ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးပဲလုပ်ပါစေ၊ နိုင်ငံရေးမလုပ်ပါစေနဲ့-တဲ့

By | July 1, 2023

ဒေါ်အောင်ဆန်းစုကြည်ငြိမ်းချမ်းရေးပဲလုပ်ပါစေ၊ နိုင်ငံရေးမလုပ်ပါစေနဲ့-တဲ့

ရဲဘော်ဖိုးသံချောင်း

ဇွန်လ ၈ ရက်နေ့က သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရက ဦးတင်ဦးကိုပြောတဲ့ ဒေါ်စုကို နိုင်ငံရေးထဲမှာမပါပါစေနဲ့၊ ငြိမ်းချမ်းရေးကိစ္စပဲလုပ်ပါစေဆိုတဲ့ သတင်းတရပ်ဟာ မီဒီယာပေါ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးအပါအဝင် စစ်အုပ်စုထိပ်သီးဗိုလ်ချုပ်တွေ မေလ၂၄ ရက်နေ့နဲ့ ဇွန်လ၄ရက်နေ့တွေတုန်းက နေပြည်တော်အချုပ်ထောင်ထဲမှာရှိတဲ့ ဒေါ်အောင် ဆန်းစုကြည်ကိုနှစ်ကြိမ်တောင်သွားတွေ့ပြီး ငြိမ်းချမ်းရေး အတွက် လုံးပန်းခိုင်းတယ်ဆိုတဲ့ သတင်းလည်း ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။

စစ်အုပ်စုထိပ်သီးဗိုလ်ချုပ်တွေ မေလ ဒေါ်စုကို သွားတွေ့တယ်ဆိုတဲ့ သတင်းကိုတော့ စစ်ကောင်စီဘက်က ကောလာဟလ သတင်းတွေဆိုပြီး ငြင်းပါတယ်။ အဖြစ်မှန်ကို ဘူးခံငြင်းတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ စကစရဲ့ ပြန်ကြားရေးကိုက သတင်းမမှန် ပြန်ကြားရေးလို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတာ မဟုတ်လား။ ဒီလို ငြင်းဆန်တဲ့ မလိမ့်တပတ် ပြောစကားတွေထဲမှာကို စစ်တပ်အရာရှိတချို့ အရင်က သွားတွေ့ခဲ့ဖူးတာတွေ ရှိခဲ့ကြောင်း၊ ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့သွားစေဖို့ ဒေါ်စုကို တိုက်တွန်းမယ့်သူတွေကို သူတို့ပဲ ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း သူတို့ ဖုံးတဝက် ဖော်တဝက် ဝန်ခံလိုက်ရပါတယ်။ သူတို့က ဒေါ်စုနဲ့ ဒီချုပ်ကို ဒီမိုကရေစီရေးမှာ ငြိမ်းချမ်းတဲ့နည်းနဲ့လျှောက်စေချင်တာ၊ အဲဒါအတွက် ဒေါ်စုကို ပြောကြားတိုက်တွန်းနိုင်သူတွေကို လမ်းဖွင့်ပေးတာကိုက ပြည်သူ့ လက်နက်ကိုင်တော်လှန်ရေးကို သူတို့ကြောက်ရွံ့စိုးရိမ်နေကြောင်း အထင်အရှား ဖော်ပြလိုက်တာပါပဲ။ နောက်တချက်ကလည်း ဒေါ်စုဟာ အရင်က ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ သွားလိုတဲ့သဘောထားရှိခဲ့ကြောင်း ပြန်လည်ဖော်ထုတ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်း စေ့စပ်ရေး ရင်ကြားစေ့လမ်းကြောင်းလိုက်ဖို့ နှပ်ကြောင်းပေးလိုက်တာပါပဲ။

