Monthly Archives: August 2021

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်း

အာဖဂန်ကွန်မြူနစ်တယောက် ပြောတဲ့ အာဖဂန်အကြောင်းမြစမ်းအေး

(အာဖဂန်မှ အမေရိကန်ဆုတ်ခွာမှုနဲ့ပတ်သက်လို့ အာဖဂန်ကွန်မြူနစ်တယောက်နဲ့တွေ့ဆုံမေးမြန်းခန်းထဲက တချို့ကို ဗြိတိန်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာသတင်းလွှာ Communist Party of Britain’s International Bulletin မှာဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံထုတ် People’s World စာစောင်မှ ထပ်ဆင့်ဖော်ပြထားတဲ့ ဆောင်းပါးကို ဗမာပြည်စာဖတ်ပရိသတ်အတွက် ဘာသာပြန်ဖော်ပြလိုက်ပါတယ်။)

အာဖဂန်အစိုးရ (ဟောင်း) အပေါ် အကဲဖြတ်မှု။(ပြုတ်ကျသွားတဲ့) အာဖဂန်အစိုးရဟာ ရုပ်သေးအစိုးရဖြစ်ပြီး အမေရိကန်ရဲ့လိုအင်ပေါ် မှီခိုနေရကာ ပြည်တွင်းပြည်ပအရေးကိစ္စများမှာ ဘာအစွမ်းအစမှ မရှိဘူး။ အခုအထိ အရာရာ အမေရိကန်အပေါ် မှီခိုနေရတာပါ။ နိုင်ငံနဲ့ဆိုင်တဲ့ပြဿနာရပ်တိုင်း အစိုးရဟာ လွတ်လွတ်လပ်လပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ပြဿနာပေါ်တိုင်း ရွေးကောက်ပွဲလိုကိစ္စမျိုးမှာ အမေရိကန်က ဖွဲ့စည်းအုပ်ချုပ်ပုံအပက ဖြေရှင်းခဲ့တာချည်းပါ။ ဥပမာအားဖြင့်- ၂၀၁၄ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်းနှစ်ယောက်ကြား အကြီးအကျယ်ကွဲပြားနေလို့ အနိုင်အရှုံးကို ကာလရှည်ကြာစွာ မကြေညာနိုင်ခဲ့ဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာပြီး အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး ဖြေရှင်းပေးရတယ်။ ဒီလိုဖြေရှင်းဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမပါဘူး။ အမျိုးသားပြဿနာကြီးတွေနဲ့ ကြုံတွေ့တိုင်း ကိုယ့်ဖာသာကိုယ် ဖြေရှင်းနိုင်စွမ်းမရှိဘူး၊ အမေရိကန်က အမြဲလာ ဖြေရှင်းပေးနေရတာချည်းပဲ။ နောက်ဆုံးရွေးကောက်ပွဲမှာ ပြဿနာတချို့ပေါ်တယ်။ သမ္မတလောင်းနှစ်ဦးစလုံးက သမ္မတဖြစ်ချင်ကြတယ်။ ဒါပေမဲ့ အမေရိကန်က အက်ရှဖ် ဂါနီ Ashraf Ghani ကို သမ္မတမြှောက်ပြီး၊ ကျန်တဦးအတွက် နောက်ရာထူးတခု တီထွင်ပေးတယ်။ ဒါဟာဖွဲ့စည်းပုံအပက လုပ်ဆောင်တာ ဖြစ်တဲ့အတွက် တရားမဝင်ဘူး။

အလုပ်သမားလူတန်းစား လှုပ်ရှားမှု အခြေအနေ။လတ်တလောအခြေအနေ သိပ်ရှုပ်ထွေးပါတယ်။ မိမိတို့ အာဖဂန် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (the People’s Democratic Party of Afghanistan) ၁၉၈၀ နှစ်များက အာဏာရခဲ့တယ်။ လက်ဝဲအစိုးရကို သက်ဦးဆံပိုင် ထင်ရာစိုင်းအစိုးရနဲ့ အစားထိုးခဲ့တဲ့နောက် တိုင်းပြည်ဟာ အလုံးစုံဖရိုဖရဲဖြစ်မှုနဲ့ ကြုံတွေ့နေရတယ်။ တိုးတက်တဲ့ လှုပ်ရှားမှုအားလုံးကို ရှင်းပစ်တယ်။ လူထုလှုပ်ရှားမှုအားလုံးကို ပိတ်ပင်ရုံတင်မက တိုင်းပြည်ကတောင် နှင်ထုတ်တယ်။ တိုင်းပြည်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲတယ်။ မူဂျာဟေဒင် တာလီဘန် နဲ့ စစ်ဘုရင်တွေကြား ဂိုဏ်းအုပ်စုစစ်ပွဲတွေနဲ့ ပြည့်နေတယ်။ လူ ၇၀၀၀၀ လောက်သေတယ်။ ပုံမှန်နိုင်ငံရေးဘဝဖြစ်တဲ့ သပိတ်တို့ ရွေးကောက်ပွဲတို့ ဆိုတာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက် နေရာမရှိဘူး။ ဒီအခြေအနေကြီးဟာ အမေရိကန်က အာဖဂန်ကိုသိမ်းပိုက်ဖို့ အခွင့်အရေးရသွားတဲ့ အချိန်အထိ နှစ်ပေါင်းများစွာကြာခဲ့တယ်။ အမေရိကန်သိမ်းပိုက်ပြီးနောက် အစီအစဉ်သစ် ဖော်ဆောင်လာတယ်။ အစိုးရတရပ်ဖွဲ့စည်းဖို့ လုပ်ငန်းစဉ်ချတယ်။ ဒီအစိုးရကို CIA (အမေရိကန်ဗဟိုထောက်လှန်းရေး)က လေ့ကျင့်ပေးထားတဲ့ အုပ်ချုပ်ရေးဟောင်းများရယ် ဖောက်ပြန်ရေးသမားများရယ်နဲ့ ဖွဲ့စည်းတာဖြစ်ပြီး လူထုပါဝင်ဖို့ အခွင့်အရေး မရှိပါဘူး။ သူတို့ဟာ အတုအယောင်ဒီမိုကရေစီကို ဖန်တီးပြီး အုပ်စိုးသူ ရေပေါ်ဆီလူတန်းစား အာဏာရဖို့ အကန့်အသတ်များစွာနဲ့ ပုံစံထုတ်ထားတာပါ။ လက်ဝဲသမားတွေ ပါဝင်ဖို့သော်လည်းကောင်း ရပ်တည်ဖို့သော်လည်းကောင်း အခွင့်အရေးမရှိပါဘူး။ ရပ်တည်ဖို့တောင် မဖြစ်နိုင်ဘူး။ အမေရိကန်က နိုင်ငံရေးပါတီတွေ တရားဝင်ဖွဲ့စည်းခွင့်ပေးတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့ အခြေအနေမှာ စည်းရုံးဖို့မဖြစ်နိုင်ဘူး။ ဒါတင်မက တိုးတက်တဲ့ပါတီများအတွက် ပြင်ပဖိအားနဲ့ အန္တရာယ်ဟာ အမြဲရှိနေတယ်။ အလုပ်သဘောအရ သပိတ်မှောက်ခွင့်ရှိတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် စည်းရုံးထားတဲ့ သပိတ်ကြီးတွေ မှောက်လို့မရဘူး။ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ရှိတယ်။ ဒါပေမဲ့ တကယ်လုပ်နိုင်တဲ့ အခြေအနေမရှိဘူး။ ဒါဟာ အမေရိကန်က ရည်ရွယ်ချက်ရှိရှိလုပ်ထားတာဖြစ်ပြီး သူတို့က ဘယ်လက်ဝဲအဖွဲ့အစည်း ဘယ်လူထုအင်အားစုကိုမှ တိုင်းပြည်တွင်းမှာ မရှိစေချင်ဘူး။

သမ္မတ(ဟောင်း)ဂါနီလက်ထက် အာဖဂန်ပြည်သူ ၉၀%ဟာ ဆင်းရဲတွင်းနက်နေတယ်။ ကွန်မြူနစ်အစိုးရ PDPAလက်ထက်ကနဲ့ မတူဘူး။ ဖွံ့ဖြိုးမှုနိမ့်ကျတာဟာ အလုပ်သမားသမဂ္ဂများအတွက် အခက်အခဲဖြစ်စေတယ်။ နိုင်ငံရဲ့အချို့အပိုင်းများမှာ အငတ်ဘေးပြဿနာကြုံနေရတယ်။

ဘာအကြောင်းကြောင့် US/NATO ရုပ်သိမ်းတာလဲ။ဒါဟာ တကယ်နောက်ဆုတ်သွားတာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတာ ရှင်းပြမယ်။ စစ်စခန်းတွေအားလုံး ရှိနေသေးတယ်။ ဒါတွေကို ထိန်းသိမ်းထားဆဲပဲ။ စစ်သားတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နိုင်ငံကတော့ ဆက်လက်သိမ်းပိုက် ခံနေရဆဲပဲ။ အမေရိကန်တွေက တိုင်းပြည်ကို သူတို့ဆက်လက် အုပ်စိုးထားနိုင်အောင် ပေါ်လစီချမှတ်ထားတာဖြစ်တယ်။၁။ အမေရိကန် ဘဏ္ဍာအရင်းပေါ် မှီခိုရတဲ့ လူမှုရေးအခြေခံကို ဖန်တီးထားတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် မူဂျာဟေဒင်ဟောင်းများနဲ့ အမေရိကန်လိုလားသူ အုပ်ချုပ်ရေးဟောင်းများပါပဲ။ သူတို့က အမေရိကန် အထောက်အပံ့အများစုနဲ့ တိုင်းပြည်ဓနဥစ္စာကို ထိန်းချုပ်ထားတယ်။ သူတို့ဟာ ဆောက်လုပ်ရေး ထောက်ပံံ့ရေး ဓာတ်ဆီ စတဲ့ နယ်ပယ်များမှာ ကန်ထရိုက်ရရှိထားတဲ့ မတူကွဲပြားတဲ့ အုပ်စုတွေအဖြစ် ရှိနေတယ်။ အဲဒီလို အခွင့်ထူးခံ လူမှုအုပ်စုများထံ ငွေအမြောက်အမြား စီးဝင်ရောက်ရှိသွားတယ်။ ဥပမာအားဖြင့် Bagram လေတပ်အခြေဆိုက်စခန်းမှာ ဓာတ်ဆီအမြောက်အမြားလိုတယ်။ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတခုနဲ့ ကန်ထရိုက်စာချုပ်ရာမှာ အမေရိကန်လိုလားတဲ့ အခွင့်ထူးခံအလွှာက အမြတ်အစွန်း အများအပြားရတယ်။ သူတို့က အမေရိကန် အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ဘာမဆိုလုပ်ကြတယ်။၂။ ရှေ့မှာပြောခဲ့သလိုပဲ နိုင်ငံတွင်းပေါ်ပေါက်လာမယ့် အရေးပေါ်ကိစ္စတွေ၊ တိုးတက်တဲ့အင်အားစုတွေကို တားဆီးဖို့အတွက် အုပ်ချုပ်ရေးအစီအမံတရပ်ကို ဖန်တီးထားတယ်။

၃။ အမေရိကန် ပြောသမျှလုပ်မယ့် စစ်ရေးထောက်တိုင်တရပ်နဲ့ လုံခြုံရေးအင်အားစုတရပ်ကို ထားရှိတယ်။ တာလီဘန်ဆိုတာ ဗြိတိသျှအစိုးရက ဖန်တီး၊ ပါကစ္စတန်အစိုးရက စည်းရုံးပေးခဲ့ပြီး၊ ဆော်ဒီအစိုးရက ဘဏ္ဍာငွေထောက်ပံ့ခဲ့တာပါ။ တာလီဘန်ဆိုတာ (အပြုသဘောဆောင်လေဟန်) ဖန်တီးထားတာပါ။ မူဂျာဟေဒင်ဆိုတာမှာ ၁၉၈၀ စုနှစ်များက ပါကစ္စတန်ပြင်ပရှိ မတူတဲ့အုပ်စုရှစ်စု ပါဝင်ပါတယ်။ သူတို့ဟာ တကွဲတပြားစီ သီးသန့်နေထိုင်ကြတာဖြစ်လို့ အမေရိကန်က အလွယ်တကူ ထိန်းချုပ်လို့လဲမရဘူး။ သူတို့ဟာ ဆိုရှယ်လစ်ဝါဒဆန့်ကျင်ရေးအတွက် အမေရိကန်နဲ့ မဟာမိတ်ပြုသော်လည်း သူတို့ပေါ်လစီကို လွတ်လပ်စွာကျင့်သုံးတယ်။ တာလီဘန်လုပ်သမျှ ပါကစ္စတန်ကခိုင်းလို့ လုပ်တာချည်းပါ။ သူတို့အာဏာရစဉ်က အမေရိကန်နဲ့ အလွန်ရင်းနီးပါတယ်။ သူတို့စကားပြောကြတယ်။ ဓာတ်ငွေ့(ပိုက်လိုင်း)စီးပွားရေးအတွက် ဆွေးနွေးကြတယ်။ နောက်ပြီး အလွန်ဆိုးဝါးတဲ့ ရက်စက်မှုတွေ ကျူးလွန်ကြတယ်။ အဆင်းရဲဆုံး မျိုးနွယ်စုတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတဲ့ ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုတွေ ကျူးလွန်တယ်။ လူတွေကို သဲကန္တရထဲမှာ အစားအစာနဲ့ရေ ဖြတ်တောက်ပြီး လှောင်အိမ်တွေထဲ ပိတ်လှောင်သတ်ဖြတ်တယ်။ သူတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ အာဇာရက် Azarakလူမျိုးစု ၆၂% အသုတ်သင်ခံရတယ်။ တာလီဘန်တွေဟာ ရှေးဟောင်းဗုဒ္ဓရုပ်ထုတော်ကို ဖောက်ခွဲဖျက်စီးပစ်ပြီး ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးမထားသူတွေဖြစ်တယ်။ အမေရိကန်က ဘာအရေးယူမှုမှ မလုပ်ဘဲ ခွင့်ပြုထားတယ်။

တာလီဘန်တွေဟာ ဘယ်တုန်းကမှ အမေရိကန်ကို မဆန့်ကျင်ခဲ့ပါ။ ဒါပေမဲ့ သူတို့ကိုမယုံရပါ။ အာဖဂန်ဟာ ဗျူဟာကျတဲ့ အရပ်ဒေသဖြစ်တဲ့အတွက် အမေရိကန်က တိုက်ရိုက်ထိန်းချုပ်ဖို့ ပိုလိုလားတယ်။ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် အမေရိကန်က အာဖဂန်ကို သိမ်းပိုက်လိုတာဖြစ်ကြောင်း နားလည်ဖို့လိုတယ်။ ၉/၁၁ ကြောင့် အကြမ်းဖက်မှုအပေါ် စစ်ဆင်နွှဲတယ် ဆိုတာက ဆင်ခြေပါ။

