Monthly Archives: December 2023

ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး

ဗမာပြည်ကွန်မြူနစ်ပါတီပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို TM MEDIA မှ အင်တာဗျူး

(စာသားဖြင့် ဖော်ပြချက်)

မေးခွန်း။ ။PLA ရဲ့ စစ်ရေးနိုင်ငံရေးသင်တန်းတွေကို ဘယ်မှာပေးခဲ့သလဲ။

ဖြေဆိုချက်။ ။ PLA ရဲ့ စစ်ရေးသင်တန်းတွေကို အစပိုင်းက PLA ဖွဲ့စည်းတည်ထောင်မှုကို လက်ခံအားပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့တည်ရှိရာမှာ သင်တန်းပေးခဲ့ပါတယ်လို့ ယေဘုယျ ဖြေပါရစေ။ နောက်ပိုင်းမှာ မိမိရောက်ရှိရာဒေသတဝိုက်မှာ စစ်သင်တန်းတွေဖွင့်တာကို ကြိုးစားဆောင်ရွက်နေကြပါတယ်။

PLA ရဲ့နိုင်ငံရေးသင်တန်းတွေကိုတော့ စစ်ရေးသင်တန်းတက်ရောက်ချိန် အခွင့်သာတဲ့ဒေသမှာ သင်တန်းပေးပါတယ်။ ပြောရရင် PLA ကို နိုင်ငံရေးအရတည်ဆောက်ဖို့ နေရာဒေသမရွေး အခွင့်သာရင်သာသလို အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ ပြောရရင် ရှေ့တန်းရန်သူ့စခန်းတွေနဲ့နီးကပ်တဲ့တောင်ကုန်းတွေမှာ ကြိုတင်နေရာယူထားတဲ့အချိန်မှာတောင် နိုင်ငံရေးသင်တန်းပေးခဲ့တာရှိပါတယ်။ စစ်ကိုင်းတိုင်းလို တိုက်ပွဲခွင်ဒေသထဲမှာလည်း အရက် ၂၀ ကျော် နိုင်ငံရေးသင်တန်းတခုကို ကြိုးစားပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တချို့ PLA ရဲဘော်တွေဆိုရင် သင်တန်းအတွက် ဝေးကွာတဲ့ပြောက်ကျားစခန်းနေရာကနေ ခက်ခဲပင်ပန်းစွာ နေတိုင်းလာရောက်ပြီး သင်တန်းတက်ရောက်တာတွေ လုပ်ခဲ့ကြရပါတယ်။

မေးခွန်း။ ။ PLA နဲ့ပတ်သက်ပြီးဝေဖန်ကြတဲ့အထဲမှာ PLA ဆိုတဲ့နာမည်ဟာ တရုတ်ပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ နာမည်ချင်းတူနေတဲ့အတွက်လည်း ဝေဖန်ကြပါတယ်။ တချို့ကလည်း တရုတ်ပြည်ကျောထောက်နောက်ခံနဲ့ထူထောင်ထားတဲ့တပ်လားလို့ ထင်ကြတာရှိပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ရဲဘော်ဖိုးသံချောင်းကို မေးကြည့်ပါတယ်။

ဖြေကြားချက်။ ။ ဒီမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ရှင်းရှင်းလင်းဖြေကြားပါမယ်။ ၁၉၄၈ ခုနှစ် ကျွန်တော်တို့ရဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးစတင်ကတည်းက ကျွန်တော်တို့ရဲ့ပါတီတပ်ဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖြစ် စတင်ဖွဲ့စည်းခဲ့တာပါ။ စာနဲ့ပေနဲ့အထင်အရှား ရှိပါတယ်။ ၁၉၄၈-၄၉ ခုနှစ် သတင်းစာ စာစောင်တွေထဲမှာ ပြန်လည်ရှာဖွေကြည့်ရင် ကျွန်တော်တို့ပါတီဦးဆောင်တဲ့တပ်ဟာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖြစ်တည်ရှိခဲ့ကြောင်း အထင်အရှားတွေ့ရမှာပါ။ အဲဒီခေတ်က ကမ္ဘာပေါ်ရှိ ကိုလိုနီစနစ်အုပ်စိုးမှုအောက်ကလွတ်မြောက်ဖို့ကြိုးပမ်းကြတဲ့တိုင်းပြည်တွေဟာ တိုင်းပြည်လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရောက်ရေး၊ ပြည်သူ့လွတ်မြောက်ရေးဆိုတဲ့အသုံးအနှုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

အဲဒီကာလမှာပဲ တရုတ်ပြည်ကွန်မြူနစ်ပါတီကလည်း သူ့တပ်ကို PLA ဆိုတဲ့ နာမည် ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။

နည်းနည်းလောက် ရှင်းပြပါရစေ။

တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ပါတီတပ်ဟာ ၁၉၂၇ ခုနှစ်တုန်းက တရုတ်ပြည် အလုပ်သမား လယ်သမား တပ်နီတော်- နာမည်နဲ့ပါ။

၁၉၃၄-၃၅ ခရီးရှည်ချီတက်ပွဲကာလအထိ တပ်နီတော်နာမည်နဲ့ ဖြစ်ပါတယ်။

၁၉၃၇က ၁၉၄၅ ခုနှစ်အထိက အမှတ် (၈) စစ်ကြောင်းတပ်မတော်နဲ့ အမှတ် (၄) တပ်မတော်သစ်နာမည်တွေနဲ့ ရှိခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဂျပန်တို့ရှုံးနိမ့်သွားပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလကျမှ တရုတ်ပြည်ကွန်မြူနစ်ပါတီက အမှတ်(၈) စစ်ကြောင်းတပ်မတော်နဲ့ အမှတ်(၄) တပ်မတော်သစ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အဖြစ် ပေါင်းစည်းဖို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီလို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အဖြစ် ပေါင်းစည်းပြီး ထူထောင်တဲ့လုပ်ငန်းဟာ ၁၉၄၈ ခုနှစ်နှောင်းပိုင်းမှ ပြီးဆုံးခဲ့တာဖြစ်တယ်လို့ သူတို့ မှတ်တမ်းတင်ထားပါတယ်။

ကျွန်တော်တို့ပါတီဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီ PLA ထူထောင်ချိန်နဲ့မရှေးမနှောင်း ၁၈၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နာမည်နဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ပါတယ်။

ဘယ်သူက ဒီနာမည် စသုံးသုံး အဲဒါက အဓိက မဟုတ်ပါဘူး။ အဖိနှိပ်ခံအမျိုးသားပေါင်းစုံ ပြည်သူတွေ လွတ်မြောက်ရေးဆိုတဲ့ရည်မှန်းချက်ကသာ အဓိကပါ။ အဲဒီခေတ်အဲဒီကာလတုန်းက အမျိုးသားလွတ်မြောက်ရေးတို့ ပြည်သူ့လွတ်မြောက်ရေးတို့ဆိုတာကို လွတ်လပ်ရေးအတွက်ကြိုးပမ်းနေတဲ့နိုင်ငံတွေနဲ့ လွတ်လပ်ခါစနိုင်ငံတွေ တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတဲ့ အခေါ်အဝေါ် အသုံးအနှုန်းတခုဖြစ်ကြောင်း တင်ပြချင်တာပါ။

ကျွန်တော်တို့ ပါတီဟာ ၁၉၄၉ ခုနစ် နှစ်လယ်မှာ တော်လှန်တဲ့ဗမာ့တပ်မတော်၊ ပြည်သူ့ရဲဘော်တို့နဲ့ “ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု” ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် ၁၉၅၀ ခုနှစ် စက်တင်ဘာလမှာ တပ်ပေါင်းစုရဲ့တပ်မတော်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အင်အား ၁၅၀၀၀ နဲ့ တော်လှန်တဲ့ဗမာ့တပ်မတော်အင်အား ၃၀၀၀ ပေါင်းစည်းလိုက်ပါတယ်။ တပ်ပေါင်းစုတပ်ဖြစ်တဲ့တပ်ရဲ့နာမည်ကိုလည်း “ပြည်သူ့တပ်မတော်”အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ပြောချင်တာက တပ်ပေါင်းစုမဖွဲ့မီ ကျွန်တော်တို့ပါတီတပ်ရဲ့ ၁၉၄၈ တော်လှန်ရေးအစက နာမည်ဟာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်ခဲ့တယ်ဆိုတာပါပဲ။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ပါတီအတွင်းရေးမှူး ရဲဘော်ကြင်မောင်က နောင်မှာ လက်နက်ကိုင်တော်လှန်ရေးပြန်လည်ဆင်နွှဲပြီး ပါတီတပ်ဖွဲ့စည်းတဲ့အခါမှာ တပ်အမည်ကို “ပြည်သူ့လွတ်မြောက်ရေးတပ်မတော်” PLA လို့ အမည်ပေးဖို့ အသေအချာ မှာကြားခဲ့တာ ဖြစ်ပါတယ်။