ဒီသတင်းဟာသတင်းမှားဖြစ်စေ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်တဲ့သတင်းဖြစ်စေ ဒေါ်စုကိုတမင် လူတကာနဲ့အဆက်ဖြတ်ပြီး အသေပိတ်ထားတဲ့အကြားက ဒီလိုသတင်း တွေထွက်လာတာကိုက စဉ်းစားစရာဖြစ်နေတယ်။ သူ့ကိုပိတ်လှောင်ထားတဲ့လူတွေရဲ့ဆန္ဒ မပါဘဲ အပြင်ကိုပျံ့ထွက်လာတာတော့မဖြစ်နိုင်တာအသေအချာပါပဲ။ ဒေါ်စုကိုဒီလိုငြိမ်းချမ်း ရေးအတွက် လူထုဆီသွားခွင့်ပေးပါလျက်နဲ့ ဒေါ်စုကမသွားတာလို့စစ်ဗိုလ်ချုပ်တွေက အမြတ်ထုတ်စရာဖြစ်သွားနိုင်တာလည်း ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီအစိုးရဟာ ဒီကိစ္စကိုတရားဝင်မကြေညာပဲ ကောလာဟလလိုလို လွှင့်တာ ကိုက သူတို့တတွေမရိုးသားတာကိုပြနေတာပါ။ ဒီနေ့ကမ္ဘာမှာ ဗမာပြည်အရေးနဲ့ ပတ်သက် ရင် အောင်သွယ်များအကြားမှာခေတ်စားနေတဲ့ တချိန်တည်းမှာအငြင်းပွားနေကြတဲ့ ငြိမ်းချမ်းရေးစကားလုံးနဲ့ သူတို့ ပွဲ ထွက်လာတာ ဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူတို့ရဲ့ပရိယာယ်ဟာ ဗမာပြည်အရေးမှာ ငြိမ်းချမ်းရေး စကားပြောနေကြတဲ့ ကုလ အာဆီယံ အရှေ့ အနောက်နဲ့ ဒေသတွင်း နိုင်ငံများကို မေးငေါ့ပြတာ၊ မျက်စပစ်ပြတာနဲ့လည်းတူနေပါတယ်။ ဒါပေမဲ့သတင်းတခုကတော့ ဒင်းတို့ဟာ ဒေါ်စုကို ပီဒီအက်ဖ်တွေကိုတားပေးခိုင်းတာလို့ ဆိုနေပါတယ်။

နောက်ထပ် သတင်းတချို့ရဲ့အဆိုကလည်း စစ်ကောင်စီနဲ့ ဗိုလ်မအလတို့ဟာ ဒေါ်စုကိုငြိမ်းချမ်းရေး ဆိုင်းဘုတ်ထောင်ပြီး ထွက်ခိုင်းတာလို့ဆိုပါတယ်။ ဒါဟာလက်ရှိပြည်သူတွေရဲ့ တော်လှန်မှု ဒဏ်ကို သူတို့မခံနိုင်တော့ဘူးလို့ ၀န်ခံတာလေလားစဉ်းစားစရာပါပဲ။ ဒီလိုအလံဖြူ ထောင် ပြရတော့မလိုဖြစ်နေချိန်မှာ ဒီစစ်ဗိုလ်တွေဟာ ကိုယ်တိုင်မလုပ်ဘဲ ဒေါ်စုကိုအသုံးချပြီး အငှားဗိုက်နဲ့ဓားထိုးခံဖို့ လုပ်တာဟာ သူတို့ရဲ့အကျင့်ဓလေ့လို့ ပြောရမလိုဖြစ်နေပါပြီ။

စစ်အစိုးရဟာ ဒေါ်စုကိုနိုင်ငံရေးမလုပ်ဘဲ(တနည်း- ဒီချုပ်အလုပ်မလုပ်ဘဲ) အခုလို အရေးကြီးတဲ့ကိစ္စမျိုးတွေလုပ်ခိုင်းရာမှာ သူ့ကို တခြားသူယုံကြည်သူတွေ၊ အကြံပေးနိုင်သူ တွေ၊ သူ့အဖွဲ့အစည်ထဲကလူတွေနဲ့ တွေ့ဆုံတိုင်ပင်ခွင့်မပေးဘဲ သူ့ဖာသာဆုံးဖြတ်လုပ်ခိုင်း တာဟာ သူတို့ချင်းကို ရန်တိုက်ပေးသလိုများဖြစ်မလားဆိုတာလည်း စဉ်းစားစရာပါပဲ။ ဒီနေရာမှာမပြောမဖြစ်ထောက်ပြသင့်တဲ့အချက်တခုက စစ်ဗိုလ်တွေဟာ သူတို့ပြောခိုင်းတဲ့ အတိုင်း ဒေါ်စုကပြောခဲ့ရင် ဒေါ်စုကိုကိုလွှတ်မယ်ဆိုတဲ့စကားမျိုးတစ်ခွန်းမှမပြောတာပါပဲ။

