Monthly Archives: July 2014
လွမ်းကြပါတော့
(၁)
ရဲဘော်တို့
မိတ်ဆွေတို့
ပြည်သူလူထုအပေါင်းတို့
စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော်
သံလွင်ပေါ်ကနေ ဧရာဝတီ
ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း
မြစ်ရိုး၊ ချောင်းဖျား
လျှိုကြား၊ မြောင်ကြား
တောကြား၊ လယ်ကွင်း
အိမ်တွင်း၊ တဲတွင်း
ဆားကျင်း၊ သတ္တုတွင်း
မိုင်းတွင်းတွေထဲ
လူထုထဲအနှံ့
ဖြန့်ကျက်လိုက်တဲ့ အသံ
ထားဝယ်သံ သြသြကြီးနဲ့
ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း
ပဌမဆုံးသော
ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ
မြရာတောလယ် ကြွေခ
ကြယ်စင်မြများကို အလေးပြုရင်း
အရှင်းလင်းဆုံး ဖော်ပြ
အလယ်ရိုးမရဲ့ ဗဟိုချက်
ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ
တော်လှန်တဲ့ သမိုင်းကြောင်း
သွေးသစ်လောင်း နှိုးဆော်
ရဲဘော်တို့
ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ
တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ
ဘယ်နေရာရောက်ရောက်
ဘယ်တော့မှ ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူး
ဒူးမထောက်ရဘူးတဲ့
ရင်ထဲကိုစူးဝင်
နားဆင်လိုက်ရ
ဘယ်တော့မှ မမေ့စရာ
ဒါ
ဥက္ကဋ္ဌကြီးရဲ့အသံ
ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။
ပဌမဆုံးအကြိမ်က
ကျနော်အသက်က ဆယ့်သုံးလေးနှစ်
၁၉၆၇ ခုနှစ်
ဗမာပြည်မှာ ဆန်ပြဿနာ စပေါ်တဲ့နှစ်
တရုတ်ဗမာ အရေးအခင်းဖော်တဲ့နှစ်
ပီကင်းအသံ လေလှိုင်းကြားက
ဥက္ကဋ္ဌကြီးရဲ့ စကားပြောသံ
သာမန်အလယ်တန်းကျောင်းသားလေးအဖြစ်
လှစ်ကနဲ တဝက်တပြက်
လျှပ်တပြက် ကြားဖူးတယ်။
၁၉၈၁
မင်းရန်အောင်ထိုးစစ် ပြီးတဲ့နောက်ပိုင်း
တတိုင်းပြည်လုံးသို့ ရှင်းပြချက်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ဇာတ်ကြောင်း
ပြည်သူအပေါင်းသို့ တင်ပြချက်
သမိုင်းစာမျက်နှာထက် တင်ထားရမယ့်
ဗမာပြည်မှာ –
ပါတီစုံဒီမိုကရေစီ ကျင့်သုံးရေး
ပြည်တွင်းစစ်ရပ်စဲရေး
အမျိုးသားသွေးစည်းညီညွတ်ရေး တောင်းဆိုသံ
အမိနိုင်ငံရဲ့ရှေ့ရေး မျှော်တွေးထောက်ရှု
လူထုအကျိုးစီးပွားဘက်က
ထာဝရရပ်တည်ရင်း ရှင်းလင်းမြွက်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ၊ ပြည်သူ့အသံနားထောင်ရင်း
အမှောင်တွင်းကနေ ကြားရ
ဒါ တတိယအကြိမ်မြောက်ပါ။
၁၉၈၉
မုတ်သုန်မိုးက သည်းထန်ဆဲ
စစ်ဘီလူးသရဲများရဲ့ ကောင်းမှုနဲ့
၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း
ကွန်မြူနစ်ပါတီတွင်း ခေါင်းဆောင်ကြီးများရဲ့
လူထုလှုပ်ရှားမှု ဒီရေအပေါ် အကဲဖြတ်ချက်
လေးလေးနက်နက် ဆွေးနွေးနေဟန်
အပြန်အလှန် ပြောနေကြပုံတွေ
ဗီဒီယိုအခွေကနေ ကြည့်ရရင်း
ကြယ်နီဦးထုပ်တဝင်းဝင်းနဲ့ ဥက္ကဋ္ဌ
ခပ်ဖွဖွပြုံးပြီးပြော
ကိုယ့်ကိုများ ပြောလိုက်သလားထင်ရ …
ကျနော်တို့ရဲဘော်တွေက
လက်ဝဲကျလိုက်တာ၊ မဆလ ထဲဝင်လုပ်ခိုင်း
အလုပ်လုပ်ခိုင်းရင်၊ မလုပ်ချင်ကြဘူးတဲ့
ရေရှည်အမြင်နဲ့တော်လှန်ရေး
အလေးပေးဖွင့်ဟ
ဥက္ကဋ္ဌကြီးရဲ့ စကားသံ
စတုတ္ထမ္ပိကြားဖူးတယ်။
ဥက္ကဋ္ဌကြီးကို ကျနော်ဟာ
တခါမှ မတွေ့ဖူးပါ
ဒါပေမဲ့ သိနေတယ်
ဥက္ကဋ္ဌကြီးနဲ့ ကျနော်ဟာ
တခါမှ စကားမပြောဖူးပါ
ဒါပေမဲ့ ကြားနေတယ်။
(၂)
သခင်ဗသိန်းတင်ဆိုတာ
တို့ဗမာအစည်းအရုံးဝင်
သခင်တယောက်အဖြစ်ကနေ
