Monthly Archives: May 2021

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(တတိယပိုင်း)ထွန်းဇင်အောင်

ပြောက်ကျားတိုက်သူတွေကို လျှို့ဝှက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ ပုန်ကန်ထကြွသူတွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေလို့လည်း ခေါ်ကြပါတယ်။

ပြောက်ကျားသမိုင်း (အကျဉ်း)ပြောက်ကျားစစ်ကိုရည်ညွှန်းတဲ့ အင်္ဂလိပ်ဝေါဟာရ guerrilla warfare က ကျူးကျော်သူ နပိုလီယံရဲ့တပ်တွေကို စပိန်ပြောက်ကျားတွေ အနိုင်ယူချေမှုန်းလိုက်တဲ့ ‘ကျွန်းဆွယ်စစ်ပွဲ’ (၁၈၀၈-၁၈၁၄) ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ စပိန်ဘာသာစကားမှာ guerra ဆိုတာ “စစ်” လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်လူမျိုးတွေရဲ့ နည်းပရိယာယ်တွေက အင်မတန် ထိရောက်အောင်မြင်လို့ နာမည်တွင်ကျန်ရစ်တာ ဖြစ်တယ်။

သမားရိုးကျစစ်ပွဲတွေ ရှိလာကတည်းက ပြောက်ကျားစစ်ပုံစံကိုလည်း အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာရှိတဲ့ပြောက်ကျားစစ်တွေထဲမှာ အစောဆုံးတိုက်ပွဲတွေက ဘီစီ ၅၀၀ မှာ ပါရှားဘုရင် ဒါးရီးယပ်စ်ကို ဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၃၅၀ ခန့်မှာ မဟာအလက်ဇန္ဒားကိုဆန့်ကျင်တဲ့တိုက်ပွဲ၊ ဘီစီ ၂၁၈ မှာ ဟန်နီဘားကိုဆန့်ကျင်တဲ့တိုက်ပွဲနဲ့ နောက်ပိုင်းမှာ ရောမတိုင်းကို စပိန်ပြောက်ကျားတွေ ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတွေပဲ ဖြစ်တယ်။

စပိန်ပြောက်ကျားတွေက ရောမတိုင်းသားတွေကို နှစ်ပေါင်း ၂၀၀ ကျော် ပုန်ကန်တိုက်ခိုက်ခဲ့ကြတာပါ။ ပြောက်ကျားနည်းပရိယာယ်တွေကို တခါတရံမှာ “အရိုင်းအစိုင်း အုပ်စုတွေ” မျိုးစုံက လုပ်ခဲ့ကြတာမျိုးလို့ ပြောလေ့ရှိကြတယ်။ တကယ်တော့ သမားရိုးကျစစ်ပွဲမှာသုံးတဲ့နည်းပရိယာယ်တွေကိုလည်း “အရိုင်းအစိုင်း အုပ်စုတွေ” လုပ်ခဲ့ကြပုံမျိုးပဲလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ နည်းပရိယာယ်တွေက စစ်တပ်ရဲ့သဏ္ဌာန်ကိုပဲ ကိုယ်စားပြုတယ်၊ အနှစ်သာရကို ကိုယ်စားမပြုဘူး။ ပြောက်ကျားတိုက်တဲ့ပုံစံက “အရိုင်းအစိုင်း အုပ်စုတွေ” ရဲ့ ပုံစံနဲ့ တူကောင်းတူနိုင်ပေမယ့် အနှစ်သာရမှာတော့ အတော် ကွဲပြားတယ်။ ပြောက်ကျားရဲဘော်ဆိုတာ နိုင်ငံရေးရည်မှန်းချက်တစုံတရာအတွက် စနစ်တကျ ကြိုးပမ်းတိုက်ပွဲဝင်သူ ဖြစ်တယ်။ ခုခံစစ်ကို ဆင်နွှဲသူ ဖြစ်တယ်။

အာရပ်တွေက ခရစ်ယာန်ဘာသာရေးစစ်ပွဲတွေ (ခရူးဆိတ်) ကို ခုခံတွန်းလှန်ရာမှာလည်း ပြောက်ကျားစစ်ကို သုံးခဲ့ကြတယ်။ ၁၂ ရာစု နော်မန်ကျူးကျော်မှု ဖြစ်ပြီးနောက်မှာ အိုင်ယာလန် ပြည်သူတွေလည်း ဒီတိုက်ပွဲပုံစံကို သုံးခဲ့ကြတယ်။ (ဗီယက်နမ် မင်းသားကြီးလည်းဖြစ်၊ တပ်မတော်ရဲ့ တပ်မှူးလည်းဖြစ်တဲ့) တန်ဟိန်ဒေါက ပြောက်ကျားစစ်ကို အောင်မြင်စွာဆင်နွှဲပြီးနောက်မှာ ကူဗလိုင်ခန်ရဲ့ မွန်ဂိုလီးယားတပ်ဟာ ဗီယက်နမ်ကနေ ပြန်ဆုတ်ခွာရပါတယ်။ ဗြိတိန်ဝေလနယ်က ပြောက်ကျားရဲဘော်တွေဟာလည်း ပထမအက်ဒွပ်ဘုရင်ရဲ့တပ်မတော်ကို အခြေကနေ ကိုင်လှုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သမားရိုးကျတပ်တွေမပါဘဲ မအောင်မြင်ခဲ့ဘူး။ မြောက်ပိုင်းမှာတော့ ဝီလျံဝေါလေ့စ်ရဲ့ ပြောက်ကျားနည်းပရိယာယ်တွေနဲ့ ရောဘတ်ဘရုစ်ရဲ့ ပြောက်ကျားစစ်နဲ့ သမားရိုးကျစစ်ကို ကျွမ်းကျင်လိမ္မာစွာပေါင်းစပ်ပြီး ရေရှည်တိုက်ပွဲဆင်မှုက အင်္ဂလိပ်စစ်တပ်ကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပြီး စကော့တလန်အတွက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့တယ်။ နောက် ရာစုနှစ်တခုအကြာ အင်္ဂလိပ်-ပြင်သစ် ‘နှစ်တရာစစ်’ အတွင်းမှာတော့ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့အင်္ဂလိပ်တပ်ကိုချေမှုန်းပစ်ဖို့ ဘားထရမ်းဒူဂက်စ်ကလန်းက ပြောက်ကျားတပ်ဖွဲ့တဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ တခြားအကူအညီမပါဘဲ သူ့တပ် တတပ်တည်းနဲ့ ချေမှုန်းဖို့ ဦးဆောင်ခဲ့တာ ဖြစ်တယ်။

သေနတ်နဲ့ ပြောက်ကျား

၁၄၅၀ ခုနှစ်ဝန်းကျင်မှာ မီးစာသုံးရိုင်ဖယ်တွေ ပေါ်လာပါတယ်။ ယင်းနဲ့အတူ ပြောက်ကျား နည်းပရိယာယ်တွေဟာလည်း သမားရိုးကျစစ်တပ်ရဲ့အစွမ်းအောက်မှာ အရေးနိမ့်စပြုလာတယ်။ ရိုင်ဖယ်သေနတ်တွေကိုအသုံးပြုဖို့ လိုအပ်တဲ့ နည်းပညာ၊ ပံ့ပိုးမှုနဲ့ သင်တန်းပေးမှုကို အစိုးရကြီးတခုကသာ စီစဉ်ထောက်ပံ့ပေးနိုင်တယ်။ ဒါ့အပြင် ကိုင်တွယ်ရခက်၊ တိကျမှုလည်းမရှိသလို ထုထည်ကြီးတဲ့ လက်နက်တွေနဲ့ ပြောက်ကျားနည်းပရိယာယ်တွေကို ကျင့်သုံးလို့ မရပါဘူး။ ပြောက်ကျားရဲဘော်တွေက အဲဒီလက်နက်အသစ်အဆန်းတွေကို အလေးအနက်သဘောထားပြီးအသုံးပြုဖို့ မဖြစ်နိုင်ဘူး။ သုံးဖို့ကြိုးစားတဲ့အခါမှာလည်း ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အထင်ရှားဆုံးဥပမာတွေထဲက တခုက အမေရိကတိုက်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေ အမြောက်အမြား လူမျိုးတုန်းသတ်ဖြတ်ခံရမှုပဲ ဖြစ်ပါတယ်။ အင်ဒီးယန်းတွေက ရိုင်ဖယ်သေနတ်တွေနဲ့ အမြောက်တွေသုံးတဲ့ရန်သူကို လေးနဲ့မြား အဓိကသုံးပြီး ပြောက်ကျားနည်းနဲ့ တိုက်ကြပါတယ်။ ဒါပေမဲ့ အရေးနိမ့်ခဲ့တယ် (အင်ဒီးယန်းတွေ အရေးနိမ့်ရတဲ့ အကြောင်းအရင်တွေထဲမှာ သူတို့ရဲ့ရန်သူ ဥရောပတိုက်သားတွေ သယ်လာတဲ့ ရောဂါဘယတွေရဲ့ကြီးမားတဲ့အခန်းကိုလည်း လျှော့မတွက်သင့်ပါဘူး။)

နောက်ရာစုနှစ် သုံးခုနီးပါးအကြာ ၁၇၅၀ ဝန်းကျင်မှာတော့ ပြောက်ကျားရဲဘော်တွေက ရိုင်ဖယ်သေနတ်တွေ သုံးလာပါတယ်။ မီးခတ်သေနတ်ပေါ်လာတဲ့ အကျိုးကျေးဇူး ဖြစ်တယ်။ မီးခတ်သေနတ်က ကျည်ထွက်နှုန်း၊ စိတ်ချယုံကြည်ရမှုနဲ့ ကိုင်တွယ်အသုံးပြုရတာလွယ်ကူစေမှုတို့ကို အတိုင်းအတာ ကြီးမားစွာ တိုးတက်ကောင်းမွန်စေခဲ့တယ်။ ဒီသေနတ်တွေဟာ ပစ်ခတ်မှုနဲ့ လှုပ်ရှားသွားလာမှုဆိုင်ရာ ပြောက်ကျား နည်းပရိယာယ်တွေအတွက် ပိုသင့်တော်တယ်။ သမားရိုးကျစစ်ပွဲမှာ မီးခေတ်သေနတ်က အန္တရာယ်ပိုကင်းတဲ့လက်နက်ဖြစ်လို့ ခြေမြန်တပ်သားတွေကို “အတန်းလိုက်” တန်းစီပြီး နေရာချထားနိုင်တယ်။ မီးစာသုံးရိုင်ဖယ်တွေတုန်းက ပစ်ခတ်တဲ့ စစ်သားတွေ တယောက်နဲ့တယောက်ကြားမှာ အနည်းဆုံးတကိုက် ခွာထားဖို့လိုတယ်။ မီးခတ်သေနတ်ကို သုံးတဲ့အခါမှာတော့ စစ်သားတွေကို ရင်ဘောင်တန်းပြီး နေရာချထားနိုင်လို့ ‘ပစ်ခတ်မှုတံတိုင်း’ တခုကို ဖန်တီးနိုင်တယ်။ တန်းစီပြီး ပစ်ခတ်တာက ပြင်းထန်အားကောင်းမှုမှာ အလွန်ထိရောက်ပေမယ့် တန်းစီထားတဲ့စစ်သားတွေကို အဲဒီပုံစံအတိုင်း ဆက်ထိန်းထားဖို့ တပ်မှူးတွေ အခက်တွေ့ရပါတယ်။ မကြာပါဘူး ပြောက်ကျားတပ်တွေက အဲဒီအားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့တယ်။

သမားရိုးကျစစ်ပွဲပုံစံနဲ့ပေါင်းစပ်ပြီး ပြောက်ကျားတပ်စိတ်တွေက ပထမ ဆစ္စလီးယန်းစစ်ပွဲနှစ်ပွဲ (၁၇၄၀-၄၅) နဲ့ အဲဒီနောက် ‘ခုနှစ်နှစ်ကြာစစ်ပွဲ’ (၁၇၅၆-၆၃) မှာ ဩစတြီးယားဘက်ကနေ ပရပ်ရှားကို တိုက်ခဲ့ကြတယ်။ အမေရိကန်အလုပ်သမားတွေက သူတို့ရဲ့ ပထမတော်လှန်စစ်မှာ ပြောက်ကျား နည်းပရိယာယ်တွေသုံးပြီး ဗြိတိသျှစစ်တပ်ကအလေးထားတဲ့ တန်းစီပစ်ခတ်တဲ့နည်းပရိယာယ်ရဲ့ ညံ့ဖျင်းမှုကို ပြတ်ပြတ်သားသား ဖွင့်ချပြခဲ့တယ်။ ပြောက်ကျားတိုက်သူတွေက ပုံမှန်အားဖြင့် ပတ်ဝန်းကျင်အကာအကွယ်ကိုယူပြီး ဘက်ပေါင်းစုံကနေ တိုက်ခိုက်တာဖြစ်လို့ တန်းစီထားတဲ့ စစ်သားတွေက ပြောက်ကျားခုခံမှုကို ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ဘူး။

၁၉ ရာစု ပြောက်ကျား

၁၈၁၂ ခုနှစ်မှာ ရုရှားကိုမသိမ်းပိုက်နိုင်ဘဲ နပိုလီယံ ပြန်ဆုတ်ခွာတဲ့အခါ ကော့ဆက် မြင်းသည်တော်တွေနဲ့ ရုရှားလယ်သမား ပြောက်ကျားတွေက ပြင်သစ်တပ်တွေကို မနားတမ်း နှောင့်ယှက်၊ စိတ်ဓာတ် ပျက်ပြားစေကာ ထောင်သောင်းချီပြီး သေကြေဒဏ်ရာရစေခဲ့တယ်။ ကိုလိုနီကျွန်ပြုခံရတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ မက္ကဆီကို၊ တရုတ်၊ မော်ရိုကို၊ ဗမာပြည်၊ နယူးဇီလန်နဲ့ ဗော်လကန်ဒေသတွေမှာလည်း ပြောက်ကျားစစ်ကို အတိုင်းအတာတခုအထိ ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်ကျင့်သုံးဖို့ သက်ဆိုင်ရာလူထုကြားမှာ အတူပူးပေါင်းလုပ်ဆောင်တဲ့ညီညွတ်မှုနဲ့ ဘုံနိုင်ငံရေးလုပ်ငန်းစဉ် မရှိခဲ့ဘူး။

