Monthly Archives: March 2023

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့

သို့

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်မှူးတပ်သားအပေါင်းတို့

ဒီနေ့ဟာ ပါတီမျှော်မှန်းထားတဲ့အတိုင်း တော်လှန်ရေးရုပ်ဘဝအခြေအနေ ရင့်မှည့်ပြည့်စုံလာတဲ့အခါမှာ PLA ပေါ်ထွန်းလာတာ ဖြစ်တယ်။ PLA ဟာ ပါတီရဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုကို ခံယူပြီး ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေတဲ့ တပ်မတော်ဖြစ်တယ်။ တန်ဖိုးကြီးမားလှတဲ့ အသီးအပွင့်ဖြစ်တယ်။ ဒီရတနာပေါ်ထွန်းလာဖို့အတွက် တပါတီလုံး ဆယ်စုနှစ်အချို့ ကြိုးပမ်းအားထုတ်ခဲ့ရတယ်။

၂ နှစ်အချိန်ယူ တိုက်ပွဲဝင်ပြီးတဲ့နောက် ခုဆို စစ်အုပ်စုလည်မျိုကို ရိုက်သွင်းထားတဲ့ သပ်တချောင်း ဖြစ်နေခဲ့ပါပြီ။ တိုက်ပွဲဝင်တဲ့အခါ နွေဦးတော်လှန်ရေးနဲ့ ချိတ်ဆက်ပြီး နည်းပရိယာယ်ကြွယ်ကြွယ်ဖြင့် PLA နံမည်အပြင် PDF ဖြစ်လိုက်၊ LPDF နံမည်သုံးလိုက်၊ တိုင်းရင်းသားတပ်မတော်တခုခုရဲ့ နံမည်အောက်မှာ ဝင်တိုက်လိုက်နဲ့ သွက်သွက်လက်လက် စစ်ကစားခဲ့ကြတယ်။

ဒီ ၂ နှစ်အတွင်း ရဲဘော်တို့အနေနဲ့ များပြားလှတဲ့ အောင်ပွဲတွေ ခံယူနိုင်ခဲ့ကြသလို မနည်းလှတဲ့ အသက်သွေးချွေးတွေ စတေးခဲ့ကြရတယ်။ အောင်ပွဲနဲ့ စွန့်လွှတ်ပေးဆပ်ရခြင်းဆိုတာ အမြွှာညီနောင် ဖြစ်တယ်။ ဒါကို မမေ့ဖို့ လိုတယ်။ ဒီအာဇာနည်သူရဲကောင်းတွေကို ခုလို နေ့ထူးနေ့မြတ်မှာ မျိုးဆက်အဆက်ဆက် ခေါင်းဆောင်များ၊ ကေဒါများ၊ ရဲဘော်များနည်းတူ ပါတီက တန်ဖိုးထားဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်။

ရဲဘော်တို့ ပြည်သူကို ဆက်လက်အလုပ်အကျွေးပြုကြပါ။

– ရန်သူတကာ ကြောက်ဒူးတုန်ကြပါစေ။

– ပြည်သူအပေါင်း ရွှင်လန်းအားတက်နိုင်ကြပါစေ။

– ပြည်သူ့အရေးတော်ပုံ အောင်ရမည်။

ပါတီဗဟို

ဗမာပြည်ကွန်မြူနစ်ပါတီ

မြန်မာသက္ကရာဇ် ခရစ်သက္ကရာဇ်

၁၃၈၄ ခုနှစ် တပေါင်းလဆန်း (၁၀) ရက် ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ

မျက်မှောက် တော်လှန်ရေးမှာ အဓိက အခရာအကျဆုံး အချက်ဟာညီညွတ်ရေးပဲ

ရဲဘော် ဖိုးသံချောင်း

ဗမာပြည်စစ်အုပ်စုရဲ့ စတုတ္ထမျိုးဆက်ဖြစ်ကြတဲ့ ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ စစ်ကောင်စီဟာ စစ်အုပ်စုရဲ့ အစဉ်အလာလုပ်ဟန်အတိုင်း အာဏာသိမ်းခဲ့တာ ၂နှစ်ပြည့်တဲ့အခါ နိုင်ငံရေးမီးရှူးမီးပန်းတွေ ဘယ်လိုများ ဖောက်ကြလိမ့်မလဲ၊ ဘယ်လိုများ အသားယူ လက်မထောင်ပြနေကြမလဲလို့ စောင့်ကြည့်နေကြသူတွေ အားလုံးကို စစ်ကောင်စီက မထင်မှတ်စရာ လုပ်ရပ်တွေ လုပ်ပြလိုက်ပါတယ်။ အဲဒါကတော့ တနိုင်ငံလုံးက အမှိုက်ပုံးထဲကို စွန့်ပစ်ခဲ့ကြတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက စာပိုဒ်တွေကို အမြီးအမောက်မတည့် ကိုးကားပြီး အာဏာထပ်သိမ်းလိုက်တာပါပဲ။

သင်းတို့တတွေ ဒီတလောမှာ ရွေးကောက်ပွဲစကားကို တဖောင်ဖောင်ပြောနေရာကနေ ပါတီတွေပြန်မှတ်ပုံတင်ဖို့ စည်းကမ်းဥပဒေသစ်တွေ၊ ဝန်ကြီးချုပ်မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဝန်ကြီးအဖွဲ့စာရင်းဆိုတာတွေကို ကြေညာပြီး မာရှယ်လော-စတာတွေ ကိုထုတ်ပြန်လိုက်ပါတယ်။ ဒါဟာလည်း လူလည်လုပ်တဲ့နည်းနဲ့ အရပ်သားပြည်သူလူထုလက်မှာ ကျန်ကောင်းလို့ကျန်တဲ့ တရားဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်တပ်ကသိမ်းလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကိုသုံးသပ်လိုက်ရင် သမိုင်းမှာ အုပ်စိုးသူတွေဘက်ကချည်း လူထုအပေါ် ထိုးစစ်ကိုစတင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ လူထုဘက်က ရဲရဲရင့်ရင့် ပြင်းပြင်းထန်ထန် ဇွဲရှိရှိနဲ့ ခုခံတာတွေ ရှိလာတဲ့အခါ၊ သင်းတို့တတွေ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာ ထားတဲ့ကြားကနေ၊ သူတို့စစ်ကောင်စီရဲ့သက်တမ်းကို ၆ လတိုးတာ၊ ဘယ်ပြည်သူ့ကိုယ်စားလှယ်ရဲ့ ထောက်ခံမှုမှမပါဘဲ ဝန်ကြီးအဖွဲ့ဖွဲ့စည်းတာ၊ တပြည်လုံး နေရာအနှံ့မှာ မာရှယ်လောတွေ တခုပြီးတခု၊ ထုတ်ပြန်တာ စတာတွေကိုကြည့်ရင် သူတို့တတွေ စိတ်ချောက်ချားနေတယ် ဆိုတာကို ဖော်ပြတာလို့ ပြောနိုင်ပါတယ်။

တိုင်းနယ်ပြည်နယ် ၈ ခုရှိ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာတယ်။ ကာလုံအစည်းအဝေး ဆိုတာမှာ မင်းအောင်လှိုင်က – မြို့နယ် ၃၃၀ အနက် ၁၀၀% တည်ငြိမ်အေးချမ်းတဲ့ မြို့ နယ် ၁၉၈ မြို့နယ် (ဒါကအဖြူရောင်ဒေသပဲ)၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမယ့်မြို့နယ် ၆၇ မြို့နယ် (ဒါကအညိုရောင်ဒေသပါပဲ)၊ ထိထိရောက်ရောက် ဆောင်ရွက်ရမယ့်မြို့နယ် ၆၅ မြို့နယ် (အနက်ရောင်/ အနီရောင် ဒေသ) လို့ဝန်ခံစကား ပြောသွားပါတယ်။ သူတို့ဟာ ခုဆီထမင်း-ခုစာကလေးကျော် ဆိုသလို ရွေးကောက်ပွဲလုပ်မယ်ပြောလိုက်၊ ချက်ချင်းပဲ မတည်ငြိမ် မအေးချမ်းသေးလို့ ရွေးကေက်ပွဲရွှေ့ဆိုင်း မာရှယ်လောထုတ်လာပြန်တယ်။ ဂနာမငြိမ်ဖြစ်နေတာ ပေါ်လွင်တယ်။