ဥရောပတစ္ဆေကြီးရဲ့ ဝိဉာဉ်ကို
သခင်အောင်ဆန်း၊ သခင်သန်းထွန်း
သခင်ဗဟိန်းတို့နဲ့အတူတူ
ဂုဏ်ယူစွာပူးကပ်
ကြီးမြတ်တဲ့ပါတီ
စတင်တည်ခဲ့တဲ့သူတွေထဲ
မျိုးစေ့ကြဲသူတယောက်အဖြစ် စာရင်းထိုး
မော်ကွန်းထိုးရမယ့် ပုဂ္ဂိုလ်တဦးပါ…
မြေအောက်ပါတီအဖြစ်
အကျစ်လျစ်ဆုံးတည်ဆောက်
အပြောင်မြောက်ဆုံးဖွဲ့စည်း
ဘုံခရီးကို ချီတက်ရင်း
ဆင်းရဲချို့ငဲ့
ပစ္စည်းမဲ့တို့ရဲ့အကျိုး
သယ်ပိုးရှေ့ဆောင်
အမှောင်ထဲက ကြယ်နီ
အမိပြည်ရဲ့ လွတ်လပ်ရေး
နယ်ချဲ့ဆန့်ကျင်ရေးတာဝန်
ကျေကျေပြွန်ပြွန် ထမ်းခဲ့တယ်။
တကမ္ဘာလုံး
အုန်းအုန်းကျွက်ကျွက်ဖြစ်ရ
ဖက်ဆစ်ဝါဒခေါင်းထောင်
မာန်တစောင်စောင်နဲ့ပေါ်လာ
ချိန်ဘာလိန်တို့ လေပြေထိုး
အရိုးအရင်းတွေ ချကျွေးပစ်
မြူးနစ်စာချုပ်တွေ ချုပ်နေစဉ်
ဒီမီထရော့ အစီရင်ခံစာ
ဗမာပြည်ကွန်မြူနစ်များနားလည်
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ရာက
ဝင်လာတဲ့ဂျပန်ဖက်ဆစ်
ဘီလူးအသစ်တွေကိုလည်း မောင်းထုတ်ရေး
ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွှဲ
ရဲရဲရင့်ရင့် သမိုင်းကြောင်း
သွေးနဲ့လောင်းပြီး ကမ္ပည်းဆင်
ကြယ်ဖြူတပွင့် အလံနီကိုတင်တဲ့အခါ
သခင်ဗသိန်းတင်ဟာ
တိုင်း (၅) မှာ နိုင်ငံရေးမှူး
တပ်ဦးက ပါခဲ့တဲ့
တကယ့်ခေါင်းဆောင်းတဦး ဖြစ်ခဲ့တယ်။
ဂျပန်ကို မောင်းထုတ်ပြီး
ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးသွား
ဆင်းမလားရောက် မျက်နှာဖြူဟာ
စက္ကူဖြူစီမံကိန်းကို တကိုင်ကိုင်နဲ့
အမိနိုင်ငံအတွင်း ပြန်ရောက်
နောက်တခေါက် ကျွန်ပြုရန်
ကုလားဖန် အလီလီထိုး
အမျိုးမျိုးညစ်ပတ်
ကိုလိုနီဇာတ်ကို ဆက်ပြီးက
အမှောင်ညကြီး ရှည်ချိန်မှာ
အမိဗမာပြည်ရဲ့ မိုးသောက်ရေး
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်
တူတံဇဉ်ကို လွှင့်ထူရင်း
အဝင်းပဆုံး ရွှန်းပြက်
လင်းလက်ခဲ့ကြတဲ့ ကြယ်နီတွေထဲ
သခင်ဗသိန်းတင်လည်း ပါခဲ့တယ်။
(၃)
လွတ်လပ်ရေးကြီး ကြေညာအပြီး
အမျိုးသားသွေးစည်းညီညွတ်ရေး
ဟစ်ကြွေးရမယ့်အချိန်မှာ…
ကျောက်ကြီးပေါက် အရောက်တက်
လက်နက်ကိုင်တော်လှန်ရေး
ဟစ်ကြွေးပြီး ဖော်ခဲ့ရ
ရိုးမကို သက်သေတင်
အာဏာရှင်တွေနဲ့ ပြိုင်ဆိုင်ရင်း
‘ရန်ပုံခွင်း’ နဲ့ စခဲ့ရ
‘သမိုင်းဇ’ နဲ့ ကြယ်နီ
အစချီကတည်းကပါဝင်
သခင်ဗသိန်းတင်ဆိုတာ ရာသက်ပန်တော်လှန်ရေးသမား
မားမားမတ်မတ် ပြခဲ့တယ်။
နောက်ပိုင်း
ဂန္ဓလရာဇ်တိုင်းဆီ ခရီးဖောက်
အဝေးရောက်တာဝန်
ကျေပွန်အောင် ထမ်းဆောင်ရင်း
ပြတ်သားခြင်းနဲ့ ပျော့ပျောင်းမှု
စံပြုလောက်အောင်ပေါင်းစပ်
မြင့်မြတ်တဲ့ နာယကဂုဏ်
အပြည့်စုံဆုံး ခေါင်းဆောင်ကောင်း
ကွန်မြူနစ်ကောင်းစစ်စစ် ဖြစ်ခဲ့တယ်။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး
အရေးတော်ပုံကြီးတလျှောက်
မှတ်ကျောက်တင် အစမ်းသပ်ခံ
တူတံဇဉ်အလံကို မြဲမြဲဆုပ်
အုပ်စိုးသူအဆက်ဆက်နဲ့ယှဉ်ပြိုင်
အမိနိုင်ငံအပေါ် ချစ်မြတ်နိုး
ကွေ့ချိုးပေါင်းများကို ကျော်ဖြတ်
ကြီးမြတ်တဲ့ တော်လှန်ရေးသမားပီသစွာ
ဂုဏ်ပြောင်စွာ အားထုတ်ရင်း
အလင်းတေးတွေ သီခဲ့တယ်။
သက်ရှိထင်ရှား
ရှိနေသား အချိန်မှာပဲ
လက်ထဲက တူတံဇဉ်အလံ
ခေါင်းဆောင်ကိုင်စွဲလာတဲ့ တော်လှန်ရေးအလံ
ပါတီရဲ့အောင်အလံကို
မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း
နည်းလမ်းတကျအပ်နှံ
ဆက်ခံသူတွေကို အားပေးရင်း
ရင်တွင်းကလာတဲ့ စကားလုံးတွေနဲ့
နှလုံးသွေးတွေပါ စီးမျော
ဟောဒီလို ပြောခဲ့ရှာတယ်…
ရဲဘော်တို့အခုအချိန်ဟာ
ပါတီရဲ့တော်လှန်ရေးအလံကို
မျိုးဆက်သစ်များထံ
အပ်နှံရမယ့်အချိန် ရောက်ပါပြီ။
(၄)
နှင်းတွေ…
ကြွေနေဆဲ
မျက်ရည်ဝဲနေတဲ့ ကောင်းကင်
ရှိုက်သံဝင်နေတဲ့ ပန်းပွင့်
ရင်နင့်စဖွယ် မှိုင်းလျ
အေးလွန်းလှတဲ့ ဆောင်းလည်ရက်
ရော်ရွက်တွေ ချွေနေတုန်း
မဆုံးနိုင်တဲ့ မြူလှိုင်းတွေ
တရိပ်ရိပ် ဝေနေတုန်း
နောက်ဆုံး ခွန်းဆက်တရား
မြွက်ဟထားပြီးသားမို့လား မပြောတတ်
နောက်ထပ်
နှုတ်ဆက်စကားလေးတောင် ထပ်မဆို
ရဲဘော်တွေအားလုံးကိုခွဲခွာ
ငြိမ်သက်စွာ အနားယူသွား
သေတမ်းစာလေးပဲ ထားခဲ့တယ်။
တပြည်လုံးသိတဲ့ကြယ်နီ
ပါတီတခုလုံးရဲ့ဥက္ကဋ္ဌ
ရတဲ့ခွင့်ပြုငွေလေးတောင် ကုန်အောင်မသုံး
အခြိုးခြံဆုံးနေထိုင်
အခိုင်မာဆုံး ရိုးသားမှုနှင့်
စံပြုလောက်အောင်ဖြူစင်
သူတော်စင်တယောက်လို စားသောက်ရင်း
ခေါင်းအုံးအောက်မှာ ချန်ပြီးသွား
ငွေသား ယွမ်ငွေလေးက နှစ်ထောင့်ငါးရာ
အသုံးအဆောင်ပစ္စည်းပစ္စယလေးတွေက ခပ်နည်းနည်း
အင်္ကျီဘောင်းဘီလေးတွေပဲ ကျန်ခဲ့တယ်။
ဥက္ကဋ္ဌကြီးရဲ့ ရုပ်ကလာပ်ပေါ်
ကြီးမြတ်တဲ့ တူတံဇဉ်အလံ
လွှမ်းရုံပြီး ဖုံးအုပ်
အရိုးကုပ်ဆုံး ဈာပန
ပကာသန တခုမှမပါ
ပြာချပြီး သင်္ဂြိုဟ်ရင်း
အံတင်း ဖြေဆည်ခဲ့ရတယ်…
အရိုးစပြာအိုးကို
ရိုကျိုးစွာဆောင်သယ်
မြစ်လယ်မှာ အသာမျှော
လှိုက်မောစွာ ရှုငေးရင်း
တင်းထားရတဲ့ ပင့်သက်တွေ
မြောက်ပြန်လေပေါ် သွန်းကျ
တစတစ…
ရေလယ်ကြောမှာ
သင်္ဘောနဲ့ သုံးပတ်ပတ်
သုံးထပ်သုံးကြိမ် အလေးပြုရင်း
ဖြေးဖြေးချင်းလှည့်ကာ
အရိုးပြာအိုးငယ်ကို ဦးခိုက်
တိုက်ပွဲထဲက အာဇာနည်
ပြည်သူတွေရဲ့ သူရဲကောင်း
ခေါင်းဆောင်ကောင်းကြီးရဲ့ အရိုးပြာတွေဟာ
ရေစီးမှာပျော်ဝင်
မြစ်ပြင်ကနေ ပင်လယ်
ပင်လယ်ကနေ သမုဒ္ဒရာ
တရွေ့ရွေ့ဖြာဆင်း
အမိဗမာပြည်ရဲ့ အတွင်းဆီ
တနင်္သာရီ၊ ထားဝယ်၊ မြိတ်
ဇာတိရိပ် မွေးမြေအထိ
ရောက်ရှိပျံ့နှံ့နေပါစေ…
(၅)
ဝေချင်ပါလျက်
အဝေခက်ခဲ့ ဖိတ်စာ
လာချင်ပါစေလျက်
အလာခက်ခဲ့ ရဲဘော်
ခေါ်ချင်ပေလျက်
အခေါ်ခက်ခဲ့ မိတ်ဆွေ
ချွေချင်ပေလျက်
အချွေခက်ခဲ့ မိန့်ခွန်း
သွန်းထုချင်ပေလျက်
အသွန်းခက်ခဲ့ ရုပ်ထု
ပြုချင်ပေလျက်
အပြုခက်ခဲ့ အလေးနီ
စီချင်ပါလေလျက်
အစီခက်ခဲ့ စာတမ်း
ကမ်းချင်ပါလေလျက်
အကမ်းခက်ခဲ့ ယပ်တောင်
ဆောင်ချင်ပါလေလျက်
အဆောင်ခက်တဲ့ ရုပ်ကလာပ်
စပ်ချင်ပါလေလျက်
အစပ်ခက်ခဲ့ ကဗျာ
ချပါလေလျက်
အချခက်ခဲ့ လွမ်းသူ့ပန်းခွေ
မဝေနိုင်ခဲ့တဲ့ ဈာပန
ရှောင်သွေခဲ့ရတဲ့ ဈာပန
ဖြေဆည်ခဲ့ရတဲ့ ဈာပန
ခုမှ… ခုမှ…
လွမ်းကြပါတော့ ရဲဘော်တို့ရေ
လွမ်းပါရစေတော့ ရဲဘော်တို့ရေ
အမိမြေရဲ့ ဝေးရာမှာ
ကြွေသွားရှာတဲ့ ကြယ်နီ
“သခင်ဗသိန်းတင်” ဆိုတဲ့ ကြယ်နီကို
ကမ္ဘာတည်သရွေ့ မော်ကွန်းတင်ကြပါ။
                                                ဝင်းတင့်ထွန်း
                                               ၇၊ ၃၊ ၁၉၉၉
ကမ္ဘာတည်သရွေ့ တည်ပါစေ
( ၁ )
*   ဥက္ကဋ္ဌကြီး သခင်ဇင်
အသင်ဟာ –
ငါတို့ရဲ့
ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီးပါ။
*  အတွင်းရေးမှူးကြီး သခင်ချစ်
 ဗော်ရှီဗစ် ပီသ
ဂုဏ်ပြောင်လှတဲ့
ငါတို့ရဲ့ ခေါင်းဆောင်ကြီးပါ။
*  ဥက္ကဋ္ဌကြီးတို့ တွေဟာ
အာဇာနည်ပီပီ
ဘာမထီစိတ်ဓာတ်
အပြတ်သားဆုံး စိုက်ထူ
ရန်သူနဲ့ တိုက်ခိုက်ရင်း
