Monthly Archives: August 2022

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက်ပါတီနေ့ကို အထိမ်းအမှတ်ပြုခြင်း

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက်ပါတီနေ့ကို အထိမ်းအမှတ်ပြုခြင်း

ရဲဘော်ဗလူ

အခုလာမယ့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ပါတီရဲ့ အရှေ့မြောက်လွတ်မြောက်ရေး အခြေခံဒေသကို ရောက်တဲ့အခါမှာတော့ အဲဒီနေ့ ကို သြဂုတ်လ ၁၅ ရက်ကို သင်္ကေတပြုပြီး (၈၁၅)နေ့ လို့ခေါ်တယ်လို့ သိရှိနားလည်ခဲ့ရပါတယ်။ ပါတီရဲ‌ဘော်များဟာ တော်လှန်ရေးတရပ်ရဲ့ အကွေ့အကောက်၊ အတက်အဆင်းများကိုဖြတ်သန်းရင်း ကိုယ့်ပါတီရဲ့ပါတီနေ့နဲ့ တော်လှန်ရေး နေ့များကိုတော့ ရောက်တဲ့နေရာ၊ ရတဲ့အနေအထားနဲ့ အထိမ်းအမှတ်ပြုလိုကြပြီး  အထိမ်းအမှတ်လည်း ပြုကြ စမြဲပါပဲ။ အခုလည်း ကျရောက်လာတော့မယ့် မိခင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် မင်္ဂလာအခါသမယကို ဒီဆောင်းပါးနဲ့ အထိမ်းအမှတ်ပြုလိုက်ပါတယ်။ 

(၁)

ပါတီနေ့ အထိမ်းအမှတ်ပြုမှုအကြောင်းများကို မပြောမီ ကွန်မြူနစ်ပါတီဆိုတာဘာလဲဆိုတဲ့ပြဿနာကို အရင်ပြောဖို့ လိုပါတယ်။ 

ကွန်မြူနစ်ပါတီဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ မြေကြီးထဲက ပေါ်ပေါက်လာတာလည်း မဟုတ်ဘူး။ ကွန်မြူနစ်ပါတီဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှ  သမိုင်းလိုအပ်မူအရ ပေါ်ပေါက်လာတာပါ။ အားလုံးသိကြတဲ့အတိုင်း လူ့အဖွဲ့အစည်းဆိုတာ ရှေးပဒေသာပင်ခေတ်၊ ကျေးကျွန်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်-ကွန်မြူနစ်ခေတ် တခေတ်ပြီးတခေတ် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လာခဲ့တာပါ။ ဒီစနစ်ဒီခေတ်တွေဟာ လူသားများရဲ့ တိုက်ပွဲဝင်ရုန်းကန်မှုများ၊ တော်လှန်တိုက်ပွဲဝင်မှု များအရ ပေါ်ထွန်းလာတာဖြစ်ပါတယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို နောက်ဆုံးမှာ လူတန်းစားကွဲပြားမှုမရှိတဲ့၊ ပုဂ္ဂလိကပိုင်ဆိုင်မှု(Private property)မရှိတဲ့၊ ချမ်းသာဆင်းရဲ ကွဲပြားမှုမရှိတဲ့၊ လူလူချင်းဖိနှိပ်သွေးစုပ်မှု၊ အထင်သေးမှုမရှိတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းကို တက်လှမ်းသွားမှာပါ။ 

ပထမကမ္ဘာစစ်အပြီး ရုရှားအောက်တိုဘာတော်လှန်ရေးနဲ့အတူ ဆိုဗီယက်ရုရှား ဆိုရှယ်လစ်ပြည်ထောင်စု ပေါ်ထွန်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများနဲ့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်။ ၁၉၉၀-၉၁ စစ်အေးခေတ် အဆုံးမသတ်မီထိ ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်စနစ်နိုင်ငံ ၁၃ နိုင်ငံ ပေါ်ထွန်းခဲ့တာပါ။ လူ့သမိုင်းဖြစ်ထွန်းမှုရဲ့ အကွေ့အကောက်အတက်အဆင်းများရဲ့ သဘာဝကြောင့် အရင်းရှင်လူတန်းစားမီဒီယာတွေက ဆိုရှယ်လစ်စနစ်ကို မွေးလာကတည်းက သူ့ရဲ့ရန်သူဖြစ်တာမို့ မကောင်းသတင်းဝါဒဖြန့်ခဲ့ပေမယ့် တကယ်တမ်း အသေအချာ အလေးအနက်လေ့လာကြည့်မယ်ဆိုရင် ဒီဆိုရှယ်လစ်နိုင်ငံတွေမှာ  တစုံတရာတိုးတက် လူ့ဘဝအာမခံချက်ရှိမှုကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါလိမ့်မယ်။ 

အရင်းရှင်စီးပွားရေး ဘက်စုံဆုတ်ကပ်ကြုံနေတဲ့ ယနေ့ခေတ်မှာ ဆိုရှယ်လစ်နိုင်ငံများဟာ ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့အတူ ဝန်ရိုးစုံကမ္ဘာ့စည်းစနစ်သစ်တရပ်ကို ပုံဖော်လာနေပြီဖြစ်တယ်။  လူ့အဖွဲ့အစည်းဟာ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်တက်လှမ်းဖို့ ကွန်မြူနစ်ပါတီတွေ ပေါ်ပေါက်လာခဲ့တာပါ။  

ဒီနေ့ကမ္ဘာပေါ်မှာ   နိုင်ငံ ၁၀၀ ကျော်မှာ ကွန်မြူနစ်ပါတီနဲ့ မာ့က်စ်ဝါဒကျင့်သုံးတဲ့ပါတီ ၁၂၇ ပါတီရှိနေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က ၁၈၀ ပါတီရှိခဲ့ရာက ဆိုဗီယက်ပြည် ထောင်စုပြိုကွဲသွားပြီး နောက်ပိုင်း မှာတောင်မှ ကမ္ဘာပေါ်မှာ ကွန်မြူနစ်ပါတီနဲ့ မာ့က်စ်ဝါဒပါတီ သို့မဟုတ် အလုပ်သမားပါတီ ၁၂၀ အထိ ရှိနေပါသေးတယ်။ အခု မျက်မှောက်အချိန်မှာ ၁၂၇ ပါတီ ရှိနေတာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဒီလိုကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှ အကွေ့အကောက် အတက်အဆင်းများကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ကာ ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဗမာပြည်မှာ ဆိုရှယ်လစ်စနစ်လူအဖွဲ့အစည်း အကောင်အထည်ဖော်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တာ၊ ၂၀၂၂ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ဆိုရင် ပါတီသက်တမ်း  ၈၃ နှစ် ပြည့်ပါတော့မယ်။ အဲဒီလို ပါတီသက်တမ်း ၈၃ နှစ်ရှိခဲ့ပေမယ့် ဥပဒေတွင်းပါတီအဖြစ် ၃ နှစ်သာ ရပ်တည်ခွင့်ရခဲ့ဖူးတာပါ။

