Monthly Archives: September 2021

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး

ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။ ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက “မရှိတော့ဘူး”လို့ ပြန်ဖြေတော့ အဲဒီကင်ပေတိုင်စစ်ဗိုလ်ဟောင်းက “အဲဒီသခင်သန်းဖေဟာ လူမဟုတ်ဘူး။ နတ်ဘီလူး”ဆိုပြီး အံ့သြချီးမွမ်း ပြောဆိုခဲ့ဖူးတယ်။

သူ့ကို ဖြူး သခင်သန်းဖေလို့ လူသိများတယ်။ တချို့ကတော့ သခင်သန်းဖေ(တောင်ငူ)လို့ ရေးသားဖော်ပြတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စစ်ရေးတာဝန်ကို မယူတော့ဘဲ နိုင်ငံရေးကိုပဲ နှစ်မြှုပ်လုပ်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့ဖူးတယ်။ အဲဒီအခါ စစ်တပ်အတွက် စိတ်ချရအောင် စစ်တပ်ကို ခေါင်းဆောင်သွားနိုင်မယ့်သူကို ဗမာပြည်ကွန်မြူနစ်ပါတီထံက သူတောင်းတယ်။ ပထမဆုံး နာမည်တပ်ပြီး သူ တောင်းတဲ့သူက သခင်ဗဟိန်းပဲ။ သခင်သန်းထွန်းက သခင်ဗဟိန်းကိုတော့ မပေးနိုင်ဘူးဆိုတော့ ဒုတိယ သူတောင်းတာက ဖြူး-သခင်သန်းဖေ။ ပါတီရဲ့ အားအကိုးရဆုံး အရေးပါတဲ့ခေါင်းဆောင်တွေချည်း သခင်အောင်ဆန်းကလိုချင်နေတာမို့ သခင်သန်းထွန်းကလည်း ဘယ်လိုမှ ပေးလို့မဖြစ်ကြောင်း ရှင်းပြရတယ်။ ဒါက တကြိမ်။

နောက်တကြိမ်က လွတ်လပ်ရေးရပြီးလို့ အစိုးရဖွဲ့ရင် ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်၂ ယောက်ကို ဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ထည့်ထားချင်တယ်။ တယောက်က သခင်သန်းထွန်း၊ နောက်တယောက်က ဖြူး-သခင်သန်းဖေ။ ဗိုလ်ချုပ်အောင်ဆန်းဟာ မကျဆုံးမီ ၂ လလောက်အလိုမှာ ဒီကိစ္စအပါ၊ ရှေ့လုပ်ငန်းတွေအတွက် သခင်သန်းဖေနဲ့ အချိန် ၅ နာရီလောက်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့တာလည်း ရှိတယ်။ ဒီအချက်တွေက သခင်သန်းဖေဟာ ဗမာပြည်သူတရပ်လုံးအတွက် တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ခေါင်းဆောင်တယောက်ဖြစ်ကြောင်း သခင်အောင်ဆန်းကဲ့သို့သော လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေကလည်း အလွန်အားကိုးယုံကြည်ကြောင်း ဖော်ပြနေတယ်။

သူ့ရဲ့နိုင်ငံရေးဘဝကို ကြည့်မယ်ဆိုရင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ဒို့ဗမာအစည်းအရုံးဝင်သခင်၊ ၁၃၀၀ ပြည့်အရေးတော်ပုံရဲ့ အသေခံဗိုလ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ ပါခဲ့တဲ့အတွက် ကိုလိုနီခေတ် အကျဉ်းသား၊ ဂျပန်ခေတ်ကျတော့ ၊ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးရဲ့ လူငယ်တာဝန်ခံ၊ ဂျပန်ဖက်ဆစ်တွေရဲ့ ကင်ပေတိုင်အကျဉ်းသား။ ကင်ပေတိုင်ရဲ့အကျဉ်းသားဘဝမှာ နတ်ဘီလူးသခင်သန်းဖေ၊ သံမဏိသခင်သန်းဖေလို့လဲ နာမည်ကျော်ခဲ့တယ်။ သခင်ဗဟိန်းနဲ့အတူတွဲဖက်ပြီး ဂျပန်တော်လှန်ရေးအတွက် ရဲခေါင်ပြောက်ကျားများကိုစည်းရုံးပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ၊ ၁၉၄၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်။ ထိုမျှသာမက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်။ ၁၉၄၇ ခုနှစ် ဖြူးကွန်ဂရက်မှာ ဗမာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကြီးရဲ့အထွေထွေအတွင်းရေးမှူး၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကွန်မြူနစ်အမတ်။ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်မှာ စတင်တော့လည်း ပျဉ်းမနား တောင်ငူ ဒေသတဝိုက် သခင်သန်းထွန်း ဦးဆောင်ပြီး လက်နက်ကိုင်အခြေခံစခန်းများ ထူထောင်ကာ တိုက်ပွဲဝင်နိုင်အောင် အစစ အရာရာ ပြင်ဆင်စည်းရုံးပေးခဲ့ရသူ။

ဒီအချက်တွေကို ကြည့်ရင် သခင်သန်းဖေဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အားထားရတဲ့ ခေါင်းဆောင်ကောင်းတယောက်နဲ့ သားကောင်းရတနာတဦးဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ အဲဒီခေတ်က ထုတ်ဝေခဲ့တဲ့ သတင်းစာတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း တောင်သူလယ်သမားညီလာခံတွေ၊ လယ်သမားစည်းရုံးရေးနဲ့ ဟောပြောပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ ပါတီလုပ်ငန်းဖော်ပြချက်တွေမှာ သခင်သန်းထွန်းနဲ့ သခင်သန်းဖေတို့ တပူးတွဲတွဲ လက်တွဲဆောင်ရွက်နေပုံတွေကို မှတ်တမ်းအဖြစ် တွေ့ရှိရပါတယ်။

ကမ္ဘာပေါ်မှာ ရုရှားပစ္စည်းမဲ့လူတန်းစားတို့ရဲ့ အောင်ပွဲအဖြစ် ဆိုဗီယက်ယူနီယံကြီး ပေါ်ထွန်းလာခဲ့တဲ့ ၁၉၁၇ ခုနှစ်မှာပဲ သခင်သန်းဖေကို တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုံးမြို့ကလေးမှာ ဖွားမြင်ခဲ့တာပါ။ သူ့မိဘတွေကတော့ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ ဦးဘရင်နဲ့ ဒေါ်စောတို့ ဖြစ်ကြပါတယ်။ (တော်လှန်ရေးဂျာနယ်မှာတော့ သခင်သန်းဖေရဲ့ မိဘများအမည်ကို ဦးဘအိုနဲ့ ဒေါ်စောတင်လို့ ဖော်ပြထားပါတယ်။)သခင်သန်းဖေဟာ ဖြူးမြို့ အမျိုးသားကျောင်းမှာ (၇) တန်းအထိ သင်ကြားခဲ့တယ်။ အဲဒီနောက် ပဲခူးမြို့ အစိုးရအထက်တန်းကျောင်းမှာ ပညာဆက်သင်ခဲ့ပြီး အဲဒီကျောင်းကနေ (၁၀) တန်းအောင်ခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက ထူးချွန်ထက်မြက်သူဖြစ်လို့ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရတယ်။ ကျောင်းဘောလုံးအသင်းမှာလည်း ကပ္ပတိန် ဖြစ်ခဲ့သူပါ။ မှန်တဲ့အလုပ်ကို လုပ်မယ်ဆိုရင် ဘယ်တော့မှ နောက်မတွန့်တတ်သူအဖြစ် ကျောင်းသားလောကမှာ နာမည်ကြီးခဲ့ပါတယ်။