ဗဟိုအာရှ၊ အိန္ဒိယတိုက်ငယ်နဲ့ တရုတ်ခါးပတ်လမ်းBRI တည်ငြိမ်ရေးအတွက် ကာဘူးအစ္စလမ်မစ်အစိုးရရဲ့ နိုင်ငံရေးသက်ဝင်မှု အကျိုးဆက်။ အာဖဂန်မှာ အစ္စလမ်မစ်အစိုးရ ပေါ်ပေါက်လာပြီ။ အမေရိကန် သဘောကျမှာပါ။ ၂၀၀၁ တုန်းကလဲ သူတို့ဖန်တီးခဲ့တာပဲ။ သူတို့က ဆော်ဒီအာရေဗျလို မော်ရော်ကိုလိုနိုင်ငံမျိုး ဖြစ်စေချင်တာပါ။ ဒေသတွင်းပြဿနာပေါ်အောင် မျိုးနွယ်စုများအတွင်း ပြဿနာတွေဖန်တီးတယ်။ တာလီဘန်ဆိုတာ အများစုက ပက်စ်တွန်မျိုးနွယ်စုတွေ Pashtun (နိုင်ငံရဲ့ အရှေ့တောင်ပိုင်း) ဖြစ်ပြီး၊ သင့်တော်တဲ့ သန်းခေါင်စာရင်း မရှိတဲ့အတွက် သေချာပေါက် မပြောနိုင်သော်လည်း၊ လူများစုတော့ မဟုတ်ဘူး။ ဒေသဆိုင်ရာအတိုင်းအတာကို သဘောပေါက်ဖို့ဆိုရင် စစ်ဟာနိုင်ငံအရှေ့ပိုင်းက စခဲ့ပြီး နိုင်ငံမြောက်ပိုင်းသို့ ရွေ့သွားတယ် ဆိုတာသိထားဖို့လိုပါတယ်။ အမေရိကန်ဟာ ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခကို ရုရှား တရုတ်နဲ့ တာဂျစ်ကစ္စတန် နယ်စပ်သို့ တွန်းပို့နေတယ်။ နိုင်ငံတကာပြဿနာ ဖြစ်အောင်လုပ်ချင်နေတယ်။ တာလီဘန်တွေဟာ တလအတွင်း မြောက်ပိုင်းမြို့၆၀ (Badakhshan , Kunduz ပြည်နယ်များ) ကို သိမ်းတယ်။ ဒီဒေသများမှာ ဥဇဘက် Uzbeks, တာဂျစ် Tajiks, အာဇာရက် Azaraks တွေပဲရှိတာပါ။ ပက်စ်တွန် Pashtun မရှိဘူး။ ဒေသခံအထောက်အပံ့ မရှိဘဲ တာလီဘန်တွေ ဘယ်လိုလုပ် မြို့တွေသိမ်းမှာလဲ။ မြောက်ပိုင်းမှာ သူတို့ အောင်မြင်မှုရနေတယ်။ တာဂျစ်ကစ္စတန် (ဘာသာရေးအရ အုပ်ချုပ်တာမဟုတ်တဲ့ ရှရှားလိုလားသောနိုင်ငံ) ဆန့်ကျင်ရေးနဲ့ တရုတ်ဆန့်ကျင်ရေးအတွက် အမေရိကန်ဟာ တာလီဘန်ကို လက်နက်သဖွယ် အသုံးချပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ဗဟိုအာရှတည်ငြိမ်မှု ပျက်ပြားအောင်လုပ်ဖို့ အမေရိကန်က တာလိဘန်ကို အသုံးချပါလိမ့်မယ်။ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ The Collective security Treaty Organisation ကို ဗဟိုအာရှသို့ တာလီဘန်များ ပြန့်နှံ့လာမှာကို တားမြစ်ဖို့ အထူးရည်ရွယ်ပြီး ဖွဲ့ခဲ့တာဖြစ်တယ်။ ရုရှား အာမေးနီးယား ဘိုင်လာရုစ် ကာဇက်စတန် ကာဂျစ်စတန် နဲ့ တာဂျစ်ကစ္စတန်တို့ ပါဝင်တယ်။ တာဂျစ်ကစ္စတန်မှာ ရုရှားရဲ့ အလွန်တောင့်တင်းပြီး နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားတဲ့ စစ်စခန်းရှိတယ်။ အဲဒီမှာ အစ်ကန်ဒါဒုံးကျည်များ Iskander missiles များလည်း တပ်ဆင်ထားတယ်။ ဘာဖြစ်လို့များ အာဖဂန်တိုက်ခိုက်ရေးသမား အသေးစားများအတွက် ဒီလောက်ကြီးတဲ့ ဒုံးလက်နက်တွေ သယ်ဆောင်လာရသလဲ။ ဒီဒုံးလက်နက်တွေဟာ အမေရိကန်နဲ့ နေတိုး NATO ရန်မှကာကွယ်ဖို့ ဖြစ်ပြီး၊ တာလီဘန်တွေကို ဗဟိုအာရှထဲ NATO က တွန်းပို့နေကြောင်း ရုရှားက သိနေလို့ဖြစ်တယ်။ တရုတ်က အာဖဂန်ကိုဖြတ်ပြီး ပိုးလမ်းမသစ် ဖောက်ချင်တယ်။ သမိုင်းမှာ အာဖဂန်ဟာ ပိုးလမ်းမရဲ့ အစိပ်အပိုင်းကြီးတရပ် ဖြစ်ခဲ့တယ်။ ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ တရုတ်ကိုကော အာဖဂန်ကိုပါ ဖွံ့ဖြိုးမှုအထောက်အကူ ပြုပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်က မလိုလားဘူး။ ရပ်ထားတယ်။ အာဖဂန်မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကြေးနီသတ္တုမိုင်းရှိတယ်။ PDPC ကွန်မြူနစ်အစိုးရ စလုပ်ခဲ့တာပါ။ တရုတ်က ကြေးနီမိုင်းကို လုပ်ဖို့ ၂၀၀၀ ခုနှစ်အစောပိုင်းကတည်းက ကမ်းလှမ်းထားတယ်။ အမေရိကန်က လက်မခံဘူး။ တရုတ်တွေကို နှင်ထုတ်တယ်။ အမေရိကန်က ပိုးလမ်းမကို ပိတ်ဆို့ထားလိုပြီး စီးပွားဖွံ့ဖြိုးရေး စီမံကိန်းများကို စိတ်မဝင်စားဘူး။ ရည်ညွှန်း။ An Agghan socialist talks occupastion, war, and the future facing his country. မြစမ်းအေး (၂၁ ဩဂုတ် ၂၀၂၁)

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။

ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။ဆောင်းပါးအမှတ်( ၅၅)။ ဖေဖေ ကို အသက်ကယ်ခဲ့ရစဉ်က။အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး။

ဖေဖေစစ်တပ်ကအနားယူရတဲ့(၁၉၅၇)ခုနှစ်ကစလို့(၁၉၇၃)ခုနှစ်မြောင်းမြလမ်းအိမ်ကိုပြောင်းတဲ့အထိ ၁၆နှစ်ကျော်ကျော် ကျွန်မတို့မိသားစုတွေ စမ်းချောင်းကဆီဆုံလမ်းအိမ်အမှတ်(၃၆)မှာနေခဲ့ကြရပါတယ်။ အဲဒီအိမ်လေးဟာပေ(၂၅-၅၀)မြေအပြည့်ဆောက်ထားတဲ့ တလိုင်းအိမ်လေးပါ။ ထပ်ခိုးလေးလည်းပါပါတယ်။ အိမ်လေးကကျဉ်းလည်းကျဉ်းမှောင်လည်းမှောင်၊ ဒီကြားထဲကျွန်မတိုမောင်နှမတသိုက်က တန်းစီပြီးတယောက်ပြီး တယောက်ဖျားကြနာကြနဲ့၊ နှစ်အချို့ အတော့်ကို ကသီလိုက်ပါတယ်။နေရေး ထိုင်ရေး စားရေးသောက်ရေး ဘက်စုံ ကသီတာပါ။ မောင်နှမ(၅)ယောက်စလုံး အနီးအနားက စိန့်ဖီလိုမီနာ သာသနာပြုကျောင်းမှာနေတော့ ကျောင်းစရိတ်၊ ကျောင်းကားခနဲ့ ဖေဖေနဲ့ မေမေ ဘယ်လို များကျော်ဖြတ်ခဲ့တယ်ဆိုတာ မတွေးရက်ပါဘူး။

ဖေဖေက သူစာအုပ်မှာ ဒီလိုရေးထားတာတွေ့ရပါတယ်။—–ကျောင်းဖွင့်စရက်များဆိုလျှင် နှစ်စဉ်ကြေး အဝတ်အစားဖိုး စာအုပ်ဖိုး အားကစားဖိုး စသဖြင့် နင့်နေအောင်ပေးရရာ ကျွန်တော့်ဇနီး က ဒီလတော့ ဆင်နဲ့ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည် —–တဲ့။ အဲဒီအိမ်မှာနေစဉ် ဖေဖေအစာအိမ်အနာ ရောဂါရခဲ့တာပါ။ အစားအသောက်အနေအထိုင်ဆင်းရဲမှုကြောင့်ဖြစ်နိုင်ပါတယ်။ သိပ်အပြင်းအထန်တော့မဟုတ်ပါဘူး။ တခါတလေနာလာလိုက် ပျောက်သွားလိုက်နဲ့။ လအမှတ်တမဲ့ပါပဲ။ ဆေးတခါစစ်မိတော့မှ အစာအိမ်မှာအနာရှိကြောင်းသိလိုက်ရတာပါ။ ဘဖေဖေကလည်းသိပ်အရေးတယူပြောမနေပါဘူး။

၁၉၇၆ခုနှစ် ကျွန်မတို့ပါတီဆီပြန်ရောက်ပြီး အခြေခံဒေသတွင်းဝင်ခါနီးမှာ ဆေးတခါစစ်တော့ ဖေဖေမှာ အစာအိမ်အနာဖြစ်ဘူးကြောင်း၊ အခုတော့ အနာကျက်နေပီဖြစ်ကြောင်း ဆေးစစ်စာကရေးထားပါတယ်။ ၁၉၈၂ ခုနှစ်ဆန်း (ဆောင်းတွင်းကာလ ပန်ဆန်းမှာ အလေ့ရှိတဲ့အတိုင်း) နမ်ခ ချောင်းကမျောပါလာတဲ့ထင်းချောက်တွေ ကမ်းအကွေ့တွေမှာတင်ကျန်တာတွေကို ကျွန်မနဲ့ဖေဖေဆင်းကောက်ကြပါတယ်။ အဲဒါ ဖေဖေချွေးအေးမိပြီး ဖျားပါတော့တယ်။ ကျွန်မကလည်း စခန်းရှိတဲ့ဆေးများ အေပီစီ အမှုန့်ကြိတ်ပြီး ဘာမီတွန်တလုံး တိုက်လိုက်ပါ တယ်။ နောက်နေ့မနက် ဖေဖေဝမ်းသွားတော့ ဝမ်းအမည်းတွေသွားပြီး မူးလဲပြီး သတိလစ်သွားပါတော့တယ်။ အစာအိမ်အနာဟောင်းကပြန်ပေါ်လာပြီးသွေးကြောပေါက်သွားတာပါ။ သွေးဖိအားကလည်း ၂၀ လောက်ပဲရှိပါတော့တယ်။ ဘသွေးဖိအားတိုင်းတဲ့ လက်တဖက်ပဲအလွတ်ထားပြီး ကျန်လက်တဖက် နဲ့ခြေ(၂)ချောင်းစလုံးမှာ ရှိသမျှဆေးရည်အမျိုးမျိုး(ဂလူကို့စ်၊ဓာတ်ဆားရည်၊သွေးရည်ကြည်အစားထိုး)ကိုအမြန်နှုန်းနဲ့သွင်းပေးပြီးသွေးတိတ်ဆေးတွေလည်းထိုး၊ သွေးဖိအားမြင့်တဲ့ဆေးတွေလည်းထိုးနဲ့၊ အမြန်အသက်ကယ်ရပါတော့တယ်။

သွေးကတိတ်ဟန်မတူဘဲ ဝမ်းတခါသွားပြီးတိုင်း သွေးဖိအားကဝေါခနဲပြန် ပြန်ကျသွားပါတယ်။ တခါတလေ(ဝ)ထိကျသွားတာပါ။ စစ်ဒေသဆေးရုံကြီးကဆရာဝန်တွေရော၊ ပန်ဆန်းရောက်နေတဲ့ညီနောင်ပါတီတချို့ကဆရာဝန်တွေရော အကုန်ဝိုင်းဝန်းကူညီကုသပေးကြပါတယ်။ ဗဟိုရုံးမှာလည်း အဲဒီနေ့က အစည်းအဝေးရှိလို့ ခေါင်းဆောင်အတော်များများလည်းစုံနေပါတယ်။ ဒီတော့ ဖေဖေကို တဖက်နိုင်ငံ ဆေးရုံကိုပို့ဖို့ဆုံးဖြတ်ပြီး ရဲဘော်ထွန်းက တဖက်ကမ်းပြေးပြီး စီစဉ်ပါတော့တယ်။ ဆေးရုံကား (လူနာတင်ကား)လွှတ်လိုက်မယ်ဆိုပြီး စောင့်ခိုင်းပါတယ်။ ဖေဖေအခြေအနေဆိုးလာလို့ လူနာတင်ကားမစောင့်တော့ပဲ တဖက်ကမ်း ကင်းစခန်းကရှိတဲ့ကား(ပီကင်းဂျစ်)နဲ့ ပို့ဖို့ပဲစီစဉ်ရပါတော့တယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်ကဖေဖေနဲ့ထည့်လိုက်ဖို့ ဆေးကျောင်းသားထဲက ဗမာလိုရော၊ တရုတ်လိုရောတတ်တဲ့ ကျောင်းသားတယောက်ရှာဖို့ ကျွန်မကိုခိုင်းပါတယ်။

ဗဟိုရုံးကိုအစည်းအဝေးတက်ဖို့ရောက်နေပြီး ဖေဖေကိုလူနာလာမေးနေတဲ့ ရဲဘော်တင်ရီ(ပဲခူးနေဝင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူး၊နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)က— တခြားလူဘာရှာစရာလိုလဲ။သူ့သမီးပဲထည့်လိုက်ပေါ့။ သူလည်း စကားပေါက်နေတာပဲ– လို့ ဝင်ပြောလိုက်လို့ ကျွန်မ လိုက်ခွင့်ရလိုက်ပါတယ်။ ဒီတော့ဖေဖေကိုကားနောက်ခန်းမှာတင်၊ ဆောင်းတွင်းလည်းဖြစ်တော့ ဂွမ်းကပ်စောင်တွေနဲ့မလှုပ်နိုင်အောင်ပတ်ထားပြီး၊ သွေးကြောသွင်းထားတဲ့ဆေးပုလင်းကို တုတ်တချောင်းထိပ်ချိတ်၊ တုတ်ကိုကားပြတင်းပေါက်အပြင်ဘက်ထုတ်ထားရပြီး ကျွန်မက ခြေနင်းခုန်မှာဒူးထောက်ထိုင်ပြီး ကိုင်ထားရပါတယ်။ ဆရာမကြီးဒေါ်ငွေက ကားရှေ့ခန်း ကားမောင်းသူဘေးမှာထိုင်ပါလာပါတယ်။

ဒီလိုနဲ့ကားကဖြည်းဖြည်းမှန်မှန်မောင်းလာတာ ကျွန်မတို့(၂)နာရီလောက်အကြာမှာ နယ်စပ်က(လန်ချန်း)ခရိုင်ဆေးရုံလေးကို ရောက်လာပါတော့တယ်။ နယ်စပ်ဆေးရုံလေးဖြစ်လေတော့ အစစအရာရာချို့တဲ့ဟန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီကဆေးဝန်ထမ်းတွေဟာ မရှိရှိတာလေးနဲ့ တတ်နိုင်သမျှ အသက်ကယ်ကြပါတယ်။ အရေးပေါ်ကယ်တင်ခန်းလည်းမရှိပါဘူး။ ကျွန်မကဖေဖေဘေးမှာပဲ တချိန်လုံးထိုင်နေပီး၊နည်းနည်းလေးမသင်္ကာတာနဲ့(ဥပမာ ဖေဖေ အသက်ရှုမြန်လာတာ၊မျက်နှာတွေဖြူဖျော့သွားတာ-စတဲ့ ကိုယ်တွင်းသွေးထွက်တဲ့လက္ခဏာများ)နှလုံးခုန်နှုန်းတိုင်း၊ သွေးဖိအားတိုင်း၊ နှလုံးခုန်နှုန်းမြန်လာရင်၊သွေးဖိအားကျလာရင်၊ သွေးသွင်းပေးဖို့တောင်းဆို စသဖြင့် ဘေးက တချက်မလပ်လုပ်နေရပါတယ်။

သွေးသွင်းတယ် ဆိုလို့ပြောရဦးမယ်။ အဲဒီတုန်းက သွေးလှုဘဏ်ဆိုတာ ဆေးရုံတွေမှာမရှိဘူး။ သွေးကိုလိုအပ်မှ သက်ဆိုင်ရာဌာနတို့ရပ်ကွက်တို့၊ လူနာရဲ့ဆွေမျိုးမိတ်ဆွေတွေစသဖြင့်ရရာလူတွေလှုံ့ဆော်ပြီး သွေးလှုခိုင်းရတာ။ ဒီတော့ဖေဖေအတွက်သွေးလိုတော့ သူတို့ဆေးရုံမှာ သွေးရောင်းဖို့စာရင်းပေးထားသူတွေကိုခေါ်ရတာပေါ့။(အဲဒီခေတ်က အရေးပေါ်ငွေအသုံးလိုသူများဟာ ဆေးရုံတွေမှာသွေးရောင်းလို့ရတယ်) အဲဒီသွေးရောင်းတဲ့လူကို ကြည့်လိုက်ပြန်တော့ ဖြူဖတ်ဖတ် ဖောသွပ်သွပ်နဲ့၊ ကျွန်မအတော်စိတ်ဆင်းရဲမိတယ်။ ဘယ်လောက်မှသွေးအားကောင်းမလာနိုင်ဘူး။ဘပထမတော့အဲဒီလူရဲ့သွေးအား(ဟီမိုဂလိုဘင်)ကိုအရင်စစ်ပေးပါလို့ပြောမယ် စိတ်ကူးသေးတယ်။ နောက်မှ ဗဟို ကမှာလိုက်တဲ့စကားတွေသတိရပြီး စိတ်ကိုထိန်းလိုက်ရတယ်။ ကျွန်မကို ဥက္ကဋ္ဌက ဟိုဖက်ရောက်ရင် ဟိုဖက်ကဆရာဝန်တွေစကားနားထောင်ပါ။ သူတို့ယုံလို့အပ်ထားပြီ ဖြစ်လို့၊ သူတို့ကုသမှုကိုပေါင်းစပ်ပါ—လို့မှာလွှတ်ပြီး ရဲဘော်တင်ရီကလည်း –ဟိုဖက်ကလူတွေနဲ့ရန်သွားမဖြစ်နဲ့—မှာလွှတ်လိုက်တာပါ။

(ကျွန်မကလည်း ကျွန်မပါပဲ။ ပါတီထဲရောက်ခါစက မျက်စိထဲအမြင်မတော်တာတွေ့ရင် ပါးစပ်ကအင်မတန်မြန်တာ။ ဒီတော့ဆေးရုံမှာက စည်းလုံးရေးမကောင်းဘူး။ ဆက်ဆံရေးညံ့တယ်။ မာနကြီးတယ်–စတဲ့နာမည်ပျက်တွေကလည်းရှိထားပါတယ်။ ဒါတွေ ခေါင်းဆောင်တွေနားထဲရောက်နေဟန်တူပါတယ်။) တကယ်တော့လည်း အဲဒီတဖက်နိုင်ငံဆေးရုံက ဆရာဝန်များက သူတို့တတ်စွမ်းသလောက်ကုသပေးပါတယ်။ ဒါပေမဲ့ ဖေဖေအခြေအနေ ကသိပ်သက်သာလာတာမရှိဘူး။ တချက်တချက်ပြန်မျောသွားလိုက်၊သွေးဖိအား(ဝ)ထိကျသွားလိုက်၊ တချက်တချက်ပြန်သတိလည်လာပြီး ဖေဖေဘယ်ရောက်နေလဲ၊ ဖေဖေဘာဖြစ်လို့လဲလို့မေးလိုက်၊ တခါတခါကယောင်ကတမ်းတွေပြောလိုက်နဲ့။

ကျွန်မတို့ရောက်ပြီး၂-၃ရက်လောက်အကြာမှာမေမေနဲ့ကိုခိုင်အောင်(ကျော်ဇောဦး)တို့ရောက်လာပါတယ်။ ဥက္ကဋ္ဌကသူ့စစ်ရေးဆိုင်ရာအတွင်းရေးမှူးကိုအောင်မြင့်(အခု -ဝ-ဒေသ ပြောရေးဆိုခွင့်ရှိသူ)နဲ့ အတူလွှတ်လိုက်တာပါ။ ကိုအောင်မြင့်ကတဆင့် ကျွန်မကိုရော၊ ဆေးရုံကတာဝန်ခံတွေကိုရော၊ ဥက္ကဋ္ဌကမှာလိုက်တဲ့စကားလည်းရှိပါတယ်။ အတတ်နိုင်ဆုံးအချိန်ဆွဲထားပါ။ နည်းနာတွေရှာပြီး ကူမင်းစစ်ဆေးရုံကြီးဆီပို့နိုင်ဖို့လုပ်နေတယ်-ဆိုတာပါပဲ။ မေမေတို့က၂ရက်ပဲနေပြီးပြန်သွားပါတယ်။ မေမေတို့ပြန်သွားပြီး နေ့လည် ၃နာရီလောက်မှာ ဆေးရုံပေါ်လေယာဉ်ဝဲနေသံကြားရပြီး ကျွန်မတို့အခန်းဆီ ဆရာဝန်လေးတယောက်ပြေးလာပြီး ပြောပြတာက–ကူမင်းဆေးရုံကြီးကဆေးအဖွဲ့ရဟတ်ယာဉ်နဲ့ရောက်လာပြီ၊ဖေဖေကိုအသက်ကယ်ပြီး တည်ငြိမ်တာနဲ့ အဲဒီကိုခေါ်သွားမှာ—-တဲ့။ (နောင်မှသိရတာက ဥက္ကဋ္ဌကိုယ်တိုင် ပီကင်း ဗဟိုကို ဖုန်းဆက်ပြီး ဖေဖေဟာ ပါတီရဲ့ အရေးကြီးခေါင်းဆောင်တယောက်ဖြစ်လို့ အတတ်နိုင်ဆုံး အသက်ကယ်ပေးပါလို့ တောင်းဆိုလိုက်တယ် ဆိုတာပါပဲ။ ဒါနဲ့ ဗဟိုက ယူနန် ကူမင်းစစ်ဆေးရုံကို လှမ်းအကြောင်းကြားတာဝန်ပေးလိုက်တာပါ။) ဆေးအဖွဲ့မှာဆရာဝန်ကြီး(၃)ဦး(အူလမ်းကြောင်းခွဲစိတ်ဆရာဝန်မကြီးအဖွဲ့မှူးဖြစ်၊ အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊)နဲ့အရေးပေါ်ခွဲစိတ်ခန်းတာဝန်ခံသူနာပြုမှူး(၁)ဦး စုစုပေါင်း(၄)ဦးပါလာပါတယ်။ သူတို့လည်းရောက်မဆိုက် ကျွန်မတို့အခန်းရောက်လာပြီး ဖေဖေ့အခြေအနေကို လေ့လာ၊ ချက်ချင်းဆေးရုံအစည်းအဝေးခန်းမမှာ အစည်းအဝေးလုပ်ပြီး ဘယ်လိုကုသမယ်ဆိုတာ ဆွေးနွေးကြပါတယ်။(မှတ်ချက်။ဆေးရုံအစည်းအဝေးက အကြောင်းအရာတွေကတော့ ကျွန်မကဟိုဆရာဝန်နည်းနည်းမေးလိုက်၊ဟိုဆရာမမေးလိုက်၊ဆရာဝန်အုပ်တွေဖေဖေဘေးလာပြီး တချို့ကိစ္စတွေညှိနှိုင်းလိုက် စတာတွေကြည့်ပြီး ဆက်စပ်ယူကြည့်တာပါ။) ဖေဖေရဲ့လက်ရှိအခြေအနေအရ(သွေးဖိအားမတည်မငြိမ်ဖြစ်နေတာ၊ အသက်အရွယ်၆၀ကျော်၊၊ သွေးထွက်မှုကလည်း စိမ့်ထွက်ရုံပဲဖြစ်နေတာ–စတာတွေကြောင့်) ချက်ချင်းခွဲစိတ်မှုမလုပ်သေးဘဲ သွေးဖိအားငြိမ်ရေး၊ သွေးအားပြန်တက်လာရေး၊ သွေးတိတ်ရေးတွေကိုအရင်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဆရာဝန်များအုပ်လိုက် ကျွန်မတို့အခန်းထဲ့ပြန်ဝင်လာပြီး ဖေဖေ့ကိုယ် ခန္ဓာတွင်းကထွက်သွားတဲ့အရည်တွေ အမြန်ပြန်သွင်းနိုင်ဖို့ (သွေးဖိအားပြန်တက်လာဖို့) ဖေဖေ့ ပေါင်သွေးပြန်ကြောကိုဖောက်၊ ပြွန်သွင်းပါတယ်။ ပြီးတော့ သွေးသွင်းဖို့စီစဉ်ပါတယ်။ ဖေဖေ့ကို အရင် သွေးသွင်းပေးနေတဲ့အခြေအနေကို သိသွားတဲ့-ဆရာဝန်မကြီးကအတော်စိတ်ဆိုးသွားပြီး ဆေးရုံအုပ်ကို ဒီမြို့မှာ ဘယ် စစ်တပ်ရှိလဲ လို့မေးပါတယ်။ကင်းတပ်ရင်းရှိတယ်လို့ပြန်ဖြေတော့ —ကဲခေါ်လိုက်-ငါစကားပြောမယ်–တဲ့။ စစ်သားလေးတွေ ၁၀၀ ကျော်လောက်ရောက်လာပါတယ်။ အဲဒီအုပ်ကိုဆေးရုံခန်းမကြီးထဲမှာစုခိုင်းပြီး ဆရာဝန်မကြီးက တရားဟောပါတယ်။ အဲပြောရဦးမယ်။ ဟယ်လီကော်ပတာက မြို့ပေါ်ဝဲပြီးမြို့ဘောလုံးကွင်းမှာဆင်းတာဖြစ်လေတော့ တမြို့လုံးအုံးအုံးကြွက်ကြွက်နဲ့၊ အရေးကြီးလူနာကယ်ဖို့အထူးဆေးအဖွဲ့ရောက်တာဆိုပြန်တော့ တခြားဆေးရုံတွေက ဆေးဝန်ထမ်းတွေကလည်း တရုံးရုံးရောက်လာပြန်တယ်။ ဒီတော့ ဆေးရုံခန်းမကြီး တခုလုံးလျှံထွက်နေတာပဲ။ တကယ်တော့ ည၇-၈နာရီလောက်ဖြစ်နေပီ။ ကျွန်မလည်း မယောင်မလည်နဲ့ ပြူတင်းပေါက်အပြင်ဘက်ကသွား နားထောင်တော့ အတော့်ကိုအံ့သြသွားပါတယ်။ အဲဒီဆရာဝန်ကြီးတွေကို သူတို့ဗဟိုက ဘယ်လိုညွှန်ကြား ပြောဆိုလိုက်တယ်မသိပါဘူး။ ဖေဖေရဲ့ရာဇဝင်ကို အတော်အသေးစိတ်ကို ပြောပြနေတာပါ။(ဥက္ကဌကလည်း ပီကင်းဗဟို ကိုပြောပြထားဟန်လည်း ရှိပါတယ်။) –အခုအသက်ကယ်နေရတဲ့လူနာဟာအခုဗမာပြည်မှာ မင်းလုပ်အုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးနေဝင်းနဲ့အတူ ဗမာတပ်မတော်ကြီးကို ထူထောင်ခဲ့တဲ့သူဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့မြေအောက်လုပ်ငန်းတွေလုပ်ရင်း ပေါ်သွားလို့ ထွက်ပြေးလာရတာဖြစ်ကြောင်း၊ အခုသူတို့ရဲ့နယ်စပ်အေးချမ်းသွားတာကလည်း ဒီလူနာ-ဗိုလ်ချုပ်ကြီးက နယ်စပ်မှာသောင်းကျန်းနေတဲ့ကူမင်တန်တွေကိုတိုက်ပေးလို့ဖြစ်ကြောင်းစတာတွေပါ။ — အဆုံးသတ်မှာတော့——အခုလိုငါတို့တိုင်းပြည်အတွက်အကျိုးပြုဆောင်ရွက်ပေးခဲ့တဲ့ သူရဲကောင်းကြီးတယောက် အသက်ကယ်ဖို့တာဝန်ကို ငါတို့ထမ်းဆောင်ရတာ အလွန်ဂုဏ်ယူဖို့ကောင်းတယ်၊ ဒါကြောင့် အားလုံးဝိုင်းဝန်းပီး တက်တက်ကြွကြွသွေးလှုဒါန်းကြပါ—-တဲ့။

သူတို့နိုင်ငံမှာက ကူမင်တန်တပ်ထဲ တရုတ်ကွန်မြူနစ်ပါတီဝင်တွေအများအပြား မြေအောက်လုပ်ငန်းတွေလုပ်ဆောင်ကြတာ၊ ပေါ်သွားလို့ချန်ကေရှိတ်ကလိုက်သတ်လို့ တောထဲပြေးရတာ၊၁၉၄၉ တော်လှန်ရေးအောင်ပြီးနောက် နယ်စပ်တလျှောက်ကျန်ခဲ့တဲ့ကူမင်တန်စစ်သားများက အနှောင့်အယှက်အမျိုးမျိုးပေးတာ စတာတွေနဲ့ ဇာတ်လမ်းဆင်ရုပ်ရှင်တွေရိုက်ထားတာတွေရှိတယ်။ ဒီတော့သူတို့တွေအတွက် ဒီလိုအဖြစ်အပျက်မျိုးတွေက ကြားဖူးနားဝတွေရှိပြီးသား။ သူတို့ရင်ထဲကျပြီးသားဇာတ်လမ်းတွေ၊ ဆရာမကြီးအပြောအဟောကလည်းကောင်းလေတော့ စစ်သားတွေရော၊ ဆေးဝန်ထမ်းအချို့ရော၊နည်းတဲ့လူတန်းရှည်ကြီးမဟုတ်ဘူး။ သွေးလှူဖို့တန်းစီနေတာများ။ ညလုံးပေါက် သွေးစစ်လိုက်ကြ၊သွေးထုတ်ကြနဲ့။ ည(၁၀)နာရီလောက်မှာ ဖေဖေ့ကို သွေးစသွင်းပါတယ်။ သူတို့အစည်းအဝေးလုပ်စဉ်က သွေးတိတ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဝိုင်းစဉ်းစားကြစဉ်က ဆရာဝန်တယောက်ကသူဖတ်ခဲ့ရတဲ့ဆေးဆောင်းပါးတစောင်ထဲကအကြောင်းတဲ့။ ရှေးနည်းလမ်းတခုတဲ့။ လူနာကိုအအေးခံထားတဲ့နွားနို့တိုက်တာတဲ့။ ဒီတော့ ကျန်ဆရာဝန်များကလည်း ဘာအန္တရာယ်မှမရှိတဲ့ကိစ္စမဟုတ်လို့ စမ်းကြည့်ဖို့ဆုံးဖြတ်ကြပါတယ်။ ဖေဖေမှာကလည်း အဆင်သင့်နှာခေါင်းပြွန်တပ်ထားပီးသား။ ဖေဖေကသတိလည်တချက် မလည်တချက်မို့ အစာအိမ်ထဲကထွက်တဲ့သွေးတွေ စုပ်ထုတ်ဖို့သွင်းထားတာ။ အတော်ပဲ၊ အဲဒီပြွန်ကတဆင့် ရေခဲစိမ်ထားတဲ့ နွားနို့တွေကိုထည့်ပေးပါတယ်။ နွားနို့ထဲလည်းသွေးတိတ်ဆေးတွေ၊သွေးကြောကျုံ့တဲ့ဆေးတွေဖောက်ထည့်တာလည်းတွေ့ရပါတယ်။ လုပ်လို့ရသမျှနည်းလမ်းပေါင်းစုံနဲ့ကယ်တာပါပဲ။အထူးကုဆရာဝန်ကြီးများအဖွဲ့လို့မပြောရဘူး။ လုပ်တာကိုင်တာများဇယ်ဆက်သလို ရေပက်မဝင်အောင် ဒေါင့်စေ့အောင်လုပ်သွားတာများ အခုရေးပြနေတာကမှကြာဦးမယ်။

