Monthly Archives: February 2014

ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်

“အခုတလော အပြောများနေကြတဲ့ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိသလား”
ဒါနဲ့ပတ်သက်ပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်

ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲတွင် “ဗမာပြည်ရှိ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်သော စာရွက်စာတမ်းများ ၁၉၄၅ – ၁၉၇၇ ခုနှစ်” ဟူသည့် ဖိုင်တွဲတတွဲ ရှိသည်။ ယင်းဖိုင်တွဲ၏ စာမျက်နှာ ၈၃ တွင် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူ ဗတင်၊ ၁၉၄၈ ခုနှစ်၊ မတ်လ (?) ဟူသော စာတမ်းစောင်လည်း ပါရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အထူးသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်မှုအကြောင်း ရေးသားပြောဆိုကြရာတွင် အနောက်တိုင်းမှ စာရေးသူများရော၊ ဗမာပြည် အုပ်စိုးသူလူတန်းစားအား ကိုယ်စားပြုရေးသူများပါ ဤစာတမ်းကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ ဤစာတမ်းနှင့်ပတ်သက်ပြီး ထိုစဉ်က ကောင်းကောင်းသိရှိသူတဦး၏ ရှင်းပြချက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

အဲဒီစာတမ်းထဲမှာပါတဲ့ အယ်ဒီတာရဲ့မှတ်ချက်များ၊ စာမျက်နှာ ၁၂၂ မှာ စာတမ်းရေးသူအကြောင်း အခုလို ဖော်ပြထားတယ်။ “၁၉၄၆ ခုနှစ်၊ သြဂုတ်လတွင် သခင်ဗဟိန်း၏ ငှက်ဖျာရောဂါ ပိုမိုဆိုးဝါးလာသောအခါ၌ သူ (ရဲဘော်ဗတင်) သည် ဗမာပြည်၏ အဓိကသဘောတရားရေးဆရာ ဖြစ်လာလေသည်။”

ဒါမမှန်ပါဘူး။ သခင်ဗဟိန်းဟာ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ကွယ်လွန်သွားပါတယ်။ သခင်စိုး ပါတီခွဲထွက်သွားပြီးတဲ့နောက် ဗဟိုကော်မတီအစည်းအဝေးကနေ သခင်ဗသိန်းတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်အထိ ရဲဘော်ဗတင် (ဂိုရှယ်) ဟာ ရန်ကုန်ကို ရောက်မလာသေးပါဘူး။ သူဟာ ၁၉၄၇ ခုနှစ် အဆန်းပိုင်းကျမှ ရန်ကုန်ကို ရောက်လာတာ ဖြစ်ပါတယ်။ နောက်ပြီး ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလအကုန်၊ ဖေဖော်ဝါရီလဆန်းလောက်မှာမှ သခင်သိန်းဖေ (သိန်းဖေမြင့်) ကို ပါတီက အရေးယူပြီး ရဲဘော်ဗတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ထဲမှာ ထည့်တာပါ။

ဒါနဲ့တဆက်တည်း ပြောလိုက်ချင်တာက ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ဘရောက်ဒါဝါဒဟာ မှားတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းနိုင်မယ်ဆိုတာကို ၁၉၄၆ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ (သခင်စိုးတို့ ခွဲမထွက်မီ) ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးတခုကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရောက်ဒါဝါဒလမ်းစဉ်ကို ပြင်ရာမှာ အိန္ဒိယကွန်မြူနစ်ပါတီက ကျနော်တို့ပါတီထက် နောက်ကျပါတယ်။ သူတို့က ၁၉၄၇ ခုနှစ်ထဲမှာမှပါ။

စာမျက်နှာ ၁၂၃ မှာတော့ “အိန္ဒိယကွန်မြူနစ်ပါတီသည် သခင်သန်းထွန်းနှင့် သခင်ဗတင် (ဝါ) ဂိုရှယ်တို့ ပါဝင်တက်ရောက်သည့် ဗဟိုကော်မတီအစည်းအဝေးတခုတွင် ယင်းပေါ်လစီသစ်ကို ချမှတ်ခဲ့သည်။ အချို့သော စာရေးသူများ၏ အဆိုအရဆိုလျှင် ဂိုရှယ်သည် ‘၁၉၄၈ ခုနှစ်၏ တော်လှန်ရေးအလားအလာများ’ ဆိုသော စာတမ်းကို ဤကာလအတွင်း ရေးခဲ့ခြင်းဖြစ်ပြီး အချို့ခေါင်းဆောင်များနှင့်ပင် ဤအကြောင်း ဆွေးနွေးခဲ့သည်” လို့ ရေးထားပါတယ်။

ဒါလည်း လုံးဝမဟုတ်ပါဘူး။ ပါတီတခုရဲ့ ဗဟိုကော်မတီအစည်းအဝေးကို တခြားပါတီတခုကလူတွေ တက်လို့ ဘယ်ရလိမ့်မလဲ။ ကျနော်တို့ဆီက ဘယ်သူမှ သွားမတက်ပါဘူး။

အဲဒီအောက်က စာပိုဒ်မှာ “ထို့နောက် သခင်သန်းထွန်းနှင့် ဂိုရှယ်တို့သည် အရှေ့တောင်အာရှ လူငယ်ကွန်ဖရင့်နှင့် ယင်းနောက်တွင် ဆက်တိုက်ပြုလုပ်သော ဖေဖော်ဝါရီလ အိန္ဒိယကွန်မြူနစ်ပါတီ၏ ကွန်ဂရက်တို့သို့ တက်ရောက်ခဲ့ကြသည်။” လို့ ပါခဲ့ပါတယ်။

ဒါလည်း လုံးဝမဟုတ်ပါဘူး။ သခင်သန်းထွန်းနှင့်သခင်ဗသိန်းတင်တို့ဟာ အိန္ဒိယကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်ကို သွားတက်ကြတာပါ။ ကွန်မြူနစ်ခေါင်းဆောင်တွေအနေနဲ့ လူငယ်ကွန်ဖရင့်တခုသို့ သွားတက်လို့ မဖြစ်ပါဘူး။ ဒါကြောင့် သွားလည်းမသွားခဲ့ပါဘူး။ လူငယ်ကွန်ဖရင့်ကို သွားတက်ခဲ့တာဟာ ရဲဘော်အောင်ကြီးတို့ ဗိုလ်အောင်မင်းတို့ ဖြစ်ပါတယ်။ နောက်ပြီး တချို့လူတွေ ရေးကြပြောကြသလို ဒီလူငယ်ကွန်ဖရင့်ကနေ အာရှတိုက်အတွင်း လက်နက်ကိုင်တိုက်ပွဲ လုပ်ရမယ်လို့ ဆုံးဖြတ်တယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကွန်မြူနစ်ပါတီတွေအတွက် လုပ်ငန်းစဉ်၊ လမ်းစဉ်ကို လူငယ်ကွန်ဖရင့်က ဆုံးဖြတ်ချမှတ်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတဲ့ဟာပဲ။

တကယ်က ဒီလိုလုပ်ကြံဖန်တီးမှုတွေဟာ ကျနော်တို့ပါတီကို “အိန္ဒိယပါတီရဲ့ နောက်လိုက်” “နိုင်ငံခြားပါတီတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်နေသူ” “ပြည်တွင်းစစ်ကို အစီအစဉ်ရှိရှိ ဖန်တီးခဲ့သူ” စသဖြင့် အမနာပ သွားပုပ်လေလွင့် ပြောတာတွေ ဖြစ်ပါတယ်။ အခု ပြောခဲ့တဲ့ အချက်အလက်တွေကို ကြည့်ရင်ပဲ ရှင်းနေပါတယ်။ ဒီနေရာမှာ နောက်ထပ် အချက်တချက် ဖြည့်ပြီးပြောပါရစေ။

၁၉၄၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ရဲဘော်ဗတင်က အိန္ဒိယကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို ခဏသွားချင်တယ်လို့ ပါတီကို တင်ပြလို့ ကျန်တဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် နှစ်ဦးက သဘောတူလိုက်ကြပါတယ်။ သူ ဘုံဘေကို ရောက်ပြီးတော့ အိန္ဒိယကွန်မြူနစ်ပါတီက ထုတ်တဲ့ “ပြည်သူ့ခေတ်” (People’s Age) ဂျာနယ်ထဲမှာ ရဲဘော်ဗတင် ရေးတယ်ဆိုတဲ့ “မျက်မှောက်အခြေအနေနှင့် လုပ်ငန်းတာဝန်များ” ဆိုတဲ့ စာတမ်း ပါလာပါတယ်။ အဲဒီစာတမ်းမှာ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်ဟာ လက်ယာကျနေတယ်။ ဒါကြောင့် ပြင်ရမယ်” ဆိုတဲ့သဘောမျိုး ပါဝင်ပါတယ်။

ကျနော်တို့ပါတီအနေနဲ့ ၄၆ ခုနှစ်ထဲမှာပဲ ဘရောက်ဒါဝါဒကို စွန့်ပစ်ခဲ့ပြီပဲ။ အခု ဒီဆောင်းပါးဟာ ပါတီကို အသိမပေးဘဲ ပါတီလမ်းစဉ်ကို ဆန့်ကျင်ပြီး ရေးသားတာဖြစ်လို့ ရဲဘော်ဗတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီတို့က ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ ဒီအရင်လေးတင်ကပဲ သခင်သိန်းဖေဟာ နေးရှင်းသတင်းစာ တစောင်ထဲကနေ ပါတီကို တိုက်ခိုက်ရေးသားလို့ အရေးယူခဲ့ရပြီးပြီ။ ရဲဘော်ဗတင်က ဒီဆောင်းပါးကို သူရေးတာ မဟုတ်ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီ ခေါင်းဆောင်တယောက်က သူ့နာမည်နဲ့ ရေးတာပါလို့ ပြန်လည်ရှင်းပြတာနဲ့ ဒီကိစ္စ ဒီတင်ရပ်သွားခဲ့ပါတယ်။

စဉ်းစားကြည့်ပါ။ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိခဲ့ရင် ၁၉၄၈ ခုနှစ် မတ်လထဲမှာ တောက်လျှောက်လုပ်နေတဲ့ (ညတိုင်းပဲ) ဗဟိုကော်မတီအစည်းအဝေးတွေမှာ သူက ဘာဖြစ်လို့ “သပိတ်စုံ သူပုန်ထ” အယူအဆကို တင်နေမလဲ။ ဒီအယူအဆဟာ ဂိုရှယ်စစ်တမ်းဆိုတာထဲက စိတ်ဓာတ်နဲ့ တခြားစီပဲ။ ရန်သူက မတ်လ ၂၈ ရက်နေ့မှာ လက်နက်နဲ့ စတင်ဖိနှိပ်လာတဲ့နောက် ရန်ကုန်၊ ကျောက်ကြီးပေါက်၊ စွယ်တော်မြိုင်တို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးလေးကြိမ်မှာလည်း ရဲဘော်ဗတင်ဟာ “ကျေးလက်အခြေခံ – မြို့ကိုဝိုင်း” ဆိုတဲ့လမ်းစဉ်ကို တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။

တကယ်ဆိုတော့ ဂိုရှယ်စစ်တမ်းဆိုတာ နှုတ်နဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း လုံးဝမရှိခဲ့ပါဘူး။ ပြည်တွင်းစစ်ဖြစ်ရေးဆိုတာ ဘယ်တုန်းကမှ ပါတီရဲ့လမ်းစဉ် မဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက ပါတီရဲ့ လက်နက်ကိုင်တိုက်ပွဲ မြားဦးဟာ နောက်ဆုံးအချိန်အထိ အင်္ဂလိပ်နယ်ချဲ့သမားပဲ။ ပြည်တွင်းစစ် မဟုတ်ဘူး။ ဒီနောက်ဆုံးတိုက်ပွဲ လမ်းစဉ်ကိုလည်း တပြည်လုံးအနှံ့ တရားဝင်ဖြန့်ထားတာပဲ။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖောက်ပြန်ရေးသမားတွေက လီဆယ်ထားကြတာ၊ လူထုတွေ ယုံမှတ်မှားနေကြတာ မနည်းပါဘူး။ တခြားလည်း ရှိပါသေးတယ်။ နောင် အလျင်းသင့်ရင် သင့်သလို ပြောသွားကြတာပေါ့။ …………….။

(မှတ်ချက် – ဆောင်းပါးပါအချက်အလက်တွေကို ကွယ်လွန်သူ ဥက္ကဋ္ဌသခင်ဗသိန်းတင်က ပြောပြတာပါ)

ဒီမိုကရေစီနဲ့အစိုးရ

နိုင်ငံတနိုင်ငံ၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီဘယ်လောက် ခံစားခွင့်ရှိရမယ်ဆိုတာကို ဘယ်သူက ပြဋ္ဌာန်းသလဲ။ ဘယ်သူက ဆုံးဖြတ်တာလဲ။

ပြည်သူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရ၊ ကိုယ်နဲ့တန်တဲ့စနစ်သာ ရကြတယ်ဆိုတဲ့ ပြည်ပက ပြောဆိုတာတွေကို ဗမာပြည် နိုင်ငံရေးထဲ ဆွဲယူလာလို့ ပြောကြဆိုကြတာတွေ ဖြစ်ခဲ့ဖူးတယ်။ တချို့ကတော့လည်း “လူတွေဟာ ကိုယ်နဲ့တန်တဲ့ ဒီမိုကရေစီပဲရတယ်” လို့ ပြောကြပြန်တယ်။ ဒါကြောင့် ပြည်သူလူထုကို ဒီမိုကရေစီကို နားလည်အောင်၊ ဒီမိုကရေစီနဲ့ ထိုက်တန်အောင် နေတတ်ဖို့ သင်ပေးရတယ်လို့လည်း ပြောသူက ပြောပါတယ်။ ဒီလိုအောက်တန်းကျတဲ့၊ တာဝန်မဲ့တဲ့ စကားမျိုးကို အထူးချေပနေစရာမလိုပေမယ့် ဒီကိစ္စနဲ့ ဆက်နေတဲ့ အကြောင်းအရာတခုကိုတော့ ထောက်ပြလိုပါတယ်။

နိုင်ငံရေးမှာ နိုင်ငံတနိုင်ငံကို အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ပဒေသရာဇ်နိုင်ငံ၊ ကိုလိုနီနိုင်ငံ စသဖြင့် ခေါ်ဆိုလေ့ရှိတာ လူတိုင်းအသိပါ။ ဒီလိုခေါ်ဆိုတာဟာ အဲဒီနိုင်ငံမှာ အဓိကကျင့်သုံးနေတဲ့ စီးပွားရေး/နိုင်ငံရေးစနစ်အရ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ကောင်းပြီ- ဒီနေရာမှာ ကျင့်သုံးဆိုတဲ့စကား ပါလာပါတယ်။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူက ကျင့်သုံးတာလဲ။ ဘယ်သူက ချမှတ်တာလဲ။

ပြည်သူလူထုမှာ ကိုယ်ကြိုက်ရာ ရွေးချယ်သတ်မှတ်ခွင့် ရှိသလား။ တတိုင်းပြည်လုံးကိစ္စ ပြောတာပါ။ တနေရာတည်း၊ တအိမ်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ ရှင်းပါတယ်။ ပြည်သူလူထုမှာ ဒီအခွင့်အရေး မရှိပါဘူး။ ဒါတွေအားလုံးကို ပြဋ္ဌာန်းသတ်မှတ်တာဟာ အုပ်စိုးသူအစိုးရပါ။ အိမ်တအိမ်မှာ အိမ်စည်းကမ်းကို အိမ်ထောင်ဦးစီးက သတ်မှတ်တာလိုပါပဲ။ အုပ်စိုးသူအစိုးရ/အာဏာရအုပ်စု/လူတန်းစားဟာ အဲဒီအချိန်ကာလအတွင်းမှာ သူ့အုပ်စိုးမှုကို ခိုင်မြဲစေတဲ့၊ အကာအကွယ်ပေးတဲ့၊ ဒါ့အပြင် သူ့အကျိုးစီးပွားကို တိုးတက်ကြီးပွားစေတဲ့ စနစ်တရပ်ကိုပဲ ရွေးချယ်သတ်မှတ်ကျင့်သုံးပါတယ်။ ဒါဟာ နိုင်ငံတိုင်း၊ အစိုးရတိုင်းပါ။ ခြွင်းချက်မရှိပါဘူး။

ဒါနဲ့တပါတည်း ဒီတိုင်းပြည်ထဲက လူထုတွေကို ဘယ်လောက်လွတ်လပ်ခွင့် ပေးမယ်ဆိုတာကိုလည်း အခုရေးခဲ့တဲ့ အချက်တွေကိုထောက်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ ဆိုလိုတာ ဒီမိုကရေစီဘောင်အကျယ်အ၀န်းပါ။ ပြည်သူလူထုမှာ ကိုယ့်ဘာသာသတ်မှတ်၊ တိုးချဲ့လို့ မရပါဘူး။ တိုးချဲ့ဖို့လုပ်ရင် အုပ်စိုးသူတွေနဲ့ ပဋိပက္ခဖြစ်ပါတယ်။

အုပ်စိုးသူက အဲဒီလိုဒီမိုကရေစီအခွင့်အရေးတွေကို သတ်မှတ်တာမှာ အဓိကအားဖြင့်က တရားဥပဒေဆိုတာတွေ ဖြစ်ပါတယ်။ တရားဥပဒေဆိုရာမှာ တချို့က ဒီမိုကရေစီနဲ့မပတ်သက်တာ – ဥပမာ “မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေ” ဆိုတာမျိုး – ရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေလိုဟာကတော့ တိုက်ရိုက်ကို သက်ဆိုင်နေပါတယ် (တခြားတိုက်ရိုက်သက်ဆိုင်တဲ့ ဥပဒေတွေလည်း ရှိပါသေးတယ်)။ အုပ်စိုးသူတွေဟာ ဒီလို သူတို့စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ ပုဒ်မ (၁၈) လို တရားဥပဒေဆိုတာတွေနဲ့ ချုပ်ကိုင်တာအပြင် ဥပဒေပြင်ပက၊ ဥပဒေထဲမှာ မပါတဲ့ နည်းတွေနဲ့လည်း ချုပ်ကိုင်ပါသေးတယ်။ ဥပမာ ထင်သလိုဖမ်း၊ ထင်သလိုညှဉ်းပမ်း၊ ထင်သလိုသေစေတာမျိုးပါ။ အခုတလော ကြံ့ဖွတ်စစ်အစိုးရ တွင်တွင်လုပ်နေတဲ့ အိမ်တွေ ဖျက်၊ လယ်တွေလု လုပ်နေတာတွေဟာလည်း ဥပဒေပြင်ပက လုပ်ရပ်တွေ ဖြစ်ပါတယ်။

ဒါတွေက ပြနေတာက တိုင်းပြည်တပြည်မှာ ဒီမိုကရေစီဘယ်လောက်ထွန်းကားတယ်ဆိုတာ အုပ်စိုးတဲ့အစိုးရအပေါ် မှာပဲတည်တယ် ဆိုတာပါပဲ။ ကျေးပိုင်ကျွန်ပိုင်ခေတ်ကနေ ကနေ့ခေတ်အထိ နိုင်ငံအသီးသီးမှာ ဒီလိုရှိခဲ့ပါလျက်နဲ့ ပြည်သူလူထုကို ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူတွေဖြစ်အောင် သင်တန်းပေးတယ်ဆိုတာဟာ တကယ့်တာဝန်ရှိသူကို အာရုံလွဲအောင်လုပ်တာ၊ ဒါမှမဟုတ် အကာအကွယ်ပေးတာ၊ သက်သာအောင်ပြောရရင် မရောင်ရာဆီလူးတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာဒီမိုကရေစီထွန်းကားအောင် တကယ်လုပ်ချင်ရင် အုပ်စိုးတဲ့လူတွေကိုသာ သင်တန်းပေးရပါမယ်။ ဒါဟာ ဖြစ်နိုင်ပါသလား။

