စစ်တပ်က အာဏာသိမ်းမတဲ့လား (ညီဌေးကျော်)

By | January 25, 2021

စစ်တပ်က အာဏာသိမ်းမတဲ့လား

(ညီဌေးကျော်)

၂၀၀၈ ခြေဥပေးထားချက်အောက်ကကျင်းပတဲ့ (၂၀၁၅၊ ၂၀၂၀) ရွေးကောက်ပွဲ ၂ ကြိမ်စလုံး ခွက်ခွက်လန်ရှုံးနိမ့်သွားတဲ့ စစ်အုပ်စုကိုယ်စားပြုကြံ့ဖွံ့ပါတီဟာ သူ့ရှေ့က ဗိုလ်နေဝင်းဆိုရှယ်လစ်ပါတီ(မဆလ)လိုပဲ နိုင်ငံရေးအမှိုက်ပုံးထဲရောက်သွားတော့မယ့် အခြေအခြေအနေပါ။ စစ်တပ်ကိုယ်စားလှယ် ၂၅% နဲ့ ကြံ့ဖွံ့အပေါင်းအပါများ ၂၆% ပေါင်းပြီး အစိုးရတရပ်ဖွဲ့ကာ သမ္မတလုပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာလည်း ပူဖေါင်းပေါက်သလို ပေါက်ကွဲလွင့်ပြယ်သွားတဲ့နောက် ဗိုလ်မင်းအောင်လှိုင်တယောက် တနေ့တမျိုးဇာတ်ထုတ်တွေခင်းလာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လို၊ မဲမသမာမှုတွေ တွေ့ရှိထား၊ ရခိုင်မှာ ရွေးကောက်ပွဲ ထပ်လုပ်ဖို့လို၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ဖို့လို၊ သမ္မတနဲ့ရွေးကော်ကို အရေးယူဖို့ တရားလွှတ်တော်ချုပ်မှာ စာချွန်လွှာတင်၊ (ရွေးကောက်ပွဲ အငြင်းပွားမှု) လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို လွှတ်တော်၊ အစိုးရ၊ ရွေးကော်တို့မှ နည်းနာရှာ ဖြေရှင်းပေးဖို့- တပ်မတော်မှ သဘောထားကြေညာချက် ထုတ်လာတယ်။ ကြံ့ဖွံ့ကလည်း တပ်မတော်ထောက်ခံပွဲ ရွေးကောက်ပွဲ ကန့်ကွက်ပွဲများ လုပ်နေဆဲပဲ။ လာမယ့် ဖေဖော်ဝါရီ လွှတ်တော်သစ်မှာ တက်ဖို့ မသေချာကြောင်းလည်း လေသံလွှင့်နေတယ်။

ဒါတွေဟာ ၂၀၀၈ ခြေဥအောက်မှာ ဖြစ်နေတာတွေပါ။ ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကလည်း၂၀၀၈ ခြေဥကိုင်ပြီး တုံ့ပြန်တာပါပဲ။ သမ္မတကို ဘယ်တရားရုံးကမှ ဆင့်ခေါ်စစ်မေးခွင့်မရှိ။ ရွေးကောက်ပွဲကော်မရှင်(ရွေးကော်)ရဲ့ အဆုံးအဖြတ်ဟာ (တခြား တရားရုံးသုံးခုဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံခုံရုံး၊ စစ်ဘက်ဆိုင်ရာခုံရုံး နည်းတူ) အပြီးအပြတ်ဖြစ်တယ် စောဒကတက်ခွင့် မရှိကြောင်း တုံ့ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းနိုင်ခြေနဲ့ပတ်သက်လို့ – ကာလုံထောက်ခံမှုနဲ့ သမ္မတသဘောတူညီမှသာ အရေးပေါ်အခြေအနေကြေညာ စစ်အုပ်ချုပ်ရေးကို အာဏာလွှဲအပ်နိုင်တာဖြစ်တယ်။ ၂၀၀၈ ကိုကျော်ပြီး အာဏာသိမ်းရင် ၂၀၀၈ ပျက်ပြယ်သွားမှာဖြစ်တဲ့ သဘောလည်းပြောသွားပါတယ်။