သူတို့ဟာ သူတို့ရဲ့ ပုစွန်ဦးနှောက်ထဲက ထွက်နိုင်သမျှသော အကောက်ဉာဏ်တွေကို ထုတ်သုံးနေပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့လိုသလိုအနက်ဖွင့်၊ အသုံးချနေတာလည်း သတိထားမိပါတယ်။ တကယ်ကတော့ အခုလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ မာရှယ်လော စတာတွေကို ဆက်တိုက်ထုတ်ပြန်တာတွေဟာ စစ်ကောင်စီဘက်က ခံစစ်စစ်ကြောင်းကိုရွေးလိုက်တာကို ဖော်ပြနေတာသာဖြစ်ပါတယ်။ သူတို့အားကောင်းလို့၊ အပေါ်စီးရောက်နေလို့ ထိုးစစ်ဆင်နေတာလို့ မကြည့်မြင်သင့်ပါဘူး။

မအလတို့ဟာ ပိုကြမ်းဖို့၊ ပိုရက်စက်ဖို့၊ ပိုအပြတ်လုပ်ဖို့ ဆုံးဖြတ်စီစဉ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါကိုကြည့်ပြီး သင်းတို့အားကြီးလိုက်တာ၊ ကြောက်စရာပဲလို့ ယူမှတ်လို့မရဘူး။ သူတို့ဒီခြေလှမ်းတွေ လှမ်းလာတာဟာ အားကြီးတာကို ဖော်ပြတာမဟုတ်ပဲ အားငယ်တာ၊ သိမ်ငယ်စိတ်ဝင်တာကို ဖော်ပြတာ။ နောက်ပြီး သူတို့ဘက်က ခံစစ်ကြောင်းအသစ် ယူလိုက်တာသာဖြစ်တယ်။ ပြည်သူတွေပိုအုံကြွလာရင်၊ ပြည်သူ့တော်လှန်ရေးတွေ ပိုအရှိန်ကောင်းလာရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာအတွက် ပြင်ဆင်တာသာဖြစ်တယ်။ ဒီလိုဆိုလို့ သူတို့ဘက်က စစ်ရေးအရထိုးစစ်တွေ၊ လက်ဦးအောင်ချိုးနှိမ်တာတွေ မလုပ်တော့ဘူးလို့မဆိုလိုပါဘူး။ အဲဒါတွေ အရမ်းလျှောက်လုပ်လို့ သူ့တပ်သားတွေ၊ ဝန်ထမ်းတွေက အာခံမှာကိုလည်း စိုးရိမ်ရသေး တယ်မဟုတ်လား။ သူ့တပ်က စိတ်ပိုင်းရုပ်ပိုင်း ပျက်လိုက်လာနေပါပြီ၊ တပ်ပျက်မှာဗိုလ်လုပ်နေတဲ့ အာဏာရူးမအလလည်း ကမူးရှူးထိုးဖြစ်လာပြီ။