ဒီနေ့ အနောက်နိုင်ငံတွေ ပြောနေကြတဲ့ သူတို့ရဲ့ဒီမိုကရေစီတွေ- အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်- တို့ရဲ့ ဒီမိုကရေစီတွေကို ဘယ်လိုရခဲ့ကြပါသလဲ။ လက်ဖြန့်တောင်းပြီး ရခဲ့ကြတာလား၊ သင်တန်းတွေပေးပြီး ရခဲ့ကြတာလား၊ ကြားတနိုင်ငံ ၀င်ဖြန်ဖြေပေးလို့ ရခဲ့ကြတာလား။ အားလုံးပြင်းထန်တဲ့တိုက်ပွဲတွေ ရေရှည်ဝင်ပြီးမှရခဲ့ကြတာ ဖြစ်တယ်ဆိုတာ သမိုင်းစာအုပ်တိုင်းက အတိအလင်းဖော်ပြထားပါတယ်။

ဒီမိုကရေစီကို သင်းသတ်ခြင်း

သဲကုန်း လယ်သမား သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံလိုက်ရပြန်ပြီ။

မအူပင် မလက်တိုကျေးရွာအုပ်စုတွင် လယ်သူမအမျိုးသမီးများကို သွေးထွက်သံယို ရိုက်နှက်နှိမ်နင်းမှု၊ လက်ပံတောင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာတော်များအား မီးလောင်ဗုံးဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းမှု၊ သင်္ဃန်းကျွန်း- မိကျောင်းကန်မှာ လက်မရွံ့ရှပ်နက်တပ်သားများဖြင့် အကြမ်းဖက် ရိုက်နှက်ဖယ်ရှားမှု၊ မိုးထိမိုးမိ အလုပ်သမား ဆန္ဒပြပွဲကို နည်းမျိုးစုံသုံးပြီး ဖယ်ရှားမှု၊ သမီးကလေးကျေးရွာ ပြည်သူ့အိုးအိမ်အား စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်း၊ ဘူဒိုဇာနှင့် ဖြိုလှဲခြင်း စသော အကြမ်းဖက်မှုများ။ ယခု သဲကုန်း လယ်သမားသပိတ်စခန်းအား အကြမ်းဖက်မှု စသည်တို့ကို အစိုးရအာဏာပိုင်များက ကျူးလွန်ခဲ့ကြသည်။ ပြည်သူ့လယ်ယာမြေ၊ အိုးအိမ်ပိုင်ဆိုင်မှုနှင့် အသက်စည်းစိမ် လုံခြုံမှု တနေ့တခြား ပိုမိုကင်းမဲ့လာပြီ။

ဗမာပြည်မှာ လယ်သမားနှင့် ပြည်သူတွေ၏ လယ်ယာမြေများကို စစ်အာဏာပိုင်များနှင့် ခရိုနီများက မတရားလုယူသိမ်းပိုက်လာခဲ့ကြတာ နှစ်တွေ ကြာခဲ့ပြီ။ ဗမာပြည်၏ လယ်ယာမြေအတော်များများ စစ်အာဏာပိုင်များနှင့် ခရိုနီများ လက်သို့ ရောက်ကုန်ပြီ။

ထို့ကြောင့် စစ်အာဏာပိုင်များ၏ မတရားမှုများကို နှစ်ကာလ ရှည်ကြာစွာ ခံစားလာကြရသော ဗမာပြည်တဝန်းမှ လယ်သမားများနှင့် အလုပ်သမားများ၏ တရားသော တောင်းဆိုချက်များ၊ ဆန္ဒပြ ထုတ်ဖော်မှုများ၊ သပိတ်တိုက်ပွဲဝင်မှုများ၊ ထွန်တုံးတိုက်ပွဲများ လှိုင်းလုံး တလုံးပြီးတလုံး ဆင့်ကဲ ဆင့်ကဲ ပေါ်လာသည်။ ယနေ့အထိလည်း တောင်းဆိုနေကြဆဲ ဖြစ်သည်။ မည်သည့် တောင်းဆိုချက်မျှ တရားမျှတသော လုံလောက်သည့် ဖြေရှင်းပေးမှု၊ ဖြည့်ဆည်းပေးမှုတို့ မရခဲ့။ ၎င်းအစား အလုပ်သမား လယ်သမားတို့၏ တရားမျှတ မှန်ကန်သော တောင်းဆိုချက်များအား အကြမ်းဖက်နှိမ်နင်းမှုများနှင့် တုံ့ပြန်လာကြသည်။ လယ်သမားများအား လယ်ယာမြေမှ အကြမ်းဖက်ဖိနှိပ်ပြီး မောင်းထုတ်ကြသည်။ ပြည်သူတို့အား ၎င်းတို့၏ အိုးအိမ်တည်ရှိရာ မြေမှ အကြမ်းဖက်ပြီး မောင်းထုတ်ကြသည်။ ဝမ်းနည်းကြေကွဲဖွယ် ပြည်သူ့ဘဝ ဒုက္ခများကို ယနေ့ဗမာပြည်အနှံ့အပြား စိတ်မချမ်းဖွယ် တွေ့မြင်နေရပြီ။

အလုပ်သမား လယ်သမားများအား လက်နက်ကိုင်အင်အားဖြင့် အကြမ်းဖက်ဖိနှိပ်ခြင်းသည် ပြည်သူလူထု၏ ရပိုင်ခွင့်ဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများ၊ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

ကျွန်းတော တတောအား သစ်သင်းရာတွင် သင်းသတ်သည့် အလုပ်ကို လုပ်ကြရသည်။ ကိုယ်သတ်ချင်သော ကျွန်းပင်၏ခါးကို ခွန်ဆိုသော လက်နက်ဖြင့် ပင်စည် တပတ်ပြည့်အောင် ပေါက်ရသည်။ တပတ်ပြည့်လျှင် ကျွန်းပင်သေပြီ။ မလှဲရသေးသဖြင့် မြေပေါ်မှာ မားမားမတ်မတ် ဟန်သာ ရှိနေပေမယ့် တကယ်က အပင်မှာ ရှင်သန်မှုမရှိတော့။ တစတစ ခန်းခြောက်သွားတော့သည်။

ဗမာပြည်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဟန်ပြဟစ်ကြွေးရင်း ဒီမိုကရေစီကို သင်းသတ်နေကြလေပြီ။

တိုင်းပြည်၏ အဓိကကျသော လူတန်းစားများဖြစ်သည့် အခြေခံအလုပ်သမား လယ်သမားတို့၏ ဒီမိုကရေစီကို အကြမ်းဖက်ရိုက်ချိုးခံနေရသော အခြေအနေတွင် ဒီမိုကရေစီဆိုသော အလင်းရောင်ကလေးကို မျှော်လင့်၍ ရနိုင်ပါဦးမည်လား။

ဗမာပြည်တွင် လွတ်လပ်ရေးရကာစမှာပင် ဖဆပလ အစိုးရက ဒီမိုကရေစီကို လက်နက်နဲ့ ဖိနှိပ်တာ စတင်လုပ်ခဲ့သည်။ ဆိုရှယ်လစ်ဝန်ကြီးတဦး၏ မီးခွက်မှုတ်သတင်းကို ဖော်ပြမိသည့်အတွက် ထိုသို့ဖော်ပြသော သတင်းစာတိုက်များကို ဆိုရှယ်လစ်တွေက သူတို့ဗိုလ်တွေ လက်မရွံ့ လူမိုက်တွေနဲ့ သတင်းစာတိုက်တွေကို ဖျက်ဆီးသည်။ စာစီခုံတွေကို ရိုက်ချိုးသည်။ ဂျာနယ်ကျော်မမလေး၏ ပြည်သူ့ ဟစ်တိုင်သတင်းစာက စာစီခုံတွေကို ရိုက်ချိုး၊ ခဲစာလုံးတွေကို ထုရိုက်ပစ်ခဲ့ကြသည်။ ရှေ့ဆောင်သတင်းစာတိုက်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ကွန်မြူနစ်သတင်းစာတိုက်မှာတော့ မိမိအင်အားတွေ အသင့်စုထားပြီး လာဖျက်ရင် ပြန်ချမယ်လို့ ကြွေးကြော်ထားတော့ မလာရဲ။ ထိုမှ အစပြုကာ မိုးခေါင်လွန်း၍ အခွန်မပေးနိုင်သော လယ်သမားများ၊ ငတ်လွန်းသဖြင့် ဆန်လုပွဲ၊ ဂိုဒေါင်ဖောက်ပွဲဆင်နွှဲကြသော လယ်သမားများအား တဆင့်တိုး ဖိနှိပ်လာသည်။ အလုပ်သမား သပိတ်များ အဖြိုခွဲခံခဲ့ရသည်။ ကွန်မြူနစ်ပါတီမှ ရဲဘော်များကိုလည်း ချောင်းမြောင်းသတ်ဖြတ်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်သဖြင့် မကြာခဏ သေဆုံးနေရသည်။ ပါတီရဲဘော်များက ကျဆုံးသူ အလောင်းကို ထမ်းကာ လူထုထံ တိုင်တည်ပွဲများ လုပ်ကြရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို တပြည်လုံးအနှံ့ ဖမ်းဆီးမှုများ လုပ်လာရာ ပါတီဝင်တဝက်လောက်သာ လွတ်လာခဲ့သည်။ ထို့ကြောင့် အုပ်စိုးသူများက ဒီမိုကရေစီကို လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်လာသည့်အခါ အုပ်စိုးခံများအနေဖြင့် လက်နက်ဖြင့် အကြမ်းဖက်ခုခံတော်လှန်ခြင်းသည် တရားသည်ဆိုသော အယူအဆကို ကိုင်စွဲပြီး မလွှဲမရှောင်သာ ခုခံတော်လှန်ကြရသည်။ ဤသို့ဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လက်နက်ကိုင်တော်လှန်ရေးစတင် ပေါက်ဖွားလာခဲ့ရခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် စစ်အစိုးရက တော်လှန်ရေးကောင်စီအမည်နှင့် အာဏာသိမ်းပြီး တက်လာသည့်အခါတွင်လည်း ပွဲဦးထွက်မှာပင် အကြမ်းဖက်ဖိနှိပ်ပြီး ဒီမိုကရေစီကို စတင်သင်းသတ်လိုက်ပြန်သည်။ ဇူလိုင် (၇) ရက်တွင် ကျောင်းသား ရာကျော် လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ကျောင်းသားများသမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ ဘူဒိုဇာဖြင့် မြေလှန်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်းက လက်နက်မဲ့ ကျောင်းသားများကို ဓားဓားချင်း လှံလှံချင်း ဆိုပြီး စိန်ခေါ်ခဲ့သည်။ စစ်အာဏာရှင်စနစ် ဝဖြိုးကြီးထွားနေခဲ့သည့် ကာလတလျှောက်လုံး သင်းသတ်ခံခဲ့ရသော ဒီမိုကရေစီသစ်ပင်ကြီးမှာ ဖူးပွင့်ဝေဆာ ရှင်သန်နိုင်ခြင်း မရှိတော့ဘဲ ညှိုးလျော်ခန်းခြောက်သွားခဲ့ရသည်။

