Monthly Archives: July 2021

ဘိုကလေး ဦးလှရွှေ ( သို့မဟုတ် ) အလံ (၃)လက် ကြားက လူ

( ၁ ) “ ဖြိုသူက ဖြို – – ဖျက်သူက ဖျက် – တိုင်းပြည်ပျက်မယ့်ကိန်းကြုံ .. ငရဲကြီး ရှစ်ထပ် – ဖြစ်ရပ်မျိုးစုံ – ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့ ကျောက်နီရုပ်မို့ ဒို့မဖြုံ – သြော် .. အရုဏ်ကျင်းလို့ – လင်းကြက်တို့လဲ တွန်ချိန်တန်… ” အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကြော့ပြန်ဝေ့ဝဲဝင်ရောက်လာပါတယ်။ အကိုကြီး ကိုလှရွှေ ကိုဗစ်နဲ့ကွယ်လွန်ဆုံးပါးသွားရပြီဆိုတဲ့ သတင်းကို ကြာလိုက်ရခြင်းနဲ့အတူ တခါက သူ့ရဲ့သီချင်းသံကြီးဟာ ကျွန်တော့်ရင်ထဲ ရစ်ဝဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ( သီချင်းစာသားတွေက တိတိကျကျ ဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီး၊ တချို့နေရာတွေမှာ မူကွဲလေးတွေ(သို့မဟုတ်)စကားလုံး အထားအသို အပြောင်းအလဲလေးတွေ ရှိကောင်းရှိနိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲ စူးစူးနင့်နင့်ကြီး ထိုးခွဲ ဝင်ရောက်လာတာကတော့- ဒီအတိုင်းပါပဲ။ အာရုံထဲမှာ ကြားလိုက်ရတာက ဒီအတိုင်းပါပဲ။) သူ့အသံက အသံဝါဝါကြီးနဲ့ဖြစ်ပေမဲ့၊ လွမ်းမောဖွယ် ကြေကွဲဖွယ် စိတ်ထိခိုက်ဖွယ် တုန်ရီလှိုင်းထနေပါတယ်။

သြော်.. ဒီသီချင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၄၀)နီးပါးက- ၁၉၈၃ ခုနှစ်လောက်က သီချင်း။ အစ်ကိုကြီးကိုလှရွှေရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်း။ အဲဒီတုန်းက – အစ်ကိုကြီးကိုလှရွှေတို့အခန်းဟာ ကျွန်တော့်အခန်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာပါ။ ‘ ၂-တိုက်’ (ခေါ်) ‘ကြိုးတိုက်’ (ခေါ်) ‘ရင်ကွဲတိုက်ကြီး’ ထဲမှာပါ။ ဒီရင်ကွဲတိုက်ကြီးဟာ တခြားတိုက်တွေနဲ့မတူပါ။ အဆောက်အအုံကြီးတခုတည်းမှာ အလယ်မှာ လူသွားလမ်းနေရာထားပြီး၊ ဘယ်ဖက်ခြမ်း-ညာဖက်ခြမ်း တိုက်ခန်းလေးတွေကို ဇစ်-ဇက် ( zig zag )သဏ္ဌာန် ဆောက်လုပ်ထားရာ၊ မျက်နှာချင်းဆိုင်ကျရာ အခန်းလေး(၂)ခုကတော့- တခန်းနဲ့တခန်း လှမ်းမြင်ရ တွေ့ရပါတယ်။အခန်းတခန်းချင်းဆီရဲ့ရှေ့မှာ သံတိုင်တပ် သံတံခါးကြီးတွေ ကိုယ်စီရှိနေပြီး၊ သံတိုင်ကြား မျက်နှာကပ်ကာတခန်းနဲ့တခန်း လှမ်းစကားပြောကြ၊ မတ်တပ်ရပ်ပြကြ၊ သီချင်းဆိုပြကြနဲ့အပြန်အလှန်ဆက်သွယ် အမှီသဟဲပြု နေထိုင်ကြရပါတယ်။

ဝရဇိန်စစ်ဆင်ရေး-ဆိုတဲ့ ခေါင်းစည်းအောက်မှာ ကိုလှရွှေတို့ရော ကျွန်တော်ပါ၁၉၈၂ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဒီအင်းစိန်အကျဉ်းထောင်ကြီးအတွင်း မရှေးမနှောင်းဆီ ဝင်လာခဲ့ကြရတာဖြစ်ပေမဲ့၊ သူတို့တွေကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်၊ ကျွန်တော်ကိုယ်တိုင်ကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်နဲ့ ခဏခဏ ရွှေ့ပြောင်းခွဲခြားထားခြင်း ခံရရာ၊ တခါမှ နီးနီးကပ်ကပ်မဆုံဆည်းခဲ့ရဘဲ၊ ၁၉၈၃ ခုနှစ်ထဲမှာမှ တိုက်တိုက်ဆိုင်ဆိုင်ရင်ကွဲတိုက်ထဲမှာ မျက်နှာချင်းဆိုင်အခန်းချင်းကပ် (တယောက်နဲ့တယောက် မြင်နိုင်တွေ့နိုင် ရှုနိုင်တဲ့အထိ-အခန်းချင်းကပ်မျိုး) ဖြစ်လာခဲ့ရတာပါ။ တကယ်ကို မမေ့နိုင်စရာတွေအပြည့်နဲ့ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ဆိုရိုးဆိုစဉ်အရ ဆိုရရင်- အထုံရေစက် ကြီးလွန်းလှလို့ပဲ၊ ဒီလို ငရဲကြီးရှစ်ထပ်ထဲအထိ ကြံကြံဖန်ဖန် ဆုံးဆည်းခွင့် ရခဲ့ကြတာပါ။ ကျွန်တော့်ကို ထောင်အာဏာပိုင်များဘက်က ( ထောင်ဝန်ထမ်းဝါဒါကို ပြန်ပြီး လက်သီးနဲ့ထိုးဖို့လုပ်တယ်ဆိုတဲ့အမှု နဲ့)ဒီနေရာမှာ တယောက်တည်း ခွဲထားတာဖြစ်တဲ့အတွက်ကျွန်တော့်အခန်းလေးထဲမှာ ကျွန်တော်တဦးတည်းပဲ အထီးကျန်ဆန်ဆန်နေနေရပေမဲ့၊ မျက်နှာချင်းဆိုင်က အစ်ကိုကြီးတို့ရဲ့အခန်းကတော့- အမှုတွဲတူ (၆)ဦးကြီးများတောင် အတူပူးတွဲ နေထိုင်ခွင့် ချပေးထားတဲ့အတွက်တကယ်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး မြင်ရပါတယ်။

အစ်ကိုကြီးကိုလှရွှေတို့အခန်းလေးထဲမှာက- ဦးလေးဗိုလ်စိုးတင့် ( ဗိုလ်စိုးတင့်- မြောင်းမြခရိုင် ဗကပတပ်မှူး )၊ မြင်းခြံ ဦးဖေတင် (ကိုကိုကျွန်းပြန်)၊ အစ်ကိုကြီးကိုမြစိန်(ကိုကိုးကျွန်းပြန်)၊ ဦးထွန်းအောင် (ခေါ်) ဦးလှဝင်း နဲ့ ကိုကြင်ငွေ (ကဗျာဆရာ ဖြိုးထိန်)တို့အတူနေကြရပါတယ်။ သူတို့ထဲမှာ အသက်ကလဲ အကြီးဆုံး၊ လေသံကလဲ အအေးဆုံးနဲ့ နှိုင်းယှဉ်ချက်အရ-စကားကလဲ အနည်းဆုံးလို့ ဆိုရမှာကတော့-ဦးလေးဗိုလ်စိုးတင့် ဖြစ်ပြီး၊ လေသံကလဲ သွက်၊ နယ်ပယ်ပေါင်းစုံ တီးမိ ခေါက်မိကလဲ ရှိ၊ နိုင်ငံရေးအပါအဝင် ဘာသာရပ်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ- စကားလဲ အများဆုံးပြောနိုင်သူကတော့အစ်ကိုကြီးကိုလှရွှေ လို့ပဲ ဆိုချင်ပါတယ်။ သူက သံတိုင်ရှေ့ မကြာခဏဆိုသလိုထွက်လာပြီး၊ ကျွန်တော်နဲ့လဲအလ္လာပ သလ္လာပ အများဆုံး ပြောလေ့ဆိုလေ့ ရှိပါတယ်။ သူက နိုင်ငံရေးနဲ့အတွေးအခေါ်ကိစ္စမျိုးတွေသာမက၊ စာပေနဲ့ကဗျာကိစ္စ- အနုပညာကိစ္စတွေအထိ စိတ်ပါဝင်စားသူ၊ ဝါသနာထုံသူ၊ ခုံမင်သူ၊ မိုးကုတ်စက်ဝိုင်းကျယ်ပြန့်သူမျိုးလဲ ဖြစ်နေတာ သတိမူမိပါတယ်။ သူက ခွပ်ဒေါင်းအလံတော်ကြီးအောက်မှာ (၇)ရက်ဇူလိုင်အရေးတော်ပုံကြီးရဲ့ အရေးကြီးဇာတ်ဆောင်တဦး၊ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက၊ သမိုင်းဝင်ရန်ကုန်တက္ကသိုလ် အိုးဝေမ၈္ဂဇင်းကြီးရဲ့ နောက်ဆုံးစာတည်း-နောက်ဆုံးအယ်ဒီတာလဲ ဖြစ်ခဲ့ရဖူးသူ မဟုတ်လား။ သူ့ဇာတိချက်ကြွေ ဘိုကလေးတဝိုက်အပါ မြစ်ဝကျွန်ပေါ်ဒေသတဝိုက်က တော်လှန်တဲ့သေနတ်သံတွေအကြားမှာ လက်နက်ကိုင်တော်လှန်ရေးသမားတဦးအဖြစ်နဲ့လဲ ကာလတချို့ ပါဝင်ဖြတ်သန်း လှုပ်ရှားခဲ့ဖူးသူမဟုတ်လား။ ရင်ကွဲတိုက်ကြီးအတွင်း မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်တွေ မြင်နေထိုင်ကြစဉ်အတွင်း၊ ထပ်မံအသိအမှတ်ပြုလိုက်ရတာကတော့- ကိုလှရွှေဟာ စကားပြောရာမှာသာမက၊ သီချင်းဆိုရာမှာလဲ တကယ်ကိုအဆိုကောင်း၊ အသံကောင်း-ဆိုတာပါပဲ။ အသံက အသံဝါကြီးနဲ့ အောင်အောင်မြင်မြင်ပီပီသသရှိလှပြီး၊ အဆွဲအငင်အရှိုက်အဖို အပိုအလို မရှိ၊ မှင်မောင်းအပြည့်နဲ့ခံစားချက်ပါပါ သီဆိုတတ်ပါတယ်။ အထူးသဖြင့်- ရင်ကွဲတိုက်ထဲကနရသိန်သားများ အလေးထား နားစိုက်ထောင်ခြင်းခံရတဲ့အထိ အစ်ကိုကြီးရဲ့အပိုင်နိုင်ဆုံးသီချင်းတွေကတော့နာမည်ကျော်မင်းသားကြီးကိုမြတ်လေးရဲ့ ‘ပင်လုံထိပ်ထားဦး’ နဲ့‘ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ’ ပါပဲ။‘ပင်လုံထိပ်ထားဦး’ ကို ဆိုတဲ့နေရာမှာ အစ်ကိုကြီးရဲ့ဆိုပေါက်ဆိုဟန် အသံ သဏ္ဌာန်တွေက တကယ်ကို မင်းသားကြီးကိုမြတ်လေးနဲ့နင်လားငါလား-လို့တောင် ဆိုရပါလိမ့်မယ်။ နောက်ပိုင်းတော့- ဒီ ၁၉၈၃ ခုနှစ်ထဲမှာပဲ၊ အစ်ကိုကြီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းတပုဒ် အောင်မြင်စွာ စတင်ထွက်ပေါ်လာပါတယ်။ တခုသော ရက်၊ တခုသော ညဦးယံရဲ့တိုက်တွင်း ဂီတဆည်းဆာချိန်မှာ ရင်လှိုင်းခုန်သံအပြည့်နဲ့ထွက်ပေါ်လာခဲ့တာပါ။ သူ့ရဲ့ ပထမဆုံးသော ဒီသီချင်းကို ဌာန်နဲ့မာန်နဲ့ ပြည့်ပြည့်၀၀ ရုပ်ရော အမူအယာပါ ရှေ့ဆုံးတန်းကနေ ပထမဆုံး ပီပီသသကြီး ရှုစား နားဆင်ခွင့် ရလိုက်သူဟာလဲ ကျွန်တော်-လို့ပဲ ဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့- သူတို့အခန်းနဲ့မျက်နှာချင်းဆိုင် တခုတည်းသောအခန်းက ကျွန်တော့်အခန်း ဖြစ်နေလို့ပါပဲ။ တခြားသောအခန်းတွေ အခန်းတွေကလဲ သူ့ရဲ့အောင်မြင်သောအသံကြီးကိုသာ ပီပီသသ ကြားနာနားဆင်နိုင်ခဲ့ပြီး၊သူ့ရဲ့ရုပ်သွင်နဲ့လှုပ်ရှားသက်ဝင်နေမှုတွေကိုတော့ ဘယ်လိုမှ တွေ့မြင်နိုင်မှာ မဟုတ်လို့ပါပဲ။ သူ့အခန်းထဲက တခန်းထဲနေ အခန်းဖေါ်တွေတောင် သူ တကယ် စတင်တင်ဆက်သီဆိုချိန်မှာတော့-သူ့မျက်နှာပေါ်ကအရိပ်တွေ ခံစားချက်တွေကို သေသေချာချာ မြင်ရမှာမဟုတ်၊ နောက်ကျောကိုသာ မြင်နေရမှာဖြစ်တဲ့အတွက်အသံရော ဟန်ပါ အပီသဆုံးမြင်ရသူဟာ ကျွန်တော်-လို့ဆိုလိုက်ရတာဖြစ်ပါတယ်။

အဲဒီနေ့က သူဟာ သူ့ရဲ့ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုပြခဲ့ပါတယ်။ “ ဖြိုသူက ဖြို -ဖျက်သူက ဖျက်နဲ့- တိုင်းပြည်ပျက်မယ့်ကိန်း ကြုံ ..” ဆိုတာကို ဖြည်းဖြည်းချင်း စတင်လိုက်ချိန်မှာ သူ့မျက်နှာကြီးဟာ သိသိသာသာကြီးကို အုံ့မှိုင်း ဆိုင်းပျသွားခဲ့ပြီး၊ “ ငရဲကြီး ရှစ်ထပ် ဖြစ်ရပ်မျိုးစုံ -ကျောက်နီရုပ်မို့ ဒို့မဖြုံ – ဟေ့.. ကျောက်နီရုပ်မို့ ဒို့မဖြုံ..” ဆိုတာကို တင်လိုက်ချိန်မှာတော့- သူ့အသံဟာ ပိုမိုမြင့်မားနေခဲ့သလို၊ မာန်တင်းသံ- အံတင်းသံနဲ့ ပိုင်းဖြတ်ချက်ချလိုက်သံတွေပါ ပါဝင်နေရုံမက၊ ဂုဏ်ပြုလိုက်သံနဲ့ဂုဏ်ယူလိုက်သံတွေပါ ပေါင်းဆက်ပါဝင်နေခဲ့ပါတယ်။ သံတိုင်နှစ်ဖက်ကို လက်နဲ့ခပ်တင်းတင်းဆုပ်ထားရင်းက သူ့ရဲ့မျက်မှန်ကြီးတဝင်းဝင်းနဲ့မျက်နှာပြင်ကြီးတခုလုံပေါ်မှာပါ ခံစားချက်တွေ-ရင်ခုန်သံတွေ တဖျတ်ဖျတ်ရိုက်ခတ်သွားတာကျွန်တော် မြင်လိုက်ရပါတယ်။ အသံဝါဝါ သံစဉ်နိမ့်မြင့်တွေပေါ်မှာ ခံစားချက်နဲ့ရင်ခုန်သံတွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင် ပေါင်းဆက်သွားပြီလေ-။ သူ့ရဲ့ ဒီသီချင်းနာမည်က ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း-တဲ့လေ။