သွေးချင်းချင်းနီ
သေသည်အထိ
သတ္တိအားမာန်  အောင်လံမစွန့်
မတွန့်မဖောက်  မရွံ့ကြောက်ခဲ့
“ ဒူးထောက်တယ် ဆိုတာ
ကွန်မြူနစ်တို့ အဘိဓမ္မာမှာ
ဘယ်ခါမှ မရှိဘူးဟေ့ – ”  လို့
လက်တွေ့နဲ့ ပြသသွားခဲ့ကြတယ်။
( ၂ )
*  ဥက္ကဋ္ဌကြီးတို့တွေဟာ
သူရဲကောင်းပီသစွာ
ကျဆုံးသွားခဲ့ရပါပြီ။
* ဒါပေမဲ့
ဗမာပြည်ရဲ့ သမိုင်းမှာ
ဘယ်အခါမှ မသေဆုံး
အဝင်းပဆုံး ဆက်ရှင်သန်
အဖန်ဖန် ထွန်းပြောင်နေမှာ သေချာတယ်။
*  ဥက္ကဋ္ဌကြီးတို့ တွေရဲ့
မွန်မြတ်တဲ့ ဘဝ
ညွှန်ပြခဲ့  လမ်းကြောင်း
မဟောင်းမမှိန်   မတိမ်မညစ်
ထိန်ဝေသစ်ဆဲ
ချစ်သော ပြည်သူ့တော်လှန်သူများ
နှလုံးသားမှာ  ထာဝရအစဉ်
မော်ကွန်းတင်ကာ
ကမ္ဘာတည်သရွေ့ တည်ပါစေ။       ။
(သူရဲကောင်းပီသစွာ ဂုဏ်ပြောင်စွာနဲ့  ကျဆုံးသွားခဲ့ကြတဲ့ ဥက္ကဋ္ဌကြီးသခင်ဇင်နဲ့ အတွင်းရေးမှူး သခင်ချစ်တို့အား
        လေးစားစွာဖြင့် အထိမ်းအမှတ်ပြုချက် ဖြစ်ပါတယ်)
                                                                                 မတ်လ၊ ၁၉၇၅
ရိုးမ ချစ်သူ
               ( ၁ )
    “ ကြေကွဲမှုအား
        အင်အားအဖြစ်
        ပြောင်းလဲ ပစ်ကြ”
ထားရစ် တရား မမေ့ငြားလည်း
တားဆီးမရ  မျက်ရည်စနဲ့
ရိုးမ တောင်ညို  ရိုးမ ငိုပြီ။
*   မြရာတောလည်း
ရှိုက်မော ပင့်သက်  မျက်ရည်စက်နဲ့ 
ပွေ့ဖက်နမ်းရှုံ့
ခေါင်းကို ငုံ့ကာ  ဦးညွှတ်ရှာပြီ။
*   ရိုးမရပ်ဖွား   ရိုးမသားကို
ရိုးမကြိုရှာ  ကြေကွဲစွာဖြင့်။
သခင်သန်းထွန်း – တဲ့
မော်ကွန်းအစဉ်  ကမ္ပည်းတင်ရစ်
ရိုးမချစ်သူ
လူထုခေါင်းဆောင် အာဇာနည်။
( ၂ )
*   ကျောက်တိုင်ထူစိုက် ပန်းခြံစိုက်ပြီး
ကမ္ဗည်းမဆင် စာမတင်လဲ
ဝမ်းနည်းလိမ့်မည် မဟုတ်ပါ ။
*  ရိုးမတောင်သည်  အာဇာနည်ရဲ့
တကယ့်ကျောက်တိုင်  မော်ကွန်းတိုင်ပေါ့
မယိုင်မပျက် ထာဝစဉ်။
*  ရိုးမတကြော ရိုးမတောသည်
အာဇာနည်ရဲ့ တကယ့်ပန်းခြံ
ဥယျာဉ်မှန်ပေါ့
ရှင်သန်ဖူးပွင့် ပန်းဟေဝန်။
*  ရိုးမ တောင်တော မပျောက်ကောသမျှ
ထာဝရအနီ အာဇာနည်အတွက်
မပျက်စိမ်းမြ ရိုးမကျောက်တိုင်
မော်ကွန်းတိုင်သည်
ခိုင်ခိုင်မတ်မတ် မြေမှာရပ်လျက်။
*  မပြတ် စိမ့်စမ်း ရိုးမပန်းခြံ
ဥယျာဉ်မှန်သည် ရာသီဆယ့်နှစ်လ
မပြတ်ရစေ ဖူးပွင့်စေလျက်
မပျက်နေ့စဉ် ပန်းစုံဆင်သ
ပန်းခွေချဆဲ။      ။
(ဥက္ကဌကြီး သခင်သန်းထွန်းသို့  ဦးညွှတ်အလေးပြုလျက်)
                                                          ဝင်းတင့်ထွန်း
                                                        ၂၄ စက်တင်ဘာ ၁၉၇၇
ပြည်သူ့အမွန်
– မတရား သိမ်းဆည်း လယ်ယာမြေများကို တောင်သူများသို့ ပြန်ပေးပါ။
– လယ်ယာမြေနှင့် ပတ်သက်သော အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးပါ။
– တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော လယ်ယာမြေခုံရုံးများ ဖွဲ့ပေး။
ရေတာရှည် မြို့နယ်က ဆန္ဒပြတောင်သူလယ်သမားတွေရဲ့ ဒီတောင်းဆိုချက်တွေကို ကြည့်ရင် ပြည်သူတွေရဲ့  တီထွင် ဖန်တီးမှုစွမ်းအားကို အထင်အရှား တွေ့နိုင်တယ်။