၁၉၃၈ ခုနှစ်။ ကျောင်းက ထွက်ပြီး ဒို့ဗမာအစည်းအရုံးထဲ ဝင်လိုက်တယ်။ သခင်သန်းဖေ ဖြစ်လာတယ်။ အဲဒီအချိန်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ဖြစ်တည်ပေါက်ဖွားလာနေတဲ့အချိန်ပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်းပါဝင်ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရန် အသေခံစာရင်းပေးကြရန် ခေါင်းဆောင်တွေက တောင်းဆိုလာတယ်။ သခင်သန်းဖေဟာ အသေခံဗိုလ်စာရင်းမှာ ရှေ့ဆုံးတန်းက စာရင်းပေးပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ သူဟာ နိုင်ငံရေးအတွင်း အသက်အသေခံ မဆုတ်မနစ်လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခြေစုံပစ် ဝင်လာခဲ့သူပါ။

၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်း တိုက်ပွဲဝင်ခဲ့ရမှာ သူဟာ အသက်မသေပေမယ့် ထောင်ချခံလိုက်ရပါတယ်။ ထောင်က လွတ်လပ်တဲ့အခါ လယ်သမားတိုက်ပွဲများကို စည်းရုံးကာ အဆက်မပြတ် ခေါင်းဆောင်လာခဲ့ပါတယ်။ လယ်သမားတွေကို စည်းရုံးတဲ့အခါ လူတန်းစားရန်သူတွေရဲ့ အနှောင့်အယှက်ပေးမှုတွေ ကြုံရပါတယ်။ လယ်သမားတွေအတွင်း လူတန်းစားတိုက်ပွဲတွေ ဆင်နွှဲရင်း လယ်သမားလူတန်းစားကို စည်းရုံးခဲ့ရတာပါ။ တိုက်ပွဲဖော်ခဲ့ရတာပါ။ ဘီအိုင်အေခေတ်မှာကျတော့ သခင်သန်းဖေဟာ မလိုလားအပ်တဲ့အဓိကရုဏ်းတွေ တားဆီးရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ရပြန်တယ်။ ကုလားဗမာအဓိကရုဏ်း၊ ကရင်ဗမာအဓိကရုဏ်းတွေ ငြိမ်းအေးစေဖို့ အစွမ်းကုန်လုံးပန်းခဲ့ရပါတယ်။ ကုလားလယ်သမားရွာတွေ မီးရှို့၊ ကျွဲနွား ရှစ်ထောင်ကျော်လုယူ၊ လူတွေသတ် စတဲ့ ဖက်ဆစ် ကင်ပေတိုင်တို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုများကို တွန်းလှန်ကာ လူထုကို ကယ်တင်ရပါတယ်။ ကရင်အမျိုးသားတို့ကိုသတ်ဖြတ်တဲ့ ကရင်သတ်သမား ညန်လေးစတဲ့ ဓားပြများကို သခင်သန်းဖေက ရဲရင့်ပြတ်သားစွာ တိုက်ခိုက်သုတ်သင်ပေးခဲ့ရပါတယ်။

ဒီလို လုပ်ဆောင်ခဲ့လို့ ဂျပန်ကင်ပေတိုင် အချုပ်ခန်းမှာ ရက်လရှည်ကြာစွာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရတာပါ။ ရိုက်နှက် နှိပ်စက်တာသာမက လက်သည်းခွာတာ၊ ရှော့တိုက်တာ၊ ရေနွေးပူလောင်းတာ၊ ဗိုက်ပေါ် ကြွက်အရှင်ထည့်ထားတဲ့အိုးကို မှောက်ပြီး ကြွက်ကိုက်ခိုင်းတာ စတဲ့လူမဆန်တဲ့ ဖက်ဆစ်နှိပ်စက်မှုများကို ယုံကြည်ချက်ပြတ်သားခြင်း၊ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာရှိခြင်းဆိုတဲ့ စိတ်ဓာတ်နဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့လို့ သံမဏိသခင်သန်းဖေ၊ နတ်ဘီလူးသခင်သန်းဖေလို့ ကျော်ကြားလာခဲ့တာပါ။ “မင်းတို့လက်မှာတော့ အသေမခံဘူးကွ”ဆိုပြီး နံရံကို ခေါင်းနဲ့ ပစ်တိုက်လို့ ခေါင်းဟက်တက်ကွဲတဲ့အခါ ဂျပန်ဖက်ဆစ်ကင်ပေတိုင်တွေ တုန်လှုပ်သွားကြရပါတယ်။ “ဂျပန်ကင်ပေတိုင်အဖွဲ့ မှ အကျဉ်းသား နှိပ်စက်သူ ပုဂ္ဂိုလ်တချို့ကတောင် ဒီလောက်ခံနိုင်တာ လူမှ ဟုတ်ရဲ့လားလို့ လေးစားကြောက်ရွံ့ခဲ့ရတဲ့ သခင်သန်းဖေ၊ ကွန်မြူနစ်သခင်သန်းဖေပါ။ ဖက်ဆစ်ဂျပန်များရဲ့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်လိုက်တဲ့ဒဏ်တွေကြောင့် သခင်သန်းဖေမှာ အတွင်းကျေကျေကာ သူ့ဘဝတလျှောက်လုံး အသက်ရှူမဝတဲ့ရာဂါ ရရှိခံစားလာခဲ့ရပါတယ်။ ဒါပေမဲ့ သူကားမမှု။ သူ့ကို မြန်မာလယ်သမားများကသာမက ဇေယျဝတီ ကုလားလယ်သမားများနဲ့ တောင်ငူဒေသ အရှေ့တောင် ကရင်အမျိုးသားများရဲ့ နှလုံးသားထဲမှာ ထာဝရ ထင်ဟပ်နေကာ ဒို့ခေါင်းဆောင်ကြီးလို့ အားကိုးအားထားပြုကာ အသဲစွဲခဲ့ကြပါတယ်။

သူ့ဦးဆောင်မှုအောက်မှာ တောင်ငူခရိုင်လယ်သမားထုဟာ မြေရှင်စနစ်ကို အောက်ခြေမှစပြီး ယိမ်းယိုင်သွားအောင် တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ သူ့ခေါင်းဆောင်မှုအောက်မှာပဲ ရာထောင်မကတဲ့ ဇေယျဝတီကုလားအလုပ်သမားများနဲ့ မြန်မာအလုပ်သမားများ၊ မြောက်မြားလှတဲ့ လယ်သူမများဟာ ယောက်ျားများနဲ့ရင်ဘောင်တန်းပြီး လယ်သမားညီလာခံများ၊ အင်အားပြပွဲများ ဆင်နွှဲခဲ့ကြတယ်။ လယ်သမားထုရဲ့ညီညွတ်စည်းလုံးမှုကို ထုတ်ဖော်ပြသခဲ့ကြတယ်။ ဒီလို လယ်သမားထုကို ခိုင်ခိုင်မာမာ စည်းရုံးနိုင်ခဲ့လို့လည်း ဖက်ဆစ်တော်လှန်ရေးစစ်ပွဲစတင်တဲ့အချိန်မှာ တောင်ငူပြောက်ကျားဒေသကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးနဲ့ ဗမာပြည်က ဖက်ဆစ်တော်လှန်ရေး၊ ဗမာပြည်က ဖက်ဆစ်တော်လှန်ရေးနဲ့ တောင်ငူပြောက်ကျားများရဲ့ အစွမ်းသတ္တိ၊ တောင်ငူပြောက်ကျားများနဲ့ သခင်သန်းဖေ။ ဒီအရာအားလုံးဟာ တခုနဲ့တခု ခွဲခြားမရဘဲ ဆက်စပ်နေခဲ့တာပါ။