(ကျွန်တော်တို့ပါတီဟာ ပြည်သူလူထုအပေါ် လက်နက်ကိုင်ဖိနှိပ်အုပ်ချုပ်နေတဲ့စစ်အာဏာရှင်စနစ်တွေ ရှိနေသရွေ့ မြေအောက်ပါတီအဖြစ်ရှိနေစေဦး- လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးလမ်းတခုအဖြစ်ထားမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးတရပ်ဆင်နွှဲဖို့ ပါတီရဲ့တပ်မတော်တရပ် ထူထောင်ဖို့ ဆယ်စုနှစ်တခုခန့် လျှို့ဝှက်ကြိုးပမ်းပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခု စစ်အာဏာသိမ်းတဲ့နှစ် ပြည်သူ့အရေးတော်ပုံကြီးပေါ်ပေါက်လာတဲ့အခါ ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေးတပ်ကို အချိန်ကိုက် ဖွဲ့စည်းနိုင်လိုက်တာပါ။ ဒီအခါ ရဲဘော်ကြင်မောင် ကြိုတင်မြော်မြင်မှာကြားတဲ့အတိုင်း တပ်အမည်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လို့ အမည်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ )

ဒီတပ်ကို တရုတ်ပြည် ကျောထောက်နောက်ခံနဲ့ ထူထောင်ခဲ့တာလား- ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့လည်း အပွင့်လင်းဆုံးနဲ့အရိုးသားဆုံး ဖြေဆိုပါမယ်။ ဒီမှာလည်း အတွင်းရေးမှူးရဲဘော်ထွန်းစကားကို ကိုးကားပါရစေဦး။

ကျွန်တော်တို့ပါတီဟာ ပဲခူးရိုးမမှာ ပါတီဗဟိုရဲ့အလံစိုက်ခဲ့စည်က ပါတီဟာ လုံးဝအမှီခိုကင်းပြီး ကိုယ်ထူးကိုယ်ချွန် စိတ်ဓာတ်ကို ကိုင်စွဲနိုင်ခဲ့တယ်။ ပဲခူးရိုးမကို လက်လွှတ်လိုက်ရတဲ့အချိန် ပါတီရဲ့အမှီခိုကင်းရေးဟာ ဆုံးရှုံးသွားခဲ့ရတယ်-လို့ ရဲဘော်ကြင်မောင်က သုံးသပ်ပြခဲ့ပါတယ်။ မျက်မှောက်ကာလမှာတော့ ကျွန်တော်တို့ပါတီရော ကျွန်တော်တို့တပ်ပါ လုံးဝအမှီခိုကင်းစွာ ကိုယ်ထူးကိုယ်ချွန်စိတ်ဓာတ်နဲ့ ခိုင်ခိုင်မာမာရပ်တည်နေတာဖြစ်ကြောင်း အသေအချာ ပြောနိုင်ပါတယ်။ ဒါကြောင့် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်အင်အားကြီးနိုင်ငံကိုမှမှီခိုတာမရှိဘဲ ကိုယ့်ပြည်သူ့အားကိုသာအားကိုးပြီး တော်လှန်ရေးဆင်နွှဲနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲဘော်တွေဟာ လက်နက်ငွေကြေး ဘာမှပြည့်စုံမှုမရှိပါဘူး။ ကျွန်တော်တို့ရဲဘော်တွေဟာ အခက်အခဲကြီးပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးသန္နိဋ္ဌာန် ကျွန်တော်တို့မှာခိုင်မာပြတ်သားပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ခြေလှမ်းတိုင်းဟာ ပြည်သူ့အကျိုးမှတပါး အခြားမရှိဆိုတဲ့ဆောင်ပုဒ်ကိုဦးထိပ်ပန်ပြီး ရဲဘော်တွေ ချီတက်နေကြပါတယ်။ ကျောရိုးမာမာ ခြေလှမ်းမှန်မှန်နဲ့ ကျားကုတ်ကျားခဲ ဇွဲနဘဲနဲ့ချီတက်နေကြရတာဖြစ်ပါတယ်။

မေးခွန်း။ ။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်းကို လူတွေသိပ်မကြားကြရတာ တော်တော်ကြာမြင့်ခဲ့ပါတယ်။ စစ်ကောင်စီက ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာမရှိဘူးလို့ပြောခဲ့ပါတယ်။ လူတော်တော်များများကလည်း အဲသလိုပဲ မှတ်ယူခဲ့ပါတယ်။ နည်းနည်းပါးပါးကျန်နေသေးရင်တောင်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာပဲလို့ တချို့က ယူဆခဲ့ကြပါတယ်။

အခုတော့စစ်ကောင်စီကပါ ဗမာပြည်ကွန်မြူနစ်ပါတီကို နာမည်ထုတ်ဖော်တိုက်ခိုက်လာတာမျိုးကို တွေ့ရပါတယ်။

စစ်ကောင်စီက ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာမရှိတော့ဘူးလို့ပြောနေခဲ့ရာကနေ အခုတော့ ဗမာပြည်ကွန်မြူနစ်ပါတီကို နာမည်တပ်ပြီးပြောဆိုလာတာမျိုးတွေ့ရပါတယ်။ ဒါ့အပြင် တခြားအဖွဲ့အစည်းတွေရဲ့ဆောင်ရွက်ချက်တွေကိုတောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလုပ်ဟန်ဆိုပြီး ခေါင်းစဉ်တပ်ဝေဖန်လာတာမျိုးအထိပြန်တွေ့ရပါတယ်။ (ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာ)

အဲသလိုထုတ်ဖော်ပြောဆိုလာတာက ဘာ့ကြောင့်လို့ထင်ပါသလဲ။

ဖြေကြားချက်။ ။ ဒါနဲ့ပတ်သက်လို့ ပြောရရင်တော့ ၁၉၄၈ ကစပြီး တက်လာသမျှဖောက်ပြန်ရေးအစိုးရတွေ၊ စစ်အစိုးရတွေဟာ တလျှောက်လုံး ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးတည်ရန်သူအဖြစ် ဒါမှမဟုတ် ရန်သူတော်နံပါတ် ၁ အဖြစ် စစ်ရေးအရ နိုင်ငံရေးအရတိုက်ခိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ထိခိုက်နစ်နာမှုကြီးဖြစ်ခဲ့တဲ့ ခွဲထွက်အရေးအခင်းဖြစ်ပွားပြီးတဲ့နောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သေလောက်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။ အင်အားအရလည်း အလွန်ချည့်နဲ့သွားခဲ့ရပါတယ်။

အဲဒီနောက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုကြီးဖြစ်သွားခဲ့ပြီး နိုင်ငံတကာမှာ ကွန်မြူနစ်လှုပ်ရှားမှုအရေးတော်ပုံဟာ ဒီရေနိမ့်ကာလရောက်သွားခဲ့ရပြန်တယ်။ ဒီတော့ နိုင်ငံတကာက ဖောက်ပြန်ရေးသမားတွေအတွက် အူမြူးချိုကြွစရာ ဖြစ်သွားပါတေ့တယ်။ အရင်းရှင်စနစ်အောင်ပွဲခံပြီ၊ သမိုင်း နိဂုံးချုပ်သွားပြီ၊ သမိုင်းဟာ အရင်းရှင်စနစ်အထွတ်အထိပ်ရောက်ချိန်မှာပဲ ဇာတ်သိမ်းခန်းရောက်သွားပြီလို့ ဝမ်းသာအားရအော်ဟစ်ကြွေးကြော်ကြပါတယ်။

အလားတူပဲ ဗမာပြည်က စစ်အုပ်စုနဲ့ဖောက်ပြန်ရေးသမားတွေကလည်း သေလောက်တဲ့ဒဏ်ရာရသွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်း နိဂုံးချုပ်သွားပြီ၊ သေသွားပြီလို့ သူတို့ အစစ်အမှန်ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ အဲသလိုဝါဒဖြန့်ချိခဲ့ကြပါတယ်။ စစ်အုပ်စုနောက်လိုက် မီဒီယာတွေနဲ့ စာရေးဆရာဆရာအချို့ကလည်း ဒီအလုပ်ကိုအစွမ်းကုန်လုပ်ခဲ့ကြပါတယ်။ သည့်နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ရေးအရတိုက်ခိုက်နေရတာမဟုတ်သည့်တိုင်အောင် ဦးတည်ရန်သူ ဒါမှမဟုတ် ရန်သူတော်နံပါတ် ၁ အဖြစ် ပြောင်းလဲသတ်မှတ်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သေလောက်တဲ့ဒဏ်ရာရခဲ့ပေမယ့် သူတို့ထင်သလို သေသွားခဲ့တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ပေါ်ကသွေးတွေကို ကိုယ့်ဘာသာသုတ် ကိုယ့်ဒဏ်ရာ ကိုယ့်ဘာသာကုသပြီး တော်လှန်ရေးလမ်းကြောင်းပေါ်မှာ မြေအောက်ပါတီအဖြစ်ရပ်တည်ရင်း ဆက်လက်လျှောက်လှမ်းလာခဲ့ပါတယ်။ သွေးစုပ်ခံ အဖိနှိပ်ခံလူတန်းစားတွေရှိနေသမျှ ဒီပြည်သူတွေရဲ့လွတ်မြောက်ရေးတာဝန်နဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတာဝန်ကို ထမ်းရွက်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဆက်လက်တည်ရှိနေမှာပါပဲ။ ဒီကြားကာလမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးအရ ဝါဒဖြန့်ချိမှုတွေ၊ ပြည်သူလူထုကိုစည်းရုံးမှုတွေကို ယူဂျီပါတီအဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့တာပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီဝက်ဆိုက်တခု ထူထောင်ထားရုံမျှမက အလားတူ ပြည်သူ့အာဏာဂျာနယ်၊ အရေးတော်ပုံဂျာနယ်တို့ကိုပါထုတ်ဝေပြီး ဗမာပြည်တော်လှန်ရေးအတွက် ဆက်လက်ပြီး ဝါဒဖြန့်ချိတာ စည်းရုံးတာ လုပ်နေခဲ့တာပါပဲ။ ဗမာပြည်ရဲ့ အရေးကြီးတဲ့နိုင်ငံရေးတိုက်ပွဲတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ယူဂျီပါတီအနေနဲ့ အစွမ်းကုန်ကြိုးစားပြီး ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါတွေကို သူတို့ မသိကျိုးကျွံလုပ်လာခဲ့ကြတာပါ။ အခုအခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ် မြဲမြဲရပ်တည်နိုင်ခဲ့ပါပြီ။ ပါတီအလံကို ဆက်လက်လွှင့်ထူနိုင်ရုံမက PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုပြန်လည်ဖွဲ့စည်းကာ ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီးအတွင်း မိမိလက်နက်ကိုင်တပ်ဖွဲ့များနဲ့ တတပ်တအားပါဝင်တိုက်ခိုက်နိုင်တဲ့အခြေအနေသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါပြီ။