ယနေ့ ဦးသိန်းစိန် စစ်အစိုးရက ဒီမိုကရေစီကို အကြမ်းဖက်ဖိနှပ်မှုများပြုလုပ်ရာတွင် ယခင်အစိုးရများနှင့် သွားတူနေသည်များရှိသည်။ ဖဆပလ အစိုးရက ဒီမိုကရေစီကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖိနှိပ်ရုံမက အကြမ်းဖက် လူမိုက်လူရမ်းကားများကိုလည်း အသုံးပြုခဲ့သည့်နည်းလမ်းအတိုင်း ဦးသိန်းစိန်အစိုးရကလည်း ဆက်ခံကျင့်သုံးနေသည်။ ဦးသိန်းစိန်အစိုးရက တပန်းသာသည့်အချက်မှာ စွမ်းအားရှင်လို လူမိုက်အသင်းအဖွဲ့များနှင့် ရှပ်နက်တပ်သားများ၊ လူထုတိုက်ပွဲနှိမ်နင်းရေးအဖွဲ့များကို လေ့ကျင့်မွေးမြူထားနိုင်ခြင်း ဖြစ်သည်။ ပြည်သူ့ဘဏ္ဏာငွေဖြင့် ဝယ်ယူထားသော ဘူဒိုဇာများကို ဒီမိုကရေစီဖိနှိပ်ရေးယန္တရားအဖြစ် အသုံးပြုရာတွင်မူ ဗိုလ်နေဝင်း စစ်အစိုးရနှင့် သွားတူသည်။ လက်ပံတောင်းနှင့် သမီးကလေးကျေးရွာများတွင် ဘူဒိုဇာများ၊ လမ်းကြိတ်စက်များကို ပြည်သူလူထု ဖိနှိပ်ရေးယန္တရားအဖြစ် အသုံးချခဲ့သည်။ မိုင်းဗုံးများ၊ မီးလောင်ဗုံးများ၊ သေနတ်လက်နက်များဖြင့် ပြည်သူများ ကျောင်းသားများအား ဖြိုခွင်းရာတွင်မူ ဦးနေဝင်းအစိုးရဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရဖြစ်ဖြစ် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စရိုက်လက္ခဏာ တူညီစွာ ဖော်ပြကြသည်။

ဤသို့ဖြင့် အုပ်စိုးသူလူတန်းစားသည် တနေ့ထက်တနေ့ ပိုမို ရိုင်းပျကြမမ်းတမ်းစွာဖြင့် အကြမ်းဖက်ဖိနှိပ်မှုများ တိုး၍ တိုး၍ လုပ်လာနေသည်။

တောင်သူလယ်သမားများ၊ အလုပ်သမားများအနေဖြင့် မတရားမှုများကို ခေါင်းငုံ့ခံသွားလို့လည်း မဖြစ်။ အရှုံးပေးလို့ မဖြစ်။ တိုက်ပွဲဝင်စိတ်ဓာတ် အညွန့်ကျိုးမသွားစေဖို့ လိုသည်။ မိမိတို့၏ ဘဝလွတ်မြောက်ရေး၊ မိမိတို့၏ ဘဝကံကြမ္မာ၊ မိတို့၏ အသိမ်းပိုက်ခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် တရားနည်းလမ်းကျသော တောင်းဆိုမှုများ၊ တိုက်ပွဲဝင်မှုများကို ဇွဲနဘဲဖြင့် ဆက်လက်ဆင်နွှဲသွားဖို့သာလျှင် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။

တိုက်ပွဲဝင်ရာတွင် အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြတောင်းဆိုကြဖို့ လိုသည်။ အကန့်အသတ်ရှိသော တောင်းဆိုချက်နှင့် ရည်မှန်းချက်များ ချမှတ်ထားဖို့လိုသည်။ မိမိတို့၏ နစ်နာချက်များ ပြန်လည်ရရှိနိုင်အောင် အမှန်တကယ် အကျိုးအမြတ်ရရှိစေနိုင်သော တောင်းဆိုချက်များ ဖြစ်ဖို့ လိုသည်။ အကျိုးအမြတ် အမှန်တကယ် ရရှိစေမည့် နည်းလမ်းများကို တဆင့်တိုး ရှာဖွေသင့်သည်။

တပြည်လုံး နေရာအနှံ့ ပြည်သူလူထုနှင့် တောင်သူလယ်သမားတို့၏ တောင်းဆိုတိုက်ပွဲဝင်မှုများ တခုပြီး တခု ပေါ်ထွက်လာနေသော်လည်း ပြန့်ကျဲနေသည်။ မိမိတို့၏ တူညီသော ဘဝ၊ တူညီသော နစ်နာမှုများအတွက် တူညီသော တောင်းဆိုချက်နှင့် အင်အားစုစည်းမှုများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းသွားသင့်သည်။ တိုက်ပွဲတခုနှင့်တခု ချိတ်ဆက်မိအောင် အားထုတ်ကြဖို့လိုသည်၊ အပြန်အလှန် ထောက်ခံအားပေးကြဖို့လိုသည်။ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ လယ်သမားသမဂ္ဂအဖွဲ့ချုပ်များ စနစ်တကျ ဖွဲ့စည်းထူထောင်ပြီး အလုပ်သမားထုအရေး၊ လယ်သမားထုအရေးများကို တလုံးတစည်းတည်း တောင်းဆိုကာ ပိုမိုထိရောက်သော ရလဒ်များ ရရှိနိုင်အောင် အလေးထားဆောင်ရွက်သွားသင့်ပါသည်။

မိမိတို့၏ တရားမျှတသော တောင်းဆိုမှုများကို တပြည်လုံးရှိ ကျယ်ပြန့်သော ပြည်သူလူထုကြီးက စာနာထောက်ခံလာစေရန်အတွက်လည်း မီဒီယာလမ်းကြောင်းအပါအဝင် နည်းနာအမျိုးမျိုးဖြင့် ဖော်ထုတ်တင်ပြသွားဖို့လိုပါသည်။ စိတ်မချမ်းသာဖွယ် အမှန်တကယ်အတိဒုက္ခ ရောက်နေကြသော အလုပ်သမား လယ်သမား ပြည်သူလူထုများကို တပြည်လုံးရှိ ကျယ်ပြန့်သော ပြည်သူလူထုကြီးက စာနာနားလည်ကာ ၎င်းတို့၏ တရားမျှတသော တောင်းဆိုချက်များကို ပိုမိုပြီး ထောက်ခံလာကြမှာ၊ ဝိုင်းဝန်းလာကြမှာလည်း သေချာပါသည်။

တရားရှိလျှင် ကူသူများပါသည်။

တောင်းပွဲတိုက်ပွဲ

ဖဆပလ အစိုးရလက်ထက်ကနေ ယနေ့ ဦးသိန်းစိန်စစ်အစိုးရအထိ ဖောက်ပြန်ရေးအစိုးရအဆက်ဆက်ဟာ ပြည်သူ့လှုပ်ရှားမှု ကြီးထွားလာမှာကို ကြောက်ရွံ့တဲ့အခါတိုင်း ဒီလှုပ်ရှားမှုတွေကို ကွန်မြူနစ်တံဆိပ် ကပ်ပေးလေ့ရှိကြတယ်။ အုပ်စိုးသူ အဆက်ဆက် အရိုးစွဲလာတဲ့ ဒီအကျင့်ဟောင်းကို ဦးသိန်းစိန်အစိုးရကလည်း ဖော်ပြနေတာ တွေ့ရတယ်။ လက်ပံတောင်းတောင် လှုပ်ရှားမှုကို ဦးအောင်သောင်းက ကွန်မြူနစ်တံဆိပ် ကပ်ပေးလိုက်တဲ့အချိန်မှာ အတော်လေး ပွဲဆူသွားခဲ့တယ်။ ဒါကို မမှတ်သေးဘဲ ပြောလာပြန်ပြီ နောက်တယောက်။

