာ နှမ်းဖြူးတာက တချက်၊ ကွန်မြူနစ်လှိုင်း တားဆီးရေးကတချက် ဒီနှစ်ချက်နဲ့ ဝင်တိုက်တာပါ။

ဒီ-ဒေးတိုက်ပွဲမှာ မဟာမိတ်တပ်တွေ ကျဆုံးမှုကြီးမားပေမယ့် ဥရောပမှာ နာဇီဂျာမနီကို အပြုတ်တိုက်နိုင်ခဲ့တာ ဆိုဗီယက် ကွန်မြူနစ်တပ်မတော်ကြောင့်ပဲ။ တပ်နီတော် ကွန်မြူနစ်ရဲဘော် ၁၁ သန်းခန့် အသက်ပေးလှူခဲ့ရတယ်။ ရုရှားအရပ်သား သေကြေထိခိုက်မှုတွေပါပေါင်းလိုက်ရင် ရုရှားပြည်သူ ၂၆ သန်းခန့် ကြွေပြုန်းခဲ့ရတာပါ။ “ကမ္ဘာကြီးကို ဟစ်တလာ လက်ထဲကနေ ကယ်ခဲ့တာ ဆိုဗီယက်ယူနီယံဆိုတာ မမေ့ကြနဲ့” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝါရှင်တန်ပို့စ် သတင်းစာမှာတောင် ဖော်ပြထားပါတယ်။ သူတို့ မငြင်းဝံ့ပါဘူး။

ဒီသမိုင်းဟာ ဖုံးကွယ်ဖျောက်ဖျက်လို့မရတဲ့ သမိုင်းပါ။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ ဗြိတိန် သုံးနိုင်ငံ “မဟာမိတ်အဖွဲ့ကြီး” ရဲ့ ကျဆုံးစစ်သည် ၉၅ ရာခိုင်နှုန်းဟာ ဆိုဗီယက် တပ်နီတော်က ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ကျဆုံးစစ်သည်က ၄ သိန်းစီလောက်ပဲ ရှိတယ်။ အရပ်သား သေကြေထိခိုက်မှုကတော့ ထောင်ဂဏန်းပဲရှိတယ်။ အာရှစစ်မြေပြင်မှာ တရုတ်ပြည်က စစ်သည် ၄ သန်းခန့် အသက်ပေးခဲ့ရတယ်။ တရုတ်ပြည်မှာ အရပ်သားနဲ့ စစ်သားစုစုပေါင်း သေကြေထိခိုက်မှု သန်း ၂၀ ခန့်ရှိတယ်။ နိဂုံးချုပ်လိုက်ရင် ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်နာဇီကို စွန့်လွတ်ပေးဆပ်မှုအကြီးမားဆုံးနဲ့ ဆန့်ကျင် တိုက်ပွဲဝင်သွားတာ ရုရှားနဲ့တရုတ်ကွန်မြူနစ်တွေပဲ ဖြစ်ပါတယ်။

ကမ္ဘာစစ်ကြီးအတွင်းမှာ အနိုင်နိုင်ငံက ကွန်မြူနစ်များနဲ့ တိုးတက်တဲ့အင်အားစုများရဲ့ခေါင်းဆောင်မှုအောက်မှာ အဖိနှိပ်ခံ ပြည်သူများက ဖက်ဆစ်တွေကို အပြင်းအထန်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။ ကမ္ဘာစစ်ကြီးပြီးတော့လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ (ဗီယက်နမ်စစ် ဆန့်ကျင်ရေးလို) နယ်ချဲ့စစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အနိုင်နိုင်ငံက ကွန်မြူနစ်များက ရှေ့တန်းက ဦးဆောင်ပြီး အဖိနှိပ်ခံပြည်သူတွေက တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခု အခါမှာလည်း အမေရိကန် နဲ့ နေတိုး တို့က ဦးဆောင် ရန်စထိုးဆွနေတဲ့ စစ်ရှိန်မြှင့်မှုတွေကို အမေရိကန်နဲ့ဥရောပအပါအဝင် ကမ္ဘာအဖိနှိပ်ခံပြည်သူများက ဆန့်ကျင်နေကြပါတယ်။ သူတို့ထက် စစ်ကို ဘယ်သူမုန်းဦးမလဲ၊ ဘယ်သူ နားကြည်းဦးမလဲ။ သူတို့ထက် ငြိမ်းချမ်းရေးလိုလားသူ ဘယ်သူ ရှိဦးမလဲ။ ဒါပေမဲ့ တောမီးလောင်မှ တောကြောင်လက်ခမောင်းခတ်လို့ရတာမို့ နယ်ချဲ့သမားနဲ့အပေါင်းပါတွေက စစ်အေးရော၊ စစ်ပူရော မနားတမ်းတိုက်နေတာ ယနေ့ထိတိုင်ပဲ။