မြောက်အမေရိကမှာရှိတဲ့ ဌာနေအမေရိကန်အင်ဒီးယန်းတွေက သူတို့မြေ၊ သူတို့ယဉ်ကျေးမှုနဲ့ သူတို့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြောက်ကျားစစ်ကို သတ္တိပြောင်စွာနဲ့ ကျင့်သုံးခဲ့ပေမဲ့ ခိုင်မာအားကောင်းတဲ့နိုင်ငံရေးညီညွတ်မှု မရှိပြန်ဘူး။ တခါတရံ အချင်းချင်း တိုက်ခိုက်တာတွေလည်း ရှိတယ်။ တောင်အာဖရိကပြောက်ကျားတွေကတော့ ဘိုးဝါးစစ်ပွဲ (၁၈၉၉-၁၉၀၂) မှာ အင်အားကြီးမားတဲ့ ဗြိတိသျှစစ်တပ်ကို နှစ်နှစ်ကျော် ကြံ့ကြံ့ခံပြီး တိုက်နိုင်ခဲ့တယ်။ သမားရိုးကျတိုက်ပွဲအတွက် စုဖွဲ့ထားတဲ့တပ်တွေ မရှိလို့ အဆုံးသတ်မှာ ဗြိတိသျှတွေက ပြောက်ကျားတွေကို အနိုင်ယူလိုက်နိုင်တဲ့အထိ ခံတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၈၉၀ ခုနှစ်များမှာ ဟိုဆေးမာတီခေါင်းဆောင်တဲ့ ကျူးဘား ပြောက်ကျားတွေလည်း အုပ်စိုးသူ စပိန်တွေကို ပုန်ကန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်က ကျူးဘားနဲ့ ကျူးဘားပြည်သူတွေကို အုပ်စိုးဖို့ ကြားဝင်ခဲ့တယ်။ ကျူးဘားပြည်သူတွေရဲ့ အကျိုးအတွက်လုပ်တာ ဖြစ်တယ်လို့ လှည့်ဖြားပြီး ကျူးဘားနဲ့အမေရိကန် ပူးပေါင်းကာ စပိန်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျူးဘားပြောက်ကျားတွေက နောက်တကြိမ် ပုန်ကန်ထကြွပြီး ကိုလိုနီသခင်အသစ်တွေကို ဖြုတ်ချသည့်တိုင် ကျူးဘားပြည်သူများဟာ အမေရိကန်နယ်ချဲ့ထမ်းပိုးရဲ့အောက်မှာ အနှစ် ၅၀ နီးပါး နေခဲ့ကြရပါတယ်။

၂၀ ရာစု ပြောက်ကျား

၂၀ ရာစုမှာဖြစ်တဲ့ ၁၉၁၆ ခုနှစ် ‘အီစတာ အုံကြွမှု’ မှာတော့ တစိတ်တပိုင်းအားဖြင့် ဂျိမ်းစ်ကွန်နောလီ ခေါင်းဆောင်တဲ့ ‘အိုင်ယာလန် ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်’ (အိုင်အာအေ) က ပြောက်ကျားစစ်ကို ဆင်နွှဲခဲ့တယ်။ ၁၉၂၁ ခုနှစ်မှာ အိုင်ယာလန်ကိုခွဲထုတ်နိုင်တဲ့ တစိတ်တပိုင်း အောင်မြင်မှုရပါတယ်။ ဒါပေမဲ့ အိုင်အာအေက နောက်ပိုင်းမှာ အကြမ်းဖက်ခြိမ်းခြောက်မှုဘက်ကိုရောက်လာပြီး တော်လှန်ရေးအဆင့် နိမ့်လာတယ်။ နှစ်ပေါင်း ၈၀ ကျော်မှာ ရလဒ်ကောင်းတချို့သာရှိတဲ့ နည်းပရိယာယ်တခုပဲ ဖြစ်တယ်။

၁၉၂၇ ခုနှစ်မှာ နယ်ချဲ့ဂျပန်တပ်တွေ တရုတ်ပြည်ကို ကျူးကျော်သိမ်းပိုက်တဲ့အခါ မော်စီတုန်းက ၂၂ နှစ်ကြာ လွတ်မြောက်ရေးစစ်ပွဲကို ခေါင်းဆောင်ပြီးဆင်နွှဲပါတယ်။ တရုတ်ပြည်ကနေ နယ်ချဲ့ဂျပန်ကို ဖယ်ရှားဖို့ ပြောက်ကျားစစ်နဲ့ သမားရိုးကျစစ်ကို အောင်မြင်စွာပေါင်းစပ်ခဲ့ပြီး နောင်အခါ အမျိုးသားရေးသမားတွေကိုဆန့်ကျင်တဲ့ ဆိုရှယ်လစ်တော်လှန်ရေးမှာ အထောက်အကူပြုနိုင်ခဲ့တယ်။ မော်က သူ့အတွေ့အကြုံကို အကျဉ်းချုပ်ပြီး ‘ပြောက်ကျားစစ်နှင့် စပ်လျဉ်း၍’ ဆိုတဲ့ကျမ်းကို ၁၉၃၇ ခုနှစ်မှာ ရေးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီနဲ့ ဂျပန်တပ်တွေ ကျူးကျော်ခံရတဲ့ နိုင်ငံအသီးသီးက ကွန်မြူနစ်တွေက ပြောက်ကျားစစ် နည်းပရိယာယ်တွေသုံးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တည်ထောင်ကြပါတယ်။ အောင်ပွဲကိုဆွတ်ခူးနိုင်ဖို့ မဟာမိတ်နိုင်ငံတွေရဲ့ သမားရိုးကျတပ်တွေနဲ့ပေါင်းပြီး တိုက်ခဲ့ကြတယ်။ အထူးခြားဆုံးလို့ဆိုနိုင်တဲ့ အဖွဲ့တွေကတော့ တရုတ်ပြည်က ပြောက်ကျားတွေနဲ့ မားကီးလို့ခေါ်တဲ့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယန် ကျေးလက်ပြောက်ကျားတွေပဲ ဖြစ်ပါတယ်။

ကွန်မြူနစ်တွေခေါင်းဆောင်တဲ့ ပြောက်ကျားလှုပ်ရှားမှုတွေထဲမှာ ယူဂိုဆလပ်ကွန်မြူနစ်တွေ ဦးဆောင်တဲ့ လျှို့ဝှက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အအောင်မြင်ဆုံးလို့ ဆိုနိုင်တယ်။ ဂျာမနီ လက်နက်ချတဲ့ ၁၉၄၅ ခုနှစ် မတိုင်ခင်မှာပဲ ယူဂိုဆလားဗီးယားတနိုင်ငံလုံးနီးပါး လွတ်မြောက်အောင် တိုက်နိုင်ခဲ့တယ်။ ဆလိုဗေးနီးယား/ခရိုအေးရှား ခေါင်းဆောင် တီတိုးဘရော့ဇ်ရဲ့ဦးဆောင်မှုနဲ့အတူ ပါတီရဲဘော်တွေဟာ ဂျာမန်တပ်မဟာ ၉ ခုနီးပါးကိုချေမှုန်းပြီး ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ အမျိုးသားရေး/ဘာသာရေး ပဋိပက္ခတွေကို ကျော်လွှားနိုင်ခဲ့တယ်။ သူတို့ရဲ့ နိုင်ငံရေးစင်မြင့်က သူတို့ကို နာဇီကျူးကျော်သူ လက်အောက်မှ အမျိုးသားလွတ်မြောက်ရေးအတွက်သာမက ဆိုရှယ်လစ်တော်လှန်ရေးအတွက် တိုက်ပွဲဝင်သူတွေအဖြစ်ပါ သတ်မှတ်ခဲ့ပါတယ်။ ဒီကိစ္စက မဟာမိတ် အနောက်နိုင်ငံတွေ စိတ်အနှောင့်အယှက် မဖြစ်ရအောင် သိုသိုသိပ်သိပ်နဲ့ ရိုးရိုးရှင်းရှင်း အမျိုးသားလွတ်မြောက်ရေးပုံစံကိုသာဖြစ်စေချင်တဲ့ စတာလင်ရဲ့ ရုရှားနဲ့ ပြောက်ကျားရဲဘော်တွေ ကြားမှာ ပဋိပက္ခ ဖြစ်စေခဲ့တယ်။ ဒီရဲဘော်တွေဆင်နွှဲတဲ့ တိုက်ပွဲရဲ့လက္ခဏာတခုက “ပစ္စည်းမဲ့ လျှပ်တပြတ်တိုက်ခိုက်ရေးတပ်တွေ” ဖွဲ့စည်းတာပဲ ဖြစ်တယ်။ ဒီတပ်ဖွဲ့တွေကို နိုင်ငံရေးအရ ရှေ့တန်းအရောက်ဆုံး အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ များသောအားဖြင့် စက်ရုံတရုံတည်းမှာ အလုပ်အတူတူ လုပ်သူတွေ ဖြစ်ကြပြီး ယူဂိုဆလပ် ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်တယ်။ သူတို့က တော်လှန်ရေးအတွက် လျှပ်တပြတ် တိုက်ခိုက်ရေး ရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်ကြပါတယ်။ အခက်ခဲဆုံး လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တာနဲ့ အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ နာဇီတွေကို တိုက်ခိုက်တဲ့အလုပ်တွေ လုပ်ပါတယ်။

စစ်ပြီးခေတ် ပြောက်ကျားစစ်

၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်တော်လှန်ရေး အောင်ပွဲခံပြီးနောက် ကျူးဘားမှာလည်း တော်လှန်ရေးသမားတွေကို ကျူးဘား လယ်သမားတွေနဲ့ အလုပ်သမားတွေက ဖက်လှဲတကင်း ကြိုဆိုခဲ့ကြတယ်။ ဘာတစ္စတာအစိုးရရဲ့ အာဏာရှင်စနစ်ကိုဖြုတ်ချဖို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေ အတူတကွ ညီညွတ်ခဲ့ကြပါတယ်။ လုံးဝ ပြောက်ကျားနည်းပရိယာယ်တွေကိုပဲ သုံးခဲ့ကြတာဖြစ်တယ်။ ဒီတော်လှန်ရေးက လက်တင်အမေရိက တနံတလျားနဲ့ အာဖရိကတချို့ဒေသတွေမှာ ပြောက်ကျားစစ်ဆင်ရေးတွေ ပေါ်ထွက်စေခဲ့တယ်။ ဒါပေမဲ့ သမားရိုးကျတပ်တွေမပါဘဲ အဲဒီစစ်ဆင်ရေးတွေ မအောင်မြင်ခဲ့ဘူး။

နောက်ငါးနှစ်အကြာမှာ ဟိုချီမင်းရဲ့ ပြောက်ကျားတပ်တွေက အင်ဒိုချိုင်းနားဒေသကို ပြင်သစ်စစ်တပ်ရဲ့ လက်အောက်မှ လွတ်မြောက်စေခဲ့တယ်။ နောင်အခါ အမေရိကန်က ကျူးကျော်တဲ့အခါမှာလည်း ဗီယက်နမ်ပြောက်ကျားတွေက အမေရိကန်စစ်တပ်ကို အကြီးအကျယ်အထိနာစေခဲ့ပါတယ်။ ကမ္ဘာပေါ်က အင်အားအကြီးဆုံးစစ်တပ်ကိုအနိုင်ယူဖို့ ပြောက်ကျားတပ်တွေပဲ သုံးခဲ့တာဖြစ်တယ်။ အမေရိကန်စစ်တပ်ရဲ့ဘတ်ဂျက်က ဗီယက်နမ်နိုင်ငံရဲ့ စုစုပေါင်း GNP ထက် အဆ ၂၀ ပိုပါတယ်။

မွတ်စလင်ပြောက်ကျားတွေ (မူဂျာဟစ်ဒင်တွေ) ဟာလည်း ဆယ်စုနှစ်တခုကြာ အာဖဂန်နစ္စတန်က တိုက်ပွဲမှာ ဆိုဗီယက်နယ်ချဲ့စနစ်ကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးညီညွတ်မှုမရှိတာအပြင် အဖွဲ့ပေါင်းစုံရဲ့ဘက်ကနေ အမေရိကန်ရဲ့ ဟန်ချက်မညီတဲ့ကြားဝင်စွက်ဖက်မှုတို့ကြောင့် ပဋိပက္ခ အရှိန်မြင့်လာခဲ့တယ်။ ဖိနှိပ်အုပ်စိုးတဲ့ တာလီဘန်အဖွဲ့ ပေါ်ထွက်လာမှုနဲ့အတူ ၂၁ ရာစု အစပိုင်းအထိ အောင်ပွဲကို မဆွတ်ခူးနိုင်ဘူး။ ၂၀ ရာစု အကုန်မှာတော့ (တတိယကမ္ဘာ့နိုင်ငံတွေလို့ ခေါ်တဲ့) နယ်ချဲ့စနစ်ရဲ့ သွေးစုပ်မှုကိုခံရတဲ့နိုင်ငံတွေအနှံ့အပြားမှာ ပြောက်ကျားစစ်ကို ကျင့်သုံးလာကြတယ်။ ပီရူး၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေဒို၊ နီကာရားဂွား၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မော်ရိုကို၊ အင်ဂိုလာနဲ့ မိုဇမ်ဘစ် နိုင်ငံတွေမှာ ဖြစ်ပါတယ်။

ခေတ်သစ် နည်းပရိယာယ်ပိုင်း အကဲဖြတ်ချက်

အင်အားအကြီးမားဆုံး နယ်ချဲ့တပ်တွေ (ဥပမာ အမေရိကန်စစ်တပ်) လောက် အားကောင်းတဲ့ သမားရိုးကျစစ်တပ်ကိုတည်ထောင်ဖို့ ရုပ်ပစ္စည်းပိုင်းဆိုင်ရာ မဖြစ်နိုင်လို့ အများစုအတွက် ပြောက်ကျားစစ်ကလွဲလို့ တခြားရွေးစရာ မရှိပါဘူး။ (အမေရိကန် စစ်တပ်အတွက် နှစ်စဉ်ဘတ်ဂျက်က ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် (၂၀၀၀ ခုနှစ်) ရှိပြီး ပညာရေးကဏ္ဍ တခုလုံးအတွက် သုံးတာထက်တောင် ပိုပါတယ်)။ အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ သမားရိုးကျတပ်တွေ ဥပမာ အီရတ် (၁၉၉၀) ဟာ ရက်ရက်စက်စက် အလွယ်တကူ ချေမှုန်းခံရပါတယ်။ ဒါပေမဲ့ ဆိုမားလီးယား (၁၉၉၃) က ပြောက်ကျားတွေကတော့ အောင်ပွဲရကြတယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကန်စစ်တပ်က ပြောက်ကျားတိုက်သူတွေကို အနာဂတ်မှာ ပိုပြီးတော့ ထိထိရောက်ရောက် တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ဦးစားပေး အစီအစဉ်တွေကို စပြီးအပြောင်းအလဲလုပ်ပါတယ်။(ပြီး)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ဒုတိယပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ဒုတိယပိုင်း)ထွန်းဇင်အောင်

ပြောက်ကျားစစ် နည်းပရိယာယ်တွေအခြေခံ ပြောက်ကျားနည်းပရိယာယ်တွေထဲမှာ ရှေးအကျဆုံး ဖော်ထုတ်မှုကို ဆွန်ဇုရဲ့ ‘စစ်ပညာ’ ကျမ်းမှာ တွေ့နိုင်တယ်။ ပြောက်ကျားစစ် နည်းပရိယာယ်တွေက ရန်သူကို တပ်ကထွက်ပြေးစေတာ၊ ဘက်ပြောင်းစေတာ၊ ကြောက်ဒူးတုန်စေတာ၊ တပ်မှူးတပ်သားတွေကြားမှာ နိုင်ငံရေးနဲ့လူမှုရေးအရ ဖိအားပေးမှုတွေဖြစ်စေတာ စတာတွေနဲ့ ရန်သူကိုတိုက်ခိုက်တာဖြစ်တဲ့ အဓိကအားဖြင့် မရပ်မနားတမ်း စိတ်ဓာတ်ရေးရာနှောင့်ယှက်မှုကို အားထားတယ်။ ရန်သူ့အရင်းအမြစ်တွေ မနိုင်ဝန်ထမ်းရတဲ့အဖြစ်ကိုရောက်သွားဖို့ရည်ရွယ်တဲ့ အလွန်အနုစိတ်၊ ပျော့ပျောင်းပြီး ဖြတ်ထိုးဉာဏ်နဲ့တီထွင်ကြံဆတဲ့ နည်းပရိယာယ်တွေသုံးကာ အောင်ပွဲရစေတာ ဖြစ်တယ်။