ကိုလိုနီခေတ်ကတည်းက အမတော်ကြေးများ လျှော်ပစ်ရေး၊ အခွန်တော် လျှော့ပေါ့ရေး၊ သီးနှံဈေး တိုးမြှင့်ပေးရေး စသဖြင့် လယ်သမားတွေရဲ့ လယ်တွေ့ဘဝကို ထင်ဟပ်တဲ့ လတ်တလော တောင်းဆိုချက် အများအပြားကို တင်ပြတောင်းဆိုခဲ့ကြတယ်။ ကြွယ်ဝပြည်စုံတဲ့ အဲဒီတောင်းဆိုချက်တွေထဲမှာ ၁၉၄၆-၄၇ ခုနှစ် ဗမာပြည် ပြည်သူတရပ်လုံးနဲ့အတူ လယ်သမားများလည်း ရှားပါး ကျပ်တည်းနေချိန်ဖြစ်လို့“ခေါင်းပါးစရိတ် ထုတ်ပေးရေး”ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတောင် တင်ပြတောင်းဆိုခဲ့ဖူးကြောင်း တွေ့ရှိရတယ်။ လွတ်လပ်ရေးမရမီ လယ်သမားညီလာခံများမှာလည်း လယ်သမားထု အတွက် အမှန်တကယ် လိုအပ်တဲ့ လတ်တလော တောင်းဆိုချက်များကို ပြည့်စုံကြွယ်ဝစွာ တင်ပြတောင်းဆိုနိုင်ခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ သီးစားခ လျှော့ပေါ့ရေးမှ အစ တောင်သူလယ်သမားများ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ “သစ်၊ ဝါး၊ ကိုင်းပင်များ လွတ်လပ်စွာ ခုတ်လှဲခွင့် ပြုရေး”အထိ ပါဝင်တာ သတိပြုမိတယ်။ ခေတ်အဆက်ဆက် တောင်းသူလယ်သမားထုဟာ မိမိတို့ဘဝပြဿနာအတွက် လယ်ယာမြေဆိုင်ရာ တောင်းဆိုချက်သာ မက နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်များအထိ တင်ပြတာလည်း ရှိခဲ့တာပါပဲ။ ပျဉ်းမနား တောင်သူလယ်သမားသမဂ္ဂညီလာခံမှာဆိုရင် အစိုးရက သတင်းစာတိုက်တွေတွေကို ရိုက်ချိုးဖျက်ဆီးရင် တုံ့ပြန်တိုက်ပွဲဝင်သွားမယ်လို့ သန္နိဌာန်ချ ဖော်ပြခဲ့ကြောင်း တွေ့ရတယ်။
ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ အတူ ပေါ်ထွက်လာခဲ့တဲ့ “လယ်လုပ်သူ လယ်ပိုင်ရေး”ဆိုတဲ့ တောင်းဆိုချက်ဟာ ဒီနေ့အထိ မှန်ကန်ဆဲ မှန်ကန်နေပြီး လယ်သမားထုအတွက် အရင်းခံအကျဆုံး တောင်းဆိုချက်လည်း ဖြစ်ပါတယ်။ လက်ငုတ်လယ် လက်မလွှတ်ရေး တောင်းဆိုချက်ဆိုရင် မျက်မှောက်ကာလနဲ့ ဆီလျော်ကိုက်ညီနေတုန်းပါ။ ဒါပေမဲ့ လယ်သမားများဟာ မိမိတို့ လက်တွေ့ လက်ငင်း တွေ့ကြုံရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင်အခြေအနေအလိုက် မိမိတို့ဘဝအတွက် အလိုအပ်ဆုံးအချက်များကို အထိရောက်ဆုံးတင်ပြနိုင်ဖို့ လတ်တလောတောင်းဆိုချက်များကို တီထွင်ဖန်တီးမှုရှိစွာ တင်ပြပြီး တောင်းဆိုတိုက်ပွဲဝင်သွားဖို့လည်း လိုအပ်ပါတယ်။
လယ်သမားထုမှာ ဒီလို တီထွင်ဖန်တီးမှုစွမ်းအား ရှိကြောင်း ရေတာရှည်မြို့နယ်က ဆန္ဒပြလယ်သမားများက ဖော်ထုတ်ပြသလိုက်ကြပါတယ်။ သူတို့တင်ပြတဲ့ တောင်းဆိုချက်များအနက်“တောင်သူလယ်သမားကိုယ်တိုင်ပါဝင်သော လယ်ယာမြေခုံရုံးဖွဲ့ပေး”ဆိုတဲ့ တောင်းဆိုချက်ဟာ အစိုးရ တရားရုံးများရဲ့ မတရားမှုကို ဆန့်ကျင်တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ဟာ သူတို့ရဲ့ လက်တွေ့ဘဝအရလည်း လိုအပ်တဲ့ တောင်းဆိုချက်ပါ။ မိမိလယ်ယာမြေကို မတရား အသိမ်းခံထားရလို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ လယ်သမားတွေကို ထောင်ထဲပို့နေတဲ့ တရားရုံးဟာ တရားရုံးမဟုတ်ဘဲ ကင်ပေတိုင်ရုံးဖြစ်နေတာ ကြာပါပြီ။ ယခုအခါ တရားသူကြီးတဦးက စစ်တပ်က အမိန့်ပေးလို့ လယ်သမားတွေကို ထောင်ထဲပို့တဲ့ စီရင်ချက်ချလိုက်ရပါတယ်-လို့ ဖွင့်ဟ ဝန်ခံလိုက်တဲ့အခါမှာတော့ ဦးသိန်းစိန် စစ်အစိုးရရဲ့ တရားရုံးတွေဟာ မတရားရုံးတွေ ဖြစ်နေကြောင်း လယ်ပြင်နင်းတဲ့ ဆင်ခြေရာကို ကွက်ကွက်ကွင်းကွင်းကြီး မြင်လာရပါတယ်။