ယနေ့မျက်မှောက်မှာတော့ သူ့ရဲ့ဦးတည်ရန်သူဟာ NUG အဖွဲ့အစည်းပါ။ ဒါကြောင့် NUG ကို သူတို့ သဲသဲမဲမဲ တိုက်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲသလိုသဘောထားတဲ့လုပ်ဆောင်နေရင်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့နာမည်ကို သူတို့ထုတ်ဖော်ပြီး စွပ်စွဲတိုက်ခိုက်လာတာမှာ အကြောင်းရှိပါတယ်။

အဲဒါကတော့ ဗမာပြည်မှာ မြန်မာလူမျိုးအပါအဝင် တပြည်လုံး၊ တိုင်းရင်းသားတွေအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံး ရရာလက်နက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကိုအမြစ်ပါမကျန်ချေမှုန်းဖို့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်လာတာဟာ သူတို့အတွက် မယုံကြည်နိုင်စရာအဖြစ်အပျက်တရပ်လို ဖြစ်နေပါတယ်။ ဗမာပြည် ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ်ပေါင်းများစွာ နာကည်းချက်တွေနဲ့ ရှင်သန်နေခဲ့ရတာ သူတို့လိုဖိနှိပ်သူတွေက နားမလည်ပါဘူး။ တော်လှန်ရေးအစဉ်အလာရှိတဲ့ ပြည်သူလူထုဆိုတာကိုလည်း သူတို့ မေ့လျော့နေခဲ့ပါတယ်။ အဲဒီကိစ္စကို သူတို့ ဉာဏ်မီသလောက်စဉ်းစားကြည့်ပုံ ရပါတယ်။

ဗမာပြည်သမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်နဲ့ရော နိုင်ငံရေးတိုက်ပွဲအပါ အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ပါ သူတို့ကို အပြတ်သားဆုံးတိုက်လာတဲ့အဖွဲ့အစည်းပါ။ ၁၉၄၈ ကတည်းက နှစ်ပေါင်း ၄၀ တိုင် လက်နက်ကိုင်တော်လှန်ရေးကို မဆုတ်မနစ် ဇွဲနဘဲနဲ့ တိုက်ပွဲဆင်လာခဲ့တဲပါတီလည်းဖြစ်ပါတယ်။ မြေအောက်ပါတီဘဝနဲ့ ရှိနေစဉ်အတွင်းမှာလည်း အုပ်စိုးသူက လက်နက်ကိုင်ဖိနှိပ်မှုပြုတဲ့အခါ အုပ်စိုးခံပြည်သူတွေ လက်နက်နဲ့ ပြန်လည်ခုခံတာ တရားတယ်ဆိုပြီး လက်နက်ကိုင်တော်လှန်ရေးကို ရွေးလမ်းတခုအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီသဘောထားကိုလည်း အတိအလင်းထုတ်ဖော်ပြောကြားဝါဒဖြန့်ချိခဲ့ပါတယ်။

ဒီနေ့ ဗမာပြည် ပြည်သူလူထုထဲက ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေပေါ်လာပြီး လက်နက်ကိုင် တိုက်ပွဲတွေကို အတက်ကြွဆုံးဆင်နွှဲလာတဲ့အခါ နောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ဒီတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်တာမြင်လာရတော ဒါတွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်အတိုင်းလိုက်လုပ်လာနေကြတယ်လို့ သူတို့ယူဆလာကြဟန် ရှိပါတယ်။

အခု ပြည်သူလူထုကိုယ်တိုင် လက်နက်စွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာကြတဲ့အခါ….NUG ကိုယ်တိုင်ကရော တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကပါ လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ဆင်နွှဲလာကြတဲ့ အခါမှာ စစ်ကောင်စီက အထိတ်တလန့်နဲ့ ဟေ့-မင်းတို့က ကွန်မြူနစ်တွေလုပ်သလို လိုက်လုပ်နေကြပါလားဆိုပြီး အလန့်တကြား ထအော်လိုက်တဲ့ သဘောပါပဲ။

“လက်နက်ကိုင်တော်လှန်ရေးမှာရော မြေပေါ်၊မြေအောက် လှုပ်ရှားမှုအနေနဲ့ရော ဗမာပြည်ကွန်မြူနစ်ပါတီက ပါဝင်နေတယ်”

ကိုချို/Myanmar Now

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏အရှေ့မြောက်ပိုင်းဖြစ်သည့် ရှမ်းပြည်နယ်မောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များဦးဆောင်သည့်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်မီခေတ်ကပင်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ၏လွတ်လပ်ရေးသမိုင်းတွင် ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ)၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသတိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။

၁၉၃၉ ခုနှစ်တွင်တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သောပါတီဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ပြန်လည်တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်းခြေကုပ်ယူပြီး ယခုဖြစ်ပွားနေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းကစစ်ပွဲများတွင် PLA တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲဝင်နေကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။

ကိုးကိုးကျွန်းပြန်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို နွေဦးတော်လှန်ရေးအပေါ် ဗ.က.ပ ၏ သဘောထား၊ လက်ရှိဖြစ်ပွားနေသည့် တရုတ်-မြန်မာနယ်စပ်ရှိစစ်များပွဲအရေး၊ တရုတ်နိုင်ငံ၏ မြန်မာ့နိုင်ငံရေး အပေါ် သဘောထားများကို Myanmar Now က မေးမြန်းထားသည်။

မေး။ ။ နွေဦးတော်လှန်ရေးကတဆင့်ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့သဘောထားကို သိပါရစေ။

ဖြေ။ ။ နွေဦးတော်လှန်ရေးကပေါက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျွန်တော်တို့ပါတီက ဆင်နွှဲခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးနဲ့ ခု ဖြစ်နေတဲ့ဟာတွေနဲ့တူညီတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရ ဖြုတ်ချရေးပေါ့။ အဲဒါကြောင့် ထောက်ခံနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ တစ်ပြည်လုံးက စစ်အုပ်စုရဲ့ဗိုလ်ကျလွှမ်းမိုးမှုနဲ့ စစ်ဗျူရိုကရက်တွေရဲ့ လက်ဝါးကြီးအုပ်ဖိနှိပ်သွေးစုပ်မှုများကို လက်မခံနိုင်တော့လို့ တော်လှန်ပုန်ကန်လာကြတာဖြစ်ပါတယ်။ သဘာဝကျကျပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်မှုဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာစစ်တပ် လက်ဝါးကြီးအုပ် စစ်ဗျူရိုကရေစီအရင်းရှင်စနစ်ကို တိုက်ခိုက်ဖြိုခွင်းခဲ့ပြီး ပြည်သူလူထုအားလုံး လူမျိုးမရွေး ဘာသာမရွေး စည်းလုံးညီညွတ်ပြီး အခွင့်အရေးတန်းတူညီမျှဖို့အတွက် ပြည်သူ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်ဖို့ဖြစ်လို့ နိုင်ငံရေးအတားအဆီးဖြစ်နေတဲ့ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဖြိုဖျက်ရေးမှာတူညီတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ခု လက်ရှိတော်လှန်ရေးလုပ်နေတဲ့လူတွေနဲ့ တူညီတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အားပေးထောက်ခံနိုင်သလို ပူးတွဲလုပ်ဆောင်လို့လည်းရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့က (စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်အောက်မှာ ဗမာပြည် ပြည်သူလူထုတွေ အဖိနှိပ်ခံဘဝကနေ သာယာဝပြောအောင်မတည်ဆောက်နိုင်ပါဘူး။ စစ်တပ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်က အဆိုးဆုံးပါ။ ဗမာပြည်ရဲ့လက်ရှိပြဿနာဟာ လူမျိုးရေးပြသနာမဟုတ်ဘူး။ စစ်တပ် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ရန်သူအဖြစ်ထားတဲ့ လူမျိုးအသီးသီးထဲက အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားနဲ့ အမျိုးသားဓနရှင်တွေချုပ်ကိုင်တဲ့အာဏာရဖို့ လုပ်ရမယ်)လို့ထင်ပါတယ်။သူတို့ရဲ့ အင်အားကြီးထွားလာဖို့ ခိုင်မာလာဖို့ ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတစ်ရပ်တည်ထောင်နိုင်မှသာလျှင် ပြည်သူတရပ်လုံး ချမ်းသာကြွယ်ဝနိုင်မယ့်အခြေအနေကို တည်ထောင်နိုင်မယ်။ အဲ့လို မဟုတ်ဘဲနဲ့ တခြားက အကူအညီပေးတာနဲ့ တခြားကထောက်ပံ့ပေးတာနဲ့ ကျွန်တော်တို့တော်လှန်ရေးကြီးအောင်မြင်မယ်လို့လဲ မမျှော်လင့်ဘူး။ အဲ့ဒီလိုမျိုးလည်း မဖြစ်စေချင်ဘူး။ အဓိကကတော့ ပြည်တွင်းက လူတန်းစားပြဿနာကိုဖြေရှင်းဖို့ပဲ။ စစ်အစိုးရမှာ ဗမာလူမျိုးကြီးဝါဒရှိတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒါက စစ်အစိုးရပါ။ ဗမာပြည်သားတွေ မဟုတ်ပါဘူး။ ခုဆိုရင် ဗမာပြည်သားတွေရဲ့ အချက်အချာဒေသတွေမှာ စစ်အစိုးရက ဗမာလူမျိုးတွေကိုပဲ ရက်ရက်စက်စက်သတ်ဖြတ်နေတာ တွေ့နေရပါတယ်။ အရင်တုန်းက အဲဒီနေရာတွေမှာ လက်နက်ကိုင်တော်လှန်ရေး မရှိတော့ တိုင်းရင်းသားဒေသတွေမှာပဲ စစ်အစိုးရက ရက်ရက်စက်စက်သတ်ဖြတ်တာတွေရှိပါတယ်။ အခုတော့ လူမျိုးစုရော မြန်မာရောမရွေး သူတို့ကို ခုခံသူတိုက်ခိုက်သူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်၊ ရက်ရက်စက်စက်လုပ်ကြံနေတယ်ဆိုတာကို အားလုံးမြင်တွေ့ရပြီးဖြစ်ပါတယ်။