ဒုတိယကမ္ဘာစစ်ရဲ့ နှုတ်ခမ်းဝမှာတည်ထောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီလည်း လာမယ့် သြဂုတ်လမှာ ၈၅ နှစ် ပြည့်ပါတော့မယ်။ နိုင်ငံတကာ အဖိနှိပ်ခံပြည်သူများဆင်နွှဲခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲတွေမှာ နိုင်ငံတကာ့ ကွန်မြူနစ်ရဲ‌ဘော်များနဲ့အတူ ဗမာ့ကွန်မြူနစ်များလည်း ပေးဆပ်စွန့်လွတ်မှုများစွာနဲ့ သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ခဲ့ကြတယ်။ အဖိနှိပ်ခံပြည်သူများ အကျိုးအတွက် အထောင်အသောင်းသော အာဇာနည် ရဲဘော်များရဲ့ အဲသလို စွန့်လွှတ်စွန့်စားမှုတွေကြောင့် ပါတီအလံတော်ကို အနှစ် ၈၀ ကျော် မြင့်မြင့်မားမား လွှင့်ထူလာနိုင်ခဲ့တာ ဖြစ်တယ်။ အဆုံးသတ်မှာတော့ စစ်ဖြစ်ပေါ်မှုဆိုင်ရာ အရင်းခံအကြောင်းအချက်ဖြစ်တဲ့ နယ်ချဲ့စနစ်ရော၊ နယ်ချဲ့စနစ်ရဲ့ လူမှု အခြေခံဖြစ်တဲ့အရင်းရှင်စနစ်ပါကျဆုံးရမှာဖြစ်ပြီး ကွန်မြူနစ်ဝါဒက အောင်ပွဲခံမှာဖြစ်ပါတယ်။ ဒါကြောင့် ကွန်မြူနစ်များဟာ ကမ္ဘာ့အရင်းရှင်စနစ်ကျဆုံးရေးတည်းဟူသော အဆုံးသတ်ဦးတည်ချက်ကို အာရုံပြု တိုက်ပွဲဝင်သွားကြမည့်သူများ ဖြစ်ကြပါတယ်။

ကမ္ဘာ့ကွန်မြူနစ်များရဲ့ ကြီးမြတ်ကာ ဂုဏ်ပြောင်တဲ့သမိုင်းနဲ့အတူ ဗမာ့ကွန်မြူနစ်များရဲ့သမိုင်းဟာလည်း ထာဝရ ထွန်းပြောင်နေမှာပါ။ ဖက်ဆစ်နာဇီကို အလဲထိုး အပြုတ်တိုက်နိုင်တာကွန်မြူနစ်တွေဆိုတဲ့ သမိုင်းအမွေကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အတူ ပါတီရဲဘော်များက အလေးအမြတ် လက်ဆင့်ကမ်းပြီး သမိုင်းမော်ကွန်းထိုးကြဦးမှာသာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့

(ဗမာပြည်ကွန်မြူနစ်ပါတီ  စတင်တည်ထောင်ခဲ့တာ    ၈၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ်  ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်နဲ့ အရေးတော်ပုံဂျာနယ်တို့ကို ထုတ်ဝေမှာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ ပါတီရဲ့ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး ဖြစ်ပါတယ်။)

အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ နိုင်ငံခြားဆက်ဆံရေးကောင်စီအဖွဲ့

…….

(၁)

နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – CFR) ဆိုတာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာဆက်ဆံရေးကို အထူးအလေးထားတဲ့ ကျွမ်းကျင်တဲ့ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်တယ်။ လွတ်လပ်ပြီး ပါတီစွဲမရှိတဲ့ အမြတ်အစွန်းမရှာတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အဖွဲ့ဝင်တွေထဲမှာ ဝါရင့်နိုင်ငံရေးသမားတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ(ဥပမာ ဟင်နရီ ကစ်ဆင်ဂျား)၊ ဗဟိုထောက်လှမ်းရေး ညွှန်မှူးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ရှေ့နေတွေ၊ ပါမောက္ခတွေ၊ ကော်ပိုရေးရှင်းညွှန်ချုပ်တွေ၊ အမှုဆောင်အရာရှိချုပ်တွေနဲ့ ဝါရင့်နာမည်ကြီးသတင်းမီဒီယာသမားတွေ ပါဝင်တယ်။ ဒီလောက်ဆိုရင် ဒီအဖွဲ့အစည်း CFR ဟာ ပေါ့ပေါ့တန်တန်အဖွဲ့ မဟုတ်ဘူးဆိုတာ သိသာနေပါပြီ။ CFR ဟာ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းရဲဝါရင့်သုခမိန်အဖွဲ့ တနည်းအားဖြင့် ဝေါလမ်းမရဲ့ သုခမိန်အဖွဲ့လို့ ဆိုနိုင်တယ်။

၁၉၂၂ ခုနှစ်ကတည်းက နိုင်ငံတကာရေးရာဂျာနယ် (Foreign Affairs) ကို CFR က ၂ လတကြိမ် ထုတ်ဝေတယ်။ အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်ဩဇာကြီးတဲ့ ဂျာနယ်ဖြစ်တယ်။ ဒါ့အပြင် စာအုပ်စာတမ်းတွေလည်း အများအပြား ထုတ်ဝေတယ်။ နှစ်စဉ်ရာချီတဲ့ နိုင်ငံတကာရေးရာနဲ့ပတ်သက်တဲ့ ပရိုဂရမ်တွေကိုလည်း အမေရိကန်မှာကော နိုင်ငံတကာမှာပါ ပြုလုပ်တယ်။

ဒီအဖွဲ့ဟာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်  ဩဇာကြီးတယ်။ ဒီဆောင်းပါးမှာတော့ လတ်တလော နိုင်ငံတကာရေးရာမှာ ထိပ်တန်းရောက်နေတဲ့ အစ္စရေးလ် – ဂါဇာ စစ်ပွဲဆိုင်ရာ အမေရိကန်ပေါ်လစီအပေါ် CFR ရဲ့ ဩဇာသက်ရောက်နေပုံ အကြောင်းကိုပဲ ဇောင်းပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။

CFR ဟာ အစ္စရေးလ်ရဲ့ဇီယွန်နိုင်ငံတော်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး အမေရိကန်ရဲ့ အစ္စရေးလ်နိုင်ငံဆိုင်ရာ ပေါ်လစီ ဖော်ဆောင်မှုအပေါ် ဩဇာသက်ရောက်မှုကြီးတယ်။ CFR ဟာ အစ္စရေးလ်အတွက် လော်ဘီ (lobby) လုပ်ပေးနေတဲ့အဖွဲ့ ဖြစ်တယ်။ အစ္စရေးလ်ရဲ့ ပေါ်လစီတွေနဲ့လုပ်ဆောင်မှုတွေကို ဝေဖန်မှုမှန်သမျှ ဂျူးဆန့်ကျင်ရေး (antisemitism) အဖြစ် CFR က ပုံဖော်လေ့ရှိတယ်။

ဂါဇာမှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးလ်က ရက်ရက်စက်စက် ဗုံးကြဲပစ်ခတ်သတ်ဖြတ်နေတာ၊ အစာရေရိက္ခာ၊ လျှပ်စစ်၊ လောင်စာ စတာတွေ ပိတ်ဆို့ကန့်သတ်ထားတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်တက္ကသိုလ်တွေမှာ ကန့်ကွက်ဆန့်ကျင် ဆန္ဒပြမှုတွေ ပျံ့နှံ့နေတယ်။ အခုအခါ ဒီကန့်ကွက်ဆန္ဒပြပွဲတွေဟာ ကမ္ဘာတလွှားက တက္ကသိုလ်အများအပြားဆီ ပျံ့နှံ့သွားနေပြီ ဖြစ်တယ်။ သမ္မတဘိုင်ဒင်က လွတ်လပ်စွာဆန္ဒပြလို့ရပေမယ့် ဂျူးဆန့်ကျင်ရေး (antisemitism) လုပ်တာကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ CFR နဲ့တလေတည်းပဲလို့ ပြောရမှာပါ။ အဲဒီလိုပြောပြီး တက္ကသိုလ်ကျောင်းသားဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့နဲ့ အင်အားသုံးနှိမ်နင်းပါတယ်။