စစ်အုပ်စုစိုးရိမ်တာက ပြည်သူတွေ၊ (လက်ဝဲ-လက်ယာမခွဲ) နိုင်ငံရေးအင်အားစုတွေ၊ လက်နက်ကိုင်ပုန်ကန်သူတွေ သွေးစည်းမိသွားကြမှာကို စိုးရိမ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့အတိုက်အခံတွေကို သွေးခွဲဖို့ နည်းမျိုးပေါင်းစုံ ကြံဆနေတယ်ဆိုတာကို အတိုက်အခံ အင်အားစုတွေဘက်က တရက်မလပ် သတိပြုနေသင့်ပါတယ်။ သူတို့တတွေ ခံစစ်ရောက်သွားပြီဆိုလို့ သူတို့ကိုလျှော့တွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ထောင့်မှာပိတ်ပိနေတဲ့ကောင် ရမ်းသမ်းကိုက်တတ်တယ် ဆိုတာလို စကစစစ်တပ်က ရှက်ရမ်းရမ်းနိုင်တယ် ကြောက်ရမ်းရမ်းနိုင်တယ် ဆိုတာကို သတိပြုကြရပါမယ်။

တော်လှန်ရေးအင်အားစုတွေ အဖို့တော့ အခိုင်မာဆုံးနဲ့ တန်ဖိုးအကြီးဆုံး အရင်းအနှီးဟာ ပြည်သူလူထု(ထောက်ခံမှု)ပဲဖြစ်ပါတယ်။ ဒီလိုအရင်းအနှီးကို ပြည်ပဘယ်နိုင်ငံကမှ မပေးနိုင်သလို၊ ဘယ်သူခိုးဓားပြကမှလည်း ကိုယ်နဲ့ကင်းကွာအောင် မလုပ်နိုင်ပါဘူး။ ဒီအရင်းအနှီးကိုရှိထားသူဟာ ဘာကိုမဆိုဝယ်နိုင် ရနိုင်ပြီး၊ ဒီအရင်းအနှီးမရှိလို့ကတော့ သူတောင်းစားထက်တောင်မွဲသေး မျက်နှာငယ်ပါသေးတယ်။ အခုအခါမှာ တော်လှန်ရေးသမားတွေရှိလို့ဆိုပြီး မအလတပ်တွေက ရွာတွေကိုလက်နက်ကြီးတွေနဲ့ ထုနေတာ၊ လုယက်သတ်ဖြတ်မီးရှို့ လုပ်နေတာတွေဟာ ဒီတော်လှန်ရေးအင်အားစုတွေကို တန်ဖိုးအကြီးဆုံး အရင်းအနှီးဖြစ်တဲ့ ပြည်သူလူထုနဲ့ ခွဲဖို့ပဲဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုများအဖို့ တန်ဖိုးအကြီးဆုံး အရင်းအနှီးဟာ ပြည်သူလူထုလို့ဆိုနိုင်သလို အခရာ-အချက်အချာ အကျဆုံး နည်းနာဟာ သွေးစည်းညီညွတ်ရေးလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင် စနစ်ကို တိုက်တယ်ဆိုရာမှာ မအလတယောက် ပြုတ်သွားရေးသက်သက် မဟုတ်ပါဘူး။ ဗမာပြည်မှာ စစ်အုပ်စုရယ်လို့ မတည်ရှိနိုင်တော့အောင်၊ ရာစုနှစ်ဝက်ကျော် သက်တမ်းရှိခဲ့တဲ့ စစ်အာဏာရှင် စနစ်ကြီးအပြီးတိုင် အမြစ်ဖြိုလှဲရေးဖြစ်ပါတယ်။ တာဝန်က အလွန်ကြီးမားလေသမို့ ကိုယ့်ဘက်က စိတ်ဓာတ်မြဲခိုင်၊ ဇွဲနပဲ ရှိဖို့လိုသလို ညီညွတ်ရေးရဲ့ အခရာကျမှုကိုလည်း သဘောပေါက် နားလည်ကြရပါမယ်။ ဒီစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုတာတွေကို ပျောက်ကွယ်သွားအောင်လုပ်ဖို့ဆိုရင် စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒတူညီတဲ့ ဗမာပြည်သားအားလုံး (အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး) လက်တွဲညီညွတ်ကြဖို့ဟာ အဓိကအခရာကျပါတယ်။ ကိုယ့်ဘက်ရဲ့ ဒီအင်အားတွေကို စစ်အုပ်စုအနေနဲ့ ဘယ်လိုမှတိုက်လို့ မနိုင်သလို သူတို့ရဲ့တည်ရှိနိုင်စွမ်း ကျဆင်းသထက်ကျဆင်းလာတယ် ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါကြောင့်သူတို့စစ်ကောင်စီဟာ သူတို့စစ်အုပ်စု(စစ်ခရိုနီ လက်ဟောင်းလက်သစ်တွေအပါ) မှအပ ကျန်တဲ့ လူမျိုးအသီးသီး၊ အလွှာအသီးသီးက သူတို့ကိုဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကို ချေမှုန်းနိုင်သမျှချေမှုန်း၊ ဖြိုခွဲနိုင်သမျှဖြိုခွဲတဲ့ အလုပ်တွေ စလုပ်နေပါပြီ။

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ်

၇၅နှစ်မြောက်လွတ်လပ်ရေး/ပြည်တွင်းစစ်

ရဲဘော်ဖိုးသံချောင်း

အခုအခါ ဗမာပြည်သားများအနေနဲ့ ကမ္ဘာမှာဗမာကွရယ်လို့လက်မထောင်နိုင်တာဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့တိုင်းပြည်ဆိုတာပါပဲ။ လွတ်လပ်ရေးရတဲ့သက်တမ်းကြာလာတာနဲ့အမျှ ပြည်တွင်းစစ်ကပိုမိုးပြင်းထန်လာ လေ လေ၊ လူထုတွေပိုဒုက္ခတွေ့ရလေလေ၊ စီးပွားရေးပိုမိုကျဆင်းလေလေဖြစ်နေတာဟာ ဒီ ကမ္ဘာပေါ်မှာ ဗမာနိုင်ငံ သာပဲရှိတယ်ထင်ပါတယ်။

ဗမာပြည်လွတ်လပ်ရေးရတာနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတာဟာ သုံးနှစ်တောင် မခြားပါဘူး။ အဲဒီကာလတိုလေးအတွင်းမှာပဲ ဗမာပြည်တပြည်လုံးအလုပ်သမားသပိတ် တွေ၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားအင်အားပြပွဲ(ညီလာခံ)တွေ၊ အမှုထမ်းအရာ ထမ်းသပိတ်၊ စာရေးစာချီသပိတ်စတာတွေအပြင် တခြားနိုင်ငံတွေမှာမကြားဖူးတဲ့ ပုလိပ် (ရဲ)သပိတ်စတဲ့ လူထုလှုပ်ရှားမှု(တိုက်ပွဲ)မျိုးစုံ စည်ညံဟိန်းနေခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ အစိုးရနဲ့ သူတို့ရဲ့ယန္တရားကိုဦးတည်ထားတဲ့ဒီတိုက်ပွဲတွေကြောင့် အင်္ဂလိပ်ဟာဂျပန်ရဲ့ လက်ကနေဗမာပြည်ကိုပြန်သိမ်းပြီး သုံးနှစ်တောင်မကြာမီမှာပဲ လွတ်လပ်ရေးပေးခဲ့ရတာဖြစ် ပါ တယ်။