ဖေဖေ့ကိုသွေးစသွင်းပြီဆိုကတည်းက ဖေဖေအတော်တည်ငြိမ်စပြုလာတာတွေ့ရတယ်။ မျက်နှာမှာသွေးရောင်လေး စသန်းလာပါတယ်။ သွေးဖိအားလည်းတဖြည်းဖြည်းတက်လာပါတယ်။ သွေးလှုရှင်တွေက အသက်(၂၀)ကျော်လေးတွေ၊အရွယ်ကောင်းလေးတွေ အများစု၊ ပီးတော့ လတ်လတ်ဆတ်ဆတ်သွေးတွေ၊ သွေးအားတင်မက သွေးထဲပါတဲ့အချက်အလက်တွေ(ဥပမာ သွေးခဲစေနိုင်တဲ့ပစ္စည်းများ)ကိုပါရလိုက်နိုင်တဲ့အတွက် ဖေဖေအခြေအနေဟာ အကောင်းဘက်ရောက်လာခဲ့ပါပြီ။ဖေဖေကိုယ်တိုင်ကလည်းအသက်အရွယ်အရသာစိုးရိမ်စရာအရွယ်ဖြစ်ပေမယ့် ဘာရောဂါကြီးမှ(သွေးတိုး၊ဆီးချို)မရှိတာလည်းအတော်ကံကောင်းသွားပါတယ်။ အကြောင်းအရာအားလုံးသွားစုစည်းမိလို့သေကံမရောက် သက်မပျောက်ဖြစ်သွားရတာပါ။ဘာသာရေးအယူအဆအရပြောရရင်တော့ သေနေ့မစေ့သေးလို့ပေါ့လေ။

သွေးတွေဆက်တိုက်သွင်းရာမှာ သွေး(၅၀၀၀-ငါးထောင်စီစီ) ၄၈နာရီအတွင်းသွင်းလိုက်တာပါ။အဲဒီ(၂)ရက်အပြီးမှာတော့ ဝမ်းသွားရာမှာ ပထမခပ်ညိုညိုနဲ့နောက်ပိုင်း လုံးဝဝါသွားပါတော့တယ်။အစာအိမ်သွေးတိတ်သွားပြီဆိုတဲ့သဘောပါ။ အဓိကပြဿနာကြီးဖြေရှင်းလိုက်နိုင်ပေမယ့် နောက်ရှုပ်ထွေးမှုတွေက တခုပြီးတခုတက်လာပါတယ်။ အစာအိမ်သွေးတိတ်သွားပြီဖြစ်လို့ အာဟာရလိုက်ဖို့ ပါးစပ်က နွားနို့တို့၊ ကြက်ဥပေါင်းလေးတွေစကျွေးကြည့်တဲ့နေ့မှာပဲ ချောင်းတွေစဆိုး-အပူချိန်တွေတက် လာပြီး အဆုပ်ရောင်လက္ခဏာတွေ ဝင်လာပါတော့တယ်။ ပဋိဇီဝဆေးနိုင်နိုင်နဲ့ဖိချလိုက်နိုင်တာကြောင့် အဆုပ်ရောင်သက်သာသွားပေမယ့် နောက်အန္တရာယ်ကြီးတရပ်ဖြစ်လာပြန်ပါတယ်။ ဆီးပြိုတယ်လို့ခေါ်တတ်ကြတဲ့ ဆီးတွေတအားများလာတာပါ။ နေ့ရောညပါ ဆီးတွေသွားနေတာပါ။ လူလည်း ချောင်ကျသွားပါတယ်။ အဲတော့ အကြောင်းရင်းရှာကြရတော့တာပေါ့။ ဘထုံးစံအတိုင်း ဆရာဝန်တွေ အစည်းအဝေးခန်းထဲစုပြီး ဆွေးနွေးကြ၊ အတွေ့အကြုံတွေဖလှယ်ကြနဲ့၊(ကျွန်မ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတုံးကလည်း ဒီလို ဆွေးနွေးပွဲတွေတက်ဖူးတယ်။ (Clinical Meeting) လို့ခေါ်တယ်။

ကျွန်မတို့လူနာဆောင်တွေထဲကရောဂါရှာဖွေရခက်တဲ့လူနာတွေ၊ ရှုပ်ထွေးမှုအမျိုးမျိုး(complications)ရှိနေတဲ့လူနာတွေကို အစည်းအဝေးခန်းမကြီးထဲခေါ်ချသွားပြီး(လူနာပြင်းထန်နေရင်တော့၊လူနာခေါ်မသွားဘဲ၊ အဲဒီလူနာနဲ့ပတ်သက်တဲ့အချက်အလက်အပြည့်အစုံသယ်သွားပြီး)ဆရာကြီးတွေရှေ့လူနာအကြောင်း တင်ပြပြီးဆရာကြီးတွေရဲ့အကြံပေးချက်တွေရယူတာတွေရှိပါတယ်။ အလွန်ကောင်းပြီးအကျိုးလည်း အလွန်ရှိတဲ့အလေ့အထပါ။) ဖေဖေက သွေးဖိအား(ဝ)နဲ့ရှော့ခ်အကြိမ်အချို့ဖြစ်လိုက်သေးတာကြောင့် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်သွားပုံရပါတယ်။ အထူးသဖြင့် ဟော်မုန်း အပြောင်းအလဲတွေဖြစ်သွားနိုင်ပါတယ်။(Sheehan Syndrome) လို့ခေါ်တဲ့ ဦးနှောက်တွင်းကပစ်ကျူထရီ အကြိတ်လုပ်ငန်းကျဆင်းမှုဖြစ်ပီး ဆီးထိန်းတဲ့ဟော်မုန်းတွေ မထွက်နိုင်ဖြစ်သွားတာပါ။

ဒါဖြင့် ဘယ်လိုကုသကြမလဲဆိုတာ ဆက်ဆွေးနွေးတော့ ဆရာဝန်တယောက်ရဲ့အကြံပေးမှုကတော့ ဆီးရွှင်ဆေး ထိုးဖို့တဲ့။ ဒါလည်း သူဖတ်ဖူးတဲ့ဆေးဆောင်းပါးတစောင်မှာ ရေးထားတာတွေ့ဖူးတာတဲ့။ဆီးတွေတအားသွားနေရလို့မောပန်းနေတဲ့ ကျောက်ကပ်ကို ဆီးရွှင်ဆေးက ကြာပွတ်နဲ့ရိုက်သလိုဖြစ်သွားလို့ ကျောက်ကပ် အလုပ်ဆက်မလုပ်နိုင်ဘဲ ရပ်သွားနိုင်တယ်။ ပီးတော့မှ ကျောက်ကပ်လုပ်ငန်းပြန်လည်ပတ်ရေးအတွက် ဖြည်းဖြည်းအကျင့်လုပ်မယ် တဲ့။ ကျွန်မလည်း ရင်မ နေရပါတယ်။(Frusemide-Lasix) ဆိုတဲ့ဆီးရွှင်ဆေးကို သွေးကြောကနေ ၂နာရီကြားထိုးပေးပါတယ်။ ၂ခါ-၃ခါပဲထိုးလိုက်ရတယ်။ ဆီးကတညလုံးရပ်သွားပါတော့တယ်။ ဆီး စ နည်းသွားကတည်းက ဆေးထိုးရပ်လိုက်ပါတယ်။ နောက်နေ့တရက် ဆီး နည်းသွားပြီး နောက်တရက်ကစပြီး ပုံမှန်တဖြည်းဖြည်းပြန်ရောက်လာပါတယ်။ လူနာရဲ့ ကိုယ်တွင်းအရည်အဝင်အထွက်ကို အတော်ဂရုစိုက်လိုက်နိုင်တာလည်း ပါပါတယ်။ ဇယားကွက်များနဲ့စနစ်တကျ ၂၄နာရီအပြည့်ထိန်းချုပ်ထားတာပါ။ ဒီလိုနဲ့ဖေဖေတဖြည်းဖြည်းနာလန်ထူလာပါတယ်။အထူးကုဆေးအဖွဲ့လည်း စုစုပေါင်း(၂)ပတ်နေပြီးဖေဖေအတော်တည်ငြိမ်သွားတော့ ညွှန်ကြားစရာတွေညွှန်ကြားပြီးပြန်သွားပါတယ်။

အပြန်မှာတော့ လေယာဉ်ကွင်းရှိတဲ့မြို့(ပေါက်စန်း)ကိုသွားရပြီး အဲဒီကမှပြန်ရပါတယ်။ ဖေဖေ့ကိုနောက်(၂)ပတ်လောက်စနစ်တကျ ပြုစုလိုက်တော့ အတော်ထူထူထောင်ထောင်ဖြစ်လာပါတယ်။သွေးအားတွေလည်း အတော်တက်လာနေပြီဖြစ်လို့ ကူမင်းပို့ဖို့စီစဉ်ရပါတယ်။ အစာအိမ်သွေးထွက်တာ ရပ်သွားပီဖြစ်ပေမယ့် အရေးပေါ်အခြေအနေကာလတွေမှာ သွေးဖိအားအမြန်တက်ဖို့လိုလို့ သွေးကြောရှုံ့စေတဲ့ဆေးတွေသွင်းရတဲ့ ခြေထောက်နှစ်ဖက်စလုံးက အပေါ်ယံအရေပြားတွေ မည်းကုန်သကုန်ပြီးကွာကျလာပါတယ်။ ပိုးမဝင်နိုင်အောင်အထူး ဂရုစိုက်နိုင်လို့အနာတော့မဖြစ်ပေမယ့် အရေပြားကွာတာတွေကကျယ်ပြန့်လာတာ တချို့နေရာတွေမှာဆိုရင် အရိုးတွေ၊ အရွတ်တွေတောင်ပေါ်လာနေပါတယ်။ နေ့စဉ် ပိုးသတ်ဆေးကြော၊ ပိတ်စိမ်းပါးအုပ်ပြီး ဓာတ်ကင်ပေးရပါတယ်။ ဒီလိုနဲ့ကျွန်မတို့သားအဖ ဆရာဝန်တယောက် သူနာပြုတယောက်အပါ လူနာတင်ကားနဲ့ပေါက်စန်းကို ထွက်လာခဲ့ရပါတယ်။

တောင်ဆင်းတောင်တက်လမ်းတွေဖြစ်လေတော့ ဖေဖေ့ခမျာ လူနာတင် ကုတင်ပေါ်မှာတလူးလူး တလိမ့်လိမ့်ပါ။ ကျွန်မမှာ ဖေဖေ့ကို ဘေးကထိန်းပေးနေရင်းက ပန်ဆန်းကနေ ဖေဖေကိုခေါ်လာခဲ့စဉ်က လူနာတင်ကားမရလို့ ရိုးရိုးပီကင်းဂျစ်ကားရဲ့နောက်ခန်းမှာ ကျပ်ကျပ်သပ်သပ်ထုပ်ပိုးခေါ်လာခဲ့ရတဲ့အဖြစ်ဟာ အဆိုးထဲကအကောင်းပါလားလို့သဘောပေါက်မိတယ်။ အခုလိုလူနာတင်ကားနဲ့သာခေါ်ခဲ့ ရရင် သွေးတွေထိမ်းမရအောင်ထွက်နိုင်ပြီး ဆေးရုံတောင် ရောက်နိုင်တော့မယ် မထင်ဘူး။

ကူမင်းက ပြည်နယ်စစ်ဆေးရုံကြီးရောက်တော့၊ ဖေဖေ့ကိုလာကုသပေးခဲ့တဲ့ဆရာဝန်ကြီးတွေကပဲဦးစီးပြီး တကိုယ်လုံးအပြည့်အစုံ ပြန်စစ်ဆေး၊ လိုအပ်သမျှတွေကိုနယ်ပယ်အသီးသီးကအထူးကုဆရာဝန်ကြီးများစုစည်း၊ ဆွေးနွေးတိုင်ပင်ကြပါတယ်။ ပြီးမှကုသရေးအစီအစဉ်ကို အဆင့်လိုက်ရေးဆွဲကြပါတယ်။ ကျွန်မတို့သားအဖကိုလည်း လာရှင်းပြပြီးသဘောတူမတူမေးပါတယ်။ ကျွန်မတို့သဘောတူကြောင်းပြောပြီးနောက် အဲဒီအစီအစဉ်များအတိုင်းဆက် လုပ်ဆောင်ကြပါတယ်။ဘသူတို့ရဲ့အစီအစဉ်ဟာ အတော်အသေးစိတ်ပြီးသိပွံနည်းကျလည်းဖြစ်ပါတယ်။ တလကျော် နှစ်လနီးပါး ဘက်စုံက ဖေဖေရဲ့ကျန်းမာရေးအခြေအနေ ခိုင်မာတည်ငြိမ်အောင်လုပ်ဆောင်ပြီးမှ ဖေဖေ့အစာအိမ်ခွဲစိတ်မှုကြီးကို လုပ်ပါတယ်။ အစာအိမ်က အက်စစ်ဓာတ်အထွက်များတဲ့ပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ အစာအိမ်ရဲ့လေးပုံ သုံးပုံကိုဖြတ်ထုတ်လိုက်နိုင်ပေမယ့် အစာအိမ် အနာဟောင်းကတော့အနာရွတ်ဖြစ်နေပြီး အောက်ဖက်ကတခြားအင်္ဂါများနဲ့သွားကပ်နေလို့ မထုတ်ဘဲ ထားခဲ့ရပါတယ်။ ဒါကြောင့် ဒီနောက် အလွန်သတိထားနေခဲ့ရပါတယ်။ သွေးက အချိန်မရွေးအနာဟောင်းက ပြန်ထွက်နိုင်နေတာပါ။ အဲဒီခွဲစိတ်မှုကြီးအပြီးမှာ၊ခြေထောက်ကအနာတွေကို ပေါင်ကအရေပြားခွာယူပြီး ပြန်အုပ်ပြီးချုပ်ပေးပါတယ်။

ဆေးရုံမှာဖေဖေ(၈)လလောက်နေခဲ့ရပါတယ်။ ဒီလိုအချိန်မီ အလွန်စနစ်ကျစွာ အသက်ကယ်လိုက်နိုင်မှုကြောင့် ဖေဖေ ဟာ နောက်ထပ်နှစ်ပေါင်း(၃၀)-(၂၀၁၂အထိ)အသက်ရှည်ခဲ့ပါတယ်။ဒီအတွက်-ပန်ဆန်းဘက်က ဥက္ကဋ္ဌကစလို့ ဌာနအသီးသီး- အဆင့်အသီးသီး ကရဲဘော်တွေရဲ့ ကူညီမှု ၊တဘက်နိုင်ငံကလည်း ပီကင်းဗဟိုကစလို့၊ဒေသအသီးသီးကကတာဝန်ခံရဲဘော်များရဲ့လိုလေသေးမရှိ ကူညီမှု စတာတွေကို ကျွန်မတို့မိသားစုအတွက် တသက်တာမမေ့နိုင်အောင် တန်ဖိုးထား ကျေးဇူးတင်လျှက်ရှိနေပါတော့တယ်။ လှကျော်ဇော။၁၇-၈-၂၀၂၁။

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ

အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ-မြစမ်းအေး-

အာဖဂန်စစ်ပွဲမှာ ဂန္တဝင်မြောက်ရှုံးနိမ့်မှုကြောင့် အမေရိကန်ရဲ့ ကမ္ဘာလွှမ်းခြုံကော်ပိုရိတ်ပါဝါဟာ ဘာလဲဆိုတာအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အထူးသဖြင့် အမေရိကန်ကဖန်တီးလိုက်တဲ့ ကြီးကျယ်သောစစ်ပွဲကြောင့် အပျက်အစီးဒဏ်ခံရတဲ့ ကျယ်ပြန့်တဲ့ ဒေသကြီးအတွက် ဒီရှုံးနိမ့်မှုက ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ။

အာဖဂန်နစ္စတန်မှစလို့ အီရန် အီရတ် ဆီးရီးယား လက်ဘနွန် (လစ်ဗျား ယီမင်) အထိ လွတ်မြောက်ရေး ယုံကြည်ချက်သစ်များ ပေါ်ပေါက်လာမှုကို အမေရိကန်နယ်ချဲ့ ရင်ဆိုင်နေရတယ်။ ဗဟိုအာရှမှ အနောက်အာရှအထိ အမေရိကန် ကျူးကျော်စွက်ဖက်ထားရာ ဒေသများမှာ စိန်ခေါ်မှုများ တိုးပွားလာနေတယ်။အာဖဂန်ရုပ်သေးအစိုးရ ပြိုလဲမှုသတင်းက – ဘဂ္ဂဒက်(အီရတ်)ရှိ အမေရိကန်သံရုံးကို ဒုံးကျည်များ ဒရုန်းများဖြင့်ပစ်ခတ်တဲ့သတင်း၊ အမေရိကန် နုတ်ထွက်သွားပြီးနောက် ပြန်လည်ဖော်ထုတ်လာတဲ့ ဘယ်လိုဆွေးနွေးပွဲမှာဖြစ်ဖြစ် အီရန်အမာဂိုဏ်း အားကြီးလာတဲ့သတင်းတို့ အပေါ် သက်ရောက်မှုရှိနေပါတယ်။

အီရတ်က သူ့နိုင်ငံတွင်း အခြေဆိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့များ အဆုံးသတ်ဖို့ တောင်းဆိုတယ်။ ဆီးရီးယားက အမေရိကန် ဗုံးကြဲနေတဲ့ကြားက သူ့အချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်ထားတယ်။ လက်ဘနွန်မှာ ဟစ်ဘိုလာ(ပြောက်ကျား)များကို ချေမှုန်းလို့မရဘူး။ ဂါဇာ(ပါလက်စတိုင်း)က ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်။ ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးဟာ ကြာလေအထီးကျန်လေ ဖြစ်နေတယ်။

အလယ်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ အာဖဂန်နစ္စတန်မှာ ၄၃နှစ်ကြာ(၁၉၇၈-၂၀၂၁) စစ်ရေးစွက်ဖက်မှုနဲ့အတူ အမေရိကန်စူပါပါဝါရဲ့ နှစ်နှစ်ဆယ်ကြာ(၂၀၀၁-၂၀၂၁) သိမ်းပိုက်ထားမှုဟာ ဟာရီကိန်းမုန်တိုင်းအောက်က ကပ်ထူပြားအိမ်တလုံးလို ဖရိုဖရဲပြိုလဲ အဆုံးသတ်သွားပါပြီ။

အမေရိကန် အရင်းရှင်ပါတီကြီး နှစ်ရပ်မှ နိုင်ငံရေးသမားများဟာ ကော်ပိုရိတ်မီဒီယာပေါ်မှာ အမေရိကန်ရှုံးနိမ့်မှုနဲ့ ကသောင်းကနင်းဆုတ်ခွာရမှုမှာ ဘယ်သူ့ကို အပြစ်တင်ထိုက်တယ်ဆိုတာကို ငြင်းခုံနေကြသော်လည်း၊ ထရမ့်ကော ဘိုင်ဒင်ပါ ဆုတ်ခွာဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ ဒီပါတီကြီး နှစ်ရပ်စလုံးကပဲ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေးဌာနကို တာဝန်ပေးပြီး ၁၉၇၈ ကတည်းက အာဖဂန်အရေးမှာ စွက်ဖက်ကျူးကျော်ခဲ့ကြတာပါ။ ကာတာနိုင်ငံ ဒိုဟာဆွေးနွေးပွဲ ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ကတည်းက ထရမ့်နဲ့တာလီဘန်တွေအကြား အာဖဂန်မှ အမေရိကန်တပ်ရုပ်ဖို့ သဘောတူခဲ့တာပါ။ အယ်လ်ကိုင်ဒါနဲ့အဆက်ဖြတ်ဖို့၊ အပစ်ရပ်ဖို့၊ အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံဖို့ တာလီဘန်အကျဉ်းသား ထောင်ချီပြန်လွှတ်ဖို့၊ အာဏာအလွှဲအပြောင်း ချောမွေ့စေဖို့ စတာတွေပါပါတယ်။ အာဖဂန်(ရုပ်သေး)အစိုးရက စေ့စပ်ပွဲမှာ မပါပါဘူး။

မူလသဘောတူချက်အရ ၂၀၂၁ မေ ၁ မှာ အမေရိကန်တပ်တွေ ပြန်ရုပ်ဖို့ပါ။ ဒါပေမဲ့ ဘိုင်ဒင်အစိုးရက တပ်ရုပ်မယ့်ရက်ကို ၂၀၂၁ စက်တင်ဘာ ၁၁ ( ၉/၁၁) သို့ ရွှေ့ခဲ့ပါတယ်။ နောက်ပိုင်း အခြေအနေမဟန်တော့ ဩဂုတ် ၃၁ သို့ ထပ်ရွှေ့တယ်။ အမေရိကန်တပ် အများစုက ဇူလိုင်ကတည်းက ထွက်ခွာသွားပါတယ်။ လေဆိပ်လုံခြုံရေးအတွက် ထောင်အချို့ပဲ ကျန်ပါတယ်။ အာဖဂန်ဟာ အလယ်အာရှရဲ့ အချက်အချာကျတဲ့ ပါဝါကစားကွင်းဖြစ်နေတာ ကြာပါပြီ။ အမေရိကန်ဘဏ်ကြီးများ စက်မှုနဲ့သတ္တုလက်ဝါးကြီးအုပ် ကုမ္ပဏီကြီးများဟာ အာဖဂန်မှာ နှစ်ရှည်လများ သွေးစုပ်နေကြတာပါ။ ၁၉၇၈ အာဖဂန်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တော်လှန်ရေးမှာ အာဖဂန်ဘုရင်ထွက်ပြေးရပြီး မြေယာပြုပြင်ရေးနဲ့အတူ ဆိုရှယ်လစ်လမ်းကြောင်းပေါ် တက်လှမ်းလာတယ်။ အမျိုးသမီးတွေ ဘဝလွတ်မြောက်လာကြတယ်။ အာဖဂန်မြေရှင်ကြီးများ စစ်ဘုရင်များ မူဂျာဟေဒင်(ဘာသာရေးအစွန်းရောက်များ)ဟာ ရီဂင်လက်ထက် အမေရိကန်လက်နက်တပ်ဆင်ထောက်ပံ့မှုနဲ့အတူ အာဖဂန်ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ စိုင်းပြင်းလာတယ်။ မူဂျာဟေဒင်တွေနဲ့အတူ ဂျိဟဒ်စစ်ပွဲမှာ ပူးပေါင်းလာတာက အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်ပါပဲ။

အာဖဂန်ကွန်မြူနစ်အစိုးရကို ကျားကန်ပေးဖို့ ဆိုဗီယက်တပ်တွေ အာဖဂန်မြေထဲဝင်လာတယ် (၁၉၇၉-၈၉) (စစ်အေးခေတ်)။ ဆိုဗီယက်ပြိုကွဲပြီးနောက် အာဖဂန် တော်လှန်ရေးအစိုးရဟာ ဒေသအနည်းပိုင်းကိုပဲ ချုပ်ကိုင်ထားနိုင်တော့ပေမယ့် အာဖဂန်တော်လှန်ရေးဟာ ကိုယ်ကျိုးစွန့် သူရဲကောင်းစိတ်ဓာတ် ခိုင်မာခဲ့ပါတယ်။ ၁၉၉၆ အထိ စစ်ဘုရင်အချင်းချင်း တိုက်နေလို့ ကဘူးကို မသိမ်းနိုင်သေးဘူး။ အဲဒီအချိန်မှာ ဆော်ဒီမှအထောက်အပံ့ ရရှိတယ်လို့ ယူဆရတဲ့ (၁၉၉၀လွန် ပါကစ္စတန်မြောက်ပိုင်းက စပေါ်လာတဲ့) ဘာသာရေးကျောင်းတော်သားများလို့ အဓိပ္ပာယ်ရတဲ့ “တာလီဘန်”များဟာ အင်အားကြီးထွားလာပြီး တပြည်လုံးကို သိမ်းပိုက်လာနိုင်ပါတယ် (၁၉၉၆)။

(၉/၁၁) ၂၀၀၁ အမြွှာမျှော်စင်အတိုက်ခံရမှုနဲ့ သမ္မတဘွတ်ရှ်(အငယ်)ရဲ့ “ငါနဲ့ မတူ ငါ့ရန်သူ” စိန်ခေါ်သံနဲ့အတူ အကြမ်းဖက်သမား Terrorist ဘင်လာဒင်ချေမှုန်းရေး အကြောင်းပြလို့ အာဖဂန်ကို အမေရိကန်က တကိုယ်တော်ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ အာဖဂန်စစ် အီရတ်စစ် လစ်ဗျားစစ် ဆီးရီးယားစစ် ယီမင်စစ်(ဆော်ဒီမှတဆင့်) ပါလက်စတိုင်း လက်ဘနွန်အထိ အန်ကယ်ဆမ် စစ်မီးမွှေးခဲ့ပါတယ်။

အမေရိကန် နှစ်၂၀ သိမ်းပိုက်ထားတဲ့ ရုပ်သေးအစိုးရအောက်က အာဖဂန်ဟာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရုံမက၊ တည်ငြိမ်အေးချမ်းမှု ဒီမိုကရေစီ အလုပ်သမားအခွင့်အရေး စက်မှုဖွံ့ဖြိုးမှုတို့ မရှိခဲ့ဘဲ ဖရိုဖရဲ ကျရှုံးနိုင်ငံအဖြစ် ကျရောက်ခဲ့ပါတယ်။ အမေရိကန်စူပါပါဝါဟာ အကျင့်ပျက်ခြစားမှုနဲ့ ကျွန်ဇာတ်သွင်းမှုကိုပဲ သယ်ဆောင်လာတာပါ။

ဂျူလိုင် ၈ ရက်နေ့ သမ္မတဂျိုးဘိုင်ဒင် သတင်းစာရှင်းပွဲပြုလုပ် ဖြေကြားရာမှာ – အာဖဂန်စစ်သည် ၃၀၀,၀၀၀ လက်နက်အပြည့်အစုံ တပ်ဆင်ထားတယ်။ လေတပ်လည်း ရှိတယ်။ တာလီဘန်က ၇၅,၀၀၀ လောက်ပဲရှိတာ၊ သူတို့က (ကာဘူးမြို့တော်) ကို သေချာပေါက် သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုတယ်။ အာဖဂန်မှာက ကန်ထရိုက်ကြေးစားစစ်သည် ထောင်ပေါင်းများစွာလည်း ရှိပါသေးတယ်။

အနှစ် ၂၀ လေကြောင်းနဲ့ အထူးတပ်ဖွဲ့ စစ်ဆင်ရေးများက တာလီဘန်တွေကို မနှိမ်နင်းနိုင်ခဲ့ပါ။ စစ်စရိတ် ဒေါ်လာ $ ၂ ထရီလီယံ ကုန်ကျပြီး၊ အမေရိကန်စစ်သည် ၂၃၁၂ ဦး သေဆုံး၊ ၂သောင်းနီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အာဖဂန်အရပ်သား ၄၇,၆၀၀ ကျော် သေဆုံးခဲ့၊ ၄၀% ဟာ အမေရိကန် ဗုံးဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ပင်တဂွန်စစ်ပွဲများဟာ အမေရိကန် စစ်-စက်မှုစီးပွားရေးလုပ်ငန်းစုကြီးအတွက် ကြီးမားတဲ့အမြတ်အစွန်းတွေ ရရှိစေပါတယ်။ စစ်သုံးစရိတ် ဒေါ်လာထရီလီယံချီ သုံးစွဲတာလည်း အမြတ်အစွန်းအတွက်ပါပဲ။ အမြတ်အစွန်းပေါ် အခြေခံတဲ့ စစ်-စက်မှုလုပ်ငန်းများ အန္တရာယ်ရှိနေပြီဆိုရင် စစ်ပွဲအသစ်တွေ ဖန်တီးဖို့လိုအပ်နေပြီဆိုတာကို ပြနေတာပါပဲ။

မြို့တော် ကဘူး ဒါလောက်လွယ်လွယ်ကျမယ်လို့ ဘယ်သူမှ ကြိုမတွက်ထားပါဘူး။ တာလီဘန်တွေကတောင် ဒါလောက်မြန်မယ် ထင်မထားခဲ့ဘူးလို့ ဆိုပါတယ်။ တာလီဘန်တွေက မေလလစပြီး ထိုးစစ်ဆင်တယ်။ ဩဂုတ်အစောပိုင်းအထိ ပြည်နယ်မြို့ တမြို့မှ မသိမ်းသေးဘူး။ မြို့ကြီးအချို့ စသိမ်းလိုက်တာနဲ့ အာဖဂန်စစ်တပ် စိတ်ဓာတ်ပျက်ပြားသွားတယ်။ တာလီဘန်တွေက တစတစ နိုင်ငံရဲ့ နေရာအများပိုင်းကို ထိန်းချုပ်လာနိုင်တယ်။ ဒါပေမဲ့ နောက်တလလောက် အကြာမှ ကဘူးကျမယ်လို့ တွက်ထားတာပါ။ ဩဂုတ် ၁၅ တနင်္ဂနွေနေ့ တာလီဘန်တွေ ကဘူးမြို့ထဲဝင်လာတော့ ခံတိုက်မယ့်စစ်တပ်မရှိတော့ဘူး။ အမေရိကန် ထောက်ပံ့ပြီးလေ့ကျင့်ပေးခဲ့တဲ့ အာဖဂန်အမျိုးသားတပ်မတော် ANA ဟာလည်း လက်နက်ချသူချ ထွက်ပြေးသူပြေးနဲ့ တပ်ပျက်သွားပါပြီ။ ဗဟိုအစိုးက ခြွင်းချက်မရှိ လက်နက်ချတယ်။ သမ္မတ Ashraf Ghani (ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း) နိုင်ငံမှ စွန့် ခွာထွက်ပြေးသွားတယ်။ အာဖဂန်မှ မျိုးနွယ်စုဆိုင်ရာ စစ်ဘုရင်ကြီးတွေ ၄ ဦးလောက်ရှိတယ်။ သူတို့နဲ့ ပတ်သက်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ အမေရိကန် လေ့ကျင့်ပေးထားတဲ့ ပြည်သူ့စစ်တွေလည်း အများအပြားရှိ တယ်။ ဒါတွေဟာ ဆယ်စုနှစ်လေးစု (အနှစ် ၄၀) ကြာ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့အတူ ပြည်တွင်းစစ် ဖြစ်နိုင်တဲ့ ရေခံမြေခံတွေဖြစ်တယ်။ ဒါကိုရှောင်ရှားဖို့ (တာလီဘန်အပါ) သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ကြားဖြတ်အစိုးရအတွက် ဒိုဟာမှာ အမေရိကန် – တာလီဘန် ဆွေးနွေးခဲ့ကြတာပါ။ တာလီဘန်ထိုးစစ်မှာ ဒေသန္တရ စစ်ဘုရင်ကြီးများရဲ့ ထောက်ခံမှုရခဲ့လို့ ဒီအချက် အောင်မြင်တယ်လို့ ပြောလို့ ရပါတယ်။

အမေရိကန်ပုံစံ (ကြားဖြတ်အသွင်ကူးပြောင်းရေးစီမံကိန်း) ဟာလည်း လေမှာ ပျောက်ကွယ်သွားပြီး ပထမဆုံး ပြည်နယ်မြို့တော်ကျပြီး ၉ ရက်အတွင်း မြို့ကြီးအားလုံးကို သိမ်းပိုက်ကာ ကဘူးမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်အင်အားချို့တဲ့၊ ခေတ်မီနည်းပညာ ပစ္စည်းကိရိယာ မပြည့်စုံ၊ လေတပ်မရှိပေမယ့် – လူထုဒေါသကို တာလီဘန်တွေက အသုံးချနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အာဖဂန်အစိုးရဟာလည်း စာရင်းသာရှိပြီး တကယ့်အရေအတွက်က ဒီလောက်မရှိပါဘူး။ နောက်ပြီး လစာ မှန်မှန်မပေးနိုင်တာ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့မို့ ပြန်မတိုက်ဘဲ ထွက်ပြေးကြတာလည်း များပါတယ်။

တာလီဘန်တိုက်ခိုက်ရေးသမားတွေ သယ်ဆောင်လာတဲ့ကားတွေ ကဘူးမြို့ထဲဝင်လာတာ၊ ရဲနဲ့စစ်သားတွေ ပျောက်ကွယ်သွားတာ၊ လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုတာတွေကို တီဗွီဖန်သားပြင်မှာ တကမ္ဘာလုံးက မြင်တွေ့ရပါတယ်။ သမ္မတ Ashraf Ghani တာလီဘန် ကိုယ်စားလှယ်တွေနဲ့ သမ္မတနန်းတော်မှာ တွေ့ဆုံပြီး တာဂျစ်ကစ္စတန်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း အာဖဂန်သတင်းဌာန TOLO က ကြေညာသွားပါတယ်။

အမေရိကန်သံရုံးမှ စာရွက်စာတမ်းတွေ မီးရှို့လောင်ကျွမ်းရာမှ ထွက်ပေါ်လာတဲ့ မီးခိုးတန်းတွေ မြင်တွေ့နေရပါတယ်။ အမေရိကန်သံအမတ်ကြီးက သံရုံးရှိ အမေရိကန်အလံကိုချပြီး တိုင်းပြည်က ထွက်ခွာဖို့ လေဆိပ်ကို ထွက်ခွာသွားပါတယ်။ကဘူးလေဆိပ်မှာတော့ ၁၉၇၅ ဆိုင်ဂုံကျဆုံးခန်းလိုပဲ မီရာလေယာဉ်နဲ့လိုက်ဖို့ လေယာဉ်ပေါ် ဝရုန်းသုန်းကား အလုအယက် တိုးဝှေ့တက်နေသူတွေနဲ့ ပြည့်နေပါတယ်။အာဖဂန်-ဘယ်လဲ၊ တာလီဘန် -ဘယ်လဲဆိုတာတွေကို ရှေ့လာမယ့်အဖြစ်အပျက်တွေအပေါ် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ မြစမ်းအေး (၁၈ ဩဂုတ် ၂၀၂၁)ကိုးကား။ On Afghanistan debacal by John Catalinotto. 15 Auguest 2021. Afghanistan Collapse – an epic of U.S. failure by Sara Flounders.

ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး)

ထာဝရ တော်လှန်ရေးသမား (ဗိုလ်မှူးချစ်ကောင်း နှစ်တစ်ရာပြည့် ဆောင်းပါး) ညီစေမင်း(ရဲဘော်ကျော်ဇံလှ ရဲ့ ပုံနှိပ်ဖော်ပြခြင်းမပြုရသေးတဲ့ ဆောင်းပါးတပုဒ်ပါ။)

(အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက် ကျွန်တော်သည် မိမိကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲကို ရောက်နေသည်ကို တွေ့ရ၏) ဗိုလ်မှူးချစ်ကောင်းဒါကတော့ ကိုယ်ကျိုးမဖက် ပြည်သူအတွက် အလုပ်လုပ်လာခဲ့သူ နိုင်ငံရေးသမားတယောက်အနေနဲ့ တနေ့နေ့ တချိန်ချိန် တနေရာရာ အခြေအနေတခုခုအောက်မှာ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်ပါ။ ကိုယ်က ကိုယ်ကျိုးမထည့်တွက်၊ ပြည်သူအတွက်ပဲ ရှေးရှူတယ်၊ ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ ယူဆတယ်။ ဒါပေမဲ့ ပြည်သူ့သုခကိုတော့ ကိုယ်လည်းရကောင်းတဲ့သုခလို့ မယူဆ၊ ပြည်သူသာ ပျော်ပါစေပေါ့။ ပြည်သူအတွက် တလျှာက်လုံး ဦးတည်လာခဲ့လေတော့ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေနိုင်။ ပြည်သူများ ဒုက္ခနွံအတွင်းမှ လွတ်မြောက်ရေးအတွက် အလုပ်လုပ်တယ်။ လှုပ်ရှားတယ်။ တိုက်ပွဲဝင်တယ်။

ပြည်သူအတွက် တိုက်ပွဲဝင်တယ်ဆိုတာ လရောင်အောက်လမ်းလျှောက်ရတာ မဟုတ်။ ဆူးငြောင့်ခလုတ်တွေ ထူပြွမ်းတဲ့ ခယောင်း လမ်းကို လျှောက်ရတယ်။ အဲဒီလမ်းကို လျှောက်လှမ်းတဲ့အခါမှာ အခက်အခဲတွေ တွေ့မယ်။ ဒုက္ခရောက်မယ်။ အသက်စွန့်တန်စွန့်ရမယ်။ ဒါတွေက ပြည်သူ့သူရဲကောင်းတွေ မလွဲမသွေကြုံတွေ့ရမယ့် အခြေအနေတရပ်။ ဒါတွေကိုတွေးပြီး၊ ကြောက်ဒူးတုန်မနေ၊ တွန့်ဆုတ်မနေ လုပ်စရာရှိတာလုပ်တယ်။ စွန့်လွှတ်ရခြင်းဆိုတာက သူ့အတွက်တခုတည်းသော ရလဒ်၊ ဗိုလ်မှူးချစ် ကောင်းဟာ ဒီလိုသူရဲကောင်းမျိုး၊ ဗိုလ်မှူးချစ်ကောင်းရဲ့ဘဝဟာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေတဲ့ဘဝမျိုး။

ဗိုလ်မှူးချစ်ကောင်းကို မြင်းခြံမြောက်ဘက် (၄) မိုင်ခန့်အကွာမှာ ရှိတဲ့ လယ်သစ်ရွာမှာ ၁၉၂၀ အောက်တိုဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လယ်သစ်ဆိုတာ တချိန်က ဆေးရွက်ကြီးစိုက်ပျိုးခဲ့တဲ့ ရွာဖြစ်တယ်။ မြင်းခြံနဲ့လည်း မနီးမဝေးမို့ အဆက် အသွယ်သိပ်မပြတ်ဘူး။ တချိန်က စက်ဘီးနဲ့သွားရင် ကောင်းကောင်းရောက်နိုင်တဲ့ ရွာတရွာပေါ့။ ဗိုလ်မှူးချစ်ကောင်းရဲ့ မိဘများဟာ ဘာလုပ်ကိုင်တယ်ဆိုတာ တိတိကျကျမသိရပေမယ့် မြင်းခြံ မြောက်လက်ကျေးရွာသားတို့ ထုံးစံတောင်သူကြီးပဲ ဖြစ်မယ်လို့ ယူဆရပါမယ်။ တောင်သူကြီးဆိုသော်လည်း ခေတ်အမြင်ကျယ်တဲ့ မိဘလို့ဆိုနိုင်ပါတယ်။ အဲဒီခေတ်အခါက ကျေးလက်က ပြည်သူတွေဟာ ပညာရေးကို အားပေးခဲပါတယ်။ ဘုန်းကြီးကျောင်း ဒါမှမဟုတ် ရွာတွင်းမူလတန်းကျောင်းမှာ အခြေခံပညာ သူတို့အဆို သေစာရှင်စာလောက် တတ်ရင်တော်ပြီလို့ ယူဆကြပါတယ်။ မိမိသားသမီးကို မြို့မှာ ကျောင်းထားမယ်ဆိုရင် အနည်းဆုံးမြို့မှာ မိမိသားသမီးနေနိုင်အောင် ဆွေမျိုးသားချင်းမိတ်ဆွေ အရင်းအချာရှိရပါမယ်။ ဒါတောင် ကျောင်းစရိတ်အတွက် ပေးနိုင်စွမ်းရှိရပါမယ်။ (ကျွန်တော်အထက်တန်းကျောင်းသားဘဝမှာကို ၁၉၆၀ လွန်နှစ်များက လယ်သစ်က စက်ဘီးနဲ့ကျောင်းလာ တက်သူတွေ ရှိခဲ့ပါတယ်။ ကျွန်တော်နဲ့ တတန်းတည်း တခန်းတည်းမှာကို လယ်သစ်ကလာတက်တဲ့ ကျောင်းသားတယောက်ရှိပါတယ်။ သူက မကြာခဏကျောင်းပျက်တဲ့အတွက် သူ့ကို “လယ်သစ် တယ်လစ်” လို့ အမည်ပြောင် ပေးထားပါတယ်။ ဒါပေမဲ့ တနေ့မှာ သူ့ကို “သူငယ်ချင်း ကျောင်းသိပ်မပျက်ပါနဲ့ကွာ၊ ဗိုလ်မှူးချစ်ကောင်းကို အားနာပါဦး” လို့ ပြောလိုက်တဲ့နေ့ကစပြီး၊ ကျောင်းအပျက်နည်းသွားပါတယ်။ ဒါဗိုလ်မှူးချစ်ကောင်းရဲ့ နောက်မျိုးဆက်တွေအပေါ်မှာ သြဇာလွှမ်းမိုးမှုပါ။)

ကိုလိုနီခေတ်ကစ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးတိုက်ပွဲများ၊ ဆင်နွှဲခဲ့ကြတဲ့ ဗိုလ်မှူးချစ်ကောင်း(ဦးစိုးမောင်) နဲ့ တခြားရဲဘော်ကြီးတွေ ချမှတ်ထားခဲ့တဲ့ အစဉ်အလာများဟာ ကနေ့ထက်တိုင် ဆက်လက်ဂုဏ်ရောင်ပြောင်ဆဲပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့ကို အားကျတဲ့စိတ်ဓာတ်နဲ့ ခွပ်ဒေါင်း အလံကို ဆက်လက်စွဲကိုင်ပြီး၊ သမဂ္ဂတွေ တရားဝင်ဖွဲ့ခွင့်မရတဲ့ ကာလမှာကို ပြည်သူ့လွတ်မြောက်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်တောင်းဆိုတိုက်ပွဲ ဝင်ခဲ့ကြတယ်။ ဗိုလ်မှူးချစ်ကောင်းဟာ မြင်းခြံအထက်တန်းကျောင်း —– မစ်ရှင်စကူးခေါ် သာသနာပြုကျောင်းထွက်ဖြစ်တယ်။ အဲဒီကျောင်းက ယခု အထက (၄) ယခင်မြို့လယ်ကျောင်း တောင်ဘက်က အေဘီအမ် (American Baptist Mission) က တည်ထောင်တဲ့ ကျောင်းဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်စာကို အထူးအသားပေးသင်တဲ့ ကျောင်းဖြစ်တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ကျောင်းအုပ်ဆရာမကြီးများကို အစွဲပြုပြီး၊ ဒေါ်သိမ်၊ ဒေါ်ခါကျောင်းလို့ အရပ်ခေါ် ခေါ်ခဲ့ကြတယ်။) အဲဒီကျောင်းကပဲ တက္ကသိုလ်ဝင်တန်းကို ဗိုလ်မှူးချစ်ကောင်း အောင်မြင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်မှူးချစ်ကောင်းဟာ အဲဒီလိုသာသနာပြုကျောင်းမှာပါ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းနိုင်ခဲ့တယ်။

ဗိုလ်မှူးချစ်ကောင်းဟာ ကျောင်းသားဘဝကတည်းက စာပေဝါသနာပါ၊ စာပေရေးသားပြုစုခဲ့တယ်လို့ ယူဆရပါတယ်။ ဗိုလ်မှူးချစ် ကောင်းက “မြင်းခြံစိုးမြင့်” ကလောင်အမည်နဲ့ ဒဂုန်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ “နွားသိုးလောက” ဆောင်းပါးကြောင့် ဗြိတိသျှ အစိုးရက မြန်မာစာပေသမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ ဒဂုန်မဂ္ဂဇင်းကို အာမခံတောင်းခဲ့တယ်။ ဒဂုန်မဂ္ဂဇင်းက အာမခံ မတင်ဘဲ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရတယ်။ ဒါကို ကြည့်ခြင်အားဖြင့် ဗိုလ်မှူးချစ်ကောင်းရဲ့ စာပေလက်နက်ဟာ နယ်ချဲ့အစိုးရကို ဘယ်လောက်အထိ ထိုးချက်ပြင်းခဲ့သလဲဆိုတာ သိနိုင်တယ်။ ဗိုလ်မှူးချစ်ကောင်းဟာ ဂျပန်တော်လှန်ရေးမှသည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအထိ တိုက်ပွဲအစဉ်အ ဆက်မှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်။ သူ့ဘဝဟာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေတဲ့ဘဝဖြစ်တယ်။

ဒါပေမဲ့ တဖက်ကလည်းကြားက မြေဇာပင်သဖွယ် ပြည်တွင်းစစ်ကြားမှာ အပြစ်မဲ့ပြည်သူတွေကို ထောက်ထားစာနာတဲ့ အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း လိုလားတယ်။ ပြည်တွင်းစစ်ရပ်စဲရေး နည်းလမ်းအဖုံဖုံ တင်ပြတဲ့အထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့က တင်ပြတဲ့ သူမနာကိုယ်မနာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့်နည်းကလွဲပြီး၊ ကျန်တဲ့လမ်းစဉ်တွေဟာ လက်နက်ချအညံ့ခံရေး လမ်းစဉ်သာဖြစ်တယ်။ အဲဒီအချိန်က ဖဆပလအစိုးရဟာ မိမိအရေးနိမ့်နေချိန် ရန်ကုန်အစိုးရ သာသာဖြစ်နေချိန်မှာ လက်ဝဲအင်အားစုများကို မြူဆွယ်တဲ့အနေနဲ့ လက်ဝဲညီညွတ်ရေးခေါင်းစဉ်နဲ့ လက်ဝဲအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရယူဖို့ ကြိုးပမ်းခဲ့တယ်။ တကယ်တမ်း ရည်ရွယ်ချက်က လောလောဆယ်အကျပ်အတည်းမှ လွတ်ရာနည်းပရိယာယ်တ ရပ်ပဲဖြစ်တယ်။

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းရဲ့စစ်အုပ်စုမှာ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို အင်အားသုံးဖြုတ်ချခဲ့တာကို ပြည်သူလူထုက မကျေမနပ်ဖြစ်လာမှာကို ဆင်ဝှေ့ရန်ရှောင်လုပ်တဲ့အနေနဲ့ ပထမ ၃၃ ဦး ပါတီစုံအကြံပေးကော်မတီ ဖွဲ့တယ်။ နောက်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာပြန်တယ်။ ဒါကလည်း ပြည်သူလူထုကို လှည့်ဖြားမယ့် နည်းပရိယာယ်တခုဖြစ်တယ်။ အဲဒီမှာ ပြည်သူလူထု အခြေခံတောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး၊ ကရင်ကို ကော်သူးလေပြောင်းလဲတဲ့ အပေါ်ယံအချက်ကိုသာလိုက်လျောပြီး ကရင်တော်လှန်ရေးအဖွဲ့ထဲက တစိတ်တပိုင်းလောက် ကို ဖဲ့ယူနိုင်ခဲ့တယ်။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်က အပေါ်ယံလိုက်လျောမှုတွေပေးပြီး တော်လှန်ရေးအင်အားစုတွေ ကို ရနိုင်သမျှဖဲ့ထုတ်ဖို့ ရည်ရွယ်တာပဲဖြစ်တယ်။ (ဒီရည်ရွယ်ချက်ရှိကြောင်း နောက်ပိုင်း ဖြစ်ရပ်တွေက သက်သေပြနေ တယ်။ ဒါကြောင့်ဆွေးနွေးပွဲကနေ စစ်အစိုးရ အမြတ်ရသင့်သလောက် ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။) ပြည်တွင်းစစ်ဒဏ်ကို ဆယ်နှစ်ဆယ်မိုး ခံစားခဲ့ရတဲ့ပြည်သူတွေကလည်း အစစ်အမှန်ငြိမ်းချမ်းရေးကို လိုလားတောင့်တနေပါပြီ။ ဒါကြောင့်မြန်မာ နိုင်ငံအောက်ပိုင်း ၆ ခရိုင်ဆန္ဒပြပွဲ၊ အထက်မြန်မာပြည် ၇ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေမှာ ပြည်သူလူထုအင်အား သောင်းကျော်ပါ ဝင်ဆင်နွှဲခဲ့ကြတယ်။ အပြင်ကဝန်းရံနေတဲ့ ပြည်သူလူထုကြီးကလည်း ဆန္ဒပြပြည်သူတွေအတွက် အလျှံပယ်ထမင်းထုပ်တွေ ပေးဝေခြင်းအားဖြင့် ငြိမ်းချမ်းရေးဆန္ဒကို ဖော်ပြခဲ့ကြတယ်။

ဒါပေမဲ့ အထက်မြန်မာပြည် ၇ ခရိုင်ဆန္ဒပြပွဲကြီး ချီတက်လာစဉ်အတွင်းမှာပဲ ဆွေးနွေးပွဲပျက်သုဉ်းတဲ့အကြောင်း သတင်းတွေရတယ်။ (ဒါပေမဲ့ ကျွန်တော်တို့ မြင်းခြံခရိုင် ဗကသအပါအဝင် ဆန္ဒပြသူများဟာ မန္တလေးစုရပ် အိမ်တော်ရာဘုရား သံတန်ဆောင်းထဲရောက်သည်အထိ မဆုတ်မနစ် ချီတက်ခဲ့ကြပါတယ်။)ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခြင်းနဲ့ပတ်သက်ပြီး၊ အဲဒီအချိန်က ဗိုလ်နေဝင်းအစိုးရမှာ အခြားရည်ရွယ်ချက်တခုရှိပါသေးတယ်။ အဲဒီရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာ ငြိမ်းချမ်းရေးကို လိုလားသူမဟုတ်၊ သူတို့သာ ငြိမ်းချမ်းရေး လိုလားသူတွေဖြစ်တယ်လို့ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် နားလှည့်ပါးရိုက်လုပ်ဖို့ပါ။ (ဒါပေမဲ့ ပြည်သူလူထုဟာ သူတို့ထင်သလောက် မအကြပါ။) ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတဲ့နောက်မှာတော့ ဆိုရှယ်လစ်မင်းသား ခေါင်းဆောင်းထားတဲ့ စစ်အစိုးရရဲ့ ဘီလူးရုပ် အထင်းသားပေါ်လာတယ်။ ဆန့်ကျင်ဘက်အင်အားစုတွေမှန်သမျှ လက်ဝဲလက်ယာမခွဲခြားဘဲ အားလုံးကို သိမ်းကျုံးဖမ်းဆီး ထောင်ထဲပို့လိုက်ခြင်းပါပဲ။ (တချိန်က ဝိဓူရသခင်ချစ်မောင်တို့ စကားကိုးကားရမယ်ဆိုရင်တော့ ဒီအထဲမှာ လက်ဝဲသမားများ အနာဆုံးပါ။) ဒီနောက်ဝိုင်းပတ် သုတ်သင်ချေမှုန်းရေးစစ်တွေ ဆင်နွှဲတော့တာပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ဗိုလ်မှူးချစ်ကောင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သစ္စာရှိသူ တယောက်ပီပီ၊ အများတကာတွေ ပြုနိုင်ခဲတဲ့ လက်နက် ကိုင်တော်လှန်ရေးအတွင်း ပြန်လည်ဝင်ရောက် လာခြင်းဖြစ်တယ်။ ဗိုလ်မှူးချစ်ကောင်းဟာ မိခင်ပါတီနဲ့အတူ မပြီးဆုံးသေး တဲ့လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်း တိုက်ပွဲတွင်းမှာပဲ ဂိုဏ်ရောင်ပြောင်စွာ ကျဆုံးသွားရတာပါ။ တကယ်လို့သာ ပါတီအပေါ်သစ္စာမရှိဘဲ ဖောက်ပြန်ရေးသမားတွေနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေ ဘယ်လိုဆုလာဘ် ရနိုင်တယ်ဆိုတာ ဆန့်ကျင်ဘက်အရာများက ပြဆိုနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်မှူးချစ်ကောင်းဟာ အသက်စွန့်လွှတ်သွားရသော်လည်း ပြည်သူလူထုတွေရဲ့ အသဲနှလုံးမှာ ယနေ့တိုင်ကိန်းအောင်းဆဲပါ။ မီးရှူးတန်ဆောင်ကြီး လို ထာဝစဉ်ထွန်းလင်းလမ်းပြဆဲပါ။ ဗိုလ်မှူးချစ်ကောင်းစိတ်ဓာတ် အဓွန့်ရှည်ပါစေ။ ညီစေမင်း` ၂၀ အောက်တိုဘာ၊ ၂၀၂၀။

ကိုစိုးမြင့် (ရဲဘော်သိန်းဝင်း) သို့ လွမ်းသူ့ ပန်းခွေ

ကိုစိုးမြင့် (ရဲဘော်သိန်းဝင်း) သို့ လွမ်းသူ့ ပန်းခွေ ရဲဘော်အေးသန်း အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ် (၅) မှာ ဖော်ပြမယ့်ဆောင်းပါး

ကိုစိုးမြင့်ဆုံးကြောင်း ရဲဘော်တယောက်က ပို့လိုက်တဲ့သတင်းကို (၂၇ ဇူလိုင် ၂၀၂၁) အင်တာနက်ဖွင့်ဖွင့်ချင်း မထင်မှတ်ဘဲ တွေ့လိုက်ရတော့ ရင်ထဲလစ်ဟာသွားပါတယ်။ ဆုံးရှုံးမှုကြီးလိုက်တာ။ ကိုဗစ်အန္တရာယ်သတိထားဖို့ ဇန္နဝါရီလလယ်လောက်က ကျွန်တော်သူ့ကို သတိပေးခဲ့သေးတယ်။” ကိုဗစ်တော့ သတိထားဗျို့။ ထိရင်တော့ ကိုယ့်အသက်အရွယ်နဲ့ မလွယ်ဘူး””အင်း ထိရင်တော့မလွယ်ဘူး။ သူကြိုက်တာတွေက ကိုယ့်မှာ အကုန်ရှိနေတာ”” မရောင်းဘူး ပြောလိုက်ပါ” လို့ ကျွန်တော်ကဆိုတော့ ကိုစိုးမြင့်ကရယ်တယ်။ သူ့မှာက – ကျောက်ကပ်တလုံး အလုပ်မလုပ်လို့ ဆီးဆေးနှစ်မျိုး ပုံမှန်သောက်နေရပြီး ဆိုးမလာအောင် သွေးတိုး ဆီးချိုနဲ့ ဝိတ်(ကိုယ်အလေးချိန်) သုံးမျိုး ထိန်းထားရကြောင်း၊ သွေးနဲ့ဆီးချိုက ဆေးနဲ့ အစားဆင်ခြင်လို့ ထိန်းနိုင်တယ်။ ဒူးမကောင်းလို့ လှုပ်ရှားမှုနည်းပြီး ဝိတ်ကထိန်းမရဘူး ဖြစ်နေကြောင်း ပြောဖူးပါတယ်။ မနက်နဲ့ ညနေ တနာရီလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်တယ်။ ဒူးကမကောင်းတော့ သိပ်လျှောက်လို့ မရဘူးလို့လည်း ပြောပါတယ်။ ကျောက်ကပ်က ၃၀%ပဲ အလုပ်လုပ်နိုင်တော့တယ်။ ရိုရိုသေသေသုံးရင် ၁၀နှစ်လောက်သုံးလို့ ရနိုင်သေးတယ်လို့ ဆရာဝန်ကပြောကြောင်းလည်း ပြောတယ်။ “ရိုသေရမယ့် အရွယ်တွေပဲ ” လို့ ကျွန်တော်က ပြောတော့ ရယ်တယ်။ သူနဲ့ ကျွန်တော် ကမ္ဘာမှုခေတ် နည်းပညာခေတ် ကျေးဇူးကြောင့် on line မှာတွေ့ခွင့်ရတော့ သူပြောတာတွေပါ။

ကိုဗစ်ကပ်ဘေးအောက်မှာ ကိုစိုးမြင့်ဆုံးပါးရပြန်ပြီ။ ရဲဘော်ဟောင်းတွေလည်း တဖြုတ် ဖြုတ် ကြွေကုန်ပြီ။ ရှေ့ခရီးကလည်း ပန်းခင်းလမ်းမဟုတ်ဘူး။ မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေကို တော်လှန်ရေးအမွေပဲ လက်ဆင့်ကမ်းပေးရတော့မှာပါ။ ကိုစိုးမြင့်ဇာတိက မြစ်ဝကျွန်းပေါ် ဟင်္သာတဘက်ကလို့ သိရတယ်။ မိသားစုလိုက် ရန်ကုန်အင်းစိန်မှာ အခြေချပြီး ကြက်မွေးမြူရေးလုပ်တယ်။ ကိုစိုးမြင့်က တိမွေးကုတက္ကသိုလ်ကျောင်းသား။ ၇၄-၇၅-၇၆ လှုပ်ရှားမှုများမှာ တောက်လျှောက်ပါခဲ့တယ်။ သူ့အားကောင်းချက်က ငြိမ်တယ် စွဲမြဲတယ် စိတ်ရှည်တယ်။ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ငြိမ်းသွားတာမျိုး မဟုတ်ဘူး။ ၇၇-၇၈ ကျောင်းသားလိုင်း စည်းရုံးရေးလုပ်ငန်းကို ဇောက်ချလုပ်ရင်း (၇၈ ဇူလိုင် ၇ရက်အကြို) အာအိုင်တီကျောင်းတွင်း တိုက်ပွဲဖော်ထုတ်ရာမှာ အဖြိုအခွဲခံရပြီး အများအပြား ဖမ်းဆီးခံရတယ်။ ဗိုလ်နေဝင်းလက်ထက် တံမြက်စည်းစစ်ဆင်ရေးနဲ့အတူ တပြည်လုံးလိုလိုက လက်ဝဲတက်ကြွလှုပ်ရှားသူများ အများအပြား အဖမ်းခံရချိန်ဖြစ်တယ်။ စဖောက်ခွဲရင်း အဖမ်းခံလိုက်ရတဲ့ ကိုအေးသောင် (ဝါ) ရဲဘော်ထွန်းဝင်း (အာအိုင်တီ နောက်ဆုံးနှစ်) အပါ ၁၀ ဦး အမှုတွဲမှာ ကိုစိုးမြင့်နဲ့ ကျွန်တော်လည်း အမှုတွဲတတွဲတည်းအဖြစ် ပါဝင်တယ်။ ထောင်ထဲမှာ ၂နှစ်လောက် အတူနေလိုက်ရပြီး ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တယ်။

လွတ်ပြီးမကြာလိုက်ပါဘူး။ ဇူလိုင်လထဲမှာ ကိုစိုးမြင့်နဲ့ ကျွန်တော် မိခင်ပါတီရှိရာ ၁၀၈ စစ်ဒေသသို့ တောခိုတယ်။ ကျွန်တော်အပါ အုပ်လိုက်တောခိုလာတဲ့ ရဲဘော် ၆ ယောက်ထဲမှာ ကိုစိုးမြင့်(ရဲဘော်သိန်းဝင်း)ကော သူ့အစ်ကို ကိုလှမြင့်(ရဲဘော်ရန်လင်း)ကော ပါတယ်။ တချို့ရဲဘော်တွေက နောက်မှလိုက်လာကြတယ်။ ၁၀၈ စစ်ဒေသ (ရှမ်းပြည်အလယ်ပိုင်း)မှာ ၆ လလောက်အတူနေပြီး ကျွန်တော်နဲ့ကိုလှမြင့်က အရှေ့မြောက် ပန်ဆန်းသို့ ပထမအသုတ်နဲ့ ပါသွားပြီး အရင်ရောက်နှင့်တယ်။ နောက် ၆ လအကြာမှ ဒုတိယအသုတ်နဲ့လိုက်လာတဲ့ ကိုစိုးမြင့်က လမ်းမှာတိုက်ပွဲဖြစ် လူစုကွဲ အဖမ်းခံရပြီးနောက် ဒုတိယအကြိမ် ထောင်ပြန်ကျတယ်။ ကိုစိုးမြင့်နဲ့အတူ အဖမ်းခံရတာက ကိုကျော်ဝင်း(ကမ္ဘာပြား) နဲ့မန္တလေးက ထွန်းအောင် – ထွန်းနောင် (စန်းအောင်-စန်းနောင်) အမြွှာညီအစ်ကိုတို့ ပေါင်းလေးဦးဖြစ်တယ်။ ဒီလိုနဲ့ ကိုစိုးမြင့်နဲ့ ကျွန်တော် လူချင်းကွဲသွားတာ ယနေ့ထက်တိုင် ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေမယ့် ကျွန်တော်တို့က ထောင်ကျတွေ မဟုတ်ဘူး။ အမှုစစ်ဆေးဆဲ အချုပ်သားတွေပဲဖြစ်တယ်။ ထောင်ဝင်းထဲက သီးသန့်တရားရုံးမှာ ကျွန်တော်တို့အမှုတွေကို ရုံးထုတ်တယ်။ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို ရုံးချိန်းတိုင်း လာတွေ့ရတဲ့ ကျွန်တော့်အမေနဲ့ နှမနှစ်ဦးဟာ ကိုစိုးမြင့်မိသားစုနဲ့ ဆွေးမျိုးရင်းချာသဖွယ် ရင်းနှီးနေကြပါတယ်။ အင်းစိန်ကို လိုင်းကား ရထားတို့နဲ့လာ၊ ကိုစိုးမြင့်အိမ်မှာ စတည်းချ၊ ကိုစိုးမြင့်အစ်မကြီး ဒေါ်ခင်သန်းနဲ့ တိုးတိုးဖော်။ ကိုစိုးမြင့်အစ်ကိုကြီးတဦး ရှိသေးတယ် (နာမည်တော့ မမှတ်မိတော့ဘူး)။ အပြန်ကျသူက ကားဂိတ်တို့ ရထားဘူတာရုံတို့အထိ လိုက်ပို့၊ သိပ်မှောင်သွားရင် အိမ်အထိလိုက်ပို့ပါတယ်။

ကိုစိုးမြင့်နဲ့ on line မှာ စဆုံတော့ ကျွန်တော် သတိတရနဲ့ မေးပါတယ်။ အစ်ကိုကြီးက၂၀၁၀ မှာဆုံးတယ်။ အစ်မကြီးက ရှိသေးတယ်၊ အတူနေကြောင်း ပြောပါတယ်။ အခုတော့ ကိုစိုးမြင့်လည်း ဆုံးပြီ (အသက် ၆၉နှစ်၊၂၇-၇-၂၀၂၁)။ အစ်မကြီးဒေါ်ခင်သန်းလည်း ကိုစိုးမြင့်နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးပြီ (အသက် ၈၄နှစ်၊ ၃၀-၇-၂၀၂၁)။ ကျွန်တော့်အမေက ၃၀-၁-၂၀၀၈ အသက်(၈၁ နှစ်)မှာဆုံးတယ်။ အားလုံးကို ပြန်တွေ့ခွင့်မကြုံတော့ပါဘူး။ ကိုစိုးမြင့်ရဲ့ဇနီးလည်း ကျန်းမာရေးမကောင်းဘူးလို့ ကြားရပါတယ်။ ကိုစိုးမြင့်ပြောပြဖူးတဲ့ ခိုင်မြဲတဲ့သစ္စာရှင်အကြောင်း ကျွန်တော် လျှောက်ပြောနေရင် ကိုစိုးမြင့်ကြိုက်မကြိုက် မသိရတဲ့အတွက် မပြောတော့ပါဘူး။ ကျန်ရစ်သူ မိသားစုအားလုံးနဲ့ မြေးတော်မောင် မောင်ပီသထင်တို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်။

တလက်စတည်း အမှတ်တရရှိတာက ဆရာဦးတင်ရွှေ(မုံရွာ)ပါ။ သူလည်း အင်းစိန်မှာပဲ နေပါတယ်။ ကျွန်တော်တို့အမှုတွေ အားလုံးကို အခကြေးငွေမယူဘဲ လိုက်ပေးခဲ့သူပါ။ ဆရာဦးတင်ရွှေက ကျွန်တော်တို့အမှုတွေ လိုက်ပါဆောင်ရွက်ရင်း ကျွန်တော်တို့ မိသားစုများနဲ့ပါ ရင်းနီးမှုရှိလာပါတယ်။ ကိုစိုးမြင့်အစ်မကြီး ဒေါ်ခင်သန်းဟာ မောင်ဖြစ်သူရဲ့ နိုင်ငံရေးမှုအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ (တကသခေါင်းဆောင်ဟောင်းနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်) ရှေ့နေကြီးဦးတင်ရွှေနဲ့လည်း အတော်အဖွဲ့ကျပါတယ်။ အစ်မကြီးက ဦးတင်ရွှေထံမှ တော်လှန်ရေးဝတ္ထုတွေ ငှားဖတ်ပါတယ်။ ဒါကြောင့်လည်း ထောင်နှစ်ကြီးသမား မောင်ဖြစ်သူကိုစိုးမြင့်အပေါ် အတော်အနွံအတာခံနိုင်တဲ့ ယုံကြည်ချက်ခွန်အား မွေးမြူနိုင်တာဖြစ်ပါလိမ့်မယ်။