ပါတီရဲ့ တောင်ငူခရိုင်ပြောက်ကျားတပ်ဖွဲ့မှာ ကရင်၊ မြန်မာ၊ ရှမ်း၊ တရုတ်၊ ကုလားစသဖြင့် လူမျိုးစုံပါဝင်ပြီး တစတစနဲ့ အင်အား ၁၅၀၀ ခန့်ထိ တိုးပွားလာခဲ့ပါတယ်။ သခင်သန်းဖေ စည်းရုံးပြင်ဆင်ထားတဲ့ ဒီတောင်ငူပြောက်ကျားအခြေခံစခန်းကို ၁၉၄၄ ခုနှစ် သြဂုတ်လမှာ သခင်ဗဟိန်း ရောက်ရှိလာခဲ့ပါတယ်။ ၁၉၄၅ ခု မတ်လ ၁၈ ရက်နေ့မှာတော့ သခင်သန်းထွန်းကိုယ်တိုင် တောင်ငူခရိုင်ပြောက်ကျားဒေသသကို လာရောက်ဦးစီးပါတယ်။ ပါတီရဲ့ခေါင်းဆောင်မှုအောက်မှာ တောင်ငူပြောက်ကျားဒေသအတွင်း ဖက်ဆစ်ဂျပန်တို့ကို အောက်ပါအတိုင်း ချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်။ ဂျပန် ၇၁၅၉ ယောက်သေ။၂၇၀၃ ယောက် ဒဏ်ရာရ။ သုံ့ပန်း ၅၃၈ ယောက် မိခဲ့တယ်။ ဂျပန်လက်နက် ၂၅၀၀ ခန့်။ အင်္ဂလိပ်လက်နက် ၄၀၀ ခန့် နဲ့ တခြားစစ်သုံးပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဒီလို အောင်ပွဲခံခဲ့တဲ့ တောင်ငူဒေသ ပါတီခေါင်းဆောင်မှုအောက်က ရဲခေါင်ပြောက်ကျားတွေအကြောင်းကို ရဲဘော်အောင်မြင့်(ဖြူး) က သမိုင်းမှတ်တမ်းတင်စာအုပ် တအုပ်ရေးသားခဲ့ပြီး အဲဒီစာအုပ်မှာ သခင်သန်းဖေက တောင်ငူခရိုင်ပြောက်ကျားဒေသ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အမှာစာ ရေးပေးခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယပါတီကွန်ဂရက်ကို ကျင်းပခဲ့ပါတယ်။ သခင်သန်းဖေကတော့ ဖက်ဆစ်ဂျပန်တွေကို သဲသဲမဲမဲ မောင်းနှင်ထုတ်နေရတဲ့အချိန်ဖြစ်တာမို့ ဒုတိယကွန်ဂရက်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ သခင်သန်းဖေဟာ ထူးခြားပြောင်မြောက်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးဘက်ကရှေ့ဆောင်မှုကို လက်တွေ့တိုက်ပွဲများအတွင်း အခိုင်အမာ ပြသနိုင်ခဲ့သူဖြစ်တာကြောင့် သူမတက်ရောက်နိုင်တဲ့ ပါတီဒုတိယအကြိမ်မြောက်ကွန်ဂရက်က သူ့ကို ပါတီဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြပါတယ်။ ၁၉၄၇ ခုနှစ် မတ်လအတွင်း ကျင်းပတဲ့ ဖြူးကွန်ဂရက်က ဗမာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကြီးရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် သူ့ကို ရွေးချယ်တင်မြှောက်ပေးလိုက်ပြန်ပါတယ်။ ဖြူးကွန်ဂရက် ပျဉ်းမနားကွန်ဂရက်တို့ ဆိုတာ ဗမာပြည်မှာ အကြီးဆုံး​သော တောင်သူလယ်သမားညီလာခံကြီးတွေ ဖြစ်ကြပါတယ်။ ဒီလို လယ်သမားကွန်ဂရက်တွေ ကျင်းပနိုင်ဖို့ သခင်သန်းဖေပဲ အပြင်းအထန် လုံးပန်းအားစိုက် ဆောင်ရွက်ခဲ့ရတာပါ။ ကျောက်ဆည်မှာ ကျင်းပတဲ့လယ်သမားညီလာခံမှာ သခင်သန်းဖေက သူ့ဟောပြောမှုနဲ့ ပတ်သက်ပြီး “ကျုပ်တော့ တအားကြိတ်လိုက်တာပဲ။ နဖူးက ချွေးတွေတောင် ပေါင်အထိ တောက်လျှောက် စီးကျနေတာ။ အူတွေရော ပြုတ်ကျရောလို့ အောက်မေ့လိုက်တယ်။ ဒါပေမဲ့ ပြုတ်ကျလို့ သေကာမှသေရော ကြိုးစားပြီး ရှင်းရမှာပဲ”လို့ ပြောပြခဲ့ပါတယ်။ အသံတိုးသွားလိုက် ကျယ်လာလိုက် အားတက်သရော စိတ်ရောကိုယ်ပါ ဟောပြောတဲ့ သူ့ဟောပြောချက်တွေကို လယ်သမားထုကြီးက သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။ “သခင်သန်းဖေ လာပြီး ဟောပြောမယ်ဆိုရင်တော့ ကျုပ်တို့ကို လက်မတို့ဘဲ မနေကြပါနဲ့နော်”လို့ တောင်သူလယ်သမားတွေအတွင်း ပြောစမှတ်တွင်ခဲ့တဲ့အထိ စည်းရုံးရေးကောင်းမွန်ခဲ့တဲ့ သခင်သန်းဖေပါ။ ဒါကြောင့်လဲ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲမှာ သခင်သန်းဖေဟာ လယ်သမားထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ ကွန်မြူနစ်လွှတ်တော်အမတ် ဖြစ်လာပြန်ပါတယ်။

လွှတ်တော်တွင်းမှာ နယ်ချဲ့သမားနဲ့ ပတ်သက်တဲ့သဘောထား၊ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့သဘောထားတွေကို ကွန်မြူနစ်လွှတ်တော်အမတ်တွေအားလုံးရဲ့ကိုယ်စား သခင်သန်းဖေက ပါတီရပ်ခံချက်အတိုင်း ရှင်းလင်းပြတ်သားစွာ လွှတ်တော်စင်မြင့်မှာ တင်ပြပြောဆိုခဲ့ပါတယ်။ သခင်သန်းဖေရဲ့ လွှတ်တော်တွင်းမိန့်ခွန်းတွေကို ပါတီရဲ့သဘောထားရပ်တည်ချက်အဖြစ် ယခုတိုင် အကိုးအကား ပြုနေရဆဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပတဲ့ အိန္ဒိယနိုင်ငံမှာကျင်းပပြီး အခြားကွန်မြူနစ်ပါတီများ တက်ရောက်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီကွန်ဂရက်သို့ သခင်သန်းထွန်းခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်တဦးအဖြစ်တက်ရောက်ရန် အရွေးချယ်ခံရပြီး သွားတက်ခဲ့ရပါသေးတယ်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ သခင်နု အမှူးပြုတဲ့ တိုင်းပြည်သစ္စာဖောက် နယ်ချဲ့လက်ဝေခံ ဖဆပလရုပ်သေးအစိုးရဟာ ပြည်သူလူထုရဲ့ ရှေ့ဆောင်တပ်ဦးပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။ ပြည်သူ့ဒီမိုကရေစီကိုရိုက်ချိုးပြီး ဒီလို အကြမ်းဖက် ဖိနှိပ် နှိမ်နင်းလာတဲ့ရန်သူကို အကြမ်းဖက် တုံ့ပြန်တိုက်ခိုက်ရမယ်ဆိုတဲ့ ပါတီလမ်းညွှန်ချက်နဲ့ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီး စတင်ပေါက်ဖွားလာခဲ့ပါတယ်။

