Monthly Archives: April 2021

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-ထွန်းဇင်အောင် အပိုင်း (၄)

ရုရှားတော်လှန်ရေးမှာရှိတဲ့ တိုက်ပွဲပုံစံတွေက အတော့်ကိုအမျိုးစုံတာမို့ ဥရောပက ဓနရှင်တော်လှန်ရေးတွေနဲ့ယှဉ်ကြည့်ရင် ကွဲပြားပါတယ်။ ၁၉၀၂ ခုနှစ်တုန်းက ကောက်စ်ကီးက တစိတ်တပိုင်းအရ ကြိုတင်ဟောကိန်းထုတ်တဲ့အနေနဲ့ ဒီလိုပြောဖူးတယ်။ နောင်တချိန်ပေါ်ထွက်လာမယ့် တော်လှန်ရေး (ရုရှားတော့ ‘ဖြစ်ချင်မှဖြစ်မယ်’ လို့ သူကထပ်ပြောတယ်) က အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့တိုက်ပွဲမျိုးထက် လူထုလူတန်းစားနှစ်ရပ်ကြားကတိုက်ပွဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရုရှားမှာ အနောက်က ဓနရှင်တော်လှန်ရေးတွေမှာထက် အဲဒီဒုတိယတိုက်ပွဲမျိုး (လူထုလူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲမျိုး) ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာ အသေအချာပဲ။

ပြည်သူထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေးရန်သူတွေက အရေအတွက်အားဖြင့် နည်းပါတယ် ဒါပေမဲ့ တိုက်ပွဲက ပိုပြင်းထန်လာတာနဲ့အမျှ သူတို့က ပိုပိုပြီးတော့ စနစ်တကျစုဖွဲ့လာတယ်၊ ဓနရှင်လူတန်းစားထဲက ဖောက်ပြန်တဲ့အလွှာရဲ့ထောက်ခံမှုကို ရလာတယ်။ ဒါကြောင့်မို့ ‘အဲဒီလို’ ပြည်လုံးကျွတ်နိုင်ငံရေးသပိတ်တွေပေါ်ထွက်လာနေတဲ့ကာလမှာ ‘အုံကြွမှု’ တခုဟာ ပုံစံအဟောင်း ဖြစ်မနေနိုင်ဘူး။

ဆိုလိုတာက တကယ့်ကို အချိန်တိုတိုလေးအတွင်းမှာနဲ့ နယ်မြေဒေသကျဉ်းကျဉ်းလေးမှာသာ အကန့်အသတ်နဲ့ရှိနေတဲ့ တခုချင်းဆန်ဆန် လှုပ်ရှားလုပ်ဆောင်ချက်များ ဖြစ်မနေနိုင်ဘူး၊ ဒါဟာ ရှောင်လွှဲလို့မရနိုင်တဲ့ကိစ္စဖြစ်သလို လုံးဝကို သဘာဝလည်းကျပါတယ်။ အုံကြွမှုက တတိုင်းပြည်လုံးကိုလွှမ်းခြုံတဲ့ အဆင့်ပိုမြင့်မားပြီး ပိုပြီးတော့အမျိုးမျိုးအဖုံံဖုံ ပေါင်းစပ်ပါဝင်တဲ့ ရေရှည်ပြည်တွင်းစစ်ရဲ့ပုံစံ (လူထုလူတန်းစားနှစ်ရပ်ကြားက လက်နက်ကိုင်တိုက်ပွဲ) ဖြစ်လာတာက သဘာဝကျသလို ရှောင်လွှဲဖို့မဖြစ်နိုင်တဲ့ကိစ္စပါ။

အဲသလို စစ်ပွဲမျိုးဟာ အကြာကြီးနေမှ တခါတခါ ဖြစ်ပေါ်တဲ့ တိုက်ပွဲကြီးတွေတချို့ရယ်၊ အဲဒီ အကြာကြီးဆိုတဲ့ ကြားကာလတွေအတွင်း ဖြစ်ပေါ်တဲ့ တိုက်ပွဲလေးတွေအတော်များများရယ်တို့တွဲဆက်ထားတဲ့ စစ်ပွဲမျိုးအဖြစ်သာ စဉ်းစားလို့ရပါတယ်။ အဲဒီလိုဆိုတော့ (အဲဒီလိုဆိုတာ သေချာပါတယ်) ဆိုရှယ်ဒီမိုကရက်တွေဟာ ဒီတိုက်ပွဲကြီးတွေမှာနဲ့ ဖြစ်နိုင်ရင် တိုက်ပွဲလေးတွေမှာပါ လူထုကို ဦီးဆောင်နိုင်စွမ်းအရှိဆုံးဖြစ်မယ့် အဖွဲ့အစည်းတွေဖန်တီးရေးကို မိမိတို့ရဲ့တာဝန်အဖြစ် မုချမှတ်ယူရမယ်။ ဆိုရှယ်ဒီမိုကရက်တွေဟာ လူတန်းစားတိုက်ပွဲက ပြည်တွင်းစစ်ဖြစ်တဲ့အထိ ပြင်းထန်လာတဲ့ ခေတ်ကာလမှာ ‘အဲဒီပြည်တွင်းစစ်’ မှာ ပါဝင်ဆင်နွှဲရုံမက ဦးဆောင်အခန်းကပါဝင်ရေးကို မိမိတို့ရဲ့တာဝန်အဖြစ် မှတ်ယူရမယ်။

ဆိုရှယ်ဒီမိုကရက်တွေဟာ ရန်သူ့တပ်တွေကို ထိခိုက်နစ်နာစေမယ့်အခွင့်အရေး တခုတလေကိုမှ အလွတ်မပေးတဲ့ ‘စစ်မက်ဖက်ပြိုင်နေသူ’ အဖြစ် အမှန်တကယ်ထမ်းဆောင်နိုင်ဖို့ မိမိတို့ရဲ့အဖွဲ့အစည်းတွေကို လေ့ကျင့်ပြင်ဆင်ပေးရမယ်။ဒါဟာ ခက်ခဲတဲ့ လုပ်ငန်းတာဝန်တခုပါ။ အဲဒါကို မငြင်းပါဘူး။ ဒါကို ချက်ချင်းလက်ငင်း မဖြေရှင်းနိုင်ပါဘူး။ ပြည်တွင်းစစ်အတွင်းမှာ ပြည်သူတရပ်လုံးက ပြန်လေ့ကျင့်ကြရပြီး တိုက်တတ်အောင် သင်ယူသလိုပဲ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းတာဝန်ကို ထမ်းရွက်နိုင်စွမ်းရှိလာအောင် အဖွဲ့အစည်းတွေကိုလည်း လေ့ကျင့်ပေးရမယ်၊ အတွေ့အကြုံ သင်ခန်းစာတွေနဲ့အညီ ပြန်တည်ဆောက်ရမယ်။

လက်တွေ့လုပ်နေတဲ့ အလုပ်သမားတွေကို တမင်ဖန်တီးထားတဲ့ တိုက်ပွဲပုံစံတခုခုကို အတင်းအဓမ္မစွဲကိုင်ခိုင်းဖို့ဖြစ်စေ၊ ဒါမှမဟုတ် အထွေထွေ ရုရှားပြည်တွင်းစစ်တလျှောက်မှာ ပြောက်ကျားစစ် ဘယ်ပုံစံကဖြင့် ဘယ်အခန်းက ပါဝင်သင့်တယ်ဆိုပြီး ထိုင်ရာမထ ဆုံးဖြတ်ဖို့ဆိုတာမျိုးတောင်ဖြစ်စေ ကျွန်တော်တို့ နည်းနည်းမှ စိတ်မကူးပါဘူး။ ပြောက်ကျားတိုက်ပွဲ တခုမဟုတ်တခုအပေါ် အခိုင်အမာ ဆန်းစစ်ချက်တခုကို ဆိုရှယ်ဒီမိုကရေစီရဲ့ ‘လားရာ’ တခု ညွန်ပြချက်အဖြစ်မှတ်ယူဖို့ ကျွန်တော်တို့ ယောင်လို့တောင် မစဉ်းစားဘူး။

ဒါပေမဲ့ လက်တွေ့ဘဝက ပေးလာတဲ့ တိုက်ပွဲပုံစံအသစ်တွေအပေါ် မှန်ကန်တဲ့သဘောတရားရေး လေ့လာဆန်းစစ်မှုတစ်ခု ဖြစ်လာအောင် တတ်နိုင်သလောက် ကူညီဖို့ကိုတော့ ကျွန်တော်တို့တာဝန်လို့ မှတ်ယူပါတယ်။ ခက်ခဲတဲ့ ပြဿနာသစ်တရပ်ကို မှန်မှန်ကန်ကန် တင်ပြတဲ့ကိစ္စမှာနဲ့ အဲဒီပြဿနာသစ်အတွက်အဖြေကို မှန်မှန်ကန်ကန် ချဉ်းကပ်တဲ့ကိစ္စမှာ လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေကို အနှောင့်အယှက်ပေးနေတဲ့ ဆီသည်မလက်သုတ်ဖတ် အမြင်များနဲ့ တဖက်စောင်းအမြင်များကို အလံမလှဲစတမ်း တိုက်ပစ်ဖို့ကိုတော့ ကျွန်တော်တို့တာဝန်အဖြစ် မှတ်ယူပါတယ်။(ပြီး)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-ထွန်းဇင်အောင် (အပိုင်း) (၃)

ကျွန်တော်တို့ အခုပြောတဲ့တိုက်ပွဲကို ထုံးစံအတိုင်း အကဲဖြတ်နေကြတာက ဒါဟာ အစိုးရမဲ့ဝါဒဖြစ်တယ်၊ ဘလန်းကီးဝါဒ ဖြစ်တယ်၊ အကြမ်းဖက်ဝါဒဟောင်း ဖြစ်တယ်၊ လူထုနဲ့ကင်းကွာနေတဲ့ လူတချို့ရဲ့လုပ်ရပ်တွေဖြစ်တယ်၊ အလုပ်သမားတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတယ်၊ လူထုလူတန်းစားအလွှာစုံကို သူတို့နဲ့ ကင်းကွာသွားစေတယ်၊ အရေးတော်ပုံကို ဖရိုဖရဲဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်။ ဒီလိုအကဲဖြတ်မှုကို ထောက်ခံတဲ့ ဥပမာတွေကို သတင်းစာတွေမှာ နေ့စဉ်အစီရင်ခံနေတဲ့ အဖြစ်အပျက်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ အဲသလို ဥပမာတွေက ယုံချင်စရာကောင်းသလား။ ဒါကို စမ်းသပ်ဖို့ ကျွန်တော်တို့ လေ့လာနေတဲ့ တိုက်ပွဲပုံစံ အဖြစ်ထွန်းဆုံးဒေသဖြစ်တဲ့ လက်တစ်ရှ်နယ်ကို ကြည့်ရအောင်။ ဒီလို ထုံးစံ အကဲဖြတ်မှုကတော့ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေကို နိုဗားယား ဗရီးမီးယားသတင်းစာက (စက်တင်ဘာ ၉ ရက်နဲ့ ၁၁ ရက်ထုတ် သတင်းစာတွေမှာ) အပြစ်တင်တဲ့ပုံ ဖြစ်တယ်။ လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (ရုရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီရဲ့ အခွဲတခု) က ပုံမှန်အားဖြင့် ပါတီသတင်းစာစောင်ရေ ၃၀၀၀၀ ထုတ်ပါတယ်။ သတင်းစာရဲ့ကြေညာချက်ကဏ္ဍတွေမှာ သိက္ခာသမာဓိရှိသူတိုင်းက သုတ်သင်ဖို့တာဝန်ရှိတဲ့ သူလျှိုစာရင်းကို ဖော်ပြတယ်။ ပုလိပ်တပ်ကို ကူညီတဲ့သူတွေကို “တော်လှန်ရေးရဲ့ ရန်သူတွေ” အဖြစ် ကြေညာတယ်။ သူတို့ဟာ ကွပ်မျက်ခံရမှာဖြစ်တဲ့အပြင် ဥစ္စာပစ္စည်းတွေပါ သိမ်းပိုက်ခံရမှာ ဖြစ်တယ်။ လက်မှတ်ပါပြီး တံဆိပ်တုံးထုထားတဲ့ ပြေစာနဲ့သာ ဆိုရှယ်ဒီမိုကရက်ပါတီကို ငွေပေးကြဖို့ ပြည်သူကို ညွှန်ကြားထားတယ်။ ပါတီရဲ့ နောက်ဆုံး အစီရင်ခံစာမှာ အဲဒီနှစ်အတွက် စုစုပေါင်းဝင်ငွေ ၄၈၀၀၀ ရူဘယ်ရှိတာကို ဖော်ပြတယ်။ အဲဒီမှာ သိမ်းယူပြီးရတဲ့ငွေ ၅၆၀၀ ရူဘယ်ကို လီဘိုးဌာနခွဲက လက်နက်ဝယ်ဖို့ ထည့်ဝင်လှူဒါန်းထားတာ တွေ့ရတယ်။ ထုံးစံအတိုင်း နိုဗားယား ဗရီးမီးယားသတင်းစာက အဲဒီ “တော်လှန်ရေးဥပဒေ” အပေါ်၊ အဲဒီ “အကြမ်းဖက်အစိုးရ” အပေါ် ဒေါသအမျက်ချောင်းချောင်း ထွက်ပါတယ်။