မေး။ ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တပ်ဖြစ်တဲ့ P LA လည်းပေါ်ပေါက်လာပြီဆိုတော့ PLA ကို ဘယ်လို ဖွဲ့စည်းထားသလဲ။ ဗ.က.ပ ရဲ့ မြေအောက်လှုပ်ရှားမှုဆိုတာရော ဘာလဲ။

ဖြေ။ ။ ခုလောလောဆယ်မှာတော့ ကျွန်တော်တို့ပါတီရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ PLA ဆိုတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လက်နက်ကိုင်တော်လှန်ရေးအဆင့်အနေနဲ့ ပါဝင်နေပါတယ်။ ကျွန်တော်တို့ကတော့ မြေအောက်လှုပ်ရှားမှုသဘောတရားနဲ့ ပါဝင်နေပါတယ်။ ၂ မျိုးစလုံး ပါဝင်နေပါတယ်။ လက်နက်ကိုင်အနေနဲ့လည်း ပါတယ်။ မြေပေါ်မှာမြေအောက်လှုပ်ရှားမှုအနေနဲ့လည်း ပါပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်လှုပ်ရှားမှုအကြောင်းတွေက ကျွန်တော်ပြောခွင့်မရှိဘူးဗျ။ အဲဒါတွေက ကျွန်တော်တို့အတွက် ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖြစ်လို့ပါ။ PLA ပေါ်ပေါက်လာတာကတော့ PLA ဟာ ကျွန်တော်တို့စည်းရုံးလို့ရတဲ့အင်အားစုတွေပါဝင်ပြီး ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ ရဲဘော်တွေကခေါင်းဆောင်ထားတဲ့ တပ်ပဲဖြစ်ပါတယ်။ ပါတီက တိုက်ရိုက်ချုပ်ကိုင်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီတပ်ဟာ အရှေ့မြောက်မှာတင်လှုပ်ရှားနေတာ မဟုတ်ဘူး။ အဓိကအားဖြင့် ဗမာပြည်အလယ်ပိုင်းမှာလှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံစစ်မဟာဒေသတွေဖြစ်တဲ့ မ ၃ လုံးတို့ စစ်ကိုင်းတိုင်းတို့ အဲဒီလိုနေရာတွေမှာ ကျွန်တော်တို့ ဝင်ရောက်ပြီးလှုပ်ရှားနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ အကုန်လုံးကို ဗမာပြည်ကွန်မြူနစ်ပါတီကိုပဲ အိုးမဲသုတ်ပြီးတော့ အဲဒီဟာနဲ့ပဲ အကုန်လုံးကိုပေါင်းပြီးရောချနေတာပဲဗျ။ သူတို့ပြောတဲ့အချက်အလက်တွေထဲမှာ တစ်ချို့ကတော့ မှန်တာရှိချင်ရှိမယ်။ ဒါပေမယ့် တော်တော်များများကတော့ ပုံချတဲ့ဟာတွေ များပါတယ်။ သူတို့ ထုံးစံအတိုင်းပါပဲ။ အ ခုဆိုရင် တခြားပါတီတွေကို တိုက်စရာရှိတာရှိတော့ ဗမာပြည်ကွန်မြူနစ်ပါတီကအားနည်းလာပြီဆိုတော့ တခြား လက်နက်ကိုင်ရော လက်နက်မကိုင်ရော အားကြီးလာတဲ့ပါတီတွေကို တိုက်တာ ပိုများလာပါတယ်။

ဥပမာ NLD ပါတီကိုဆိုရင် သူတို့ ရက်ရက်စက်စက်ပိုပြီး တိုက်ခိုက်တယ်။ သူတို့ရဲ့ မီဒီယာတွေပေါ်မှာကြည့်လိုက်ရင် NLD ပါတီပေါ်မှာ တိုက်ခိုက်တာက ရာခိုင်နှုန်း ၇၀၊ ၈၀ ထက် မနည်းပါဘူး။ ကျွန်တော်တို့ကိုတိုက်တာက ရာခိုင်နှုန်း ၂၀၊ ၃၀ အဲဒီလောက်ပဲ ရှိကောင်းရှိပါလိမ့်မယ်။ ဆိုလိုတာက သူတို့ကတော့ သူတို့ရဲ့အဓိက ရန်သူပစ်မှတ်ကို သေသေချာချာသတ်မှတ်ပြီးတော့ အချိန်အခါအလိုက် အဓိကရန်သူကို အဓိကတိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့မမေ့ဖို့ လိုအပ်ပါတယ်။

မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေဆင်နွှဲနေတဲ့စစ်က တရုတ်နိုင်ငံရဲ့ထောက်ခံမှုကိုရရှိတယ်လို့ ပြောနေကြတယ်။ ဒီဒေသတွေမှာ ဒီမိုကရေစီလိုလားတဲ့လက်နက်ကိုင်တပ်တွေပေါ်ပေါက်လာဖို့ တရုတ်နိုင်ငံက တကယ်ပဲဆန္ဒရှိနေပြီလား။

ဖြေ။ ။ ကျွန်တော်သိထားတာ နားလည်ထားတာတခုကတော့ တရုတ်ပြည်အနေနဲ့ သူတို့နိုင်ငံရဲ့သမိုင်းမှာ ဗမာပြည်ရှိတဲ့ ဒီဘက်တကြောဟာ သူတို့ရဲ့နောက်ကျောဖြစ်ပါတယ်။ သူတို့ရဲ့နောက်ကျောမှာ သူတို့ကို အဓိကအန္တရာယ်ပေးတာတွေက နောက်ကျောကဝင်တဲ့ဟာတွေပဲ။ ဗမာပြည်ဘက်ကနေပြီး ဂျပန်တပ်တွေဝင်သွားခဲ့တာ။ ဒီနောက်ကြောမှာ ဂျပန်တပ်တွေလှုပ်ရှားပြီး တရုတ်တွေကိုဒုက္ခပေးခဲ့တာ သူတို့မမေ့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ သူတို့ရဲ့ နောက်ကျောပိုင်းကို သူတို့ အမြဲလုံခြုံရေးအတွက်သတိထားပါတယ်။ ဟို အရှေ့ဘက်ပိုင်းကတော့ သူတို့ ရင်ဆိုင်နိုင်ပါတယ်။ နိုင်လည်း နိုင်နေတယ်။ နောက်ကျောပိုင်းမှာကတော့ သူတို့အတွက် အမြဲတမ်းသတိထားမှာပါ။ နယ်စပ်တလျှောက်မှာ သာယာဝပြောစေချင်မှာ ဒါကတော့သဘာဝကျတယ်လို့ ထင်ပါတယ်။ နားလည်နိုင်တယ်လို့လည်း ထင်ပါတယ်။