အထက်တနေရာမှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာပြည်တော်လှန်ရေးလက်တွေ့အတွင်းက ပေါ်ထွက်လာတာလို့ ပြောခဲ့ပါတယ်။ အခု လက်တွေ့ကြည့်ကြရအောင်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြင်းထန်လှတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုင်းပြည်လွတ်လပ်ရေး လှုပ်ရှားမှု တိုက်ပွဲများအတွင်းမှ ခက်ခက်ခဲခဲပေါ်ထွက်လာခဲ့တာပါ။ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဟာ ဗမာပြည်ကို ၁၈၂၄၊ ၁၈၅၂နဲ့ ၁၈၈၅ ခုနှစ်များမှာ ၃ကြိမ်တိုင်စစ်ခင်း သိမ်းပိုက်ဖို့ကြိုးစားခဲ့ရာ  ၁၈၈၅ ခုနှစ်မှာ ဗမာပြည်ဟာ တနိုင်ငံလုံး အင်္ဂလိပ် ကိုလိုနီလက်အောက်ကျသွားပေမယ့် တိုင်းရင်းသားပြည်သူလူထုဟာ ငြိမ်သက်မသွားပါဘူး။ ခေတ်မီလက်နက်များ ကိုင်ဆောင်ထားတဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားများကို ရရာလက်နက်စွဲကိုင် ဆက်လက်တိုက်ပွဲဝင်နေခဲ့ပါတယ်။ ၁၀ နှစ် ၁၅ နှစ်ကြာမှ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ သမားဟာ နယ်ချဲ့အုပ်ချုပ်ရေးယန္တရားကို စတင်ထူထောင်နိုင်ခဲ့တာပါ။ အဲဒီလို ထူထောင်ပြီးပေမယ့်လည်း ဗမာပြည်တိုင်းရင်းသားပြည်သူများဟာ ငြိမ်သက်သွားတာမဟုတ်ပါဘူး။ နည်းသဏ္ဌာန် မျိုးစုံနဲ့ တိုက်ပွဲဝင်နေတာပါ။ 

၁၉၀၆ ခုနှစ်မှာ YMBA ဗုဒ္ဓကလျာဏယုဝအသင်း ပေါ်ပါတယ်။ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုဖြစ်တယ်။ လူလတ်တန်းစားပညာတတ်များ အမျိုးသားဓနရှင်များက ဦးဆောင်ခဲ့ပါတယ်။ ၁၉၂၀ စက်တင်ဘာမှာ GCBA ဝံသာနုအသင်းအဖွဲ့ကြီးပေါ်ပေါက်တယ်။ ၎င်းအသင်းရဲ့ခေါင်းဆောင်မှုနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ယုဒသန်ကောလိပ် ကျောင်းသားများရဲ့ ကျောင်းသားသပိတ် ပေါ်ပေါက်လာတယ်။ ပထမကျောင်းသားသပိတ်လို့ သမိုင်းကမ္ပည်းထိုးတယ်။ 

၁၉၂၀-၂၂ အကြားအမျိုးသားရေးလှုပ်ရှားမှုအဖြစ် “ဟုမ္မရူး” ကိုယ်ပိုင်အုပ်ချုပ်ရေးရရေးလှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပေမယ့် အင်္ဂလိပ်အစိုးရရဲ့ ဒိုင်အာခီ” နဲ့တွေ့ပြီး ဝံသာနုအသင်းချုပ်ကြီး ၂ ဖွဲ့ကွဲသွားတယ်။ 

၁၉၂၉ -၁၉၃၁ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်ဗမာပြည်မှာ ဆန်စပါးဈေး ဒလဟောကျဆင်းခဲ့တယ်။ တောင်သူလယ်သမားများဟာ ကုန်းခံနိုင်တဲ့အခြေအနေမရှိတော့ဘူး။ ဆရာစံခေါင်းဆောင်တဲ့ လယ်သမားဂဠုန်အဖွဲ့များရဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်ရေးဟာ ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်မှာပေါ်လာတယ်။ ၂ နှစ်ခန့်အကြာမှာ ဆရာစံနဲ့ တောင်သူလယ်သမားခေါင်းဆောင်အမြားအပြား ဖမ်းဆီးခံရပြီး ကြိုးပေးကွပ်မျက်ခံရတယ်။ ဆရာစံလယ်သမားသူပုန်ရှုံးနိမ့်သွားခြင်းဟာ ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုမှာ ဝံသာနုအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်မှု အဆုံးသတ်သွားသလို အမျိုးသားအရင်းရှင်လူတန်းစားရဲ့ခေါင်းဆောင်မှု အဆုံးသတ်သွားခြင်းဖြစ်တယ်။

၁၉၃၀ ခုနှစ် မေလ ၃၀ ရက်နေ့မှာ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာပြီး ဗမာပြည်အမျိုးသားရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင်အခန်းဟာ တို့ဗမာအစည်းအရုံး လက်ထဲရောက်ရှိသွားတယ်။ အမျိုးသားလှုပ်ရှားမှုဟာ ဂျီစီဘီအေလက်ထက်ကထက် တဆင့်တက်လာတယ်။ ဒီလှုပ်ရှားမှုကိုခေါင်းဆောင်တဲ့ အဓိကလူတန်းစားမှာ တော်လှန်တဲ့ဓနရှင်ပေါက်စလူတန်းစားနဲ့ ဓနရှင်ပေါက်စပညာတတ်များဖြစ်လာတယ်။  

၁၉၃၁ ခုနှစ်ထဲမှာပဲ ဗမာပြည်သမိုင်းမှာ အရေးပါတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ RUSU  ဟာ  သမဂ္ဂအ ဆောက်အအုံနဲ့တကွ ခန့်ညားထယ်ဝါစွာပေါ်ထွက်လာပါတယ်။

၁၉၃၅ – ၁၉၃၆ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်ကြီးဟာ တို့ဗမာအစည်းအရုံးရဲ့ခေါင်းဆောင်မှုအရှိန်အဝါအောက်မှာ ကိုလိုနီပညာရေးစနစ်ကို ထိုးနှက်တိုက်ခိုက်လိုက်တဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ပေါ်ပေါက် လာပါတယ်။ နောင်သမိုင်းမှာ ဒုတိယအကြိမ် ကျောင်းသားသပိတ်လို့ ကမ္ပည်းထိုးခဲ့ပါတယ်။ သပိတ် ၃ လကြာတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) ပေါ်လာတယ်။ ဒါကြောင့် ဗကသဆိုတာ ဗမာပြည်မှာ ဝါအရင့်ဆုံး လူထုအဖွဲ့အစည်းတရပ်ပါ။

တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးလှုံ့ဆော် ခေါင်းဆောင်မှုအောက်မှာ ၁၉၃၈ ခုနှစ်မှာ ရေနံမြေ ဘီအိုစီအလုပ်သမားများရဲ့ သပိတ်မှစတင်ကာ သံလျင်ရေနံချက်အလုပ်သမား၊ ဆိပ်ကမ်းအလုပ်သမား၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးဌာန အလုပ်သမားသပိတ်များကို ကျောင်းသားများက တနိုင်ငံလုံးဆင်နွှဲတဲ့ ကျောင်းသားသပိတ်များဖြင့် ပူးပေါင်းပါဝင် ကြတယ်။ တောင်သူလယ်သမားတပ်ဖွဲ့များက ရန်ကုန်သို့ချီတက်မှုဖြင့် ရေနံမြေအလုပ်သမားများရဲ့ ရန်ကုန်သို့ ချီတက်ဆန္ဒပြမှုကို ထောက်ခံအားပေး ပါဝင်ပူးပေါင်းခဲ့တယ်။ ရန်ကုန်ရှိ စက်ရုံအလုပ်သမားသပိတ်များကလည်း ရေနံမြေအလုပ်သမားများကစတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးကို ထောက်ခံအားပေးခဲ့တယ်။ ဒီလိုနဲ့ အလုပ်သမား၊ တောင်သူလယ်သမား၊ မြို့နေ ဆင်းရဲသား၊ ကျောင်းသားများရဲ့ လှုပ်ရှားမှုကြီးများ ပေါင်းစုံသွားပြီး ဗမာပြည်မှာ မကြုံစဖူး အကျယ်ပြန့်၊ အကြီးမားဆုံး နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက ဒီ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို အကြမ်းဖက်နှိပ်ကွပ် ဖျက်ဆီးခဲ့တယ်။ ထောင်ပေါင်းများစွာသော အလုပ်သမားများ၊ ကျောင်းသားများ ဖမ်းဆီးခြင်း ခံကြရတယ်။ 

ငြိမ်းချမ်းစွာဆန္ဒပြတိုက်ပွဲဝင်နေတဲ့ ကျောင်းသားထုကို မြင်းစီးပုလိပ်များနဲ့ တားဆီးရိုက်နှက်နှိပ်ကွပ် သပိတ်ဖြိုခွဲတယ်။ ကျောင်းသား ကိုအောင်ကျော် မြင်းစီးပုလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့ရတယ်။ မန္တလေးမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြပွဲကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ အာဏာပိုင်များက ပစ်ခတ်နှိပ်ကွပ်မှုကြောင့် ၁၇ ဦးကျဆုံးခဲ့ရတယ်။ အလားတူပဲ အောင်လံ မှာလည်း အာဏာပိုင်များရဲ့ ပစ်ခတ်နှိပ်ကွပ်မှုကြောင့် တဦးကျဆုံးခဲ့ရတယ်။ 

ချုပ်လိုက်ရင် ၁၃၀၀ ပြည့်အရေးတော်ပုံကိုခေါင်းဆောင်တဲ့ တို့ဗမာအစည်းအရုံးရဲ့ ခေါင်းဆောင်လူတန်းစားမှာ ယေဘုယျအားဖြင့် ဓနရှင်ပေါက်စနဲ့ ပညာတတ်များဖြစ်ခဲ့ရာမှ နောက်ပိုင်းမှာ  တော်လှန်တဲ့ဓနရှင်ပေါက်စ ဒီမိုကရက်များဖြစ်လာကြတယ်။ အတွေးအခေါ်မှာ အမျိုးသားရေးသက်သက်အမြင်မှ အမျိုးသားရေးအမြင်နဲ့ ဆိုရှယ်လစ်ဝါဒအတွေးအခေါ်များ ရောယှက်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာ မာ့က်စ်ဝါဒနဲ့ ရုရှား အောက်တိုဘာတော်လှန်ရေးအကြောင်း စာအုပ်စာတမ်းများ၊ လက်ဝဲစာပေများကို အလုပ်သမား၊ လယ်သမား၊ ပညာတတ်လူငယ်များအတွင်း ဝါဒဖြန့်ချိမှု ကျယ်ပြန့်လာတယ်။ ၁၉၃၆ ခုနှစ်မှာပဲ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ နိုင်ငံရေးစာပေများကိုဝါဒဖြန့်ချိတဲ့ နဂါးနီစာအုပ်အသင်းပေါ်ထွက်ခဲ့ပါတယ်။ 

တဆက်တည်းမှာပဲ မာ့က်စ်ဝါဒလေ့လာရေးအစုများ ဗမာပြည်အနှံ့အပြားမှာ လျှို့ဝှက်စွာပေါ်ပေါက်လာတယ်။  ၁၉၃၉ ခုနှစ်ရောက်တော့ တို့ဗမာအစည်းအရုံးရဲ့ မော်လမြိုင်ညီလာခံမှာ ဆိုရှယ်လစ်ဝါဒအမြင်နဲ့ ရေးဆွဲထားတဲ့လုပ်ငန်းစဉ်ဖြစ်လာကာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနဲ့ ဆို ရှယ်လစ်နိုင်ငံထူထောင်ရေးဆိုတဲ့လုပ်ငန်းတာဝန် ၃ ရပ်ဖြစ်လာခဲ့ပါပြီ။ ဖော်ပြပါ အခြေအနေအရပ်ရပ်က ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်သယ်ဆောင်ရေး အတွက် သိပ္ပံနည်းကျ မာ့က်စ် လီနင်ဝါဒ တော်လှန်ရေးအတွေးအခေါ် လက်နက်တပ်ဆင်ထားတဲ့ ခေတ်မီအလုပ်သမားလူတန်းစားပါတီတရပ်ရဲ့ ခေါင်းဆောင်မှုလိုအပ်နေကြောင်းနဲ့ မာ့က်စ်လီနင်ဝါဒပါတီတရပ် ထူထောင်သွားရန် လိုအပ်နေကြောင်း ဖော်ပြနေပါတယ်။ ဒီတာဝန်ဟာ ဗမာပြည်နေရာအနှံ့အပြားမှာပေါ်ပေါက်နေတဲ့ မာ့စ်ဝါဒ လေ့လာရေး အစုများရဲ့ ပခုံးပေါ်ကျရောက်နေပါပြီ။ 

(၂)

တကယ့်လက်တွေ့မှာ မာ့က်စ်ဝါဒကို လမ်းညွှန်အတွေးအခေါ်အဖြစ်ထားတဲ့ ကွန်မြူနစ်ပါတီတရပ် ထူထောင်ရေး ဆိုတာ ကျွန်တော်တို့တိုင်းပြည်နဲ့ ကျွန်တော်တို့အမျိုးသားရေးဆိုင်ရာ ကွန်မြူနစ်ပါတီတရပ်ကို ကျွန်တော်တို့စိတ်နဲ့ ကျွန်တော်တို့ကိုယ်၊ ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ ထူထောင်လို့မဖြစ်သေးတဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့  တတွေ အခုထူထောင်ဖို့ကြိုးစားနေတဲ့ အလုပ်သမားလူတန်းစားတပ်ဦးပါတီဆိုတာ အမျိုးသားရေးအမြင်နဲ့ အမျိုးသားရေးရည်မှန်းချက် သက်သက်လောက်နဲ့ ထူထောင်လို့ရနိုင်၊ ပြီးနိုင်တဲ့ ပါတီအမျိုးအစားလည်း မဟုတ်ဘူး။ ကျွန်တော်တို့ထူထောင်ရမယ့် ကွန်မြူနစ်ပါတီဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်အမျိုးသားရေးတာဝန်လောက်သာ မဟုတ်သေးဘဲ နိုင်ငံတကာ့တာဝန်ပါ ထမ်းဆောင်ရမယ့် ပါတီအမျိုးအစားဖြစ်လို့ နိုင်ငံတကာ့အမြင်နဲ့ ရည်မှန်းချက်များလည်း ရှိရပါတယ်။ ဒီနေ့ကမ္ဘာကြီးတခုလုံးကို သူတို့လက်သူတို့ခြေနဲ့ သူတို့ဈေးကွက်အဖြစ် ဗိုလ်ကျခြယ်လှယ်နေတဲ့ ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ်ကြီးကိုပါ တိုက်ရမှာဖြစ်လို့ ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ်ကြီးကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာက အလုပ်သမားလူတန်းစားတွေ၊ အဖိနှိပ်ခံကျွန်အပြုခံနေရတဲ့ အမျိုးသားပြည်သူတွေနဲ့ပါ လက်ချင်းချိတ်တွဲကာ တဦးကိုတဦး အပြန်အလှန်ကူညီအားပေးသွားဖို့ လိုပါတယ်။ အခုကျွန်တော်တို့ ထူထောင်ဖို့ ကြိုးစားနေတဲ့ ကွန်မြူနစ်ပါတီဆိုတာ အမျိုးအစားသစ်ပါတီတရပ်ဖြစ်လို့ အတွေ့အကြုံများပြားတဲ့ နိုင်ငံတကာ့ ညီနောင်ပါတီတွေနဲ့ပါ ညှိနှိုင်းတိုင်ပင်ပြီး၊ သူတို့ဆီက အကူအညီအဆက်အသွယ်ယူပြီး ထူထောင်ဖို့ ကြိုးစားရပါတယ်။ အရေးကြီးတာက ကမ္ဘာ့ကွန်မြူနစ်ပါတီတွေ စုစည်းဖွဲ့စည်းထားတဲ့ ရဲဘော်လီနင်ဦးဆောင်တဲ့ တတိယ အင်တာနေရှင်နယ် ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ဆိုတာ ရှိပါတယ်။ အဲဒီကွန်မြူနစ်အဖွဲ့ချုပ်က တာဝန်ပေးထားတဲ့ ဒေသန္တရဆိုင်ရာဗျူရိုကော်မတီ သို့မဟုတ် ပါတီတခုခုက သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးနဲ့ အသေအချာညှိနှိုင်းဆွေးနွေး တည်ဆောက်ရတာမျိုးဖြစ်ပါတယ်။

တဖက်မှာလည်း ရန်သူနယ်ချဲ့သမားက ကွန်မြူနစ်ဆိုရင် တွေ့ရာသင်းချိုင်း ဓားမဆိုင်းဖြစ်နေလို့ လျှို့ဝှက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဲဒီကာလက အိန္ဒိယတက္ကသိုလ်များမှာ ပညာသင်ယူနေတဲ့ သခင်လှဖေနဲ့ သခင်သိန်းဖေတို့ ၂ ဦးက၊ အိန္ဒိယကွန်မြူနစ်ပါတီနဲ့ လျှို့ဝှက်ဆက်သွယ်ရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ပေမယ့် ကျွန်တော်တို့ပါတီအတွက် အိန္ဒိယကွန်မြူနစ်ပါတီနဲ့တင် မပြီးသေးဘူး။ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကို အိန္ဒိယအင်ပိုင်ယာထဲ ထည့်ထား ပေမယ့် ဗမာပြည်ဟာ အရှေ့တောင်အာရှမှာပါဝင်နေတာပါ။ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်က အာရှနိုင်ငံများရဲ့ ကွန်မြူနစ် ပါတီ သို့မဟုတ် အလုပ်သမားလူတန်းစားပါတီဖွဲ့စည်းရေးကို ကူညီဆောင်ရွက်ပေးဖို့ ဗျူရိုတွေဖွဲ့ထားပါသေးတယ်။ အာရှတိုက် အရှေ့ဖျားတိုင်းပြည်များအတွက် အရှေ့ဖျားဗျူရို၊ အရှေ့ တောင်ပိုင်းဒေသတိုင်းပြည်များအတွက် အရှေ့တောင်ပိုင်းဗျူရိုဆိုတာ ရှိပါသေးတယ်။ ဒါကြောင့် အိန္ဒိယကွန်မြူနစ်ပါတီက အာရှအရှေ့တောင်ပိုင်းဗျူရို လျှို့ဝှက်ထားရှိရာ စင်္ကာပူကို သွားရောက်ဆက်သွယ်ပေးပါတယ်။  အဲဒီတော့ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၊ အရှေ့တောင် အာရှဗျူရိုက ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ရေးကို ကူညီဆောင်ရွက်ပေးဖို့ အိန္ဒိယကွန်မြူနစ်ပါတီကို တာဝန်ပေး လိုက်ပါတယ်။ အခိုင်အမာဆောင်ရွက်ရေးမှာ ဗမာပြည်ကို အိန္ဒိယပြည်နဲ့ မခွဲခင်ကတည်းက ဗမာပြည်ထဲမှာ အိန္ဒိယအမျိုးသားများကို အိန္ဒိယကွန်မြူနစ်ပါတီရဲ့ ကလာပ်စည်းတခု ဖွဲ့စည်းပေးထားမှုရှိနေပြီးသားဖြစ်တဲ့အပြင် သူတို့ဟာလည်း ဗမာပြည်တိုင်းရင်းသားခံယူထားသူများဖြစ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းရေးမှာ သူတို့လည်း ပါဝင်ဖွဲ့စည်းသင့်ကြောင်း အကြံပြုပေးခဲ့ပါတယ်။ ကွန်မြူနစ်ပါတီဆိုတာ လူမျိုးရေးအရဖွဲ့စည်းတည်ထောင်တဲ့ပါတီ မဟုတ်သလို အမျိုးသားရေးအမြင် ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ ဖွဲ့စည်းထားတဲ့ ပါတီအမျိုးအစားလည်း မဟုတ်ပါ။ မာ့က်စ်စီလီနင်ဝါဒအရ နိုင်ငံတကာ့အမြင်၊ လူတန်းစားအမြင်များအရ ဖွဲ့စည်းတည်ထောင်ခြင်းပြုရသော ပါတီ တရပ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းစဉ်က (၁) သခင်အောင်ဆန်း (၂) သခင်လှဖေ (၃) သခင်ဗဟိန်း (၄) သခင်ဘတင်(ဂိုရှယ်) (၅) သခင်စိုး (၆) သခင်ဗိုလ် (၇) ရဲဘော်ထွန်းမောင် (ဒေါက်တာနတ်)တို့ ပါဝင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းကို အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးကာ လျှို့ဝှက် ဖွဲ့စည်းခဲ့ပါတယ်။ 