လယ်သမားတွေကို ထောင်သို့ ပို့ဆောင်တဲ့အခါ လယ်သမားတွေ စုပေါင်းဝန်းရံ ပို့ဆောင်မှုဟာလည်း လိုအပ်ပြီး ထိရောက်တဲ့ နည်းနာတခုပါ။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကွန်မြူနစ်ပါတီဝင် ရဲဘော်စစ်သိန်းနဲ့ ရဲဘော်ပြည်သိမ်းတို့ကို ဟင်္သာတမှ ပုသိမ်ထောင်သို့ ပို့ရာမှာ ကွန်မြူနစ်တွေနဲ့ လူထုကပါ လိုက်လံပို့ဆောင်ခဲ့ကြလို့ ဟိုးလေးတကျော်ဖြစ်ပြီး အုပ်ချုပ်သူကို ထိုးနှက်မှုတရပ် ဖြစ်စေခဲ့ပါတယ်။
အသုံးတည့်တဲ့ အစဉ်အလာ တိုက်ပွဲသဏ္ဌာန်တွေကို ဆက်လက်ကျင့်သုံးရင်း တိုက်ပွဲနည်းနာသစ်များကိုလည်း တီထွင်ဖန်တီးရမှာပါ။ ထွန်တုံးတိုက်ပွဲဟာ ခေတ်အဆက်ဆက် တောင်သူလယ်သမားတွေ ကျင့်သုံးခဲ့တဲ့ တိုက်ပွဲပုံသဏ္ဌာန် ဖြစ်ပြီး မျက်မှောက်မှာလည်း တောင်ပေါ်မြေပြန့် ဗမာပြည်အနှံ့အပြားက တောင်သူလယ်သမားတွေ ကိုင်စွဲနေကြတဲ့ တိုက်ပွဲပုံသဏ္ဌာန် ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ လက်ပံတောင်းတောင်ဒေသမှာ သံဆူးကြိုး ပိတ်ကာထားတဲ့ တားမြစ်မှုကို ချိုးဖောက်ပြီး ဆိတ်ကျောင်းတာ၊ ထွန်ထက်စိုက်ပျိုးတာ လုပ်တာဟာလည်း မတရားတဲ့ အမိန့်အာဏာကို ဖီဆန်တဲ့ တိုက်ပွဲပုံသဏ္ဌာန်တမျိုးလို့ ဆိုရပါမယ်။ ဒါပေမဲ့ လက်နက်မဲ့ တောင်သူလယ်သမားတွေက တောင်ကုန်းတွေပေါ်မှာ နေရာယူထားပြီး လက်နက်ကိုင်ရဲအင်အား ၅၀၀ လောက်နဲ့ ဝိုင်းထားတဲ့ အခင်းအကျင်းကတော့ လက်နဲ့မဲ့ ပြည်သူတွေကို အဓမ္မ စစ်ခင်းနေတဲ့ အသွင်ကို ဆောင်နေပါတယ်။ ဦးသိန်းစိန် စစ်အစိုးရဟာ ဒေသခံလယ်သမားတွေ နေထိုင်တဲ့ ကျေးရွာကို သူပုန်နယ်မြေ ဝင်စီးသလို တိုက်ခိုက်ကြတာကိုလည်း လက်ပံတောင်းဒေသမှာ တွေ့မြင်ခဲ့ကြရပါပြီ။ ဒါကို တွန်းလှန်ဖို့ ကြွယ်ဝတဲ့ တိုက်ပွဲနည်းနာများကို တောင်သူလယ်သမား ပြည်သူများက ဖန်တီးလာကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ၊
ပြည်သူ့ဘဝတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်တဲ့ ကျောင်းသားသမဂ္ဂဝင် လူငယ်များရှိသလို ကျောင်းသားအရေးဖြစ်တဲ့ ၇ ရက် ဇူလိုင်အရေးအခင်း အထိမ်းအမှတ်အတွက်လည်း တောင်သူလယ်သမားတွေက မိမိတို့တတ်နိုင်တဲ့ နည်းနဲ့ စာနာမှုဖော်ပြလာတာမျိုးလည်း တွေ့လာရပါတယ်။ ဆက်လက်ဖွံ့ဖြိုးစေရမယ့် လုပ်ဟန်ုတွေပါ။
ပြည်သူလူထုဟာ တီထွင်ဖန်တီးမှုရှိရုံမက ဇွဲ ရှိတဲ့ ပြည်သူ၊ အားမာန်သတ္တိ ပြည့်ဝတဲ့ ပြည်သူတွေ ဖြစ်ကြောင်း ဖော်ပြနေတာကိုလည်း တွေ့ရှိရပါတယ်။ လက်ပံတောင်း တောင်သူလယ်သမားတွေဟာ နှစ်နဲ့ချီပြီး ရေရှည်တိုက်ပွဲ ဆင်နွှဲနေကြသလို မိကျောင်းကန် ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ် တိုက်ပွဲဝင်မှုဟာလည်း ရက်ပေါင်းတရာ ကျော်လာခဲ့ပါပြီ။
“ငါ့ကို ချန်မထားခဲ့နဲ့။ ငါ့ကိုပါ ဖမ်းသွား”လို့ဆိုပြီး အဖမ်းခံတဲ့ လယ်သမား။ ဒို့တရွာလုံးကို ထောင်ထဲထည့်ဆိုတဲ့ တောင်သူလယ်သမားများ။ “လမ်းကြိတ်စက် ဒလိမ့်တုံးနဲ့ ငါ့ကို နင်းလှည့်”ဆိုတဲ့ လက်ပံတောင်းတောင် ဒေသက အမေအိုတို့ဟာ ပြည်သူ့သတ္တိနဲ့ အားမာန်ကို ဖော်ဆောင်တဲ့ စံနမူနာများပါ။
ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးမှုကို လိမ္မာပါးနပ်စွာ တားဆီးကျော်နင်းရုံမက အစိုးရရဲ့ ကောက်ကျစ်ယုတ်မာမှုကို ပွင့်ကျစေခဲ့တဲ့ မန္တလေးလူထုရဲ့ ညီညွတ်ပေါင်းစည်းမှုဟာလည်း ပြည်သူ့စွမ်းအား မြင့်မားမှုရဲ့ ဖော်ပြချက်တရပ်ပါ။
တီထွင်ဖန်တီးမှုစွမ်းအားရှိပြီး အားမာန်နဲ့ ဇွဲသတ္တိပြည့်ဝတဲ့ ဗမာပြည် တိုက်ပွဲဝင်ပြည်သူလူထုကြီးဖြစ်ကြောင်း ဆက်လက်ဆင်နွှဲသွားမယ့် တိုက်ပွဲတွေနဲ့ ဆက်လက်ဖော်ပြသွားကြဦးမှာပါ။