မေး ။ ။ တရုတ်က ခေတ်သစ်ပိုးလမ်းမလို့ခေါ်တဲ့ BRI စီမံကိန်းကိုဖော်ဆောင်နေတယ်။ ခုဖြစ်နေတဲ့ အရှေ့မြောက်ပိုင်းကစစ်ပွဲတွေကလည်း တရုတ်ကစီစဉ်နေတဲ့ မြန်မာ-စင်္ကြံလမ်းလို့ခေါ်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဖြစ်နေတယ်။ ဒါကြောင့် ခုဖြစ်နေတဲ့စစ်ဟာ တရုတ်နိုင်ငံက ရပ်တန့်စေချင်တဲ့အချိန်မှာ ဒီစစ်ဟာ ရပ်တန့် သွားနိုင်မလား။

ဖြေ။ ။ အဲဒီလိုတော့ မလုပ်ကြဘူးထင်ပါတယ်။ သူတို့လည်းပဲ ကိုယ့်လူတွေအကျအဆုံးခံထားတဲ့ဟာတွေရှိနေတာကို အဲဒီဟာတွေအပေါ်မှာပိုပြီးတော့ သစ္စာရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ တရုတ်ပြည်ရဲ့ ပိုးလမ်းမစီမံကိန်းဟာ ခုအချိန်အခါမှာတော့ ကမ္ဘာက နိုင်ငံပေါင်း ၁၃၀ ကျော် ပူးပေါင်းလုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ဒီလမ်းမကြီးဟာ ဗမာပြည်အတွက်လည်း အကျိုးစီးပွားရှိတဲ့စီမံကိန်းတစ်ခုလို့ ပြောနိုင်ပါတယ်။ ဗမာပြည်က ဒီဟာမှာ သေသေချာချာ ကိုယ်ရအောင်လုပ်နိုင်လို့ရှိရင် အစိုးရကလူတွေနဲ့ဒေသခံတချို့သာ စားရသောက်ရအောင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံကပြည်သူအားလုံး ခံစားရအောင်လုပ်လို့ရှိရင် ဒီစီမံကိန်းက ကျွန်တော်တို့တိုင်းပြည်အတွက် ကျွန်တော်တို့နိုင်ငံသားတွေအတွက်လည်း အကျိုးရှိမှာပါပဲ။ တရုတ်ပြည်ကတော့ ဒီလို တခြားနိုင်ငံနဲ့ပူးပေါင်းပြီး လုပ်တဲ့ လုပ်ငန်းစီမံကိန်းတွေရှိတဲ့အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တရုတ်ပြည်အတွက်တော့ ထူးထူးခြားခြားထိခိုက်စရာမရှိဘူးလို့ ထင်ပါတယ်။ ဗမာပြည်မှာ ခုဆိုရင်တော့ ဒီလုပ်ငန်းကရပ်နေခြင်းဖြစ်တာတော့ အမှန်ပါပဲ။ အဲဒီလိုရပ်နေရုံနဲ့ကတော့ တရုတ်ပြည်ရဲ့စီးပွားရေးပြိုလဲသွားတာ သိပ်ထိခိုက်သွားတာမျိုးတော့ မဖြစ်လောက်ပါဘူး။ ဗမာပြည်ရဲ့ပြဿနာကို နယ်စပ်လက်နက်ကိုင်အင်အားစုများလောက်ကို အားကိုးမှီခိုနေရုံနဲ့က တရုတ်ပြည်က သူ့ပြသနာကို သူတို့မဖြေရှင်းနိုင်လောက်ဘူးဆိုတာကို သူတို့သိပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာဟာ ဗမာပြည်သားတွေဖြေရှင်းမှပြီးမယ်ဆိုတာလည်း သူတို့ သိပါတယ်။ အဲဒီတော့ ဗမာပြည်နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းတာမျိုးဖြစ်အောင်လို့ သူတို့က တိုက်တွန်းနေမယ်လို့ထင်မိပါတယ်ခင်ဗျ။

မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တရုတ်က ရွေးကောက်ပွဲရလဒ်ကို ပထမဆုံးအသိမှတ်ပြုခဲ့ဖူးသလို ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရတက်ချိန်မှာလည်း ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ဖူးပါတယ်။ BRI ဆယ်နှစ်ပြည့် အခမ်းအနားမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို မဖိတ်ကြားခဲ့တဲ့အခြေအနေမျိုးနဲ့ ထုတ်ဖော်ပြသတာမျိုးလည်းရှိပါတယ်။ တရုတ်နိုင်ငံရဲ့သဘောထားအပေါ် ရဲဘော်ဖိုးသံချောင်းတို့ မြင်တဲ့အမြင်လေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်ထင်တာတော့ တရုတ်ပြည်က ဗမာပြည်ရဲ့နိုင်ငံရေးမှာ နိုင်ငံရေးသဘောမျိုးနဲ့ သူတို့ ဘာမှ ဝင်ပါမယ် မထင်ဘူးဗျ။ ဗမာပြည်သားတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတာကို သူတို့စောင့်ကြည့်နေမယ့် သဘောရှိတယ်။ ဘယ်ပါတီနောက်က ရပ်မယ်။ ဘယ် အဖွဲ့အစည်းနောက်က ရပ်မယ် အဲဒီလိုမျိုး သူတို့ အတိအကျသတ်မှတ်ထားတာမျိုး မရှိပါဘူး။ အလားတူပဲ ဘယ်သူ့ကိုတော့ ဆန့်ကျင်မယ်ဆိုတာမျိုးလည်း အတိအကျ သေသေချာချာ သတ်မှတ်ပြီးလုပ်နေတာမျိုးမရှိဘူးလို့ ထင်တယ်။ စစ်အစိုးရရှိနေတဲ့အတွက်ကြောင့် သူတို့မှာ မကောင်းဘူးဆိုတာတော့ သူတို့သိတယ်။ အခုလိုမျိုး နယ်စပ်တွေမှာတိုက်ပွဲတွေဖြစ်နေတာ သူတို့ကို အများကြီးထိခိုက်တယ်ဆိုတာ သူတို့ သိတယ်။ သူတိုပြည်သားတွေ ဒီဘက်မှာဆိုရင် ကျောင်းတွေပိတ်ရ ဗုံးဆန်တွေကျလို့ထွက်ပြေးရ ထိခိုက်ဒဏ်ရာရတာတွေရှိလားတောင်မသိဘူး။ အဲ့ဒီလိုမျိုးတွေ ကြားနေရတယ်။ အဲဒီတော့ ဗမာပြည်ဘက်ကသူတွေ ပြေးဝင်လာတာကလည်း သူတို့အတွက် တရုတ်ပြည်က လူဦးရေးပြဿနာအမြဲတမ်းပေါ်ပေါက်နေတဲ့တိုင်းပြည်ပါ။ သူတို့ အဲဒါကို သဘာဝကျစွာပဲစိုးရိမ်ပါတယ်။ ဒီလိုကူးဝင်လာတွေရှိရင် စစ်ပြေးတွေပေါ့၊ ရောက်လာရင် သူတို့နောက်ကနေပြီး သူတို့ကိုကူညီပါတယ်ဆိုတဲ့ အနောက်နိုင်ငံအင်အားစုတွေလည်း ပါလာတတ်တာကို တရုတ်က သိပါတယ်။ အဲဒီ အင်အားစုတွေက တရုတ်ပြည်ကိုဆန့်ကျင်တဲ့အလုပ်တွေလုပ်တယ်ဆိုတာလည်း သူတို့က သိတယ်။ အဲဒီတော့ သူတို့ဘက်က စဉ်းစားတာက အဲဒါတွေရှိနေတယ်။ နယ်စပ်မှာ စစ်ကြီးကြီးကျယ်ကျယ်ဖြစ်တာကို အမှန်အတိုင်းပြောရရင်တော့ သိပ်မလိုလားပါဘူး။ တရုတ်ပြည်နဲ့ဗမာပြည်ဟာ နှစ်ကာလကြာရှည်စွာပဲ ချစ်ခင်ရင်းနှီးစွာနေခဲ့ကြတာပါ။ အရင် အစိုးရတွေ ဗိုလ်နေဝင်းအပါအဝင် အဆက်ဆက်အစိုးရဟာ တရုတ်ပြည်နဲ့ အင်မတန်တည့်အောင် ပေါင်းခဲ့ကြတာပါ။ အမျိုးမျိုး တရုတ်ပြည်ကို ရင်းနှီးအောင်လုံးပန်းခဲ့ကြတာတွေရှိပါတယ်။ တိုင်းပြည် ၂ ပြည်၊ ပြည်သူ ၂ ရပ်ဖြစ်တဲ့အတွက် သူတို့အကျိုးစီးပွားနဲ့ ကျွန်တော်တို့ဗမာပြည်ကအကျိုးစီးပွားဟာ ထပ်တူကျဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ဖြစ်မှာပါ။ ဒါပေမယ့် အိမ်နီးချင်းကောင်းတွေဖြစ်တဲ့အတွက် ကောင်းမွေ ဆိုးမွေကို တစုံတရာရိုက်ခတ်မှုရှိနိုင်ပြီး မကောင်းတဲ့အပူမီးတွေလည်းကူးစက်နိုင်တာ သဘာဝကျပါတယ်။ ကျွန်တော်တို့ ၂ နိုင်ငံလုံးက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူ ၅ ရပ်ကို စတင်ရေးဆွဲခဲ့တဲ့နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအတိုင်းပဲနေဖို့ကြိုးစားနေကြဆဲလို့မြင်ပါတယ်။ တရုတ်နယ်စပ် တကြောမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေရတဲ့ အဓိကပြဿနာက ဗမာပြည်ဘက်မှာ စစ်တပ်အစိုးရကြောင့်ဖြစ်တာပါ။ ဗမာပြည်ထဲက နိုင်ငံရေးပြဿနာမပြေလည်လို့ ဒီတိုက်ပွဲတွေဖြစ်တာပါ။ တရုတ်ပြည်နဲ့တော့ ဘာမှမဆိုင်ပါဘူး။ ဒီလို တိုက်ပွဲတွေဖြစ်တဲ့အကြောင်းအရင်း စစ်တပ်တွေရှိနေတာ ဒီမိုကရေစီမရှိတာဟာ ပြည်သူလူထုရဲ့ သာမန်အခွင့်အရေးတွေဆုံးရှုံးနေတာ အဲဒါတွေကိုဖြေရှင်းနိုင်မှ နယ်စပ်တကြောကတိုက်ပွဲတွေ ပျောက်သွားမှာပါ။ ဒါကို တရုတ်ပြည်ဘက်ကလည်း ခုအခါမှာ သဘောပေါက်လာတဲ့ပြောဆိုလိုတဲ့ အသံတွေကြားရပါတယ်။