ပါတီကို ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် ရန်ကုန်၊ နံပါတ် ၁၁ မြေနုလမ်းအိမ်မှာ ဖွဲစည်းခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကွန်မြူနစ်ပါတီများရဲ့ အစဉ်အလာအတိုင်း ပါတီတီတည်ထောင်တဲ့နေ့စွဲနဲ့ အစည်းအဝေးကို ပါတီရဲ့ပထမအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်အဖြစ် မှတ်ယူလေ့ရှိသလို ၎င်း ၁၉၃၉ သြဂုတ်လ ၁၅ ရက်ပါတီ တည်ထောင်တဲ့နေ့စွဲကိုပဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမအကြိမ်ကွန်ဂရက်လို့ မှတ်ယူပါတယ်။ ဒီလိုအခြေအနေ အကြောင်းအချက်များ အောက်မှာ တို့ဗမာအစည်းအရုံးခေတ် ၁၃၀၀ ပြည့် အရေးတော်ပုံတပ်သားဟောင်းကြီးများဖြစ်ကြတဲ့ ဗမာပြည် ခေတ်မီနိုင်ငံရေးမျိုးဆက်ရဲ့ ပထမဆုံးမျိုးဆက် ရဲဘော်ကြီးများက ဗမာပြည်ကွန်မြူနစ်ပါတီကို စနစ်တကျ အင်္ဂလိပ် ကိုလိုနီအုပ်စိုးမှုအောက်မှာ အသက်နဲ့ရင်းကာ ကြိုးပမ်းအားထုတ် ထူထောင်ခဲ့ကြောင်းကို လေးစားဂုဏ်ယူဖွယ်ရာ အကြောင်းအချက်များကို ပါတီရဲ့ ၈၃ နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် တင်ပြလိုက်ပါတယ်။ 

ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သက်တမ်း ၈၃ နှစ်ရှိသွားပေမယ့် အထက်တနေရာမှာ တင်ပြခဲ့သလို ဥပဒေအတွင်း ပြည်သူလူထုရှေ့မှောက်မှာ ၃ နှစ်လောက်သာ ရပ်တည်ခဲ့ရပါတယ်။ တလျှောက်လုံး မြေအောက် လျှို့ဝှက်ပါတီအနေနဲ့တမျိုး လက်နက်ကိုင်တိုက်ပွဲဝင် တိုက်တာတဖုံ ပြင်းထန်သည်းသန်လှတဲ့ မိုးသက်မုန်တိုင်းထဲမှာ အလံမလှဲ အဖိနှိပ်ခံပြည်သူများရဲ့အကျိုး တိုင်းပြည်အကျိုးတို့အတွက် ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ကို ဇွဲနဘဲနဲ့ တိုက်လာခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ဗမာပြည်နိုင်ငံရေးမှာ ထိပ်တန်းကနေ ကိုယ်ကျိုးမဖက် တိုင်းပြည်နဲ့ပြည်သူလူထု အတွက် အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ရေး၊ ဂျပန်ဖက်ဆက်ဆန့်ကျင်တော်လှန်ရေး၊ အဲဒီနောက် ပြန်ဝင်လာတဲ့ အင်္ဂလိပ်အုပ်စိုးသူလက်အောက်မှ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲများမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက်နဲ့ စစ်အုပ်စုအဆက်ဆက်တို့က သောင်းကျန်းသူ အဖျက်သမားများအဖြစ်ဖြင့်အမျိုးမျိုးပုံဖျက်ခဲ့တာပါ။ ဒါပေမဲ့ ဒီကနေ့ဆိုရင် ပါတီရဲ့သက်တမ်း ၈၃ နှစ် ရှိလာပါပြီ။ ခေတ်အဆက်ဆက် ပြည်သူလူထုဘက်ကရပ်တည်ကာ ပါတီရဲ့သားကောင်းသမီးကောင်းတွေ ရာထောင်ချီ အသက် သွေး ပေးလှူစွန့်လွှတ်ပြီး ဖောက်ပြန်တဲ့ရန်သူအဆက်ဆက်ကို အညံ့မခံ အရှုံးမပေး ဇွဲနဘဲနဲ့တော်လှန်တိုက်ခိုက်ခဲ့တဲ့  ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အလံတော်ဟာ နီရဲတောက်ပစွာ တလူလူလွင့်နေဆဲပါ။

အခက်အခဲနဲ့ အကွေ့အကောက်များပြားတဲ့ ဗမာပြည်နိုင်ငံရေးသံသရာထဲမှာ ပြည်သူ့ဘက်က အစဉ်အမြဲရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ကို ဘယ်တုန်းကမှ ဦးမညွတ် ဒူးမထောက်ခဲ့ပါဘူး။ 

စစ်အေးခေတ် စစ်အေးလွန်ခေတ် ကမ္ဘာမှုစီးပွားရေးခေတ် နည်းပညာခေတ် တို့ကိုဖြတ်သန်းရင်း အရင်းရှင်စနစ်ဟာ ဘက်စုံအကျပ်အတည်းနဲ့ရင်ဆိုင်နေရကာ စီးပွားကပ်သံသရာထဲက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေပါတယ်။  ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ အထွေထွေအပြောင်းအလဲနှင့်အတူ၊ ဗမာပြည်ကွန်မြူနစ်ပါတီဟာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ အဖိနှိပ်ခံပြည်သူလူထုကြီးနှင့်အတူ အင်တိုက်အားတိုက် ပါဝင်လုံးပန်း တိုက်ခိုက်ပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်ပါတီဝင်တယောက်အဖို့  နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီလိုပါတီနေ့ဖြတ်သန်းခဲ့ရမှုများကို  အမှတ်တရရှိနေသလို ပါတီနဲ့တော်လှန်ရေးအတွက် ပါတီအလံတော်အောက်မှာ အသက်ပေးလှူသွားတဲ့ ပါတီခေါင်းဆောင်များ၊  ကေဒါများ၊ ရဲဘော်များကိုလည်း ဦးညွတ်အလေးပြုလိုက်ပါတယ်။

မာ့က်စ်လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ် အဓွန့်ရှည်ပါစေ။ 

ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။ 

 ရဲဘော်ဗလူ

သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။

သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။ လှကျော်ဇော

၁၉၈၉-စက်တင်ဘာ(၁၉)ရက်နေ့ န၀တ အာဏာသိမ်းအပြီးမှာ တိုင်းပြည်တ၀န်းက ၈ လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့သူအများအပြားနီးစပ်ရာ တောတွင်းအဖွဲ့အစည်းများထဲသို့ ပြေးဝင်ခိုလှုံ ရောက်ရှိလာကြပါတယ်။