တောင်ငူခရိုင်မှာက ပါတီခေါင်းဆောင်တဖွဲ့လုံးလိုလိုဟာ ရန်သူရဲ့ လက်ဦးမှုရှိရှိ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် တောင်ငူခရိုင်လူထုရဲ့ အသဲစွဲ သခင်သန်းဖေပဲ တောင်ငူခရိုင်ရဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို သွားရောက်ဦးဆောင်ရပြန်ပါတယ်။ ရန်သူက ခေါင်းဆောင်တဖွဲ့လုံးကို ဖမ်းဆီးသွားလို့ ဖရိုဖရဲဖြစ်နေတဲ့ တောင်ငူခရိုင်တော်လှန်ရေးအင်အားစုများကို သခင်သန်းဖေကပဲ စနစ်တကျ ပြန်လည်စုစည်းကာ လက်နက်ကိုင်တိုက်ပွဲများကို ဖော်ထုတ်ဆင်နွှဲခဲ့ပါတယ်။ သခင်သန်းထွန်း လာရောက်ပြီး ပျဉ်းမနား တောင်ညိုဒေသတဝိုက်နဲ့ တောင်ငူပဲခူးဒေသတဝိုက် ပါတီရဲ့ တော်လှန်ရေးအခြေခံစခန်းများဖွင့်လှစ်နိုင်ဖို့အတွက် သခင်သန်းဖေက မဆုတ်မနစ် လုံးပန်းအားထုတ် ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် တောင်ငူခရိုင် လွတ်မြောက်ဒေသဟာလည်း လျင်မြန်စွာ ကျယ်ဝန်းလာပြီး အင်အားကြီးမားစွာဖြင့် ရန်သူက ချေမှုန်းဖို့ ကြိုးစားတာကိုလည်း တုံ့ပြန်ချေမှုန်းနိုင်ခဲ့ပါတယ်။ သခင်သန်းဖေကိုယ်တိုင် ဦးစီးတိုက်ခဲ့တဲ့ အောင်ပွဲရ တိုက်ပွဲကြီးတွေ ရှိခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၂ လတာအတွင်း သူဟာ မနားမနေ အအိပ်ပျက် အစားပျက် အဆင်းရဲအပင်ပန်းခံ လုံးပန်းတိုက်ပွဲဝင်ခဲ့တာပါ။ ဒီကာလအတွင်း သူ့ဇနီးကိုလည်း ရန်သူက ဖမ်းဆီးရမိသွားပြီး နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ သခင်သန်းဖေကိုယ်တိုင်လည်း ဂျပန်ကင်ပေတိုင်တို့ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ဟောင်းတွေ ပြန်ပေါ်လာတာရော၊ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးအတွက် ဆင်းဆင်းရဲရဲ စွန့်စွန့်စားစား ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ပင်ပန်းမှုဒဏ်တွေရော စုပေါင်းဖိစီးပြီး အိပ်ရာထက် ဗုန်းဗုန်းလဲတဲ့အခြေ ဆိုက်ရောက်သွားခဲ့ပါတယ်။ အိပ်ရာထက် လဲနေလျက်ကလည်း စာနဲ့ ရေးပြီး တော်လှန်ရေးကို ခေါင်းဆောင်နေပါသေးတယ်။ စာရေးလို့တောင် မဖြစ်နိုင်တော့တဲ့အထိ ကျန်းမာရေးပိုမို ဆိုးရွားလာတာတောင် သူ့ပါးစပ်က ပြောတာတွေကို လိုက်ရေးစေပြီး တော်လှန်ရေးကို ဆက်လက်ဦးဆောင်မှု ပေးနေပြန်ပါတယ်။

၁၉၄၈ ခု၊ ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီ။ သူမွေးဖွားခဲ့ရွာ မုံးမြို့ကလေးနဲ့ ၈ မိုင်အကွာ တောပုရွာကလေးမှာ ပြည်သူလူထုရဲ့ အသဲစွဲခေါင်းဆောင်လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာ တဦးလည်း ဖြစ်သူ သခင်သန်းဖေဟာ မပြီးဆုံးသေးတဲ့တော်လှန်ရေးတာဝန်တွေကို သံယောစဉ် တငင်ငင် ဖြစ်နေရင်းက တော်လှန်ရေးလမ်းခုလတ်မှာ ကျဆုံးသွားခဲ့ရပါတယ်။ ပြည်သူလူထုနဲ့ ပါတီအတွက် အကောင်းဆုံး သားကောင်းရတနာတဦး ဆုံးရှုံးရခြင်းဆိုသည့် ဤဆုံးရှုံးမှုကား ကြီးစွတကား။(သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့။ ။)

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း

အမှီအခိုကင်းတဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေးလမ်း ညီဌေးကျော်

ယခုအခါ ဗမာပြည်ဟာ ကိုယ့်ပြည်တွင်းရေးပြဿနာနဲ့ကိုယ် ရှုပ်နေတဲ့အပြင် မကြုံစဖူး နိုင်ငံကြီးများရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ နိုင်ငံကြီးများက ပြောင်းလဲလာတဲ့ ၂၁ ရာစု ကမ္ဘာမှုအခင်းအကျင်းအရ ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးကို မျက်စိကျတာပါ။ ၂၀၀၈-၂၀၁၀ အရင်းရှင်စီးပွားရေးကပ် ရှည်ကြာလာ၊ စတုတ္ထစက်မှုတော်လှန်ရေး၊ နည်းပညာပြိုင်ဆိုင်မှု၊ စည်းစနစ်ဟောင်းတွေ အလုပ်မဖြစ်၊ ကိုဗစ်ကမ္ဘာနာ ကပ်ရောဂါ၊ အမေရိကန်အကျ တရုတ်အထ၊ မတည်ငြိမ်ရှုပ်ထွေး၊ အပြောင်းအလဲများမြန်တဲ့ ခေတ်ကာလတရပ်ကို ကျော်ဖြတ်နေရပါတယ်။

အာဖဂန်နဲ့ အီရတ်မှ အမေရိကန်တပ်တွေ ရုပ်သိမ်း၊ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အင်ဒိုပစိဖိတ် ဒေသသို့ ရွေ့လာပါတယ်။ အိုဘားမားလက်ထက် ကတည်းကချထားတဲ့ အာရှမဏ္ဍိုင်ပြု စမတ်ပါဝါ Asia Pivot smart power ဆိုတဲ့ တရုတ်ထိန်းချုပ်ရေး နိုင်ငံခြားရေးပေါ်လစီကို ဂျိုးဘိုင်ဒင်က ပြန်ကိုင်လာတာပါ။

အာဖဂန်မှ အမေရိကန် ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံရေးဂုရုကြီး ကစ်ဆင်းဂျား Henry Kissinger က ယခုလို သုံးသပ်ပါတယ်။ “အရေးကြီးပြီး အခြေခံကျတဲ့အချက်ကတော့ မဟာမိတ်တွေနဲ့ အနှစ်၂၀ စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ပြည်သူတွေကို သတိပေးတိုင်ပင်ခြင်းမပြုဘဲ ဆုတ်ခွာဖို့ဆုံးဖြတ်ချက် ဘယ်လိုချခဲ့သလဲ။ … ဘာကြောင့် အာဖဂန်ရဲ့ အခြေခံစိန်ခေါ်မှုများကို စဉ်းစားသုံးသပ်ပြီး အာဖဂန်ကို အပြည့်အဝထိန်းချုပ်မှုနဲ့ အပြီးအပြတ်ရုပ်သိမ်းမှုအကြား တခုခုကိုရွေးချယ်ဖို့ ပြည်သူကိုတင်ပြရသလဲ။ … အမေရိကန် ကသောကမျော ဆုတ်ခွာမှုက မဟာမိတ်တွေအတွင်း စိတ်ပျက်လက်ပျက်ဖြစ်စေတယ်။ ဆန့်ကျင်ဘက်တွေအတွက် အားဖြစ်စေတယ်။ အကဲခတ်တွေအကြား ရှုပ်ထွေးစေတယ်” (The future of American power. Why America failed in Afghanistan)

နိဂုံးဆရာကြီး ဖူကူရားမား Francis Fukuyama အမြင်က “ရီပတ်ဘလစ်ကင်ကော ဒီမိုကရက်ကပါ တရုတ်ဟာ ဒီမိုကရက်တစ်တန်ဖိုးများကို ချိုးဖောက်နေတယ်လို့ တညီတညွတ်တည်း မြင်ကြတယ်။ … အမေရိကန်ု နိုင်ငံခြားရေးပေါ်လစီအတွက် ပိုအရေးကြီးတဲ့ စမ်းသပ်မှုကတော့ ထိုင်ဝမ်ပဲဖြစ်တယ်။ … ပိုအရေးကြီးတဲ့ စိန်ခေါ်မှုဖြစ်တဲ့ ရုရှားနဲ့တရုတ်ကိုရင်ဆိုင်ဖို့အတွက် ဆုတ်ခွာဖို့လိုအပ်တယ်လို့ မစ္စတာဘိုင်ဒင်က တိုက်တွန်းတယ်။ … အိုဘားမားက အရှေ့အလယ်ပိုင်းကို အာရုံစိုက်နေလို့ အာရှမဏ္ဍိုင်ပြု ပေါ်လစီကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး”။ (The end of American hegemony)