လွတ်လပ်ရေးပေးတယ်ဆိုတာ ကိုယ့်လက်ထဲမှာရှိတဲ့အာဏာကို လက်လွှဲပေးရတာဆို တော့ အဲဒီတုန်းကဗမာပြည်ရဲ့အခြေအနေအရ အင်္ဂလိပ်ဟာမတတ်သာလို့သာပေးရတယ်၊ သူပေးချင်တဲ့သူတွေကိုပေးမယ်၊ သူ့နိုင်ငံရေး၊ စီးပွားရေးသြဇာကိုဆက်လက်ထိန်းသိမ်းကာ ကွယ်မယ့်သူတွေကိုပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုကျေးဇူးအသိအမှတ်ပြုတဲ့ အနေနဲ့ ဆိုရှယ်လစ်ပါတီဦးကျော်ငြိမ်းကလည်း “ဗမာပြည်ရဲ့လွတ်လပ်ရေးဟာ ဗြိတိသျှ အစိုးရလေဘာပါတီရဲ့ကျေးဇူးကြောင့်ရခဲ့တာ”လို့ထုတ်ပြောပါတယ်။ ဒီလိုနဲ့အဲဒီတုန်းက ဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲက လက်ယာအင်အားစုတွေဟာ ကိုလိုနီသခင်တွေရဲ့ အကြိုက်လိုက်ပြီး လက်ဝဲအင်အားစုတွေကို အပြတ်တိုက်ပြကြပါတော့တယ်။ သူတို့ဟာ အရင်းရှင်ကိုလိုနီအစိုးရတွေအတွက် စိတ်ချရ၊ အာမခံချက်ရှိတဲ့ အင်အားစုတွေဖြစ်ကြောင်း ပြည်ပအထိထွက်ပြီး လှုပ်ရှားပြောဆိုကြပါတယ်။ ဒီတော့မှကိုလိုနီအရှင်သခင်တွေက ဒီလို ကောင်မှငါတို့လူဆိုပြီး ဝမ်းသာအားရနဲ့ ဖဆပလလက်ယာဂိုဏ်းထိပ်သီးတွေရဲ့လက်ထဲကို လွတ်လပ်တဲ့ဗမာပြည်ကြီးထိုးထည့်ပေးလိုက်ပါတယ်။ အရှင်မွေးနေ့ချင်းကြီးဆိုသလို အာ ဏာအရှိန်နဲ့တပြောင်ပြောင်ဖြစ်လာကြတဲ့ ဖဆပလလက်ျာဂိုဏ်းထိပ်သီးတွေဟာ ဇန္နဝါရီလ ၄ရက်နေ့အလွန် ၂လမကြာမီမှာပဲ သခင်အားရကျွန်ပါးဝအစွမ်းပြကြပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့သခင်တွေကို တွန်းလှန်မောင်းထုတ်ရာမှာထိပ်တန်းကပါခဲ့တဲ့၊ လက်ရှိအချိန်မှာ လည်း နယ်ချဲ့ဆန့်ကျင်ရေးစကားတွေ မနားတမ်းပြောနေတုန်းဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ လက်ဝဲအင်အားစုတွေကို တောထဲမောင်းပို့ပြီး ချေမှုန်းရေးတွေ အကြီးအကျယ် လုပ်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၄၈ခုနှစ်၊ မတ်လ ၂၈ရက် နေ့ကစပြီး အတိုက်အခံလုပ်ချင် သူတွေအားလုံး တောထဲဆင်းလက်နက်ကိုင်ရတာ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအခါမှာ ပုလိပ် သပိတ်ကတည်းက ဖင်တကြွကြွဖြစ်နေတဲ့ ဖဆပလအစိုးရ တပ်ထဲကအင်အား(တပ်ရင်း) နဲ့တပ်သားတချို့လည်း ဖဆပလအစိုးရအပေါ်မကျေနပ်လို့ တောထဲဆင်းသွားကြပါတယ်။ ဒီလိုလုပ်ခဲ့တာ တိုင်းရင်းသားတပ်တွေချည့်မဟုတ်ပါဘူး။ မြန်မာအမျိုးသားတပ်တွေလည်းပါ ပါတယ်။