မေး ။ ။ ကျွန်တော်တို့နိုင်ငံက တရုတ်နဲ့အိမ်နီးချင်းဖြစ်သလို နိုင်ငံရဲ့တခြားတစ်ဖက်မှာလည်း အနောက်အုပ်စု နိုင်ငံတွေနဲ့ ရင်းနှီးတဲ့နိုင်ငံတွေ ရှိနေပါတယ်။ ခုလို တရုတ်နယ်စပ် အရှေ့မြောက်မှာ တရုတ်နဲ့နီးစပ်တဲ့ လက်နက်ကိုင်တပ်တွေနဲ့ ဖြစ်နေတဲ့စစ်ကြောင့် အနောက်နိုင်ငံတွေဟာ စစ်အစိုးရနဲ့နီးစပ်သွားနိုင်ပါသလား။ ရဲဘော် ဖိုးသံချောင်း တို့ ဗ.က.ပ ခေတ်တုန်းကရော ဒီလိုအခြေအနေမျိုးတွေ ကြုံခဲ့ဖူးပါသလား။

ဖြေ။ ။ ခုခေတ်တော့ ကျွန်တော်မပြောချင်ဘူး။ အရင်တုန်းကတော့ ရှင်းရှင်းပြောရရင် ဗိုလ်နေဝင်းက အစ ဗမာပြည်က အုပ်စိုးသူလူတန်းစားဟာ အနောက်နိုင်ငံတွေကို အားကိုးတာပဲ။ အဲဒီဟာတွေနဲ့ ပေါင်းချင်တာပဲ။ အဲဒီက အကူအညီတွေကို လိုချင်တာပဲ။ တပည့်ခံချင်တာပေါ့ တည့်တည့်ပြောရရင်တော့။ ဒါပေမယ့် အခြေအနေတွေ အရသာ တရုတ်ပြည်တို့ဘာတို့ ရုရှရောအပါအဝင်ပေါ့ ပြုံးပြနေရတာ။ အမှန်ကတကယ်က သူတို့လိုချင်တာက အဲဒီဘက်က ( အနောက်အုပ်စု) အကူအညီတွေပဲ။ ဒါကြောင့်မို့လို့ တရုတ်-ဗမာအရေးအခင်းတွေလည်း ဗိုလ်နေဝင်းက တမင် ဖန်တီးခဲ့တာရှိတယ်။ မတော်တဆဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ဗိုလ်နေဝင်းက ဖန်တီးတာဖြစ်တယ်။ အဲဒီလို ဖန်တီးလို့ပေါ်ပေါက်လာတဲ့ တရုတ်-ဗမာအရေးအခင်းကြောင့် ဗမာပြည်သားတွေက တရုတ်ပြည်သားတွေအပေါ်မှာ နာကျည်းလာတာမျိုးဖြစ်လာတာ အဲဒါကို သူတို့ကသိပ်သဘောကျတယ်။ ဒါပေမယ့်ကိစ္စတွေက အဲဒီလောက်မှာတင်ရပ်မနေဘဲ တခြားဟာတွေပါဆက်ဖြစ်လာတော့ သူတို့လည်း ခုတော့ အဲဒီကနေ သင်္ခန်းစာတွေထုတ်ထားတာ ရှိသင့်သလောက်တော့ ရှိမယ်ထင်ပါတယ်။ အခြေခံအားဖြင့်တော့ သူတို့က အနောက်အုပ်စုကို အဖေခေါ်ချင်နေတုန်းပဲ။ ဒါပေမယ့် တရုတ်ပြည်ကရတာကိုလည်း ယူချင်တယ်။ အကျိုးစီးပွားကို ဘယ်ဘက်ကရရ ယူမယ်ဆိုပြီးတော့ အခုကတော့ တိုင်းပြည်သိပ်ဆင်းရဲနေတဲ့အခါမှာ သူတို့က ဝင်ငွေတွေထိခိုက်နေတဲ့အခါမှာ ၂ ဖက်စလုံးကို ကြည်ဖြူအောင်ကြိုးစားမှာတော့ သေချာတယ်။ သူတို့ရဲ့ အဓိကအဖေခေါ်ချင်တာကတော့ အနောက်အုပ်စုနိုင်ငံတွေလို့ပဲ ပြောရမယ် ထင်ပါတယ်။ ခုကတော့ ရုရှပေါ့။ ရုရှအပါအဝင်ပေါ့။ ရုရှကလည်း သူတို့ဖြစ်စေချင်သလောက်နီးပါး အကူအညီတွေ ပေးနေတာ ရှိပါတယ်။

မေး ။ ။ ခု လက်တလော တိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့မြောက်ဒေသဟာ တချိန်က ဗ.က.ပရဲ့ ခြေကုပ်ဒေသတွေဖြစ်ခဲ့ဖူးသလို ဒီတပ်တွေဟာလည်း ဗ.က.ပ ကနေပေါက်ဖွားလာတဲ့တပ်တွေဖြစ်တော့ ဗ.က.ပ အတွက်ရော တစ်ချိန်ကရှိခဲ့ဖူးတဲ့ ခြေကုပ်ဒေသတွေပြန်ရတော့မှာလား။

ဖြေ။ ။ လက်ရှိအချိန်မှာ ပြည်သူတွေရဲ့တော်လှန်ရေးက အောင်ပွဲရတော့မှာဆိုပြီး တစ်ချို့ကပြောကြတာတွေရှိကြမှာပဲ။ ယူဆတာတွေလည်းရှိကြမယ့်လို ထင်ပါတယ်။ လပိုင်းပဲ ပြောလိုပြော၊ နှစ်ပိုင်းပဲ ပြောလိုပြော အမျိုးမျိုး ပြောနေကြတာကြားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အမြင်ကတော့ ခုချိန်က လမ်းခုလပ်မှာ ကြိုးစားနေရဆဲပဲဆိုရင် အသင့်တော်ဆုံးအမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။ လက်ရှိ ကိုးကန့်တပ်ဖွဲ့က သူတို့ဒေသက သူတို့လက်လွတ်သွားတာကို ပြန်ရတော့မယ်လို့မျှော်လင့်ချက်ရှိတာက သဘာဝကျပါတယ်။ ဒါပေမယ့် အခုကတော့ သူတို့ တိုက်နေရဆဲ ဖြစ်ပါတယ်။ ရန်သူ့အင်အားဟာ ဘယ်လိုထုတ်သုံးလာမယ်ဆိုတာကို သူ့ဘက်ကထုတ်သုံးနိုင်တဲ့ အခြေအနေ ဘယ်လောက်ရှိတယ်ဆိုတာကို ကျွန်တော်တို့က သေချာမသိပါဘူး။ ကိုးကန့်ကို ကျွန်တော်တို့ပြန်ရခဲ့ရင်လည်း စစ်အုပ်စုအားလုံးကို တပြည်လုံးကိုမချေမှုန်းနိုင်သေးသမျှ အေးအေးဆေးဆေးနေလို့ မရဘူး။ ပိုင်ပြီကွလို့ နေလို့မရဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ပြည်တွင်းစစ်သမိုင်း နှစ် ၇၀ သမိုင်းမှာ ပြည်ကြည့်လိုက်ရင်လည်း တစ်နေရာကို လက်ကိုင်အပိုင်ကိုင်ထားနိုင်တယ်ဆိုပေမယ့် အာမခံချက်ဆိုတာက တပြည်လုံးမရမချင်း ကျွန်တော်တို့အတွက် မရသေးပါဘူး။ ကျွန်တော်တို့ အရှေ့မြောက်စစ်ဒေသကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်နိုင်ခဲ့တဲ့ ပဲခူးရိုးမမှာ ဗမာပြည်အလယ်ပိုင်းမှာ မြစ်ဝကျွန်းပေါ်မှာ အများကြီးရှိခဲ့ဖူးပါတယ်။ အရင်ကတော့ စစ်အုပ်စုနဲ့စစ်အစိုးရရယ်လို့ ရန်ကုန်မှာပေါ့၊ ရှိနေသမျှကာလပတ်လုံးကတော့ ကျွန်တော်တို့ရထားတယ်ဆိုတဲ့နေရာတွေဟာ အပိုင်လို့ပြောလို့ မရပါဘူးခင်ဗျ။ သူတို့ကို အဲဒီကပြည်သူတွေရဲ့ထောက်ခံမှု ဘယ်လောက်ရသလဲ အဲဒီအပေါ်မှာနဲ့ တွက်ရမယ်ထင်ပါတယ်။ ကျွန်တော်တို့တုန်းကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုရလို့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ခု အင်အားစုတွေလည်း ကျွန်တာ်တို့ရခဲ့သလို ပြည်သူလူထုရဲ့ထောက်ခံမှု ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ထက်တောင် ပိုလုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ အရေးကြီးတာက ပြည်သူလူထုရဲ့ထောက်ခံမှုရဖို့။ တပြည်လုံးမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ထောက်ခံမှုရဖို့ ညီညွတ်မှုရဖို့ အဲဒါ အရေးအကြီးဆုံးလို့ထင်ပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့က အရှေ့ဘက်က ဝ နယ်ရော မုန်းလားဘက်ရော မုန်းကိုးတို့ဘာတို့ဘက်ရော ဖြန့်ထားနိုင်တော့ ရန်သူ့အင်အားကို အဲဒီဘက်မှာ အများကြီးတိုးပြီးဆွဲထားနိုင်တယ်။ ခုကတော့ ရန်သူက သူ့အင်အားတွေကို ကိုးကန့်ဘက်ကိုဆွဲပြီးသွင်းထားနိုင်တယ်။ အဲဒီလို မတူညီတဲ့ အခြေခံအချက်အလက်တွေရှိပါတယ်။ အခုဟာက ကိုးကန့်တွေရင်ဆိုင်နေရတာက ပိုပြီးတော့တင်းမာတဲ့ လက်နက်အင်အားလည်းပိုကောင်းတဲ့ရန်သူတပ်တွေလို့ ထင်ပါတယ်။