လက်တစ်ရှ် ဆိုရှယ်ဒီမိုကရက်တွေရဲ့ အဲဒီလုပ်ရပ်တွေကို အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒ၊ အကြမ်းဖက်ဝါဒလို့ ပြောဖို့ ဘယ်သူမှ မျက်နှာမပြောင်ဘူး။ ဘာကြောင့်လဲ။ အခုဒီ တိုက်ပွဲပုံစံအသစ်နဲ့ ဒီဇင်ဘာမှာ တခါဖြစ်ခဲ့ပြီး အခုနောက်တကြိမ် အစပျိုးနေတဲ့ အုံကြွမှုကြားမှာ ‘ရှင်းလင်းတဲ့’ ဆက်စပ်မှုတခု ရှိလို့ပါ။ ဒီဆက်စပ်မှုက ရုရှားတပြည်လုံး အတိုင်းအတာနဲ့တော့ သိပ်ပြီးမသိသာဘူး ဒါပေမဲ့ ရှိနေတယ်။ ဒီဇင်ဘာနောက်ပိုင်းမှာမှ “ပြောက်ကျား” စစ် ကျယ်ပြန့်လာတဲ့အချက်ကို ငြင်းမရသလို၊ ပြောက်ကျားစစ်နဲ့ စီးပွားရေး ပဋိပက္ခသာမက နိုင်ငံရေးပဋိပက္ခပါ ရှေ့တန်းရောက်လာမှုတို့ကြားက အဆက်အစပ်ကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ရုရှားအကြမ်းဖက်ဝါဒဟောင်းဆိုတာက ဆင်ကြံကြံနေတဲ့ ပညာတတ်အကြံသမားများရဲ့ ကိစ္စတခုပါ။ ဒီကနေ့ ဖြစ်ရပ်အများစုမှာ ပြောက်ကျားစစ်ကို တိုက်ပွဲဝင်အလုပ်သမားရဲဘော်များ၊ တနည်းအားဖြင့် ရှင်းရှင်းပြောရရင် အလုပ်လက်မဲ့ အလုပ်သမားများက တိုက်နေတာပဲ။ ထုံးစံအမြင်တွေဘက် စောင်းတတ်သူတွေအဖို့တော့ ထစ်ခနဲဆို တန်းမြင်လိုက်တာ ဘလန်းကီးဝါဒနဲ့ အစိုးရမဲ့ဝါဒပဲ။ ဒါပေမဲ့ အုံကြွမှုဖြစ်နေတဲ့ အခြေအနေတခုမှာ (လက်တစ်ရှ်နယ်မှာဆို သိပ်သိသာပါတယ်) အဲသလို ဆီသည်မ လက်သုတ်ဖတ်ဖြစ်နေတဲ့ တံဆိပ်တွေနဲ့ကပ်ပေးနေတာတွေဟာ မဆီမလျော်နိုင်လွန်းတယ်ဆိုတာ သိပ်ကိုရှင်းပါတယ်။

ကျွန်တော်တို့ကြားမှာ အတော်လေး အကျယ်အပြန့် တွေ့နေရတဲ့ အမူအကျင့်ဖြစ်တဲ့ အုံကြွမှုရဲ့အခြေအနေ အကြောင်းအချက်တွေကို အခြေမခံဘဲ ပြောက်ကျားစစ်ကို ခွဲခြမ်းစိတ်ဖြာတာဟာ ဘယ်လောက် လွဲမှားနေသလဲ၊ ဘယ်လောက် သိပ္ပံအမြင်နည်းကျမဆန် ဖြစ်နေသလဲ၊ ဘယ်လောက် သမိုင်းအမြင်နည်းကျမဆန် ဖြစ်နေသလဲဆိုတာကို လက်တစ်ရှ်နယ်သားတွေရဲ့ ဥပမာက ရှင်းရှင်းလင်းလင်း ပြနေတယ်။ ဒီအကြောင်းအချက်တွေကို အလေးထားရမယ်။ ပုန်ကန်ထကြွမှုကြီးတွေ တခုနဲ့တခုကြားက ကြားကာလရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ရမယ်။ အဲသလို အခြေအနေတွေမှာ ဧကန်မုချ ပေါ်ထွက်လာတဲ့ တိုက်ပွဲပုံစံတွေကို သိရှိနားလည်ရမယ်။ နှုတ်တိုက်ကျက်ထားတဲ့ စကားတွေ၊ ဥပမာ ကဒက်တွေရော နိုဗားယား ဗရီးမီးယားအုပ်စုရော သုံးကြတဲ့ အစိုးရမဲ့ဝါဒ၊ လုယက်ဖျက်ဆီးမှု၊ ဆူပူသောင်းကျန်းမှုစတဲ့စကားတွေ တဖောင်ဖောင်ပြောပြီး ဒီကိစ္စကို ရှောင်လွှဲဖို့ မကြိုးစားနဲ့။

ပြောက်ကျားတိုက်တာတွေက ကျွန်တော်တို့ရဲ့ အလုပ်တွေကို ပရမ်းပတာဖြစ်စေတယ်လို့ ပြောကြတယ်။ အဲဒီပြောဆိုချက်ကို ၁၉၀၅ ခုနှစ် ဒီဇင်ဘာကနေ မဟူရာတရာရဲ့ ရေဝတီတွေကို အကြမ်းဖက်သတ်ဖြတ်မှုနဲ့ စစ်အုပ်ချုပ်ရေးကာလအထိ အခြေအနေနဲ့ တိုက်ကြည့်ရအောင်။ ‘အဲသလို’ အခြေအနေမှာ ဘယ်သင်းက အရေးတော်ပုံကို ပိုပြီးတော့ ပရမ်းပတာ ဖြစ်စေသလဲ။ ခုခံတွန်းလှန်မှု မရှိတာက ဖြစ်စေသလား၊ စုဖွဲ့ပြီးတိုက်တဲ့ ပြောက်ကျားစစ်က ဖြစ်စေသလား။ ရုရှားအလယ်ပိုင်းကို အနောက်ဘက် နယ်ခြားဒေသတွေဖြစ်တဲ့ ပိုလန်တို့၊ လက်တစ်ရှ်နယ်တို့နဲ့ ယှဉ်ကြည့်ပါ။ အနောက်ဘက်နယ်စပ်ဒေသတွေမှာ ပြောက်ကျားစစ်က ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိုးတက်ဖြစ်ပေါ်နေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ပြီးတော့ ယေဘုယျအားဖြင့် တော်လှန်ရေး လှုပ်ရှားမှုတခုလုံးကိုပဲ ကြည့်ကြည့်၊ အထူးသဖြင့် ဆိုရှယ်ဒီမိုကရက်လှုပ်ရှားမှုကိုပဲ ကြည့်ကြည့် အနောက်ဘက် နယ်ခြားဒေသတွေထက် ရုရှားပြည် အလယ်ပိုင်းမှာ ပိုပြီးတော့ ပရမ်းပတာဖြစ်နေတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒီဟာပေါ်ကနေ ပိုလန်သားတွေနဲ့ လက်တစ်ရှ်နယ်သားတွေရဲ့ ဆိုရှယ်ဒီမိုကရက် အရေးတော်ပုံတွေဟာ ပြောက်ကျားစစ် ‘ကျေးဇူး’ ကြောင့် သိပ်ပြီးပရမ်းပတာ မဖြစ်တာဆိုတဲ့ ကောက်ချက်ချဖို့ ကျွန်တော်တို့ ခေါင်းထဲဝင်လာမှာမဟုတ်ဘူး သေချာတယ်။ မဝင်ပါဘူး။

ချနိုင်တဲ့ တခုတည်းသော ကောက်ချက်ချက ၁၉၀၆ ခုနှစ် ရုရှားပြည်က ဆိုရှယ်ဒီမိုကရက် အလုပ်သမားလူတန်းစား အရေးတော်ပုံ ပရမ်းပတာဖြစ်မှုအတွက် ပြောက်ကျားစစ်ကို အပြစ်တင်ဖို့မဟုတ်ဘူး ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီကိစ္စမှာ အမျိုးသားရေးအခြေအနေ ထူးခြားချက်တွေကို မကြာခဏ သွယ်ဝိုက်ပြီး ရည်ညွှန်းတတ်ကြတယ်။ ဒါပေမဲ့ အဲဒီလို သွယ်ဝိုက်ပြီး ရည်ညွှန်းတာက အခုဆွေးနွေးချက်ရဲ့ပျော့ကွက်ကို ကိုယ့်ပေါင်ကိုယ်လှန်သလို ရှင်းရှင်းလင်းလင်းကြီး လှစ်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားရေးအခြေအနေတွေနဲ့ဆိုင်တဲ့ကိစ္စဆိုရင် ဒါဟာ ရုရှားတပြည်လုံးမှာ နေရာတကာတွေ့နေရတဲ့၊ အထူးသဖြင့် ရုရှားလူမျိုးတွေမှာကိုရှိနေတဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒ၊ အကြမ်းဖက်ဝါဒ စတဲ့ ဖောက်ပြားမှုတွေနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ တခြားကိစ္စတခု ဖြစ်မယ်။ အဲဒီတခြားကိစ္စကို ‘အခိုင်အမာ’ ခွဲခြမ်းစိတ်ဖြာကြပါ လူကြီးမင်းများခင်ဗျား။ အမျိုးသားရေဖိနှိပ်မှု သို့မဟုတ် အမျိုးသားရေးပဋိပက္ခက ဘာကိုမှ ရှင်းမပြဘူးဆိုတာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ အဲဒါတွေက အနောက်ဘက် နယ်ခြားဒေသတွေမှာ အမြဲတမ်းရှိနေပေမယ့် ပြောက်ကျားစစ်ကတော့ မျက်မှောက် သမိုင်းကာလကျမှ ပေါ်လာတာ ဖြစ်လို့ပါပဲ။ အမျိုးသားရေးဖိနှိပ်မှုနဲ့ အမျိုးသားရေးပဋိပက္ခရှိပေမယ့် ပြောက်ကျားစစ် မရှိတဲ့နေရာတွေ အများကြီးရှိတယ်။ ပြောက်ကျားစစ်က ဘာအမျိုးသားရေးဖိနှိပ်မှုမှ မရှိတဲ့နေရာမှာ တခါတရံ ပေါ်လာတတ်တယ်။ ဒီပြဿနာကို အခိုင်အမာခွဲခြမ်းစိတ်ဖြာမှုက ဒါဟာ အမျိုးသားရေးဖိနှိပ်မှုကိစ္စမဟုတ်ဘဲ သူပုန်ထမှု အကြောင်းအချက် အခြေအနေတွေနဲ့ဆိုင်တဲ့ကိစ္စသာ ဖြစ်တယ်ဆိုတာကို ပြပါလိမ့်မယ်။ ပြောက်ကျားစစ်ဆိုတာဟာ လူထုအရေးတော်ပုံက အုံကြွပုန်ကန်မှုအဆင့်ကို အမှန်တကယ်ရောက်သွားတဲ့အချိန်၊ ပြည်တွင်းစစ်အတွင်း “ထိတွေ့မှုကြီးတွေ” တခုနဲ့တခုကြားမှာ အတော်ကြီးမားတဲ့ ရပ်နားထားမှုတွေ ပေါ်လာတဲ့အချိန်၊ အဲဒီလိုအချိန်မျိုးတွေမှာ ရှောင်လွှဲလို့မရဖြစ်လာတဲ့ တိုက်ပွဲပုံစံတခု ဖြစ်ပါတယ်။

အရေးတော်ပုံကို ပရမ်းပတာဖြစ်စေတာ ပြောက်ကျားတိုက်ပွဲတွေ မဟုတ်ပါဘူး။ အဲသလို တိုက်ပွဲတွေကို ‘ကွပ်ကဲမှု’ မပြုနိုင်တဲ့ပါတီရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရုရှားတွေမှာ တွေ့ရများတဲ့ ပြောက်ကျားတိုက်ပွဲတွေအပေါ် တူးတူးခါးခါးမုန်းတီးမှုက ပါတီကို အမှန်တကယ် ပရမ်းပတာဖြစ်စေတဲ့ ပုန်းလျှိုးကွယ်လျှိုး၊ အစီအစဉ်မရှိ၊ စနစ်မကျတဲ့ ပြောက်ကျားတိုက်ပွဲတွေနဲ့ ပေါင်းဖက်မိနေတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီတိုက်ပွဲ ပေါ်ထွက်လာစေတဲ့ သမိုင်းအခြေအနေတွေကို နားလည်နိုင်စွမ်း မရှိတာကြောင့် ဒီတိုက်ပွဲရဲ့ ထိခိုက်နစ်နာစေတဲ့ လက္ခဏာတွေကို ချေဖျက်နိုင်စွမ်းမရှိတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲက ရှေ့ဆက်နေတယ်။ အင်အားကြီးမားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကြောင်းအရင်းတွေက တိုက်ပွဲကို ဖြစ်ပေါ်စေပါတယ်။ ဒီအကြောင်းအရင်းတွေကို ဖယ်ရှားရှင်းလင်းဖို့ သို့မဟုတ် ဒီတိုက်ပွဲကို ဖယ်ရှားရှင်းလင်းဖို့ ကျွန်တော်တို့ မစွမ်းပါဘူး။ ပြောက်ကျားစစ်အပေါ် ကျွန်တော်တို့ရဲ့ ဝေဖန်ပြစ်တင်မှုတွေဟာ အုံကြွမှုဆိုင်ရာပြဿနာမှ ကျွန်တော်တို့ပါတီရဲ့ အားနည်းချက်အပေါ် ဝေဖန်ပြစ်တင်မှုတွေ ဖြစ်ပါတယ်။