ဆရာဦးတင်ရွှေလည်း နဝတ/နအဖလက်ထက် ထောင်ထဲမှာပဲ ကျဆုံးခဲ့ပါတယ်။ ကိုစိုးမြင့်က ထောင်ထဲမှာ သီချင်းအတော်များများ အသံသွင်းပေးခဲ့တယ်။ သူကိုယ်တိုင်စပ်တာလည်း ရှိတယ်။ သူက notes နဲ့ မှတ်ပြီး အပြင်ပို့ထားတဲ့ သီချင်းတွေကို သူ့အကို ကိုလှမြင့်က အသံပြန်သွင်းတယ်။ အတော်များများ ပြည်သူ့အသံက အသံလွှင့်ဖူးပါတယ်။ ဒီအထဲမှာ “ခေါင်းမာသောလူသားများ”ဆိုတဲ့သီချင်းက လူသိများတယ်။ ဒီသီချင်းက ကျဆုံးသွားတဲ့ ရဲဘော်လေးမောင်(ကိုအေးကြိုင်) အသံဝါကြီးနဲ့ သီဆိုသွားတာဖြစ်တယ်။ မူရင်းကဗျာကို တိုက်ထဲကဝါးဖျာပေါ် သံချွန်နဲ့ ရေးသားစပ်ဆိုခဲ့သူက ကိုတင်ဦးဆိုတဲ့ ရဲဘော်ဖြစ်ပါတယ်။ ကိုစိုးမြင့်က တွေ့ပြီးသီချင်းအဖြစ် အသံသွင်းခဲ့တာပါ။ နောက်လူချင်းတွေ့မှ ဇာတ်ပေါင်းနိုင်ပါတော့တယ်။ ကဗျာဆရာမောင်လူမှိန်ရဲ့ ထောင်ထဲကကဗျာတပုဒ်လည်း ကိုစိုးမြင့်အသံသွင်းပြီး ပြည်သူ့အသံက လွှင့်ခဲ့ဖူးတာရှိတယ်။ (အင်္လကာမဆန် အရိုင်းခေါ်သံ မုန်တိုင်းပြင်းထန်နှောက်) ဆိုတာနဲ့အစချီထားတာ မှတ်မိတယ်။ သီချင်းတွေ အတော်များများ သိမ်းထားတာရှိပေမယ့် တချို့လည်း ပျောက်ကုန်ပြီလို့ သိရတယ်။

ကိုစိုးမြင့်က ထောင်ထဲမှာ အားလုံး၂၉ နှစ်ကျော်ကျော် (၃ ခေါက်-၄ မှု) နေခဲ့ရတယ်။ နောက်ဆုံးအခေါက် ၄၈၂၈ အမှုတွဲနဲ့ နေခဲ့ရတာက အကြာဆုံးပဲ။ အတူနေခဲ့ဖူးတဲ့ ဦးဝင်းတင်ကိုယ်တိုင်က တခုတ်တရ လေးစားအသိအမှတ်ပြုခြင်း ခံရသူပါ။ သူ့ကျန်းမာရေးအတွက်လည်း ဦးဝင်းတင်ဆေးခန်းမှာ ပုံမှန်ပြတယ်လို့ သိရပါတယ်။ “တံတားအောက်ကရေတွေလည်း စီးမျောကုန်ပြီ။ ခင်ဗျားက အတော်ခံထားရတာ၊ ရှင်သန်နေတာကိုက အောင်မြင်မှုပါပဲ” လို့ ကျွန်တော်ကပြောတော့ “ကျွန်တော်က ခရီးမသွားနိုင်လို့၊ ဆုံချင်သေးတယ်” “ကျန်းမာရေး ဂရုစိုက်ပါ၊ အသက်ရှည်အောင်နေပါ၊ ဆုံမှာပါ” လို့ ကျွန်တော် ပြောမိတယ်။ကျွန်တော်က သူ့ကို စာရေးဖို့ တိုက်တွန်းတယ်။ “ခင်ဗျားတို့က နှိမ့်ချလွန်းတယ်၊ တကယ်က ရေးနိုင်တွေးနိုင်အား မြင့်တဲ့လူတွေ” လို့ ကျွန်တော် တိုက်တွန်းတော့ ။ (သမိုင်းကွင်းဆက် ကွက်လပ်တနေရာ ၁၉၇၇-၇၈) မှတ်တမ်းဆောင်းပါးကို သူရေးဖြစ်သွားပါတယ်။ လူသာလင်းဆိုတဲ့ ကလောင်နဲ့ ဘာသာပြန်နဲ့ ဆောင်းပါးတချို့ အခါအားလျော်စွာ ရေးဖြစ်ကြောင်းလည်း ပြောတယ်။ ကိုယ်ရေးမှတ်တမ်း အဖြစ်ရေးဖို့ စိတ်ကူးရှိကြောင်းလည်း ပြောတယ်။ professional အရတော့ မဖြစ်နိုင်ဘူးလို့ နှိမ့်နှိမ့်ချချဆိုတယ်။

ကိုစိုးမြင့်ဟာ ဗမာပြည်လူထုရဲ့ အခြေအနေကို အနီးကပ်သိမြင် သုံးသပ်နိုင်သူပါ။ ၂၀၂၁ ဇန်နဝါရီလလယ်က သူအမြင်က (လူထုရပ်တည်နေရတဲ့ အခြေအနေက အတော်ဆိုးတယ်။ ဒီနှစ်ထဲမှာ အလိုအလျောက် ပေါက်ကွဲမှုတွေပေါ်ဖို့ သေချာတယ်) (လူထုပေါက်ကွဲမှု ဖြစ်ရင်တော့ …. ဦးဝင်းတင်လမ်း လိုက်မယ့်သူတွေ ရှေ့တက်လာမယ်ထင်ရတယ်) လို့သုံးသပ်တယ်။၂၀၂၁ ဧပြီ ၁၁ ကိုစိုးမြင့်မွေးနေ့မှာ မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။ ထောင်ထဲမှာ တယောက် မြေပဲ ၃ စေ့နဲ့ ဩဂုတ် ၁၅ ပါတီမွေးနေ့ ကျင်းပခဲ့တာကို သတိရမိကြောင်းနဲ့ ခေတ်တွေလည်း ပြောင်းပြန်ပြီ၊ ကျန်းမာရေးဂရုစိုက်ဖို့ ပြောမိသေးတယ်။

အခုတော့ ရဲဘော်ကြီးကိုစိုးမြင့် ရုတ်တရက် ထွက်ခွာသွားပြီ။ သူ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းတဦး။ ဂုဏ်ရောင်ပြောင်တဲ့ ရာသက်ပန်တော်လှန်ရေးသမား။ မိသားစုနဲ့ရဲဘော်များအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ရဲဘော်ရဲဘက်သံယောဇဉ်။ အဖိနှိပ်ခံပြည်သူများအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်စိတ်ဓာတ်။ ထာဝစဉ်ဥဒါန်းတွင်ပါစေ။ အလေးနီဖြင့် ရဲဘော်အေးသန်း (၃ ဩဂုတ် ၂၀၂၁)

မီးလျှံကြားကဗမာပြည် (ညီဌေးကျော်)

မီးလျှံကြားကဗမာပြည် ညီဌေးကျော်

မင်းအောင်လှိုင်က ကြေးစားစစ်တပ်ကိုကိုင်ထားနိုင်ရင် အာဏာသိမ်းပြီး သမ္မတလုပ်လို့ လွယ်လွယ်နဲ့ရလိမ့်မယ်လို့တွက်တယ်။ သူ့ရှေ့က နေဝင်း – သန်းရွှေ စစ်ဗိုလ်ချုပ်ကြီးတွေလည်း ဒီလိုပဲ အာဏာသိမ်းပြီး သမ္မတတက်လုပ်လာတာပဲ။ ဗိုလ်နေဝင်းက ၂၆နှစ် (၁၉၆၂ – ၁၉၈၈) ၊ ဗိုလ်သန်းရွှေက ၁၈နှစ် (၂၀၁၀ – ၁၉၉၂) စည်းစိမ်ခံခဲ့တယ်။ ငါလည်း စစ်သူကြီးမင်းဆက် သမ္မတကြီး ဖြစ်နိုင်တာပဲလို့ တွက်တယ်။ လွယ်လိုက်တာ။

ဗမာပြည်လူထုကြီးကို (ကြေးစားစစ်သားတွေလို) ခေါင်းငုံ့ခံခိုင်းဖတ်တွေလို့ အောက်မေ့နေသလား မသိဘူး။ မင်းအောင်လှိုင် အာဏာရူးပြီး ရူးရူးမိုက်မိုက်လုပ်တတ်တာ တခုပဲရှိတယ်။ လက်နက်အားကိုးနဲ့ လူသတ်တာပဲ။ သူ့ခိုင်းဖတ် ကြေးစားတပ်ကို လူသတ်လိုင်စင်ပေးပြီး သူ့အာဏာမြဲဖို့အတွက် တပြည်လုံးမှာ လူသတ်ပြနေတယ်။ မင်းအောင်လှိုင်က CDM တွေကိုမဲတယ်။ GSC တွေကိုမဲတယ်။ PDF တွေကို မကြီးထွားခင် ဦးချိုးဖို့ အလုံးအရင်းနဲ့ တိုက်တယ်။ လူထုကို ကြောက်လန့်ချောက်းချား ငြိမ်ဝပ်ပိပြားသွားအောင် မြို့ကောတောပါ အကုန်လု အကုန်သတ် အကုန်ရှို့ လုပ်လာတယ်။ လမ်းပေါ်မှာသတ်တယ်။ အိမ်ထဲဝင်သတ်တယ်။ တောထဲပုန်းနေတဲ့လူထုကို လိုက်သတ်တယ်။ ကုန်ကုန်ပြောရရင် ဖမ်းဆီးထောင်ချထားသူတွေကို ထောင်ထဲဝင် ပစ်ခတ်သတ်ဖြတ်တယ်။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို လျစ်လျူရှုပြီး ကိုဗစ်ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချပြီး နိုင်ငံရေးအမြတ် ထုတ်ပြီးသတ်တယ်။ နည်းပညာခေတ်ကြီးမှာ လူသတ်နေတာ မီဒီယာများမှာ မြင်နေကြားနေရတာကို – မဟုတ်ပါဘူး မလုပ်ပါဘူးလို့ ကမ္ဘာကို အရှက်မရှိ ဗြောင်လိမ်တယ်။

မင်းအောင်လှိုင်က CDM ဆရာဝန်များနဲ့ ကျန်းမာရေးဝန်ထမ်းများကို တဖက်မှာ ဖမ်းဆီးထောင်ချ တရားစွဲအလုပ်ဖြုတ် လုပ်နေသော်လည်း၊ COVID ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အရှက်မဲ့မျက်ခွက်နဲ့ live လွှင့်နေတယ်။ အရပ်ဘက်ပရဟိတများ တင်သွင်းလာတဲ့ အောက်စီဂျင်တွေ ဆေးပစ္စည်းတွေကို စစ်တပ်က လုယူသိမ်းပိုက်နေတယ်။ အင်းစိန်ထောင်တွင်း နိုင်ကျဉ်းတွေဆန္ဒပြတာကို စစ်တပ်ကဝင်ပစ်လို့ ၂၀ကျော်သေ အများအပြား ဒဏ်ရာရတဲ့ သတင်းတွေထွက်နေတာကို မသေပါဘူး မပစ်ပါဘူးလို့ ဇွတ်ငြင်းနေတယ်။ လမ်းပေါ်မှာ အိမ်ထဲမှာ တောထဲမှာ အလုပ်ရုံမှာ ထောင်ထဲမှာ ဆေးကုသခွင့်မရ အောက်စီဂျင်ပြတ်ပြီး ကူရာကယ်ရာမဲ့ သေသွားကြသူတွေ ရာထောင်ချီရှိလာနေတယ်။ နိုင်ငံတကာ့ အကူအညီတွေကို ဒုက္ခသည်တွေ လက်ထဲရောက်ဖို့ကိုပင် ပိတ်ပင်တားဆီးတာတွေလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်နေတုန်းပဲ။

ဒါပေမဲ့ လူထုကြီးဟာ (မင်းအောင်လှိုင်စစ်အုပ်စု မျှော်လင့်သလို မဖြစ်လာဘဲ) ကြောက်မသွားရုံမက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ သန္နိဋ္ဌာန်ခိုင်မာသထက် ခိုင်မာလာနေတယ်။ တနေ့တခြား နည်းနာအမျိုးမျိုး ကြံဆဖောက်ထွက်ပြီး နိုင်ငံရေးအရသာမက စစ်ရေးအရပါ ကြေးစားတပ်ကို ရရာလက်နက်နဲ့ ခံတိုက်နေတယ်။ လက်နက်ကိုင်ဗိုလ်ကျနေတဲ့ အာဏာရူးတွေ အကြောက်ဆုံးက လက်နက်တပ်ဆင်ထားတဲ့ တော်လှန်တဲ့လူထုကြီးပဲ ဖြစ်ပါတယ်။ လူထုကြီးရဲ့ လက်နက်ကိုင် ခုခံစစ်ဟာ အစပဲရှိပါသေးတယ်။ အခက်အခဲ အကျပ်အတည်းများရှိသော်လည်း အညွန့်တလူလူနဲ့ ဖြစ်ပေါ်တိုးပွားသွားမှာပါ။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်သမိုင်း ၇၃ နှစ်(၁၉၄၈-၂၀၂၁)အတွင်း မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ တော်လှန်ရေးမီးရှူးတိုင်ကို ယနေ့ခေတ်ပြိုင် လူငယ်မျိုးဆက်သစ်များက ဆက်လက်သယ်ဆောင် နေတယ်။ ခေတ်သစ်ဗမာပြည်ရဲ့ မုခ်ဦးမှာ အောင်ပွဲနဲ့အတူ ထွန်းညှိလိမ့်မယ်။ဗမာပြည် ပြည်တွင်းစစ်ဟာ ပြည်မမှာ ၂၇နှစ်(၁၉၄၈ – ၁၉၇၉) ၊ နယ်စပ်ဒေသ တိုင်းရင်းသားဒေသတွေမှာ ယနေ့ထက်တိုင် တိုက်နေဆဲဖြစ်ပါတယ်။

၄၈ ခုနှစ်ကစလို့ ပြည်မမှာ တိုက်ပွဲတွေ ကာလတခု ပေါ်ခဲ့တာလည်း ရှိတယ်။ ခုတဖန် ပြည်မမှာ ဒုတိယအကြိမ် ပြည်တွင်းစစ်သေနတ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ပေါ်လာတယ်။ ဗမာပြည်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာ့အခြေအနေ အပြောင်းအလဲ အမျိုးမျိုးအောက်မှာ စစ်အုပ်စုနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီး ကြားက အရင်းခံပဋိပက္ခဟာ ပျောက်သွားလျော့သွားတာမဟုတ် ပိုမိုပြင်းထန်သည်းသန် လာတာကို ဖော်ပြနေတာဖြစ်တယ်။ ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ အလျှော့ပေးစေ့စပ်ပြီး တဝက်တပျက်နဲ့ ရပ်နေလို့မရဘူး ဆိုတာပါပဲ။ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးအထိ သယ်ဆောင်သွားမှသာ လွတ်လပ်အမှီခိုကင်းတဲ့ စည်းလုံးညီညွတ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဗမာပြည်သစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးသာလျှင် စစ်သုံးစစ်အောက်က ဗမာပြည်ရဲ့ နိုင်ငံရေးအရဖောက်ပြန်မှု စီးပွာရေးအရအမှီအခိုမကင်းမှု ပြည်တွင်းစစ်သံသရာရှည်မှု အမျိုးသားညီညွတ်ရေးပြိုကွဲမှု တို့ကို အဆုံးသတ်နိုင်မှာဖြစ်တယ်။

စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်နေတယ်။ စီးပွားရေးပြိုပျက်နေတယ်။ ပညာကျန်းမာလူမှု ဝန်ဆောင်မှုတွေ ကင်းမဲ့နေတယ်။ တဖက်မှာ ခေတ်ပျက်မှာ အမြတ်ထုတ်သူတွေရှိသော်လည်း၊ တဖက်မှာ လူထုချင်းရိုင်းပင်းကူညီတဲ့ စေတနာ့ဝန်ထမ်းစိတ်ဓာတ်တွေ ထွန်းကားနေတယ်။ ဒီတကြိမ် ဗမာပြည်လူထုကြီးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလာတဲ့ ဗမာပြည်တော်လှန်ရေး ဟာ ၂၁ရာစု ခေတ်သစ်မှာ နိုင်ငံတကာက စောင့်ကြည့်ခြင်းခံနေရပါတယ်။ တောင့်ထား မီးတောက်မီးလျှံကြားက ဗမာပြည်။ ညီဌေးကျော် (၂၅ ဇူလိုင် ၂၀)