All reactions:

301Aung Gyi, Kyaw Myaing Linn and 299 others

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ဗမာပြည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်။

သို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ဗမာပြည်။

အကြောင်းအရာ။ ။ ရဲဘော်တို့၏ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်ခြင်းအတွက် သဝဏ်လွှာပေးပို့ခြင်း။

ရဲဘော်များခင်ဗျား-

ဗမာပြည်၏ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်အတူ ပေါ်ထွက်လာခဲ့သော သင်တို့၏လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့သည်မှာ (၃၅) နှစ် တင်းတင်းပြည့်ပြီဖြစ်ကြောင်းသိရသောကြောင့် ဦးစွာအားဖြင့် ကျွန်တော်တို့အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် လက်ရှိနွေဦးတော်လှန်ရေးကြီးအတွင်း ပုံစံအမျိုးမျိုးဖြင့်ပါဝင်ခဲ့ကြသော သင်တို့အားလည်းကောင်း၊ ဗမာပြည် ပြည်သူလူထုကြီးအားလည်းကောင်း လေးစားစွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သလိုက်ပါသည်။

ဆိုးဝါး၊ ယုတ်မာ၊ ရက်စက်လှသော စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုအောက်၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ယခုကဲ့သို့ (၃၅) နှစ်မျှ ရပ်တည်လှုပ်ရှားနိုင်ခဲ့ခြင်းကို အသိအမှတ်ပြု၊ ချီးကျူးအပ်ပါသည်။ ကောက်ကျစ်ယုတ်မာသော စစ်အာဏာရှင်များသည် သူတို့က ရက်ရက်စက်စက်သတ်ဖြတ်နေသည့်အကြားက ပေါ်ထွက်ထွန်းပြောင်လာခဲ့သော သင်တို့၏ပါတီကို မည်မျှအညှိုးထား၊ မုန်းတီးမည်ဆိုသည်မှာ အထူးပြောဖွယ်မရှိပင် ဖြစ်သည်။ သို့တိုင်အောင် အခက်အခဲကိုမကြောက်၊ ရက်စက်မှုကို ထီမထင် ဆက်လက်ချီတက်နေကြခြင်းမှာ ရဲဘော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်လက္ခဏာတစ်ရပ်ဟုပင် မဖုံးမကွယ်အသိအမှတ်ပြုရပါမည်။

ထို့နည်းတူ ရဲဘော်တို့ပါတီအနေဖြင့် မိမိတို့အလံနှင့်အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းရွက်ဆောင်ကာ ပြည်သူလူထုကြီးနှင့်အတူ ချီတက်ကြမည်ဟုလည်း ယုံကြည်ပါသည်။

ယနေ့ကာလတွင် မြေပေါ်လူထုတိုက်ပွဲများကိုလည်းကောင်း၊ မြေအောက်နှင့် လက်နက်ကိုင်တိုက်ပွဲတို့ကိုလည်းကောင်း ပြည်သူလူထုကြီးနှင့်အတူ တိုက်ပွဲဝင်နေသော သင်တို့အား မချီးကျူးဘဲ မနေနိုင်ပါကြောင်းလည်း သိစေအပ်ပါသည်။ တိုက်ပွဲများအတွင်း ကြီးထွားခိုင်မာလာခဲ့သော သင်တို့၏ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပိုမိုကြီးမား၊ ခက်ခဲသော တိုက်ပွဲမျိုးစုံအတွက် အသင့်ပြင်ပြီး၊ အသင့်ဖြစ်ပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ နောင်တွင်လည်း ယခုကဲ့သို့ပင် လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ရော အခြားတိုက်ပွဲသဏ္ဌာန်အမျိုးမျိုးနှင့်ပါ တိုက်ပွဲဝင်နေကြသည့် အခြားသောနိုင်ငံရေးအင်အားစုအသီးသီးနှင့် နိုင်ငံရေးမတူညီမှုများကို ဘေးချိတ်ကာ ဆက်လက်၍တိုက်ပွဲဝင်သွားမည်ဟု ကျွန်တော်တို့နားလည်ယုံကြည်ထားပါသည်။

ဒီနေ့ နိုင်ငံတကာ့အခြေအနေဟာ အတိမ်းအစောင်းမခံ၊ ကမ္ဘာစစ်ဆိုတဲ့ ချိုင့်ဝှမ်းနှုတ်ခမ်းမှာ မေးတင်နေသည် ဆိုခြင်းကို အားလုံးအသိပင်ဖြစ်ပါသည်။ ရဲဘော်တို့နှင့် ကျွန်တော်တို့ကဲ့သို့သော ပြည်ချစ်အင်အားစုအားလုံးအဖို့ သွေးစည်းညီညွတ်ဖို့ မည်မျှလိုအပ်နေကြောင်း အထူးပင်ပြောနေစရာမလိုသောအနေအထားမျိုးလည်း ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်စုံမှာ အထွေထွေအကျပ်အတည်းဆိုက်နေသော ဘုံရန်သူစစ်အုပ်စုကို လျှော့မတွက်ဘဲ အခြေအနေမှန်ကို ဆုပ်ကိုင်၊ မိမိတို့ညီညွတ်ရေးကိုတည်ဆောက်ကာ ရဲရင့်သောခြေလှမ်းများဖြင့် အောင်ပွဲသို့တက်လှမ်းသွားနိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း ဖော်ပြအပ်ပါသည်။

အလေးနီဖြင့်

ဗဟိုစည်းရုံးရေးကော်မီတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

စစ်အာဏာကို စွဲချက်တွေနဲ့ ကာကွယ်နေတဲ့ အာဏာသိမ်း စစ်အုပ်စု

စစ်အာဏာကို စွဲချက်တွေနဲ့ ကာကွယ်နေတဲ့ အာဏာသိမ်း စစ်အုပ်စု

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နိုင်စိုးတို့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချသည်။ စစ်အုပ်စုရဲ့ စစ်ခုံရုံးက နိုင်ငံတော်သစ္စာဖောက်မှု၊ အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ပြစ်ဒဏ်စီရင်ခြင်းဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်သည် စစ်အာဏာကာကွယ်ဖို့အတွက် သူတို့ စစ်အုပ်စုအဖွဲ့ဝင်အပါ စစ်အရာရှိများကိုဖယ်ရှားဖို့ စွဲချက်တင်ရာ၌ အကျင့်ပျက်ခြစားမှုနှင့် စီးပွားရေးမသမာမှုများကို အကြောင်းပြလေ့ရှိတတ်သည်။ ဗိုလ်ခင်ညွန့်တုန်းကလဲ ဒီလိုပဲ။ ဒီတခါလဲ ဒီလိုပဲ။ ဒါပေမဲ့ စီးပွားရေးအကြောင်းပြချက်ဖြစ်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ တကယ်တမ်းအရေးယူမည်ဆိုလျှင် စစ်အုပ်စုတခုလုံး လွတ်လမ်းမမြင်။ ဒီတခါ သူတို့ ဖြုတ်ထုတ်- ပြစ်ဒဏ်ချမှုရဲ့ အဓိကအကြောင်းရင်းက သူတို့စစ်အုပ်စုတခုလုံးရဲ့အကျိုးစီးပွားကို ထိခိုက်သွားမှာစိုး၍ ရှင်းပစ်လိုခြင်းဖြစ်သည်။ ဒါအပြင် ဒီတခေါက်စွဲချက်တင်ရာမှာ နိုင်ငံတော်သစ္စာဖောက်မှုဟူသောစွဲချက်ကို မဖုံးမကွယ်ဖော်ပြလာသည်။ နိုင်ငံတော်သစ္စာဖောက်မှုဆိုတာက စစ်အုပ်စုကိုသစ္စာဖောက်ဖို့ကြံရွယ်ခြင်းကို ဆိုလိုသည်။ သူတို့ပြောနေတဲ့ နိုင်ငံတော်ဆိုတာ တကယ်တမ်းမှာ စစ်အုပ်စုသာဖြစ်သည်။ နောက်တခုမြင်သာသည်က သူတို့ လက်ကိုင်တုတ်စစ်တပ် အားနည်းယုတ်လျော့လာခြင်းနှင့်အတူ သူတို့စစ်အုပ်စုတွင်း အက်ကြောင်းရာတွေဖြစ်ထွန်းလာခြင်းပင် ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဆိုတာ စစ်ကောင်စီအဖွဲ့ဝင်တဦးပဲ မဟုတ်လား။