ဒီမှာတင်ကျွန်မတို့ဗမာပြည်ကွန်မြူနစ် ပါတီဌာနချုပ်ရှိရာ ပန်ဆန်းကို ရှမ်းပြည်တဝိုက်က လူငယ်တွေအသုတ်လိုက် ရောက်ရှိလာကြပါတယ်။ ဒီတော့ ပါတီက လက်ခံစောင့်ရှောက်ထားပြီး စစ်ရေး-နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ တနေ့တော့ သင်တန်းဆရာက ပါတီရဲ့စည်းကမ်းကြီး(၃)ရပ်။ သတိပြုရန်(၈)ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပို့ချပါတယ်။(ဒီအထဲမှာ သုံ့ပန်းများကိုညှင်းပန်းနှိပ်စက်ခြင်းမပြုရ ဆိုတဲ့သုံ့ပန်းပေါ်လစီပါပါတယ်။) အမေးအဖြေ အချိန်ရောက်တော့ သင်တန်းသားတဦးက ကျွန်တော်ကျန်တာအားလုံး လိုက်နာနိုင်တယ်။ သုံ့ပန်းပေါ်လစီ တော့ မလိုက်နာနိုင်ဘူးလို့ဆိုပြီး သူမျက်စေ့အောက် ဆန္ဒပြပွဲတွေမှာ စစ်သားတွေပစ်တဲ့ ကျည်ဆန်ကြောင့် သေဆုံးကုန်ကြရတဲ့ သူ့တိုက်ဖော်တိုက်ဖက်ရဲဘော်များအကြောင်း ငိုကြီးချက်မနဲ့ ပြောပြပါတော့တယ်။ ကျန်သင်တန်းသားများကလည်းတယောက်တပေါက် ၀င်ပီးထောက်ခံပြောဆိုပါတော့တယ်။ ဒီလိုပြည်သူတွေအပေါ်ရက်စက်ထားတဲ့စစ်သားတွေပြန်မိလို့ကတော့ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲတဲ့။ သူတို့ရက်စက်ခဲ့သလို ပြန်ပြီး ရက်ရက်စက်စက်ကို နှိပ်စက်ရမှာတဲ့။ သင်တန်းဆရာက ပြောသမျှ အားလုံးနားထောင်ပြီးမှ အခု ခင်ဗျားတို့ကိုစစ်သင်တန်းပေးနေတဲ့ဆရာကိုဘယ်လိုသဘောရသလဲလို့မေးပါတယ်။ ဆရာက သိပ်သဘောကောင်းတာ၊ကျွန်တော်တို့အပေါ်လည်း ညီရင်းအစ်ကိုလိုဆက်ဆံပြီး သင်တန်းပေးရာမှာလည်း သိပ်စိတ်ရှည်တာ။ ကျွန်တော်တို့အားလုံးက သူ့ကို ချစ်လည်း ချစ် လေးလည်းလေးစားတယ်တဲ့။ ဒီတော့မှ သင်တန်းမှူးက အဲဒီ ဆရာဟာ ကျွန်တော်တို့တပ်က မိုင်းယန်းတိုက်ပွဲမှာ ဖမ်းမိလာတာ(မဆလ တပ်က)သုံ့ပန်းပါ။ တခြား သုံ့ပန်းတွေက အိမ်ပြန်သွားကြပေမယ့် သူက မပြန်တော့ဘဲ ကျွန်တော်တို့တပ်ထဲဝင်လာတာ။ အခုသင်တန်းဆရာဖြစ်နေတာလို့ပြောပြရပါတယ်။

ပြည်သူလူထုရဲ့ တော်လှန်ရေးတရပ်ဆိုတာ နဂိုရှိရင်းစွဲ ပြည်သူလူထုကိုဖိနှိပ်တဲ့ ယန္တရားတွေကို ဖြိုလှဲချပြီး ပြည်သူအကျိုးဦးတည်တဲ့ စနစ်နဲ့အစားထိုးကြရမှာပါ။ ဒီတော့လက်ရှိစစ်တပ်ကြီးကိုတိုက်ဖျက်ပစ်ရာမှာ လက်နက်နဲ့တိုက်ရုံမကတခြားနည်းသဏ္ဌာန်ပေါင်းစုံကို တီထွင်ဖန်တီးမှုရှိစွာရှာဖွေပြီး တိုက်ရပါတယ်။ အဲဒီနည်းတွေထဲမှာသုံ့ပန်းပေါ်လစီဟာ အတော်အောင်မြင်တာတွေ့ရပါတယ်။ ဒီနည်းကို အတော်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရုံမက နေရာတကာရောက်အောင် ဝါဒဖြန့်ချိပေးနိုင်ရင် ရန်သူ့စစ်တပ်ဖြိုခွဲရေးအတွက် အလွန်အသုံးဝင်ပါတယ်။ ဒီနေရာမှာနောက်တချက်ဖြစ်တဲ့စစ်အာဏာရှင်တွေရဲ့လူတန်းစားအသိပြတ်သားပုံကိုလည်း ပြောပြရဦးမယ်။ တနည်းအားဖြင့်သုံ့ပန်းပေါ်လစီ အောင်မြင်တယ်ဆိုတာကို သွယ်ဝိုက်ပြဆိုနေတဲ့အချက်လို့လည်း ပြောနိုင်ပါတယ်။

ကျွန်မတို့အရှေ့မြောက်ကတိုက်ပွဲကြီးတွေ(၁၉၇၅-၈၅)မှာသုံ့ပန်းတွေအများအပြားရတတ်ပါတယ်။(တခါက ထင်းရူးတောင်တိုက်ပွဲမှာ စစ်သားအတော်များများ လက်နက်ချတာ ရှိခဲ့ဖူးပါတယ်။)အဲဒီ သုံ့ပန်းတွေကို ကာလတခုသင်တန်းပေးပြီး ပြည်သူ့တပ်မတော်ထဲဝင်ချင်သူတွေကိုဝင်ခွင့်ပြုပီး ပြန်ချင်သူတွေကို ပြန်လွှတ်ပါတယ်။ ပြန်သွားသူတွေကို သူတို့စစ်တပ်ကဘယ်သူကိုမှ တပ်ထဲပြန်မထည့်ပါဘူး။ ဘာစခန်း ညာစခန်း ဆိုတာတွေမှာစခန်းဝင်ခိုင်းပြီး တပ်ထဲကထုတ်ပစ်လိုက်တာချည်းပဲ။ ဘယ်တော့ မှ ဒီစစ်သုံးပန်းတွေကို စစ်အာဏာရှင်တွေကစစ်တပ်ထဲမှာ ပြန်မသုံးရဲတော့ပါဘူး။ ကျွန်မတို့သုံ့ပန်းပေါ်လစီ အောင်မြင်တဲ့နောက် သာဓက တခုပြောပြရဦးမယ်။ ကျွန်မတို့တပ်က သုံ့ပန်းတွေနဲ့အတူ သူတို့ဖမ်းခေါ်လာတဲ့ ပေါ်တာတွေပါ ဖမ်းမိလာတတ်ပါတယ်။ မင်းရန်အောင်ထိုးစစ်အတွင်းမှာ ရှေ့တန်းတပ်က မိလာတဲ့ ပေါ်တာတယောက် ဒဏ်ရာရထားလို့ ကျွန်မတို့ ရှေ့တန်းဆေးအဖွဲ့ ကိုလာပို့ထားပါတယ်။ ဒဏ်ရာပျောက်တော့ ပြန်ဖို့ပြင်ဆင်ပေးရပါတယ်။ ပြန်ခါနီး ကျွန်မတို့စကားစမြည်ပြောတဲ့အခါ(ကျွန်မဆေးကျောင်းသားတွေထဲမှာ ၀ စကား ရှမ်းစကား အခါစကားတတ်သူများပါပါတယ်။ သူတို့က ဘာသာပြန်ပေါ့။) အဲဒီပေါ်တာကဒီလိုပြောသွားတယ်။ သူ့အရင်ပေါ်တာတွေလိုက်ဖူးသူတွေက သူတို့ကိုဒီလိုပြောထားတယ်တဲ့။ မင်းတို့စစ်ကြောင်းနဲ့ပါသွားတဲ့အခါ သေနတ်သံကြားလို့ကတော့ ကိုယ်ကျောပေါ်ပါတဲ့ပစ္စည်းတွေပစ်ချပီးပြေးပေတော့။ သေနတ်သံကြားတဲ့ဖက်ကိုပြေး၊ ဦးထုပ်မှာကြယ်နီတပ်ထားတဲ့(ကျွန်မတို့ပြည်သူ့တပ်မတော်သားတွေရဲ့ဦးထုပ်မှာ ကြယ်နီတံဆိပ်ရှိပါတယ်။)စစ်သားတွေကိုတွေ့အောင်ရှာပြီး ငါတို့ကို စစ်တပ်က ပေါ်တာအတင်းဆွဲလာတာဖြစ်ကြောင်းပြောပြ၊ အဲဒီစစ်သားတွေကဒီစစ်သားတွေ(မဆလစစ်သားတွေကိုဆိုလို)လိုမဟုတ်ဘူး။ တို့ကိုရိုက်တာနှိပ်စက်တာ ဘာမှမလုပ်ဘူး။အိမ်ပြန်ဖို့စားရိတ်တောင် ထုတ်ပေးလိုက်သေးတယ်လို့ပြောပြဖူးတာကို သိပ်မယုံဘူး။ စစ်သားတွေမနှိပ်စက်ဘူးဆိုတာမဟုတ်နိုင်ဘူး လို့ထင်တာ၊ အခုမှသူတို့ပြောတာမှန်တာပဲဆိုတာသိရပါပြီလို့ ပြောပြသွားပါတယ်။ ဟုတ်ပါတယ်။ သေနတ်သံမြည်တာနဲ့ပေါ်တာတွေဟာ ရှိသမျှပစ္စည်းပစ်ချပြီး ပြေးတော့ စစ်ကြောင်းတကြောင်းလုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စစ်ကြောင်းတွေပျက်ကုန်ပါတော့တယ်။ သုံ့ပန်းတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံရုံမက နိုင်ငံရေးအသိတွေဝင်အောင် ဟောပြောဆွေးနွေး၊ လူတန်းစားအသိနိုးကြားလာအောင်လုပ်နိုင်ပြီး ပြည်သူ့ဘက်သားများအဖြစ်ပြောင်းလဲပေးနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးတောင်အကျိုးရှိပါတယ်။ ဒါပေမဲ့ စစ်မြေပြင်မှာ ရန်သူလက်နက်မချရင် သူသေကိုယ်ရှင် ရွပ်ရွပ်ချွံချွံတိုက်ဖို့လိုပါတယ်။ နည်းနည်းမှ စိတ်ကူးယဉ်လို့ မရပါဘူး။ စစ်မြေပြင်မှာ လက်နက်ကိုင်ထားတဲ့ ရန်သူ့ပြောစကားကို ယုံစားပြီး အပစ်ရပ်ဖို့ ထိုးစစ်အရှိန်လျှော့ဖို့၊ ကမ်းလှမ်းချက်ကိုယုံစားပြီး သက်ညှာဖို့မဟုတ်ပါဘူး။ လက်နက်ချလို့ဖြစ်စေ အရှင်ဖမ်းမိလို့ဖြစ်စေ သုံ့ပန်းဖြစ်သွားရင်တော့ သုံ့ပန်းပေါ်လစီအတိုင်း ကျင့်သုံးဖို့လိုပါတယ်။