(၂)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဂါဇာရှိ ပါလက်စတိုင်းဟားမတ်စ် (Hamas) အဖွဲ့က အစ္စရေးလ်ကို အလစ်အငိုက် တိုက်ခိုက်လိုက်တယ်။ ထောင်ပေါင်းများစွာသော ဒုံးလက်နက်တွေ အစ္စရေးလ်နိုင်ငံထဲ ပစ်ခတ်ခဲ့တယ်။ ဟားမတ်စ် စစ်သည်တွေလည်း မြေပြင်ကနေ အစ္စရေးလ်ထဲထိုးဖောက်ဝင်သွားခဲ့တယ်။ အစ္စရေးလ်စစ်သည်နဲ့အရပ်သား တထောင်ကျော် အသတ်ခံရတယ်။ ဓားစာခံ ၂၅၂ ယောက် ဖမ်းဆီးလာခဲ့တယ်။ အဲဒီနောက်မှာ အစ္စရေးလ်က ဂါဇာရှိ ပါလက်စတိုင်းများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ထိုးနှက်တိုက်ခိုက်တော့တယ်။

အစ္စရေးလ်ဝန်ကြီးချုပ်နာတန်ယာဟုအပါအဝင် ဇီယွန်အစိုးရအဖွဲ့ဝင်တွေ ဘယ်လိုကြိမ်းခဲ့သလဲဆိုတာကို အရင်ကြည့်ပါ။

အစ္စရေးလ်ဝန်ကြီးချုပ်နာတန်ယာဟုက သမ္မာကျမ်းစာကိုကိုးကားပြီး “ယောက်ျား၊ မိန်းမ၊ ကလေးနဲ့ မွေးစကလေးအပါ ဘယ်သူ့မှ ချမ်းသာမပေးနဲ့။ အကုန်သာသတ်ပစ်” လို့ အမိန့်ပေးတယ်။

သမ္မတအိုင်ဇက်ဟာဂေါ့ကတော့ ပါလက်စတိုင်းအရပ်သားတွေကိုပါ တရားဝင်ပစ်မှတ်အဖြစ်သဘေားထားပြီး တိုက်ခိုက်ဖို့ အစ္စရေးလ်စစ်တပ်ကို မီးစိမ်းပြခဲ့တယ်။ “အဲဒီမှာရှိနေတဲ့ တမျိုးသားလုံးဟာ တာဝန်ရှိကြတယ်။ အရပ်သားတွေက (ဟားမတ်စ် တိုက်ခိုက်မှုကို) သတိမမူမိလိုက်ကြဘူး၊ ပါဝင်ပတ်သက်မှုမရှိကြဘူးဆိုတာ မမှန်ဘူး။ ထကြွမှုမှာ သူတို့လည်း ပါခဲ့နိုင်တာပဲ”

“အဲဒီ(ဂါဇာ)မှာ လျှပ်စစ်မီးမရှိစေရဘူး။ ရေမရှိစေရဘူး။ ပျက်သုဉ်းခြင်းသာ ရှိစေရမယ်။ မင်းတို့က ငရဲလိုချင်တာဆိုတော့ ငရဲပဲကျစေရမယ်။” – အစ္စရေးလ်စစ်ဗိုလ်ချုပ် ဂါဆန်အလီယန်။

“ဂါဇာကမ်းမြောင်ကို လုံးဝဥဿုံသိမ်းပိုက်ဖို့ အမိန့်ပေးလိုက်ပြီ။ အဲဒီမှာ လျှပ်စစ်မရှိရ၊ အစာရိက္ခာမရှိရ၊ လောင်စာဆီ မရှိရ…. ငါတို့ဟာ လူ့တရိစ္ဆာန်တွေကိုတိုက်နေတာဖြစ်တယ်။ လူ့တိရိစ္ဆာန်တွေနဲ့ထိုက်တန်တဲ့တိုက်ခိုက်မှုတွေ လုပ်ရမယ်။ အလုံးစုံ ဖယ်ရှားပစ်ရမယ်” – အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယော့ဂေါလန့်။