ပရမ်းပတာဖြစ်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြောခဲ့တာတွေဟာ စည်းမဲ့ကမ်းမဲ့ ဖြစ်တဲ့ကိစ္စမှာလည်း အတူတူပါပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်လာတာဟာ ပြောက်ကျားစစ်ကြောင့် မဟုတ်ပါဘူး။ အစီအစဉ်တကျမဟုတ်၊ ပုံမှန်မဟုတ်၊ ပါတီအဖွဲ့အစည်းနဲ့ မဆိုင်တဲ့ ပြောက်ကျားလုပ်ရပ်တွေကြောင့်ပါ။ ပြောက်ကျားတိုက်ပွဲတွေကို ပြစ်တင်ဆဲဆိုလိုက်လို့ ‘ဘယ်သူမှမငြင်းနိုင်တဲ့’ အဲဒီစည်းမဲ့ကမ်းမဲ့ ဖြစ်တာကနေ ကျွန်တော်တို့ နည်းနည်းလေးမှ ချမ်းသာရာရသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်တင်ရှုတ်ချတာတွေနဲ့ဆဲဆိုတာတွေက ကြီးမားတဲ့ စီးပွားရေး၊ နိုင်ငံရေးအကြောင်းအရင်းတွေကြောင့်ဖြစ်လာတဲ့ အခြင်းအရာတခုကို ရပ်တန့်အောင် လုံးဝမစွမ်းဆောင်နိုင်ဘူး။ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ အခြင်းအရာတခုကို ကျွန်တော်တို့ ရပ်တန့်နိုင်စွမ်း မရှိမှတော့ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ တိုက်ပွဲနည်းနာတွေကို ‘ပါတီ’ က ပြောင်းသုံးဖို့ အကြောင်းမရှိဘူးဆိုပြီး သူတို့က ကန့်ကွက်မှာပဲ။ ဒါပေမဲ့ အဲသလို ကန့်ကွက်တာဟာ လုံးဝလစ်ဘရယ်ဓနရှင်ဆန်တဲ့ရှုထောင့်ကနေ ကန့်ကွက်တာ ဖြစ်လိမ့်မယ်။ မာ့က်စ်ဝါဒရှုထောင့်ကနေ ကန့်ကွက်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မာ့က်စ်ဝါဒီတယောက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ပုံစံတွေထဲက တခုဖြစ်တဲ့ ပြောက်ကျားစစ်ဖြစ်စေ ပုံမှန်မဟုတ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့အရာအဖြစ် ‘သိမ်းကျုံး’ သဘောထားတာမျိုး လုပ်လို့မဖြစ်ပါဘူး။ မာ့က်စ်ဝါဒီတယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လူတန်းစားတိုက်ပွဲအခြေခံကနေ ရပ်တည်ရမယ်။ လူမှုငြိမ်းချမ်းရေး အခြေခံမှာ ရပ်တည်ရမှာမဟုတ်။

စီးပွားရေး၊ နိုင်ငံရေး ပဋိပက္ခတွေ ပြင်းထန်တဲ့ကာလမျိုးတွေမှာ လူတန်းစားတိုက်ပွဲဟာ ထိပ်တိုက်တွေ့တဲ့ ပြည်တွင်းစစ်တခုအဖြစ်သို့ ရင့်မှည့်လာတတ်ပါတယ်။ လူတန်းစားနှစ်ရပ်ကြားက လက်နက်ကိုင်တိုက်ပွဲအဖြစ် ရင့်မှည့်လာတတ်ပါတယ်။ အဲသလို ခေတ်ကာလမျိုးတွေမှာ မာ့က်စ်ဝါဒီတယောက်ဟာ ပြည်တွင်းစစ်ရပ်တည်ချက်ကို စွဲကိုင်ရမယ့် ‘ဝတ္တရား’ ရှိတယ်။ မာ့က်စ်ဝါဒအမြင်အရ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဘယ်လိုကျင့်ဝတ်အားဖြင့် ရှုတ်ချဆန့်ကျင်မှုကိုမှ လုံးဝလက်သင့်ခံစရာမရှိဘူး။ပြည်တွင်းစစ်ကာလမှာ စံပြပစ္စည်းမဲ့လူတန်းစားပါတီဟာ တိုက်ခိုက်ရေးပါတီတရပ်ပဲ ဖြစ်တယ်။ ဒါဟာ လုံးဝအငြင်းမပွားနိုင်တဲ့အချက် ဖြစ်တယ်။ ပြည်တွင်းစစ် ရှုထောင့်အရ တချိန်မဟုတ် တချိန်မှာရှိနေတဲ့ ပြည်တွင်းစစ်ပုံစံတချို့ရဲ့ ‘လက်တွေ့အသုံးမဝင်မှု’ နဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နိုင်တာ၊ သက်သေပြနိုင်တာတွေကို ကျွန်တော်တို့ လုံးဝလက်ခံတယ်။ ‘စစ်ရေးနည်း အသုံးတည့်မှု’ ရှုထောင့်အရ ပြည်တွင်းစစ်ပုံစံအမျိုးမျိုး ဖြစ်နေတဲ့အပေါ် ဝေဖန်တာကို ကျွန်တော်တို့ လုံးဝလက်ခံတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အရပ်ဒေသအသီးသီးမှာ လက်တွေ့တိုက်ပွဲဝင်နေတဲ့ ဆိုရှယ်ဒီမိုကရက်တွေသာ နောက်ဆုံး အဆုံးအဖြတ် ပြုလုပ်ကြရမယ်ဆိုတာကို ကျွန်တော်တို့ အကြွင်းမဲ့ သဘာတူတယ်။

သို့သော် ပြည်တွင်းစစ် အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဖန်တရာတေ အပ်ကြောင်းထပ်နေတဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒနဲ့ အကြမ်းဖက်ဝါဒတွေအကြောင်းပြောပြီးရှောင်မထွက်ဖို့နဲ့ ဆိုရှယ်ဒီမိုကရက်ပါတီအနေနဲ့ ပြောက်ကျားစစ်တည်းဟူသော သဏ္ဌာန်ကိုကိုင်စွဲတဲ့ကိစ္စကို ယေဘုယျသဘောဆွေးနွေးတဲ့အခါ ပိုလန်ဆိုရှယ်လစ်ပါတီရဲ့ အဖွဲ့အစည်းတွေထဲရှိ တဖွဲ့မဟုတ်တဖွဲ့က တချိန်မဟုတ်တချိန်မှာကျင့်သုံးတဲ့ မဆီမလျော် ပြောက်ကျားနည်းနာတွေကို လက်ညိုးထိုးပြကာ ဒေဝေါကြီးဆိုပြီး မခြောက်ဖို့ မာ့က်စ်ဝါဒအခြေခံမူများကိုရှေးရှုကာ ကျွန်တော်တို့ လုံးဝတောင်းဆိုတယ်။

ပြောက်ကျားစစ်က အရေးတော်ပုံကို ပရမ်းပတာ စည်းမဲ့ကမ်းမဲ့တွေဖြစ်စေတယ်ဆိုတဲ့အပြောကို ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ဆန်းစစ်ရမယ်။ ‘တိုက်ပွဲပုံစံအသစ်တိုင်း’ ဟာ အန္တရာယ်အသစ်တွေ၊ စွန့်လွှတ်အနစ်နာခံမှုအသစ်တွေ ကပ်ရက်ပါလာတာဖြစ်လို့ အဲဒီတိုက်ပွဲပုံစံအသစ်အတွက်ပြင်ဆင်မထားတဲ့အဖွဲ့အစည်းတွေကို မလွှဲမရှောင်သာ “ဖရိုဖရဲ” ဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ဝါဒဖြန့်ချိရေး အစုအဖွဲ့ဟောင်းတွေက လှုံ့ဆော်ရေးနည်းနာတွေသုံးကြရတဲ့အခါ စနစ်တကျ မဖြစ်ဘူး။ ကျွန်တော်တို့ရဲ့ ကော်မတီတွေ ဆန္ဒပြပွဲတွေလုပ်ကြရတဲ့အခါ အစီအစဉ်တကျ မဖြစ်ဘူး။ ဘယ်စစ်ပွဲမှာမဆို စစ်ရေးလှုပ်ရှားမှုတိုင်းဟာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို အတိုင်းအတာတခုအထိ ကစဉ့်ကလျားဖြစ်စေတတ်တယ်။ ဒါပေမဲ့ ဒီလိုပြောလို့ မတိုက်ရဘူးလို့ မဆိုဘူး။ တိုက်တတ်အောင် ‘သင်’ ရမယ်လို့ပြောတာ။ ဒါပါပဲ။

ဆိုရှယ်ဒီမိုကရက်တွေ လက်မထောင်ပြီး၊ ငါသိငါတတ်လုပ်ပြီး “ငါတို့က မင်းမဲ့တွေမဟုတ်ဘူး။ သူခိုးဓားပြတွေ မဟုတ်ဘူး။ ငါတို့က အဲဒါတွေအားလုံးထက်သာတယ်။ ပြောက်ကျားစစ်ကို ငါတို့ လက်မခံဘူး”လို့ ကြွေးကြော်တာကိုတွေ့တော့ “ဒီလူတွေ သူတို့ဘာပြောနေသလဲ ကိုယ့်ဘာသာကိုယ်ရော သိရဲ့လား” လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ မဟူရာတရာအစိုးရနဲ့ လူထုကြားက လက်နက်ကိုင်တိုက်ပွဲတွေနဲ့ပဋိပက္ခတွေဟာ တတိုင်းပြည်လုံးမှာ ဖြစ်နေတယ်။ အဲဒီထူးခြားဖြစ်စဉ်ကို တော်လှန်ရေး ဖြစ်ပေါ်တိုးပွားမှုရဲ့ ဒီအဆင့်မှာ လုံးဝရှောင်လွှဲလို့မရဘူး။ လူထုက သူ့အလိုလို စနစ်တကျမဟုတ်ဘဲ (ဒါကြောင့် မကြာခဏ အရေးနိမ့်ရတဲ့၊ မဖြစ်သင့်တဲ့ပုံစံတွေ ဖြစ်တာပါ) လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေနဲ့ပဲ ဒီဖြစ်စဉ်ကို တုံ့ပြန်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့အားနည်းချက်နဲ့ အဆင်သင့်မဖြစ်မှုကြောင့် တနေရာရာ သို့မဟုတ် တချိန်ချိန်မှာ ဖြစ်ပေါ်တဲ့ ‘အဲဒီ’ သူ့အလိုလို ပေါ်ထွက်လာတဲ့တိုက်ပွဲမှာ ပါတီခေါင်းဆောင်မှုက မပါဘဲနေတာကို ကျွန်တော်နားလည်နိုင်ပါတယ်။ ဒီကိစ္စကို လက်တွေ့တိုက်ပွဲဝင်နေတဲ့ ဒေသခံအလုပ်သမားတွေကသာ ဆုံးဖြတ်ရမယ်ဆိုတာနဲ့၊ အားနည်းနေပြီး ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အဖွဲ့အစည်းတွေကို ပြန်ပုံသွင်းဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး ဆိုတာတွေကို ကျွန်တော် သဘောပေါက်ပါတယ်။ သို့သော် ဆိုရှယ်ဒီမိုကရက် သဘောတရားရေးပညာရှင် သို့မဟုတ် ပြန်ကြားရေးတာဝန်ခံတယောက်က အဲဒီ ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အချက်အပေါ် နောင်တရကြောင်း မပြတဲ့အပြင် လူငယ်ဘဝမှာ နှုတ်တိုက်ကျက်ခဲ့တဲ့ အစိုးရမဲ့ဝါဒ၊ ဘလန်းကီးဝါဒနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ စကားတွေကို မာန်မာနတခွဲသားနဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး ပြန်ပြန် ရွတ်ပြချင်နေတာတွေပဲတွေ့ရတော့ ကမ္ဘာပေါ်က အတော်လှန်ဆုံးဝါဒ သိက္ခာကျရလေခြင်းရယ်လို့ ကျွန်တော် နာနာကျင်ကျင် ခံစားရပါတယ်။