(၁၉၅၀-၅၃)ကိုးရီးယားစစ်ပွဲအတွင်းကတိုက်ပွဲ တပွဲထဲက အကြောင်းအရာတခုကိုပြောပြပါဦးမယ်။ ၁၉၄၅ခုနှစ်-ဂျပန်ခုခံရေးစစ်ပွဲအောင်မြင်ပြီးနောက် တရုတ်ကူမင်တန်အစိုးရနဲ့တရုတ်ကွန်မြူနစ်ပါတီတို့အကြားတတိယအကြိမ်ပြည်တွင်းစစ်ကြီး ပြန်ဖြစ်ပါတယ်။ အတော်ပြင်းထန်တာ။ ဥက္ကဋ္ဌမော်တို့အဖွဲ့က-ဌာနချုပ်ယင်အန်းကတောင် ဆုတ်ပေးလိုက်ရပါတယ်။ မော်တို့ကိုယ်တိုင်က တပြည်လုံးလွတ်မြောက်ဖို့အနည်းဆုံး(၈နှစ်-၁၀နှစ်)အထိကြာနိုင်တယ် လို့တွက်ထားတာပါ။ ဒါပေမဲ့ ကူမင်တန်တပ်ဟာ အမေရိကန်က ပုံအောကျားကန်ပေးထားပြီး လက်နက်အမျိုးစုံ၊ လေယာဉ်အများအပြားဘဏ္ဍာငွေ စသဖြင့်လိုလေသေးမရှိ ထောက်ပံ့ထားပေမယ့် ပျက်စီးခြစားမှုမျိုးစုံနဲ့ တအိအိပြိုကျသွားလိုက်တာ ၄နှစ်ကာလ(၁၉၄၉)မှာ တိုင်းပြည် အများတကာ့အများစုကြီးလွတ်မြောက်သွားပြီး၊ နိုင်ငံတော်သစ်ထူထောင်လိုက်နိုင်ပါတယ်။