ဒီတခါ ပြောလာတဲ့သူက ကာချုပ် ဗိုလ်မင်းအောင်လှိုင်ပါ။ သိပ်မကြာသေးတဲ့အချိန်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောခဲ့တယ်။ ကာချုပ်ဆိုတဲ့အတိုင်း နှစ်ပေါင်း ၆၀ အတွင်းလောက် မပြောင်းလဲအောင် ရေးထားတဲ့ ဥပဒေဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်းက ပြောသွားတဲ့စကားပါ။ “တောင်းမယ် တိုက်မယ်ဆိုတာ ကွန်မြူနစ်စနစ် ဖြစ်လာတာ” -တဲ့။ သူ့စကားက ဦးအောင်သောင်းစကားထက် ပိုဆိုးပါတယ်။ ဦးအောင်သောင်းက လက်ပံတောင်းလှုပ်ရှားမှုလောက်ကိုပဲ ပြောတာပါ။ ဗိုလ်မင်းအောင်လှိုင်ကတော့ အခြေခံဥပဒေ ပြင်ဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကအစ ကိုယ့်မြေကိုယ့်ယာ အလုယက်ခံထားရလို့ ပြန်တောင်းကြတဲ့ တပြည်လုံး နေရာအနှံ့အပြားက လယ်သမားတွေအဆုံး သိမ်းကျုံးပြီး အနီရောင် ခြယ်ပေးလိုက်ပါတယ်။ သူ့စကားအတိုင်းသာ ဆိုရင်တော့ တချိန်က မန္တလေးမြို့ကြီး နီသွားပြီလို့ ပြောကြသလိုမျိုး ဗမာတပြည်လုံး နီသွားပြီလို့ ပြောရမလို ဖြစ်နေတယ်။

တခြားနိုင်ငံက ဖောက်ပြန်ရေးအစိုးရတွေ ညံ့တယ်ဆိုပေမယ့် အရည်အချင်း ရှိသင့်သလောက် ရှိပါသေးတယ်။ ဗမာပြည်က တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများကတော့ အညံ့တွင်းထဲ ဇောက်ထိုးဆင်းပြီး ကမ်းကုန်အောင် ညံ့နေကြတာပါ။ တနည်း ပြောရရင်တော့ ကာချုပ်တယောက်က နိုင်ငံရေးအသိ ဒါလောက်ခေါင်းပါးနေမှတော့ စစ်တပ်တွင်း နိုင်ငံရေးအသိ နိမ့်ကျနေတာ ဘာမှ အံ့သြစရာ မရှိပါဘူး။

တောင်းတာ တိုက်တာ ကွန်မြူနစ်စနစ်တဲ့။ ချီကာဂိုမြို့မှာ ၁၈၈၆ ခုနှစ်က အလုပ်သမား ရှစ်သောင်းလောက် လမ်းပေါ်ထွက်ပြီး တောင်းခဲ့တိုက်ခဲ့လို့ ဒီကနေ့ အလုပ်ချိန်သတ်မှတ်ချက် ၈ နာရီဆိုတဲ့ အခွင့်အရေး ရရှိလာခဲ့တာပါ။ အဲဒီကနေ မေဒေးနေ့ရယ်လို့ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမေရိကန်ပြည်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ ၁၈၄၈ လောက်ကတည်းက စတင်တောင်းဆိုခဲ့ရပြီး ပြည်နယ်တခုပြီးတခု တောင်းဆိုတိုက်ပွဲဝင်လာကြရတာပါ။ သူတို့အားလုံးဟာ ကွန်မြူနစ်တွေ မဟုတ်ကြပါ။ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ အမျိုးသမီးများအခွင့်အရေးများကအစ ကိုလိုနစ်စနစ်အောက်က လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို တောင်းဆိုခဲ့ကြရပါတယ်၊ တောင်းမရတဲ့အခါ တိုက်ကြရပါတယ်။ ဒီကနေ့အထိ ကမ္ဘာတဝှမ်းမှာ ကမ္ဘာ့ပြည်သူတွေဟာ မိမိတို့ရဲ့ တရားနည်းလမ်းကျတဲ့ အခွင့်အရေးများအတွက် တောင်းဆိုကြပါတယ်။ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ဒီမိုကရေစီနိုင်ငံအများစုဖြစ်တဲ့ ဒီကမ္ဘာ့ပြည်သူအားလုံး ကွန်မြူနစ်တွေလား။ နီမှ…ကွန်မြူနစ်ဖြစ်မှ တောင်းဆိုတိုက်ပွဲဝင်တာလား။

ဗမာပြည်ကိုပဲ ကြည့်ပါ။ ကိုလိုနီခေတ်မှာ အမျိုးသားလက်နက်ကိုင်တပ်ကို ဗြိတိသျှအစိုးရက မတောင်းဘဲ ပေးခဲ့သလား။ ဗမာပြည်မှာ တပ်မတော်တခုရယ်လို့ ပေါ်လာအောင် ရဲဘော်သုံးကျိပ်တို့ စတင်ထူထောင်ပြီး အင်္ဂလိပ်အစိုးရကို တိုက်ပွဲဝင်ရင်း ကြီးထွားအောင် အခက်အခဲအမျိုးမျိုးကြားက ပြုစုပျိုးထောင်ခဲ့ရတယ် မဟုတ်လား။ ဂျပန့်ဆီက တိုင်းပြည်လွတ်လပ်ရေးကို တောင်းဆိုလို့ရခဲ့သလား။ အတုအယောင် လွတ်လပ်ရေးကိုပဲ ပေးခဲ့လို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရတာ မဟုတ်လား။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကိုကော မတောင်းဘဲနဲ့ ရခဲ့သလား။ မတိုက်ဘဲနဲ့ ရခဲ့သလား။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကြွေးကြော်ခဲ့တဲ့ “ရရင်ရ၊ မရရင်ချ”ဆိုတာပဲ ကြည့်ပါ။ ရရင်ရ-ဆိုတာ တောင်းဆိုချက် ရမရ-ဆိုတာကို ပြောတာပါ။ “မရရင်ချ”ဆိုတာ လွတ်လပ်ရေးမပေးရင် တိုက်ပွဲဝင်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ကိုလိုနီစနစ်အောက်မှာ ကျောင်းသားလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုတွေနဲ့ အကြိမ်ကြိမ်အလီလီ ဆင်နွှဲခဲ့ရတာပါ။

ပြောချင်တာကတော့ တောင်းပွဲတိုက်ပွဲတွေသာ မရှိခဲ့ရင် ဗိုလ်မင်းအောင်လှိုင်တို့ရဲ့ တပ်မတော်ဆိုတာတောင် ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။ ဗမာပြည်ရဲ့ လွတ်လပ်ရေးလည်း ရလာမှာ မဟုတ်ပါ။

ပြည်သူလူထုဆိုတာ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အခါ တောင်းကြမှာပါပဲ။ တောင်းမရတဲ့အခါ တိုက်ကြမှာ သဘာဝပါပဲ။ မြေအလုခံရတဲ့ အခါ ပြန်တောင်းကြတယ်။ တောင်းမရတဲ့အခါ ထွန်တုံးတိုက်ပွဲဆင်တယ်။ သူတို့အသိတွေကို ကွန်မြူနစ်တွေက လေ့ကျင့်သင်ကြားပေးနေတာ မဟုတ်ပါ၊ သူတို့ဘဝတွေက ပြဌာန်းပေးလိုက်တဲ့ အသိဖြစ်ပါတယ်။ တခုတော့ ရှိပါတယ်။ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်တဲ့အခါ ကွန်မြူနစ်တွေဟာ ပြည်သူလူထုနဲ့ တသားတည်း ရှိပါတယ်။

ကိုလိုနီခေတ်ကတည်းက ဖြစ်တည်ခဲ့တဲ့ ဗမာပြည် ပြည်သူလူထုရဲ့ တောင်းပွဲ တိုက်ပွဲအစဉ်အလာကို ဗိုလ်မင်းအောင်လှိုင်တို့ နားမလည်နိုင်တာ သိပ်တော့ အံ့သြစရာ မရှိပါ။ အကြောင်းကတော့ သူတို့တတွေဟာ တိုင်းပြည်ရဲ့ ကြီးမြတ်တဲ့ ဖက်ဆစ်တော်လှန်ရေး၊ ကိုလိုနီ ကျွန်ဘဝက လွတ်မြောက်ရေးတိုက်ပွဲတွေမှာ (ဗိုလ်နေဝင်းလောက်တောင်) ပါခဲ့ကြသူတွေ မဟုတ်ဘဲ ပြည်တွင်းစစ်တိုက်ရင်း တန်ခိုးကြီးထွားအောင်နဲ့ စည်းစိမ်တိုးများအောင် လုပ်နေကြသူများ ဖြစ်လို့ပါပဲ။

စစ်နဲ့ဒီမိုကရေစီ

တလောဆီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်ဘူး ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောသွားပါတယ်။

အဲဒီနောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဆိုတာမှာလည်း“ငြိမ်းချမ်းရေးမရလို့ရှိရင် ဒီမိုကရေစီကို ဘယ်လိုမှ သွားလို့ရမှာမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိုယူတာ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီမထွန်းကားဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် စီးပွားရေးမတိုးတက်ဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးမရှိနိုင်ဘူး။ အဲဒီလိုစဉ်ပြီး ပြောလိုက်ရင် ဟုတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ ဒီမိုကရေစီမရှိတာလား၊ ဒီမိုကရေစီ မရှိလို့ ပြည်တွင်းစစ်ဖြစ်တာလား။ သေချာ စဉ်းစားကြည့်သင့်ပါတယ်။ ဒီစစ်နဲ့ဒီမိုကရေစီပြဿနာဟာ ကြက်ဥနဲ့ကြက်မ ပြဿနာလို ဘယ်ဟာက အရင်လဲဆိုတာ ရှင်းမရတဲ့ပြဿနာမျိုး မဟုတ်ပါဘူး။