ဒါပေမဲ့ နည်းနည်းမှ သတိပေါ့လျော့လို့ မဖြစ်ပါဘူး။
စစ်အာဏာရှင်စနစ်နဲ့အတူ ယုတ်မာမှု၊ ကောက်ကျစ်မှုနဲ့ အဓမ္မ ဖိနှိပ်မှုတွေ လာဆဲ၊ လာလတ္တံ့ဖြစ်နေဦးမှာပါ။
ကြီးမြတ်တဲ့ ဗမာပြည်ပြည်သူတွေနဲ့အတူ ချီတက်ကြစို့
ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။
ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။ နောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးပြဿနာမှာလည်း တမင်ခပ်လှမ်းလှမ်းမှာ ခွာနေကြတာကလည်း ထင်ထင်ရှားရှား သတိပြုစရာ ဖြစ်နေပါတယ်။
အမှန်က ဒီနေ့ဗမာပြည်အနေအထားအပေါ်၊ လက်ရှိအစိုးရအပေါ် ကြည့်မြင်သဘောထားတာတွေကနေ လာတဲ့ “မတူကွဲပြားမှုတွေ”လို့ ဆိုရမှာပါ။ ဗမာပြည်သူပြည်သားတွေကို ကျွန်အဖြစ် နိုင်ငံတကာကို ရောင်းပို့နေတဲ့၊ ဗမာပြည်ရဲ့ သယံဇာတနဲ့ မြေကွက်မှန်သမျှကို ပြည်ပအရင်းရှင်တွေနဲ့ ဝေစားမျှစားလုပ်နေတဲ့၊ လယ်သမားတွေဆီက မြေတွေကို ဗြိတိသျှခေတ်ကထက် ဆိုးတဲ့နည်းတွေနဲ့ အဓမ္မလုယက်ယူငင်နေတဲ့၊ ဘာသာရေး-လူမျိုးရေးပြဿနာတွေ တမင်ဖန်တီးပြီး လူတွေသတ်နေတဲ့၊ ပြည်တွင်းစစ်ကို အချိန်ဆွဲထားပြီး အမြတ်ထုတ်ချမ်းသာနေတဲ့၊ အင်မတန်ကောက်ကျစ်စုတ်ပဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်နေတဲ့ အာဏာရှင်စစ်အစိုးရကို “အပြုသဘောပဲ ဝေဖန်မယ်”၊ “လွှတ်တော်ထဲမှာပဲ ဝေဖန်ပြုပြင်သွားမယ်”၊ “လက်တွဲလုပ်ဆောင်သွားမယ်” စသဖြင့် ပြောတာတွေ ပေါ်ထွက်လာပြီး အခုလို အနေအထားတွေ ဖြစ်ပေါ်လာတာပါပဲ။
ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာက လက်ရှိစစ်အစိုးရနဲ့ လက်တွဲခြင်း = ပြည်သူလူထုနဲ့လမ်းခွဲခြင်း ဆိုတဲ့အချက်ကိုမေ့လို့ မဖြစ်ပါဘူး။ နှစ်ဘက်လုံးနဲ့ သင့်မြတ်အောင် ပေါင်းတယ်ဆိုတဲ့သူဟာ နောက်ဆုံးတော့ နီးရာဓားကြောက်ရတယ် ဖြစ်သွားတာပါပဲ။ ဒီလိုပြောတဲ့အတွက် ဥပဒေတွင်းမှာ လှုပ်ရှားနေသူတွေဟာ လက်ရှိစစ်အစိုးရကို တက်ထောင်မောင်းနင်း ကလော်ဆဲပြီး တိုက်ခိုက်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါမျိုးက ရှစ်လေးလုံးလို အရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာမှ လုပ်နိုင်တာမျိုးပါ။ ဒါပေမဲ့ အနည်းဆုံး ဒီကနေ့ပြည်သူတွေနဲ့ ကိုယ့်နိုင်ငံတွေ့ကြုံနေရတဲ့ ဒုက္ခအ၀၀ဟာ ဘယ်သူ့မှာ တ၀န်ရှိတယ်ဆိုတာကိုတော့ သင့်တော်တဲ့နည်းနဲ့ ထောက်ပြပြောဆိုဖို့ လိုပါလိမ့်မယ်။
ဗမာပြည်သမိုင်းမှာ (နိုင်ငံတကာ့သမိုင်းမှာလည်း အတူတူပါပဲ) အခြေခံကျတဲ့ အပြောင်းအလဲတရပ်ဆိုတာဟာ ပြည်သူလူထုကြီးပါဝင်မှ ဖြစ်ပေါ်တာပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်တာ၊ ကိုလိုနီအင်္ဂလိပ်အစိုးရကို တွန်းလှန်တာ စတာတွေဟာ ပြည်သူလူထုကြီးပါဝင်လို့ အောင်မြင်ခဲ့တာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ပေါ်လွင်ထင်ရှားဆုံးနဲ့ အရေးကြီးဆုံး ထူးခြားချက်ဟာ လူထုကြီးရဲ့ပါဝင်မှုပါပဲ။
အခုအခါမှာ လူထုကြီးဟာ သူတို့ချည်း ရုန်းကန်တိုက်ပွဲဝင်နေရပါတယ်။ သူတို့ရဲ့တိုက်ပွဲတွေကို ဘယ်အင်န်ဂျီအို၊ ဘယ်စပွန်ဆာကမှ မကူညီပါဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ရှောင်သလေလေ့ လုပ်ပါတယ်။ သူတို့ကို ၀င်ကူညီ၊ အားပေးသူတွေကျတော့ အဖမ်းခံရ၊ သတိပေးခံရ၊ ခြိမ်းခြောက်ခံရ ဖြစ်နေပါတယ်။
ပြဿနာရဲ့အရင်းခံက အခုလိုလူထုကြီးအနေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မပြောနဲ့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ မြေပေါ်မြေအောက်သယံဇာတွေနဲ့ ကိုယ့်ဘိုးဘွားပိုင်မြေကိုတောင် ပိုင်ခွင့်မရတဲ့ အနေအထားကို ဒီမိုကရေစီလမ်းပေါ်ကို ရောက်နေပြီလို့ သတ်မှတ်နေကြတဲ့ကိစ္စပါ။ တိတိလင်းလင်း ပြောပါမယ်။ ဒီနေ့ဗမာပြည်လို အနေအထားမှာ ဒီမိုကရေစီဆိုတာ ဘက်လိုက်မှု ရှိပါတယ်။ အပြည့်ကို ရှိပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အတန်းအစားသာ နိုင်ငံရေး၊ စီးပွားရေး၊ အာဏာတွေနဲ့အခွင့်အရေးတွေ ခံစားခွင့်ရှိတယ်ဆိုတာ တိတိကျကျသတ်မှတ်ထားပါတယ်။ သာမန်လူတွေအတွက် ဘယ်လိုမှ အဖြေမထွက်တဲ့၊ ထိရောက်မှုမရှိတဲ့ “ပြောခွင့်”၊ “ရေးခွင့်”ဆိုတာတွေကို ပေးကောင်းပေးပါလိမ့်မယ်။ ဒါပေမဲ့ တကယ် အဆုံးအဖြတ်ကျတဲ့လုပ်ပိုင်ခွင့်တွေကို စစ်ဗိုလ်တစုလက်ထဲမှာပဲ ထားခဲ့၊ ထားသွားမှာပါ။ ကိုယ့်ဘိုးဘွားပိုင်မြေကို ပိုင်ဆိုင်ခွင့် မရှိတဲ့၊ ကိုယ့်မွေးရာပါ အခွင့်အရေးတွေကို အသုံးပြုခွင့်မရတဲ့ ပြည်သူတွေရှေ့မှာ ဒီမိုကရေစီရနေပါပြီ၊ ဒီမိုကရေစီခရီးကြောင်းပေါ်ကို ရောက်နေပါပြီ စသဖြင့် ပြောတာတွေဟာ လူတွေကို စော်ကားသလိုတောင် ဖြစ်နေပါတယ်။
ဒီတော့ ဒီနေ့အခါမှာ လက်ရှိအခြေအနေကို လက်တွေ့အမှန်အတိုင်းပြောဆိုတဲ့၊ လူထုကိုရှင်းပြတဲ့၊ လူထုကို မှန်ကန်တဲ့လမ်းကြောင်းအပေါ် သိမ်းသွင်းခေါ်ဆောင်တဲ့ လူနဲ့အဖွဲ့အစည်းတွေ သိပ်လိုအပ်နေပါတယ်။ အထူးသဖြင့် ဒီနေ့လို လူထုရဲ့အာရုံကို လွဲစေဖို့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေ ဖော်ထုတ်နေတဲ့အခါမှာ လူထုကြီးအနေနဲ့ ကိုယ့်ရပ်တည်ချက်ကနေ ရွေ့လျောမသွားအောင်၊ ကိုယ့်တိုက်ပွဲကိုယ် မမှိတ်မသုံယုံကြည် ဆက်လက်ဆင်နွှဲအောင် သတိပေး အကူအညီပေးနေသူတွေ လိုအပ်လှပါတယ်။
ဗမာပြည်သားတွေ မမေ့သင့်တာက ဒီနေ့အခါမှာ စစ်အစိုးရဟာ လူမျိုးရေး-ဘာသာရေး ပြဿနာတွေကို အချိန်မရွေး၊ နေရာမရွေး ဖန်တီးလို့ရတဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာပါပဲ။ ရန်ကုန်မြို့လယ်ခေါင်မှာ အဲဒီလို အဓိကရုဏ်းတွေကြောင့် ပုဒ်မ (၁၄၄) ထုတ်ထားရတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပလို့ရမတဲ့လား။ အခု မန္တလေးမှာ ဖန်တီးလိုက်တာဟာ နောက်နှစ်အတွက် ဇာတ်တိုက်တာများလား။ လူမျိုးရေး-ဘာသာရေး ပြဿနာတွေဟာ တခါထက်တခါ ပိုဆိုးလာတယ်ဆိုတာ သတိထားမိကြမယ် ထင်ပါတယ်။
မှန်တာပြောရရင် ဗိုလ်သိန်းစိန်စစ်အစိုးရဟာ လက်ရှိအခြေအနေမှာ ပြည်သူလူထုကြီးက အုံကြွဆန့်ကျင်တာက လွဲပြီး တခြားဘာကိုမှ မကြောက်ပါဘူး။ ဘယ်အဖွဲ့အစည်းကိုမှလည်း ကြောက်စရာလို့ သဘောမထားပါဘူး။ တချို့သော နိုင်ငံရေးသမားတွေနဲ့ တချို့သော နိုင်ငံရေးအဖွဲ့အစည်းတွေ မျက်ကွယ်ပြုထားတဲ့ ပြည်သူလူထုကြီးရဲ့အစွမ်းကို စစ်အာဏာရှင်တွေဟာ သူတို့ရဲ့အတွေ့အကြုံနဲ့ သင်ခန်းစာတွေအရ သိကြပါတယ်။ ဒီနေ့ သူတို့ဖန်တီးနေတဲ့ လူမျိုးရေး-ဘာသာရေး ပြဿနာတွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို ဒုက္ခပေးဖို့ဆိုတာထက် လူထုကြီးကို ဒုက္ခပေးဖို့၊ အာရုံလွှဲဖို့နဲ့ လှည့်စားဖို့သာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအထိတော့ ပြည်သူလူထုက မျက်စိမလည်ပါဘူး။