ကျွန်တော့်ရဲ့နှလုံးသားထဲမှာတော့ ‘ဂျူးလိယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်း’ ထဲက ‘ရုပ်တု’ လေးတွေကို ဖျတ်ကနဲ ဖျတ်ကနဲ သွားပြီး သတိရနေမိပါတယ်။ ဖူးချစ် ရဲ့‘ ရုပ်တု’ လေးတွေကနေ- သူ့ရဲ့ ‘ကျောက်နီရုပ်တု’ လေးတွေဆီအထိ တဆင့်တက် စီးဝင် ဖြစ်တည်လာပုံဟာ ဒီလိုနေရာကြီးမှာ တော်တော်ကြီးကို ရှင်သန် နိုးကြွနေခဲ့ပါတယ်။ သီချင်းသံအဆုံးမှာ ဘေးနားအခန်းပေါင်းစုံက သြဘာသံတွေ သောသောညံအောင်ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုက်ထဲမှာ မကြာခဏ ပွဲတောင်းခြင်းခံရတဲ့ သီချင်းတပုဒ်အဖြစ်-တဆင့်တက် အသိအမှတ်ပြုခြင်း ခံရပါလေတယ်။၁၉၈၃ ခုနှစ်ကုန်-၁၉၈၄ ခုနှစ် ဆန်းတွေရဲ့ တခုသောကာလလောက်မှာတော့ (ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသား-ရဲဘော်ရဲဘက်အမှုတွဲတွေ အမှုတွဲတွေတချို့လဲ ရုံးတင် အမှုရင်ဆိုင်နေခဲ့ကြရရာမှ ထောင်ကျသူတွေ ထောင်ကျကြ၊ တချို့- နှစ်သေး၊ တချို့- နှစ်ကြီးတွေ အချခံရနဲ့ တဖြည်းဖြည်း တိုက်ကနေ ထောင်ကျဆောင်တွေဆီ ပြောင်းကြရ ရွှေ့ကြရတော့မယ့်အချိန်- တနေ့မှာတော့-) ထုံးစံအတိုင်း- ဂီတဆည်းဆာချိန်တခုမှာ သူက နောက်ဆုံးနှုတ်ဆက်ခြင်းတခုအဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိ ထပ်မံ သီဆိုပြခဲ့ပြန်ပါတယ်။ အဆောင်တွေဆီ ပြောင်းရွှေ့ရခါနီးချိန်မှာ၊ သူကိုယ်တိုင်လဲ ထောင်ဒဏ်(၃)နှစ် စီရင်ချက် ချမှတ်ခံရပြီးစအချိန်မှာ ခံစားချက်ရှိရှိနဲ့ ထပ်မံသီဆိုပြခဲ့တာဖြစ်ပါတယ်။ အသီးသီး အသက အသက မုချမသွေ ကွဲသွားရတာ ခွဲသွားရတာမျိုးတွေနဲ့ကြုံတွေ့ရတော့မယ့်အချိန်ကြီးမှာ သူက ‘ ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း’ နဲ့ပဲ ထပ်မံသီဆို နှုတ်ဆက်ပြလာတာဟာ တော်တော်ကို ရင်လှိုင်းခုန်စရာ ကြေကွဲစရာ လွမ်းမောစရာ ဖြစ်ခဲ့ရပါတယ်။ ဟိုတုန်းကဟိုတုန်းက ပွဲတောင်းတိုင်း သီဆိုဖြေဖျော်ပြနေခဲ့တာတွေထက်လဲ မှတ်မှတ်ထင်ထင်ပိုမိုစိတ်ထိခိုက်စရာ လွမ်းမောစရာဖြစ်ခဲ့ရပါတယ်။

( ၂ ) အစ်ကိုကြီးကိုလှရွှေ နဲ့ ကျွန်တော့်ရဲ့ရေစက်ဟာ ရင်ကွဲတိုက် (ကြိုးတိုက်) ထဲမှာသာမက၊ အဆောင်အထိလဲ ဆက်လက် ပါမြဲပါခဲ့ပါတယ်။ ‘ ၁- ဆောင်’ ကြီးက နှစ်ထပ်ဆောင်ရှည်ကြီးဖြစ်ပြီး၊ ခန့်မှန်းခြေ ပေ (၄၀၀)ဝန်းကျင်လောက်ရှည်ရာ၊ အပေါ်ထပ် (၄)ခန်း၊ အောက်ထပ် (၄)ခန်း- ခွဲခြမ်း ဖွဲ့စည်းထားပါတယ်။ သူ နဲ့ကျွန်တော်ဟာ ‘ ၁-ဆောင်၊ အပေါ်-၄’ မှာ တခန်းတည်းနေတွေအဖြစ် ထပ်မံဆုံဆည်းရပြန်ပါတယ်။ ပေ (၁၀၀)ဝန်းကျင်လောက်ရှိမယ့် အဲဒီ ‘အပေါ်-၄’ အခန်းကျယ်ကြီးထဲမှာ အဘဦးဘဦး (ထားဝယ်)နဲ့ သူဟာ ခေါင်းရင်းပိုင်းက အိပ်ရပြီး၊ အလယ်ကြောက အတန်းမှာက ကျွန်တော်၊ ကိုဌေးအောင် (ဇင်လင်း- နောင်- မီဒီယာကောင်စီအဖွဲ့ဝင်)၊ ပဲခူး ကိုမောင်မောင်တိတ် (နောင်- ABSDF ဗဟိုကော်မတီဝင်နဲ့ABSDF တရားရေးတာဝန်ခံ)၊ ဆရာစောဒယ်နီယယ် ( KNU ၊ ခရစ်ယာန်သင်းအုပ်ကြီး)၊ ဦးမြစိန် (မအူပင်)၊ ဗိုလ်ဇင်ကော့ (ရေကြည်တင်ဝင်း) ကိုစိုးဝင်း (ငသိုင်းချောင်း)တို့တွေ အိပ်ကြရပြီး၊ တခြားသော ကျွန်တော်တို့(၅-ည)ရဲဘော်တချို့နဲ့ ထားဝယ်-သရက်ချောင်း- ဆီတောဖက်က ဦးဗလွန်းရွှေ (ပုဒ်မ ၁၇/၁)ရော၊ တခြားထားဝယ်ရဲဘော် ‘၁၇/၁- ၂’ များက ဘေးဖက်တန်းမှာ အိပ်ကြရပါတယ်။ ဒီအခန်းထဲမှာ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း- ဆယ်ဂဏန်းလောက်အတူနေတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက သူနဲ့ကျွန်တော်အကြား အမှတ်ရစရာတွေလဲ ရှိခဲ့ပါတယ်။ သူက သူထောင်ကလွတ်ခါနီး နောက်ဆုံးညမှာတော့- ‘အိပ်ချိန်’ ဆိုတဲ့ အသံကြီး ရောက်မလာသေးခင်အတွင်းမှာ ကျွန်တော့်အနား အချိန်တော်တော်ကြာ လာထိုင် လာနှုတ်ဆက်ရင်းက သပ်သပ်ရပ်ရပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ် မှတ်မှတ်ရရ ပေးခဲ့ပါတယ်။ ဇင်ပိတ်ပြာနဲ့ချုပ်ထားတဲ့ အလုပ်သမားအင်းကျီ အသစ်စက်စက်လေး တထည်နဲ့ အနက်နဲ့အဖြူကွက် ပုဆိုးအသစ်လေးတထည်ပါ ပါတဲ့၊ အထုပ်လေးပါ။ ထောင်ထဲမှာ အဲဒီတုန်းကပုံစံဝတ်စုံ အပေါ်ဖြူ အောက်ဖြူ-ပိတ်ကြမ်းဝတ်စုံနဲ့ပဲ နေထိုင်ခဲ့ကြရတော့- သူ့အဝတ်လေးတွေဟာ တခါမှတောင် ဝတ်ဆင်ခြင်းမပြုခဲ့ရသေးတဲ့ အသစ်စက်စက်လေးတွေပါ။ “ မောင်ရင်က ကိုယ့်ထက် ထောင်ကျနှစ်ကများတော့-နောက် (၂)နှစ်လောက် ကြာဦးမှာ..။ လွတ်တဲ့အခါတော့ ကိုယ်တို့အိမ်ကို လာဖြစ်အောင်လာခဲ့ပါကွာ..အိမ်က သင်္ကန်းကျွန်းဆ/ခ ရပ်ကွက်၊ ရွာလယ်လမ်းမှာ-အဲဒါလေးတော့ ခေါင်းထဲထည့် မှတ်ထားပါကွာ”လို့လဲ တခုတ်တရပြောဆိုသွားခဲ့ရင်း၊ နောက်နေ့မှာ ထောင်ကနေ သူ လွတ်သွားခဲ့ပါတယ်။ သူ ပေးသွားခဲ့တဲ့အဝတ်ထုပ်လေးနဲ့ သူ့လိုပဲ မရှေးမနှောင်းလွတ်သွားခဲ့သူ-ကိုဌေးအောင် (ဇင်လင်း)ပေးသွားခဲ့တဲ့ အင်းကျီတထည် ပုဆိုးတထည်ပါ အဝတ်ထုပ်လေး- စုစုပေါင်း အဝတ်ထုပ်လေး(၂)ထုပ်ဟာ ကျွန်တော့်အတွက် ခေါင်းခုအိပ်စရာ ခေါင်းအုံးလေး ဖြစ်သွားခဲ့ရပါတယ်။ ကိုလှရွှေ ပေးထားခဲ့တဲ့အဝတ်လေးတွေက ထားဝယ်-သရက်ချောင်း-ဆီတော ဦးဗလွန်းရွှေ လွှတ်သွားတဲ့အခါနဲ့၊ကိုကျော်လွင်(ပလောင်ကျော်လွင်၊ နောင်- PSLF ရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ)တို့ ထောင်ကလွတ်သွားတဲ့အခါ၊ အပြင်ဆီ သင့်တင့်လျောက်ပတ်တဲ့အဝတ်အစားလေးတွေနဲ့ထွက်သွားစေနိုင်ဘို့ ပြန်လည်ခွဲဝေပေးလိုက်ရာမှာ ပါသွားခဲ့ပါတယ်။ ထောင် (၂) နှစ်ကျတွေနဲ့အစ်ကိုကြီးအပါအဝင် ထောင်(၃)နှစ်ကျ တချို့တဝက်ကျော် အင်းစိန်ထောင်က လွတ်မြောက်သွားကြပြီး၊ သိပ်မကြာလှခင်မှာတော့ ကျန်ခဲ့သူ ကျွန်တော်တို့တွေကို သက်ဆိုင်ရာအာဏာပိုင်များကနေ ထောင်ပေါင်းစုံသို့အစီအစဉ်ရှိရှိ ဖြန့်ခွဲ ပို့ဆောင်ပစ်လိုက်လေရာ၊ ကျွန်တော်က သာယာဝတီထောင် ရောက်သွားခဲ့ရပါတယ်။

အချိန်တန်လို့ သာယာဝတီထောင်ကနေ ကျွန်တော် ပြန်လည်လွတ်မြောက်လာတဲ့အခါ၊ ‘ခေါင်းထဲ ထည့်ထားပါကွာ..’ ဆိုတဲ့ သူ့စကားကို သတိရရင်း၊ သူ့အိမ်လေးရှိရာ သင်္ကန်းကျွန်းက ကြက်ခြံလေးဆီ ကျွန်တော်မမေ့မလျော့ သွားဖြစ်အောင် သွားခဲ့ပါတယ်။ အစ်ကိုကြီးကသာမက အစ်မကြီးမခင်မာအေးကပါ ကျွန်တော့်ကို လိုလိုလားလားလှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံခဲ့ကြပါတယ်။ ခဏခဏလာဖို့လဲ နှစ်ဦးလုံးက ပျူပျူငှါငှါထပ်မံ ဖိတ်မန္တက ပြုခဲ့ကြပါတယ်။ ဒါပေမဲ့- ကာလသိပ်မကြာလှချိန်မှာပဲ (၁၉၈၆ နိုဝင်ဘာထဲလောက်မှာပဲ )အစ်ကိုကြီးကိုလှရွှေ ၊ ကိုလှတင်အောင်တို့တတွေဟာ ဒေါ်ဒေါ်ဒေါ်ကြည်ကြည်နဲ့အတူ၊ နောက်တကြိမ်အဖြစ်စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကို ခံရလေပြန်ရာ၊ ကျွန်တော်ကတော့ အရှောင်ကောင်းလို့ လက်မတင်လေးလွတ်ခဲ့ရပါတယ်။ ဒါပေမဲ့- ထောင်ကလွတ်တာ ဘာမှမကြာလှသေးခင်မှာပဲ ကျွန်တော်လဲ နိုင်ငံရေးဝရမ်းပြေးဘ၀ ထပ်မံ ကျရောက်ခဲ့ရပြန်ပါတယ်။ ထောက်လှမ်းရေးကို ‘တစ်’ ပေး-လက်ထောက်ချတဲ့မိန်းမက ကျွန်တော့်ကိုပါ ထည့်သွင်း လက်ထောက်ချခဲ့တာဖြစ်ပါတယ်။ နေရာအနှံ့ လှည့်လည်ဝရမ်းပြေးနေတဲ့ ကျွန်တော်က တောင်ကြီးဘက်ဆီ ရောက်နေရာက ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဖုန်းမော်ကျဆုံးသတင်း- ကြားရပြီး ပြီးချင်း ၁၉၈၈ မတ်လ (၁၅)ရက်နေ့မှာ ရန်ကုန်ကို ပြန်ကပ်လာခဲ့ပါတယ်။ အခြေအနေလေးတွေကို စနည်းနာကြည့်ရင်း၊ အစ်မကြီးမခင်မာအေးဆီကိုလဲ ဖျပ်ခနဲ ဖျပ်ခနဲ မရောက်ရောက်အောင်သွားပြီးတွေ့ခဲ့ပါတယ်။

ရှစ်လေးလုံးအကြိုကာလလို့ဆိုရမယ့် ၁၉၈၈ ဇူလိုင်(၂၅)ရက်နေ့မှာတော့- ဒေါ်ဒေါ်ဒေါ်ကြည်ကြည်နဲ့အတူ၊အစ်ကိုကြီးကိုလှရွှေတို့တတွေကိုလဲ ပုဒ်မ (၁၀-က)နဲ့ပဲ ထိန်းသိမ်းချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ တရိပ်ရိပ်တက်လာနေတဲ့ အရေးတော်ပုံအကြို ဒီရေလှိုင်းခတ်သံတွေကနေ သူနဲ့ကျွန်တော်အကြား ပြန်လည်ဆုံဆည်းနိုင်အောင် ဖန်တီးပေးလိုက်ဘိသကဲ့သို့တောင်ဖြစ်ပေါ်လာခဲ့လေရာ၊ ကျွန်တော်တို့တွေ တကျော့ပြန် ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြပြန်ပါတယ်။ သူနဲ့ကျွန်တော်အကြား- ရေစက်က တော်တော်ကို ကြီးလှပါကလား။

သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်း- သူနဲ့ကျွန်တော်ဟာ ရက်ပေါင်းများစွာ တပူးတွဲတွဲလို ဖြစ်နေခဲ့ကြပါတယ်။ သူ့ရဲ့သင်္ကန်းကျွန်းအိမ်လေးဟာလဲ ကျွန်တော့်အတွက် ရက်ပေါင်းတချို့အိပ်စက်နားနေရာလေးဖြစ်လာခဲ့ပါတယ်။ နေ့ခင်းပိုင်းတွေမှာ မြို့ထဲအနှံ့ အတူထွက်ခဲ့ကြပြီး၊ ချီတက်ဆန္ဒပြပြချိန်တွေမှာ အတူချီတက်ဆန္ဒပြခဲ့ကြ၊ ဟိုဟိုဒီဒီ အတူသွားလာခဲ့ကြ၊ အတူ ပြန်လာဖြစ်ခဲ့ကြရုံမက၊ ညဉ့်နက်နက်အချိန်တွေမှာ ဓားတလက်စီ ဘေးမှာချထားရင်း၊ သူ့အိမ်လေးထဲမှာ သတိဝိရိယအပြည့်နဲ့အတူဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ညတချို့တောင် မှတ်မှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို့ထဲက ရပ်ကွက်တိုင်းလိုလိုမှာရပ်ကွက်အလိုက် ကင်းတွေချကြ၊ တံခါးတွေတပ်ကြ၊ လုံခြုံရေးသတိဝိရိယအပြည့်နဲ့နေထိုင်နေကြရတဲ့ အရေးအကြီးဆုံးကာလတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီကာလတွေထဲတုန်းက အမှတ်ရစရာအကောင်းဆုံးတွေထဲမှာ ‘ဗကသ ပြန်လည်ဖွဲ့စည်းရေးညီလာခံ’ အတွက် သူ မိန့်ခွန်းပြောကြားဘို့ ညကြီးမင်းကြီး ဖယောင်းတိုင်မီးလေးနဲ့မိန့်ခွန်းရေးနေရချိန်မှာ- ကိုယ်တိုင်မိန့်ခွန်းရေးနေတဲ့သူ့အနားမှာ ကြံကြံဖန်ဖန် ကျွန်တော်လဲ ရှိနေထိုင်ပေးနေရတဲ့အဖြစ်ပါပဲ။ အဲဒီနေ့ဟာ ၁၉၈၈ သြဂုတ် (၂၇)ရက်နေ့- ညကြီးပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အမြင့်ဆုံးကာလတခုဖြစ်တဲ့၊ နောက်တနေ့ သြဂုတ်လ(၂၈)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်မြက်ခင်းပြင်မှာ ကျောင်းသားညီလာခံကြီးကျင်းပပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ)နဲ့တကသ တို့ကို တရားဝင်ဖွဲ့စည်းကြမှာ ဖြစ်ရာ၊ အဲဒီ ကျောင်းသားညီလာခံကြီးမှာပြောကြားမယ့် သူ့ရဲ့မိန့်ခွန်းကို သြဂုတ်(၂၇)ရက်နေ့ ညကြီးမှာ သူက တကုပ်ကုပ်နဲ့ ချွေးတဒီးဒီကျအောင် အားစိုက်ရေးသားနေခဲ့ပါတယ်။ အဲဒီနေ့ညက သူ့အိမ်လေးထဲက ကုတင်လေးပေါ်မှာ စားပွဲခုံလေးကိုတင်ပြီး၊ အဲဒီစားပွဲခုံလေးပေါ်မှာပဲ ဖရောင်းတိုင်မီးလေးနဲ့ သူ့မိန့်ခွန်းကို ရေးသားနေစဉ်မှာ ကျွန်တော်လဲ မလွှဲသာမရှောင်သာ အဲဒီစားပွဲခုံလေးဘေးမှာ သူနဲ့အတူ ရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက “ ကိုယ်ရေးထားတာတွေ ဖတ်ကြည့်ပေးအုံးလေကွာ-စာမချောရင်လဲ ကူပေး ပြင်ပေးအုံးလေကွာ..” လို့ပေါ့ပေါ့ပါးပါး ပြောဆိုတာကြောင့် ကျွန်တော်လဲ အဲသလို သူနဲ့အတူ ရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက တရွက် ရေးပြီး ကမ်းပေးလိုက်၊ ကျွန်တော်က ဖတ်ကြည့်ပေးလိုက်ရနဲ့ အဲဒီမိန့်ခွန်းစာကြမ်းကြီးဟာ တော်တော်ကို စာမျက်နှာများခဲ့ ရှည်လျားခဲ့ပါတယ်။ အဲဒီထဲမှာ ‘ ၁၉၆၂ကာလက ကျောင်းသားလှုပ်ရှားမှုကြီးအပေါ်သစ္စာဖေါက်ကာ၊ဗိုလ်နေဝင်းရဲ့မဆလနဲ့ပေါင်းဖက်သွားခဲ့တဲ့ကျောင်းသားခေါင်းဆောင်ကိုခင်မောင်အုံး’ ရဲ့နာမည်ကိုလဲ ပေါ်ပေါ်တင်တင် ဗြောင်ထည့်သွင်းရေးသားထားတာ သတိထားမိခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ ညသန်းခေါင်နီးပါးလောက်မှ အဆုံးသတ် ပြီးစီးသွားခဲ့ပါတယ်။

နောက်တနေ့-သြဂုတ်(၂၈)ရက် မနက်အစောကြီးမှာတော့ သူနဲ့ကျွန်တော်ဟာ ဦးလေးဦးခင်မောင်မြင့်အိမ်ကို အတူသွားခဲ့ကြပါတယ်။ သူက သူ့မိန့်ခွန်းစာကြမ်းအချောရေးထားတာကို ပြသပါတယ်။ ဦးလေးဦးခင်မောင်မြင့်က“ကိုခင်မောင်အုံးအကြောင်းတော့-ဒီအချိန်မှာ နာမည်ထည့် မပြောစေချင်သေးပါဘူး-” လို့ဆိုကာ မှင်နီနဲ့တားပြီး ဖျက်ပေးလိုက်တာကိုလဲ အနီးကပ် မြင်လိုက်ရ သိလိုက်ရပါတယ်။ အဲဒီနေ့က အစ်ကိုကြီးကိုလှရွှေနဲ့အတူကျွန်တော်လဲ ညီလာခံကျင်းပရာ တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်ကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ကိုမိုးဝင်းနဲ့ကိုမိုးမြင့်တို့လဲ အတူလိုက်ပါဖြစ်ခဲ့တာ မှတ်မိနေပါတယ်။ အဲဒီနေ့က အခမ်းအနားကိုတက်ရောက်လာတဲ့ ဧည့်သည်တော်တွေ၊ ဖိတ်ကြားထားသူတွေကို မှတ်တမ်းတင်လက်မှတ်တွေလဲ ရေးထိုး-ရယူထားခဲ့ရာ လယ်ဂျာစာအုပ်ကြီးလို စာအုပ်ထူထူကြီးထဲမှာ ကျွန်တော်တို့တွေလဲ လက်မှတ်ရေးထိုးပေးခဲ့ရတာ မှတ်မိနေပါတယ်။ ကိုလှရွှေက သူ မိန့်ခွန်း ပြောရမယ့်အချိန်မှာ ကျွန်တော်တို့အနားကနေ တလှမ်းချင်း ထွက်သွားပါတယ်။ သူ စင်မြင့်ရှေ့ထိ ရောက်သွားတာကို ကျွန်တော် ငေးကြည့်နေမိပါတယ်။ သောင်းနဲ့ချီတဲ့ ကျောင်းသားကျောင်းသူ-ပြည်သူပရိသတ်ကြီးရဲ့ရှေ့မှာ- တက္ကသိုလ်မြက်ခင်းပြင်နဲ့ တခါက သမဂ္ဂကြီးရဲ့အတိတ်ခြေရာတချို့ဆီ ပြန်လည် သတိရလာမှုမျိုးနဲ့ လွမ်းမောစွာဝေ့ဝဲကည့်လိုက်တာ မြင်လိုက်ရရင်း “တက်ရောကပ်လာကြတဲ့ကျောင်းသား ကျောင်းသူ ပြည်သူပရိသတ်အပေါင်းတို့ခင်ဗျာ..” ဆိုတဲ့ ပဏာမနှုတ်ခွန်းဆက်စကားလေးရဲ့ အဆုံးလောက်မှာပဲ၊ ရှိုက်ကြီးတငင် ငိုသံပါပါကြီးနဲ့ တကယ်ကို ငိုချလိုက်လေတော့- ကြားရ မြင်ရသူအပေါင်းဟာမှင်သက်မိသလို ဖြစ်သွားကြသလို၊ ကျွန်တော်လဲ ဟိုက်ကနဲ လှိုက်ကနဲ ဖြစ်သွားခဲ့ရပါလေတယ်။

ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း သူ့ရဲ့ပထမဆုံးသောမိန့်ခွန်းသံ နဲ့ခံစားချက် ပေါက်ကွဲပေါ်ထွက်လာသံလို့ပဲ ဆိုရပါလိမ့်မယ်။ သူက မျက်ရည်ကို တချက်သုတ်လိုက်ပြီး ရှိုကျသံဝဲဝဲတှကေိုပါ သတိခပြျ ပွနျလညျသိမ်းယူလိုက်ပြီး၊ သူ့ရဲ့ မိန့်ခွန်းရှည်ကြီးကို ဌာန်နဲ့မာန်နဲ့ အကောင်းဆုံးဖြစ်အောင်ပြောဆိုသွားခဲ့လေရာ၊ မိန့်ခွန်းအဆုံးမှာတော့- လက်ခုပ်သံတွေ သောသောညံသွားခဲ့ပါတယ်။ ဒါပေမဲ့ – ဒါပေမဲ့- ဒီမိန့်ခွန်းထဲမှာပဲဘရိတ်မအုပ်လိုက်နိုင်ဘဲ၊ (ဖြုတ်ရမယ့်ဟာကို မဖြုတ်လိုက်နိုင်တော့ဘဲ-) ခံစားချက်အတိုင်း ပါသွားခဲ့ရလေတာကတော့- ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုခင်မောင်အုံးရဲ့နာမည်ကို ပေါ်တင်ကြီး ထည့်သွင်းပြောလိုက်ခြင်းပါပဲ။ အဲဒါကို ကျွန်တော်က သတိထားမိလိုက်ပြီး၊ အပြန်မှာ- “အစ်ကိုကြီး-ခင်ဗျားက-ကိုခင်မောင်အုံးနာမည်ကို ဖြုတ်မထားဘဲ ထည့်ပြောသွားတယ်နော်..” လို့သတိပေးလိုက်မိတော့-“ အေးကွာ- ကိုယ်လဲ ဘယ်လိုမှ မထိန်းနိုင်အောင် ငိုချင်လာရင်းက ခံစားချက်တွေအတိုင်း လွတ်သွား ထွက်သွားတာကွ..” လို့ လေးလေးတွဲ့တွဲ့ကြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။ အဲဒီတုန်းက သူ့လေသံနဲ့ သူ့မျက်နှာကြီးပေါ်က ခံစားချက်အရိပ်တွေ တလိပ်လိပ်ပြေးနေဟန်ဟာလဲ ကျွန်တော့်အတွက်တော့ မကြာခဏဆိုသလိုအမှတ်ရစရာတမျိုး ဖြစ်နေခဲ့ပါတယ်။

အဲဒီ ကျောင်းသားညီလာခံမှာ (မင်းကိုနိုင်ကို ဥက္ကဌအဖြစ် တရားဝင်ရွေးချယ် ပေးလိုက်နိုင်မယ့် ညီလာခံမှာ) ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းဟာ တော်တော်အောင်မြင်ခဲ့တဲ့ မိန့်ခွန်းဖြစ်ခဲ့ပါတယ်။ ဗီဒီယိုအခွေနဲ့စာအုပ်ငယ်လေးအဖြစ်ပါ ထပ်ဆင့်ကူးယူ ရိုက်နှိပ်ဖြန့်ချိတာ ခံခဲ့ရပါတယ်။

( ၃ ) အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော့်အကြား- ဘဝရေစက်ဟာ (ထိစပ် ပတ်သက် လှုပ်ရှားခဲ့ရမှုတွေဟာ) အဲသလောက်နဲ့လဲ မပြီးစီးခဲ့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး- နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတော့လဲ ဦးခင်မောင်မြင့်ကို ဗဟိုပြုပြီး ‘ ပြည်သူ့တိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ့စည်းကြတဲ့အခါ၊ အတူလက်တွဲ ပါဝင်လှုပ်ရှားခဲ့ရပြန်ပါတယ်။ ပါတီရုံးခန်းလုပ်ထားရတဲ့ ဦးခင်မောင်မြင့်ရဲ့အိမ်-ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူနဲ့ကျွန်တော်ဟာ နေ့တိုင်းလိုလို ရုံးခန်းတာဝန်ကျတွေ ဖြစ်ခဲ့ပါတယ်။ အစည်းအဝေးမျိုးစုံတက်ရတာတွေ၊ တခြားကိစ္စဝိစ္စတွေရှိမှသာ ရံဖန်ရံခါ သီးခြားစီ ခွဲပြီး သွားရလာရ လုပ်ရကိုင်ရတာတွေရှိပေမဲ့ပါတီဗဟိုရုံးမှာက အများအားဖြင့် သူနဲ့ကျွန်တော်သာ ရုံးတာဝန်ကျတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သူနဲ့ကျွန်တော်ဟာ နိစ္စဓူ၀ အမြဲလိုလို တွဲဖက် လုပ်ကိုင်ပြောဆိုနေရရင်း၊ ပြောမနာ ဆိုမနာတွေသဖွယ်လဲ ပိုမိုဖြစ်လာခဲ့ရပါတယ်။ သူ့ရဲ့လေသံ ဟန်ပန် စရိုက်လက္ခဏာတွေသာမက၊ သူ့ရဲ့နိုင်ငံရေးဖြစ်စဉ် ကောက်ကြောင်းတစိတ်တဒေသတွေကိုပါ တစထက်တစ ပိုမိုသိမြင်လာခဲ့ရပါတယ်။ သူ့ရဲ့အားကောင်းမှုနဲ့အားနည်းမှုတွေကိုပါ ပိုမို သိမြင် ထိတွေ့နေခဲ့ရပါတယ်။ သူဟာ အာဝဇ္ဇန်းရွှင်သူဖြစ်သလို၊ အချက်နဲ့အလက်နဲ့တစ်-နှစ်-သုံး-လေး- နံပတ်စဉ်ထိုးကာ ပြောတတ်ဆိုတတ်လေ့ရှိသူတယောက်လဲ ဖြစ်နေတာ သတိထားမိပါတယ်။ ကြည့်လိုက်ရင်လဲ နိုင်ငံရေးသမားတယောက်ရဲ့သွင်ပြင်လက္ခဏာဟာ အတိုင်းသားပေါ်နေပါတယ်။ ပုဆိုးကို ခပ်တိုတိုဝတ်၊ လွယ်အိတ်တလုံးကို ကြိုးမှာအထုံးထုံးထားရင်း လွယ်၊ ဆံပင်ကခပ်တိုတို၊ မျက်နှာကျက လေးထောင့်ဘက် ခပ်လုလု၊ မျက်မှန်ကြီးက တဝင်းဝင်းနဲ့ သူ့ရဲ့ရုပ်သွင်ဟာ တကယ်ကို နိုင်ငံရေးသမားပုံ ပေါက်နေသူဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတွေတုန်းက အတူသွား အတူလာနဲ့မမေ့စရာ အမှတ်ရစရာမျိုးစုံတွေ ရှိခဲ့ရသလို၊ အတိုကောက်အားဖြင့်- ပီသုံးလုံးလို့ခေါ်ဝေါ်ကြတဲ့ ‘ပြည်သူ့တိုးတက်ရေးပါတီ’ မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုဘဝမှာလဲ အတူတကွ နေထိုင်ပြောဆို သွားလာလှုပ်ရှားရရင်း အမှတ်ရစရာတွေ သတိရစရာတွေက တပုံတပင်ရှိခဲ့ပါတယ်။ မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်း ပါတီစည်းရုံးရေးခရီးစဉ်တွေမှာလဲ သူနဲ့အတူတူတွဲပြီး ခရီးသွားလာရမှုတွေ တော်တော်များများရှိခဲ့ဖူးသလို၊ မဟာမိတ်ပါတီအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးတချို့မှာ အတူတူတွဲ တက်ရမှုနဲ့ အရေးကြီးပုဂ္ဂိုလ်တချို့နဲ့တွေ့ဆုံပွဲတွေမှာ အတူတွဲ သွားလာရမှုတွေလဲ ရှိခဲ့ရဖူးပါတယ်။

အဲဒီလို အဲဒီလိုတွေထဲမှာ မကြာခဏဆိုသလို ပြန်ပြန် အမှတ်ရမိနေတတ်ရတဲ့ မှတ်မှတ်ရရ ‘တွေ့ဆုံပွဲ’တခုကတော့- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရပွဲ- လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ပြည်သူ့တိုးတက်ရေးပါတီဘက်က အစ်ကိုကြီးကိုလှရွှေ ၊ ကိုမြင့်ဦးသစ် (ကိုကိုးကျွန်းပြန်)နဲ့ကျွန်တော်တို့ဟာ NLD ပါတီက အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာပဲ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ (၁၅)ရက်နေ့လို့ပဲ မှတ်မိနေပါတယ်။ အဓိကက NLD နဲ့မဟာမိတ်ပါတီ (၄၁)ပါတီအကြား-တပ်ပေါင်းစု ဖွဲ့ရေး၊၊ NLD ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီတပ်ပေါင်းစုကြီး အမြန်ဆုံးဖွဲ့စည်းပေါ်ပေါက်လာရေးကိစ္စဖြစ်ပြီး၊ နောက်ထပ်ကိစ္စတခုလို့ဆိုရမှာကတော့- လူ့ဘောင်သစ်ဥက္ကဋ္ဌ-မိုးသီးဇွန်ရဲ့ ‘NLD သို့အိတ်ဖွင့်ပေးစာ’ကိစ္စမှာ ပြည်သူ့တိုးတက်ရေးပါတီက(အထူးသဖြင့်-ဦးခင်မောင်မြင့် (သို့မဟုတ်)ကိုလှရွှေ က) နောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်း ရှိ/ မရှိ-ဆိုတာလဲ တပိုင်းတစ ပါဝင်နေခဲ့ပါတယ်။ အဲဒီနေ့က ကိုလှရွှေ အပါ-ကျွန်တော်တို့(၃)ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့တွေ့ဆုံပွဲဟာ ထင်မှတ်ထားတာထက်ကို အချိန်တွေအများကြီးကြာခဲ့ကြပါတယ်။ အပြန်အလှန် ပြောကြဆိုကြနဲ့ ခန့်မှန်းခြေ (၁)နာရီခွဲလောက်တောင် ကြာလိမ့်မယ်လို့ထင်မိပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအတွင်းရေးမှူးဖြစ်နေတဲ့ မသိင်္ဂီ က- “ အစည်းအဝေးအတွက် အပြင်မှာ ဥက္ကဌကြီးတို့တွေရောက်နေပြီ-အချိန်ကရောက်နေပြီ-” “ အချိန်က တော်တော်တောင်ကျော်နေပြီ-” နဲ့ အခန်းထဲကို ဝင်ဝင်လာပြီး သတိပေးပြောဆိုတာ (၂)ကြိမ်လောက်တောင် ရှိခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်က- “ ဒီမှာကလဲ စကားတွေက ပြောကောင်းနေတယ်။ ထပ်ပြီး ခဏလောက်စောင့်ပေးဖို့ပြောလိုက်ပါဦး-” နဲ့ပြန်လည်ပြောဆိုကာ၊ စကားတွေ ဆက်လက်ပြောဆိုခဲ့ပါတယ်။ အကျဉ်းရုံးပြောရရင်- ဒေါ်အောင်ဆန်းစုကြည်က “ တပ်ပေါင်းစု ဖွဲ့စည်းရေးကို လက်ခံပါတယ်။ ဖွဲ့စည်းရေးအတွက်လဲ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့- တကယ့်တပ်ပေါင်းစုမျိုး ဖြစ်စေချင်တယ်။ အမတ်ခွဲတမ်းအတွက် တပ်ပေါင်းစုမျိုးတော့ မဖြစ်စေချင်ဘူး-” ဆိုတဲ့သဘောမျိုးနဲ့ဆွေးနွေးပြောဆိုခဲ့ပါတယ်။ တပ်ပေါင်းစု ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး တော်တော်ကို ရှည်ရှည်ဝေးဝေး အချိန်ကြာကြာ ပြောဆိုဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း- စကားတွေကို အရှည်ဆုံးပြောဆိုတာကတော့- အစ်ကိုကြီးကိုလှရွှေ ပါပဲ။ ကိုမြင့်ဦးသစ်ကြီးကလဲ အထိုက်အလျောက် ပြောဆိုဆွေးနွေးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ တော်တော်လေးကို စိတ်ဝင်စားစွာဂရုတစိုက် နားထောင်နေခဲ့ရင်း၊ သူ့ဘက်က သူ့စဉ်းစားထားချက်တွေကို ပြောဆိုခဲ့တာ ရှိပါတယ်။ [ ဒါတွေကို အကြောင်းသင့်ရင်-ပြန်လည်ရေးပြဖို့လိုအပ်လာရင်- တချိန်ချိန်မှာ ပြန်လည်ရေးပြကောင်း ရေးပြပါ့မယ်။အခုတော့- ခဏ ထားလိုက်ပါဦးတော့-] နောက်ဆုံးတော့- မိုးသီးဇွန်ရဲ့အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး၊နောက်ကွယ်က ‘ပြည်သူ့တိုးတက်ရေးပါတီ’ ပါမပါနဲ့ပတ်သက်ပြီး ပြန်လည်ပြောဆိုဖြစ်ခဲ့ရာမှာတော့- အစ်ကိုကြီးကိုလှရွှေ ရဲ့ ပြောလိုက်သံနဲ့ပြောလိုက်ဟန်ဟာ တကယ့်ကို မမေ့နိုင်စရာပါပဲ။ အခုချိန်အထိ ရံဖန်ရံခါ ပြန်လည်သတိရမိနေရင်း ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။ အတူပါလာခဲ့တဲ့ ကိုမြင့်ဦးသစ်ကြီးလဲ အခုချိန်အထိ မှတ်မိနေဖြစ်လိမ့်မယ်ထင်ပါတယ်။ အဲဒါကတော့- “ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်- လူငယ်တွေခေါင်းထဲ ပွိုင်ဇင်(poison)ခပ်တဲ့အလုပ်မျိုး- ကျွန်တော်တို့ဘယ်တော့မှမလုပ်ဘူး။ အဲဒီလိုအလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး-” တဲ့။ဒေါ်စုက ပြုံးစစနဲ့ပြောလက်စစကားတွေ ဆက်လက်ပြောဆိုနေခဲ့ရာ၊ မသိင်္ဂီ ထပ်ဝင်လာပြီး-“အချိန်တွေကတော်တော်ကျော်နေပြီ.. ဥက္ကဌကြီးတို့တွေ ထိုင်စောင့်နေကြတာ ကြာနေပြီ..” လို့ထပ်မံပြောဆိုလာလေမှပဲ ကျွန်တော်တို့နဲ့ဒေါ်စုရဲ့တွေ့ဆုံပွဲက ပြီးစီး လက်စသတ်နိုင်ခဲ့ကြပါတယ်။ အပြင်ဖက်ဆီ လှမ်းကြည့်လိုက်တော့-ဦးကြည်မောင်၊ ဦးလွင်နဲ့ ဦးချစ်ခိုင်တို့ဟာ အိမ်ရှေ့က ထိုင်ခုံလေးတွေမှာငုတ်တုတ်ထိုင်နေကြပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးသာ မိုးတိုမတ်တပ် မတ်တပ်ရပ်လျက်သားတွေ့လိုက်ရပါတယ်။ ကျွန်တော်တို့သုံးဦးသားဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ဧည့်ခန်းထဲက ပြန်ထွက်လာတော့- ဦးတင်ဦးက “ ရဲဘော်ကြီးတို့ တော်တော်စကားပြောကောင်း-ဆွေးနွေးကောင်းနေကြတယ်ထင်တယ်..” လို့တောင် ပြုံးစစနဲ့မှတ်ချက်ပြု နှုတ်ဆက်လိုက်တာ ကြားလိုက်ကြရပါသေးတယ်။ အဲဒီနေ့က ကျွန်တော်တို့သုံးဦးသား အမှတ်(၅၄)ခြံဝင်းကြီးရဲ့အပြင်ဘက်ကို ရောက်လေတော့ ကျွန်တော်က အစ်ကိုကြီးကို “ အစ်ကိုကြီးနှယ်-ဒေါ်စုကို ပြောတာ ဗမာလိုပြောလဲ အကုန်ဗမာလို ပြောရောပေါ့၊အခုတော့- လူငယ်တွေခေါင်းထဲ poison ခပ်တဲ့အလုပ်မျိုး-ဘယ်တော့မှမလုပ်ဘူးလို့ဗျာ..“ ဆိုပြီး၊နောက်စစပြောလိုက်မိပါတယ်။ သူက ခပ်ပြုံးပြုံးကြီး လုပ်လို့- ။

( ၄ ) မှတ်မှတ်ရရ ပြောရရင်- ဒေါ်အောင်ဆန်းစုကြည်နဲ့အဲဒီ ‘တွေ့ဆုံရပွဲ’ အပြီး၊ (၁၀)ရက်တိတိအကွာ၊ ဇွန်(၂၅)ရက်နေ့မှာတော့ ကိုလှရွှေရော ဦးခင်မောင်မြင့်ပါ နဝတအစိုးရရဲ့ အစီအစဉ်ရှိရှိ ကြိုတင်ဖမ်းဆီးခြင်းနဲ့ထပ်မံအဖမ်းဆီး ခံလိုက်ရပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ထောင်ထဲ ရောက်ရှိသွားရပြန်ပါတယ်။ ‘ ၇ ရက်ဇူလိုင် နှစ်ပတ်လည်’ နဲ့ ‘အာဏာဖီဆန်ရေးလှုပ်ရှားမှု’ များအတွက် ကြိုတင်ကာကွယ် နှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဦးခင်မောင်မြင့်ရော-ကိုလှရွှေဟာ ထင်းရှားတဲ့ ခွပ်ဒေါင်းခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတွေ မဟုတ်လား။

အဲဒီကတည်းက ကျွန်တော်လဲ ကိုလှရွှေ ရော ဦးခင်မောင်မြင့်နဲ့ပါ၊ ကွဲကွာသွားခဲ့ရရင်း ပြန်လည်ဆုံတွေ့နိုင်ခွင့်မရတော့ရာ၊ နောင် ဘယ်တော့မှလဲ ပြန်လည်ဆုံတွေ့နိုင်ခွင့် မရှိတော့ပါ။ ဦးခင်မောင်မြင့်က (၁၉၉၃ ဖေဖေါ်ဝါရီ ၁၆ ) ရက်နေ့ကတည်းက အကျဉ်းထောင်ထဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့လေရာ၊ နှစ်ပေါင်း(၂၈)နှစ်ကျော် ကြာပါပြီ။ အစ်ကိုကြီးကိုလှရွှေနဲ့ကတော့- လူချင်းသာ ပြန်လည်မဆုံတွေ့နိုင်ခဲ့ပေမဲ့၊ ဒီကြားထဲမှာ (၂)ခါတိတိ တယ်လီဖုန်းနဲ့စကားပြောခွင့်ရလိုက်ပါသေးတယ်။ သူက ဆောင်းပါးတွေကိုလဲ အဆက်မပြတ်လိုလို ရေးသားနေပြီဖြစ်ရာ၊ ‘အောင်သာ ( PPP )’ ဆိုတဲ့ သူ့ကလောင်နဲ့သူ့လက်ရာတွေကိုလဲ ဖတ်ရပါတယ်။( PPP ) ဆိုတာက ပြည်သူ့တိုးတက်ရေးပါတီရဲ့အတိုကောက်ဖြစ်ရာ၊ ပြည်သူ့တိုးတက်ရေးပါတီအပေါ် သူ့ရဲ့အလေးအနက်ထားမှုနဲ့သံယောဇဉ်က ဘယ်လောက်ကြီးမားလှသလဲဆိုတာ သူ့ကလောင်နာမည်ကနေ အတိုင်းသားဖေါ်ပြနေပါတယ်။ အောင်သာ(PPP) နာမည်နဲ့ရေးသားခဲ့တဲ့ သူ့ရဲ့ဆောင်းပါးတွေ စာအုပ်တွေသာမက၊ ‘စံအိမ်’ ‘ဉာဏ်မောင်ချစ်’ စတဲ့ ကလောင်ခွဲတွေနဲ့ပါ ရေးသားနေတဲ့ သူ့လက်ရာတွေတော်တော်များများကိုလဲ အဝေးကနေ ဖတ်နေတွေ့နေခဲ့ရရင်း၊ သူ့ရဲ့မာန် သူ့ရဲ့ဟန်တွေကိုပါ အကြောင်းအားလျော်စွာ ကြားနေမြင်နေခဲ့ရပါတယ်။ လူချင်းသာ ပြန်လည်မဆုံတွေ့နိုင်ခဲ့ပေမဲ့၊ စာစောင်စာတန်းတွေထဲမှာ ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ချက်ကလစ်လေးထဲမှာ သူ့ရဲ့သက်ဝင်လှုပ်ရှားနေပုံလေးတွေကို ဟိုမှာ သည်မှာ တွေ့နေခဲ့ရပါသေးတယ်။ သူက ကျွန်တော့်ရဲ့ထောင်ဝတ္ထုတိုပေါင်းချုပ်စာအုပ်လေးဖြစ်တဲ့ ‘ ၆-တိုက်မှာ လောက်ကိုက်တာခံဖူးသလား-’ ထဲမှာလဲ (၂၀၁၃ တုန်းက ပြည်တွင်းမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေတဲ့အခါ ) ကျွန်တော်နဲ့ပတ်သက်ပြီး မှတ်မှတ်ထင်ထင် ‘အမှာစာ’ ရေးသားသွားခဲ့သေးသလို၊ သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကြီးဖြစ်တဲ့ ‘ တော်လှန်ရေးသမားတဦး၏ နိုင်ငံရေးအတ္ထုပ္ဖတ္တိ ’ စာအုပ်ကြီးထဲမှာလဲ ကျွန်တော်နဲ့ပတ်သက်ပြီးကျွန်တော့်နာမည် ကျွန်တော့်အကြောင်း အပိုင်းအစလေးတွေကို မှတ်မှတ်ထင်ထင် ဟိုတစ သည်တစ ထို့ထိဖေါ်ပြသွားခဲ့တာ ရှိခဲ့ပါသေးတယ်။

ဒီတော့.. သူ့ကိုလဲ အစ်ကိုကြီးကိုလှရွှေကိုလဲ ရုပ်ပုံလွှာအဖြစ် ပြန်လည်ဆေးသားတို့ကြည့်ဖို့ ကောက်ကြောင်းဆွဲကြည့်လိုက်မိတဲ့အခါ၊ ကျွန်တော့်ရဲ့ရင်တွင်းအာရုံထဲမှာတော့- သူ့ကို အလံ (၃)လက်ကြားမှာ ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ပထမဆုံးအလံက သူ အင်မတန်ချစ်မြတ်နိုးလှတဲ့ ကျောင်းသားအလံ- ခွပ်ဒေါင်း ခွပ်ဒေါင်းဆိုတဲ့ ခွပ်ဒေါင်းအလံ။ ဒုတိယအလံက ကမ္ဘာ့ပစ္စည်းမဲ့လူတန်းစားအားလုံးရဲ့အထိမ်းအမှတ်အလံ- တူတံစဉ်အလံ ။ တတိယအလံကတော့- မိုးပြာရောင်နောက်ခံပေါ်က ရွှေဝါရောင်ကြယ်သုံးပွင့်ပါတဲ့အလံ- ပြည်သူ့တိုးတက်ရေးပါတီအလံ-တို့ပဲ ဖြစ်ပါတယ်။ အလံ (၃)လက်ကြားမှာ သူ့ရုပ်ပုံဟာ ဂုဏ်ယူမှုအပြည့်နဲ့ရှိနေတာဖျပ်ခနဲ ဖျပ်ခနဲ တွေ့လိုက်ရပါတယ်။ ဒါကြောင့်- ကျွန်တော်ကတော့ သူ့ကို ‘ ဘိုကလေး ဦးလှရွှေ (သို့မဟုတ် ) အလံ (၃)လက်ကြားက လူ – ’ လို့ပဲ ဝိဂြိုလ်ပြုလိုက်ချင်ပါတယ်။

( ၅ ) အခုတော့ – တခါက ‘ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း နဲ့ နှုတ်ဆက်ခဲ့ဖူးတဲ့ သူ့ကို- ကျွန်တော်တို့တွေကလဲ ပြန်လည်နှုတ်ဆက်ရမယ့်အချိန်ဟာ ကြေကွဲစရာ ရောက်ရှိလာခဲ့ရပြီ ဖြစ်ပါတယ်။ ထာဝရ ခွဲခွါသွားရရှာပြီ ဖြစ်တဲ့သူ့ကို ပြန်လည်နှုတ်ဆက်လိုက်ရတဲ့ နောက်ဆုံးနှုတ်ဆက်လိုက်ရခြင်းမျိုး ဖြစ်ပါတယ်။ အခု- နှုတ်ဆက်လိုက်ပါပြီ။ ရင်ထဲမှာ ပေါ်လာနေတဲ့ အမှတ်ရစရာ အဖြစ်အပျက်အပိုင်းအစလေးတွေနဲ့အတူ၊ လွမ်းမောစွာ ကြေကွဲစွာ လေးလေးနက်နက် နှုတ်ဆက်လိုက်ပါတယ်။ အစ်ကိုကြီးရေ.. နောက်ဆုံး နှုတ်ဆက်လိုက်ပါတယ်။ ။ ဝင်းတင့်ထွန်း ( ၂၁- ၇- ၂——

အခက်အခဲကျော်လွှား အောင်ပွဲအရယူ (မောင်သန်းမြရွှေ)

အခက်အခဲကျော်လွှား အောင်ပွဲအရယူ

မောင်သန်းမြရွှေ

အရေးတော်ပုံဂျာနယ်။ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင် နောက်ဆုံးအချိန်အထိ မင်းအောင်လှိုင်နဲ့ဒေါ်စု စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ မပြေလည်လို့ အာဏာသိမ်းတာပါ။ ဘာတွေဘယ်လို တောင်းဆိုတယ်။ ဘာတွေလိုက်လျောပြီး ဘာတွေမလိုက်လျောနိုင်ဘူး ဆိုတာ ကာယကံရှင်တွေကိုယ်တိုင် ထုတ်ပြောမှသာ သိရမှာပါ။

တကယ်က စေ့စပ်ညှိနှိုင်းတာ မဟုတ်ပါဘူး။ စစ်ကောင်စီက သူ့တို့လိုလားချက်ကို တဖက်သတ် တောင်းဆိုတာပါ။ ဒါမျိုးက ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွန့်တို့ ဒေါ်စုကို အိမ်ချုပ်ထားလိုက် အပြင်ထုတ်လိုက်နဲ့ တလျှောက်လုံးလုပ်လာခဲ့တဲ့ ဖိအားပေးအကျပ်ကိုင် စေ့စပ်တဲ့ပုံစံပါ။

အခုကျတော့ မင်းအောင်လှိုင်က ရွေးကောက်ပွဲမသမာမှုကြောင့် အာဏာသိမ်းရတယ်လို့ အကြောင်းပြတယ်။ လမ်းပြမြေပုံ ၅ ရပ်နဲ့အတူ ၂၀၀၈ ခြေဥအောက်မှာ ရွေးကောက်ပွဲသစ် ပြန်လုပ်ပေးမယ်လို့ ဆိုတယ်။ ဒါပေမဲ့ သူလုပ်နေတာတွေက စစ်သူကြီးမင်းဆက် ရာသက်ပန်အာဏာမြဲရေးပါ။ 

စစ်ကောင်စီက ကိုယ်စားပြုလွှတ်တော် CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မတရားသင်းအဖြစ် အစောကတည်းက ကြေညာထားပြီးဖြစ်ပေမယ့် ဒီချုပ်ပါတီကိုတော့ တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းပစ်မယ်လို့ ယခုအခါ ရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက်နေတယ် ။ ဒေါ်စုနဲ့ ဒီချုပ်ခေါင်းဆောင်များကို နိုင်ငံရေးသိက္ခာချဖို့ ပုဒ်မအမျိုးမျိုးတပ်ပြီး ရုံးထုတ်နေတယ်။ ဒေါ်စုက အမှုကို ဥပဒေကြောင်းအရ တုံ့ပြန်နေပေမယ့် နိုင်ငံရေးအရ တုံ့ပြန်တာ မတွေ့ရသေးဘူး။

အခုလဲ ဒေါ်စုနဲ့ မင်းအောင်လှိုင် တိတ်တိတ်ပုန်း ဆွေးနွေးနေတယ်လို့ သတင်းထွက်လာတယ်။ ဒီလိုသတင်းမျိုးက ဟုတ်ဦးတော့ စစ်အုပ်စုက အသိမပေးရင် ဘယ်သူမှ သိနိုင်စရာအကြောင်း မရှိဘူး။ “အန်ကယ်”နဲ့ ကြိတ်ဆွေးနွေးပြီး ၂၀၀၈ အောက် ခေါင်းလျှိုဝင်ခဲ့ဖူးပြီ။ ယခု “သာဝ”နဲ့ ဘာထပ်ဆွေးနွေးစရာ ရှိသေးလို့လဲ။ 

စစ်တပ်အာဏာသိမ်းမှုအပေါ် လူထုက ဒီလောက်အထိ တုံ့ပြန်လာလိမ့်မယ်လို့ မထင်ကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။ လူထုကို အထင်သေးတာပါ။ ဒေါ်စုကလည်း ခါတိုင်းလိုပဲ ကြားလူဝင်ရောက် ဖြန်ဖြေ(အောင်သွယ်)ပေးတာ စောင့်ချင်နေပုံပဲ။ အစကတည်းက ဘာပြင်ဆင်မှုမှ မရှိခဲ့ပါဘူး။ ဒါ့အပြင် လူထုကို အခြေအနေမှန် ရှင်းမပြတာကိုက စစ်အုပ်စုငြိုငြင်မှာကို စိုးရိမ်နေခဲ့တဲ့သဘောပဲ။ 

စစ်ကောင်စီအာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ စစ်သုံးစစ် ( စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) ကို မစေ့စပ်တမ်း ပြတ်ပြတ်သားသား ဆန့်ကျင်လာတာက နိုင်ငံရေးနိုးကြားနေတဲ့ လူထုကြီးပါ။

သပိတ်တိုက်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကနီ၊ မြင်းခြံ-တလုပ်မြို့၊ ရွှေဘို၊ ချောင်းဦး၊ ပဲခူး၊ မင်းတပ်၊ ဟားခါး၊ ကလေး၊ ဂန့်ဂေါ၊ မြိုင်၊ ထားဝယ်၊ စတဲ့ စတဲ့ မြို့တွေမှာ သွေးချောင်းစီးပစ်ခတ် နှိမ်နင်းခဲ့ပေမယ့် လူထုဟာ ရတဲ့နည်းနဲ့ တိုက်ပွဲတွေဆက်လက်လုပ်ဆောင်နေဆဲပါ။

တတိုင်းပြည်လုံး လူထုတရပ်လုံးက စစ်ကောင်စီကို ရရာလက်နက် ကိုင်စွဲပြီး ပြင်းပြင်းထန်ထန် ခုခံတော်လှန်လာတယ်။ CDM အာဏာဖီဆန်ရေးတိုက်ပွဲ၊ GSC သပိတ်တိုက်ပွဲတွေနှင့်အတူ လက်နက်ကိုင်တိုက်ပွဲတွေ ပေါ်လာတယ်။ တပြည်လုံးအနှံ့ မြို့နယ်အသီးသီးမှာ PDF ပြည်သူ့ကာကွယ်ရေးတပ် ဆိုတာတွေ ပေါ်လာတယ်။ တချို့ PDF အမည်မခံဘူး။ 

PDF ပေါ်တာ ၄လလောက်ပဲ ရှိပါသေးတယ်။ လက်နက်ခဲယမ်း မပြည့်စုံပေမယ့် စစ်ကောင်စီ ကြေးစားတပ်ကို အထိနာအောင် ချေမှုန်းရေးတိုက်ပွဲတွေ တိုက်လာနိုင်တယ်။ 

စစ်ကောင်စီ ကြေးစားစစ်တပ်ဟာ (အာဏာမြဲရေးအတွက်) အကုန်လု အကုန်သတ် အကုန်ရှို့ဆိုတဲ့ လူထုဆန့်ကျင်ရေးပေါ်လစီအောက်မှာ (ဗီယက်နမ်စစ်ကာလ မိုင်လေလူသတ်ပွဲလို) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လာနေပါတယ် (မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာ၊ စစ်ကိုင်းတိုင်း ကနီမြို့ ယင်းရွာ၊ ဒီပဲယင်း၊ မိုးဗြဲ – ဒီမောဆိုး စသဖြင့်)။

တပြည်လုံးအနှံ့ ပေါ်ပေါက်လာနေတဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေးတိုက်ပွဲဟာ စစ်အုပ်စုကို အထိနာစေရုံတင်မက အထိတ်တလန့် ဖြစ်စေပါတယ်။ စစ်အုပ်စုမှာ လက်ကိုင်ဆိုလို့ ကြေးစားစစ်တပ်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့်လဲ အားကိုးရှာ ပြေးပေါက်ရအောင် ရုရှားကို အရေးတကြီး ပြေးကပ်တာပါ။ 

ကြံ့ဖွံ့၊ မဘသ၊ စွမ်းအားရှင် ဆိုတာတွေက နွေဦးတော်လှန်ရေး မီးတောက်မီးလျှံတွေအောက်မှာ ခေါင်းမထောင်ရဲတော့ဘူး။ ဒါကြောင့် စစ်တပ်အိမ်ထောင်သည်လိုင်းက အမျိုးသမီးတွေကို လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းနေရတယ်။ စစ်အုပ်စု လက်ကိုင်တုတ်တွေကို လက်နက်တပ်ဆင်ပေးပြီး ပျူစောထီးကာကွယ်ရေးတပ်ဖွဲ့ လုပ်ခိုင်းရတယ်။ တပ်ပြေးတွေများ တပ်သားရေသောက်မြစ်ရှားပါး၊ နိုင်ငံရေး စီးပွားရေး လူမှုရေး အဘက်ဘက်က ဖရိုဖရဲဖြစ်လာရုံတင်မက စစ်ရေးအရ အကျပ်အတည်းဖြစ်လာ၊ အထိနာလာတဲ့အောက်မှာ၊ စစ်အုပ်စုဟာ မီးစတဖက် ရေမှုတ်တဖက် ကစားနည်းကို (အာစီယမ်ကို ခုတုံးလုပ်ပြီး) ပြန်ကစားဖို့ သွေးတိုးစမ်းလာပုံပါ။

စစ်အုပ်စုမှာ ဖိနှိပ်တဲ့နည်း ပြည်တွင်းစစ်ကိုတိုးချဲ့တဲ့နည်း လူသတ်တဲ့နည်း မှအပ တခြားနည်းမရှိတော့ဘူး။ တဆင့်တိုးဖိနှိပ်ဖို့အတွက် စေ့စပ်ရေးလေသံလွှင့်ပြီး ဆိုက်ဝါးဂျင်းတွေထည့် လာနေပြီ။

စစ်အုပ်စုက COVID ကိုဗစ်တတိယလှိုင်းကို လူထုဖိနှိပ်ရေးကိရိယာလိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်နေတယ်။ တိုင်းပြည်ကို စစ်ရေး စီးပွားရေးအရ ဖျက်ဆီးရုံတင်မက ကိုဗစ်နဲ့ပါ လူသတ်ဖို့ ဖျက်ဆီးဖို့ လုပ်လာနေပါတယ်။ တိုင်းပြည်ဖရိုဖရဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ လုပ်နေတယ်။ ကယ်တင်ရှင်ပုံဖမ်းပြီး အာဏာမြဲအောင် လုပ်နေတယ်။

စစ်အုပ်စုရဲ့ အကျဉ်းသားဖြစ်နေတဲ့ လစ်ဘရယ်ဒီမိုကရေစီခေါင်းဆောင် အနေနဲ့လည်း အခြေအနေမှန်ကို ဘယ်လောက်အထိ သိနေမလဲတော့ မပြောတတ်ဘူး။ အခြေအနေမှန်သိရင် သူ ဘာဆုံးဖြတ်မလဲ ဆိုတာလည်း မပြောနိုင်ပါဘူး။ 

(တော်လှန်ရေးကာလ နိုင်ငံရေးနိုးကြားမှု ၁၀ ရက်ဟာ သာမန် ၁၀ နှစ်ကာလ နိုင်ငံရေးနိုးကြားမှုထက် မြင့်တယ်)လို့ လီနင်ကပြောဖူးပါတယ်။ လူထုရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ စစ်အုပ်စုအပေါ် နာကြည်းမုန်းတီးမှုဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းကျေလိမ့်မယ် မဟုတ်ပါဘူး။ ဘုံရန်သူကိုဆန့်ကျင်၊ ပြည်သူကိုကူညီ၊ သန္နိဋ္ဌာန်ချ – အသက်စွန့်ရမှာ မကြောက် – အခက်အခဲမှန်သမျှကျော်လွှား အောင်ပွဲအရယူကြပါစို့။

မောင်သန်းမြရွှေ ( ၁၉ ဇူလိုင် ၂၀၂၁)

အခက်အခဲကျော်လွှား အောင်ပွဲအရယူ

မောင်သန်းမြရွှေ

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စ(သိန်းထွန်းနိုင်)

အစိုးရအဖြစ် နိုင်ငံတကာ အသိအမှတ်ပြုရေးကိစ္စသိန်းထွန်းနိုင်အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ကုလသမဂ္ဂအပါ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ တချို့က မျှော်လင့်နေတယ်။ နိုင်ငံတကာက အသိအမှတ်ပြုတာနဲ့ ‘ပွဲသိမ်းပြီ’ လို့ မှန်းဆ တွက်ချက်နေကြတယ်။ ဘယ်လို ပွဲသိမ်းမှာလဲ။ အာဏာသိမ်းစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဥပဒေ အကြောင်းပြချက်တွေနဲ့ ပလ္လင်ပေါ်ကဆွဲချမလဲ။ နိုင်ငံတကာအသိအမှတ်ပြုမှုက အရေးကြီးတာမှန်ပေမယ့် အသိအမှတ်ပြုခံရဖို့ လွယ်သလား။ နိုင်ငံကြီးတွေက နိုင်ငံတနိုင်ငံရဲ့အစိုးရအဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ အခိုင်အမာရှိနေတဲ့ မြေပြင်က ပကတိအခြေအနေအပြင် မိမိတို့အကျိုးစီးပွားကို အဓိကထားပြီးလည်း စဉ်းစားပါတယ်။ ပထဝီ နိုင်ငံရေး အကျိုးစီးပွား အပေါ် မူတည်တဲ့ ပြည်ပအစိုးရများရဲ့ တုံ့ပြန်မှု အမျိုးမျိုးနောက် လိုက်နေရင် မျက်စေ့လည် လမ်းမှား နိုင်ပါတယ်။

နိုင်ငံတကာ လူ့အဖွဲ့အစည်းတခုလုံးကို အုပ်စိုးသူ ပြည်သူ ခွဲခြားသုံးသပ်တဲ့ လူတန်းစားအမြင်နဲ့ ကြည့်ပါက ခေတ်ရဲ့ နယ်ချဲ့စနစ်လက္ခဏာ၊ အုပ်စိုးသူများရဲ့ ပြည်သူအပေါ် ဖိနှိပ်မှု၊( အမေရိကန် ဂျာမနီစတာတွေမှာ အုပ်စိုးသူ အလွှာအချို့အတွင်းပေါ်လာနေတဲ့ လက်ယာစွန်းအမျိုးသားရေးဝါဒ ဖက်ဆစ်ဝါဒ ဘက် တိမ်းညွတ်မှု) လက္ခဏာ၊ အဖိနှိပ်ခံပြည်သူများရဲ့ ဒီမိုကရစီစစ်စစ်ကိုလိုလားမှု၊ လူ့အဖွဲ့အစည်း အတွင်း ဘက်စုံ မညီမျှချက်များအပေါ် မကျေနပ်မှု စတဲ့လက္ခဏာတို့ကို တွေ့မြင်ရပါလိမ့်မယ်။ ဒီအခြေခံ ဒီနောက်ခံ နဲ့ ပထဝီနိုင်ငံရေး အခြင်းအရာများကို ကြည့်သင့်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအလွန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ဆိုတာ ပေါ်လာဖူးတယ်။ အခုပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရလိုပဲ သူတို့လည်း နယ်စပ်မှာ အစိုးရဖွဲ့တယ်၊ နောက်တော့ ပြည်ပရောက်အစိုးရ ဖြစ်သွားတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဗမာပြည်ကိုကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် တက်ရောက်နိုင်ရေး ကြိုးပမ်းဖူးတယ်။ မအောင်မြင်ဘူး။ ညွန့်ပေါင်းအစိုးရ (NCGUB) ဟာလည်း လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရပါပဲ။ အနောက်နိုင်ငံတချို့က ဖေးမကူညီကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာနဲ့ ကူညီသလဲ ပြန်ကြည့်ပါ။

လက်ရှိ ညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ပြည်ပနိုင်ငံတွေက ပြောဆိုဆက်ဆံတာတွေ၊ ကူညီတာတွေ ရှိပါတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ကူညီနေတာပါ။ အဲဒီလို ကူညီတဲ့အတိုင်းအတာက ဒီအစိုးရတွေကို အသိအမှတ်ပြုမှု အတိုင်းအတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

နိုင်ငံတကာမှာ စင်ပြိုင်အစိုးရတွေနဲ့ဆက်ဆံတဲ့အခါ နိုင်ငံရေးအကျိုးစီးပွားအရ အသိအမှတ်ပြုမှုနဲ့ ဥပဒေကြောင်းအရ အသိအမှတ်ပြုမှုဆိုပြီး ရှိပါတယ်။ တချိန်က ညွန့်ပေါင်းအစိုးရ လက်ခံရရှိခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုနဲ့ အခု ညီညွတ်ရေးအစိုးရ လက်ခံရရှိနေတဲ့ ထောက်ခံမှုတွေဟာ နိုင်ငံရေးအကျိုးစီးပွားအရ အသိအမှတ်ပြုမှုအခြေခံကနေ ရနေတာတွေပါ။

ညွန့်ပေါင်းအစိုးရကို နိုင်ငံတကာ ဥပဒေကြောင်းအရ အစိုးရအဖြစ် အသိအမှတ်မပြုခဲ့ဘူး။ အစိုးရအဖွဲ့တဖွဲ့ကို အစိုးရအဖြစ်အသိအမှတ်ပြုတဲ့အခါ ဥပဒေကြောင်းအရ အသိအမှတ်ပြုမှုက အဓိကပါ။ နိုင်ငံတကာဥပဒေမှာ အစိုးရအဖြစ်အသိအမှတ်ပြုဖို့ စဉ်းစားတဲ့အခါ မူသုံးခုကိုအခြေခံပြီး စဉ်းစားကြတယ်။ နိုင်ငံအများစုကျင့်သုံးတဲ့ အစဉ်အလာမူက ထိထိမိမိ စိုးပိုင်ချုပ်ကိုင်မှုကို အခြေခံတယ်။ ထိထိမိမိ ထိန်းချုပ်နိုင်မှုကိုအခြေခံတဲ့ တနည်းအားဖြင့် အစိုးရလို့ ကြွေးကြော်သူတွေဟာ တကယ်ပဲ အစိုးရသလား၊ မရဘူးလားဆိုတာကိုအခြေခံတဲ့မူကို နိုင်ငံတွေ အတော်များများက ကျင့်သုံးကြပါတယ်။

အဲဒီ အစိုးရခြင်း၊ မရခြင်းမူအရ အစိုးရတရပ်ကို အသိအမှတ်ပြုဖို့ အချက်လေးချက်နဲ့ ဆုံးဖြတ်တယ်။ အစိုးရတရပ်ဟာ (၁) စိုးပိုင်ချုပ်ကိုင်မှုမှာ ထိထိရောက်ရောက် ရှိရမယ် (၂) တည်တည်ငြိမ်ငြိမ်နဲ့ အရှည်တည်တံ့နိုင်ရမယ် (၃) တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်စွမ်းနဲ့ ထမ်းဆောင်လိုစိတ် ရှိရမယ် (၄) လူထုထောက်ခံမှုရှိရမယ်ဆိုတဲ့ လေးချက် ဖြစ်ပါတယ်။ ဒီလေးချက်မှာ အဓိကအချက်က နိုင်ငံတော် နယ်မြေနဲ့ နိုင်ငံတော်အတွင်း နေထိုင်သူတွေကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ နယ်မြေကိုလည်း အစိုးမရ၊ ပြည်သူကိုလည်း အစိုးမရရင် အစိုးရ မမည်ဘူးလို့ ပြောတာပါ။

အစိုးရလို့ နိုင်ငံတကာ ဥပဒေကြောင်းအရ အသိအမှတ်ပြုပြီးနောက် အသိအမှတ်ပြုတဲ့နိုင်ငံနဲ့ အသိအမှတ်ပြုခံရတဲ့နိုင်ငံ နှစ်နိုင်ငံကြားမှာ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လုပ်ကြတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့လိုပါတယ်။ တာဝန်ယူနိုင်ခြေမရှိတဲ့အဖွဲ့အစည်းကို အစိုးရလို့ အသိအမှတ်ပြုဖို့ ခက်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ မိမိကိုယ်စားပြုတဲ့နိုင်ငံရဲ့ နယ်မြေတခုလုံးကို ထိထိမိမိ စိုးပိုင်ချုပ်ကိုင်နိုင်ရမယ်ဆိုတာဟာ တနိုင်ငံလုံးမှာ လက်တွေ့ကျကျ အာဏာတည်ဆောက်နိုင်ရမယ်လို့ ဆိုတာပါ။ တနိုင်ငံလုံးကိုမထိန်းချုပ်နိုင်ဘူးဆိုရင်တောင် နယ်မြေအများစုကို ချုပ်ကိုင်နိုင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါ့အပြင် အဲသလိုစိုးပိုင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အလားအလာလည်း ရှိရမယ်လို့ ဆိုတယ်။ တနိုင်ငံလုံး သို့မဟုတ် တနိုင်ငံလုံးနီးပါးကိုအစိုးရတဲ့ အစိုးရတရပ်ဖြစ်ဖို့ အစိုးရယန္တရားကို ပိုင်ဆိုင်ထားရမယ်၊ အစိုးရယန္တရားလည်ပတ်ဖို့ နိုင်ငံတော်ဘဏ္ဍာကို ပိုင်ဆိုင်ချုပ်ကိုင်နိုင်ရမယ်။ ဆိုလိုတာက အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့ ရှိရုံနဲ့မပြီးဘူး နိုင်ငံတဝန်းမှာ နိုင်ငံတော်ယန္တရား လည်ပတ်နိုင်ဖို့ စစ်တပ်တွေ၊ ပုလိပ်တပ်တွေ ရှိရမယ်၊ အကျဉ်းထောင်တွေ ရှိရမယ်၊ တရားရုံးတွေ ရှိရမယ်၊ ဒီဌာနတွေမှာ လုပ်ကိုင်မယ့် လူအင်အား ရှိရမယ်၊ ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ ငွေလုံလုံလောက်လောက် ရှိရမယ်လို့ ဆိုတာပါ။

နိုင်ငံတကာဥပဒေအရတော့ ဘယ်သူ့အစိုးရလဲဆိုပြီး လူကိုကြည့်ပြီး မဆုံးဖြတ်ဘူး၊ ဘယ်လိုစနစ်ကိုသုံးတဲ့ အစိုးရလဲဆိုပြီး စနစ်ကိုကြည့်ပြီးတော့လည်း မဆုံးဖြတ်ဘူး။ အစိုးရဆိုတာ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အစိုးရတရပ်ရဲ့ ဂုဏ်အင်္ဂါ၊ အရည်အချင်းတွေ၊ သတ်မှတ်ချက်တွေကိုပဲကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဥပဒေမှာ ဒီမိုကရေစီအစိုးရ ဖြစ်ရမယ်၊ အာဏာရှင်အစိုးရမဖြစ်ရဘူး ဆိုတာမျိုး မရှိဘူး။ နိုင်ငံတနိုင်ရဲ့အစိုးရတရပ်ကို မကြိုက်လည်း အထက်မှာပြောခဲ့တဲ့ အချက်လေးချက်နဲ့ညီရင် မချစ်သော်လည်းအောင့်ကာနမ်းကြတယ်။ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံကြရတယ်။ ကိုယ်သဘောကျ ထောက်ခံသူတွေက အစိုးရပါဆိုပြီး ကြွေးကြော်နေပေမယ့် ‘အစိုးရ၊ မရ’ မူနဲ့ မကိုက်ညီရင် အစိုးရအဖြစ် အသိအမှတ်ပြုချင်ပေမယ့် နိုင်ငံရေးအရသာအသိအမှတ်ပြုပြီး အကန့်အသတ်နဲ့ ဆက်ဆံကြပါတယ်။

ဒါပေမဲ့ စစ်အေးခေတ်မှာတော့ နိုင်ငံနှစ်ခု – အစိုးရနှစ်ရပ်အဖြစ် ကွဲခဲ့ရတာတွေရှိတယ် ( အရှေ့ဂျာမနီ-အနောက်ဂျာမနီ၊ တောင်ကိုရီးယား-မြောက်ကိုရီးယား၊ တောင်ဗီယက်နမ်- မြောက်ဗီယက်နမ်၊ တောင်ယီမင်- မြောက်ယီမင်၊ တရုတ်ပြည်မကြီးနဲ့- ထိုင်ဝမ်ကျွန်း)။ စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ်တလျှောက် အမေရိကန်စူပါပါဝါ နန်းတင်ပေးခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရတွေ ရုပ်သေးအစိုးရတွေ တပုံကြီးရှိခဲ့ပါတယ် (ဥပမာ။ အာဖဂန်၊ အီရတ်)။ အမေရိကန်နယ်ချဲ့ဟာ အစ္စရေးအစိုးရကိုနန်းတင်ပေးပြီး ဂျေရုစလင်ကို အစ္စရေးနိုင်ငံထဲ ထည်ခဲ့သော်လည်း ပါလက်စတိုင်းနိုင်ငံကို တရားဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂမှာ ပိတ်ဆို့ထားဆဲပါပဲ။၂၀၀၈ စီးပွားရေးကပ်နောက်ပိုင်းမှာတော့ (အာဖဂန်စစ် အီရတ်စစ်တို့မှာ အသုံးအဖြုန်းကြီးခဲ့မှုကြောင့်) ပဋိပက္ခဖြစ်တဲ့ တိုင်းပြည်တွေနဲ့ ဆက်ဆံရေးမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ သူတို့လိုလားတဲ့အတိုက်အခံတွေ ဖြစ်ရင်တောင် နိုင်ငံတကာ ဥပဒေကြောင်းအရ အခြေအနေ၊ အချိန်အခါကြည့်ပြီး ဥပဒေအရ အသိအမှတ်ပြုတာကို လုပ်ပါတယ်။ ၂၀၁၂ ခုနှစ်က ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို ဥပဒေကြောင်းအရ အသိအမှတ်မပြုသေးတာနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောတယ်။ ဥပဒေအရ အသိအမှတ်ပြုမှုဟာ နယ်မြေကို ချုပ်ကိုင်နိုင်မှုနဲ့ သက်ဆိုင်တယ်၊ လစ်ဗျားအရေးတုန်းကလည်း အသိအမှတ်ပြုမှုကို သူ့အဆင့်နဲ့သူ တဆင့်ပြီးမှတဆင့် လုပ်တယ်။ အရင်ဆုံး နိုင်ငံရေးအရ လုပ်ရတာတွေရှိတယ်၊ ကဒါဖီအစိုးရရဲ့ ထိန်းချုပ်မှုတွေ မရှိတော့မှ နောက်ဆုံးမှ ဥပဒေကြောင်းနဲ့ဆိုင်တဲ့အဆင့်တွေကို တက်လှမ်းတာဖြစ်တယ်လို့ ရှင်းပြတယ်။

လစ်ဗျားပဋိပက္ခမှာ ‘အကူးအပြောင်းကာလ လစ်ဗျားအမျိုးသားကောင်စီ’ ကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုခဲ့ဘူး။ အတိုက်အခံတွေက နယ်မြေတချို့ကို သိမ်းပိုက်ထားပေမယ့် ကဒါဖီ လက်အောက်မှာလည်း နယ်မြေထိန်းချုပ်မှုတွေရှိတဲ့အခါ မဆိုင်တဲ့နယ်မြေတွေအတွက်ပါ အတိုက်အခံကို တာဝန်ယူခိုင်းလို့မဖြစ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ဥပဒေအကြံပေးက ပြောပါတယ်။ ဆီးရီးယား ပဋိပက္ခမှာလည်း ‘ဆီးရီးယား အတိုက်အခံညွန့်ပေါင်းအဖွဲ့’ ကို အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက ‘ဆီးရီးယားပြည်သူများကို တရားသဖြင့်ကိုယ်စားပြုသော အဖွဲ့အစည်း’ ဆိုပြီး အသိအမှတ်ပြုတာတွေ ရှိပေမယ့် နိုင်ငံတကာဥပဒေနဲ့ညီညွတ်တဲ့ အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်ဘူး။ အတိုက်အခံ ကိုယ်စားလှယ်တွေကို လက်ခံတာ၊ ရုံးဖွင့်ခွင့်ပေးတာတွေရှိပေမယ့် အစိုးရချင်းဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးအဆင့် မဟုတ်ဘူး။ အတိုက်အခံကို နိုင်ငံရေးအရ အသိအမှတ်ပြုပြီး ဆက်ဆံရေးရုံးတွေဖွင့်ခွင့်ပေးတဲ့နိုင်ငံတွေမှာ အာဆက်အစိုးရဲ့ သံတမန်တွေ၊ သံရုံးတွေလည်း ပုံမှန်ဆက်ရှိနေတယ်။ နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်တဲ့ နိုင်ငံတွေမှာသာ သံရုံးတွေ ပိတ်ပစ်တာ၊ သံတမန် ရုတ်သိမ်းတာတွေ ရှိပါတယ်။ ဆီးရီးယားမှာ အတိုက်အခံတပ်တွေက နယ်မြေတချို့ကို သိမ်းပိုက်ထားနိုင်ပေမယ့် သမ္မတအာဆက်က ချုပ်ကိုင်ထားနိုင်တဲ့နယ်မြေက ပိုကြီးမားတယ်။ ကုလသမဂ္ဂမှာလည်း အာဆက်အစိုးရကသာ တရားဝင်ကိုယ်စားပြုအစိုးရအဖြစ် ဆက်ရှိနေတယ်။ လစ်ဗျားနဲ့ ဆီးရီးယားဟာ တကယ်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ စစ်ရေးအရ ဝင်စွက်ဖက်ခဲ့၊ ဝင်စွက်ဖက်နေတဲ့ နိုင်ငံတွေပါ။ ဒါပေမဲ့ အတိုက်အခံတွေကို အစိုးရအဖြစ် လွယ်လွယ် အသိအမှတ်မပြုပါဘူး။

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွေဒိုက အိမ်စောင့်အစိုးရသမ္မတအဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရထူထောင်ဖို့ ကြိုးပမ်းတော့လည်း အမေရိကန်နဲ့အတူ အနောက်အုပ်စုက အားပေးထောက်ခံကြတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ထောက်ခံမှုပါပဲ။ ဟွေဒိုရဲ့စင်ပြိုင်အစိုးရက နယ်မြေပိုင်စိုးမှု မရှိဘူး။ သူ့ကို ထောက်ခံတယ်ဆိုတဲ့နိုင်ငံအချို့မှာ ဆက်ဆံရေးရုံးတွေ၊ ကိုယ်စားလှယ်တွေ လက်ခံတယ်။ ဒါပေမဲ့ နယ်မြေပိုင်စိုးမှုရှိပြီး တနိုင်ငံလုံးကိုချုပ်ကိုင်ထားနိုင်တဲ့ မာဒူရိုအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် တဖက်ကနေ ဆက်ဆံနေတယ်။ ဟွေဒိုရဲ့ကိုယ်စားလှယ်တွေ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားတာလည်း မအောင်မြင်ဘူး။ အမေရိကန်က သူ့နိုင်ငံတွင်းက မာဒူရိုအစိုးရရဲ့ သံတမန်တွေကို ထုတ်ပစ်တာ၊ သံရုံးကို ဟွေဒိုရဲ့ကိုယ်စားလှယ်တွေကို လွှဲပေးတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဟွေဒိုရဲ့ စင်ပြိုင်အစိုးရဟာ တရားဝင်အသိအမှတ်ပြုအစိုးရ ဖြစ်မလာခဲ့ဘူး။

အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ နိုင်ငံပိုင်နယ်မြေကို ပိုင်စိုးမှု ရှိရမယ်၊ ပြည်သူကို ပိုင်စိုးမှု ရှိရမယ်။ အစိုးရဖွဲ့ထားပေမယ့် အစိုးရတာဝန်တွေကို လက်တွေ့မြေပြင်မှာ မလုပ်နိုင်ရင် စာရွက်ပေါ်က အစိုးရပဲ ဖြစ်နေမယ်။ စာရွက်ပေါ်ကအစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။ ဒါကြောင့် စင်ပြိုင်အစိုးရတွေဟာ အဝေးရောက်အစိုးရအဖြစ် နိဂုံးချုပ်ရင်ချုပ် ဒါမှမဟုတ် တစတစနဲ့ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တော်လှန်ရေးတရပ်ဆင်နွှဲပြီး အောင်ပွဲရယူနိုင်ရင်တော့ ယာယီအစိုးရတွေ၊ ကြားဖြတ်အစိုးရတွေ ဖွဲ့နိုင်လိမ့်မယ်။ ရန်သူကို လုံးဝချေမှုန်းပြီး အစိုးရနေရာကနေ ဖယ်ရှားနိုင်ရင်၊ တပြည်လုံးကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ရင်၊ လူထုထောက်ခံမှုနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ ကောင်းတယ်ဆိုရင် နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှာ ဧကန်မုချပဲ။ တရွာပြီးတရွာ၊ တမြို့ပြီးတမြို့သိမ်းပြီး တပြည်လုံးသိမ်းနိုင်တဲ့ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်မှသာ နိုင်ငံတကာက အစိုးရအဖြစ် ကြိုဆိုပါလိမ့်မယ်။ရည်ညွှန်းRecognition of Opposition Groups as the Legitimate Representative of a People – Stefan TalmonEffective Control Doctrine – Desmond Tutu FoundationRecognition of Governments: Legitimacy and Control Six Months after Guaido – Opinio Juris

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားက အောက်စီဂျင်တိုက်ပွဲ (ညိုစိန်ဝင်း)

အဖိနှိပ်ခံပြည်သူနဲ့ စစ်ကောင်စီကြားကအောက်စီဂျင်တိုက်ပွဲ ညိုစိန်ဝင်း

ပြည်သူတွေ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ အောက်စီဂျင်ဘူးတွေကို စစ်တပ်က လုယူတယ်။ ပြီးတော့ သူတို့ စစ်တပ်ထဲသယ်တယ်။ ပြည်သူတွေထူထောင်တဲ့ ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံတွေကို ပိတ်တယ်။ ပြည်သူတွေအတွက် အောက်စီဂျင်ဖြည့်တာတောင် မဖြည့်ရတော့ဘူးလို့ တားမြစ်တယ်။ကိုဗစ်ရောဂါလူနာ ကုသကယ်ဆယ်ရေးမှာ အောက်စီဂျင်ဟာ မရှိမဖြစ် အရင်းအမြစ်ပစ္စည်း ဖြစ်တယ်။အောက်စီဂျင်ပေးတာ ငါးမိနစ်နောက်ကျရုံနဲ့ လူ့အသက်သေစေနိုင်တယ်။ ပြည်သူတွေ ကိုယ့်အသက်ကို ကယ်တင်ဖို့ထူထောင်တဲ့ အောက်စီဂျင်ဘူးတွေကို စစ်ဓားပြတွေကသယ်ယူပြီး သူတို့ စစ်တပ်ထဲ သယ်တယ်ဆိုတာ တကယ်က ပြည်သူတွေကို သတ်နေတာပဲ။ ဆေးရုံတွေမှာ ဖျာကြမ်းတွေ ခင်းပေးထားတယ်။ ကြက်ဥတလုံးလောက်ပဲ ကျွေးတယ်။ တချို့လူနာတွေ အောက်စီဂျင်ကို ဆေးရုံအပြင်ဘက် ကိုယ့်ဘာသာ အဝတ်ကလေးခင်းပြီး အသက်ရှင်လေနိုး ရောဂါနဲ့သာမက ဒုက္ခနဲ့ နပန်းလုံး တိုက်ပွဲဝင်နေရတယ်။ ဒါတွေက တကယ်ဖြစ်နေတာ။ ဓာတ်ပုံအထောက်အထားတွေ လူထုထဲမှာ ပြန့်နေပြီ။ ဒီတော့ ဒါတွေကို သိတဲ့ လူထုက ဆေးရုံကို မသွားချင်တော့ဘူး။ သေရင် ကိုယ့်အိမ်မှာပဲ သေမယ်၊ ဆေးရုံသေတွင်းထဲ တကူးတက သွားပြီး မသေတော့ဘူးဆိုတဲ့ စိတ်တွေ ဖြစ်လာတယ်။

ဆေးရုံတွေမှာ ဆရာဝန်မလုံလောက်ဘူး။ သူတို့ စီမံကွပ်ကဲမှုအောက်မှာ စေတနာ မလုံလောက်ဘူး။ စီဒီအမ်လုပ်တဲ့ဝန်ထမ်းတွေကို သူတို့က ရန်သူလို သဘောထားတယ်။ ကိုဗစ်ရောဂါအခြေအနေ ဒါလောက်ပြင်းထန်နေတဲ့အချိန်မှာ ဆရာဝန်တွေ သူနာပြုတွေ၊ ပရဟိတ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေကို လှိုက်လှိုက်လှဲလှဲ စည်းရုံးရမယ်။ ဖိတ်ခေါ်ရမယ်။ ပြည်သူတရပ်လုံး ကိုဗစ်ကို ရင်ဆိုင်အနိုင်တိုက်ရေးအတွက် ပြည်သူတရပ်လုံးထဲက ပါဝင်နိုင်နိုင်သမျှလူတွေကို ပါဝင်လာအောင် ကမ်းလှမ်းရမယ်။ အားပေးရမယ်။ လက်တွဲအလုပ်လုပ်ရမယ်။ ကိုဗစ် တတိယလှိုင်းကို တိုက်ခိုက်အနိုင်ယူရေး စီမံကိန်းအဆင့်ဆင့်လုပ်ပြီး ပြင်ဆင်ထားရမယ်။ ဗိုလ်မင်းအောင်လှိုင် ဖြေရှင်းပုံကတော့ ဆရာဝန်တွေ ကံထရိုက်ပေး၊ နေ့စားဌား ဆိုတာပဲ။

သူများတိုင်းပြည်တွေမှာ နှာခေါင်းစည်း လုံလောက်နေပြီ။ ပိုလျှံနေပြီ။ ဗမာပြည်မှာ နှာခေါင်းစည်းတွေ အလှူရှင်က လှူဒါန်းတာ အလုအယက် တိုးဝှေ့ယူနေရတဲ့ဘဝပဲ။ ထိုင်းနိုင်ငံက နှာခေါင်းစည်းတွေ တင်သွင်းခွင့်မရအောင် စစ်ကောင်စီက ပိတ်ပင်လိုက်တယ်။ (ဒါသာမက ပြည်တွင်းက အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေ စေတနာရှင်တွေကိုတောင် ပိတ်ပင်ဟန့်တားချင်တာမျိုး လုပ်နေတယ်။) ဒီတော့ ထိုင်းနိုင်ငံသူတယောက်က ပြောတယ်။ မင်းတို့ ကို အုပ်ချုပ်နေသူတွေက ကိုယ့်လူမျိုးအချင်းချင်း သတ်နေတာပဲတဲ့။ ဟုတ်တယ်။ ကိုဗစ်တတိယလှိုင်းကာလ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအားလုံးဟာ လူထုကို သတ်သလို ဖြစ်နေတာ အမှန်ပဲ။ ကိုဗစ်ဒုတိယလှိုင်းကာလတုန်းက သူတို့အာဏာသိမ်းလိုက်တဲ့အတွက် ကိုဗစ် ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းအစီအစဉ်တွေ ပျက်ယွင်းသွားခဲ့ပြီး အကျိုးဆက်အားဖြင့် ကာကွယ်ဆေးတွေ စနစ်တကျ ထိထိရောက် ထိုးမပေးနိုင်ခဲ့တဲ့အတွက် ဆရာဝန်ကြီးတွေအပါ ပြည်သူတွေ သေခဲ့ရပြီးပြီ။

စစ်အုပ်စုဟာ ပြည်သူတွေကို သေနတ်နဲ့သတ်တယ်။ ညှဉ်းပမ်းနှိပ်စက်ပြီး သတ်တယ်။ ဒါသာမက အခြား သတ်နည်းမျိုးစုံနဲ့ပါ သတ်တယ်။ အခု ပြည်သူ့ဆီက အောက်စီဂျင်ဘူးတွေလုတာ၊ အောက်စီဂျင်ပိတ်ပင်တာ ၊ ကိုဗစ် ကာကွယ်ကုသရေးမှာ ဗရမ်းဗတာ စီမံခန့်ခွဲတာတွေကလည်း လူထုကို သတ်နေတာပဲ။ ဒီလို သတ်တာဟာ ကျည်ဆန်နဲ့ပစ်သတ်တဲ့ အရေအတွက်ထက် ပိုများလိမ့်မယ်။ လူတွေ အတော်သေကုန်ကြပြီ။ ရှေ့ဆက် သေကြမယ့်အရေအတွက်တွေဟာ ရင်နာစရာကောင်းတဲ့ အရေအတွက်မျိုး ဖြစ်လာလိမ့်မယ်။ တိုင်းပြည်အခြေအနေ အတော့်ကို ဆိုးဆိုးရွားရွား ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ။ ကျရှုံးနိုင်ငံအဖြစ်သာမက ကျီးနဲ့ဖုတ်ဖုတ် တစပြင်သာသာ ဘဝ ရောက်သွားနိုင်တယ်။ လတ်တလော ဖြေရှင်းဖို့ လိုအပ်တာတွေ အများကြီး ရှိတယ်။ လတ်တလောတောင်းဆိုချက်တွေ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးဖို့ လိုတယ်။ ဒီနေ့ဆိုးရွားတဲ့ အခြေအနေမျိုးကို ဗမာပြည်ရောက်ရှိနေတာကလည်း မင်းအောင်လှိုင်အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတာတွေပဲ။

စစ်ကောင်စီကို ပြောချင်တာက ကိုဗစ်ရောဂါနဲ့ အတူရောကြိတ်ပြီး ပြည်သူကို သတ်နေတာ ချက်ချင်းရပ်ပါ။ ဗမာပြည် လူမျိုးပေါင်းစုံပြည်သူတွေကို ထောင်သောင်းချီသတ်ဖြတ်နေတာ စစ်ကောင်စီပဲလို့ စွဲချက်တင်တယ်။ မြန်မာတွေကို လူမျိုးတုံးသတ်ဖြတ်နေတာလဲ စစ်ကောင်စီလို့ စွဲချက်တင်တယ်။ ဗမာပြည်ရဲ့သမိုင်းကလည်း စစ်ကောင်စီကို ပြည်သူပြည်သားတွေကို အရက်စက်ဆုံး အရေအတွက် အများဆုံး သတ်ဖြတ်သူလို့ စွဲချက်တင်လိမ့်မယ်။ မှတ်တမ်းတင်လိမ့်မယ်။

ပြည်သူရဲ့ နံပါတ်တစ် ရန်သူ စစ်ကောင်စီအနေနဲ့ နိုင်ငံတာဝန်တွေနဲ့ ပြည်သူ့အကျိုးတာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း ၊ တိုင်းပြည်အတွက် ဆန်ကုန်မြေလေးအဖြစ်သာမက ကပ်ပါးကောင် အဖြစ်ပါ ရောက်နေပြီ ဖြစ်ကြောင်း ထင်ရှားလာတယ်။ ဒါကြောင့် ကျန်းမာရေး ပညာရေး စတဲ့ အရေးတကြီး ပြဿနာကြီးများကိုပင်လျှင် စစ်အုပ်စုမရှိမှ ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတဲ့ ရက်ဒီကယ်ကျပြီး မှန်လဲမှန်ကန်တဲ့စကားကို ပြည်သူအတော်များများက အတိအလင်း ပြောလာနေပါတယ်။ စစ်အာဏာကို ပြည်သူ့အာဏာနဲ့ အစားထိုးရန် လိုနေကြောင်း မြင်လာ မျှော်လင့်လာတာ ထင်ရှားလာပါတယ်။

မင်းအောင်လှိုင်က စစ်အုပ်စုမင်းဆက် အမွေခံအဖြစ် အာဏာသိမ်းပြီးနောက် တိုင်းပြည်ကိုဖျက်နေတာ ပြည်သူကိုသတ်နေတာ အခုထိမရပ်သေးဘူး။ စစ်ဘေးနဲ့ အငတ်ဘေးက စစ်အုပ်စုဖန်တီးခဲ့တဲ့ လူလုပ်ကပ်ဘေးတွေပါ။ ကိုဗစ်ဘေးဆိုတာ လူလုပ်တဲ့ကပ် မဟုတ်ဘူး။ မင်းအောင်လှိုင်ဟာ ကိုဗစ်ဘေးကို မတားဆီးနိုင်ရုံတင်မက ကိုဗစ်ကိုမှီပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်။ အခုတော့ ကိုဗစ်ဘေးဟာ မင်းအောင်လှိုင်လုပ်တဲ့ လူလုပ်ကပ်ဘေးဖြစ်လာပြီ။စစ်အုပ်စုရေပေါ်ဆီတွေမှအပ အောက်ခြေစစ်တပ်ရဲတပ်တွေအထိ ကိုဗစ်ပြန့်နေပြီ။ကိုဗစ်ကို လူထုဖာသာ လူထုနည်းနဲ့ တိုက်ရတော့မယ်။ အဖိနှိပ်ခံ ပြည်သူအချင်းချင်း ကူညီယိုင်းပင်းခြင်းနှင့်အတူ လက်နက်ကိုင်တိုက်ပွဲကို တဆင့်တိုးမြှင့် တိုက်ပွဲဝင်ခြင်းဖြင့်သာ မင်းအောင်လှုင်ဖန်တီးတဲ့ ကပ်သုံးပါးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး-

“တပ်တည်ဆောက်ရေးမှာ စည်းကမ်းရဲ့ အရေးကြီးမှု”ငြိမ်းမောင်ဦး—-

လက်ရှိကာလမှာ ဗမာပြည်သူလူထုတရပ်လုံးရဲ့နိုင်ငံရေးလှုပ်ရှားမှုဟာ ဒီရေမြင့်ကာလကိုရောက်ရှိနေပါပြီ။ အဖိနှိပ်ခံ ပြည်သူလူထုဟာ မိမိတို့ရဲ့လက်တွေ့ဘဝအရ စစ်အာဏာရှင်စနစ်ရဲ့ကမ်းကုန်အောင်ရက်စက်တဲ့ ဖိနှိပ်သတ်ဖြတ်မှုကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ လမ်းကြောင်းကို မလွှဲသာမရှောင်သာရွေးခဲ့ကြရတယ်။ တပြည်လုံးအနှံ့အပြား ကျေးလက်ဒေသရော မြို့ပြတွေမှာပါ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ထောင်ဖွဲ့စည်းပြီး ပြန်လှန်ခုခံကြတဲ့ပြည်သူတွေရဲ့တိုက်ပွဲဟာ အနှစ်သာရအားဖြင့် တော်လှန်တဲ့ပြည်သူ့စစ်ပွဲပဲဖြစ်ပါတယ်။

ဒါဟာ…ဗမာပြည်တော်လှန်ရးရဲ့ကြီးမြတ်တဲ့ အလှည့်အပြောင်းလည်းဖြစ်ပါတယ် ။ ဖိနှိပ်မှုမှန်သမျှဒဏ် စုပြုံမခံတော့တဲ့ အောက်ခြေလူထုက အစချီကာ တပ်ဖွဲ့များကို စုဖွဲ့လှုပ်ရှားကြခြင်းဆိုတဲ့ အားသာချက်ရှိတာနဲ့ တချိန်တည်းမှာ ရန်/ငါ အင်အားအချိုးအစားကွာဟမှုကတော့ ကြီးပါတယ်။ ဒီလို အင်အားကြီးမားတဲ့ ရန်သူကိုအနိုင်တိုက်ဖို့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေဟာ ကြံ့ခိုင်မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ်ကို မြဲမြဲကိုင်စွဲပြီး အမိန့်စည်းကမ်းတွေလိုက်နာမှုကောင်းတဲ့ တပ်ဖြစ်အောင် လေ့ကျင့်တည်ဆောက်ရပါလိမ့်မယ်။ ချုပ်ပြောရရင် တပ်ကိုတော်လှန်ရေးတပ်ဖွဲ့ပီသအောင်တည်ဆောက် ရမယ်…။

တကယ်တော့ တပ်ရဲ့အမိန့်စည်းကမ်းတွေဆိုတာဟာ တော်လှန်ရေးရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ အတွေးအခေါ်ကိုအခြေခံပြီး ချမှတ်ထားတာဖြစ်လို့ … အမိန့်စည်းကမ်းလိုက်နာမှုဟာ တော်လှန်ရေးအောင်ပွဲအတွက် အာမခံချက်တချက်ပဲဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့တပ်မတော်မှာချမှတ်ကျင့်သုံးခဲ့တဲ့ (စည်းကမ်းကြီးသုံးးရပ်နဲ့ သတိပြုရန်ရှစ်ချက်)ကို လေးလေးနက်နက် လေ့လာ ဝေဖန်သုံးသတ်ကြည့်ရင် လက်ရှိတော်လှန်ရေးတပ်ဖွဲ့တည်ဆောက်ရေးပြဿနာအတွက် လမ်းညွှန်တချို့ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

“စည်းကမ်းကြီး(၃)ရပ် …သတိပြုရန်(၈)ချက်”

စည်းကမ်းကြီး(၃)ရပ် ၁။ ဘာပဲလုပ်လုပ်အမိန့်နာခံရမည်။ ၂။ ပြည်သူ့ပစ္စည်းမှန်သမျှ အပ်တချောင်းချည်တမျှင်မှ မယူရ။ ၃။ စစ်မြေပြင်မှ သိမ်းပိုက်ရရှိသောပစ္စည်းမှန်သမျှ အများပိုင်အဖြစ်အပ်နှံရမည်။ သတိပြုရန်(၈)ချက် ၁။ စကားပြောဆိုရာမှာ ချိုချိုသာသာပြောကြရမည်။ ၂။ ပြည်သူ့ပစ္စည်းများကိုတန်ရာတန်ဖိုးပေးဝယ်ရမည်။ ၃။ ပြည်သူ့ပစ္စည်းဥစ္စာကိုငှါးပြီးပြန်အပ်ရမည်။ ပစ္စည်းပျက်လျှင်တန်ရာတန်ကြေးပေးလျော်ရမည်။ ၄။ မူးယစ်သောက်စားခြင်း မပြုလုပ်ရ။ ၅။ပြည်သူများ၏ စပါးသီးနှံများကိုမဖျက်ဆီးရ။ ၆။အမျိုးသမီးများအပေါ် သဘောထားမှန်ကန်ရမည်။ ၇။ ပြည်သူများ၏ ဓလေ့ထုံးတမ်းများကိုလေးစားရမည်။ ၈။ စစ်သုံ့ပန်းများကို မညှဉ်းဆဲရ။

ရေးထားတာတွေကတော့ အတော်ရိုးရှင်းပါတယ်။ ဖတ်မိသူတိုင်း အလွယ်တကူ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစည်းကမ်း ချက်တွေဟာ ပြည်သူနဲ့တော်လှန်ရေးရဲ့အကျိုးစီးပွားဘက်ကရပ်တည်ပြီးချမှတ်ထားတာဖြစ်လို့ မြင့်မားတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ အတွေးအခေါ်အခြေခံတွေရှိနေတယ်ဆိုတာ နားလည်သဘောပေါက်ထားသင့်ပါတယ်။ ပြည်သူလူထုရဲ့ အသိရှိရှိထောက်ခံမှုနဲ့ ပါဝင်ဆင်နွှဲမှုဟာ ဒီစည်းကမ်းချက်များ တကယ် ရေရှည်အနှံ့အပြား အသက်ဝင်မှုအတွက် အဓိကကျတဲ့ လူမှုအခြေခံအချက် ဖြစ်တယ်ဆိုတာကိုလည်း မျက်ခြည်မပြတ်သင့်ပါ။ ဥပမာ “ဘာပဲလုပ်လုပ်အမိန့်နာခံရမယ်” ဆိုတဲ့အချက် ….. အမိန့်နာခံမှုဆိုတာ ပြည်သူကိုဖိနှိပ်တဲ့ .ဖေါက်ပြန်တဲ့တပ်တွေ ဖက်ဆစ်တပ်တွေ မှာလည်းရှိတာပဲ..သူတို့တပ်တွေမှာအမိန့်အာဏာတွေ ပိုပြီးပြင်းထန်တာတွေ့ရတယ်။ ဒါပေမဲ့ ရပ်တည်မှုအရ အနှစ်သာရအရပြောရင်သူတို့နာခံတယ်ဆိုတာ ပြည်သူကိုဆန့်ကျင်တဲ့ ဖိနှိပ်တဲ့လူတန်းစားရဲ့အမိန့်ကိုနာခံတာပဲ။ ကြေးစားစိတ်ဓာတ်နဲ့နာခံတာပဲ..။ မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွင်းမှာတော့ …အမိန့်နာခံတယ်ဆိုတာအနှစ်သာရအားဖြင့်ပြောရင် ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့အမိန့် တနည်းအားဖြင် မှန်ကန်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ကိုယ်ပိုင်အသိနိုးကြားမှုနဲ့ နာခံတာဖြစ်တယ်။ ဒါကြောင့် တပ်ထဲမှာ အမိန့်မနာခံတဲ့ လုပ်ရပ်ဟာ အတွေးအခေါ်အရဆန်းစစ်ရင် မင်းမဲ့အတွေးအခေါ်ဖြစ်တယ်.။ စည်းရုံးမှုမဲ့တဲ့လုပ်ဟန်ဖြစ်တယ် တပ်မှူးတပ်သားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေပြီး တိုက်ပွဲတွင်းမှာဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှုတွေကြုံရနိုင်တယ်။ ချုပ်ရင်….တော်လှန်ရေးတပ်ဖွဲ့အတွင်းမှာ အမိန့်နာခံမှုရှိမှသာ. .အင်အားကြီးမားတဲ့ရန်သူ့တပ်ကိုအနိုင်တိုက်နိုင်မှာဖြစ်တယ်။

နံပါတ်(၂)အချက်ဖြစ်တဲ့ “ ပြည်သူ့ပစ္စည်းမှန်သမျှ အပ်တချောင်းချည်တမျှင်မှ မယူရ။ ” စည်းကမ်းကတော့ မိမိတို့တပ်ဖွဲ့ရဲ့ ပြည်သူနဲ့ပတ်သက်တဲ့ရပ်တည်ချက် ၊ ပြည်သူအပေါ်ထားရှိတဲ့မွန်မြတ်တဲ့သဘောထားကို မှတ်ကျောက်တင်ထားတာပဲဖြစ်တယ်။ လက်ရှိဆင်နွှဲနေတဲ့တော်လှန်စစ်ဟာ အနှစ်သာရအရပြောရင်ပြည်သူ့စစ်ပွဲပဲဖြစ်တယ်။ ဒါကြောင့်.. လူထုလမ်းစဉ် ကျင့်သုံးရမယ်။ (လူထုဟာသမိုင်းဖန်တီးသူ….လူထုသာသူရဲကောင်း..လူထုကိုအလုပ်အကျွေးပြုကြ).စတဲ့လူထုအမြင်တွေကိုခိုင်ခိုင်မာမာ စိုက်ထူကြရမယ်။ လူထုနဲ့ပါတ်သက်တဲ့စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာရမယ်။

သတိပြုရန်အချက်တွေထဲက အများစုဟာ လူထုနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့စည်းကမ်းတွေပါပဲ ။ သတိပြုရန်ဆိုပေမယ့် စည်းကမ်းလိုသဘောထားပြီးလိုက်နာရမှာဖြစ်တယ်။ “တော်လှန်တဲ့စစ်ပွဲဟာ လူထုစစ်ပွဲဖြစ်တယ်၊ လူထုကိုလှုံ့ဆော်စည်းရုံးမှ၊ လူထုကိုအားကိုးမှ တော်လှန်စစ်ပွဲဆင်နွှဲနိုင်မယ်။” “မော်” ရဲ့ဒီအဆို အမိန့်ဟာ ဗမာပြည်ရဲ့လက်ရှိတော်လှန်ရေးလက်တွေ့ မှာ မှန်ကန်တဲ့လမ်းညွှန်ဖြစ်နေဆဲပဲဖြစ်တယ်။

နံပါတ်(၃) အချက်ဖြစ်တဲ့ “ စစ်မြေပြင်မှ သိမ်းပိုက်ရရှိသောပစ္စည်းမှန်သမျှ အများပိုင်အဖြစ်အပ်နှံရမည်။” ဆိုတဲ့ စည်းကမ်းကတော့ မိမိတို့တော်လှန်ရေးရဲ့ရည်ရွယ်ချက်အပေါ်မှာထားရှိတဲ့ သဘောထားနဲ့ဆိုင်ပါတယ်။ တော်လှန်ရေးလုပ်နေတာဟာ တဦးချင်းအကျိုးစီးပွား အတွက်မဟုတ်ဘူး…တဦးချင်းထွက်ပေါက်အတွက်မဟုတ်ဘူး….ပြည်သူ့ဒီမိုကရေစီအစိုးရတရပ်ထူထောင်ဖို့…ဖိနှိပ်သွေးစုပ်မှုကင်းတဲ့ စံနစ်သစ်တခုတည်ဆောက်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်အတွက်ပဲဖြစ်တယ်။ တော်လှန်ရေးသမားတယောက်အနေနဲ့ မိမိကိုယ်ကိုပြုစုပျိုးထောင်တဲ့ဖြစ်စဉ်မှာ အရာရာကိုစွန့်လွှတ်တဲ့အတွေးအခေါ်ကို စိုက်ထူသွားရမှာဖြစ်ပါတယ်။ “ မူးယစ်သောက်စားခြင်း မပြုလုပ်ရ။” ဆိုတဲ့သတိပြုရန်အချက်ကတော့ လက်တွေ့လူထုစည်းရုံးရေးတာဝန်နဲ့ စစ်ရေးတာဝန်တွေ ထမ်းဆောင်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မလိုလားအပ်တဲ့ အမှားမျိုးတွေမပေါ်ပေါက်စေဖို့ရည်ရွယ်ချက်နဲ့ ချမှတ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် ဗမာပြည်လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးတမ်းတွေကိုထောက်ထားပြီး လူထုစည်းရုံးရေးမှာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။

“အမျိုးသမီးများအပေါ် သဘောထားမှန်ကန်ရမည်” ဆိုတဲ့သတိပြုရန်အချက်ရဲ့ အတွင်းသဘောကတော့“ အမျိုးသမီးတွေဟာ စနစ်ဆိုးရဲ့ဖိနှိပ်မှုကိုသာမက ယောကျ်ားများရဲ့ မဟာဖိုဝါဒနဲ့ အထင်အမြင်သေးမှု အနိုင်ကျင့်မှုကိုခံရတဲ့ အဖိနှိပ်ခံလူတန်းစားပဲဖြစ်ပြီး တော်လှန်ရေးရဲ့အင်အားစုဖြစ်တယ်ဆိုတာမြင်ဖို့ကိုဆိုလိုတာပါ။ လူဦးရေထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေအပေါ် သဘောထားမမှန်တာဟာ ပြည်သူအပေါ်သဘောထားမမှန်တာနဲ့အတူတူပါပဲ။ ဒါကြောင့် အမျိုးသမီးတွေကိုတန်းတူရည်တူသဘောထားနဲ့ လူတန်းစားညီအစ်ကိုမောင်နှမစိတ်ဓါတ်နဲ့ တော်လှန်ရေးမှာပါဝင်နိုင်အောင်စည်းရုံးသွားဖို့လိုပါတယ်။ ဗမာပြည်မှာရော နိုင်ငံတကာမှာပါ..တော်လှန်တဲ့ သူရဲကောင်းဝါဒကိုင်စွဲပြီး စွန့်လွှတ်သွားခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေရှိခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ အမျိုးသမီးတွေအပေါ် သဘောထားမှန်ကန်မှုအောက်မှာ အမျိုးသမီးများအပေါ် အသရေပျက်စီးစေမှုလုပ်ရပ်တွေ အားလုံး၊ ဂုဏ်သိက္ခာထိခိုက်စေမှုအားလုံး ရှောင်ရှားသွားရေအချက်တွေ ပါဝင်သွားပါတယ်။

“ပြည်သူများ၏ ဓလေ့ထုံးတမ်းများကိုလေးစားရမည်” ဒီသတိပြုရန်အချက်ကတော့ ဗမာပြည်တော်လှန်ရေးရဲထူးခြားချက်လည်းဖြစ် အလေးအနက်ထားရမည့်အချက်လည်းဖြစ်ပါတယ်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံပါဝင်တဲ့တော်လှန်တဲ့ပြည်သူ့စစ်ပွဲဆင်နွှဲရာမှာ လူမျိုးစုံသွေးစည်းချစ်ရေးဝါဒကိုင်စွဲကြမှာဖြစ်ပါတယ်။ အမျိုးသားတွေအချင်းချင်းအကြားဆက်ဆံရေးမှာတန်းတူရည်တူစိတ်ဓါတ်နဲ့ အပြန်အလှန် လေးလေးစားစား ရှိဖို့ အထူးသတိထားကြရမှာဖြစ်ပါတယ်။

“စစ်သုံ့ပန်းများကို မညှဉ်းဆဲရ” ဒီအချက်ကတော့ သုံ့ပန်းပေါ်လစီထဲမှာချမှတ်ထားပြီးဖြစ်ပါတယ်။ ရန်သူ့သုံ့ပန်းတွေကို ရိုက်နှက်ညှဉ်းပမ်းတာ မလုပ်ရ၊ အခြေအနေခွင့်ပြုသလောက်အချိန်ယူပြီးပညာပေးတာလုပ်ပြီးရင်လမ်းစရိတ်ပေးပြီး ပြန်လွှတ်ပေးရမှာဖြစ်တယ်။ ဒါဟာရန်သူ့တပ်ဖြိုခွဲရေးအတွက်နိုင်ငံရေးလုပ်ငန်းလည်းဖြစ်ပါတယ်။

စည်းကမ်းကြီး(၃)ရပ်ဟာ တိတိကျကျလိုက်နာရမယ့်စည်းကမ်းများဖြစ်သလို ဒီစည်းကမ်းကြီးတွေကဖြာထွက်လာတဲ့ သတိပြုရန်အချက်တွေဟာလည်း စည်းကမ်းအဖြစ်လိုက်နာရမယ့် အချက်တွေပါပဲ။ ချုပ်ရင်…တပ်တည်ဆောက်ရေးမှာ စည်းကမ်းကြီး(၃)ရပ်နဲ့သတိပြုရန်(၈)ချက်ရဲ့ အရေးကြီးမှုကို လေးလေးနက်နက်သဘောပေါက် ပြီး လက်တွေ့လိုက်နာကျင့်သုံးကြရမယ်။ အားနည်းချက်တွေရှိလာရင် ဝေဖန်ရေး-မိမိကိုယ်ကိုဝေဖန်ရေးနည်းနဲ့ဆေးကြောပြစ်ကြရမယ်.။ မိမိတပ်ဖွဲ့တွင်းအတွေးအခေါ်လှုပ်ရှားမှုတွေလုပ်ရင်း စည်းကမ်းလိုက်နာမှုရေချိန်ကို မြှင်တင်သွားကြရမယ်။ ဒီစည်းကမ်းတွေဟာ လေးနက်တည်ကြည်တဲ့နိုင်ငံရေးအတွေးအခေါ်နဲ့ တည်ဆောက်ထားတဲ့…..မွန်မြတ်တဲ့ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ဂုဏ်နဲ့ဒြပ်ကို မှတ်ကျောက်တင်ပေးပါလိမ့်မယ်။ ငြိမ်းမောင်ဦး ( ၂၈-၆-၂၀၂၁)