ပြောက်ကျားစစ်နဲ့ အချိန်ဆွဲထားတာဟာ ရန်သူကိုရင်ဆိုင်ဖို့ သမားရိုးကျတပ်မတော်တရပ် ပေါ်ထွက်လာရေးအတွက် သို့မဟုတ် ရန်သူကို စိတ်ဓာတ်ရေးရာအရသွေးခွဲပြီးအနိုင်ယူဖို့ အရေးပါနိုင်တယ်။ အဓိကကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ပြောက်ကျားနည်းပရိယာယ်တွေက ရှင်သန်ရပ်တည်ရေးနဲ့ အောင်ပွဲရယူရေးမူတွေကိုဆုပ်ကိုင်ထားဖို့ ဖြစ်တယ်။

အကြမ်းဖက်ခြိမ်းခြောက်မှုဆန့်ကျင်ရေး

ပြောက်ကျားစစ်က အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်တယ်။ ဒါပေမဲ့ အကျင့်ပျက် စည်းမဲ့ကမ်းမဲ့ဖြစ်နေပြီး ချည့်နဲ့နေတဲ့ပြောက်ကျားတွေကတော့ အကြမ်းဖက်ခြိမ်းခြောက်တဲ့နည်းပရိယာယ်တွေ သုံးချင်သုံးလိမ့်မယ်။ အကြမ်းဖက်ခြိမ်းခြောက်မှုရဲ့သဘာဝက လူထုထောက်ခံမှုနဲ့လုံးဝဆန့်ကျင်ဘက် ဖြစ်တယ်။ ဒါကြောင့် အကျင့်ပျက်၊ သင်းကွဲဖြစ်နေတဲ့ စစ်သားတွေက အကြမ်းဖက်ခြိမ်းခြောက်လေ့ရှိတယ်။ အကြမ်းဖက်ခြိမ်းခြောက်မှုဆိုတာ လူအများကိုထိခိုက်စေတဲ့ ဗုံးခွဲမှုတွေနဲ့ လူထုနဲ့အစိုးရ ကြောက်ရွံ့ထိတ်လန့်နေအောင် အကြမ်းဖက်တဲ့ လုပ်ရပ်သုံးပြီး အားထုတ်တာ ဖြစ်တယ်။ အုပ်စုလေးတစု သို့မဟုတ် လူတဦးတယောက်က လုပ်လေ့ရှိတယ်။

ပြောက်ကျားတွေက စစ်တပ်ကိုပဲ တိုက်ခိုက်တယ်။ အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဘူး။ အကြမ်းဖက်ခြိမ်းခြောက်မှုဆိုတာ မွေးဖွားလာကတည်းက အဆုံးသတ်ရလဒ်က အလုပ်သမားတွေရဲ့ ကင်းကွာမှုဖြစ်စဉ်ကို ဖြစ်စေတယ်၊ အစိုးရကို ပိုပြီးတော့ ဖိနှိပ်လာစေတယ်၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးပစ်တယ်၊ အခုအခါမှာ ပိုဖိနှိပ်ရက်စက်လာတဲ့ အစိုးရအောက်မှာ ပြည်သူလူထုကို အကာအကွယ်မဲ့စေတယ်။

ပြောက်ကျားရဲဘော်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း

ပြောက်ကျားစစ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ နယ်ချဲ့သမားနဲ့ ပြည်တွင်းအစိုးရတပ်တွေသုံးတဲ့ အဓိကနည်းနာက သာမန် အရပ်သူအရပ်သားတွေကို တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ နယ်ချဲ့သမားရဲ့နည်းကို “တိုက်ရိုက်” နဲ့ “သွယ်ဝိုက်” နည်းနာတွေအဖြစ် ခွဲခြားနိုင်တယ်။

ပြောက်ကျားရဲဘော်တွေကို “တိုက်ရိုက်” တိုက်ခိုက်မှုက များသောအားဖြင့် မြို့ပေါ်က အချက်အချာ နေရာတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုဖျက်ဆီးဖို့ ရည်ရွယ်တဲ့ လေကြောင်းက တိုက်ခိုက်မှုပဲ ဖြစ်တယ် (ဗီယက်နမ်မှာ အမေရိကန်လုပ်ခဲ့တယ်)။ အဲဒီတိုက်ရိုက်တိုက်ခိုက်မှုပုံစံမှာ အထူးတပ်ဖွဲ့ယူနစ်အမျိုးမျိုးကဆောင်ရွက်တဲ့ သွယ်ဝိုက်ပြီး လုပ်ဆောင်တဲ့နည်းနာလည်း ရှိပါတယ်။ ပြောက်ကျားခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တာ၊ ပြောက်ကျားရဲဘော် အယောင်ဆောင်တာ၊ နယ်ချဲ့သမားတွေက ပြည်သူတွေ သူတို့ဘက်ပါလာအောင် သေနင်္ဂဗျူဟာအရ အရေးပါတဲ့နယ်မြေတွေ၊ ခရိုင်တွေမှာ ရွာသားတွေ၊ အလုပ်သမားတွေကို လူမှုရေးစီမံကိန်းတွေနဲ့ အမှန်တကယ် အကူအညီပေးတာ၊ သတင်းအချက်အလက် စုဆောင်းတာ စသဖြင့်။

ပြောက်ကျားရဲဘော်တွေကို “သွယ်ဝိုက်” တိုက်ခိုက်မှုကတော့ ရှိသမျှ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုသုံးပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာဖြစ်တယ်။ လက်ကမ်းစာစောင်တွေ၊ စာအုပ်တွေကို လေယာဉ်နဲ့ ဖြန့်ကျဲချတာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်း အစီရင်ခံတင်ပြမှုတွေမှာ လိမ်ညာလှည့်ဖြားတာ စသဖြင့်။ စိတ်ဓာတ်စစ်ဆင်ရေးတွေရဲ့ရည်မှန်းချက်က လှည့်စားဖို့ ဖြစ်တယ်။ စိတ်ဓာတ်ကျအောင်လုပ်တာ၊ တိုက်ရည်ခိုက်ရည် ကျလာအောင်လုပ်တာ၊ ဘက်ပြောင်းအောင် လုပ်တာ၊ နယ်ချဲ့သမားက သူ့လှုပ်ရှားသွားလာမှုတွေ၊ ဦးတည်ချက်တွေနဲ့ပတ်သက်လို့ သတင်းမှားဖြန့်တာ။

ဒါကြောင့် စိတ်ဓာတ်စစ်ဆင်ရေးရဲ့ ပထမအလုပ်က ရန်သူနဲ့ပတ်သက်လို့ လုံးဝနားလည်သဘောပေါက်ဖို့ ဖြစ်တယ်။ ရန်သူက ဘာကိုယုံကြည်သလဲ၊ ဘယ်လိုကိစ္စမျိုးက လူထုကို တက်ကြွစေသလဲ စသဖြင့်။ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းဆိုင်ရာရည်ညွှန်းချက်တွေ လှိုင်လှိုင်သုံးပြီး ဖြန့်ချိတဲ့ ရန်သူ့ဝါဒဖြန့်ချိရေး အခြေခံ အကြောင်းအရာတွေက (နယ်ချဲ့တပ်ရဲ့ အင်အားက သာလွန်ကြီးမားတယ်၊ ပြောက်ကျားတိုက်တာ စံမမှီတန်းမမှီဘူး၊ ရက်စက်ကြမ်းကြုတ်တယ်၊ ဘက်ပြောင်းလာသူတွေဟာ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမယ့် သူရဲကောင်းတွေ ဖြစ်တယ်၊ ပြောက်ကျားတွေနဲ့ မျိုးချစ်တွေကတော့ ညှဉ်းပမ်းနှိပ်စက်ခံရမယ်၊ တကယ့်အောင်ပွဲက ပြည်သူ့ လိုလားတောင့်တမှုတွေကို အမှန်တကယ် ထောက်ခံအားပေးတဲ့ (ရုပ်သေး) အစိုးရမှာပဲ ရှိတယ်) စတာမျိုးတွေပဲ။

စိတ်ဓာတ်စစ်ဆင်ရေးတွေမှာ တိုက်ရိုက် နည်းပရိယာယ်ပုံစံကိုလည်း သုံးပါတယ်။ ပြောက်ကျားလှုပ်ရှားမှုထဲ အရေခြုံတွေထည့်သွင်းမြုပ်နှံကာ ကွဲလွဲမှုတွေကို ဇောင်းပေးဖော်ထုတ်ခြင်းဖြင့် နိုင်ငံရေးညီညွတ်မှုကို ဖျက်ဆီးဖို့ ကြိုးစားတယ်။ ညီညွတ်ရေးပျက်ပြားစေတဲ့အလုပ်နဲ့ ပြည်သူတွေ တိုက်ပွဲနဲ့ဝေးရာ ရောက်သွားစေတဲ့အလုပ် လုပ်လာအောင် နိုင်ငံရေးပါတီတချို့ကို ဘုန်းဘောလအော လာဘ်ထိုးဖို့ ကြိုးစားတယ် (ဂွာတီမာလာ၊ အာဂျင်တီးနားနဲ့ ပနားမား စတာတွေမှာ အမေရိကန် သုံးခဲ့တဲ့နည်းတွေ)။

ပြောက်ကျားတပ်အနေနဲ့ ဒီနည်းနာနှစ်ခုလုံးကို ထိထိရောက်ရောက် တိုက်ပွဲဆင်ပစ်ဖို့ဆိုရင် အရေးအကြီးဆုံးက ပြည်သူတွေနဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ လုံးဝပေါင်းစည်းဖို့/သွေးစည်းချစ်ကြည်ဖို့ ဖြစ်ပါတယ်။

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)

နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)ထွန်းဇင်အောင်

ပြောက်ကျားစစ်ဟာ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်၊ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့ အစိုးရတရပ်အောက်မှာ အလုပ်သမား/လယ်သမားတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်စေ၊ အမျိုးသားလွတ်မြောက်ရေးအကျိုးစီးပွားအတွက် ကျူးကျော်လာတဲ့ပြည်ပရန်သူကို ခုခံတွန်းလှန်ဖို့ဖြစ်စေ ပေါ်ထွက်လာကြလို့ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့အစိုးရ ဖြုတ်ချရေး သို့မဟုတ် ကျူးကျော်လာတဲ့တပ်တွေကိုမောင်းထုတ်ရေးရည်ရွယ်ချက်တွေရှိလို့ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။

ပြောက်ကျားစစ် ဆိုတာမျိုးဟာ သူ့အလိုလို ပေါ်ထွက်လာလေ့ရှိပေမယ့် တော်လှန်ရေးတိုက်ပွဲနည်းနာ တခုအဖြစ် သုံးနိုင်ပါတယ်။ပြောက်ကျားစစ်ဟာ စုဖွဲ့ပြီး ဂရုတစိုက် စီစဉ်ကြံဆရတဲ့တိုက်ပွဲဖြစ်တယ်။ သမားရိုးကျစစ်ပွဲ နည်းပရိယာယ်တွေနဲ့ပေါင်းစပ်ပြီး တိုက်လေ့ရှိတယ်။ တပ်စိတ်တွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ကြပေမယ့် လူထုရဲ့လိုလားတောင့်တမှုတွေနဲ့ ဆက်စပ်တဲ့ ဘုံနိုင်ငံရေးဦးတည်ချက်တရပ် (ဥပမာ တည်ဆဲအစိုးရကို ဖြုတ်ချရေး၊ နယ်ချဲ့တပ်တွေကို အနိုင်ယူရေး စသဖြင့်) ရှိကြတယ်။

ပြောက်ကျားစစ်သဏ္ဌာန်ကို “နိုင်ငံရေးစစ်” လို့လည်း ရည်ညွှန်းကြပေမယ့် တကယ်ကတော့ စစ်သဏ္ဌာန်တိုင်းက နိုင်ငံရေးလက္ခဏာဆောင်တာချည်းပါပဲ။ စစ်တိုက်တာဟာ အစိုးရတရပ်ကိုကိုယ်စားပြုပြီး တိုက်တာမဟုတ်ရင် အစိုးရတရပ်ကိုထူထောင်ဖို့တိုက်တာပဲ ဖြစ်တယ်။ အဲဒီလို စစ်တိုက်နေတဲ့ စစ်တပ်မှာ နိုင်ငံရေး အဖွဲ့အစည်းတွေ/အကျိုးစီးပွားတွေ တမျိုးမဟုတ်တမျိုး ရှိကြတယ်။ ဒီအဖွဲ့အစည်းတွေ/အကျိုးစီးပွားတွေက အဲဒီစစ်တပ်ကို စစ်ပွဲဦးတည်ချက်တွေနဲ့ လမ်းညွှန်ထိန်းကျောင်းတာ ဖြစ်တယ်။ ပြောက်ကျားစစ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ့ အကျိုးစီးပွားကိုကိုယ်စားပြုတဲ့ အဲဒီလိုတိုက်ပွဲပုံစံပဲ ဖြစ်တယ်။

ပြောက်ကျားစစ် “ရှင်သန်ရပ်တည်နိုင်မှု” က အဖိနှိပ်ခံပြည်သူလူထုရဲ့ အားပေးထောက်ခံမှုအပေါ် လုံးလုံးလျားလျား မူတည်ပါတယ်။ လူထုက တိုက်ပွဲဝင်ရဲဘော်တွေကို ရိက္ခာ၊ နားခိုစရာ၊ သတင်း အချက်အလက်နဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ ပြောက်ကျားရဲဘော်က လက်နက်ခဲယမ်းတွေကို အများအားဖြင့် ရန်သူ့ဆီက မဟုတ်ရင် လက်နက်ဈေးကွက်ကနေ ရပါတယ်။ ဒါကြောင့်မို့ ပြောက်ကျားခေါင်းဆောင်တွေ အမြဲအလေးထား ပြောနေတာက ပြောက်ကျားရဲဘော်တွေဟာ (၁) လူထုကြားမှာ စံပြကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ် (၂) မိမိတို့ရဲ့ တိုက်ပွဲမျှော်မှန်းချက်နဲ့ ပြည်သူတွေရွှင်လန်းအားတက်စေရမယ် (၃) လွတ်မြောက်ရေး ရည်မှန်းချက်အတွက် တော်လှန်ရေးလုပ်ခြင်း ဖြစ်တယ်ဆိုတာ အစဉ်အမြဲ အသေအချာသဘောပေါက်နေရမယ်။ ဒီသုံးချက်လုံးက ဆက်သွယ်ရေး ကောင်းမွန်မှုအပေါ် မူတည်ပါတယ်။