အဲဒီ ကာလအတွင်းမကြုံစဖူး ကိုမင်တန်တပ်တွေ တပ်ရင်းလိုက် ကွန်မြူနစ်တပ်တွေဆီလက်နက်ချကုန်ပါတယ်။(မှတ်ချက်။တချို့တပ်ရင်းတွေထဲမှာလည်း ကွန်မြူနစ်မြေအောက်ရဲဘော်တွေတော့ ရှိတတ်ပါတယ်။)အဲဒီတပ်ရင်းတွေကိုအုပ်စီးမပျက်ဒီအတိုင်းထားပြီး(တချို့တပ်ထွက်ချင်သူတွေတော့ထွက်ခွင့်ပေးပြီး)ကွန်မြူနစ်တပ်ကနိုင်ငံရေးမှူးတွေက သင်တန်းတွေလာပေးပါတယ်။ ပြီးတာနဲ့ တရုတ် လွတ်မြောက်ရေးတပ်ဖွဲ့များအဖြစ် လက်ခံဖွဲ့စည်းပေးပါတယ်။ ဒီလိုနဲ့ ဒီလိုမျိုးတပ်ဖွဲ့ တွေ ကိုးရီးယားစစ်မြေပြင်ကိုပါလာပါတယ်။ ကိုရီးယားစစ်မြေပြင်ရဲ့တပ်မှူးက နာမည်ကျော် ဖုန်တက်ဝှိုင်ပါ။(အရင် အသံထွက်နဲ့ရေးရင် ပင်တေဟူး၊)အလွန်အရေးကြီးတဲ့ တိုက်ပွဲတပွဲတိုက်ဖို့ တပ်မှူးတွေစုဆွေးနွေးပြီး အဓိကတာဝန်ပေးဖို့(ကူးပြောင်းလို့ခေါ်ကြတဲ့)တပ်ရင်းတရင်းကို ရွေးချယ်လိုက်ပါတယ်။ ဒီတင် အဲဒီတပ်တပ်ရင်းမှူး(ကူမင်တန်တပ်မှူးဟောင်း)က ကျွန်တော်တို့တပ်က ကူးပြောင်းလေ။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကြီး ကို ကျွန်တော်တို့ကိုပေးတယ် ဟုတ်လားလို့ မရဲတရဲပြောလာပါတယ်။ဒီတင် စစ်ဆင်ရေးမှူးကြီး ဖုန်က ဟာ မင်းကဘယ်လိုပြောတာလဲ။ ငါလည်း ကူးပြောင်းပဲလေကွာလို့ပြောလိုက်ပါတယ်။ ဟုတ်ပါတယ်။ ဖုန်ကိုယ်တိုင်က အရင် ကူမင်တန်တပ်ကပါ။ နောက်မှ ကွန်မြူနစ်တပ်ထဲရောက်လာတာပါ။တပ်ရင်းမှူးလည်း ၀မ်းသာအားရနဲ့ ခြေစုံရပ်အလေးပြုလိုက်ပြီး စိတ်ချပါ။ ပေးတဲ့တာဝန် ကျေပွန်စေရပါမယ်လို့အာမခံပြီး ကိုယ့်တပ်ရင်းကိုယ်ပြန်ပြေးပြီး စစ်ပြင်ဆင်ရပါတော့တယ်။ ဒီတိုက်ပွဲမှာ ကူမင်တန်တပ်အဟောင်းကိုပြန်သုံးမယ်ဆိုတာ ထိုင်ဝမ်က ချန်ကေရှိတ်ကြားတော့ အဲဒီတပ်ကလူတွေနဲ့ရင်းနှီးတဲ့ တပ်မှူးတွေရှာပြီး စစ်မြေပြင်ကိုလွှတ်လိုက်ပါတယ်။ (ကိုရီးယားစစ်ကိုအမေရိကန်က ဦးစီးတိုက်နေပေမယ့် ထိုင်ဝမ်က စစ်ပြေး ကူမင်တန် စစ်ဗိုလ်အတော်များများလည်း အကြံပေးများအဖြစ်ပါဝင်နေတာပါ။)မျက်နှာချင်းဆိုင်စစ်မြေပြင်ကနေ အဲဒီစစ်ဗိုလ်တွေက တဖက်က သူတို့(ကွန်မြူနစ်တပ်ဖြစ်သွားတဲ့)သူငယ်ချင်းမိတ်ဆွေတွေကို နာမည်တွေနဲ့ ခေါ်ပြီး မင်းတို့တတွေ အခု အစားဆင်းရဲ အနေဆင်းရဲနဲ့ ဘာလို့ကွန်မြူနစ်တွေရဲ့အခိုင်းခံတွေလုပ်နေကြတာလဲ။ တို့ဆီပြန်လာပါ။ ပြန်လာတဲ့လူတွေကို ဘာပေးမယ်။ညာပေးမယ်စသဖြင့် အော်လန်နဲ့ တနေကုန် တယာက်ပြီး တယောက် ဟောပြောပါတော့တယ်။ ဒီမှာတင် ဒီဖက်ကမ်းက (ကူးပြောင်း)တပ်သားလေးတယောက်က သူစကားပြန်ပြောချင်တယ်လို့ခွင့်တောင်းလာပါတယ်။ တချို့(ကွန်မြူနစ်တပ်မှူး)ကသိတ်စိတ်မချပါဘူး။ ဒါပေမဲ့ဖုန် ကပြောခွင့်ပြုလိုက်ပါတယ်။တပ်သားလေးက အော်လန်ကိုင်ပြီး ပြောလိုက်ပုံကတော့ အေး ဟုတ်တယ်။ ငါတို့ဒီမှာ အနေဆင်းရဲ အစားဆင်းရဲတယ်ဆိုတာမှန်တယ်။ တတပ်လုံး ဟိုးထိပ်ဆုံးဗိုလ်ချုပ်ကြီးကအစ အခုငါတို့ တပ်သားတွေအထိ စားတာလည်း အတူတူပဲ၊ ၀တ်တာလည်း အတူတူပဲ။ ဒါပေမဲ့ ငါတို့ဒီမှာ တခါမှအရိုက်အနှက်အဆူအဆဲမခံရတော့ဘူး။ ငါတို့ကို တန်းတူထားဆက်ဆံတာ။ မင်းတို့ရွှေချောင်းတွေပေးမယ်ဆိုတာ အခုမှမင်းတို့ပြောဖူးတာမဟုတ်ဘူး။ ငါတို့ကို မင်းတို့တသက်လုံး ဒီလိုပြောလာခဲ့တာပဲ။ တခါမှမရဖူးပါဘူး။တပ်အတွက်ထုတ်ပေးသမျှအားလုံး မင်းတို့ထိပ်ကကောင်တွေပဲယူကြတာပဲ မဟုတ်လား။ ငါတို့မသိဘူးလို့ထင်နေသလား။ ငါတို့ နောက်ထပ်ဘယ်တော့မှ အလိမ်မခံတော့ဘူးလို့အစချီပြီး သူတို့တတွေ ကူမင်တန်တပ်ထဲနေခဲ့ရစဉ်က ဘယ်လိုနေရစားခဲ့ရတယ်။ ဘယ်လို အကြိမ်းမောင်းအရိုက်အနှက်တွေခံရတယ်။ တပ်ထဲမှာ ဘယ်လောက်ခွဲခြားဆက်ဆံခံရတယ်။ ဘယ်လိုခေါင်းပုံဖြတ်ခံရတယ် ဆိုတာတွေကို မနားတမ်းပြောချလိုက်တာလေ။ တဘက်က ကူမင်တန်စစ်ဗိုလ်လည်း ဘာမှကိုဆက်မပြောနိုင်တော့ဘဲ သူတို့ရဲ့ဟောပြောပွဲကြီးရပ်သွားပါတော့တယ်။ အဲဒီတိုက်ပွဲကြီးမှာလည်း ဒီတပ်ရင်းက ရွပ်ရွပ်ချွံချွံတိုက်ပြလိုက်လို့ အတော်အောင်မြင်သွားပါတယ်။ အဲဒီတိုက်ပွဲကြီးအတွင်း အမေရိကန်က သံချပ်ကားကားကြီးများကိုထုတ်သုံးပါတယ်။ တရုတ်ကွန်မြူနစ်တပ်ကတချို့တပ်မှူးများက သံချပ်ကာကားများကိုမြင်တောင်မမြင်ဖူးဘူး။ အဲဒီမှာလည်း ကူးပြောင်းများထဲက နားလည်တဲ့သူများကပဲ အဲဒီ ရလာတဲ့ သံချပ်ကာကားပေါ်တက်မောင်းပြရ အမြောက်ပြောင်းနောက်ပြန်လှည့်ပြီး ပစ်ပြပေးရပါတယ်။ ဒီလိုနည်းနဲ့ကူးပြောင်းများအကူအညီနဲ့ တရုတ်လွတ်မြောက်ရေးတပ်မတော်ဟာ တိုက်ပွဲတွေမှာအောင်ပွဲတွေရခဲ့တာပါ။

ဗမာပြည်က နွေဦးတော်လှန်ရေးဟာလည်း ဒီလိုမူးစုပဲစု တူမီးစကိုင်ပြီးတိုက်လာရတာဖြစ်လေတော့ ဒီလို ငါးကြင်းဆီနဲ့ ငါးပြန်ကျော်နည်းကိုလည်းလေ့လာသင့်တယ် ထင်ပါတယ်။ လှကျော်ဇော။၁၀-၈-၂၀၂၂။