ပြောက်ကျားစစ်က လူတန်းစားအသိရှိတဲ့ ပစ္စည်းမဲ့တွေကို ဆန်ကုန်မြေလေး၊ မူးရူးလေလွင့်နေသူတွေနဲ့ ပိုနီးကပ်သွားစေတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီစကားက ပစ္စည်းမဲ့ပါတီအနေနဲ့ ပြောက်ကျားစစ်ကို တခုတည်းသော ဒါမှမဟုတ် အဓိက တိုက်ပွဲနည်းနာအဖြစ် ဘယ်တော့မှ မသတ်မှတ်ရဘူးလို့ ဆိုလိုတာသာ ဖြစ်တယ်။ ဒီနည်းနာဟာ တခြားနည်းနာတွေရဲ့ လက်အောက်ခံ ဖြစ်ရမယ်၊ အဓိက စစ်ဆင်ရေးနည်းနာတွေနဲ့ ညီညွတ်သင့်တော်ရမယ်၊ မျက်စိပွင့်နားပွင့်စေပြီး စနစ်တကျစုစည်းမှု ဖြစ်စေတဲ့ ဆိုရှယ်လစ်ဝါဒ ဩဇာအရှိန်အဝါနဲ့ မြင့်မြတ်စေရမယ်လို့ဆိုလိုတာ ဖြစ်တယ်။ အဲဒီ နောက်ဆုံးပြောတဲ့ (ဆိုရှယ်လစ်ဝါဒဆိုင်ရာ) အချက်အလက်မပါရင် ဓနရှင်လူ့အဖွဲ့အစည်းထဲက တိုက်ပွဲနည်းနာတွေ ‘အားလုံး’ တကယ့်ကိုအားလုံးဟာ ပစ္စည်းမဲ့လူတန်းစားကို သူ့အထက်မှာရော အောက်မှာပါရှိတဲ့ ပစ္စည်းမဲ့မဟုတ်တဲ့ အလွှာစုံနဲ့ နီးကပ်သွားစေတယ်။ သူ့ဘာသာသူ သဘာဝအတိုင်း လွှတ်ထားလိုက်ရင် ဒီတိုက်ပွဲနည်းနာတွေဟာ အားအင်နွမ်းနယ်လာတယ်၊ ခြစားမှုတွေ ပေါ်လာတယ်၊ ကြေးစားဆန်လာတယ်။ သပိတ်တိုက်ပွဲတွေကို ဒီအတိုင်း လွှတ်ထားလိုက်ရင် ဝယ်ယူစားသုံးသူတွေကို ‘ဆန့်ကျင်တဲ့’ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်တွေရှိတဲ့ “မဟာမိတ်တွေ”အဖြစ် ဖောက်ပြန်ပျက်စီးသွားတယ်။ လွှတ်တော်ဟာ ပြည့်တန်ဆာအိမ် ဖြစ်လာပါတယ်၊ အဲဒီမှာ ဓနရှင်နိုင်ငံရေးသမားဂိုဏ်းဟာ “အမျိုးသား လွတ်မြောက်ရေး” ၊ “လစ်ဘရယ်ဝါဒ” ၊ “ဒီမိုကရေစီ” ၊ ပြည်သူ့သမ္မတဝါဒ၊ နိုင်ငံရေးမှာ ခရစ်ယာန်ဘုန်းကြီးတွေ မပါရေးဝါဒ၊ ဆိုရှယ်လစ်ဝါဒနဲ့ တခြားအဝယ်လိုက်နေတဲ့ ရောင်းကုန်တွေမှန်သမျှကို လက်လီလက်ကား ရောင်းဝယ်ဖောက်ကားနေတယ်။ သတင်းစာက အရပ်ထဲက ဇိမ်ခေါင်းသာသာ အဆင့်အထိ ပျက်သွားတယ်။ လူထုကို ဖောက်ပြန်ပျက်ပြားစေတဲ့ ကိရိယာ၊ လူအုပ်ရဲ့ မကောင်းတဲ့ သန္ဓေပါအကျင့်စရိုက်တွေကို မြှောက်ပင့်ပေးတဲ့ ကိရိယာတခုအဖြစ် ပျက်စီးသွားတယ်၊ တခြား ပျက်စီးပုံတွေလည်း စုံလင်လှပါတယ်။

အချိန်မရွေး နေရာမရွေးသုံးနိုင်တဲ့ တိုက်ပွဲနည်းနာတွေကို ဆိုရှယ်ဒီမိုကရေစီက မသိပါဘူး။ အဲဒါမျိုးကတော့ ပစ္စည်းမဲ့လူတန်းစားနဲ့ သူ့ရဲ့အထက်နား အောက်နားက လူတန်းစားအလွှာတွေ အကြား တရုတ်မဟာတံတိုင်းကြီး ခြားထားသလို ခွဲထားပါလိမ့်မယ်။ ဆိုရှယ်ဒီမိုကရေစီက ခေတ်ကာလအမျိုးမျိုးမှာ နည်းနာအမျိုးမျိုးကို သုံးပါတယ်။ နည်းနာတွေကို အရည်အသွေးမှီမှီ ရွေးချယ်ရာမှာ သဘောတရားရေးဆိုင်ရာနဲ့ စည်းရုံးရေးဆိုင်ရာ သတ်မှတ်ချက်များ* ကို အမြဲတမ်း ‘တင်းတင်းကျပ်ကျပ်’ သတ်မှတ်ပြီး ရွေးချယ်ပါတယ်။(*ဘော်ရှီဗစ် ဆိုရှယ်ဒီမိုကရက်တွေဟာ ပြောက်ကျားတိုက်တဲ့လုပ်ရပ်တွေအပေါ် ပေါ့ပေါ့တန်တန် သဘောထားတယ်လို့ စွပ်စွဲခံရလေ့ရှိပါတယ်။ ဒါကြောင့် ပြောက်ကျားတိုက်ပွဲများဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း (‘ပါတီသတင်းလွှာ’ အမှတ် ၂ နဲ့ ကွန်ဂရက်နဲ့ဆိုင်တဲ့ လီနင့်အစီရင်ခံစာ) မှာ ပြောက်ကျားတိုက်ပွဲတွေဘက်က ရပ်တည်တဲ့ ဘော်ရှီဗစ်အစုက အခုလိုစည်းကမ်းချက်တွေကို ချမှတ်ဖို့ အကြံပြုခဲ့တဲ့အကြောင်း ပြန်ဖော်ပြတာ မမှားပါဘူး။ အဲဒါတွေကတော့ ပုဂ္ဂလိကပိုင်ပစ္စည်းကို “သိမ်းယူတာတွေ” ကို ဘယ်အခြေအနေပဲဖြစ်ဖြစ် ခွင့်မပြုဖို့။ အစိုးရပိုင်ပစ္စည်းကို “သိမ်းယူတာတွေ” ကို အကြံမပြုဖို့ ဒါပေမဲ့ ဒီသိမ်းယူမှုဖြစ်စဉ်တွေကို ‘ပါတီကထိန်းချုပ်ပြီး’ သိမ်းယူရလာတဲ့ အကျိုးအမြတ်တွေကိုလည်း ‘အုံကြွမှုမှာ လိုအပ်တာတွေအတွက်’ အသုံးပြုတယ်ဆိုရင်သာ “ခွင့်ပြုဖို့” စတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရက်စက်တဲ့ အစိုးရအရာရှိတွေနဲ့ ‘တက်ကြွတဲ့’ မဟူရာတရာအဖွဲ့ဝင်တွေ အပေါ်မှာတော့ အကြမ်းဖက်မှုပုံစံနဲ့ ပြောက်ကျားတိုက်ဖို့ အကြံပြုတိုက်တွန်းပါတယ်၊ ဒါပေမဲ့ ဒီကိစ္စမှာ လိုက်နာကိုက်ညီရမဲ့ သတ်မှတ်ချက်တွေကတော့ (၁) လူထုရဲ့ သဘောထားတွေကို ထည့်တွက်ဖို့ (၂) သက်ဆိုင်ရာဒေသက အလုပ်သမားလူတန်းစား လှုပ်ရှားမှုရဲ့ အခြေအနေတွေကို အလေးထားဖို့နဲ့ (၃) ပစ္စည်းမဲ့လူတန်းစားရဲ့ အင်အားစုတွေ အလဟဿမဖြစ်အောင် သတိပြုဖို့ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ အဲဒီမူကြမ်းနဲ့ ‘ညီညွတ်ရေးကွန်ဂရက်’ မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြားက လက်တွေ့ကွာခြားချက်ကတော့ အစိုးရပိုင်ပစ္စည်းကို “သိမ်းယူမှုတွေကို” ခွင့်မပြုဘူးဆိုတဲ့အချက် တချက်တည်းသာ ရှိပါတယ် – လီနင်။)—-ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-ထွန်းဇင်အောင်

မာ့က်စ်ဝါဒရေးရာ အဆိုပြုချက်တွေကို ထူထောင်ပြီးပြီမို့ ကျွန်တော်တို့ ရုရှားတော်လှန်ရေးကို ကြည့်ကြစို့။ တော်လှန်ရေးကဖန်တီးခဲ့တဲ့ တိုက်ပွဲပုံစံတွေရဲ့ သမိုင်းကြောင်းအရဖြစ်ထွန်းမှုကို ပြန်စဉ်းစားကြည့်ရအောင်။ အရင်ဆုံး အလုပ်သမားတွေရဲ့ စီးပွားရေးသပိတ်တိုက်ပွဲတွေ (၁၈၉၆-၁၉၀၀) ရှိခဲ့တယ်။ နောက် အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေရှိတယ် (၁၉၀၁-၁၉၀၂)။ လယ်သမား သူပုန်ထမှုကြီးတွေရှိတယ် (၁၉၀၂)။ ဆန္ဒပြပွဲတွေနဲ့ အမျိုးမျိုးအဖုံဖုံ ပေါင်းစပ်ထားတဲ့ လူထုနိုင်ငံရေးသပိတ်တွေရဲ့အစ (ရော့စ်တော့ ၁၉၀၂၊ ၁၉၀၃ ခုနှစ် နွေရာသီ သပိတ်တိုက်ပွဲတွေ၊ ၉ ရက် ဇန်နဝါရီ ၁၉၀၅)။ ရုရှားပြည်လုံးကျွတ် နိုင်ငံရေးသပိတ်ကြီး။

နောက် တဆက်တည်းပါလာတဲ့ ဒေသအလိုက် ခံတပ်တိုက်ပွဲတွေ (အောက်တိုဘာ ၁၉၀၅)။ လူထု ခံတပ်တိုက်ပွဲနဲ့ လက်နက်ကိုင်အုံကြွမှု (ဒီဇင်ဘာ ၁၉၀၅)။ ငြိမ်းချမ်းတဲ့ ပါလီမန်တိုက်ပွဲ (ဧပြီ-ဇွန် ၁၉၀၆)။ တပ်တွင်းပုန်ကန်မှုတချို့ (ဇွန် ၁၉၀၅-ဇူလိုင် ၁၉၀၆)နဲ့ လယ်သမား သူပုန်ထမှုတချို့ (၁၉၀၅ ဆောင်းဦးနဲ့ ၁၉၀၆ ဆောင်းဦး)။ဒါတွေက အထွေထွေ တိုက်ပွဲပုံစံတွေနဲ့ ပတ်သက်လို့ ၁၉၀၆ ခုနှစ် ဆောင်းဦးပေါက်ကာလ အခြေအနေတွေ ဖြစ်တယ်။

အကြွင်းမဲ့အာဏာရှင်ဘက်က ကျင့်သုံးတဲ့ “လက်စားချေ” တိုက်ပွဲပုံစံကတော့ ကီရှိနက်မှ ဆက်ဒလက်အထိ ၁၉၀၃ ခုနှစ်နွေဦးမှ ၁၉၀၆ ခုနှစ် ဆောင်းဦးအတွင်း ရေဝတီလူမျိုးတွေကို မဟူရာတရာအုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ပုံစံပဲ ဖြစ်တယ်။ ဒီကာလတလျှောက်လုံးမှာ မဟူရာတရာတရာအုပ်စုရဲ့ ရေဝတီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စီစဉ်ပေးတာတွေနဲ့ ရေဝတီတွေ၊ ကျောင်းသားတွေ၊ တော်လှန်ရေးသမားတွေနဲ့ လူတန်းစားအသိရှိတဲ့ အလုပ်သမားတွေကို ရိုက်ကြနှက်ကြတာတွေက ဆက်တိုက်ဖြစ်လာပြီး သူ့အလိုလို စနစ်တကျ ဖြစ်လာတယ်။

မဟူရာတရာတပ်တွေရဲ့ အကြမ်းဖက်မှုနဲ့ ကြေးစားလူမိုက်တွေရဲ့ အကြမ်းဖက်မှုတွေ ပေါင်းစပ်တာတွေ၊ ရွာတွေမြို့တွေမှာ လက်နက်ကြီးတွေသုံးတဲ့အထိ အလွန်အကျွံလုပ်တာတွေ၊ အာခံသူများကို အဝေးချီတပ်များဖြင့် ပြစ်ဒဏ်ခတ် တိုက်ခိုက်ခြင်း၊ မီးရထားသပိတ် လုပ်သားများကို ပြစ်ဒဏ်ခတ် ခြိမ်းခြောက်ရထားမောင်းစေခြင်း စတဲ့နည်းတွေ ပေါင်းစပ်တာတွေ ဖြစ်လာတယ်။ဒါက ပုံကားချပ်ရဲ့ အဓိကနောက်ခံပဲ ဖြစ်ပါတယ်။