စစ်ဖက်ထဲကသာမက၊ သူတို့အာဏာထိပါးနိုင်သည်ဟု သူတို့ထင်နေသူများကို ဘယ်သူ့မဆို ဘယ်ပါတီအဖွဲ့အစည်းမဆို သူတို့က ဉာဏ်နီဉာဏ်နက်အမျိုးမျိုးထုတ်ပြီး စွဲချက်တင်တိုက်ခိုက်ဖြိုခွဲတတ်သည်။ ၂၀၂၁ ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီအား ရွေးကောက်ပွဲမှာ မဲမသမာမှုရှိသည်ဟုအကြောင်းပြတိုက်ခိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ခေါင်းဆောင်များကို စီးပွားရေးစွဲချက်အမျိုးမျိုးနဲ့ ပြစ်ဒဏ်စီရင်သည်။ နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေကို စွဲချက်တွေနဲ့ စစ်အုပ်စုကဖယ်ရှားပစ်ခဲ့တာတွေ အများအပြားရှိခဲ့သည်။ ဒီလိုလုပ်ပြီး မဆလတပါတီစနစ်ကြီးစိုးခဲ့ခြင်း ဖြစ်သည်။ သူတို့ရဲ့စွဲချက်အမျိုးမျိုးအောက်မှာ မတရားသင်းကြေညာခံထားရတဲ့အဖွဲ့အစည်းတွေ၊ ပါတီမှတ်ပုံတင်ဖို့ကြိုးစားဆဲကာလမှာပဲ အဖျက်သိမ်းခံလိုက်ရတဲ့ပါတီတွေ ရှိခဲ့သည်။

သူတို့ကိုဆန့်ကျင်တဲ့ ပါတီအသင်းအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအမျိုးမျိုးကျ သူတို့က ပိုမိုပြင်းထန်စွာ အငြိုးတကြီးစွဲချက်တင်တိုက်ခိုက်တတ်သည်။ နိုင်ငံတော်ပုန်ကန်မှု ပြည်ပြေး၊ အဖျက်သမား၊ သောင်းကျန်းသူ၊ အမျိုးသားရေးသစ္စာဖောက်၊ အစွန်းရောက်အမျိုးသားရေးဝါဒီများ၊ ပြည်ထောင်စုပြိုကွဲအောင် ဖြိုခွဲသူ၊ ဘာသာ သာသနာ ဖျက်ဆီးသူ၊ ဓမ္မန္တရာယ်၊ ပြည်ပြေး၊ ပြည်ပအားကိုးပုဆိန်ရိုး၊ စသည်ဖြင့်။ ဗကပမှသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ယနေ့ NUG အထိ သူတို့ ဒီလိုပဲ စွပ်စွဲတိုက်ခိုက်လာသည်။ သူတို့စွဲချက်တွေကလည်း သူခိုးက လူလူဟစ်သည့်စွပ်စွဲချက်တွေမျှသာ။ သည်စွဲချက်တွေဆိုသည်မှာလည်း တပြည်လုံးကို လက်နက်နဲ့အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုအောက်မှာ သူတို့ကျင့်သုံးကိုင်စွဲသည့် လုပ်နည်းလုပ်ဟန် နည်းနာတမျိုးသာ ဖြစ်သည်။

အမှန်စင်စစ် တိုင်းပြည်နှင့်ပြည်သူလူထုကို ရာစုနှစ်တခုလောက်နီးနီးအချိန်ကာလအတွင်း ဆင်းရဲဒုက္ခနှင့် အန္တရာယ်သေတွင်းသို့ အတင်းအကျပ်ထိုးချခဲ့သည့် အန္တရာယ်အကြီးဆုံးရာဇဝတ်ကောင်မှာ သူတို့သာဖြစ်သည်။ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားပြီး တိုင်းပြည်၏ အဘိုးတန်သယံဇာတများ ပြောင်သလင်းခါအောင်လုပ်ခဲ့သူမှာ သူတို့ စစ်အုပ်စုတွေ ဖြစ်သည်။ တိုင်းပြည်ကို အကြီးဆုံးမီးရှို့ဖျက်ဆီးသူမှာ သူတို့ ဖြစ်သည်။ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ပြည်တွင်းစစ်သေတင်းထဲတွန်းချပြီး နေ့စည်လိုလို မီးရှို့ လုယက်သတ်ဖြတ်သူမှာ သူတို့ဖြစ်သည်။ တိုင်းပြည်၏ အကြီးဆုံးမုဒိမ်းကောင်မှာ သူတို့ဖြစ်သည်။ ပြည်သူတွေကို ကလေးသူငယ် အိုကြီးသူမမကျန် အစုလိုက်အပြုံလိုက် ကြိုးတုတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှု၊ သေနတ်ကျည််ဆန်၊ ဗုံးဆန်အမြောက်ဆန်တို့ဖြင့် ရက်စက်ယုတ်မာစွာ သတ်ဖြတ်သူမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့၏ လက်သည်တရားခံအစစ်မှာ သူတို့ဖြစ်သည်။

သူတို့၏ ယုတ်မာရက်စက်မှုမှာ မြန်မာသိ၊ ကမ္ဘာသိဖြစ်၏။ ဒါကြောင့် အိုင်စီဂျေ နိုင်ငံတကာ့တရားရုံးတွင် စစ်ရာဇဝတ်ကောင်အဖြစ် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။ ထိုမျှမက စစ်အုပ်စုအပေါ် အဖိနှိပ်ခံပြည်သူတွေက တင်စရာစွဲချက်တွေ များစွာရှိပါသည်။ ပြည်သူတွေအပေါ် သူတို့ မတရားကျူးလွန်သတ်ဖြတ်ခဲ့သည့် ပြစ်မှုပေါင်းများစွာ မရေမတွက်နိုင်အောင်ရှိပါသည်။ ဒါတွေအားလုံးကို လုံလောက်စွာ စွဲချက်တင်၊ အပြစ်ပေးနိုင်မည့် အဓိက တရားခုံရုံးမှာ ပြည်သူ့ခုံရုံးဖြစ်ရပါလိမ့်မည်။ စစ်အုပ်စုအပေါ် ပြစ်ဒဏ်ချတရားစီရင်မည့် အဓိက တရားသူကြီးမှာလည် ပြည်သူလူထုသာ ဖြစ်ရပါလိမ့်မည်။

မျက်မှောက်တွင် အာဏာသိမ်းစစ်ကောင်စီက သူ့အာဏာ ထိပါးလိမ့်မည်ဟု ထင်သူများ၊ သူ့အကျိုးစီးပွား ပျက်စီးစေမည်ထင်သူများကို သူ့အတွင်းပိုင်းကထဲက စစ်အရာရှိများအပါအဝင် သူ့ကိုဆန့်ကျင်သည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များအပေါ်ရော စွဲချက်တွေတင်၊ ပြစ်ဒဏ်တွေချ လက်တွေ့ လုပ်နေပါသည်။ ပြည်သူလူထုက အာဏာသိမ်းစစ်ကောင်စီအပေါ် တင်စရာစွဲချက်တွေ၊ အပြစ်ပေးစရာပြစ်ဒဏ်များစွာအတွက် စီရင်ခွင့်အာဏာ မျက်မှောက်မှာ မရရှိသေးပါ။ ယင်းသို့ တရားစီရင်ရေးအခွင့်အာဏာရရှိမည့်အချိန်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမချန် ဖယ်ရှားနိုင်မည့်အချိန်ကျမှသာ ဖြစ်နိုင်ပါလိမ့်မည်။

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို အဓိကထားကာ တခြားတိုက်ပွဲသဏ္ဌာန်အမျိုးမျိုးနဲ့ ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် မဆုတ်မနစ်တိုက်ပွဲဝင်သည့် တော်လှန်ရေးကြီးအောင်ပွဲခံနိုင်မှသာ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကြီးမားဆုံးသော၊ အဆိုးရွားဆုံး အရက်စက်ဆုံးဖြစ်သော စစ်ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခဲ့သည့် စစ်အုပ်စုအပေါ် ပြည်သူလူထုကြီးက သူတို့နှင့် ထိုက်တန်သောပြစ်ဒဏ်များကို စီရင်ချမှတ်နိုင်လိမ့်မည် ဖြစ်ပါသည်။

ဥဩချို

၁၂-၁၀-၂၀၂၃