ဗမာပြည် ကိုလိုနီဘ၀ကို ပြန်စဉ်းစားပါ။ အဲဒီတုန်းက ဗမာပြည်မှာ ပြည်တွင်းစစ်မရှိပါဘူး။ ဒါပေမဲ့ ဗမာနိုင်ငံသားတွေဟာ ဒီမိုကရေစီကို အင်္ဂလိပ်က သဒ္ဒါသလောက်ပဲ ခံစားရပါတယ်။ နောက်ပြီး ၁၉၄၈ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ကိစ္စကို ပြန်ကြည့်ပါ။ အာဏာရနေတဲ့ အုပ်စိုးသူတွေက ပါတီရပ်တည်ခွင့်မပေးဘဲ လူတွေကို ဖမ်းဆီးချုပ်နှောင်ဖို့လုပ်လို့၊ တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနိမ့်ဆုံးအခွင့်အရေးကိုတောင် မပေးလို့ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်၊ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဆရာစံတို့ သူပုန်ထကြတာဟာ ဒီမိုကရေစီ မရလို့ ဖြစ်ပါတယ်။ ဆရာစံတို့သူပုန်ထလို့ အင်္ဂလိပ်က ဒီမိုကရေစီမပေးတာ မဟုတ်ပါဘူး။

ဒီနေ့အခါမှာလည်း ဆရာစံတို့ခေတ်ကလိုပဲ မြေတွေအလုခံနေရလို့ ကျေးလက်နေလူတွေတွေ ခေါင်းတရမ်းရမ်း- ဓားတစမ်းစမ်း ဖြစ်နေကြတာကို ပြန်စဉ်းစားစေချင်ပါတယ်။ ပြည်တွင်းစစ် ဖြစ်နေလို့၊ စစ်တိုက်နေတဲ့နေရာတွေမှာ စစ်တိုက်နေတုန်း ဒီမိုကရေစီကို ကန့်သတ်ထားတယ်ဆိုရင် တစုံတရာနားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခုဒီတိုင်းပြည်မှာ ဖြစ်နေတာက စစ်ဖြစ်တဲ့နေရာနဲ့ မိုင်ပေါင်းရာထောင်ဝေးတဲ့ နေရာတွေမှာ မြေလုခံရလို့ ဆန္ဒပြသူကို ဖမ်းတယ်၊ သတင်းမှန်ရေးလို့ အယ်ဒီတာအဖွဲ့ဝင်တွေကို ဖမ်းတယ် ဆိုတာမျိုးတွေပါ။ ကချင်ပြည်နယ်ထဲမှာ စစ်တိုက်တာနဲ့ ရန်ကုန်တိုင်းထဲမှာ မြေလုတာ ဘာဆိုင်သလဲ။ ညောင်ဦးကမ်းပါးပြိုလို့ စမ္ပါနဂိုကနွား ပေါင်ကျိုးတယ်ဆိုတဲ့အတိုင်း ဖြစ်ပါတယ်။

အရပ်ဝတ်စစ်အစိုးရ တာဝန်ရှိသူတွေက ဒီလိုပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ ဒီမိုကရေစီမရှိဘဲ ဖြစ်နေတယ်လို့ ဆိုတာမှာ ဒီနေ့ဒီမိုကရေစီခေါင်းပါးနေတာအတွက် လက်နက်ကိုင်တော်လှန်နေသူတွေမှာလည်း တာဝန်ရှိတယ်လို့ သေဖော်ညှိတဲ့သဘောလည်း ပါပါတယ်။

ဒီကနေတဆင့် ဆက်တွေးလိုက်ရင် ဒီနေ့ဒီတိုင်းပြည်မှာ ဒီမိုကရေစီမရှိတာ သဘာဝကျတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးမှ မရသေးဘဲကိုးဆိုတာ ဖြစ်လာပါမယ်။

အခုလို ပြည်တွင်းစစ်ကို လက်ညှိုးထိုးပြပြီး စစ်တပ်က လုပ်ချင်တိုင်း လုပ်လို့ရနေတယ်၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ဖို့အကြောင်းပြစရာ ဖြစ်နေတယ်ဆိုရင် ဗမာပြည်မှာ စစ်အုပ်စုအဆက်ဆက်က ဘာကြောင့်ပြည်တွင်းစစ်ကိုဖန်တီး၊ ပြည်တွင်းစစ်ကို ထိန်းသိမ်းထား၊ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်မပေါ်အောင် လုပ်နေတယ်ဆိုတာ ရှင်းသွားပါတယ်။

ဗိုလ်မင်းအောင်လှိုင်နဲ့ ဦးခင်အောင်မြင့်တို့ပြောတဲ့ တရားအရဆိုရင် ကလော့ဇ်ဝစ်ပြောတဲ့ “စစ်ဆိုတာနိုင်ငံရေးကို ပုံစံတမျိုးနဲ့ ဆက်လုပ်တာ ဖြစ်တယ်”ဆိုတဲ့ စကားကိုတောင် “နိုင်ငံရေးဆိုတာ စစ်ကိုပုံစံတမျိုးနဲ့ ဆက်လုပ်တာ ဖြစ်တယ်” လို့ ပြင်ရမလို ဖြစ်နေပါတယ်။

နောက်ကွယ်က ကိုင်ထားသော ကြိုးများ

ရှုပ်နေတာတွေကို ရှင်းအောင် ခွဲပြီး ကြည့်ရမှာပါ။

ငြိမ်းချမ်းရေးစကားပြောနေချိန် စစ်ပွဲတွေ တခြိမ်းခြိမ်း။ သေနတ် အမြောက်သံတွေ တအုန်းအုန်း။ မြေလုထားသူတွေက စစ်အာဏာပိုင်တွေ၊ သူတို့အဆွယ်အပွားတွေချည်း။ ဘယ်မြေကိစ္စကိုမျှ အလွယ်တကူ လျှော့ပေးတာ လိုက်လျောတာ မရှိ။ မြေကြီးဆိုရင် လက်ထဲ ဆုပ်မိရင် ဖုန်မှုန့်လေး တမှုန်ကအစ ပြန်မစွန့်နိုင်တဲ့ သူတွေ။ အာဏာစွန့်ဖို့ဆိုရင် ဝေလာဝေး။ သူတို့ကိုယ်တိုင် လုယက်နေတဲ့ ကိစ္စကို ပြောမနေနဲ့ မိုးထိမိုးမိမှာ လုပ်ငန်းပိုင်ရှင်နဲ့ အလုပ်သမားတွေကိစ္စမှာ လုပ်ငန်းပိုင်ရှင်နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး အတိဒုက္ခရောက်နေတဲ့ အလုပ်သမားမိသားစုတွေကို မညှာတာ မထောက်ထား ဘယ်လို ညစ်ပတ်ဒုက္ခပေးနေကြသလဲ ဆိုတာကြည့်။

နယ်လှည့်ပါးရိုက်တဲ့ ဝန်ကြီးရဲ့ (ဖက်ဆစ်ဆန်တဲ့စကား) နဲ့ ပွဲဆူအောင်လုပ်ထားပြီးသမီးကလေးကျေးရွာမှာ (ဖက်ဆစ်ဆန်တဲ့) လုပ်ရပ်တွေ တဆင့်တိုးလုပ်ဖို့ ပြင်လာကြတယ်။
တပြည်လုံးကို သူတို့ကိုယ်တိုင်က ဆူဆူပူပူ ဖြစ်တဲ့ အခြေအနေ ဖန်တီးရင်းက သမ္မတက နိုင်ငံရေးအင်အားစုတွေက ဆူပူအောင် ဖန်တီးနေတယ်ဆိုတာမျိုး ပြောထွက်လာတယ်။ ဘုရင့်နှုတ်ထွက်စကား (ဆုံးမလိုက်) ဆိုတာ ပါးကွက်သားတွေအတွက်(သတ်စေ) ဆိုတဲ့ အမိန့်တော်အဖြစ် ပြောင်းသွားအောင် ပြောလိုက်တာပါ။ ၂၀၁၅ အကြို အတိုက်အခံ နိုင်ငံရေးအင်အားစုများအပေါ် နှိပ်ကွပ်မှုလုပ်ဖို့ အချက်ပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အကြမ်းဖက်မှုတွေ အဆင့်လိုက်လုပ်ဖို့ သူတို့ဘက်က အသေအချာ လူသူစုဆောင်း ပြင်ဆင်ထားတာကလည်း အသေအချာပဲ။

တိုင်းရင်းသား လက်နက်ကိုင်အင်အားတွေကို သွေးခွဲ၊ ရဟန်းသံဃာတွေကြား သွေးခွဲ၊ ကျောင်းသားတွေကြား သွေးခွဲ။ (ဘောလုံးပွဲနဲ့ သွေးခွဲတာကို ကြည့်ပါ) ပြည်သူကြားသွေးခွဲတာကတော့ ဘာသာရေးအဓိကရုဏ်း ဖန်တီးတာမျိုး၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးတာမျိုးကတဆင့် လုပ်နေကြတယ်။

လက်ပံတောင်းတို့၊ မိုးထိမိုးမိတို့၊ သမီးကလေးကျေးရွာတို့…စတဲ့နေရာတွေမှာ အလုပ်သမား လယ်သမား ဆန္ဒထုတ်ဖော်မှုတွေ တိုက်ပွဲတွေကို ကြမ်းကြမ်းရမ်းရမ်း ကိုင်တွယ်နေတဲ့အချိန် ပျော့ပျောင်းမှုကို ရှာဖွေနေကြတဲ့ လွှတ်တော်တွင်း ဝင်ပြင်ရေးသမားတွေ မှိန်မှိန်ရေးရေး မြင်နေရတာလေးကို လမ်းစအဖြစ် ရှေ့တိုး ရှာဖွေနေကြတယ်။ နယ်လှည့်ပါးရိုက်သူကို အရေးယူဖို့ လွှတ်တော်တွင်း တင်တာတောင် စောင့်ကြည့်ဦးမယ်လို့ ပြောမှာပေါ့၊ ပိန်မသာ လိန်မသာတွေ၊ ဗျိစုံနဲ့ ဗျုံစိ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကလည်း လွှတ်တော် ရေစိုင်ဝဲထဲမှာ ချာချာလည်ရင်း လူတချို့ကို စုပ်ဝဲထဲ ဆွဲယူနှစ်မြှုပ်ပစ်လိုက်လိမ့်မယ်။

တဆင့်ထက်တဆင့် ပိုပိုဆိုးတဲ့ အရှုပ်အထွေးတွေ ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွင်း ဒီလှိုင်းတွေလို ဆင့်ကဲဆင့်ကဲ တက်လာလိမ့်မယ်။ လှိုင်းလုံးတွေ တလုံးချင်းလာတာ ဖြစ်ချင်ဖြစ်မယ်။ လှိုင်းလုံးတွေ အလုအယက် ပြိုင်ဆိုင်တက်လာတာလည်း ဖြစ်ချင်ဖြစ်မယ်။

စာဖတ်သူကြီးက နောက်ကွယ်ကနေ ကြိုးကိုင်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ပိုရှင်းအောင် ကြည့်မယ်ဆိုရင်တော့ ဒါတွေအားလုံး စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်က ဖန်တီးနေတာ။ ဘယ်သူတက်တက် ဘယ်သူပြုတ်ပြုတ် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသမျှ ဗမာပြည် တပြည်လုံး ဒီဒုက္ခတွေ ခံနေကြရဦးမှာ။

နောက်ကွယ်က ကြိုးကိုင်ထားနေတာ စာဖတ်သူကြီး တဦးတည်းမဟုတ်ဘူးဆိုတာ အထူးသတိပြုဖို့ လိုပါတယ်။ ဘာသာရေး လူမျိုးရေးတွေ ပဋ္ဋိပက္ခတွေ စစ်အုပ်စုက ကိုင်တွယ်ပြီး နိုင်ငံရေးကစားနေသလို အင်အားကြီး နိုင်ငံတချို့ကလည်း လူမျိုးရေး၊ ဘာသာရေး မိုင်းဗုံးတွေမှာ စနက်တံကြိုးကို အသင့်ကိုင်ထားနိုင်ဖို့ လုံးပန်းနေကြတယ်။ သူတို့လက်ထဲ စနက်တံဆွဲမယ့် ကြိုးစကို လက်ကမ်းပေးမယ့်သူဟာ ကိုယ့်ပြည်တွင်းက အစိုးရထဲက အစိတ်အပိုင်းရော နိုင်ငံရေးအင်အားစုထဲက အစိတ်အပိုင်းရော ဖြစ်နိုင်ခြေ ရှိနေတာ စိတ်မကောင်းစရာ မြင်တွေ့နေရတယ်။ အာရှ ပစိဖိတ် သြဇာအာဏာနဲ့ အင်အား ပြိုင်ဆိုင်ပွဲမှာ ဗမာပြည်ဟာ ကျွဲ ၂ ကောင် ခတ်တဲ့ ကြားက မြေဇာပင် ဖြစ်သွားဖို့ကတော့ အချိန်စောပါသေးတယ်။ ဒါပေမဲ့ ပလိုင်းထဲက ဖားလို …လိုတဲ့အချိန်မှာ ထုတ်ရိုက်နိုင်အောင် ဗမာပြည်ကို အနီးက ကြိုးတွေရော အဝေးက ကြိုးတွေရော အပိုင်ချည်နှောင်ထားဖို့ လုံးပန်းနေကြလေရဲ့။ အလွယ်တကူ မမြင်သာတဲ့ ကြိုးတွေပါ။

ဒီနေ့အထိ မှန်ကန်နေတဲ့ မာ့က်စ်ရဲ့ပြောဆိုရေးသားချက်တွေ

(တစ်) စီးပွားရေးထိုင်းမှိုင်းမှုကြီး- အရင်းရှင်စနစ်ရဲ့ထိန်းမနိုင်သိမ်းမရလက္ခဏာ

မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ သန္ဓေအရကိုပဲ ထိန်းမနိုင်သိမ်းမရဖြစ်တတ်မှု၊ အကျပ်အတည်းတွေ ပြွမ်းတီးမှု လက္ခဏာတွေရှိတဲ့ အရင်းရှင်စနစ်အကြောင်းဟာ အဓိကအပိုင်းတခုဖြစ်ပါတယ်။ အမြတ်အစွန်းအတွက် မနားမနေ လုံးပမ်းမှုကနေ ကုမ္ပဏီတွေဟာ သူတို့ရဲ့အလုပ်ရုံတွေမှာ စက်တွေ တပ်ဆင်လာကြလိမ့်မယ်။ ဒီလိုနဲ့ တဖက်မှာ အလုပ်သမားတွေရဲ့ လစာတွေကို ဖြစ်ညှစ်ထားပြီး တဖက်မှာ ကုန်ပစ္စည်းတွေကို များသထက်များအောင် ထုတ်လိုက်တာ အလုပ်သမားတွေဟာ သူတို့ထုတ်လုပ်တဲ့ပစ္စည်းကို သူတို့ဝယ်လို့မနိုင်အောင်ဖြစ်လာမယ်လို့ သူကဆိုခဲ့ပါတယ်။ အမှန်ပါပဲ။ ခေတ်သစ်သမိုင်းရဲ့ ဖြစ်ရပ်တွေ- စီးပွားရေးကပ်ကြီး (၁၉၃၀ စုနှစ်များ) ကနေ ဒီနေ့ ဒေါ့ကွန်ဗူဗောင်း(dot.com bubble) ပြဿနာအထိ၊ ဒီဟာတွေရဲ့ဇာစ်မြစ်ကို မာ့က်စ်ရဲ့အသုံးအနှုန်းအရ “လက်တွေ့မတည်ရှိတဲ့ စိတ်ကူးထဲက အရင်းအနှီး (fictitious capital)”- ဘဏ္ဍာရေးကိရိယာတွေဖြစ်တဲ့ စတော့ခ်လက်မှတ်၊ ပြန်မဆပ်နိုင်တဲ့ ငွေပေးချေမှု- စတာ တွေမှာ ခြေရာခံလို့ ရပါတယ်။ ထုတ်လုပ်ပြီးရင်း ထုတ်လုပ်လိုက်တာ နောက်ကျတော့ ကိုယ့်ကုန်တွေကို ၀ယ်မယ့်လူ မရှိတော့ဘူး။ ဈေးကွက်အသစ်တွေလည်း မရှိတော့၊ ငွေချေးပေးတာလည်း မရှိတော့ဘူး။ ဒီသံသရာကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့မှာပဲ လည်ပတ်နေပါတယ်။ နည်းနည်းချဲ့ပြောရရင် ၂၀၀ဂ ခုနှစ်တုန်းက အိမ်မြေဈေးကွက်တွေ ပြိုကျသွားတာဟာလည်း ဒါကြောင့်ပါပဲ။ အဆင့်အတန်း မညီမျှမှု ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေတာကြောင့် ၀င်ငွေတွေ လျော့ဆင်းလာပြီး အမေရိကန်နိုင်ငံသားတွေအဖို့ ပို-ပိုပြီး ငွေချေးလာရပါတယ်။ (Subprime Lending) လို့ခေါ် တဲ့ စိတ်မချရတဲ့လူတွေကို အတိုးကြီးကြီးနဲ့ ငွေချေးပေးတာ မလုပ်နိုင်တော့တဲ့အခါမှာ မာ့က်စ်ကြိုဟောထားတဲ့အတိုင်း အားလုံးပြိုကျတော့တာ ဖြစ်ပါတယ်။

(နှစ်) အိုင်ဖုန်း ၅ အက်စ် (iPhone 5S)- စိတ်ကူးထဲကအာသာဆန္ဒတွေ

လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ထုတ်လုပ်တဲ့ကုန်တွေအပေါ်မှာ တန်ဖိုးအကြီးကြီးသတ်မှတ်တဲ့ အရင်းရှင်စနစ်ရဲ့ လုပ်ကိုင်နည်းဟာ တချိန်ကျရင် “လူသားမဆန်တဲ့၊ ရှုပ်ထွေးတဲ့၊ သဘာဝမကျတဲ့၊ စိတ်ကူးထဲက အာသာတွေကို ဖန်တီးတာ၊ ထိပ်ပေါ်တင်တာတွေ ဖြစ်လာလိမ့်မယ်” လို့ မာ့က်စ်က သတိပေးခဲ့ပါတယ်။ ဒါဟာ အသုံးအနှုန်းတခုအနေနဲ့ ပြင်းထန်ပေမယ့် လက်ရှိအမေရိကန်နိုင်ငံကို တိကျစွာသရုပ်ဖော်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ မယုံကြည်နိုင်လောက်အောင် စည်းစိမ်တွေ ခံစားနေရပေမယ့် နောက်ထပ်ပစ္စည်းတွေ ထပ်ဝယ်ဖို့ လိုအပ်ချက်ရဲ့နှိုးဆော်မှုနဲ့ တွေ့ဆုံနေရပါတယ်။ ခင်ဗျားမှာ ရှိပြီးသား ဖြစ်ချင်ဖြစ်နေမယ့် အိုင်ဖုန်း ၅ အက်စ်ကိစ္စကိုပဲ စဉ်းစားကြည့်ပါ။ ဒါဟာ မနှစ်တုန်းက ခင်ဗျားမှာရှိခဲ့တဲ့ အိုင်ဖုန်း ၅၊ ဒါမှမဟုတ် တမြန်မနှစ်က ရှိခဲ့တဲ့ အိုင်ဖုန်း ၄ အက်စ်ထက် တကယ်ပဲ ပိုကောင်းသလား။ ဒါဟာ တကယ်လိုအပ်ချက်လား၊ ဒါမှမဟုတ် အဲဒီလိုယူဆအောင် လုပ်ထားတာလား။ တရုတ်မိသားစုတွေ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကြောင့် ကင်ဆာရောဂါတွေ ရနေကြချိန်မှာ မီဂါကော်ပိုရေးရှင်းကြီးတွေက လုံးဝကောင်းမွန်နေတဲ့ ပစ္စည်းတွေကို အကြောင်းမဲ့ဖျက်ဆီးပစ်ဖို့ ကြော်ငြာတွေ အကြီးအကျယ်ဖြန့်နေကြပါတယ်။ ဒါကိုသာ မာ့က်စ်ကတွေ့ရင် ခေါင်းတညိတ်ညိတ် လုပ်နေမှာပါ။

(သုံး) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အရင်းရှင်စနစ် တကမ္ဘာလုံးလက္ခဏာဆောင်ခြင်း (globalization)

ထုတ်လုပ်မှုပိုလျှံခြင်းနဲ့ပတ်သက်တဲ့ အယူအဆတွေကနေ မာ့က်စ်ဟာ အခု ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်နေကြတဲ့ အရင်းရှင်စနစ် တကမ္ဘာလုံးလက္ခဏာဆောင်ခြင်းကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါဟာ အရင်းရှင်စနစ်က တကမ္ဘာလုံးကို ဖြန့်ကြက်ပြီး ဈေးကွက်သစ်တွေ ရှာဖွေတာ ဖြစ်ပါတယ်။ သူက “မိမိထုတ်ကုန်တွေအတွက် ဈေးကွက်ကို မပြတ်တိုးချဲ့ဖို့ လိုအပ်ခြင်းကြောင့် ဓနရှင်လူတန်းစားဟာ ကမ္ဘာမြေပြင်အနှံ့ ဖြန့်ကြက်ရတယ်” လို့ ရေးခဲ့ပါတယ်။ နောက်ပြီး “ဓနရှင်တွေဟာ နေရာတိုင်းမှာ အသိုက်ဖွဲ့၊ အခြေချ၊ ဆက်သွယ်မှုတွေ တည်ဆောက်ရတယ်” တဲ့။ ဒီနေ့အခါမှာ ဒါဟာ ရှင်းနေပြီဖြစ်ပေမယ့် မာ့က်စ်က ဒါကို လွန်ခဲ့တဲ့ ရာစုတခုကျော် ၁၈၄၈ ခုနှစ်တုန်းက ရေးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး သူဟာ ၂၀ ရာစုနှစ် အကုန်ပိုင်းမှာ ဘယ်လိုဖြစ်လိမ့်မယ်လို့ ပြောတာတင်မက ဘာကြောင့်ဖြစ်မယ်လို့ အကြောင်းရင်းတွေ ပြောခဲ့တာဟာလည်း မှန်နေပါတယ်။ ဈေးကွက်သစ်တွေနဲ့ ဈေးပေါတဲ့လုပ်အားကို မနားမနေရှာဖွေခြင်းနဲ့ ပိုများတဲ့ သဘာဝအရင်းအမြစ်တွေကို မနားတမ်း တောင်းဆိုနေတာတို့ဟာ မပြတ်ကျွေးမွေးနေရတဲ့ သတ္တ၀ါကြီးတွေဖြစ်ပါတယ်။

(လေး) ဝေါလ်မတ် (Walmart) – လက်ဝါးကြီးအုပ်မှု

ဘောဂဗေဒရဲ့စံတော်ဝင်သီအိုရီအရဆိုရင် ပြိုင်ဆိုင်မှုဟာ သဘာဝကျတယ်၊ ဒါကြောင့် သူ့ဟာသူ ထိန်းသိမ်းတည်ရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ မာ့က်စ်ကတော့ ကုမ္ပဏီကြီးတွေချင်း သတ်ဖြတ်ဝါးမျိုကြရင်း ဈေးကွက်ရဲ့ အင်အားဟာ ဧရာမကုမ္ပဏီကြီးတွေရဲ့ လက်ထဲမှာ စုစည်းမိသွားမယ်လို့ ပြောထုတ်ခဲ့ပါတယ်။ ၁၉ ရာစုနှစ်တုန်းက စာဖတ်သူတွေအတွက်တော့ ဒါဟာ အင်မတန်ကြောင်တယ် ဖြစ်နေမှာပါ။ ရစ်ချတ်ဟော့ဖ်စတယ်ဒါ (Richard Hofstadter ) က ဆိုရင် “ဥစ္စာဓနကို အကျယ်အပြန့် ဖြန့်ကြက်ပစ်မယ်၊ စီးပွားရေးနဲ့နိုင်ငံရေးအင်အားတွေကို တနေရာထဲမှာ စုမထားဘဲ ခွဲပစ်လိမ့်မယ်” လို့ ရေးခဲ့ပါတယ်။ ဒါပေမဲ့ မာ့က်စ် ကြိုတင်မြင်ခဲ့တာတွေဟာ အဲဒီနောက် ၂၀ ရာစုနှစ်ထဲကျမှ အရှိန်ရလာခဲ့ပါတယ်။ ဒီကနေ့မှာတော့ မိသားစုဖွင့်တဲ့ဆိုင်လေးတွေကို ဝေါလ်မတ်လို ကုန်တိုက်ကြီးတွေက အစားထိုးပစ်လိုက်ပါပြီ။ လူမှုရေးဘဏ် အသေးစားလေးတွေကို တကမ္ဘာလုံးဖြန့်ထားတဲ့ ဂျေပီမော်ဂင်အင် ချေ့စ် (J.P. Morgan Chase) လိုဟာက အစားထားလိုက်ပြီး လယ်သမားလေးတွေကိုလည်း အာချာဒင်နီယယ်မစ်ဒ်လင်းလို လုပ်ငန်းကြီးတွေက အစိုးထိုးလိုက်ပါပြီ။ နည်းပညာလောကမှာလည်း လက်ဝါးကြီးအုပ်တွေ လက်ထဲစုစည်းတာတွေ ဖြစ်လာနေပြီး ဧရာမ ကော်ပိုရေးရှင်းကြီးတွေက အသစ်ပေါ်တာလေးတွေကို စုပ်ယူတာတွေ အလျင်အမြန် လုပ်နေပါတယ်။ နိုင်ငံရေးသမားတွေဟာ လက်တဆုပ်လောက်သာ ကျန်ကောင်းလို့ကျန်တဲ့ လုပ်ငန်းငယ်ကလေးတွေကို နှုတ်နဲ့စောင်မတဲ့ အနေနဲ့ မမှန်ကန်တဲ့ ထရပ်စ်လုပ်ငန်း လုပ်နည်းလုပ်ဟန်တွေကို ဖော်ထုတ်တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဒီလက်ဝါးကြီးအုပ်လုပ်ငန်းကြီးတွေဟာ အခြေခိုင်နေကြပါပြီ။

(ငါး) လုပ်ခနည်း၊ အမြတ်များ (စက်မှုလုပ်သား အရန်တပ်မတော်)

မာ့က်စ်က စက်မှုလုပ်သားအရန်တပ်မတော်ကြောင့် လုပ်ခတွေ အနှိမ်ခံရမယ်လို့ ယုံခဲ့ပါတယ်။ ဒါကို သူက စံကျတဲ့ ဘောဂဗေဒနည်းနာတွေကိုသာ အသုံးပြုပြီး ရှင်းပြခဲ့ပါတယ်။ အရင်းရှင်တွေဟာ လုပ်အားအတွက် နည်းနိုင်သမျှနည်းတဲ့ လုပ်ခကို ပေးချင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အလုပ်သမားတွေ အများကြီးပိုလျှံနေရင် အလွယ်ဆုံးပါပဲ။ ဒါကြောင့် မာ့က်စ်ရဲ့ ခွဲခြမ်းစိတ်ဖြာနည်းအရဆိုရင် စီးပွားရေးထိုင်းမှိုင်းမှု တခုပြီးတဲ့အခါမှာ မြင့်မားတဲ့ အလုပ်လက်မဲ့နှုန်းကြောင့် လုပ်ခတွေ လျော့ဆင်းပြီး အမြတ်တွေ ထိုးတက်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။ အလုပ်သမားတွေဟာ သူတို့ကို သွေးစုပ်တဲ့ အလွန်ဆိုးတဲ့ အလုပ်တွေကို မစွန့်လွှတ်ဝံ့ကြဘူး ဖြစ်နေလို့ပါပဲ။ ဒီကနေ ဘာကိုသိရသလဲ။ အမေရိကန် ဝေါလ်စထရိ ဂျာနယ်က သတိပေးလိုက်တာကိုကြည့်ပါ- “ဒီတလော အမေရိကန်စီးပွားရေး နာလန်ထူမှုဟာ မာ့က်စ်ဝါဒရဲ့ လက္ခဏာတွေ ပြသနေတယ်။ ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်တွေဟာ ထောင်တက်လာနေတယ်။ နောက်ပြီး ထုတ်လုပ်မှုနှုန်း တိုးမြင့်လာတာကြောင့် ကုမ္ပဏီတွေဟာ အလုပ်လက်မဲ့နှုန်းကို လျှော့ချဖို့ သိပ်မလိုဘဲ တိုးတက်လာခဲ့တယ်။” ဒီဟာက ပြသနေတာကတော့ အလုပ်သမားတွေဟာ အလုပ်တွေကို စွန့်ခွာရမှာ စိုးရွံ့တဲ့အတွက် ဈေးဆစ်နိုင်စွမ်း မရှိနိုင်ဘူးဆိုတာပါပဲ။ တရားမျှတ ကျိုးကြောင်းဆီလျော်တဲ့ စိးပွားရေးတိုးတက်မှုဆိုတာ အလုပ်လက်မဲ့နှုန်း နိမ့်ကျပြီး အလုပ်သမားတွေအနေနဲ့ နောက်အလုပ်တခုရှာ လုပ်နိုင်တယ်လို့ခြိမ်းခြောက်နိုင်တဲ့ အချိန်မျိုးတွေမှာသာ ဖြစ်တယ်လို့ဆိုရင် အံ့သြစရာမရှိပါဘူး။

Rolling Stone ၀က်ဆိုက်ပေါ်က ရှော်န်မက်အယ်လ်ဝီး (Sean McElwee ) ရေးတဲ့ မာ့က်စ်ရဲ့ ၂၀၁၄ ခုနှစ်ကို အံ့စဖွယ်ဟောကိန်းထုတ်ထားပုံ (Five Surprising Ways Marx Predicted 2014) ဆိုတဲ့ ဆောင်းပါးထဲက ထုတ်နုတ်ပြန်ဆိုထားတာ ဖြစ်ပါတယ်။