အဲဒီနောက်ခံမှာ ဒီဆောင်းပါးက အလေးထား လေ့လာဆန်းစစ်မယ့် အခြင်းအရာ ရှိပါတယ်။ အဲဒီအရာဟာ တစိတ်တပိုင်း၊ လက်အောက်ခံနဲ့ဝန်းရံဆိုပြီးရှိနေတာ ရှင်းပါတယ်။ အဲဒီအခြင်းအရာက ဘာလဲ။ သူ့ပုံစံတွေက ဘာတွေလဲ။ သူ့အကြောင်းအရင်းတွေက ဘာတွေလဲ။ ဘယ်အချိန်မှာ ပေါ်လာပြီး ဘယ်လောက် ပျံ့နှံ့သွားသလဲ။ တော်လှန်ရေးခရီး တလျှောက်လုံးမှာ သူ့အခန်းဝင်မှုက ဘာလဲ။ ဆိုရှယ်ဒီမိုကရေစီက စည်းရုံးစုစည်းပြီး ဦးဆောင်တဲ့ အလုပ်သမားလူတန်းစားရဲ့တိုက်ပွဲနဲ့ သူ့ဆက်ဆံရေးကဘာလဲ စတဲ့မေးခွန်းတွေဟာ ပုံကားချပ်ရဲ့အထွေထွေနောက်ခံကို ရေးခြစ်ပြီးနောက် ကျွန်တော်တို့ဆက်ပြီး လေ့လာဆန်းစစ်ရမယ့် မေးခွန်းတွေ ဖြစ်တယ်။

ကျွန်တော်တို့ စိတ်ဝင်စားတဲ့အချင်းအရာက ‘လက်နက်ကိုင်’ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲကို လူတဦးချင်းတွေနဲ့ အုပ်စုလေးတွေက ဆင်နွှဲကြတာဖြစ်တယ်။ တချို့က တော်လှန်ရေးအဖွဲ့တွေက လူတွေဖြစ်တယ်။ တချို့(ရုရှားရဲ့ တချို့အရပ်ဒေသတွေက ‘အများစု’) ကတော့ ဘယ်တော်လှန်ရေးအဖွဲ့နဲ့မှ မပတ်သက်ဘူး ။ လက်နက်ကိုင်တိုက်ပွဲမှာ ဦးတည်ချက်နှစ်ခုရှိတယ်။ ဒီနှစ်ခုကို တင်းတင်းကျပ်ကျပ် ခွဲခြားထားရမယ်။

ပထမတခုက စစ်တပ်နဲ့ ပုလိပ်တပ်တွင်းက တဦးချင်းတွေ၊ အကြီးအကဲတွေနဲ့ လက်အောက်ငယ်သားတွေကို တဦးချင်း လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ်။ ဒုတိယဦးတည်ချက်က အစိုးရနဲ့ ပုဂ္ဂလိက ငွေကြေးရန်ပုံငွေတွေကို သိမ်းယူဖို့ ဖြစ်တယ်။ သိမ်းယူထားတဲ့ ရန်ပုံငွေထဲကတချို့ကို ပါတီဘဏ္ဍာရေးအတွက် ထားရမယ်။ တချို့ကို ဆင်နွှဲတော့မယ့် အုံကြွပုန်ကန်မှုအတွက် လက်နက်တပ်ဆင်ရေးနဲ့ ပြင်ဆင်ရေးဆိုတဲ့ အထူးရည်ရွယ်ချက်အတွက် ထားရမယ်။ တချို့ကို အခုကျွန်တော်တို့ပြောတဲ့ တိုက်ပွဲမှာ ပါဝင်ထမ်းရွက်နေသူတွေရဲ့ စားဝတ်နေရေးအတွက် ထားရမယ်။

ကြီးကြီးမားမား သိမ်းယူရရှိမှုတွေ (ဥပမာ ကော့ကေးရှားမှာ ရူဘယ် ၂၀၀၀၀၀ ကျော်၊ မော်စကိုမှာ ရူဘယ် ၅၇၅၀၀၀ စတဲ့ သိမ်းယူရရှိမှုတွေ) ကို အရင်ဆုံး တော်လှန်ရေးပါတီတွေကို ခွဲဝေပေးတယ်။ အသေးစား သိမ်းယူရရှိမှုတွေထဲက အများစု၊ တခါတလေ အကုန်လုံးကို “သိမ်းယူသူတွေ” ရဲ့ စားဝတ်နေရေးအတွက် သုံးတယ်။

ဒီတိုက်ပွဲပုံစံက ဒီဇင်ဘာအုံကြွမှုနောက်ပိုင်းဖြစ်တဲ့ ၁၉၀၀ ခုနှစ်ကျမှ ဘက်စုံ ဖြစ်ထွန်းလာပြီး ကျယ်ပြန့်သွားတာ ထင်ရှားတယ်။ လက်နက်ကိုင်တိုက်ပွဲ ဖြစ်တဲ့အထိ နိုင်ငံရေးပဋိပက္ခရဲ့ သဲသန်ပြင်းထန်လာတဲ့ အခြေအနေနဲ့ အထူးသဖြင့် မြို့ပေါ်မှာရော ကျေးလက်မှာပါ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေ သဲသန်ပြင်းထန်လာတဲ့ အခြေအနေတို့ဟာ ကျွန်တော်တို့ အခုပြောနေတဲ့တိုက်ပွဲ ဖြစ်ပေါ်လာရတဲ့ အရေးကြီးတဲ့အကြောင်းအရင်းတွေထဲကတခု ဖြစ်တယ်။

ဒီတိုက်ပွဲပုံစံကို ပြည်သူတွေထဲမှာ အိမ်ခြေရာခြေမဲ့ ဖြစ်နေသူတွေ၊ အောက်ကျနောက်ကျအဖြစ်ဆုံး လူတန်းစားတွေနဲ့ အစိုးရမဲ့ဝါဒီအုပ်စုတွေက ဒီတိုက်ပွဲပုံစံကို တခြားပုံစံတွေထက်ပိုကောင်းတဲ့ လူမှုတိုက်ပွဲပုံစံ အဖြစ်သာမက ‘တခုတည်းသော’ လူမှုတိုက်ပွဲပုံစံအဖြစ်တောင် သတ်မှတ်ထားတယ်။ စစ်အုပ်ချုပ်ရေး ကြေညာတာ၊ စစ်သားသစ်စုဆောင်းပြီး တပ်လှန့်ထားတာ၊ ရေဝတီတွေကို မဟူရာတရာအုပ်စုက (ဆက်ဒလက်မြို့) မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ စစ်ခုံရုံးတွေနဲ့ တရားစီရင်တာတို့ကိုတော့ အကြွင်းမဲ့အာဏာရှင်စနစ်ကကျင့်သုံးတဲ့ “လက်စားချေ” တိုက်ပွဲပုံစံအဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်။

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)—-ထွန်းဇင်အောင်

၁၉၀၆ ခု စက်တင်ဘာ ၃၀ ရက်စွဲဖြင့် Proletary, No. 5 မှာပါရှိတဲ့ လီနင်ရဲ့ Guerrilla Warfare ‘ပြောက်ကျားစစ်’ ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။

ပြောက်ကျားစစ်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရော၊ အလုပ်သမားတွေရော အတော်လေး စိတ်ဝင်စားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွတ်သဘောလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ အခု ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့အမြင်တွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့တင်ပြပါရစေ။

အပိုင်း (၁)အစကပဲ စပြောကြရအောင်။ တိုက်ပွဲပုံစံတွေနဲ့ဆိုင်တဲ့ပြဿနာအပေါ် လေ့လာဆန်းစစ်မှုနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒီတိုင်း တောင်းဆိုရမယ့် အခြေခံတောင်းဆိုချက်တွေက ဘာတွေလဲ။ ပထမဆုံးပြောချင်တာက မာ့က်စ်ဝါဒအနေနဲ့ အရင့်အရင်ရှိခဲ့သမျှ ဆိုရှယ်လစ်အမြင်တွေနဲ့ မတူကွဲပြားတာက အရေးတော်ပုံကို တိုက်ပွဲပုံစံတခုမဟုတ်တခုနဲ့ အသေချည်နှောင်မထားဘူးဆိုတဲ့အချက်ဖြစ်တယ်။ အမျိုးအမည်အစုံလင်ဆုံး တိုက်ပွဲပုံစံတွေကို အသိအမှတ်ပြုတယ်။ မာ့က်စ်ဝါဒက ဒီတိုက်ပွဲပုံစံတွေကို “နည်းနာဖော်စပ်ပေးတာ” မလုပ်ပဲ၊ တော်လှန်တဲ့လူတန်းစားတွေရဲ့ အရေးတော်ပုံကာလမှာပေါ်ထွက်လာတဲ့ အဲဒီတိုက်ပွဲပုံစံတွေကို ခြုံငုံသုံးသပ်ပေးတာ၊ စုစည်းစီစဉ်ပေးတာ၊ အသိရှိရှိဦးတည်သင့်တဲ့ လမ်းကြောင်းမှန် ညွှန်ပြတာတွေပဲ လုပ်ပါတယ်။ မာ့စ်ဝါဒက အကောင်အထည်မဲ့ ဖော်မြူလာတွေမှန်သမျှ၊ တရားသေလမ်းညွှန်တွေမှန်သမျှကို လုံးဝဆန့်ကျင်ပြီး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်အတွင်းရှိ လူထုတိုက်ပွဲအပေါ် အာရုံစိုက်အလေးထားတဲ့ သဘောထားအမြင်ကို တောင်းဆိုတယ်။

အရေးတော်ပုံ ဖြစ်ပေါ်တိုးပွားလာတာနဲ့အမျှ၊ လူထုရဲ့ လူတန်းစားအသိ မြင့်မားလာတာနဲ့အမျှ၊ စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေ သည်းသန်လာတာနဲ့အမျှ လူထုတိုက်ပွဲက ခုခံကာကွယ်ရေးနဲ့တိုက်ခိုက်ရေး နည်းနာအသစ်တွေ၊ အမျိုးစုံလင်တဲ့နည်းနာတွေ ဖန်တီးလိမ့်မယ်။ ဒါကြောင့် မာ့က်စ်ဝါဒက ဘယ်တိုက်ပွဲပုံစံကိုမှ မပစ်ပယ်ဘူး။ ကာလတခုမှာသာ ဖြစ်နိုင်တဲ့၊ ရှိနေတဲ့တိုက်ပွဲပုံစံတွေကို ဘယ်တော့မှ ဖက်တွယ်မထားဘူး။ လူမှုအခြေအနေပြောင်းလဲတာနဲ့ လတ်တလော တိုက်ပွဲထဲမှာရှိသူတွေ မသိသေးတဲ့ တိုက်ပွဲပုံစံအသစ်တွေ ဧကန်မုချ ပေါ်ထွက်လာမှာကိုလက်ခံတယ်။

ဒီကိစ္စမှာတော့ မာ့က်စ်ဝါဒက လူထုလက်တွေ့ကနေ ‘သင်ယူတယ်’လို့ ကျွန်တော်တို့ ပြောနိုင်တယ်။ စာအုပ်ပုံတွေကြားမှာ ဧကစာရီကျင့်နေရင်း “စနစ်တကျဖြစ်အောင်လုပ်သူတွေ” ရဲ့ တီထွင်ထားတဲ့ တိုက်ပွဲပုံစံတွေအကြောင်း လူထုကို ‘သင်ပေးဖို့’ မရပ်ခံဘူး။ ဥပမာ – နောင်လာမယ့်ပဋိပက္ခက ကျွန်တော်တို့ အခုကြိုမသိနိုင်တဲ့ တိုက်ပွဲပုံစံအသစ်တွေ မိတ်ဆက်ပေးလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်လို့ ကောက်စ်ကီးက လူမှုတော်လှန်ရေးပုံစံတွေကို လေ့လာတုန်းက ပြောဖူးတယ်။

ဒုတိယအနေနဲ့ တိုက်ပွဲပုံစံတွေနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒက လုံးဝဥသုံကို သမိုင်းရေးသဘောဆန်တဲ့ လေ့လာဆန်းစစ်မှုကိုလုပ်ဖို့ တောင်းဆိုတယ်။ ဒီကိစ္စကို အခိုင်အမာ သမိုင်းအခြေအနေကနေခွဲထုတ်ပြီး ကိုင်တွယ်တာဟာ အနုပဋိလောမရုပ်ဝါဒ အခြေခံတွေကို နားမလည်တာပဲ ဖြစ်တယ်။ စီးပွားရေးဖြစ်ပေါ်တိုးပွားမှု အဆင့်အမျိုးမျိုးမှာ နိုင်ငံရေး၊ အမျိုးသားယဉ်ကျေးမှု၊ ဘဝရှင်သန်ရပ်တည်ရေးနဲ့ တခြားအခြေအနေတွေ အမျိုးမျိုးပေါ်မူတည်ပြီး တိုက်ပွဲပုံစံအမျိုုးမျိုး ရှေ့ရောက်လာကာ အဓိကတိုက်ပွဲပုံစံတွေ ဖြစ်လာပါတယ်။ တဆက်တည်းမှာ ဒုတိယတန်းစားနဲ့ အရန်တိုက်ပွဲပုံစံတွေကလဲ လိုက်လျောညီထွေ ပြောင်းလဲပါတယ်။

အရေးတော်ပုံတရပ်ရဲ့ ဖြစ်ထွန်းတိုးတက်မှု အဆင့်တခုမဟုတ်တခုမှာရှိတဲ့ ယင်းရဲ့အခိုင်အမာအခြေအနေကို အသေးစိတ် လေ့လာဆန်းစစ်မှုမပြုဘဲ ဘယ်တိုက်ပွဲနည်းနာကို သုံးမလဲဆိုတဲ့မေးခွန်းကို ယတိပြတ်အဖြေပေးဖို့ ကြိုးစားတာဟာ မာ့က်စ်ဝါဒ ရပ်တည်ချက်ကို လုံးဝစွန့်လွှတ်လိုက်တာ ဖြစ်တယ်။