ဒါကြောင့် “သတင်းအချက်အလက်မပြတ်ရေး စစ်ပွဲ” ဆိုတာ ပြောက်ကျားရဲဘော် တိုက်ပွဲဆင်ရမယ့် အရေးအကြီးဆုံး တိုက်ပွဲတွေထဲကတခု ဖြစ်တယ်။ သတင်းအချက်အလက်မပြတ်ရေးဆိုတဲ့ ဒီတိုက်ပွဲကို မဆင်နွှဲနိုင်ရင် ပြောက်ကျားရဲဘော်တွေနဲ့ လူထုကြားမှာ ဆက်သွယ်ထားတဲ့ချက်ကြိုး ပြတ်သွားလိမ့်မယ်၊ တော်လှန်ရေးက တစတစနဲ့ အရေးနိမ့်လာပြီး ချုပ်ငြိမ်းသွားလိမ့်မယ်။

လူထုထောက်ခံမှုနဲ့ ပေါင်းစပ်ပြီးရယူမယ့် ပြောက်ကျားစစ်ရဲ့“အောင်ပွဲ” က ညီညွတ်တဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ စစ်ရေးကွပ်ကဲမှုအပေါ် မူတည်တယ်။ ပြောက်ကျားတပ်တွေဟာ လူထုကိုအခြေခံပြီး အောက်ခြေမှအထက် တပ်ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားတယ်။ ဒါကို မော်စီတုန်းက သူ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ရှင်းရှင်းလင်းလင်း အတည်ပြုထားတယ်။ ယေဘုယျ ညွှန်ကြားချက်တွေနဲ့ နည်းပရိယာယ်ပိုင်း စီစဉ်ကြံဆမှုတွေက အထက်က လာတာဖြစ်ပေမယ့် တပ်ဖွဲ့စည်းပုံရဲ့ အခြေခံအုတ်မြစ်နဲ့ အင်အားက နယ်မြေဒေသအစုံ ဖြန့်ကျက်ထားတဲ့ အခြေခံဒေသမှာရှိလို့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေ လုပ်ကြံခံရရင်တောင် ပြောက်ကျားစစ်ရဲ့အင်အားနဲ့ ဆက်လက်တည်ရှိမှုကို အာမခံပါတယ်။

ကျေးလက်/မြို့ပြစစ်လူထုထောက်ခံမှုရှိရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောက်ကျားရဲဘော် တိုက်ပွဲဝင်တဲ့ စစ်ပွဲပုံစံ ကွဲပါတယ်။ ထောက်ခံမှုက လယ်သမားတွေကြားမှာရှိရင် ကျေးလက်ပြောက်ကျားစစ်ကို ကျင့်သုံးတယ်။ ထောက်ခံမှုက အလုပ်သမားလူတန်းစားကြားမှာရှိရင် မြို့ပြပြောက်ကျားစစ်ကို ကျင့်သုံးတယ်။ ထောက်ခံမှုက လယ်သမားတွေကြားမှာရော အလုပ်သမားတွေကြားမှာပါရှိရင် ကျေးလက်ပြောက်ကျားစစ်ရော မြို့ပြပြောက်ကျားစစ်ပါ စစ်မျက်နှာနှစ်ခု ဖွင့်နိုင်တယ်။

ပြောက်ကျားရဲဘော်အတွက် အကာအကွယ်ဆိုတာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စွမ်းနဲ့ ရန်သူကို လှည့်ဖြားနိုင်စွမ်းပဲ ဖြစ်တယ်။ အဲသလို အကာအကွယ်ကို သွားလာလုပ်ကိုင်ရတဲ့ ပတ်ဝန်းကျင်နဲ့ သတင်းအချက်အလက် ကွန်ယက်တွေအပေါ် မူတည်ရရှိပါတယ်။ ကျင်လည်တဲ့ ပတ်ဝန်းကျင်က တောထူတဲ့ တောအုပ်တွေ သို့မဟုတ် ကွန်ကရစ် တိုက်တာ အဆောက်အဦးတွေ ဖြစ်နိုင်တယ်။ သတင်းအချက် အလက်ကွန်ယက်က တဆင့်စကားတွေ သို့မဟုတ် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်တွေ ဖြစ်နိုင်တယ်။ ပြောက်ကျားရဲဘော် ရှင်သန်ကျင်လည်ရာ ပတ်ဝန်းကျင်မတူသလိုပဲ ကာကွယ်ရေး နည်းနာတွေက အမျိုးစုံတယ်၊ တချိန်လုံး ပြောင်းလဲနေတယ်။

ကျူးဘားမှာ ပြောက်ကျားတွေက တောထူတဲ့ တောင်တန်းတွေကို သူတို့ လှုပ်ရှားသွားလာရာ နယ်မြေတွေအဖြစ်သုံးတယ်။ ဗီယက်နမ်မှာတော့ တောအုပ်တွေကို အသုံးပြုသလို လှိုင်ခေါင်းတွေကိုသုံးတယ်။ မြို့ပြပြောက်ကျားတွေမှာတော့ ရွေးစရာတွေ ပိုလို့တောင်များပါတယ်။ မြေအောက် ရထားလမ်းတွေ၊ မြေအောက် လူကူးလမ်းတွေ၊ မိလ္လာစနစ်တွေ၊ လူရှုပ်တဲ့ လမ်းသွယ်လမ်းကြားတွေ အမျိုးစုံ စသဖြင့် ရှိတယ်။

မျက်မှောက်အခြေအနေသုံးသပ်ချက်

မျက်မှောက်အခြေအနေသုံးသပ်ချက်

(၁) နိုင်ငံတကာ့အခြေအနေ။

၈၈ နဲ့ မတူဘူး။ ၈၈ တုန်းက ဆိုဗီယက်ပြို၊ ICM ဒီရေနိမ့်၊(ယခုလည်း ICM ဒီရေမြင့် ရောက်ပြီဟု မဆိုလို) လစ်ဘရယ်ဒီမိုကရေစီ ကမ္ဘာပတ်နေ၊ သမိုင်းနိဂုံးချုပ်ပြီလို့ သုံးသပ်ကြ။ ယခုက ၂၀၀၈-၁၀ အရင်းရှင်စီးပွားကပ် ရှည်ကြာလာ၊ အမေရိကန် စူပါဝါ အကျ စည်းစနစ်ဟောင်းတွေအလုပ်မဖြစ် စည်းစနစ်သစ်လည်း မပေါ်ပေါက်သေး၊ ၂၁ရာစု ဂလိုဘယ်စီးပွားရေးနဲ့ နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ကာလ၊ COVID ဒဏ်သင့်နေတဲ့ကာလ။ လွန်ခဲ့တဲ့ နှစ်၁၀၀ လောက်က ပထမကမ္ဘာစစ် မတိုင်မီကာလလိုပဲ အကြီးအကျယ်ရှုပ်ထွေး မတည်မငြိမ်ဖြစ်နေတဲ့ကာလ။

တကမ္ဘာလုံး – အမေရိက (တောင်- မြောက်-အလယ်)၊ ဥရောပ၊ အရှေ့အလယ်ပိုင်း (အပူကွက်)၊ အာဖရိက၊ အာရှ – နိုင်ငံအများအပြား လူထုအုံကြွမှုတွေ အဆက်မပြတ်ပေါ်ထွက်နေသော်လည်း၊ လက်ဝဲပါတီတွေနဲ့ မာက့်စ်-လီနင်ဝါဒဟာ တပ်ဦးအခန်းက ပေါ်ထွက်မလာသေးဘူး။

မာ့က်စ်-လီနင်ဝါဒခေတ်ထလာမှာကို အရင်းရှင်လူတန်းစားဟာ သေမတတ် ကြောက်ပါတယ်။ ဒီအတွက် နိုင်ငံတကာဖောက်ပြန်ရေးသမားတွေ စည်းလုံးညီညွတ်ကြပါတယ်။ နမူနာအားဖြင့် – အမေရိကန် Black Lives Matter ၊ ပြင်သစ် Yellow Vest တို့ဟာ ကြီးမားတဲ့အုံကြွမှုတွေပါ။ ဒါပေမဲ့ နိုင်ငံရေးအုံကြွမှုအဖြစ် ကြီးထွားမလာဘဲ အမေရိကန်မှာ ရဲတပ်ပြုပြင်ပြောင်းလဲရေးနဲ့၊ ပြင်သစ်မှာ ပင်စင်ပြုပြင်ပြောင်းလဲရေးအဖြစ် ချွေးသိပ်ခံရပါတယ်။ လက်ဝဲပါတီတွေ အရောင်ပြောင်းကုန်တာလည်းပါတယ်။ အာဏာရ အရင်းရှင် လူတန်းစားတွေက အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ အလုပ်သမားထုကို သွေးခွဲသလို၊ စီးပွားရေးထိုး ဆွမှု ရန်ပုံငွေထဲက အနည်းအပါးကို ကယ်ဆယ်ရေးအတွက် ခွဲဝေပေးပြီး ဖြားယောင်းတာလည်းလုပ်တယ်။ တဖက်မှာ INGOနဲ့ ကော်ပိုရိတ်ဝါဒဖြန့်ယန္တရား မျိုးစုံသုံးပြီး ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုတွေလုပ်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လူထုအုံကြွမှုတွေပေါ်ပေါက်လာရင် (တားလို့ လည်း မရ) ကတ္တီပါတော်လှန်ရေးတွေ အရောင်တော်လှန်ရေးတွေအဖြစ် ပြောင်းဖို့ကြိုးစားမယ် (အီဂျစ်- တူနီးရှား- ဗင်နီဇွဲလား- ဗိုလီးဗီးယား စသည်)။ အဲဒီလိုဖြစ်မလာဘဲ အကြမ်းဖက်တော်လှန်ရေးတွေ ပေါ်ပေါက်လာရင် (R2P , No Fly Zone တို့ နဲ့ ကယ်တင်ရှင်လုပ်ပြီး) ကိုယ်စားလှယ်စစ်ပွဲ Proxy War ၊ မင်းပြောင်းမင်းလွှဲ Regime Change လုပ်ဖို့ စွက်ဖက်မယ်။ ဒါဆိုရင် အဲဒီနိုင်ငံ ပြည်တွင်းစစ်နွံထဲနစ်ပြီး ကျဆုံးနိုင်ငံဖြစ်ပေတော့ပဲ (အီရတ် လစ်ဗျား ဆီးရီးယား ယီမင် စသည်)။

မျက်မှောက်ကာလမှာ အရင်းရှင်စနစ် အကြီးအကျယ်ကပ်ဆိုက်နေပြီး စစ်မဟုတ် ငြိမ်းချမ်းရေးမဟုတ် မတည်မငြိမ်ကာလ ဖြစ်နေတယ်။ လက်ဝဲတွေရဲ့အခြေအနေလည်း တကမ္ဘာလုံး ကောင်းတယ်မဆိုနိုင်ပါ။

(၂) ဗမာပြည်အခြေအနေ ကြည့်ရအောင်။

အိုဘားမား – ဟီလာရီကလင်တန် လက်ထက် (၂၀၀၉ -၁၆) ဒေါ်စုနဲ့စစ်အုပ်စုကို အောင်သွယ်ပေးပြီး ၂၀၀၈ ခြေဥအောက်မှာ ဒေါ်စုနဲ့ဒီချုပ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်စေခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီအောင်ပွဲလို့ ဆိုပါတယ်။ တရုတ်ရဲ့ အနောက်ဖက်တံခါးပေါက်ကို ထိန်းချုပ်နိုင်ဖို့ပါ။

သူ့အရင် ဘွတ်ရှ်အငယ် (၂၀၀၁ – ၀၈) က အနိုင်ရသူအရှုံးကြီးရှုံးတဲ့ အာဖဂန်စစ် အီရတ်စစ်တွေ အမေရိကန်တပ်ဖွဲ့တွေလွှတ်ပြီး တိုက်ခဲ့တယ်။ အိုဘားမားလက်ထက် အမေရိကန် စီးပွားကပ်သင့်ကာလဖြစ်တယ်။ လစ်ဗျား ဆီးရီးယား ယီမင်တို့မှာ တပည့်မွေးစစ်တိုက်တဲ့ Proxy War တွေတိုက်ခဲ့တယ်။ တရုတ်ကိုထိန်းချုပ်ဖို့ အာရှမဏ္ဍိုင်ပြု စမတ်ပါဝါ Asia Pivot Smart Power ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အောက်မှာ ဗမာပြည်အရေးဟာ အမေရိကန်စူပါပါဝါ ပိုပြီး မျက်စေ့ကျစရာ ဖြစ်လာပါတယ်။

ဒီလိုနဲ့ ၈လေးလုံး အရေးတော်ပုံကြီးဟာ ပြီးပြည့်စုံတဲ့ အောင်ပွဲမရဖြစ်ခဲ့ပြီးနောက် ၂၀၀၈ ခြေဥနဲ့အတူ သူက ဗမာပြည်ကို နှစ်ဖက်စေ့စပ်စေချင်တာပါ။ ဒီချုပ်နဲ့စစ်အုပ်စုကြား ရင်ကြားစေ့ရေးလမ်းပေါ် တင်ပေးခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်ကောင်စီမှ အာဏာသိမ်းတော့ အမေရိကန်ပေါ်လစီ မအောင်မမြင် ဖြစ်ရပြန်ပါတယ်။ ဒါ့ကြောင့်သူက ဗမာပြည်ကို လွန်ခဲ့တဲ့ဆယ်နှစ်က အခြေအနေမျိုး ပြန်ရောက်ဖို့ ထပ်မံပြီး နှစ်ဖက်စေ့စပ်စေချင်ပါတယ်။ ကုလသမဂ္ဂ အာဆီယံ တရုတ် အိန္ဒိယ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဂျပန် အီးယူ စသည်ကလည်း သက်ဆိုင်သူအားလုံး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းပါတယ်။ စစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေး နွေးသူ အာဆီယံကတော့ ဒေသတွင်းအပူကွက်တကွက် ဖြစ်လာမှာကို မလိုလား တာပါ။

(အိုဘားမားလက်ထက် ဒုသမ္မတဖြစ်ခဲ့တဲ့) လက်ရှိသမ္မတဂျိုးဘိုင်ဒင်က အမေရိကန်စီး ပွားရေးကို ထိပ်ဆုံးတန်း ပြန်ရောက်အောင်လုပ်မယ်။ ထရမ့်လက်ထက် ကင်းကွာသွားတဲ့မဟာမိတ်များနဲ့ (EU ကနေဒါ ဂျပန် စသည်) ပြန်လက်တွဲမယ်။ နိုင်ငံတကာစာချုပ်များမှာ ပြန်ပါမယ်။ အာဖဂန်မှ အမေရိကန်တပ်များ ပြန်ရုပ်မယ်။ ရုရှားနဲ့ဆက်ဆံရေးကောင်းအောင်ပြန်လုပ်ပြီး တရုတ်နဲ့ဆက်ဆံရေးသစ်လုပ်မယ်လို့ ဆိုတယ်။

ချုပ်လိုက်ရင် ဗမာပြည်အရေးမှာ အရှေ့- အနောက် အားလုံးက ကိုယ့်ရပ်ခံချက်နဲ့ကိုယ် စေ့စပ်ရေးလမ်းပေါ် တင်ပေးနေပါတယ်။ ဒါဟာ ဗမာပြည်နွေဦးတော်လှန်ရေးအဖို့ အကောင်းကော အဆိုးပါ ဒွန်တွဲနေပါတယ်။ ကောင်းတာက ပြည်သူကိုအားကိုးပြီး ကိုယ့်ပြည်တွင်းရေး ကိုယ်ဖာသာဖြေရှင်းလို့ရတယ်။ ကယ်တင်ရှင်မျှော်လို့မရဘူးဆိုတာ ပိုရှင်းသွားတယ်။ ဆိုးတာက စေ့စပ်ရေးလမ်းပေါ် တင်ပေးနေတာပဲဖြစ်တယ်။

(၃) လစ်ဘရယ်တွေ လျှောက်တဲ့လမ်း။ ထိပ်တိုက်မတွေ့ရေး အကြမ်းမဖက်ရေး လမ်းပေါ်မထွက်ရေး ရင်ကြားစေ့ရေး ရွှေပြည်အေးလမ်းပဲ။ ၈၈ မှာကတည်းက ဒီ“ဇ”ကိုတွေ့နေရတာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့လည်း အရှေ့မြောက် ဖရိုဖရဲဖြစ်ပြီးနောက် မြေအောက်ပါတီအဖြစ် ပြောင်းလဲရပ်တည် နေရတာဖြစ်လို့ လူထုအုံကြွမှုများကို ထောက်ခံပံ့ပိုးရာမှာ အကန့်အသတ်ရှိသော်လည်း ဘယ်တုန်းကမှ နောက်ကျကျန်မနေခဲ့ပါဘူး။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးနဲ့ တသားတည်း ရှိခဲ့ပါတယ်။ သမိုင်းအစဉ်အလာကြီးတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့ နိုင်ငံရေးနိုးကြားမှုဟာ ဘယ်တုန်းကမှ သေမသွားခဲ့ပါဘူး။ အလုပ်သမား လယ်သမား မြို့နေဆင်းရဲသားအခြေခံလူတန်းစားနဲ့ ကျောင်းသားထုရဲ့ဖိရင်ကြွ-ထိရင်ချမယ့် လူထုတိုက်ပွဲများဟာလည်း ပြတ်တယ်မရှိခဲ့ပါဘူး။

စစ်ကောင်စီက အာဏာသိမ်းဖို့ ကြိုတင်ပြင်ဆင်ခဲ့တာပါ။ နိုင်ငံရေးအတွေ့အကြုံရှိသူတွေက ရိပ်မိပါတယ်။ ဒီချုပ်ကသာ အာဏာသိမ်းချင်နေမှန်းသိရက်နဲ့ ရင်ကြားစေ့ဖို့ ကြိုးစားနေခဲ့တာပါ။ တပ်ချုပ်မင်းအောင်လှိုင်က ရှေ့ထွက်ရပ်နေပေမယ့် သူ့ကို စစ်အုပ်စုမျိုးဆက်ဟောင်းသစ် အားလုံးက ရပ်ခံပေးနေတာကို သတိပြုဖို့ လိုပါတယ်။

စစ်တပ်ကအာဏာသိမ်းတော့ ဒေါ်စုနဲ့ သမ္မတဦးဝင်းမြင့်ကို အရင်ဆုံးထိန်းသိမ်းပြီး လွှတ်တော်တက်မယ့် အမတ်တွေကို ဧည့်ရိပ်သာမှာခဏာထားပြီး အိမ်ပြန်ခိုင်းပါတယ်။ ဒီချုပ်အမာလိုင်းက မခံနိုင်လို့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖွဲ့ပြီး ဖဲကြိုးနီ CDM (ရုံးမတက်နဲ့ရုန်းထွက်) လှုပ်ရှားမှုနဲ့ တုံ့ပြန်ပါတယ်။ အလုပ်သမား ကျောင်းသားနဲ့ မြို့နေအခြေခံလူတန်းစား လူလတ်တန်းစားများက GSC (အထွေထွေသပိတ်)နဲ့ တုံ့ပြန်တယ်။ ဒါကောင်းပါတယ်၊ ဘုံရန်သူကိုလက်တွဲတိုက်ဖို့ လမ်းစပေါ်လာတာပါ။

လူထုအုံကြွမှု ဒီရေမြင့်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ ဖိနှိပ်မှုပြင်းထန်ပါတယ်။ ဒီချုပ်အမတ်တွေလည်း မြေလျှိုးရ တောခိုရပါတယ်။ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖျက်သိမ်းကြောင်းနဲ့ ဖက်ဒရယ်ပဋ္ဋိညာဉ်ဆိုတာကို ထုတ်ပြန်ကြေညာတယ်။ ပြည်သူလူထုက မလွှဲမရှောင်သာ လက်နက်ကိုင်ခုခံမှုတွေ လုပ်လာရတော့ လွှတ်တော်ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုး ရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့စည်းတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းသွားမယ့်အကြောင်း ပြောပါတယ်။

စစ်အုပ်စုက အာဏာမြဲရေးအတွက် လူဘယ်လောက်သတ်ရသတ်ရ တိုင်းပြည်ဘာဖြစ်ဖြစ် လုပ်မှာပါ။ စစ်အုပ်စုက လူထုကိုလက်နက်ကိုင်တိုက်ပွဲဆီ တွန်းပို့တာပါ။ လူထုက စစ်အုပ်စုကို သိပ်နာကြည်း သွားပြီ။ စေ့စပ်ရေးလမ်းကို စိတ်ကုန်သွား ပြီ။ ဒီချုပ်ရဲ့ ရင်ကြားစေ့ရေးပေါ် လစီ ကျဆုံးသွားပြီ။ ဆက်လက်ရှင်သန်ရပ်တည်ချင်ရင် လက်နက်ကိုင်တော်လှန်ရေးလမ်းကို မလွှဲမသွေရွေးဖို့ပဲ ကျန်ပါတော့တယ်။ ဒါ့ကြောင့် စစ်ကိုဘယ်လို အနိုင်တိုက်မလဲ။ တော်လှန်ရေးကို ဘယ်လိုအောင်ပွဲရအောင်လုပ်မလဲဆိုတာတွေကို အတိတ်သင်္ခန်းစာကိုယူ လက်တွေ့နဲ့ပေါင်းစပ် ကြံဆအားပေးရပါမယ်။ တော်လှန်ရေးအတွေးအခေါ်စိုက်ထူရပါမယ်။ ဒါ့ကြောင်ပဲ့ တော်လှန်ရေးသဘောတရား မရှိရင် တော်လှန်ရေးလက်တွေ့ မရှိနိုင်ဘူးလို့ ပြောကြတာဖြစ်ပါတယ်။

တိုတိုပဲပြောပါမယ်။ မလိုလို့ပြောတယ် ဖြစ်မှာစိုးလို့ပါ။ အတွေ့အကြုံမျှဝေတယ်လို့ပဲ သဘောထားစေချင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလား – ကြေးစားတပ်ပြုပြင်ပြောင်းလဲရေးလား။ ကြားဖြတ်ဒီမိုကရေစီညွန့်ပေါင်းအစိုးရလား – ၂၀၂၀ ရွေးကောက်ပွဲနိုင် ဒီချုပ် အာဏာရရေးလား။ အပြတ်သားဆုံးရွေးချယ်ရမယ့်အချိန်ဖြစ်ပါတယ်။

CDM နဲ့ R2P ပေါင်းရင် EAO တွေပါလာမယ်၊ နိုင်ငံတကာ အသိအမှတ်ပြုခံရမယ်၊ ရန်သူ့တပ်ပြိုမယ်၊ ဖက်ဒရယ်အာမီ ကြီးထွားလာမယ်။ တနှစ်အတွင်း အောင်ပွဲရမယ် .. လို့ လွယ်လွယ်မတွက်သင့်ပါဘူး။ ပြည်တွင်းစစ်ပြဿနာနဲ့ ပြည်ထောင်စုပြဿနာဟာ ဗမာပြည်လွတ်လပ်ရေးနဲ့အမျှ သက်တမ်းရင့်ပါတယ်။

ဆန္ဒစွဲ နည်းနည်းကျရင် နည်းနည်းမှားမယ်။ များများကျရင် များများမှားတတ်ပါတယ်။ ဂိုဏ်းဂဏက ပိုဆိုးပါတယ်။ တစစီပြိုကွဲတတ်ပါတယ်။ အမှီအခိုမကင်းရင် ဝေါကနဲပြိုတတ်ပါတယ်။

(၄) ရယ်ဒီကယ်တွေ လျှောက်တဲ့လမ်း။

တိုင်းပြည်ကို ကျဆုံးနိုင်ငံမဖြစ်အောင်၊ ပြည်တွင်းစစ်နွံထဲ မနစ်အောင်၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင်၊ လွတ်လပ်အမှီအခိုကင်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်တည်ဆောက်ဖို့အတွက် ..- စစ်သုံးစစ်(စစ်အုပ်စု- စစ်အစိုးရ – စစ်ဗျူရိုကရေစီယန္တရား)ဆိုတဲံ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး – အားလုံးပါဝင်တဲ့ ဒီမိုကရေစီပြည့်ဝတဲ့ ကြားဖြတ်ညွန့်ပေါင်းအစိုးရ – ဖွဲ့စည်းပုံသစ် ရွေးကောက်ပွဲသစ်… ဖြစ်တယ်။

ယခုဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်သုံးစစ်ကို အမြစ်ဖြတ်မချေမှုန်းနိုင်သေးဘဲ ကြားဖြတ်ညွန့်ပေါင်းအစိုးရအလုပ်တွေကို အပြည့်အဝ မလုပ်နိုင်ပါဘူး။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို စက္ကူပေါ်မှာပဲ စီမံကိန်းဆွဲနေရတာဖြစ်ပါတယ်။ယခု CRPH နဲ့ NUG တင်ပြထားတဲ့ (၂၀၀၈ ဖျက်သိမ်း၊ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ဖွဲ့စည်းပုံသစ် အစိုးရသစ်) ဆိုတာကို ဘုံလုပ်ငန်းစဉ်အဖြစ် လက်ခံလို့ရပါတယ်။ ဒါပေမဲ့ အခိုင်အမာလုပ်ငန်းစဉ်မှာတော့ မတူတာတွေရှိလိမ့်မယ်။ လစ်ဘရယ်တွေက ဓနရှင်ဒီမိုကရေစီ လမ်းကြောင်းသွားလိုတာဖြစ်ပြီး၊ ရယ်ဒီကယ်တွေက ပြည်သူ့ဒီမိုကရေစီ လမ်းကြောင်းဖြစ်တယ်။ တူတာတွဲလုပ် မတူတာခွဲလုပ်ပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာကြတာပေါ့။

လောလောဆယ်မှာ စစ်ကောင်စီရဲ့ တရားလက်လွက် လက်နက်အားကိုး ဖိနှိပ်သတ်ဖြတ်မှုတွေအောက်မှာ လက်နက်ကိုင်ခုခံမှုကို တားလို့မရဘူး။ တားရင်မှားမယ်။ မလွှဲမရှောင်သာ ခုခံစစ်ကနေ စနစ်တကျပြည်သူ့စစ်ပွဲအဖြစ် ပြောင်းဖို့ကြိုးစားရမှာပါ။ လက်နက်နဲ့ဖိနှိပ်လာရင် လက်နက်ကိုင်ခုခံတော်လှန်တာ တရားတယ်ဆိုတာကို ကျွန်တော်တို့ တို့ တလျှောက်လုံးရပ်ခံခဲ့ပါတယ်။ ယခုလည်း ဒီတရားအတိုင်း လက်တွေ့လုပ်ဆောင်မှုများကို အားပေးထောက်ခံသွားမှာပါ။

(၅) က။ စစ်ရေးနဲ့နိုင်ငံခြားရေး

ဒီနှစ်ခုက ပဋ္ဋိပက္ခဖြစ်နေတယ်။ စစ်အုပ်စုက အတိုက်အခံမှန်သမျှ ထောင်ထဲနဲ့ တောထဲ မောင်းပို့နေတယ်။ မြို့ပေါ်မှာ သက်ကြီးရွယ်အို ကလေး အမျိုးသမီး ဒုက္ခိတမရှောင် ပစ်သတ်နေတယ်။ ဒီမိုကရေစီအခွင့်အရေး မှန်သမျှ စစ်မိန့်ထုတ်ပိတ်ပင်ပြီး လက်နက်ကိုင် စစ်တပ်ရဲတပ်တွေဟာ ဖက်ဆစ်ဂက်စတာပိုလို ကင်ပေတိုင်လို တရားလက်လွတ် ပြုကျင့်နေတယ်။ ဒါကြောင့် လူထုဟာ လက်နက်ကိုင်တိုက်ပွဲဖြင့် မလွှဲမရှောင်သာ ခုခံရတယ်။

စစ်ကြောင့်တော်လှန်ရေးဖြစ်ပွား တော်လှန်ရေးက စစ်ကိုဟန့်တားဆိုတာ တရားပဲ။ ဖိနှိပ်တဲ့စစ်ရှိရင် တော်လှန်တဲ့စစ်လည်း ရှိမှာပဲ။ တော်လှန်စစ်ကသာ ဖိနှိပ်တဲ့စစ်ကိုဟန့်တားနိုင်မယ်။ ဒါက ဗမာပြည်ရဲ့ ပကတိအခြေအနေပဲ။

ဒါပေမဲ့ နိုင်ငံတကာက အာဆီယံဦးဆောင်မှုနဲ့ ဗမာပြည်အရေး ကြားဝင်လာတယ်။ ဒါမထူးဆန်းပါဘူး။ စစ်အုပ်စုဟာ တလျှောက်လုံး အတွင်းမီးကို အပြင်မီးဖြစ်အောင် လုပ်နေတာ၊ တိုင်းပြည်ရောင်းစားပြီး အာဏာမြဲအောင် လုပ်နေတာကြောင့် အရပ်ကူလူဝိုင်း ဖြစ်ရတာပါပဲ။ အာဆီယံက ပြည်တွင်းရေးမစွက်ဖက်တဲ့မူအရ သွားတာပါ။ အာဆီယံကြားဝင်တာနဲ့စစ်ကောင်စီကို အသိအမှတ်ပြုတာပဲ ဆိုပြီး စေ့စပ်ရေးအလိုမရှိ သွားလုပ်နေရင် နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းအရ နုံအရာကျပါလိမ့်မယ်။

နောက်တချက်က နိုင်ငံတကာဆက်ဆံရေးမှာ အစိုးရချင်းဆက်ဆံရေးအပြင် ပြည်သူချင်း ဆက်ဆံရေး ကိုလည်း အလေးထားဖို့ လိုပါတယ်။ သံတမန်စစ်မျက်နှာမှာ မဖြစ်နိုင်တဲ့ပြည်ပစွက်ဖက်မှုကို လက်ယပ်မခေါ်မိဖို့ (လူထုကိုတလွဲ မျှော်လင့်ချက်မပေးမိဖို့နဲ့) မိမိတို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတရပ်လုံး ဘုံရန်သူစစ်အုပ်စုကို ဆန့်ကျင်တော်လှန်ရာမှာ တစည်းတလုံးတည်းရှိကြောင်းဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။

ခ။ စစ်ရေးနဲ့နိုင်ငံရေး

ဒီနှစ်ခုဟာ ပဋိပက္ခဖြစ်လို့မရဘူး။ စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်လို့ ဆိုပါတယ်။ နိုင်ငံရေးဟာ သွေးမထွက်တဲ့စစ် ဖြစ်ပြီး၊ စစ်ဟာ သွေးထွက်တဲ့နိုင်ငံရေးလို့လည်း ဆိုတယ်။ နိုင်ငံရေးနည်းအရ ဖြေရှင်းလို့ မရတော့တဲ့အခါ ဖောက်ပြန်ရေးသမားများဟာ လက်နက်နဲ့ ဖြေရှင်းတော့တာပဲ။ဒါ့ကြောင့် စစ်ကိုစတင်သူဟာ ဖောက်ပြန်ရေးသမားတွေပဲ ဖြစ်လေ့ရှိတယ်။ ဒါ့ကြောင့် စစ်စရိတ်ဟာ တိုင်းပြည်ဘက်ဂျက်ရဲ့ အများစုဖြစ်နေတယ်။ စစ်ဝါဒခေါင်းထောင်လာရင် တိုင်းပြည်မွဲ ပြည်သူဆင်းရဲ ဖြစ်တာပဲ။

လက်နက်ကိုင်တော်လှန်စစ်က နိုင်ငံရေးအရ ခုခံစစ်ပဲ။ ဗိုလ်ကျအနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ပြည်သူကိုကာကွယ်ဖို့နဲ့ ရန်သူကိုချေမှုန်းဖို့ ဖြစ်တယ်။ ကာကွယ်တာလည်း စစ်ပဲ။ ချေမှုန်းတာလဲစစ်ပဲ။ စစ်ရဲ့တက်ကြွတဲ့သဘောက ရန်သူကိုချေမှုန်းတာဟာ ကိုယ့်ကိုယ်ကိုကာကွယ်တာပဲလို့ ဆိုတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရုံသက်သက်ဆိုရင် စစ်မတိုက်ပဲ ပုန်းနေလည်း ဖြစ်တာပဲ။ ဒါ့ကြောင့် စစ်ဆိုတာ မတက်မကြွတိုက်လို့ မရဘူး။ မတိုက်ခင်က ရှုံးပြီးဖြစ်လိမ့်မယ်။

တော်လှန်စစ်ဆိုတာ ပြည်သူ့လွတ်မြောက်ရေးစစ်၊ စစ်သုံးစစ်ကို အပြတ်ချေမှုန်းတဲ့စစ် ဖြစ်တယ်။ စစ်တိုက်တာဟာ နိုင်ငံရေးရည်မှန်းချက်ကိုရအောင်လုပ်တာပဲ။ ဒါ့ကြောင့် စစ်ဆိုတာ နိုင်ငံရေးကိုနာခံရတယ်။

ဂ။ စစ်နဲ့ စေ့စပ်ညှိနှိုင်းရေးစစ်ပွဲရှည်ကြာလာတာနဲ့အမျှ တဖက်နဲ့တဖက် အပြတ်မချေမှုန်းနိုင်တဲ့အခါ စေ့စပ်ရတာပါပဲ။ ဗမာပြည်ပြည်တွင်းစစ် နှစ်၇၀ကျော်သမိုင်းမှာ အောင်မြင်တဲ့စေ့စပ်ညှိနှိုင်းမှုဆိုတာမရှိခဲ့ပါဘူး။

၁၉၈၉ ဗကပ အရှေ့မြောက် ဖရိုဖရဲဖြစ်ပြီးနောက် ကွဲထွက်သွားတဲ့ ဒေသန္တရ လူမျိုးစု လက်နက်ကိုင်အဖွဲများဟာ ထိုစဉ်ကစစ်ကောင်စီ (နဝတ – နအဖ) နဲ့ နားလည်မှုယူထားတဲ့ လူကြီးလူကောင်း သဘောတူညီချက်ဆိုတာပဲ ရှိခဲ့တယ်။ နိုင်ငံရေးကို နောင်တက်မယ့်အစိုးရနဲ့ဆွေးနွေးဆိုပြီး လုပ်ခဲ့တယ်။

ဒီလိုနဲ့ ငြိမ်းအဖွဲ့တွေဆိုတာ ပေါ်လာတယ်။ ဒီအထဲမှာ ဗကပကနေ ခွဲထွက်သွားတဲ့အဖွဲ့တွေကော ဗကပနဲ့ တချိန်က မဟာမိတ်ပြု လက်တွဲခဲ့တဲ့အဖွဲ့တွေကော ပါတယ်။ သိကြတဲ့အတိုင်းပဲ ၂၀၀၈ခြေဥပေါ်လာပြီး တပ်ချုပ်မူ ၆ချက်အောက်မှာ NCA အပစ်ရပ်စာချုပ်တောင် ယခုအထိ မချုပ်ဆိုနိုင်သေးဘူး။

ဒီနေရာမှာ အဓိကတင်ပြချင်တာက စစ်အုပ်စုဟာ စေ့စပ်ဆွေးနွေးရေးနဲ့ပတ်သက်လို့ ဘယ်တုန်းကမှ မရိုးသားခဲ့ဘူး ဆိုတာပါပဲ။

ဗကပ ဖရိုဖရဲဖြစ်သွားတော့ ဒီချုပ်ဟာ အဓိကရန်သူ ဖြစ်သွားတယ်။ ၈လေးလုံးအရေးတော်ပုံကို နှိမ်နင်းဖို့ လူမျိုးစုအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ အပစ်ရပ်တယ်၊ လူမျိုးစုအမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြားမှာလည်း သွေးခွဲရန်တိုက်ပြီး တဖွဲ့ကိုချော့မြှူ-တဖွဲ့ကိုတိုက်တယ်။ စစ်အုပ်စုဟာ မသေမချင်း ဒီပေါ်လစီအတိုင်း သွားနေမှာပဲဆိုတာ မယုံမရှိနဲ့။

ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ သမိုင်းတလျှောက် မရိုးမသား ကောက်ကျစ်တဲ့သဘောထားကို အစဉ်သတိပြုသင့်တယ်။ တော်လှန်ရေးကိုဆင်နွှဲရင်း တချိန်ချိန် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့ရင်တောင်မှ ရောက်ရှိတဲ့အခြေအနေပေါ်မှာမူတည်ပြီး စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်။ စေ့စပ်ဆွေးနွေးရေးတံခါးကို ကိုယ့်ဘက်က ပိတ်ထားတာမဟုတ်ဘဲ စေ့စပ်ဆွေးနွေးရေးကို သူ့ဘက်ကသာ တလျှောက်လုံး တရားမဲ့မှု၊ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ မရိုးမသားလုပ်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းပြည်ပ အားလုံးရှင်းလင်းအောင် မီးမောင်းထိုးပြပေးနိုင်ဖို့ လိုပါတယ်။

ပြည်တွင်းမှာသာမက အပြည်ပြည်ဆိုင်ရာမှာလည်း ဒီအတိုင်းပဲ။ ပြီးလွယ်စီးလွယ် ကတိတွေပေးပြီး မလိမ့်တပတ်လုပ် ထွက်ပေါက်ရှာတာပဲ။ လိမ်ညာ လှည့်ဖြား အချိန်ဆွဲ သွေးခွဲ ဖိနှိပ် ဖြားယောင်း ထွက်ပေါက်ရှာတာမှအပ ဘာမှမျှော်လင့်လို့မရ။

ဒီလို ကောက်ကျစ်စဉ်းလဲတဲ့ စစ်အုပ်စုဝင်တွေဟာ ဦးကြည်မောင်ပြော သလို နုရင်ဘတ်ခုံရုံးမှာ အစစ်အဆေးခံဖို့ ပို့ရမှာပါ။ ဒါသာ သူတို့နဲ့ထိုက်တန်ပါတယ်။

ဦးဝင်းတင်ပြောသလို စစ်အစိုးရရဲ့ကျေးဇူး တိုင်းပြည်မှာ မူးလို့တောင် ရှူစရာမရှိပါဘူး။

မောင်သန်းမြရွှေ (၁၁ မေ ၂၀၂၁)

အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်

အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အင်တာဗျူးပြောကြားချက်(ဒုတိယပိုင်း)(ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ Morning Star နေ့စဉ်သတင်းစာရဲ့ ဧပြီလ ၂၆ ရက်နေ့စွဲနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုတင်ပြပါတယ်။)

ဗမာပြည် စစ်အာဏာသိမ်းမှုနဲ့ (ဒေါ်)အောင်ဆန်းစုကြည်ဗမာပြည်ကွန်မြူနစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူနဲ့ Morning Star သတင်းစာရဲ့သီးသန့်အင်တာဗျူး ဒုတိယပိုင်းမှာ စစ်တပ်ထိပ်သီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားက ပဋိပက္ခရဲ့ဇာစ်မြစ်တွေအပေါ် သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာပုံကို KENNY COYLE က မေးမြန်းထားပါတယ်။

စစ်ခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်ကတည်းက ဗမာပြည်ရဲ့ နိုင်ငံရေးစင်မြင့်ကို တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံ လွှမ်းမိုးချုပ်ကိုင်ထားတာပါ။ အာဏာရှင်စနစ်ကို ဗြောင်ကျင့်သုံးပြီးဖြစ်စေ၊ အဓိက အရပ်သားပါတီဖြစ်တဲ့ (ဒေါ်)အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မရေရာမခိုင်မာတဲ့ ညွန့်ပေါင်းဖွဲ့ပြီးဖြစ်စေ ချုပ်ကိုင်ခဲ့ပါတယ်။

သို့ပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အဆိုအရ စစ်အုပ်စုထိပ်သီးတွေနဲ့ပတ်သက်လို့ စစ်တပ်ကို နိုင်ငံရေးအင်အားစု တရပ်အဖြစ်သာ ရိုးရိုးလေး ရှုမြင်လို့မရပါဘူး၊ စီးပွားရေးအင်အားစုတရပ်အဖြစ်ပါ ရှုမြင်ရပါလိမ့်မယ်။

“စစ်တပ်နဲ့ ဒီချုပ်ကြားက ပဋိပက္ခတွေက ကြာတော့ကြာပါပြီ။ အဓိက အကြောင်းကတော့ တိုင်းပြည်ရဲ့ အာဏာရအုပ်စိုးသူတွေကြားမှာ စစ်တပ်က သူ့ဘာသာသူကို အုပ်စုတစု ဖြစ်လာပါတယ်။ ဘယ်အရပ်သားအစိုးရနဲ့မှ အဆင်ပြေအောင် ဆက်ဆံဖို့ စိတ်ကူးမရှိဘူး၊ လက်အောက်ခံအနေနဲ့နေဖို့ဆိုတာတော့ ဝေးပါတယ်။ ဒါက ခေတ်သစ် ဗမာပြည်သမိုင်းမှာ ပထမဆုံး စစ်အာဏာရှင်ဖြစ်တဲ့ နေဝင်းဆီကနေ အမွေဆက်ခံထားတဲ့ အတွေးအခေါ် ဖြစ်ပါတယ်” လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဗကပရဲ့အမြင်အရ ပွတ်တိုက်မှုဖြစ်ရတဲ့အကြောင်းအချက်တခုက နှစ်အုပ်စုလုံး “ဗမာပြည်ရဲ့ အချမ်းသာဆုံးအလွှာဖြစ်တဲ့ ဗျူရိုကရက်အရင်းရှင်တွေကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ သူတို့က အုပ်စု တအုပ်စုစီနဲ့ ပတ်သက်တယ်။ ဘယ်အုပ်စုကမှ သာမန်ပြည်သူတွေ ချမ်းသာလာအောင်လုပ်ဖို့၊ ဆင်းရဲချမ်းသာကွာဟနေတာကို ကျဉ်းသွားအောင်လုပ်ဖို့ စိတ်မဝင်စားကြပါဘူး”“အုပ်စုနှစ်စုကြားက ပဋိပက္ခက ဟိုအကျိုးစီးပွား သည်အကျိုးစီးပွားနဲ့ ပတ်သက်လို့၊ ဟိုလုပ်ငန်း သည်လုပ်ငန်းနဲ့ ပတ်သက်လို့ဆိုပြီး တိတိကျကျရှိနေတာ မဟုတ်ပေမယ့် စီးပွားရေးအရလည်း အုပ်စုနှစ်စုကြားမှာ ပဋိပက္ခရှိနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး”စစ်တပ်ရဲ့အကျိုးအမြတ်အထွက်ဆုံး ချမ်းသာအောင်လုပ်တဲ့ပုံစံက သတ္တုတူးဖော်ရေးကနေ စိုက်ပျိုးမွေးမြူရေးအထိ၊ ဘဏ်လုပ်ငန်းကနေ ဆက်သွယ်ရေးလုပ်ငန်းတွေအထိ ဗမာပြည်ရဲ့ စီးပွားရေးကဏ္ဍတိုင်းလိုလိုမှာ ပါဝင်ပတ်သက်နေတဲ့ ဧရာမ လက်ဝါးကြီးအုပ် ကုမ္ပဏီကြီးနှစ်ခုကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

“စစ်ဗိုလ်ချုပ်တွေရဲ့ ကုမ္ပဏီအုပ်စုကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ဗမာပြည်ရဲ့ စီးပွားရေးကို စိုးမိုးချုပ်ကိုင်ထားပြီးတော့ ဗိုလ်ချုပ်တွေက အဲဒီအုပ်စုနှစ်စုရဲ့ ဖြစ်ထွန်းတိုးတက်မှုနဲ့ပတ်သက်လို့ အတော့်ကို ဆတ်ဆတ်ထိ မခံပါဘူး”“နောက်ဆုံးလုပ်တဲ့ ရွေးကောက်ပွဲပြီးတော့ ဗိုလ်ချုပ်တွေက သူတို့ အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ကုမ္ပဏီအုပ်စုကြီးတွေကို ထိခိုက်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့လာရလို့ ဆိုင်းမဆင့်ဗုံမဆင့် လုပ်လိုက်တာဖြစ်တယ်လို့ ပြောတာတွေလည်း ရှိပါတယ်”

ဒါပေမဲ့ ပါတီကို ကိုယ်စားပြုသူက အခုလို မှတ်ချက်ပြုပါတယ် “ကျွန်တော်တို့ တိုင်းပြည်မှာ နောက်ဆုံးပေါ်ထွက်လာတဲ့ ပဋိပက္ခဟာဖြင့် ဘယ်ပြဿနာကြောင့်ဖြစ်တာပါဆိုပြီး တိတိကျကျထောက်ပြဖို့ ခက်ပါတယ်။ ပြည်သူတွေက ဘယ်လောက်ပဲ ဆန္ဒရှိသည်ဖြစ်စေ နှစ်ဖက် အလျှော့မပေးကြဘဲ စစ်တပ်နဲ့အရပ်သားအစိုးရကြားမှာ သံသယတွေ၊ အမြင်စောင်းတာတွေက ရှိနေတာ ကြာပါပြီ”

“၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းကတည်းက ဒီတိုင်းပြည်မှာ ဘယ်အရပ်သားအစိုးရမှ ဆယ်နှစ်ထက် ပိုမခံပါဘူး။ သူတို့အားလုံး သေနတ်သမားတွေ ရှေ့မှောက်မှာ ဒူးထောက်ရတာချည်းပါ။ ၁၉၈၈ ခုနှစ် အုံကြွမှုတွေဖြစ်ပြီး နောက်ပိုင်းမှာကတည်းက ဒီချုပ်ကို အဲဒီလို ဒူးထောက်စေချင်လို့ စစ်တပ်က ဖိအားပေးလာတာ ဖြစ်ပါတယ်။ တချိန်တည်းမှာ လိုအပ်ရင် အာဏာသိမ်းမှုတွေလုပ်ဖို့လည်း သူတို့က ပြင်ဆင်ထားတာပါ”“ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ ‘အာဏာသိမ်း’ စကားက စစ်တပ်အတွက် အရပ်သား နိုင်ငံရေးသမားတွေကိုခြိမ်းခြောက်ဖို့ အသုံးတည့်တဲ့စကား ဖြစ်လာပါတယ်။ ဒီတခါ သူတို့က ပြောရင်ပြောသလိုလုပ်တယ်လို့ သက်သေပြလိုက်တာပေါ့။ ရှေ့က သူတို့ရဲ့အစဉ်အဆက်ခေါင်းဆောင်တွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းလိုက်တာလို့ သူတို့ပြောမယ်ဆို ပြောနိုင်ပါတယ်” လို့ ဗကပကို ကိုယ်စားပြုသူက ဆိုပါတယ်။

ဒီချုပ်နဲ့ဆိုင်တဲ့ ကွန်မြူနစ်အမြင်က ပိုပြီးတော့ အနုစိတ်ပါတယ်။ အဖွဲ့ချုပ်မှာ သမိုင်းဝင် နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် (ဗိုလ်ချုပ်)အောင်ဆန်းဆီကနေ သူ့သမီးဖြစ်သူ (ဒေါ်အောင်ဆန်း)စုကြည်ထံ လွှဲပြောင်းရောက်လာတဲ့ ကြည်ညိုလေးစားမှုအပေါ် တည်ဆောက်ထားတဲ့ အစစ်အမှန်ပါတီဝင်ထု ရှိပါတယ်။ ဒါပေမဲ့ ဒီချုပ်တည်ထောင်သူ ခေါင်းဆောင်တွေကြားမှာ ယခင်စစ်အစိုးရတွေနဲ့ ဆက်စပ်ပတ်သက်သူတွေ ရှိခဲ့ပါတယ်။

“၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် နိုင်ငံရေးအုံကြွမှုတွေကနေ ဒီချုပ်ပါတီ ပေါ်ထွက်လာပါတယ်။ လူထုလှုပ်ရှားမှု ဒီရေလှိုင်းကို သူတို့စီးနိုင်ခဲ့တယ်။ ပြည်သူတွေများစွာရဲ့ လေးစားချစ်ခင်မှုကို ရယူနိုင်ခဲ့ပါတယ်”“ဒါပေမဲ့ ဒီချုပ်က ဒီအရေးတော်ပုံကို ဦီးဆောင်ခဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ တခြားထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တွေ ( သူတို့ထဲကတချို့က မာ့က်စ်ဝါဒီတွေပါ) ကြောင့် အရေးတော်ပုံရဲ့ အောင်သီးအောင်ပွင့်ကို သူတို့ဆွတ်ခူးသွားတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်”

“အဲဒီအချိန်မှာ လူသိထင်ရှား ခေါင်းဆောင်တယောက်လိုနေတဲ့ လူထုက (ဒေါ်အောင်ဆန်း)စုကြည်ကို ထိပ်ကို တွန်းပို့လိုက်တာပါ။ ဘာနိုင်ငံရေးအတွေ့အကြုံမှမရှိတော့ သူက ဗမာပြည်ကို တန်းပြီးတော့ အနောက်တိုင်းပုံစံနိုင်ငံရေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်”“အထွဋ်အထိပ်ကို ရောက်သွားပြီးတော့ နောက်နှစ်နှစ်လောက်ရှိတဲ့အခါ ဒေါ်စုက အဖွဲ့အစည်းထဲကနေ လက်ဝဲယိမ်းတယ်လို့ ယူဆရသူအားလုံးကို ထုတ်ပစ်လိုက်ပါတယ်။ လူအတော်များများကတော့ သူအဲသလို လုပ်တာဟာ ဗမာပြည်နိုင်ငံရေးလောကမှာရှိတဲ့ လက်ယာအမာခံတွေ (စစ်တပ်တောင် ပါကောင်းပါနိုင်ပါတယ်) က အကြံပေးတာကြောင့်လို့ ယူဆကြတယ်။

NLD မှာပါတဲ့ L က အဖွဲ့ချုပ်ကို ညွှန်းတာပါ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြပြီးတော့ အဲဒီနောက်မှာလည်း ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့လို ခေါင်းဆောင်တွေ တည်ထောင်ခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) AFPFL မှာ ညွှန်းသလိုပါပဲ”

၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သူ့အဖေနဲ့ ဒေါ်စုကြားကဆက်စပ်မှုက သူ့ကို အမျိုးသားခေါင်းဆောင်အဖြစ် တာဝန်ကို လွှဲပြောင်းယူခွင့်ပြုခဲ့ပါတယ်။ ဒီလိုလုပ်တာကို တခြားစစ်မှုထမ်းဟောင်းတွေက ဝန်းရံထောက်ခံပြီး ကျားကန်ပေးခဲ့ကြတယ်။“NLD ဒီနာမည်ရလာတာက ဦးအောင်ကြီးနဲ့ ဦးအောင်ရွှေတို့ ခေါင်းဆောင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့နဲ့ ဒေါ်စုနဲ့ မောင်နှမဝမ်းကွဲတော်တဲ့ ဦးစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီတို့ ပေါင်းစပ်ထားလို့ ရလာတာပါ။ ဒါကြောင့် သူတို့အဖွဲ့ရဲ့နာမည်မှာ ‘အဖွဲ့ချုပ်’ ဆိုတာကို ထည့်လိုက်တာဖြစ်ပါတယ်။

ဦးအောင်ကြီးနဲ့ ဦးအောင်ရွှေက (အခုတော့ နှစ်ယောက်လုံး မရှိတော့ပါဘူး) အငြိမ်းစား စစ်ခေါင်းဆောင်တွေ ဖြစ်သလို ရန်/ငါပြတ်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေလည်း ဖြစ်ပါတယ်။ အဲဒီအုပ်စုတွေထဲမှာ ဘယ်အစုကမှ တိုင်းပြည်မှာရှိတဲ့ အလုပ်သမား၊ လယ်သမား၊ အခြေခံ ဆင်းရဲသားလူတန်းစားတွေကို ကိုယ်စားမပြုပါဘူး”အန်အယ်လ်ဒီ ခေါင်းဆောင်တဲ့ အရပ်သားအစိုးရတွေက မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု အများစုကြီးရဲ့ ဘဝတွေကို ထိထိရောက်ရောက်နဲ့ ပြတ်ပြတ်သားသား တိုးတက်ကောင်းမွန်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါ့အပြင် (ဒေါ်အောင်ဆန်း)စုကြည်ရဲ့ စစ်တပ်ဂိုဏ်းနဲ့ ပူးပေါင်းမှုနဲ့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဘာသာခြား လူနည်းစုတွေအပေါ်မှာရှိတဲ့ ရှော်ဗင်နစ် လူမျိုးကြီးဝါဒအမြင် စွဲကပ်မှုတွေကြောင့် ယခင်က ထောက်ခံခဲ့သူတွေကို ဝေးကွာသွားစေခဲ့ပါတယ်။

“၁၉၈၈ ခုနှစ် မငြိမ်မသက်ဖြစ်မှုတွေ နောက်ပိုင်းမှာ ဒီချုပ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အတော်လေး ထောက်ခံကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၂၁ ရာစုကို ရောက်လာချိန်မှာတော့ သူတို့ ရွှေထီးဆောင်းခဲ့တဲ့အချိန်တွေ ကျန်ခဲ့ပါပြီ။ အခုဆိုရင် ဗမာပြည်က ပြည်သူတွေ အတော်များများက ဒီချုပ်အ‌ပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပါ သူတို့နှစ်တချို့ အုပ်စိုးပြီးနောက်မှာ ယုံကြည်မှု ပျောက်ဆုံးလာကြတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ မကြာခဏ ပေါင်းဖက်ပြီးလုပ်ကိုင်ကြတာတွေ တွေ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ ပကတိရုပ်ကို မြင်လိုက်ရပြီလို့ လူတွေက ယူဆကြပါတယ်။ အခုဆိုရင် တချို့က လူသိရှင်ကြား ဝေဖန်ရှုတ်ချလာကြတယ်”“ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အာဏာသိမ်းခံရတဲ့ ဒီချုပ်လွှတ်တော်အမတ်တချို့) က အလုပ်အတူတူ လုပ်ကြဖို့ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချဉ်းကပ်ဖို့ ကြိုးပမ်းတဲ့အခါ ခေါင်းဆောင်တချို့က စိတ်ပါလက်ပါ မရှိကြဘူး။ “တကယ်လို့များ ဒေါ်စု လွတ်လာခဲ့ရင် ခင်ဗျားတို့က သူ့ကို ခင်ဗျားတို့ အရေးတော်ပုံရဲ့ခေါင်းဆောင်ဆိုပြီး တင်မြှောက်လိုက်ရင် ဘယ့်နှယ်လုပ်ကြမလဲ” ဆိုပြီး ပြောကြပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေါ်လစီနဲ့ပတ်သက်လို့ သူတို့ရဲ့ သံသယတွေကို ပြနေတာပါ။

”မည်သို့ဆိုစေ တတိုင်းပြည်လုံးမှာရော နိုင်ငံတကာမှာပါ အဲဒီလို ဩဇာတိက္ကမကြီးမားတဲ့ တခြားသူတယောက် ပေါ်မလာသေးပါဘူး။ လူထုအရေးတော်ပုံက လူပုဂ္ဂိုလ်အခြေခံတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်မှုနဲ့ မတူတဲ့ တခြားသင့်တော်လက်ခံနိုင်တဲ့ ရွေးချယ်စရာတခုကို မပေးသေးပါဘူး။

“သူက စစ်ဗိုလ်ချုပ်တွေနဲ့ အလိုတူအလိုပါ ရိုဟင်ဂျာတွေကို အသိအမှတ် မပြုခဲ့တာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ မျက်မှောက်အရေးတော်ပုံမှာ ရှေ့ထွက်ခေါင်းဆောင်တယောက် လိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်တကြော့ ပြန်ပေါ်ချင် ပေါ်လာနိုင်ပါတယ်”

“အရေအတွက်အားဖြင့်ရော ဆန္ဒပြမှုပုံစံတွေအနေနဲ့ပါ အရှိန်အဟုန်ရလာနေတဲ့ မျက်မှောက် လူထုအရေးတော်ပုံကနေ သူက ဖီးနစ်ငှက်လို ပြန်ရှင်သန်နိုးထလာမလား၊ ပြာဖြစ်ပြီး နိဂုံးချုပ်သွားမလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်”

သူက သူ့အဖေရဲ့ကျော်ဇောမှုအပေါ်ကနေ အမြတ်ထုတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ လက်ဝဲ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးသမိုင်းနဲ့ပတ်သက်ပြီး ဆိတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။“ဒေါ်အောင်ဆန်းစုကြည်က လက်ယာသမားဖြစ်တဲ့ သူ့အမေရဲ့ထိန်းကျောင်းမှု အောက်မှာနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတခုမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ သူ့အဖေ လုပ်ကြံခံရတော့ သူကနှစ်နှစ်သမီးအရွယ်ပဲ ရှိပါသေးတယ်။ နောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ သူ့အဖေရဲ့အခန်းနဲ့ ပတ်သက်လို့ တခါမှ မပြောဖူးပါဘူး။

သူ့ကို ပခုံးထမ်းတင်ပေးခဲ့တဲ ဒီချုပ်ပါတီရဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေကို ‘လက်ဝဲတွေ’ ဖြစ်လို့၊ ‘ကွန်မြူနစ်တွေ’ ဖြစ်လို့ဆိုပြီး ထုတ်ပစ်ခဲ့စဉ်က သူထောက်ခံခဲ့တာကိုလည်း ကျွန်တော်တို့ မေ့ပစ်လို့ မဖြစ်ပါဘူး”

အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်

အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အင်တာဗျူးပြောကြားချက်(ပထမပိုင်း)(ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ Morning Star နေ့စဉ်သတင်းစာရဲ့ ဧပြီလ ၂၆ ရက်နေ့စွဲနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုတင်ပြပါတယ်။)

(ပထမပိုင်း)အပိုင်းနှစ်ပိုင်းပါဝင်တဲ့ အင်တာဗျူးရဲ့ပထမပိုင်းမှာ စစ်အစိုးရရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ တလွဲတချော် စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ Kenny Coyle က ဗမာပြည်ကွန်မြူနစ်ပါတီကို မေးမြန်းထားပါတယ်။

ဗမာပြည်က ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဟာ တိုင်းပြည်မှာ ကာလကြာရှည် တည်ရှိခဲ့တဲ့လူမှုရေး၊ စီးပွားရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ပဲဖြစ်တယ်လို့ သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီက ဆိုပါတယ်။ (စစ်တပ်က ရွေးချယ်ထားတဲ့ Myanmar ဆိုတဲ့နာမည်အစား Burma ကိုသုံးဖို့ ပါတီက ပိုလိုလားပါတယ်။ တခြား အတိုက်အခံအင်အားစုတချို့လည်း ထို့အတူပါပဲ)။

ဗြိတိသျှအုပ်စိုးခံကိုလိုနီဘဝမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို တော်လှန်ရေးသမား အစုတစုက ၁၉၃၉ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းတည်ထောင်ပါတယ်။ ပါတီ စတင်တည်ထောင်သူတွေထဲမှာ အမျိုးသားသူရဲကောင်းဖြစ်တဲ့ (ဗိုလ်ချုပ်)အောင်ဆန်းလည်း အပါအဝင် ဖြစ်တယ်။

ပါတီဟာ ပြည်ပက ကျူးကျော်အုပ်စိုးသူတွေနဲ့ ပြည်တွင်းက ဖိနှိပ်အုပ်စိုးသူ စစ်အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ရှည်ကြာလှတဲ့ နှစ်ကာလများအပါ ဆယ်စုနှစ်များစွာ မတရားသင်းအဖြစ် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်များ နှောင်းပိုင်းမှာ ဗမာပြည်ရဲ့ နယ်စပ်ဒေသတွေမှာ ကျန်နေသေးတဲ့အခြေခံဒေသတွေကို လက်လွှတ်ဆုံးရှုံးရမှုနဲ့အတူ ကြီးမားတဲ့ပဋိပက္ခကို ပါတီက ကြုံတွေ့ဖြတ်သန်းရပါတယ်။ အဲဒီနောက်မှာ တကွဲတပြားစီဖြစ်ကြရပြီး သူတို့ရဲ့မြေအောက်စုဖွဲ့မှုတွေကို ပြည်တွင်းမှာရော ပြည်ပက အဝေးရောက် အသိုက်အမြုံတွေထဲမှာပါ ပြန်တည်ဆောက်ခဲ့ရပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက မျက်မှောက်ပဋိပက္ခကို မီးမောင်းထိုးပြပြီး “လက်နက်မဲ့ပြည်သူတွေအပေါ် ရက်ရက်စက်စက် စစ်ခင်းတိုက်ခိုက်နေတဲ့ သူရဲဘောကြောင်တဲ့ ဖိနှိပ်သူစစ်တပ်ကို လူထုလူတန်းစားအလွှာစုံက ပြည်သူတွေဟာ စံတင်လောက်တဲ့သတ္တိနဲ့ တိုက်ပွဲဝင်နေကြပါတယ်” လို့ ပြောပါတယ်။

“သတ္တိပြောင်တဲ့ ကျွန်တော်တို့ပြည်သူတွေကို ကျွန်တော်တို့ပါတီက တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး အားပေးထောက်ခံနေပါတယ်”။ ယနေ့မြင်တွေ့နေရတဲ့ စစ်အစိုးရဟာ ၁၉၆၂ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အာဏာရလာတာမှာ မြစ်ဖျားခံပါတယ်။ မဆလကို မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်ပါတီလို့လည်း သိကြပါတယ်။

မဆလပါတီဟာ ဆိုရှယ်လစ်လမ်းကိုလျှောက်ဖို့မပြောနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းရေးနဲ့ လူထုဘဝ သာယာဝပြောရေးတို့ကိုမြှင့်တင်နိုင်တဲ့ အလားအလာတွေကို အလဟဿဖြစ်စေခဲ့တယ်၊ ခရိုနီအရင်းရှင်စနစ်နဲ့ တိုင်းပြည်ကို အောက်ကျနောက်ကျ ဖြစ်စေခဲ့တယ်လို့ ဗကပက မြင်ပါတယ်။

“၁၉၆၂ ခုနှစ်မှာ ဗိုလ်နေဝင်းနဲ့ မဆလ အာဏာသိမ်းကတည်းက ဗမာပြည်ဟာ လူ့အဖွဲ့အစည်းအနေနဲ့ရော စီးပွားရေးမှာပါ မတိုးတက်သလောက်ပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနဲ့ တခြားနယ်ပယ်များစွာအပါအဝင် နယ်ပယ်တိုင်းမှာ အရည်အသွေးရော အရည်အချင်းပါ ကျဆင်းလာတာကို အလွယ်တကူတွေ့နိုင်ပါတယ်”။ “အရင်ကနဲ့စာရင် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ၊ ကုမ္ပဏီတွေ ပိုများလာတယ်လို့ တယောက်ယောက်ကပြောလာရင် အဲဒါတွေကနေ ဘယ်သူတွေ အကျိုးအမြတ်တွေ ရနေသလဲဆိုတာ ကြည့်လိုက်ပါလို့ပဲ ကျွန်တော်တို့ ထောက်ပြပါ့မယ်”။ “သူတို့အုပ်စိုးစဉ်မှာ သာမန်ပြည်သူတွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးများအပါ အုပ်စိုးသူလူတန်းစားက ပြောပါတယ်။ အတိအကျပြောရရင် လူဦးရေ သန်း ၅၀ လောက်ရှိတဲ့နိုင်ငံမှာ အလုပ်သမားက ၅၀၀၀၀၀ ရှိပါတယ်”။ “သာမန်ပြည်သူတွေ အလုပ်အကိုင်တွေရကြတာ မှန်ပါတယ် ဒါပေမဲ့ အမြတ်အစွန်းတွေက ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေနဲ့ သူတို့ခရိုနီတွေမျိုးစုံရဲ့အိတ်ကပ်တွေထဲပဲ ရောက်တာပါ”။ “စစ်ဗိုလ်ချုပ်တွေ ဗမာပြည်မှာ မိတ်ဆက်ပေးခဲ့တဲ့ စက်မှုလုပ်ငန်းဆိုတာတွေမှာ အများစုက ခေတ်မီနည်းပညာတွေ၊ အကြီးစားရင်းနှီးမြုပ်နှံမှုတွေမပါဝင်တဲ့ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းလေးတွေပါ”ဗမာပြည်ဟာ သွေးစုပ်အမြတ်ထုတ်တဲ့ ခရိုနီအရင်းရှင်စနစ်ရဲ့ စံနမူနာတခု ဖြစ်ပါတယ်။ ဒီစနစ်မှာ စစ်တပ်က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်။ ပြည်သူလူထု အများတကာ့အများစုကြီးကို ဆင်းရဲတွင်းနက်စေပြီး လက်တဆုပ်စာကိုသာ ကြီးပွားချမ်းသာစေပါတယ်။

“မိုးမျှော်အဆောက်အဦး အသစ်ကြီးတွေ၊‌ ခေတ်ပေါ်ကားတွေ မြင်ရတွေ့ရတဲ့အခါ ဒါတွေကို ဘယ်သူပိုင်သလဲလို့ မမေးဘဲ မနေနိုင်ပါဘူး။ ဒါဟာ ဝင်ငွေအမြင့်ဆုံးနဲ့ အနိမ့်ဆုံးလူတွေကြားက ဝင်ငွေကွာဟမှုကို ညွှန်ပြနေတာသာ ဖြစ်ပါတယ်”

တခြားအရှေ့တောင်အာရှ နိုင်ငံတချို့နည်းတူ ဗမာပြည်ကလည်း သူ့လူဦးရေရဲ့ အတော်ကြီးမားတဲ့ အစိတ်အပိုင်းကို ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပြည်ပကိုတင်ပို့ပါတယ်။ အတော်များများက တရားမဝင် လုပ်ကိုင်နေကြရသလို အလွန်အမင်းသွေးစုပ်ခံရပေမယ့် သူတို့က တိုင်းပြည်အတွက် သိသာကြီးမားတဲ့ ငွေလွှဲပို့မှုကနေရတဲ့ ဝင်ငွေရင်းမြစ်တခု ဖြစ်လာပါတယ်။

“တနေ့ကပဲ ဗမာပြည်က လက်ရှိအစိုးရရဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတချို့ကို ကျွန်တော် သတိထားလိုက်မိပါတယ်။ အဲဒီမှာ ‘ယခုနှစ် ဇွန်လတိုင် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ စုစုပေါင်းငွေလွှဲပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိသည်’ လို့ ဆိုပါတယ်။ ဒါ့အပြင် ‘တရားဝင်ငွေလွှဲပို့မှုသည် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ဝ.၈၁ ရာနှုန်းရှိပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ၁.၀၆ ရာနှုန်း ရှိသည်’ လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ခုနှစ်အတွက် ဖော်ပြချက်က ၃.၂ ရာနှုန်း ဖြစ်ပါတယ်။“ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပြီးနောက်မှာနဲ့ လတ်တလောပဋိပက္ခ ပေါ်လာပြီးနောက်မှာ ရွှေ့ပြောင်းလုပ်သားတွေက ပြည်တွင်းမှာကျန်ခဲ့တဲ့ သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့မိသားစုဝင်တွေဆီကို ငွေပြန်မပို့နိုင်တော့ပါဘူး။ မိသားစုဝင်တွေဟာ ကျော်လွှားဖို့ခက်တဲ့ဒုက္ခတွေ ကြုံနေကြရတာပါ။ ပြည်ပရွှေ့ပြောင်းအလုပ်သမားအများစုက ပြည်ပကို တရားမဝင် ထွက်ခွာသွားသူတွေ ဖြစ်ပါတယ်။ ဗမာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေက များသောအားဖြင့် ထိုင်း၊ တရုတ်၊ မလေးရှား စတဲ့ အိမ်နီးခြင်းနိုင်ငံတွေမှာ အလုပ်လုပ်ကြတယ်။ စုစုပေါင်း ငါးသန်းလောက် ရှိပါလိမ့်မယ်။ ဗမာအလုပ်သမားတွေကို အလှမ်းဝေးတဲ့ နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ တောင်ကိုရီးယားနဲ့ ဂျော်ဒန်တို့လို နိုင်ငံတွေမှာတောင် တွေ့နိုင်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ ဦးမျိုးအောင်ကတော့ ထိုင်းနိုင်ငံ တနိုင်ငံတည်းမှာကို သုံးသန်းလောက်ရှိတယ်၊ အများစုက လုပ်ခလစာနည်းနည်းပဲရတဲ့ အလုပ်ကြမ်းလုပ်ရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်”မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လုပ်နိုင်သူဦးရေရဲ့ ၁၀ ရာနှုန်းလောက်က ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ တချို့ခန့်မှန်းချက်တွေက ဆိုပါတယ်။

အဲဒီလို အလုပ်လုပ်နေသူတွေအပြင် ထိခိုက်အနာတရ ဖြစ်နိုင်တဲ့ မြန်မာပြည်သူအများစုဟာလည်း တိုင်းပြည်နယ်နိမိတ်အပြင်က ဒုက္ခသည်စခန်းတွေကို တဖွဲဖွဲရောက်နေတာပါ။ ပြည်ပမှာ တခါထပ်ပြီးတော့ ဘေးအန္တရာယ်အသွယ်သွယ်ကို မကြာခဏ ကြုံကြရပါသေးတယ်။

“ဗမာပြည်ရဲ့ အိမ်နီးခြင်းနိုင်ငံတွေဆီတင်ပို့တဲ့ တခြားပို့ကုန်တခုကတော့ စစ်ကြောင့်ပဲဖြစ်ဖြစ်၊ လူမျိုးရေးဖိနှိပ်မှုကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရပ်ကိုယ့်ရွာကိုစွန့်ခွာကြရတဲ့ ဒုက္ခသည်တွေပဲ ဖြစ်ပါတယ်။ စခန်းတခုတခုမှာ အနည်းဆုံး ၁၀၀၀၀၀ လောက်ရှိတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့စခန်းတွေက နယ်စပ်တွေတလျှောက်မှာ အနှံ့အပြားရှိနေတာပါ။ အိမ်ရှင်နိုင်ငံတွေရဲ့ အထင်သေးအမြင်သေးခံပြီး နေနေရတာပါ”တိုင်းပြည်က သဘာဝသယံဇာတတွေ ပေါကြွယ်ဝပေမယ့် အုပ်စိုးသူ ထိပ်သီးတွေက အမှီအခိုကင်းတဲ့ စီးပွားရေးမဟာဗျူဟာတရပ်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဗကပက နားလည်ထားတယ်။“ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေက ဗမာပြည်က သဘာဝ သယံဇာတတွေကို အမြတ်ထုတ်ဖို့ အဓိက ဦးတည်တာပါ။ ရေနံနဲ့ ကျောက်မျက်ရတနာတွေက အဓိကပဲ။ စိုက်ခင်းတွေနဲ့ သတ္တုတွင်းတွေလို အလုပ်သမား အမြောက်အများသုံးရတဲ့စီမံကိန်းတွေ တပုံကြီးဟာလည်း တနိုင်ငံလုံးမှာ နေရာအနှံ့ ရှိနေတာပါ။ ကမ္ဘာပေါ်က ဈေးအပေါဆုံး အလုပ်သမားရင်းမြစ်တခုဖြစ်တဲ့ ဗမာပြည်က တောသူတောင်သားတွေကို သွေးစုပ်နေတာ ဖြစ်ပါတယ်”

“တကယ်တော့ စိုက်ခင်းတွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်ကြမ်းသမားတွေနဲ့ ဒေသခံပြည်သူတွေက ငှက်ပျော၊ ရာဘာ၊ ပြောင်း၊ ဆေးဖက်ဝင်အပင်စတာတွေကိုစိုက်ပျိုးတဲ့ စိုက်ခင်းတွေမျိုးစုံကနေ မဖြစ်စလောက် အကျိုးအမြတ်ကလေးပဲ ရတာပါ။ ထွက်ကုန်ရဲ့ ၉၀ ရာနှုန်းကျော်ကို သက်ဆိုင်ရာ တင်ပို့ရမယ့်ဒေသတွေဆီယူသွားတဲ့ ရင်းနှီးမြုပ်နှံသူတွေကတော့ ရာသီတိုင်းအထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို ရိတ်သိမ်းကြပါတယ်။

တချိန်က ကမ္ဘာပေါ်မှာ ဆန်စပါး အများဆုံးတင်ပို့နိုင်တဲ့ဗမာပြည်က အခုတော့ ကမ္ဘာပေါ်မှာ အလုပ်သမား အများဆုံးတင်ပို့တဲ့နိုင်ငံ ဖြစ်လာပါတယ်။ ပြည်တွင်း စက်မှုလုပ်ငန်းရဲ့ ဖွံ့ဖြိုးမှုက မလုံလောက်ဘူး။ ဒါကြောင့် နိုင်ငံပေါင်းစုံကနေ စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေကိုတင်သွင်းဖို့ လိုလာတယ်”ဒီပဋိပက္ခဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနောက်ကျတာ တခုတည်းကြောင့် မဟုတ်ဘဲ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကုန်ထုတ်လုပ်ရေးကို သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ ရေရှည်တည်တံ့မယ့်နည်းနဲ့ ခေတ်မီအောင် မလုပ်နိုင်တာကြောင့်လည်း ဖြစ်တယ်လို့ ပါတီက ထောက်ပြပါတယ်။

“သယံဇာတတွေကို အမြတ်ထုတ်တာက သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရုံသာမက ကမ္ဘာမြေရဲ့ ပြန်အစားထိုးလို့မရတဲ့ သဘာဝသယံဇာတတွေနဲ့ မြေဆီဩဇာကောင်းမွန်တာတွေကို ပျက်စီးပြုန်းတီးစေပါတယ်။ ဓာတ်မြေဩဇာတွေနဲ့ပိုးသတ်ဆေးတွေသုံးခဲ့ကြလို့ စိုက်ခင်းမြေတွေကို ဒေသခံတွေဆီ ပြန်လွှဲပြောင်းပေးတဲ့အခါ မြေဆီလွှာတွေခန်းခြောက်ပြီး သီးနှံမဖြစ်ထွန်းနိုင်တော့ဘူး။ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေနဲ့ ဒေသခံ ရေပေါ်ဆီလူချမ်းသာတွေရဲ့ အဆင်ခြင်မဲ့ သစ်ခုတ်တာ၊ သတ္တုတူးဖော်တာနဲ့ စိုက်ခင်းတွေ လုပ်ငန်းကြီးတွေလုပ်ကိုင်တာတို့ကြောင့် ဖြစ်လာသမျှရဲ့ဒဏ်တွေကို ဗမာပြည်သူတွေ ခါးစည်းခံနေရတာပါ။

ကမ်းပါးပြိုတာ၊ မြေဆီလွှာ ပြုန်းတီးတာ၊ မြစ်တွေချောင်းတွေ ကောကုန်တာ၊ တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးကုန်တာနဲ့ ရာသီဥတု ဖောက်ပြန်တာတွေကို တတိုင်းပြည်လုံးမှာ မြင်တွေ့နိုင်ပါတယ်။”အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ထိရောက်တဲ့ နိုင်ငံတကာ သွေးစည်းချစ်ကြည်မှုကို စည်းရုံးလှုံ့ဆော်ကြဖို့ ဗြိတိသျှ အလုပ်သမား အရေးတော်ပုံအတွင်းက မိတ်ဆွေများကို ဗမာပြည်ကွန်မြူနစ်ပါတီက တိုက်တွန်းလိုက်ပါတယ်။(ဒုတိယပိုင်းကို ဆက်လက်ဖော်ပြသွားပါမယ်။)