ဗြိတိသျှသမိုင်းဆရာ နေးလ်ဖာဂူဆန် Niall Fergusan အမြင်က “ပထမကမ္ဘာစစ်အပြီး ဗြိတိန်ရဲ့ကြွေးမြီဟာ ၁၉၁၈မှာ GDP ရဲ့ ၁၀၉%မှ ၁၉၃၈မှာ ၂၀၀%နီးပါး ဖြစ်လာတယ်။ အမေရိကန် ဖက်ဒရယ်ကြွေးမြီက (ပမာဏအရ နိုင်းယှဉ်ကြည့်ရင်) ယခုနှစ်(၂၀၂၁)မှာ GDP ရဲ့ ၁၁၀% နီးပါးဖြစ်ပြီး၊ ကွန်ဂရက်ဘတ်ဂျက်ဌာနက ၂၀၅၁ မှာ ၂၀၀% ကျော်မယ်လို့် ခန့်မှန်းတယ်။ … အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဟာလဲ ၂၀၂၀ မှာ GDP ရဲ့ ၃.၄% မှ ၂၀၃၁ မှာ GDP ရဲ့ ၂.၅% သို့ (လျှော့ချ)လျာထားတယ်။ … ယခုနှစ်(၂၀၂၁) ဒေါ်လာတန်ဖိုးအရ တရုတ် GDP ဟာ အမေရိကန် GDP ရဲ့ ၇၅% လောက်သာရှိရာမှ ၂၀၂၆ ကျရင် ၈၉% လောက်ဖြစ်လာမယ်။ တရုတ်ရဲ့ စိန်ခေါ်မှုဟာ ဆိုဗီယက်ယူနီယံထက်ကြီးတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ဘူး။ စစ်အေးခေတ်ကာလ ဆိုဗီယက်စီးပွားရေးပမာဏက အမေရိကန်ရဲ့ ၄၄%ထက် မပိုဘူး။ ဉာဏ်ရည်တုမှအစ ကွန်တမ်ကွန်ပျူတာအထိ အမျိုးသားလုံခြုံရေး လုပ်ဆောင်ချက်များတွင် တရုတ်ဟာ အမေရိကန်ရဲ့ နည်းပညာကြီးစိုးမှုကို အမီလိုက်နေပြီဆိုတာ ထိန်းသိမ်းထားတဲ့သတင်း မဟုတ်တော့ဘူး”။

သူဆက်ပြောတာက – “သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာဖဂန်မှဆုတ်ခွာဖို့ဆိုတဲ့ နာမကျန်းဖြစ်နေတဲ့ ဆုံးဖြတ်ချက်ဟာ ပင်လယ်ရပ်ခြား အမေရိကန်စစ်ရေးဆောင်ရွက်ချက်များလျှော့ချဖို့ဆိုတဲ့ အမေရိကန်သမ္မတရဲ့ အဆုံးသတ်သဘောထားပဲဖြစ်တယ်။ … ၂၀၀၃ အီရတ်ကို ကျူးကျော်စဉ်အတည်းက The Rise and Fall of American Impire (Panguin, 2004) မှာ ကျနော်ထောက်ပြခဲ့သလိုပဲ၊ အမေရိကန်မှာ အားနည်းချက်လေးရပ်ရှိတယ်။ လူအင်အားချို့တဲ့မှု (ပြည်ပမှာအကြာကြီးထွက် စစ်တိုက်လိုတဲ့ အမေရိကန်ရှားသွားပြီ)၊ ဘတ်ဂျက်ချို့တဲ့မှု (အထက်မှာပြောခဲ့ပြီး)၊ စိတ်ဝင်စားမှုချို့တဲ့မှု (ကြီးမားတဲ့(စစ်ရေး)စွက်ဖက်မှုတွေကို မဲဆန္ဒရှင်များက စိတ်မဝင်စားတော့ဘူး)၊ သမိုင်းရေးချို့တဲ့မှု (ပေါ်လစီချမှတ်သူတွေဟာ ရှေ့လူတွေထံမှ သင်ခန်းစာယူမှုနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်အားနည်းတယ်) “။(Why the end of Americas empire won’t be peaceful)

အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရွေ့ဟာ အရှေ့အလယ်ပိုင်းမှ အင်ဒိုပစိဖိတ်သို့ ရွေ့လာတယ်။ တရုတ်ကိုထိန်းချုပ်ဖို့ ထိုင်ဝမ်၊ စင်ကျန်း-ဝေဂါ၊ ဟောင်ကောင် တို့နဲ့အတူ ဗမာပြည်ဟာလည်း မျက်စိကျစရာ ဖြစ်လာပါတယ်။ တရုတ်ရဲ့ ခါးပတ်လမ်း BRI စီမံကိန်းအရလည်း ဗမာပြည်ဟာ ပထဝီစီးပွားရေးအရ အချက်အချာကျနေတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်ကအာဏာသိမ်းတာကို မခံမရပ်နိုင်လို့ လမ်းပေါ်ထွက် ဆန္ဒပြပြည်သူတွေကို သွေးချောင်းစီးသတ်ဖြတ်နှိမ်နင်းလာတဲ့အတွက် တိုင်းပြည်အနှံ့ လက်နက်ကိုင်ခုခံမှုတွေ ပေါ်ပေါက်လာတယ်။ တိုင်းပြည်ဟာ အကျပ်အတည်းဆိုက်ပြီး တကယ့်လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ စစ်အုပ်စုက ထင်တိုင်းကြဲနေတယ်။ လူထုကကျားကုတ်ကျားခဲ ခုခံနေရတယ်။ ပြည်ပနိုင်ငံကြီးများက ဆရာကြီးများကလည်း ဖော်နည်းကားမျိုးစုံနဲ့ ဆေးခါးတွေ တမျိုးပြီးတမျိုး တိုက်နေတယ်။ ဆရာများသားသေ ဖြစ်လိမ့်မယ်။ ဒုတိယကမ္ဘာစစ်တုန်းကလို ဝင်ရိုးတန်းဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ပေါင်းစုနဲ့ အမျိုးသားလွတ်မြောက်ရေး နိုင်ငံတကာစိတ်ဓာတ် မရှိတော့ဘဲ၊ ခေါင်းပါးနေတဲ့ ကာလဖြစ်တယ်။

ဒီအချိန်ဟာ ဗမာပြည် လွတ်လပ်ရေးနောက်ပိုင်း လူထုနိုင်ငံရေး အနိုးကြားဆုံးပဲ။ နိုင်ငံကြီးများရဲ့ မျက်စိကျခြင်းလည်း အခံရဆုံးအချိန်ပဲ။ လွဲမှားတဲ့အကြံဉာဏ် ဘယ်သူလာပေးပေး လက်ခံလို့မရ။ ဒေါ်စုကို အိုဘားမား-ဟီလာရီ လာပေးတဲ့ ရင်ကြားစေ့လမ်း ဘယ်လောက် ဒုက္ခရောက်ရပြီလဲ။ ကိုဗစ်ပဲအကြောင်းပြပြ လူသားချင်းစာနာမှုပဲ အကြောင်းပြပြ ဇာစ်မြစ်လက်သည်တရားခံက အာဏာသိမ်းစစ်ကောင်စီပဲ။ သူ့အနောက်က အားပေးအားမြှောက်ပြုနေတဲ့ ဗိုလ်ပြုတ်တွေပဲ။ စစ်ကောင်စီက တချို့EAO တွေအပေါ် အပစ်အခတ်ရပ်ထားပေမဲ့၊ မြို့ကောတောပါ၊ တောင်ပေါ်မြေပြန့်၊ စစ်အင်အားအလွန်အကျွံသုံးကာ ပစ်ခတ်သတ်ဖြတ် လုယက်ရမ်းကားနေတုန်းပဲ။ သူ့လူတွေကျ ထောင်ကပြန်လွှတ်၊ ပျူစောထီးဆိုပြီး လက်နက်တပ်ဆင်ပေး၊ အတိုက်အခံတွေ တက်ကြွလှုပ်ရှားသူတွေ သာမန်အရပ်သားတွေကျ ထင်သလိုဖမ်း ညှဉ်းပန်းသတ်ဖြတ် အလောင်းတောင်ပြန်မရ ငွေညှစ် ထင်တိုင်းကြဲနေတုန်းပဲ။

ဒီလိုအခြေအနေမှာ စစ်ရေးကိုအဓိကထားပြီး ကျားကုတ်ကျားခဲ မလုံးပန်းဘဲ တခြားကိစ္စတွေအပေါ် တဝဲလည်လည်လုပ်နေရင် မှားမယ်။ ဘယ်နိုင်ငံကြီးတွေကိုမှ အားကိုးမျှော်လင့် နေလို့မရ။ ကိုယ့်ခြေအစုံပေါ်မားမားရပ်ကာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများ တစည်းတလုံးတည်း ခုခံတော်လှန်ရုံမှအပ လွတ်မြောက်ရေးအတွက် တခြားလမ်းမရှိ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှ နိုင်ငံတကာက မှန်မှန်ကန်ကန် အလေးထားခံရမှာ ဖြစ်ပါတယ်။ ညီဌေးကျော် (၁၂ စက်တင်ဘာ ၂၀၂၁)

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှု

ဆိုဗီယက်ပြိုကွဲမှု မလိုလားအပ်သော ကပ်ဆိုက်မှုကိုတူး

(ဆိုဗီယက်ယူနီယံ USSR ကွယ်ပျောက်သွားတာ ဆယ်စုနှစ်သုံးစု ရှိသွားပြီးနောက်၊ အရင်းရှင်စနစ်ဟာ လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း ပိုမိုရှင်းလင်းစွာ သိမြင်လာခဲ့ပါပြီ။) လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ (ဩဂုတ်လ ၂၄ ရက် ၁၉၉၁) သမ္မတ မစ်ခေး ဂိုဘားချော့ Mikhail Gorbachev က ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ဗဟိုကော်မတီကို ဖျက်သိမ်းပြီး ပါတီအထွေထွေအတွင်းရေးမှူး တာဝန်မှ နုတ်ထွက်သွားတယ်။ ဒါဟာ ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံများပြည်ထောင်စု USSR ဖျက်သိမ်းရေးအတွက် ပထမဆုံး အရေးကြီးခြေလှမ်း စလိုက်ခြင်းပါပဲ။ နောက်ရက်မှာ ကရင်မလင်ရှေ့ရှိ ဆိုဗီယက်အလံတော်ကို ရုရှားအလံနဲ့ အစားထိုးလိုက်တယ်။ အဲဒီအခိုက်အတန့်မှာပဲ ဆိုဗီယက်နိုင်ငံရဲ့ အဓိပ္ပာယ်ရှိမှုဟာ ကွယ်ပျောက်သွားပါပြီ။

ဘောရစ်ရယ်ဆင် Boris Yeltsin ဟာ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ကို မြန်မြန်ထက်ထက် ပိတ်ပင်တားမြစ်လိုက်ပြီး ပါတီပိုင်ပစ္စည်းဥစ္စာများကို သူဥက္ကဋ္ဌလုပ်နေတဲ့ ရုရှားပါလီမန်သို့ လွှဲပြောင်းလိုက်တယ်။ နှစ်မကုန်ခင်မှာပဲ ကမ္ဘာပေါ်က ပထမဆုံး ဆိုရှယ်လစ်နိုင်ငံလည်းဖြစ် နှစ်၇၀ကျော် ဆိုရှယ်လစ်ကမ္ဘာရဲ့ ဦးစီးဦးဆောင်လည်းဖြစ်တဲ့ ဆိုဗီယက်ယူနီယံဟာ မြေပုံပေါ်က ပျောက်ကွယ်သွားခဲ့ပါတယ်။

ဆိုဗီယက်ပြိုကွဲမှုဟာ မှားယွင်းတဲ့လုပ်ရပ်များကြောင့် မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့ ရလဒ်ဖြစ်ပြီး၊ အရင်းရှင်စနစ်ရဲ့ ဘက်စုံသာလွန်မှုကို သက်သေပြလိုက်တာဖြစ်ကြောင်း၊ ဘူဇွာသမိုင်းဆရာများက ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဓနရှင် သဘောတရားဆရာများက သူတို့ရပ်တည်ချက်အရ ဆိုဗီယက်ဆိုရှယ်လစ်စနစ် အစိတ်စိတ်အမြွှာမြွှာပြိုကွဲမှုကို လိုလားလက်ခံနိုင်ပါတယ်။ ဆိုဗီယက်အလုပ်သမားထုနဲ့ တကမ္ဘာလုံးက အလုပ်သမားများကတော့ ဆိုဗီယက်ယူနီယံပြိုကွဲမှုဟာ လုံးဝမလိုလားအပ်တဲ့ ဘေးဆိုးကြီးအဖြစ် ရှုမြင်ပါတယ်။

လူထုဆန္ဒနဲ့ ဆန့်ကျင်စွာ ဆိုဗီယက်ခေတ်မှာ ဆိုဗီယက်ယူနီယံအတွင်းက ပြည်သူတွေရဲ့ နေထိုင်မှုဘဝ မကြုံစဖူး မြင့်တက်လာတယ်။ ပဒေသရာဇ် ပိုင်ဆိုင်မှုဆက်ဆံရေးကို ဖျက်သိမ်းခဲ့ပြီးနောက် ဆိုဗီယက်ဟာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ ဆိုဗီယက်ပြည်သူတွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ စွန့်လွှတ်အနစ်နာခံမှု သူရဲကောင်းပီသမှုတို့ကြောင့် ဥရောပဖက်ဆစ်ဝါဒဟာ အကြီးအကျယ် ရှုံးနိမ့်သွားရတယ်။ ကမ္ဘာ့ပထမဆုံးသော သာယာရွှေပြည်နိုင်ငံ wellfare state ဖြစ်လာပြီး ဗြိတိန်စတဲ့ နိုင်ငံတွေက လိုက်တုကြတယ်။ အလုပ်လုပ်ချင်သူနဲ့ လုပ်နိုင်သူတိုင်းအတွက် အလုပ်ရှိတယ်။ ပညာရေး ကျန်းမာရေး အပြည့်အစုံအခမဲ့ဖြစ်တယ်။ အိမ်ခန်းတွေဟာ တချို့က ကျဉ်းသော်လည်း အခမဲ့ပဲ။

လူမျိုး မျိုးနွယ်စု လိင် ကွဲပြားမှုပေါ် အခြေတည်တဲ့ ဖိနှိပ်မှုစနစ်ကို ကမ္ဘာပေါ်မှာဖျက်သိမ်းဖို့ ဆိုဗီယက်ယူနီယံက ဦးဆောင်တယ်။ ဆိုဗီယက်ပြည်သူများရဲ့ ထောက်ခံပံ့ပိုးမှုဖြင့် ကမ္ဘာတဝန်း လွတ်မြောက်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာတယ်။ ကိုလိုနီစနစ်နဲ့ အရင်းရှင်စနစ်ရဲ့ လက်ထိတ်နှောင်ကြိုးများကို ချိုးဖျက်ပြီး လွတ်မြောက်လာကြတယ်။ ၁၉၈၀ အကုန်ပိုင်းမှာ ဆိုဗီယက်ယူနီယံဟာ စီးပွားရေးကျဆင်း၊ အမျိုးသားရေးမတည်မငြိမ်ဖြစ်၊ အတွေးအခေါ်ဖရိုဖရဲဖြစ်၊ ရှည်ကြာလေးလံတဲ့အာဖဂန်စစ်၊ အမေရိကန်က အစီအစဉ်တကျ ချမှတ်ကျင့်သုံးလာတဲ့ မျိုးစပ်စစ်ဆင်ရေးဗျူဟာ စတာတွေကြောင့် အခက်အခဲ ဆိုးဆိုးဝါးဝါး ကြုံတွေ့ရတာလည်းငြင်းလို့မရပါ။ ဒီအကြောင်းချင်ရာများက ဆိုရှယ်လစ်စနစ်ကို စွန့်ခွာဖို့ လူထုကြီးကို ခလုပ်ဖြုတ်ပေးလိုက်တာတော့ မဟုတ်ပါ။ သဘောထားကွဲမှုက အကန့်အသတ်ရှိပါတယ်။ နိုင်ငံရေးအရ လျစ်လျူရှုထားမှုကြောင့် ပိုဆိုးလာတယ်။ ဒါပေမဲ့ ဒီအကြောင်းကြောင့် လူမှုတော်လှန်ရေး (တန်ပြန်တော်လှန်ရေး) ဖြစ်ပွားရတာတော့ မဟုတ်ဘူး။ ထိုစဉ်က ဆိုရှယ်လစ်အလံတော်အောက်က ထူးထူးခြားခြား အောင်မြင်မှုများအပေါ် ကောင်းကောင်းသဘောမပေါက်ကြဘူး။ ထိုစဉ်က လူထုရဲ့စိတ်ခံစားမှုဟာ ၁၉၉၁ပြည်သူ့ဆန္ဒခံယူပွဲကနေ ပေါ်ပေါက်လာတာပါ။ ဖက်ဒရေးရှင်းအတွင်း ခွဲထွက်ရေးစိန်ခေါ်မှုများအောက်မှာ အမျိုးသားရေးဝါဒီများနဲ့ ရင်ဆိုင်နေရပြီး၊ ဆိုဗီယက်အစိုးရဟာ ၁၉၉၀အကုန်ပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စု USSR ကို ထိန်းသိမ်းဖို့အတွက် ဆန္ဒခံယူပွဲလုပ်ဖို့ ဆုံးဖြတ်ပါတယ် (ဆိုဗီယက်သမိုင်းမှာ တကြိမ်တည်းသော ဆန္ဒခံယူပွဲလည်းဖြစ်တယ်)။

၁၉၉၁ မတ်လ ၁၇ မှာ ပြည်ထောင်စုတဝန်းက ဆိုဗီယက်ပြည်သူများဟာ (အမျိုးသားအသီးသီးရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုကို အပြည့်အဝ အာမခံပြီး၊ တန်းတူရည်တူ အချုပ်အခြာအာဏာပိုင် (ရီပတ်ဘလစ်) သမ္မတနိုင်ငံများရဲ့ ဖက်ဒရေးရှင်းအသစ်အဖြစ်၊ ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု Union of Soviet Socialist Republic ကို ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ယူဆပါသလား) ဆိုတဲ့အပေါ် လက်ခံ / လက်မခံ Yes or No ဆန္ဒမဲပေးကြတယ်။ လစ်သူရေးနီးယား၊ လက်ဗီးယား၊ အစ္စတိုးနီးယား၊ အာမေးနီးယား၊ မောလ်ဒိုဗာ၊ ဂျော်ဂျီယာ အာဏာပိုင်တို့က သပိတ်မှောက်ကြတယ်။ ကျန်အပိုင်းများက မဲပေးသူ ၈၀% ဖြင့်၊ မဲဆန္ဒရှင် ၁၄၇ သန်း မဲပေးခဲ့ကြတယ်။ ရလဒ်ကတော့ USSR ကို ထိန်းသိမ်းဖို့ အများစုမဲ ၇၈% ဖြင့် တခဲနက်ထောက်ခံကြတာပါပဲ။ ဆိုဗီယက်ခေါင်းဆောင်များရဲ့ စီမံကိန်းမစခင် လအနည်းငယ်ကတည်းက ဆိုဗီယက်လူထုက USSR ကို ထိန်းသိမ်းထားလိုတဲ့ ဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပြီးဖြစ်တယ်။

အာဏာသိမ်းမှုပါ အုံကြွမှုမဟုတ်ဘူး။ ဆိုဗီယက်ယူနီယံ ဖရိုဖရဲပြိုကွဲမှုဟာ အလုပ်သမား လယ်သမား လူတန်းစားအခြေခံပေါ်က ပေါ်ပေါက်လာတာ မဟုတ်ဘူး။ အရင်းရှင်စနစ်ကို တွန်းဆော်ပေးနေတဲ့ အဓိကအင်အားစုကတော့၊ ပါတီနဲ့အစိုးရအဖွဲ့အတွင်းရှိ အခွင့်ထူးခံတွေဖြစ်တဲ့ အလယ်အလတ်ဆင့် အရာရှိများနဲ့ စီးပွားရေးလုပ်ငန်းရှင်များဖြစ်တယ်။ သူတို့ဟာ အသစ်ဖန်တီးလိုက်တဲ့ “perestroika”ဆိုတဲ့ “ပွင့်လင်းလွတ်လပ်” စီးပွားရေးစနစ်အောက်မှာ တိုးပွားလာတဲ့အဆက်အသွယ်များကိုအသုံးချပြီး ရရန်ပိုင်ခွင့်အက်ဆက် assets များကို ထိန်းချုပ်ချင်ကြတယ်။ ဆိုဗီယက်ယူနီယံကို ဖျက်သိမ်းခြင်းဖြင့်၊ မြေအောက်စီးပွားရေးလုပ်ငန်းမှ အကောင်ကြီးများအား အတိုင်းအဆမရှိ ကြွယ်ဝချမ်းသာစေပြီး၊ ကျန်၉၉%သော ပြည်သူလူထု ဒုက္ခရောက်စေဖို့အတွက်၊ သူတို့ဟာ ကုန်သွယ်စည်းစနစ်များ အားလုံးကို ပျက်စီးယိုယွင်းအောင် လုပ်ဆောင်ကြတာဖြစ်တယ်။ ကြီးထွားလာတဲ့ အရင်းရှင်တပိုင်း စီးပွားရေးအခွင့်ထူးခံများ ဝေဆာဖူးပွင့်နိုင်ဖို့ ဂိုဘာချော့ Gorbachev က နိုင်ငံရေးအစီအစဉ်တခုကို ဖန်တီးလိုတယ်။ မာက့်စ်ဝါဒီတွေကို “ရှေးရိုးစွဲတွေ” ” ခေါင်းမာသူတွေ” လို့ တံဆိပ်တပ်ပြီး အစိုးရအဖွဲ့အတွင်းမှ ဘေးဖယ်ထားတယ်။ နိုင်ငံတော်သတင်းဌာန မီဒီယာများက ပါရယ်စတွိုက်ကာ perestroika ကို ဝေဖန်ရင် စတာလင်ဝါဒီလို့ ပြစ်တင်ကြိမ်းမောင်းကြတယ်။

၁၉၈၉မှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ဆိုဗီယက်လွှတ်တော်ကို ပြည်သူ့ကိုယ်စားလှယ်များကွန်ဂရက်ဆိုတာနဲ့ အစားထိုးလိုက်ခြင်းဖြင့်၊ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ရဲ့ တရားဝင် အုပ်ချုပ်ရေးအဆင့်နေရာကိုဖယ်ရှားပြီး အလုပ်သမားကိုယ်စားလှယ် အချိုးအစားကိုလည်း လျှော့ချလိုက်ပါတယ်။ ဂိုဘာချော့ဟာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့်ဖို့အတွက် အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းများကို ကြိုတင်လုပ်ဆောင်ခြင်းဖြင့် အခွင့်အလမ်းဖန်တီးတယ်။ ဗဟိုစီမံကိန်းဌာနကိုပိတ်ပင်၊ လစ်ဘရယ်ကုန်ဈေးနှုန်းဖော်ဆောင်၊ ပြည်ထောင်စုများအကြား ဈေးကွက်အခြေခံတဲ့ ကုန်သွယ်ရေးလုပ်ပြီး၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ လွတ်လပ်ဈေးကွက်အတွင်း ရှင်ချင်ရှင် သေချင်သေ ပစ်ထားလိုက်တယ်။ နောက်ဆုံးတော့ ကုန်ဈေးနှုန်းလစ်ဘရယ်ပြုမှုက ဈေးကစားမှုနဲ့ ငွေဖောင်းပွမှုတွေ ဖြစ်ပေါ်လာပြီး၊ နေ့စဉ်သုံးကုန်ပစ္စည်းတွေ အထူးသဖြင့် စားသောက်ကုန်တွေ ပြတ်လပ်စေတယ်။၁၉၉၁နှစ်လယ်ရောက်တော့ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ CPSU ဖရိုဖရဲဖြစ် စီးပွားရေးကပ်ဆိုက်လာကာ ဆိုရှယ်လစ်ဆန့်ကျင်ရေး အတိုက်အခံစိတ်ဓာတ်တွေ တနေ့တခြား ကြီးထွားလာတယ်။ ဇူလိုင် ၂၀ မှာ ရယ်ဆင် Yeltsin က ရုရှားရီပတ်ဘလစ်အတွင်းရှိ အစိုးရရုံးများ အလုပ်ဌာနများတွင် ကွန်မြူနစ်ပါတီ ရုရှားဌာနကို ပိတ်ပင်တားမြစ်မိန့် ထုတ်ပြန်တယ်။ နိုင်ငံတော်ပျက်သုဉ်းတော့မယ့်အရေးကို၊ ဂိုဘားချော့က တားဆီးလိုတဲ့ဆန္ဒနဲ့အစွမ်းအစမရှိမှန်း သိလာကြတဲ့ ဆိုဗီယက်အရာရှိကြီးတစုဟာ ပြုပြင်ပြောင်းလဲရေးကို ရပ်ဆိုင်းဖို့၊ USSR ဖျက်သိမ်းမှုကို တားဆီးဖို့၊ အနာဂတ်ဖက်ဒရေးရှင်းအတွက် နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ကိုရည်စူးပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကာ နိုင်ငံတော်ကို ထိန်းချုပ်လိုက်တယ်။

သူတို့က နိုင်ငံတော်အရေးပေါ်အခြေအနေကော်မတီ SCSE ဆိုတာကို ဖွဲ့စည်းတယ်။ သို့သော်လည်း သူတို့ဟာ မဝံ့မရဲဖြစ်ပြီး ရုရှားလွှတ်တော်ကို ဝင်စီးမယ့်အစီအစဉ်ကိုဖျက်သိမ်းကာ အင်အားသုံးဖို့ ဆန္ဒမရှိကြောင်း ဖော်ပြကြတယ်။ ပြန်လည်သုံးသပ်ရရင် ဒါဟာ မတော်တရော် မတက်မကြွ စီမံကိန်းပါပဲ။ ရုရှားဖယ်ဒရေးရှင်း ကွန်မြူနစ်ပါတီခေါင်းဆောင် ဂျန်နဒီ ဇူခါနော့ဗ် Gennady Zyuganov က “တကယ်လို့ သူတို့သာ ပိုင်းဖြတ်ချက်ရှိရှိလုပ်ခဲ့မယ်ဆိုရင် ငါတို့ရဲ့ တလုံးတစည်းတည်းသော နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ရယ်လ်ဆင်က အခြေအနေကို လက်ဦးမှုယူကာ အာဏာအပြည့်အဝသုံးပြီး CPSU ကို တရားမဝင်အောင် လုပ်ဆောင်ခဲ့တယ်။ Roger Keeran နဲ့ Thomas Kenny တို့ရဲ့ Socialism Betrayed (ဆိုရှယ်လစ်စနစ် သစ္စာဖောက်ခံရခြင်း) ဆိုတဲ့ စာအုပ်မှာ ရေးသားထားသလို ဒါဟာ “အာဏာသိမ်းတာပါ၊ အုံကြွမှုမဟုတ်ပါဘူး”။

သမိုင်းဝင်နောက်ပြန်ဆုတ်မှုဒီဇင်ဘာ ၂၅၊ ၁၉၉၁ မှာ ဂိုဘာချော့ သမ္မတရာထူးမှ နှုတ်ထွက်တယ်။ ဥပဒေကြောင်းအရဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ မဟုတ်ဘဲ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရယ်ဆင်က ဆိုဗီယက်နိုင်ငံတော်အဆောက်အအုံနဲ့ ပိုင်ဆိုင်မှုအရပ်ရပ်ကို ရုရှားနိုင်ငံသို့ ရိုးရိုးပဲ လွှဲပြောင်းပေးလိုက်ခြင်းဖြင့် ဆိုဗီယက်ယူနီယံကို တရားဝင် ဖျက်သိမ်းလိုက်တယ်။ နောက်လေးနှစ်အတွင်း ရုရှားလူနေမှုသက်တမ်း ၆၅နှစ်မှ ၅၇နှစ်သို့ ကျဆင်းသွားတယ်။ ငြိမ်းချမ်းနေတဲ့ကာလမှာ မကြုံစဖူးပါပဲ။ ယခင်ကရှိခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုပျက်သွားပြီးနောက် ယခင်ဆိုဗီယက်ယူနီယံခေတ်က ပြည်သူတွေဟာ နှစ်ပေါင်းများစွာ မကြုံဖူးတဲ့ဆင်းရဲမွဲတေမှုနဲ့ ကူးစက်ရောဂါဒဏ်ကို ယခုခံနေရတယ်။ ရုရှားထုတ်လုပ်မှုတန်ဖိုး GDP ကို ၁၉၉၀ ကာလက တန်ဖိုးကို ပြန်ရဖို့ ၁၅ နှစ်အချိန်ယူရသော်လည်း ဒီကာလအတွင်း တရုတ်ရဲ့ GDP ဟာ သုံးဆကျော် မြင့်တက်ခဲ့တယ်။ ဝမ်းနည်းကြေကွဲမှုဟာ ကမ္ဘာတဝန်း ပဲ့တင်ထပ်နေတယ်။ ဖီဒယ်ကက်စထရို ပြောခဲ့သလိုပါပဲ “USSR မှာ ဆိုရှယ်လစ်စနစ် ပျက်စီးခြင်းဟာ ကမ္ဘာပေါ်က ပြည်သူအားလုံးအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေပြီး အထူးသဖြင့် တတိယကမ္ဘာအတွက် အခြေအနေဆိုးစေပါတယ်”။

ဆိုဗီယက်ယူနီယံနဲ့ ဥရောပဆိုရှယ်လစ်စနစ် ပြိုကွဲမှုဟာ သမိုင်းမှာ ကမ္ဘာ့အလုပ်သမားလူတန်စားရဲ့ အဆိုးဝါးဆုံး ရှုံးနိမ့်မှုအဖြစ် အကျိုးအကြောင်းရှိစွာ မှတ်တမ်းတင်ရပါတော့မယ်။ဒီဖြစ်ရပ်ကြောင့် နယ်ချဲ့စနစ် သက်ဆိုးရှည်ပြီး လူသားလွတ်မြောက်မှုဟာ ဆယ်စုနှစ်များစွာ နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။လောလောဆယ်မှာ ဆိုရှယ်လစ်ကမ္ဘာဟာ သိသာထင်ရှားတဲ့ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာနေပြီဖြစ်တယ်။ သာဓကအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ရင်ဆိုင်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသာစီးရနေပါတယ်။

ကမ္ဘာပေါ်က ဆိုရှယ်လစ်နိုင်ငံတွေ ပါတီတွေ လှုပ်ရှားမှုတွေအနေနဲ့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို တည်ဆောက်ခဲ့တဲ့၊ ဖက်ဆစ်စနစ်ကို တိုက်ခိုက်ချေမှုန်းရာမှာ ဦးဆောင်ခဲ့တဲ့၊ ငြိမ်းချမ်း သွေးစည်း ကြွယ်ဝပြည့်စုံတဲ့ အနာဂတ်အတွက် လမ်းဖောက်ခဲ့တဲ့၊ သူရဲကောင်းပီသတဲ့ ဆိုဗီယက်ပြည်သူများကို ဆက်လက် အောက်မေ့သတိရ နေမှာဖြစ်ပါတယ်။ ရည်ညွှန်း။ The Soviet collapse: entirelly unnecessary and utterly disastrous. By Carlos Martinez. ကိုတူး (၅ စက်တင်ဘာ ၂၀၂၁)