အထက်ဖော်ပြပါတွေကတော့ ကျွန်တော်တို့ကို လမ်းညွှန်ထိန်းကျောင်းမယ့် အဓိက သဘောတရားရေး အဆိုပြုချက်နှစ်ခု ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေ မှန်ကန်ကြောင်းအတည်ပြုထားတဲ့ မရေမတွက်နိုင်တဲ့သာဓကတွေ အနောက်ဥရောပ မာ့က်စ်ဝါဒသမိုင်းမှာ ရှိပါတယ်။ မျက်မှောက်ကာလမှာ ဥရောပ ဆိုရှယ်ဒီမိုကရေစီက ပါလီမန်လမ်းအတိုင်းလိုက်မှုနဲ့ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုကို အဓိကတိုက်ပွဲပုံစံတွေအဖြစ် သဘောထားတယ်။ အရင်က အုံကြွပုန်ကန်မှုကို လက်ခံခဲ့တယ်။ နောင်လည်း အခြေအနေတွေ ပြောင်းလဲရင် အဲဒီနည်းကိုလက်ခံဖို့ အတော်လေးပြင်ဆင်ထားတယ်။ ရုရှားကဒက်တွေနဲ့ ဘက်ဇာဂလတ်ဇီ (ကဒက်တပိုင်း မင်ရှီဗစ်တပိုင်း ရုရှားဓနရှင်ပညာတတ်အုပ်စု) လို လစ်ဘရယ်ဓနရှင်တွေရဲ့ အမြင်တွေအတိုင်း လိုက်မရပ်ခံပါဘူး။ ဆိုရှယ်ဒီမိုကရေစီက ၁၈၇၀ ခုနှစ်များမှာ အထွေထွေသပိတ်ကို လူ့အဖွဲ့အစည်းရဲ့ ပဋိပက္ခမှန်သမျှ ဖြေရှင်းနိုင်မယ့် နည်းနာအဖြစ်၊ ဆိုလိုတာက ဓနရှင်လူတန်းစားကို တချက်တည်းနဲ့အလဲထိုးမယ့် နိုင်ငံရေးနည်းမဟုတ်တဲ့ နည်းနာအဖြစ် လက်မခံဘူး။ ဒါပေမဲ့ လူထုနိုင်ငံရေးသပိတ်ကိုတော့ ‘တစုံတရာ’ အခြေအနေတွေမှာ မုချလိုအပ်တဲ့ တိုက်ပွဲနည်းနာ ‘တခု’ အဖြစ် (အထူးသဖြင့် ၁၉၀၅ ခုနှစ် ရုရှားအတွေ့အကြုံ နောက်ပိုင်းမှာ) လုံးဝလက်ခံတယ်။

၁၈၄၀ ခုနှစ်များမှာ လမ်းပေါ်ခံတပ်တိုက်ပွဲကို လက်ခံတယ်။ ၁၉ ရာစုအကုန်မှာတော့ တိကျခိုင်မာတဲ့ အကြောင်းအရင်းတချို့ကြောင့် အဲဒါကို လက်မခံဘူး။ ဒါပေမဲ့ ဒီဒုတိယအမြင်ကို ပြန်သုံးသပ်ပြင်ဆင်ဖို့နဲ့ ကောက်စ်ကီးရဲ့စကားနဲ့ပြောရရင် ခံတပ်တိုက်ပွဲ နည်းပရိယာယ်အသစ်တွေကိုစတင်လိုက်တဲ့ မော်စကိုအတွေ့အကြုံနောက်ပိုင်းမှာ ခံတပ်တိုက်ပွဲရဲ့အားသာချက်ကိုဝန်ခံဖို့ လုံးဝအဆင်သင့်ရှိမှုကို ပြခဲ့တယ်။ ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ (ကိုတူး)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ ကိုတူး

မူရာမာယာတွေကြွယ်လွန်းတယ် ပြောရမလား။ ကြောက်ကန်ကန်တယ် ပြောရမလား။ ၂၁ ရက်နေ့ ညနေပိုင်းမှာ အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သေချာပေါက်သွားရောက်မယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနက ဖော်ပြပါလာတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အာဆီယံဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်အုပ်စုအတွက် (ရှားရှားပါးပါး လူရာသွင်းဆက်ဆံပြီး) ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့ ဒေသတွင်း နိုင်ငံစုံအဖွဲ့အစည်းဖြစ်လို့ ခေါင်းရှောင်ဖို့လည်း ခက်မှာပါ။ ကိုဗစ်ကပ်သင့်ကာလမှာ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအဖြစ် တမင်ကျင်းပပြီး ဗမာ့အရေးကို အဓိကဆွေးနွေးချင်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မင်းအောင်လှိုင်ကို တက်စေချင်တာပါ။ လူကိုယ်တိုင်မတက်တော့ဘူးဆိုပြီး သည့်အရင်က မင်းအောင်လှိုင် နောက်ပြန်ဆုတ်သွားတာကတော့ လိပ်ပြာမလုံတာပါ။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အသစ် အဟောင်း၊ အမေရိကန်၊ အီးယူ၊ ဂျပန် စတဲ့ နိုင်ငံကြီးများကလည်း (တဖက်မှာ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ရင်း) အာဆီယံကြားဝင်တာကို လိုလားထောက်ခံမှု ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံကြားဝင်မှုကို လိုလားအားပေးကြောင်း ပြောပါတယ်။

CRPH နဲ့ NUG (ကြားဖြတ်အစိုးရ)ကလည်း သူတို့ကိုတက်ခွင့်ပြုဖို့ တောင်းဆိုမှုရှိပါတယ်။ ကုလအထူးကိုယ်စားလှယ် (ခရစ်စတီး ဘာဂနာ) ကလည်း တက်ချင်ပါတယ်။ တခြားသော ဗမာပြည်အရေး စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေကလည်း သဘောထားအသီးသီးပေးပြီး စောင့်ကြည့်နေပါတယ်။ ဗမာပြည်အရေးဟာ နိုင်ငံတကာမျက်နှာစာမှာ Hot Issue အများအာရုံစိုက်တဲ့ ပြဿနာတရပ် ဖြစ်နေပါတယ်။ Global Center for R2P ဆိုတဲ့ အရပ်ဖက်အဖွဲ့အစည်းကလည်း မင်းအောင်လှိုင်ပြည်ပထွက်ရင် အဖမ်းခံရနိုင်တယ်လို့ ခြောက်ပါတယ်။

အာဆီယံဘက်က ဘာဆွေးနွေးပြီး ဘာတွေကမ်းလှမ်းမယ် ဆိုတာလည်း (သံတမန် ထုံးစံအတိုင်း) တစိတ်တပိုင်းပေါက်ကြားပြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေရပ်၊ ဖမ်းထားသူတွေအားလုံးပြန်လွှတ်၊ အကူအညီတွေပေးမယ်-လက်ခံ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှစ်ဖက်ဆွေးနွေးဖို့ တိုက်တွန်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား မလေးရှား စင်ကာပူ ဖိလစ်ပိုင် တို့က အနိမ့်ဆုံးအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင် အားလုံးနဲ့ တွေ့ခွင့်ပေးဖို့ လက်ခံသဘောတူဖို့ လိုတယ်လို့ ပြောပါတယ်။

မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ တရားမဲ့လုပ်ရပ်တွေကို မုသာဝါဒပေါင်းစုံနဲ့ မျက်နှာပြောင်တိုက် ကာကွယ်ခြင်းဖြင့် နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီရဲ့တရားဝင်ပုံရိပ်ကို ထူထောင်ချင်တာပါ။ ဒါပေမဲ့ မင်းသားဖြစ်ဖို့ သံဆန်းပေါ်တာ မဟုတ်ဘဲ နှဲကြီးတက်နင်းမိလို့ နဖူးကွဲဒူးပြဲဖြစ်မယ့်ကိန်းမြင်ပြီး နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ကိုယ်တိုင်မတက်တော့ဘဲ နိုင်ငံခြားရေးဝန်ကြီးပဲ စေလွှတ်မှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ မျက်နှာပူလို့ ဖြစ်ပုံရပါတယ်။ (သည့်အရင်က) မင်းအောင်လှိုင်မတက်ပဲ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် တက်မယ်ဖြစ်သွားတော့ ဗီယက်နမ် လာအိုတို့ကလည်း နိုင်ငံခြားရေးဝန်ကြီးပဲ တက်တော့မယ်လို့ ထုတ်ပြန်လာပါတယ်။ ဒါဆို ထိပ်သီးဆွေးနွေးပွဲ မဟုတ်တော့ဘူးပေါ့။ ဝဏ္ဏမောင်လွင်က အသေကောင်မျက်ခွက်နဲ့ ပြောသမျှနားထောင်ပြီး mandate ပေးထားသလောက် ကြက်တူရွေးနှုတ်တိုက်ရွတ်သလို ပြောစရာရှိတာပြောပြီး ပြန်လာမှာပါ။

တကယ်တော့ ဗမာပြည်အရေး (ယခုပုံအတိုင်းဆိုရင်) အခြေအနေ ဆိုးသထက်ဆိုးပြီး ဖြေရှင်းနိုင်တဲ့လမ်းစ ရှာမရတာ စိတ်ပျက်စရာဖြစ်ကြောင်း အားလုံးကပြောနေကြတာပါ။

ခုတဖန် မင်းအောင်လှိုင်တက်မယ် ဖြစ်ပြန်တယ်။ ဂျပန်ကနားချတယ်လို့ ထင်ရပါတယ်။ အကျိုးစီးပွားကိုယ်စီ ရှိကြတာဖြစ်လို့ နားချအောင်သွယ်ပေးချင်သူတွေလည်း များမှာပါ။ မင်းအောင်လှိုင်ကလည်း သွေးစွန်းတဲ့လက်နဲ့ အကျပ်အတည်းက ထွက်ပေါက်ရှာချင်နေတာဖြစ်လို့ ၂၀၀၈ အောက်က ရွေးကောက်ပွဲသစ်ပြန်လုပ်ဖို့ သဘောတူရင် ပိုနေမြဲကျားနေမြဲအနေအထားကို စစ်အုပ်စုဘက်ကလည်း သဘောကျကောင်း ကျသွားနိုင်ပါတယ်။

ဒါပေမဲ့ ၂၀၀၈ အောက် ခေါင်းလျှို နောက်ကြောင်းပြန် ရင်ကြားစေ့ရေးလမ်းအပေါ် စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး နာကြည်းမုန်းတီးနေတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံလူထုကြီးက ပြတ်ပြတ်သားသားပယ်ချပြီး၊ စစ်အုပ်စုရဲ့ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးမှုကို သွေးမြေကျ တိုက်ပွဲဝင်နေတာဖြစ်လို့ ဗမာပြည်နွေဦးတော်လှန်ရေးဟာ နောက်ပြန်လှည့်မှာ မဟုတ်တော့ပါဘူး။

လူထုရဲ့ ခုခံရေးစစ် တော်လှန်ရေးမီးတောက်မီးလျှံကသာ (အခြေခံလူတန်းစားများရဲ့ အကျိုးကိုအကောင်အထည်ဖေါ်မယ့် ဦးတည်ချက်နဲ့ အရှိန်ကောင်းအောင်ပံ့ပိုးဆောင်ရွက်နိုင်စွမ်းရှိမယ်ဆိုရင်)မတိုးသာမဆုတ်သာ stalemate အနေအထားကို ပြောင်းလဲစေမှာပါ။ နွေဦးတော်လှန်ရေးဟာ ၂၁ ရာစု လူတန်းစားတိုက်ပွဲ ခေတ်မီအတွေးအခေါ်နဲ့ တော်လှန်တဲ့ သဘောတရားလက်နက် ကိုင်စွဲတဲ့ ဒုတိယဖက်ဆစ်တော်လှန်ရေးပဲ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ စစ်ကောင်စီဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်အောင် ဖယ်ရှားဖို့ဆိုရင် စစ်ဗျူရိုကရေစီယန္တရား တခုလုံးအပါအဝင် စစ်သုံးစစ်ကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။ ရန်သူ့ ယန္တရားဟောင်းတွေကို ဖျက်သိမ်းပြီး အသစ်ထူထောင်ဖို့ လိုကြောင်း ပဲရစ်ကွန်မြွန်းကပေးတဲ့ သင်ခန်းစာကို မမေ့ဖို့လိုပါတယ်။ တော်လှန်တဲ့သဘောတရား မရှိဘဲ ဘယ်တော်လှန်ရေးမှ မအောင်မြင်နိုင်ဘူး။ဗမာပြည်သမိုင်းကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီး ကိုယ်တိုင် ဖန်တီးမှာဖြစ်ပါတယ်။ ကိုတူး (၂၁ ဧပြီ ၂၀၂၁)

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ (ညီဌေးကျော်)

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ညီဌေးကျော်

၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ နိုင်ငံရေးသုခမိန်များ ပညာရှင်ဆိုသူများက (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်တာကို ဒေါ်စုဟာ(rule of Law)အရ ရိုကျိုးလိုက်နာခဲ့သော်လည်း၊ ပြင်ချင်လည်း ရတယ်၊ ဖျက်ချင်လည်း ရတယ်၊ ဘာရေးထားထား လုပ်ချင်သလိုလုပ်လို့ရကြောင်း ဗိုလ်မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြသလိုက်ပါတယ်။

မဲမသမာမှုကြောင့် အာဏာသိမ်းရတာပါလို့ ဗိုလ်မင်းအောင်လှိုင်က လူရယ်စရာစကားနဲ့ ဆင်ခြေပေးပေမယ့် တကယ့်အကြောင်းရင်းက စစ်သူကြီးမင်းဆက် နန်းဆက်မပြတ်ဖို့နဲ့ သက်ဦးဆံပိုင်အာဏာဓား ထက်သထက် ထက်စေဖို့ပဲ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ လူထုကြီးက ရက်ရှည်လများ လမ်းပေါ်ထွက် အုံကြွဆန့်ကျင် လာတဲ့အခါ၊ ထင်သလိုဖြစ်မလာတဲ့ စစ်အုပ်စုဟာ ကြေးစားတပ်အားကိုးနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တော့တာပါပဲ။

လူထုကြီးတရပ်လုံး သွေးမြေကျခံတိုက်နေရတဲ့ သဏ္ဌာန်စုံ မြို့ပေါ်လူထုတိုက်ပွဲများဟာ ကျေးလက်ခုခံတွန်းလှန်မှုများနဲ့ပေါင်းစပ်ပြီး နွေဦးတော်လှန်ရေး စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လက်နက်ကိုင်တိုက်ပွဲအထိ ဦးတည်နေတဲ့အခြေအနေတွေကို တွေ့မြင်လာရပါတယ်။

ဒီလက်နက်ကိုင်တိုက်ပွဲဟာ ရန်သူစစ်အုပ်စုက အကြမ်းဖက်ဖိနှိပ် တွန်းပို့လိုက်လို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲပါ။ ခုခံရေးနဲ့အစပြုသော်လည်း ရန်သူကိုချေမှုန်းရေးနဲ့ အနိုင်တိုက်မှရမယ့် တော်လှန်စစ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကိုဦးစီးသူတွေဟာ တော်လှန်စစ်နဲ့ကိုက်ညီတဲ့ နိုင်ငံရေး စစ်ရေး စည်းရုံးရေး မဟာမိတ်ဆက်ဆံရေး နိုင်ငံခြားရေး၊ နယ်မြေစိုးမိုးရေး စတဲ့ ပေါ်လစီတွေ စုဖွဲ့မှုတွေ ရှိဖို့လိုပါတယ်။

လက်နက်ကိုင်တိုက်ပွဲဟာ အဓိကတိုက်ပွဲသဏ္ဌာန်လား အရန်လား။ စစ်သုံးစစ်အမြစ်ဖြတ်ရေးလား၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က ရှိခဲ့ဖူးတဲ့ (၂၀၀၈ အောက် ရင်ကြားစေ့) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုတာကို ပြန်သွားရေးလား။ပြည်တွင်းပြည်ပ ပကတိဘာဝ အချက်အလက်များအရ လက်နက်ကိုင်တိုက်ပွဲဟာ ကာလတိုအတွင်း အောင်ပွဲရဖို့မဖြစ်နိုင်သလို မှန်းဆမျှော်မှန်းမရလောက်အောင် တိုက်သွားရမှာမျိုးလည်း ဖြစ်မသွားနိုင်လောက်ဘူးလို့ ယူဆရပါတယ်။ လူထုနိုင်ငံရေးနိုးကြားမှုနဲ့ စစ်အုပ်စုအထီးကျန်မှု ဆိုတဲ့ ပကတိအခြေအနေအရ ရေရှည်မှာ မိမိတို့ဘက်က အားသာချက်များ ရှိသလို၊ အတ္တဘာဝအရ လတ်တလောမှာ အားနည်းချက်တွေလည်း ရှိပါတယ်။

ဗမာပြည်မှာ ဘယ်အုပ်စိုးသူအစိုးရပဲဖြစ်ဖြစ် ပြည်တွင်းစစ်ပြဿနာနဲ့ ပြည်ထောင်စုပြဿနာကို မုချဖြေရှင်းရမှာပါ။ ဒီပြဿနာနှစ်ရပ်ဟာ ဗမာပြည်လွတ်လပ်ရေးနဲ့အတူ ကြီးထွားနက်ရှိုုင်းလာခဲ့ပြီး၊ စစ်အုပ်စုမင်းဆက်နဲ့အတူ သက်ဆိုးရှည်နေတဲ့ ပြဿနာနှစ်ရပ်လည်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲနဲ့အတူ ဒီပြဿနာတွေကိုလည်း မုချဖြေရှင်းရမှာပါ။ ကိုယ့်ပြည်တွင်းမှာ စည်းလုံးညီညွတ်တဲ့ လူထုအားကို အဓိကထားပြီး ကိုယ့်ဖာသာဖြေရှင်းရမှာပါ။ ဘယ်ပြည်ပအင်အားကြီးများကမှ ပြည်တွင်းအခြေအနေမှန်ကို ကိုယ့်ပြည်သူတွေလောက် မသိပါဘူး။

CRPH က ၂၀၀၈ ကို ဖျက်သိမ်းကြောင်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ Legitimacy ကိုကိုင်ပြီး အမျိုးသားညီညွတ်ရေး(ကြားဖြတ်)အစိုးရ NUG ဖွဲ့ပြီး၊ ဖယ်ဒရယ်ဖွဲ့စည်းပုံခြေဥသစ်နဲ့ အစိုးရသစ်ပေါ်ပေါက်ရေးကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

၂၀၀၈ ခြေဥဟာ ပေးထားချက်ထက်ကျော်လွန်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက (ခေါ်ဆိုလေ့ရှိတဲ့ ဥပဒေသဘောအရ) စက္ကူစုတ်ဖြစ်သွားပါပြီ။ ဒါပေမဲ့ စစ်အုပ်စုက စစ်ဗျူရိုကရေစီယန္တရားနဲ့အတူ နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားဆဲပါ။ စစ်အုပ်စုကို ပလ္လင်ပေါ်ကဆွဲချဖို့ No Fly Zone တို့ R2P တို့ကို မျှော်နေရင် မောရုံရှိပါလိမ့်မယ်။ ဆီးရီးယား လစ်ဗျားတို့ကို အားကျမနေပါနဲ့။ အကောင်းထက် အဆိုးပဲဖြစ်ပါလိမ့်မယ်။

တကယ်တော့ စစ်အုပ်စု(နဝတ-နအဖ)ကို အမေရိကန်နဲ့ အာဆီယမ်က ပြန်လည်ပွဲထုတ် စင်တင်ပေးခဲ့တာပါ။ မလေးရှားက အာဆီယမ်အဖွဲ့ဝင်ဖြစ်ဖို့ ထောက်ခံအဆိုပြုပေးခဲ့ပြီး၊ စစ်တပ်အစိတ်သား နေရာယူထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို အင်ဒိုနီးရှားကိုစံပြုပြီး ရေးဆွဲဖို့ စင်ကာပူက အကြံပေးခဲ့တာပါ။ ထိုင်းဘုရင့်စစ်ကောင်စီကို စံပြုပြီး ဗမာပြည်မှာ စစ်သူကြီးမင်းဆက် ထူထောင်ဖို့ မင်းအောင်လှိုင်က စိတ်ကူးယဉ်ပါတယ်။

၂၀၀၈ အောက်မှာ စစ်အုပ်စုနဲ့ဒေါ်စု ရင်ကြားစေ့ရေးလမ်းကြောင်းကို အမေရိကန်က နားဖောက်ပေးခဲ့ပါတယ်။ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အောင်ပွဲအဖြစ် ဗမာပြည်လာပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပြီး ဦးသိန်းစိန်အစိုးရကို ချီးမြှောက်ခဲ့တာပါ။အဲဒါတွေလည်း ခုတော့ ရေစုန်မျောကုန်ပါပြီ။တော်လှန်ရေးဆိုတာ ကိုယ့်အားကိုယ်ကိုး ဆင်းရဲ့ပင်ပန်းခံ ကြိုးပမ်းအားထုတ်မှု မရှိဘဲ မအောင်မြင်နိုင်ပါဘူး။ ညီဌေးကျော် (၁၉ ဧပြီ ၂၀၂၁)

ဗမာပြည်သမိုင်းထဲက ပြည်တွင်းစစ် (မောင်သန်းမြရွှေ)

ဗမာပြည် လွတ်လပ်ရေးရပြီး ၃ လတောင်မပြည့်သေးခင် ၁၉၄၈ မတ်လ ၂၈ ညမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးကိုစီးနင်း တပြည်လုံးရှိ ပါတီခေါင်းဆောင်များကို ဖမ်းဆီးရာမှ ပြည်တွင်းစစ်စတင်တယ်။

လွတ်လပ်ရေးနဲ့အတူ ၁၉၄၇ ဖွဲ့စည်းပုံအောက်မှာ တရားဝင်ရပ်တည်နေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို အာဏာရ ဖဆပလပါတီအတွင်းမှ ဆိုရှယ်လစ်ပါတီအုပ်စုဖြစ်တဲ့ ဖဆဆိုရှယ် များက အလစ် အငိုက်ယူ အကြမ်းဖက်ဖမ်းဆီးကာ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်လာ တယ်။

ပြည်သူ့ရဲဘော်နဲ့ တော်လှန်တဲ့ဗမာ့တပ်မတော် အင်အားစုများက ဗကပအပေါ် တဖက်သတ်ဖိနှိပ်မှုကို ဆန့်ကျင်ကာ ပြည်တွင်းစစ်ရပ်စဲရေး လက်ဝဲညီညွတ်ရေး (လွတ်လပ်ရေးအတွက် တိုက်ခဲ့သူချင်း) ကြိုပမ်းမှုရှိခဲ့ပေမယ့် အရာမထင်ခဲ့။

ဗမာပြည်ကွန်မြူနစ်ပါတီဟာ မလွှဲမရှောင်သာ လက်နက်ကိုင်ခုခံစစ်ကို တိုက်ရတယ်။ မနှေးမနှောင်း ဖြစ်ရပ်များကို ဆက်စပ်ကြည့်ရင် ဘာ့ကြောင့် ပြည်တွင်းစစ်ဖြစ်ရသလဲဆိုတာ ပေါ်လွင်ပါတယ်။

– ပြည်သူ့ရဲဘော်အတွင်းမှ ရဲဘော်(ဖြူ) တောခိုတယ်။- စစ်တပ်တွင်းမှ တော်လှန်သောဗမာ့တပ်မတော် (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျခေါင်းဆောင်ကာ) တောခိုတယ်။- ကရင် မွန် ပအိုဝ့် ကရင်နီ တို့ လက်နက်ကိုင်တိုက်လာတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ် ကျယ်ပြန့်ကြီးထွားလာတယ်။

– ၁၉၅၈/၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်း နဲ့ ကချင် တို့ လက်နက်ကိုင် တိုက်လာတယ်။ – ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း လူမျိုးစုတိုင်းလို လက်နက်ကိုင်(တိုက်)လာတယ်။အာဏာရ ဗျူရိုကရက်ဓနရှင်လူတန်းစား အဆက်ဆက်ဟာ ပြည်တွင်းစစ်နဲ့အတူ အဆင့်နေရာရလာ ကြီးထွားလာတယ်။ သူတို့ဟာ ကွန်မြူနစ်ဆန့်ကျင်ရေး – ပြည်သူဆန့်ကျင်ရေးအတွက် ဖိနှိပ်ရေးနဲ့ အပြုတ်တိုက်ရေး ပေါ်လစီကျင့်သုံးလာတယ်။ ပြည်တွင်းစစ်ကို သဲကြီးမဲကြီး တိုးချဲ့လာတယ်။ နောက်ဆုံးမှာ အကြံသမားဗိုလ်နေဝင်းက စစ်တပ်ကိုတလက်ကိုင်လုပ်ကာ အာဏာသိမ်းတယ်။

၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆုတ်ဖြဲကာ မဆလ တပါတီအာဏာရှင်စနစ်ကို ထူထောင်တယ်။ ၈ လေးလုံး အရေးတော်ပုံကြီးကို သွေးချောင်းစီးနှိမ်နင်းကာ စစ်တပ်က အာဏာသိမ်းပြန်တယ်။ သားစဉ်မြေးဆက် ရာသက်ပန်အာဏာမြဲဖို့ စစ်သုံးစစ် (စစ်အုပ်စုအစိုးရ – စစ်အာဏာရှင်စနစ် – စစ်ဗျူရိုကရေစီယန္တရား) အခြေပြုတဲ့ နာဂစ်ဖွဲ့စည်းပုံကို ကောက်ကျစ်စွာ ပြဋ္ဌာန်းတယ်။

၈၈ နောက်ပိုင်း တပ်ချုပ်မူ ၆ ချက်နဲ့ ပြုလုပ်တဲ့ NCA အပစ်ရပ်စာချူပ် မအောင်မြင်ပါဘူး။ တိုင်းရင်းသားလူမျိုးစုအသီးသီးရဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ တပြည်လုံးပျံ့နှံ့လာတာဟာ စစ်အုပ်စုရဲ့ ဖောက်ပြန်တဲ့ ပြည်တွင်းစစ်ပေါ်လစီကြောင့်ပဲ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီဟာ (ကိုယ့်အကြောင်းနဲ့ကိုယ်) ပါတီတွင်းအရေးအခင်းများ အရှေ့မြောက်ပြိုကွဲမှုများ ဖြစ်ပွားအပြီး၊ မြေအောက် UG ပါတီအဖြစ်ရပ်တည်ကာ ဗမာပြည်နိုင်ငံရေးမှာ မိမိတို့ ယုံကြည်ချက်၊ မိမိတို့လမ်းစဉ်အရ ဆက်လက်ပါဝင်လှုပ်ရှားပြီး စစ်အာဏာရှင်စနစ်ကို တလျှောက်လုံး ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်လာခဲ့တယ်။ ဗကပဟာ ဗမာပြည်နိုင်ငံရေးနဲ့ ဘယ်တုန်းကမှ ကင်းကွာ နောက်ကျကျန်ခဲ့တာ မရှိခဲ့ပါဘူး။

ယခုတဖန် ဗမာပြည်နိုင်ငံရေး တဆစ်ချိုးပြောင်းပြန်ပြီ။ စစ်အုပ်စုစိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ အောက်က ၂၅%အသာစီးယူထားတဲ့ ရွေးကောက်ပွဲများမှာ ခွက်ခွက်လန်ရှုံးနိမ့်တော့ စစ်တပ်က အာဏာသိမ်းပြန်ပြီ။ လူသတ်ပြန်ပြီ။ ၆၂ ဗိုလ်နေဝင်း အာဏာသိမ်းတုန်းက ဦးနုကြုံရတဲ့ကြမ္မာမျိုး ယခုဒေါ်စုနဲ့ဒီချုပ်ကြုံရတာပါ။ ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ မည်သို့ဆိုစေ ဒီချုပ်အမာလိုင်းက ကိုယ်စားပြုလွှတ်တော် CRPH နဲ့ ရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်အန်တုနေတာနဲ့ ၂၀၀၈ ခြေဥ ဖျက်သိမ်းကြောင်း ကြေညာတာတို့ဟာ မှန်ကန်တဲ့လမ်းကြောင်ပေါ် ရောက်ရှိလာတာဖြစ်ပြီး ဒီလမ်းကြောင်းအပေါ်မှာ ပြတ်ပြတ်သားသား ဆက်လက်လျှောက်လှမ်းသွားဖို့ လိုပါတယ်။

ဒီနေရာမှာ ကျနော်တို့အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြမှပြည့်စုံပါမယ်။ ရှေ့လျှောက်ရမယ့်ခရီးက ပန်းခင်းလမ်း မဟုတ်လို့ပါ။ စစ်အုပ်စုက အာဏာသိမ်းဖို့ ကြိုတင်ပြင်ဆင်ခဲ့တာပါ။ ယနေ့ ဗမာ့တပ်မတော်ဆိုတာ စစ်အုပ်စုတလက်ကိုင် ကြေးစားတပ်ပါ။ ကြေးစားတပ်ကို တလက်ကိုင်ဖြစ်အောင် ကံကြွေးချတပ်သားများနဲ့တပ်ကိုဖွဲ့စည်းပြီး သစ္စာရှိကျေးတော်မျိုးများကိုသာ တပ်မှူးခန့်ပါတယ်။ ဗိုလ်လောင်းလျှောက်သူတွေက မတန်မရာ အခွင့်ထူးခံရဖို့နဲ့ တကိုယ်ရည်ကြီးပွားရေးရှေးရှုပြီး စစ်ဗိုလ်ဖြစ်လာသူတွေပါ။ ကြေးစားတပ်ကို ဆန္ဒအလျောက်ဝင်ရောက်သူ နည်းပါးနေတဲ့အခါ ကလေကချေတွေ ဂျပိုးသူခိုးတွေ စိတ်လေနေသူတွေကို ငွေပေးဖြားယောင်ပြီး စစ်သားသစ်သိမ်းသွင်းရပါတယ်။ တပ်ပြေးတွေများလာတော့ စစ်ဝတ်ဝတ်ထားတဲ့ ဂျပိုးသူခိုးတွေက လူထုအပေါ် လက်နက်နဲ့အနိုင်ကျင့်တာ လက်လွတ်စပယ်သတ်ဖြတ်တာ လုယက်ဖျက်ဆီးတာ ကုန်ကုန်ပြောရင် မုဒိမ်းကျင့်တာ ရပ်ရွာမီးရှို့တာတွေကို – တပ်တွင်းပုန်ကန်မှုမဖြစ်ရင်ပြီးရောဆိုပြီး လွှတ်ပေးထားပါတယ်။

အထက်အရာရှိကို သေအောင်ကြောက်ရပြီး လက်အောက်ငယ်သားနဲ့လူထုအပေါ် အဆင့်ဆင့် အာဏာပြ ဗိုလ်ကျအုပ်ချုပ်နေရတဲ့ ပဒေသရာဇ်လက္ခဏာအပြည့်ရှိတဲ့ ကြေးစားတပ်ပါ။ သူတို့ဟာ ပြည်သူကို အလုပ်အကြွေးပြုတဲ့ တပ်မတော်မဟုတ်ပါဘူး။ စစ်အုပ်စုမင်းဆက် အဖကြီးစိုးတဲ့ ပဒေသရာဇ်အတွေးအခေါ်ရှိတဲ့ ဖက်ဆစ်ကြေးစားတပ်ပါ။ ကြေးစားတပ်ရဲ့ ကိုယ်စားပြုနိုင်ငံရေးပါတီက (ယခင်က မဆလ) ယခုကြံ့ဖွံ့ပါ။ သူ့ရဲ့အဆွယ်အပွား အင်အားစုတွေကတော့ မဘသတွေ၊ စွမ်းအားရှင်တွေ၊ ထောက်လှမ်းရေးပြုတ်တွေ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေ၊ စစ်တပ်အနွယ် စစ်ခရိုနီတွေ နဲ့၊ အပေါင်းပါ နိုင်ငံရေးပါတီအမည်ခံ ပါတီငယ်တချို့ပဲဖြစ်တယ်။

ဒါဟာ ကြေးစားတပ်ကိုမဏ္ဍိုင်ပြုပြီး အထက်မှအောက် တြိဂံပုံစံ ဗဟိုချုပ်ကိုင်စုဖွဲ့ထားတဲ့ စစ်အုပ်စု စုဖွဲ့မှုပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၆၂ ဗြောင်စစ်အာဏာသိမ်းပြီး နှစ်ပေါင်း ၆၀ လောက် တိုင်းပြည်ကိုဒုက္ခပေးလာတဲ့ စစ်အုပ်စုမင်းဆက်ကို စစ်သုံးစစ် (စစ်အုပ်စု၊ စစ်အစိုးရ ၊ စစ်ဗျူရိုကရေစီယန္တရား) လို့ခေါ်တာဖြစ်ပါတယ်။ ၂၀၀၈ ဖျက်ရေးဆိုတာ စစ်သုံးစစ်တိုက်ဖျက်ရေးရဲ့ လတ်တလောလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

သူတို့ဟာ တိုင်းပြည်ရဲ့ မြေယာ သယံဇာတ ဘဏ္ဍာအရင်းနဲ့ စီးပွားရေးအဆောက်အအုံများကို လက်ဝါးကြီးအုပ်ပြီး (စစ်ခရိုနီ)ပုဂ္ဂလိကပိုင် ပြုထားကြတယ်။ စစ်အုပ်စုမင်းဆက်နန်းစိုက်ရာ နေပြည်တော်မြို့တာ်သစ်ကိုတည်ဆောက်ပြီး ပုန်းခိုရာ မြေအောက်လှိုင်ခေါင်းတွေ တူး၊ လူထုနဲ့အဆက်ဖြတ်ကာ တထီးတနန်းနေထိုင်ကြတယ်။ Smart Army ဆိုတဲ့ ခေတ်မီတပ်မတော် စိတ်ကူးအိမ်မက်ဟာ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေး ဗိုလ်ခင်ညွန့်လက်ထက် လမ်းပြမြေပုံ(၇)ချက်ဆိုတာနဲ့အတူ စခဲ့တာပါ။ ရာသက်ပန် အာဏာလက်မလွှတ်ရေး ရည်မှန်းချက်နဲ့ပါ။ ဧရာဝတီအနောက်ခြမ်း အကြီးစားစက်မှုလုပ်ငန်း စက်ရုံတွေကို စစ်တပ်ပိုင်ပြုပြီး စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံတွေအဖြစ် တိုင်းပြည်ဘဏ္ဍာအမြောက်အမြား ကျခံတည်ဆောက်ခဲ့တာပါ။ ဂျက်တိုက်လေယာဉ်တွေ အတွဲလိုက်ပစ်တဲ့လက်နက်ကြီးတွေလဲ ဝယ်ယူတပ်ဆင်ပါတယ်။ နျူကလီးယားအိမ်မက် မက်ခဲ့သေးပေမယ့် နောက်ဆုံးတော့ ဗိုလ်မင်းအောင်လှိုင်လက်ထက် မင်းရဲသင်္ခသူဆိုတဲ့ သူများလက်ကျ ရေငုပ်သင်္ဘောအစုတ်တစီးနဲ့ကျေနပ်ခဲ့ရပါတယ်။

Smart Army (စမတ်အာမီ) ဆိုပေမယ့် အောက်ခြေတပ်သားတွေဟာ စုတ်စုတ်ပြတ်ပြတ် ငတ်ငတ်ပြတ်ပြတ်နဲ့ ပြည်တွင်းစစ်ကိုပဲ တိုက်နေရတာပါ။ ငတ်လို့ပဲခိုးခိုးခိုး ကြေးစားတပ်အကျင်းစရိုက်အရပဲခိုးခိုး ကြေးစားစစ်သားတွေ ခိုးဆိုးလုယက် လူထုအပေါ် ဗိုလ်ကျရမ်းကားနေမှုကို အားပေးအားမြှောက် ပြုပေးထားပါတယ်။

စစ်ခရိုနီဗိုလ်ချုပ်ကြီးများက တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့အပြင် ဘတ်ဂျက်ရဲ့အများပိုင်းကို စစ်သုံးစရိတ်အဖြစ် ကျခံသုံးစွဲနေရတဲ့ ဗမာပြည်ဟာ ပြည်တွင်းရေးပြဿနာဗလပွနဲ့ အဆင်းရဲဆုံး ချွတ်ခြုံကျ ကျဆုံးနိုင်ငံအဖြစ်သို့ ဦးတည်နေပါတယ်။

စစ်အုပ်စုကတဖက် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကတဖက် ဖြစ်ပွားနေတဲ့ ဗမာပြည် နိုင်ငံရေးပဋ္ဋိပက္ခဟာ စစ်ရေးပဋ္ဋိပက္ခ (ပြည်တွင်းစစ်) အဖြစ် ကြီးထွားတော့မှာပါ။ ပြည်တွင်းစစ်ကို ရှောင်လွဲလို့မရတော့ဘူးဆိုတာကို ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံများကပါ ထုတ်ပြောလာနေပါပြီ။

ပြည်တွင်းစစ်နဲ့အာဏာရ ပြည်တွင်းစစ်နဲ့ကြီးပွား ပြည်တွင်းစစ်နဲ့ရပ်တည်နေရတဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်နဲ့အတူ ချုပ်ငြိမ်းမှာပါ။ကမ္ဘာ့အခြေအနေက စစ်အေးခေတ်လို အင်အားကြီးနိုင်ငံများက တဖက်ဖက်ကိုပုံအောပြီး တပည့်မွေးတဲ့ခေတ် မဟုတ်တော့ဘူး။ ကမ္ဘာ့စီးပွားရေးထိုင်းအီ အင်အားချိန်ခွင်လျှာပြောင်းလဲ စည်းစနစ်မတည်ငြိမ် စိန်ခေါ်မှုများတဲ့ အခြေနေမှာ – (ပထဝီနိုင်ငံရေးအရ) ဗမာပြည်ဟာ ကိုယ့်အရေးတော်ပုံ၊ ကိုယ့်တော်လှန်ရေးကို နိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲ ဆွဲသွင်းမခံရဖို့ အသုံးချမခံရဖို့ လိုပါတယ်။ ဗမာပြည် ပြည်တွင်းစစ်ဟာ ဆီးရီးယား၊ လစ်ဗျားတို့နဲ့ မတူပါဘူး။ မျက်မှောက်မှာ ဗမာပြည် ပြည်တွင်းစစ်ဆိုတာဟာ ကိုယ့်ပြည်သူတွေကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ရမယ့် တော်လှန်ရေး ဖြစ်ပါတယ်။ ဘယ်ပြည်ပအင်အားကြီးကိုမှ မျှော်လို့ မရပါဘူး။ ဘယ်ပြည်ပအင်အားကြီးကမှလည်း တားလို့မရပါ။ ဗမာပြည် လူမျိုးပေါင်းစုံပြည်သူလူထု တရပ်လုံး ဘုံရန်သူစစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ဖို့ တစည်းတလုံးတည်း ကိုယ်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်တည် လာတာနဲ့အမျှ စစ်အုပ်စု မုချကျဆုံးမှာပါ။ မောင်သန်းမြရွှေ (၁၅ ဧပြီ ၂၀၂၁)