အဲဒီလိုနဲ့ ၇၅ နှစ်လုံးလုံး ဗမာတပြည်လုံးမီးဟုန်းဟုန်းတောက်ခဲ့တာ ဒီနေ့အထိပါပဲ။ ၄၈ ခု နှစ်မှာ ရာဇာပလ္လင်ပေါ်တက်ထိုင်ခဲ့တဲ့ ဖဆပလအဖွဲ့ကြီးဟာ ၁၉၅၆ ခုနှစ်မှာ ဟက်တက်ကွဲပါ တယ်။ အာဏာသက် ရှစ်နှစ်အကြာမှာဖြစ်တာပါ။ အဲဒီနောက် ၁၉၅၈ ခုနှစ်မှာတော့ ဗိုလ်နေဝင်းဟာ သူ့ဘော်ဒါဆိုရှယ်လစ်တွေ အခြေအနေမလှမှန်းသိလို့ သူကိုယ်တိုင်ထွက် အာဏာသိမ်းတာလုပ်ပါတယ်။ လွတ်လပ်ရေးဆိုတာကြီးရပြီး ဆယ်နှစ်တိတိအကြာမှာစစ်တပ် ကအိမ်စောင့်အစိုးရဆိုပြီး အာဏာသိမ်းတာဖြစ်ပါတယ်။ အဲဒီနောက် ၁၉၆ဝခုနှစ်မှာ“ရွေး ကောက်ပွဲ”ဆိုတာလုပ်ခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲကတင်မြှောက်လိုက်တဲ့ဦးနုအစိုးရဟာ နှစ်နှစ်သာသာပဲ သက်တမ်းခံပြီး ၁၉၆၂ခုနှစ်မှာ အာဏာသိမ်းခံရတာ၊ “ထိန်းသိမ်း” ခံရ တာတွေဖြစ်ကုန်ပါတော့တယ်။ အဲဒီအချီဟာ နောင်မှာဆက်ဖြစ်လာဦးမယ့် အာဏာသိမ်းပွဲ အကြိမ်ကြိမ်အတွက်ပဏာမအားယူလိုက်တာ၊ ခတ်ကွင်းပြင်လိုက်တာလို့ ဆိုနိုင်ပါတယ်။ ဒီ တကြိမ်သိမ်းလိုက်တာနဲ့ပဲ ဗိုလ်နေဝင်းဟာ ဖဆပလနှစ်ခြမ်းရဲ့ အရည်အသွေးကိုရော၊ အာ ဏာအခွင့်အရေးနဲ့ဖြားယောင်းလို့ရတဲ့ မိမိတပ်ကတပ်မှူးတွေရဲ့ သစ္စာရှိမှုကိုပါ ဆဝါးသွား နိုင်ပြီး သူတို့ကြေးစားတပ်အတွက် အစဉ်အလာတခုတည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့အဖို့ပြောရရင် ပြည်တွင်းစစ်ဖြစ်နေရင် စစ်တပ်အနေနဲ့အာဏာသိမ်းဖို့ပိုလွယ်၊ ပိုမြဲမြံ တယ်ဆိုတဲ့ တရားကိုလည်းထူထောင်လိုက်နိုင်သွားပါပြီ။ ဒါကြောင့်လည်းအခုအခါမှာ ဗိုလ် မင်းအောင်လှိုင်တို့ဟာ ဗမာပြည်ပြည်သူတွေကို ရွေးကောက်ပွဲနဲ့အာဏာသိမ်းမှု၊ တခုခု ကြိုက်ရာရွေးလို့ထုတ်မပြောရုံတမယ် အကျပ်ကိုင်နေပြန်ပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ ဆို တာကိုလည်း စစ်ကောင်စီကသေနတ်တပြပြနဲ့ပြောနေတာပါ။ သူတို့အတွက်ကတော့ ဒီနှစ် မျိုးစလုံးဟာ သပိတ်ဝင်အိပ်ဝင်ချည်းပါ။

ပြန်ချုပ်လိုက်ရင် ဗမာပြည်မှာလွတ်လပ်ရေးဆိုတာကြီးရပြီးနောက် ကျင်းပခဲ့တဲ့ ရွေး ကောက်ပွဲတွေကတင်မြှောက်ခဲ့တဲ့အစိုးရတွေထဲမှာ စစ်အုပ်စုပီပီပြင်ပြင်မပေါ်ပေါက် သေး တဲ့ ၁၉၄၈ ခုနှစ်အစိုးရနဲ့ ၁၉၅၂ခုနှစ် ရွေးကောက်ပွဲကတင်လိုက်တဲ့ ဖဆပလအစိုးရတွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ၂ဝ၁၂ခုနှစ်(၂၀၁ဝ-၂ဝ၁၄)နဲ့ ကြံ့ဖွတ်အစိုးရ သူ တို့ကစိတ်ချလက်ချခွင့်ပြုခဲ့တဲ့ (၂ဝ၁၅-၂ဝ၂ဝ ဒီချုပ်အစိုးရ) တို့ကလွဲရင် ပြည်သူတွေက ရွေးကောက်ပွဲဆိုတာတွေကတင်မြှောက် လိုက်တဲ့အစိုးရမှန်သမျှတွေဟာ သက်တမ်း ပြည့် အောင်မတည်ရှိခဲ့ဘဲ အာဏာသိမ်းတာနဲ့ချည့် ဇီဝိန်ချုပ်ခဲ့တယ်ဆိုတာပါပဲ။ ဗိုလ်နေ ဝင်းကျင်းပပေးတဲ့ ဦးနုတို့ရဲ့သန့်ရှင်းဖဆပလက(ပထစ) တပြည်လုံးမှာခြိမ့်ခြိမ့်သဲနိုင်ခဲ့ တယ်လို့ဆိုရမယ့် ၁၉၆ဝ ခုနှစ်ရွေးကောက်ပွဲတောင်မှ ၁၉၆၂ခုနှစ်အာဏာသိမ်းပွဲနဲ့ ဇာတ် သိမ်းခဲ့တယ်မဟုတ်ပါလား။

အခုလည်း စစ်ကောင်စီက ရွေးကောက်ပွဲမျက်လှည့်ပွဲကို ပွဲထုတ်လာပြန်ပါပြီ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအာမခံချက်မှမပေးတာကိုလည်း သတိမပြုမိဘဲ မနေ နိုင်ပါဘူး။ သာမန်တရားမျှတမှုလောက်ကိုတောင်မှအာမမခံပါဘူး။ အဲဒီရွေးကောက်ပွဲဆို တာကို စစ်တပ်၊ ပုလိပ်၊ စစ်တပ်၊ ပျူစောထီးစတာတွေက ဝင်မရှုပ်ပါဘူးလို့မပြောသလို အာဏာမသိမ်းတော့ပါဘူးလို့လည်း အာမမခံရုံမက လေသံလေးတောင်မဟပါဘူး။ ဒါ့ အ ပြင် သူတို့ရဲ့သမ္မာကျမ်းစာသဖွယ်ဖြစ်တဲ့ ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးရဲ့ လောင်းရိပ်အောက်မှာ ဗိုလ်မင်းအောင်လှိုင်တယောက်သမ္မတမင်းအောင်လှိုင်ဖြစ်ရေးကိုပဲ အဓိကဦးတည်ထားတာပါ။ သူတို့ချည်းပြိုင်၊ သူတို့ချည်းနိုင်မယ့်ဒီရွေးကောက်ပွဲကို အခု ကတည်းက လူတကာ၊ နိုင်ငံတကာကဆန့်ကျင်နေကြတာဟာ မျက်ကွယ်ပြုလို့မရတဲ့အရာ ပါ။

နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ဗမာပြည်ကြီးဟာ အင်္ဂလိပ်ကိုလိုနီ၊ ဂျပန်ဖက်ဆစ် တွေအောက်က လွတ်လပ်တာ၇၅နှစ်သာပြည့်သွားရော စစ်အာဏာရှင်အုပ်စိုးတဲ့နိုင်ငံပဲ ဖြစ် မြဲဖြစ်နေဦးမှာပါ။ စစ်အာဏာရှင်စနစ်ကို ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးက အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ကျွန်တော်တို့ရဲ့ ဗမာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်အောက် ကြမ္မာဆိုး ခံစားနေရတဲ့ ဘဝဆိုးထဲက ရုန်းထွက်လွတ်မြောက် တန်းတူညီမျှ သာယာဝပြောတဲ့ ဗမာပြည်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။