ဒီချုပ်ပြောခွင့်ရ နောက်တဦးဖြစ်တဲ့ မုံရွာအောင်ရှင်ကလည်း- အာဏာသိမ်းတာ အဖြေလား။ နိုင်ငံရေးမှာ အဖြေရရုံနဲ့မပြီးဘူး။ ရလဒ်ကိုပါ ထည့်တွက်ကြရကြောင်း ပြောပါတယ်။ အဲဒီ အားပြိုင်မှုတွေ တွေရဲ့ နောက်ခံကို ကြည့်ဖို့လိုပါတယ်။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာက အာဏာရှင်ဆိုတာ အရှင်မထွက်ဘူးလို့ နိဂုံးချုပ်ပေးခဲ့တယ်။ ခြေဥဆိုတာ သူတို့လိုရင်လိုသလို ဖျက်တာ အသစ်ရေးတာ လုပ်ခဲ့တာပါပဲ။ ၄၇ခြေဥ၊ ၇၄ခြေဥတို့ ဆိုတာ လွယ်လွယ်ပျက်သွားခဲ့တာပဲ။ မပျက်တာက ကြေးစားတပ်ပါ။ 

ကြေးစားတပ်လို့ပြောတော့ တချို့စစ်ပါးမဝသေးသူတွေက မကြိုက်ကြဘူး။ ပြန်စဉ်းစားကြည့်ပါလေ။ ခိုးဆိုးလုယက် ဗိုလ်ကျ သတ်ဖြတ်ခွင့်မရရင် ဘယ်စစ်သားမှ ရှေ့တန်းမသွားချင်ကြတော့ဘူး။ မင်းအောင်လှိုင်ဗိုလ်လုပ်နေတဲ့ တပ်မတော်ဆိုတာ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ BIA, BDA, BPF တပ်တွေ မဟုတ်တော့ပါဘူး။ ပြည်သူဆန့်ကျင်ရေး ကြေးစားတပ်ဖြစ်နေပါပြီ။

ကြေစားတပ်မရှိရင် စစ်အုပ်စုမင်းဆက်လည်း မရှိနိုင်တော့ဘူး။ ကြေးစားတပ်မရှိရင် ပြည်တွင်းစစ်လည်း မရှိနိုင်တော့ဘူး။

ဗိုလ်မင်းအောင်လှိုင်နဲ့ ကြံ့ဖွံ့ဟာ နိုင်ငံရေးအရေခွံ ကွာကျနေပါပြီ။ ပြိုဆင်းမသွားအောင် ကြေးစားတပ်နဲ့ ကျားကန်နေရတာပါ။ ဗိုလ်ကျော်ဇောနိဂုံးချုပ်ပေးခဲ့သလို ဒီမိုကရေစီအလင်းရောင်အောက်မှာ ပြည်တွင်းဖြစ် ဖက်ဆစ်ကြေးစားတပ် ဗိုလ်ချုပ်တွေ မရပ်တည်နိုင်ပါဘူး။

စစ်အုပ်စုဟာ နောက်ဆုံးထွက်သက်အထိ ကြေးစားတပ်အားကိုးနဲ့ အာဏာကို ဖက်တွယ်ထားမှာပါ။ အာဏာသိမ်းတာကိုလည်း လူထုကကြောက်နေမှာ မဟုတ်ဘူး။ စစ်အုပ်စုက လက်နက်နဲ့ဗိုလ်ကျ အနိုင်ကျင့်နေသမျှ လက်နက်ကိုင်တော်လှန်ရေးက ခေတ်မီ နေဦးမှာဖြစ်ပါတယ်။ လက်ဦးမှုမဲ့နေမှာက ကြေးစားတပ်နဲ့ ရင်ကြားစေ့ချင်နေပြီး (အမျိုးသားညီညွတ်ရေး)လို့ဆိုတဲ့ အလံဖြူလွှင့်ထားတဲ့ လစ်ဘရယ်အစိုးရပဲ ဖြစ်ပါတယ်။

ညီဌေးကျော်(၂၄ ဇန္နဝါရီ ၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *