အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။ (ညိုစိန်ဝင်း)

By | January 25, 2021

အာဏာသိမ်းရင် လူမိုက်လမ်းဆုံးဖြစ်လိမ့်မယ်။

(ညိုစိန်ဝင်း)

စစ်တပ်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းက ရွေးကောက်ပွဲအကြိုကာလကတည်းက ထွက်နေတဲ့သတင်းပါ။ အခု ရွေးကောက်ပွဲပြီးသွားလို့ အနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်နေတဲ့ကာလအထိ ဒီလေသံ ဒီသတင်း ထွက်နေတုန်းပါပဲ။ ဒီတခါ ထူးခြားတာကတော့ ဒီချုပ်ပါတီဘက်ကပါ အာဏာသိမ်းချင်သူတွေအနေနဲ့ ဖြစ်လာမယ့်ရလဒ် အကျိုးဆက်ကို ထည့်စဉ်းစားပါလို့ တုံ့ပြန်တဲ့အထိ ဖြစ်လာရတာပါပဲ။ ဒီချုပ်အနေနဲ့က ဒီလောက်တုံ့ပြန်ဖို့ကိုတောင် အတော်အားယူကြိုးပမ်းရပုံပါ။

ရွေးကောက်ပွဲအကြိုကာ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့သတင်းတွေထွက်လာကည်းက ကြိုတင်တွက်ဆရခဲ့တာတွေရှိပါတယ်။ စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ဘက်က ရွေးကောက်ပွဲကိုတော့ ဖျက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲရလာဒ်က သူတို့မျှော်မှန်းသလို ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကို မသမာဘူးဆိုပြီး သူတို့ကိုယ်တိုင်က မသမာတဲ့အကြံအစည်နဲ့ ရွေးကောပွဲရလာဒ်ကို တိုက်ခိုက်တာတွေ လုပ်လိမ့်မယ်ဆိုပြီး တွက်ဆလို့ရခဲ့ပါတယ်။ တွက်ဆရုံမက ပြောလည်းပြောခဲ့ပါတယ်။ အခု အဲ့ဒီအတိုင်း ဖြစ်လာတာပါပဲ။  

တလျှောက်လုံး စစ်အုပ်စုက အပေါ်စီးကနေ ၂၀၀၈ ခြေဥကို ကိုင်ပြီး အာဏာချုပ်ထိန်းထားတာပဲ။ အာဏာသိမ်းစရာမှ မလိုတာဆိုပြီး အာဏာသိမ်းမယ်ဆိုတဲ့ သတင်းကို လက်မခံသူတွေလည်း ရှိပါတယ်။ နောက်ပြီး အရပ်သားအစိုးရ မျက်နှာဖုံးတပ်ထားတဲ့အတွက် သူတို့စစ်အာဏာ ဆက်လက်ထိန်းသိမ်းထားရာမှာ ပိုပြီး ရုပ်ပြကောင်းတယ်၊ ပိုပြီး လိမ်ညာဟန်ဆောင်လို့ ကောင်းတယ်ဆိုတဲ့ အချက်ရှိနေတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ တဖက်က ကြည့်ပြန်ရင်လည်း စစ်အုပ်စုအင်အားမှာ သူတို့ကိုယ်တိုင် ထူထောင်ပြီး မြေတောင်မြှောက်ပေးထားတဲ့ စစ်တပ်ပါတီနဲ့တကွ တခြား စစ်တပ်နောက်လိုက်ပါတီတွေလည်း ရှိနေတယ်ဆိုတဲ့အချက်လည်း မေ့ထားလို့ မရပါဘူး။ ကြံ့ဖွံ့ပါတီဟာ စစ်အုပ်စုနဲ့ စစ်အရာရှိလူဟောင်းတွေ ထည့်သွင်းပေးထားပြီး စစ်တပ်အရာရှိဟောင်းတွေ ဦးစီးနေတဲ့ စစ်တပ်ပါတီပါ။ စစ်အုပ်စုက ၂၀၀၈ ခြေဥနဲ့ တက်လာသမျှ အစိုးရတွေအပေါ် စစ်အာဏာနဲ့ ချုပ်ကိုင်ထားတာလုပ်လို့ ရပေမယ့် တခြား စစ်တပ်နဲ့ ပုလင်းတူဘူးဆို့မဟုတ်တဲ့ ပါတီတွေ အစိုးရဖြစ်လာရင် သူတို့ရဲ့ စစ်အာဏာကို တစိတ်တပိုင်းတော့ ခွဲဝေပေးရပါသေးတယ်။ စစ်တပ်ပါတီ ကြံ့ဖွံ့က အစိုးရဖြစ်လာမှ စစ်အာဏာရာနှုန်းပြည့်လို့ဆိုလောက်တဲ့ အနေအထားကိုရမှာပါ။ စစ်တပ်ပါတီ ကြံ့ဖွံ့ကလည်း အာဏာ ငါးနှစ်လောက်ဆုံးရှုံးတာကို အောင့်အည်းမြိုသိပ်နေခဲ့ရပေမယ့် ဆယ်နှစ် အာဏာကင်းဝေးသွားရမှာကတော့ သူတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ တော်ရုံတန်ရုံမဟုတ်ဘဲ မရှုမလှ ခွက်ခွက်လန်ရှုံးနိမ့်မှုဖြစ်လာတော့ စစ်တပ်ပါတီဟာ ပြာထွက်သွားပါတယ်။ တစညပါတီလို တိမ်ကောပျောက်ကွယ့်သွားမယ့် အန္တရာယ်၊ စုံးစုံးမြုပ်သွားမယ့်အန္တရယ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်လာပါတယ်။ ဒါ့အတွက် ရှေးဦးစွာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တဲ့အလုပ်ကို လုပ်ပါတယ်။ ကြံ့ဖွံ့ပါတီသာမက ကာချုပ်ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ဦးစီးလုပ်ပါတယ်။ ဒါသာမက ဦးဝီရသူတို့၊ ဘူးလက်လှဆွေတို့နဲ့ မဘသအင်အားတွေ ထုတ်သုံးဖို့ပြင်တာ လုပ်လာပါတယ်။ ရွေးကောက်ပွဲရလဒ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လူငှားတွေနဲ့ လုပ်လာပါတယ်။ ရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြတာသာမက တပ်မတော်ထောက်ခံပွဲတွေကိုပါ လူငှားတွေနဲ့ ဇွတ်လုပ်လာပြန်တော့ ရွေးကောက်ပွဲရလဒ် ဖျက်ရုံသာမဟုတ်၊ စစ်တပ်အာဏာသိမ်းဖို့အတွက် ကြိုတင်ပြင်ဆင်နေတာလားလို့လည်း စဉ်းစားသူက စဉ်းစားလာကြပါတယ်။

ရွေးကောက်ပွဲမတိုင်မီကတည်းက ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်နောက်မြီးဆွဲပါတီတွေက ကာလုံခေါ်ဖို့ အာဏာသိမ်းဖို့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ကို အခါတော်ပေးလုပ်ပြီး တိုက်တွန်းလာခဲ့တာပါ။ ဗိုလ်မင်းအောင်လှိုင်ကလည်း ကာချုပ်နေရာစွန့်ရရင် သမ္မတနေရာကနေ မင်းသားကြီးလုပ်ဖို့ စိတ်ကူးခဲ့ပုံပါပဲ။ မင်းသားကြီးမလုပ်ရရင် ပတ်မကြီး ထိုးဖောက်ပစ်မယ်ဆိုတဲ့စိတ်ကူးလည်း သူ့ခေါင်းထဲ ရောက်ခဲ့ဟန်တူပါတယ်။ ဒါကြောင့် “ဘာမဆို လုပ်ရဲတယ်”ဆိုတဲ့ စကား ပြောထွက်လာတာပါ။ အိုင်စီဂျေမှာ စစ်ရာဇဝတ်ကောင်အဖြစ် စွဲချက်အတင်ခံထားရတဲ့ဗိုလ်မင်းအောင်လှိုင်ကလည်း အရေးပါတဲ့ ရာထူးတနေရာရာ ရှိနေမှ သူအတွက် တစုံတရာလုံခြုံမယ်လို့ အထင်ရောက်တာလည်း ရှိနေပါလိမ့်မယ်။ သူကလည်း ကာချုပ်နေရာစွန့်ရရင် သမ္မတနေရာ ယူထားချင်တာ၊ ကြံ့ဖွံ့ပါတီကလည်း အစိုးရအာဏာ ရယူချင်တာတွေကြောင့် ရွေးကောက်ပွဲမှာ အနည်းဆုံး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်လောက်ရဲ့လို့ သူတို့မျှော်မှန်းခဲ့တာပါ။ သူတို့ရဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်တော့တဲ့အခါ သူတို့တတွေ အရူးချီးပန်းခြေလှမ်းတွေ လှမ်းလာကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အခြားအင်အားကြီးနိုင်ငံတွေက တစုံတရာ အသိအမှတ်ပြုထားတာလည်း ရှိနေ၊ ပြည်တွင်း ပြည်သူလူထု ကလည်း သူတို့ကိုယ်တိုင်မဲပေးရွေးချယ်ထားတာဆိုတော့ ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်လို့ မရနိုင်ဘူးဆိုတာ သူတို့ သိနေပါတယ်။ ဒါကြောင့် သူတို့လုပ်နိုင်တာ လမ်း ၂ သွယ်ရှိနေပါတယ်။ လမ်းတလမ်းက စစ်တပ်ပါတီ ခွက်ခွက်လန်အောင် ရှုံးခဲ့တာအတွက် ရွေးကောက်ပွဲရလဒ်ကို အရှက်ပြေသဘောနဲ့ ၊ နောက်ပြီး စစ်တပ်ပါတီ ကြံ့ဖွံ့ကို နှစ်သိမ့်စေတဲ့သဘောနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲရလဒ်ကို အစွမ်းကုန်တိုက်ခိုက်တာလုပ်ပြပြီး မရတဲ့အဆုံး အနိုင်ရပါတီ အစိုးရဖွဲ့တာကို မကြည်မသာနဲ့ လိုက်လျောပေးလိုက်ရတဲ့လမ်း ဖြစ်ပါတယ်။ နောက်တလမ်းကတော့ စစ်တပ်အာဏာသိမ်းပြီး ရွေးကောက်ပွဲကို စစ်တပ်က ဦးစီးကျင်းပကာ သူတို့လိုချင်တဲ့ ပီအာ(PR) စနစ်နဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ပေးဖို့ပါပဲ။ ဒီလို လေသံတွေ ထွက်နေတာလည်း သတိပြုမိကြလိမ့်မယ်ထင်ပါတယ်။

ရွေးကောက်ပွဲရလဒ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာသာမက လူငှားတွေနဲ့စစ်တပ်ထောက်ခံပွဲတွေ လုပ်လာတာ၊ ဗိုလ်မင်းအောင်လှိုင်က အိမ်နီချင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲမှာ မတရားမှုတွေဖြစ်ခဲ့တဲ့အကြောင်း တိုင်ကြားတာ၊ ကြံ့ဖွံ့ပါတီမှ ဦးသန်းဌေးက သူ့ရဲ့ အင်တာဗျူးမှာ“နိုင်ငံရေးမှာ ဘာမဆို ဖြစ်လာနိုင်တာပဲ”လို့ ပြောခဲ့တာ။ စတဲ့အချက်တွေကလည်း စစ်အာဏာသိမ်းဖို့အတွက် မျက်စပစ်ထားတဲ့အချက်တွေလားလို့ စဉ်းစားကြတာတွေလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်းတယ်ဆိုတာ စစ်တပ်အားကိုးနဲ့ ပြည်တွင်းက ပြည်သူလူထုအပေါ် နိုင်ငံရေးအင်အားစုတွေအပေါ် အနိုင်ကျင့်ပြီး လက်နက်ကိုင်ဖိနှိပ်မှု လုပ်တာပဲ။ ဒီမိုကရေစီအခွင့်အရေးအပေါ် အပြင်းထန်ဆုံးတိုက်ခိုက်တာပဲ။ ဒါကို ဗြောင်ကျတဲ့ စစ်အာဏာရှင် ကာလအတွင်း မြေသိမ်း ယာသိမ်း အခွင့်အရေးအားလုံးနီးပါး အသိမ်းခံခဲ့ရပြီး၊ စည်းကမ်းရှိသောဒီမိုကရေစီကာလအတွင်းမှာလည်း အတုအယောင် မျှော်လင့်ချက်များရဲ့ ခါးသီးမှုကိုကြုံကြရပြန်ကာ၊ ကိုဗစ်ကာလအတွင်း ထွက်ပေါက်မဲ့ အခြေအနေကြား ဒေါသထွက်နေတဲ့ ဗမာပြည် ပြည်သူလူထုတရပ်လုံးနဲ့ ရက်ဒီကယ် နိုင်ငံရေးအင်အားစုတွေက ခေါင်းငုံ့ခံနေကြမှာ မဟုတ်ပါဘူး။…” သဏ္ဌာန်မျိုးစုံနဲ့ တွန်းလှန်ခုခံမှုတွေ ပေါ်ပေါက်လာမှာ မုချပါပဲ။ ၂၀၀၈ အောက်မှာသာ ဒီချုပ်-ကြံ့ဖွံ့ နှစ်ကောင်တည်းလို ဖြစ်နေတာပါ။ ၂၀၀၈ ဖျက်ရေးအတွက်ဆိုရင် လူထုတိုက်ပွဲမီးတောက်မီးလျှံတွေ တားမရဆီးမရ ပေါ်လာပါလိမ့်မယ်း။ ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေလည်း ပိုမိုပြင်းထန်လာနိုင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်လို အိုင်စီဂျေမှာ စစ်ရာဇဝတ်ကောင်အဖြစ် စွဲချက်အတင်ခံ ထားရတဲ့သူက ဦးစီးပြီး အာဏာသိမ်းမယ်ဆိုရင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေသာမက အရေးယူမှုတွေ ပြစ်ဒဏ်ခတ်မှုတွေ ဖြစ်လာမှာလည်း သေချာပါတယ်။ ဒီလမ်းကို လျှောက်မယ်ဆိုရင် လူမိုက်လမ်းဆုံး ဇာတ်သိမ်းမလှဖြစ်မယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲပါ။

Leave a Reply

Your email address will not be published. Required fields are marked *