ဒါတွေဟာ အစ္စရေးလ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေ ကြုံးဝါးခဲ့ကြတာတွေပဲ ဖြစ်တယ်။ အပြောနဲ့အညီ လက်တွေ့မှာလည်း ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်က မီးကုန်ယမ်းကုန် ကြမ်းပြရမ်းပြကြတယ်။ မေလကုန်အထိ စာရင်းတွေအရ ပါလက်စတိုင်း ၃,၆၀၀၀ ကျော်သေဆုံးခဲ့ပြီး ၆ သောင်းကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ ဒီအထဲက တဝက်ကျော်ဟာ အမျိုးသမီးနဲ့ကလေးငယ်တွေ ဖြစ်ကြတယ်။

ဒီလူမဆန်တဲ့ အစ္စရေးလ်စစ်တပ်ရဲ့ ဂါဇာစစ်ပွဲမှာအသုံးပြုနေတဲ့ ဗုံး၊ ဒုံး၊ လက်နက်ခဲယမ်းတွေကို အမေရိကန်နဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီစတဲ့ အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့ပေးနေတာဖြစ်တယ်။ အစ္စရေးလ်စစ်တပ်က စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတာကို ကမ္ဘာအရပ်ရပ်က ဆန့်ကျင်ရှုတ်ချတာတွေများနေတဲ့ကြားက ဆက်လက်ပံ့ပိုးထောက်ပံ့ ပေးနေကြတာ ဖြစ်ပါတယ်။

 (၃)

အမေရိကန်မှာ အစ္စရေးအတွက် လော်ဘီလုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ များပါတယ်။  ဒါပေမဲ့ ဒါတွေထဲမှာ CFR  က ဗဟို အချက်အချာနေရာမှာရှိပါတယ်။                            

၂၀၁၆ ခုနှစ်မှာ ထုတ်ဝေတဲ့ CFR ရဲ့ မဟာဗျူဟာအစီရင်ခံစာတစောင် အဆိုအရ၊ CFR ဟာ အမေရိကန် – အစ္စရေးလ် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဂရုစိုက်ပြီး ရေရှည်ဆက်ဆံရေးအဖြစ်လည်း ထိန်းသိမ်းသွားချင်တယ်လို့ သိရတယ်။ ဒီဆက်ဆံရေးကနေ အမေရိကန်က အောက်ပါအကျိုးအမြတ်တွေရရှိနေတယ်လို့လည်း နိဂုံးချုပ်ပါတယ်။

(က) အစ္စရေးလ်ကို ဝေဖန်ကြသူတချို့ပြောသလိုမဟုတ်ဘဲ ဒီဆက်ဆံရေးကနေ အမေရိကန်က အကျိုးအမြတ်အများကြီး ရရှိတယ်။ ကမ္ဘာ့တည်ငြိမ်မှု မရှိဆုံးဒေသမှာ အစ္စရေးလ်ဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံးမဟာဗျူဟာပါတနာဖြစ်တယ်။ အကြမ်းဖက်ဝါဒ၊ နယူကလီးယားမပြန့်ပွားရေးနဲ့ ဒေသတွင်းနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေ အစ္စရေးလ်ဆီက ရတယ်။

(ခ) စစ်ရေးဘက်မှာဆိုလည်း အရေးကြီးတဲ့အကျိုးအမြတ်တွေ ရရှိတယ်။ စစ်ဘက်ဆိုင်ရာနည်းပညာ၊ ထောက်လှမ်းရေးသတင်း၊ ပူးတွဲသင်တန်းလေ့ကျင့်ရေးနဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာတွေမှာဖြစ်တယ်။

(ဂ) အစ္စရေးလ်ဟာ နှိုင်းယှဉ်ချက်အရ လူဦးရေနည်းတဲ့နိုင်ငံဖြစ်ပေမယ့် အမေရိကန်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်တယ်။ အမေရိကန်ရဲ့ တတိယအများဆုံးကုန်တင်ပို့ရတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံလည်း ဖြစ်တယ်။ အမေရိကန်ရဲ့ အဆင့်မြင့်နည်းပညာဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီးလုပ်ဖော်ကိုင်ဖက်ဖြစ်တယ်။ ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေနဲ့အစာရိက္ခာလုံခြုံရေးစတဲ့ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ တီထွင်ဆန်းသစ်တဲ့ အတွေးအမြင် တွေကိုလည်း အစ္စရေးလ်ဆီကနေ ရရှိနေတယ်။

ဒါဟာ CFR ရဲ့ ပဓာနကျတဲ့ရှုမြင်ချက်ပဲ ဖြစ်တယ်။ အနောက်အာရှနဲ့အရှေ့အာရှတို့ဟာ သူတို့ရဲ့ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အဓိကကျတဲ့ကုန်သွယ်လမ်းကြောင်းတွေကြောင့် ကမ္ဘာ့အင်အားကြီးတွေအတွက် အလွန်အရေးပါတဲ့ဒေသဖြစ်တယ်။ CFR နဲ့ အခြားဩဇာရှိအုပ်စုတွေရဲ့ နိုင်ငံခြားရေးပေါ်လစီတွေဟာ အဲဒီဒေသတွေထိန်းချုပ်နိုင်ရေးကို အလေးထားတယ်။ ဒါကြောင့်  မိမိရဲ့ အမာခံမဟာမိတ်နိုင်ငံအဖြစ် အစ္စရေးလ်ကိုထောက်ခံအားပေးရမှာဖြစ်တယ်လို့ လော်ဘီလုပ်ကြတယ်။

(၄)

CFR က အစ္စရေးလ်အတွက် လော်ဘီလုပ်ပေးနေတဲ့အကြောင်းတွေထဲမှာ စီးပွားရေးအကျိုးစီးပွားတွေလည်း ပါဝင်တယ်။ CFR နဲ့ဆက်စပ်နေတဲ့ ဝေါလမ်းမရဲ့ လက်ဝါးကြီးအုပ်ဘဏ္ဍာအရင်းကော်ပိုရေးရှင်းကြီးတွေ အတော်များများရှိပါတယ်။ ဒီကော်ပိုရေးရှင်းကြီးတွေအတွက်ကတော့၊ အစ္စရေးလ်ဟာ အလွန်အရေးပါတဲ့ဈေးကွက်ဖြစ်ပြီး အံ့ဖွယ် နည်းပညာဗဟိုချက် တခုလည်း ဖြစ်ပါတယ်။ ဒီအထဲက ဥပမာ ကမ္ဘာ့ထိပ်တန်းရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးတခု ဖြစ်တဲ့ ရှဗရွန် ဟာ CFR ရဲ့ သမနိရှည် အဖွဲ့ဝင်ကော်ပိုရေးရှင်း ဖြစ်တယ်။ ၂၀၀၀ ခုနှစ်က ပါလက်စတိုင်းကမ်းလွန်မှာ သဘာဝဓာတ်ငွေ့သိုက်ရှာတွေ့ခဲ့တဲ့ အမေရိကန်အခြေစိုက် နိုဘဲလ်စွမ်းအင်ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ရှက်ဗရွန်က ၂၀၂၀ ခုနှစ်မှာ လွှဲပြောင်းရယူခဲ့တယ်။ အဲဒီနောက် အစ္စရေးလ်မှာ သူ့ရဲ့လုပ်ခင်းကိုင်ခင်းတွေ ကြီးမားကျယ်ပြန့်လာခဲ့တယ်။”

အမေရိကန်နဲ့ဇီယွန်ဝါဒီအစ္စရေးလ်တို့က ပါလက်စတိုင်းတို့ရဲ့နယ်မြေကိုသိမ်းယူထားတဲ့အပြင် ပါလက်စတိုင်းတွေကို ကိုလိုနီ ကျွန်ဘဝမှာဆက်ထားနေရုံမက ဒီဒေသကနေတောင် မောင်းထုတ်ပစ်ချင်ကြတယ်။ စီးပွားရေးအကျိုးအမြတ်တွေကို ရရှိခံစား နေကြရတာကြောင့် အဲဒီလို လုပ်နေကြတာပဲ ဖြစ်တယ်။

(၅)

အမေရိကန်နိုင်ငံရေးစနစ်မှာ ရွေးကောက်ပွဲရန်ပုံငွေဟာ အလွန်အရေးပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ကုန်ကျစရိတ်အလွန်ကြီးတယ်။ ရွေးကောက်ပွဲရန်ပုံငွေ လှူဒါန်းတာတွေအပေါ် စည်းကမ်းကန့်သတ်မှုကလည်း အလွန်နည်းတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ မဲအများရဖို့အတွက်ပြိုင်ဆိုင်ကြရာမှာ အစ္စရေးလ်အတွက်လော်ဘီလုပ်ပေးနေတဲ့ CFR၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ သူကြွယ်ကြီးတွေအတွက် အခွင့်အလမ်းအများကြီး ပိုသာစေတယ်။ ငွေသာမသုံးနိုင်ရင် ရွေးကောက်ပွဲ နိုင်ဖို့မဆိုနဲ့ ရွေးကောက်ပွဲတောင် မဝင်နိုင်ပါဘူး။ ငွေများတရားနိုင်လို့ ဆိုကြတယ်မဟုတ်လား။

ဥပမာအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ကြည့်ပါ။ ဒီမိုကရက်ပါတီနဲ့ သမ္မတလောင်းဘိုင်ဒန်ကို ရန်ပုံငွေလှူဒါန်းခဲ့သူတွေထဲမှာ အစ္စရေးလ်လိုလားသူ CFR ကောင်စီဝင်တွေ အများစု ဖြစ်ကြတယ်။ ဒီအထဲမှာ အစ္စရေးလ်ဇီယွန်ဝါဒကို အားကောင်းမောင်းသန် ထောက်ခံသူ၊ CFR ရဲ့ သက်တော်ရှည်ကောင်စီဝင် ဘီလျံနာသူဌေးကြီး မိုက်ကယ်ဘလွန်းဘတ် လည်း ပါဝင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ဘိုင်ဒန်အတွက် ဘလွန်းဘတ်စက်မှုလုပ်ငန်းအုပ်စုက ဒေါ်လာ ၉၄ သန်းနီးပါးနဲ့ ရန်ပုံငွေအများဆုံးပေးလှူ ခဲ့တယ်။

(၆)

ဒီလောက်ဆိုရင် အမေရိကန်အစိုးရက ဘာကြောင့် အစ္စရေးလ်ကို ထောက်ခံနေသလဲဆိုတာ တစုံတရာ ရုပ်လုံးပေါ်လောက်ပြီ ဖြစ်ပါတယ်။ အမေရိကန်မှာ လက်တဆုပ်စာဘဏ္ဍာအရင်းရှင်ကြီးတွေရဲ့ ထောက်ခံမှုရမှသာ အစိုးရဖြစ်နိုင်ကြတယ်။ အစိုးရ ဖြစ်လာရင်လည်း အဲဒီဘဏ္ဍာအရင်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရတော့တယ်။ အစ္စရေးလ်နဲ့ပတ်သက်လို့ ရှိရင်လည်း စီးပွားရေး၊ ပထဝီနိုင်ငံရေးစတဲ့အကျိုးအမြတ်တွေကြောင့် ဘဏ္ဍာအရင်းရှင်ကြီးတွေအလိုကျ အမေရိကန်အစိုးရက အခုလို ပြတ်ပြတ်သားသားထောက်ခံပေးနေတာဖြစ်တယ်။

ဒါပေမဲ့ အစ္စရေးလ်ရဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်ကျောင်းသား ပြည်သူတွေက လက်မခံနိုင်ကြပါဘူး။ တက္ကသိုလ်အများမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ကမ္ဘာ့နိုင်ငံအများက တက္ကသိုလ်တွေမှာလည်း ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်လာနေပါတယ်။ ကျောင်းသားတင်မကဘဲ အလုပ်သမား၊ လူလတ်တန်းစား စတဲ့ ပိုမိုကျယ်ပြန်တဲ့ လူတန်းစားပေါင်းစုံပါဝင်တဲ့ ပိုကြီးမားတဲ့ကန့်ကွက်ဆန္ဒပြပွဲတွေဖြစ်လာဖို့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။  

၂ – ၆ – ၂၀၂၄

ref:

(1)The Council on Foreign Relations, the Israel Lobby, and the War on Gaza by Laurence H. Shoup (Monthly Review May 2024)

(2) The Influence of the Council on Foreign Relations in American Foreign Policy Initiatives by Walter Kenneth Lovell 1994 (Brigham Young University)