စစ်ဗိုလ်ချုပ်တွေရဲ့ ချဉ်းကပ်မှု အပေါ် စစ်ဒေါ်စုဘက်က မည်သည့်သဘောထားမှ ပြန်မပေးခဲ့ကြောင်း သတင်းများက ဆိုပါတယ်။ ဒေါ်စုကို လူထုနဲ့ တိုက်ပေးတဲ့သဘော ပီဒီအက်ဖ်တွေနဲ့တိုက်ပေးတဲ့သဘော အငှားဗိုက်နဲ့ စစ်အုပ်စုကိုယ်စား ဓားထိုးခံခိုင်းတဲ့သဘော ဖြစ်တဲ့ အဲဒီလို အလုပ်တွေကို ဒေါ်စုတယောက် လုပ်မိရင် လူထုတွေ လက်နက်ကိုင်တိုက်နေသူတွေနဲ့ ထိပ်တိုက်ဖြစ်တော့မှာသေချာပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်တွေဝမ်းအသာကြီးသာကြမှာလည်းသေချာပါတယ်။ စစ်အုပ်စုဟာ ဒေါ်စုကိုဘယ်တုန်းကမှအသိအမှတ်မပြုခဲ့ဘဲ အိုင်စီဂျေမှာတုန်းက သူတို့တတွေ ကမ္ဘာ့ဗိုလ်ပုံအလယ်အရှက်ကွဲ ဒုက္ခရောက်နေတော့ ဒေါ်စုကိုရှေ့တွန်းပို့ အသုံးချခဲ့တာကိုအားလုံးသတိရကြပါလိမ့်မယ်။ အဲဒီတရားရုံးကိုတက်လိုက်တဲ့ အတွက် ဒေါ်စုတယောက် အိုင်စီဂျေမှာ ပူးတွဲတရားခံအဖြစ် ဆိုက်ရောက်သွားခဲ့ရတယ်ဆိုတာလည်း မှတ်မိကြလိမ့်မယ်ထင်ပါတယ်။

ဒီနေရာမှာ သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရက ဦးတင်ဦးကိုပြောတဲ့ ဒေါ်စုကို နိုင်ငံရေးထဲမှာမပါပါစေနဲ့၊ ငြိမ်းချမ်းရေးကိစ္စပဲလုပ်ပါစေဆိုတာဟာလည်း အတော် စဉ်းစားစရာဖြစ်ပါ တယ်။ စစ်အုပ်စုကဗိုလ်ချုပ်တွေအဆက်ဆက်ပြောခဲ့တဲ့ နိုင်ငံရေးဆိုတာ ငြိမ်းချမ်းရေးနဲ့ ဘာမှ မဆိုင်ဘူး၊ ဒေါ်စုတယောက်ငြိမ်းချမ်းရေးပဲပြော၊ နိုင်ငံရေးစကားမပြောနဲ့လို့ပြောတာဟာ လူပြိန်းပြော ပြောတာသာဖြစ်ပါတယ်။

ဗမာနိုင်ငံသားတွေရဲ့ရင်ထဲမှာ ဘယ်လိုမှမေ့မရတဲ့ ငြိမ်းချမ်းရေးခေါ်တာ ဆွေးနွေးတာတွေ ကြုံဖူးပါတယ်။ အဲဒါတွေအားလုံးဟာ စစ်အစိုးရတွေက တဖက်သားကိုလက်နက်ချ ခိုင်းတာ၊ ဖြိုခွဲတာတွေနဲ့ ချည့်အဆုံးသတ်ခဲ့တယ်၊ တစ်နာရီမှငြိမ်းချမ်းရေးမရခဲ့ဘူး ဆိုတာ ကိုလည်း တိုင်းသူပြည်သားတွေက မမေ့ပါဘူး။ လွတ်လပ်ရေးဒီဘက် ၇၅နှစ်တာသမိုင်းမှာ ပြည်တွင်းစစ် သမိုင်းက ၇၅နှစ်ဖြစ်နေကြတာကိုမေ့လို့မဖြစ်ပါဘူး။

၇၅နှစ်ကြာပြည်တွင်းစစ်ကြီးကိုဖြတ်သန်းခဲ့ရတဲ့ ဗမာ ပြည်ပြည်သူတွေလောက် ငြိမ်းချမ်းရေးအကြောင်းနားလည်တာ ဘယ်သူမှမရှိဘူးထင်ပါ တယ်။ ဖဆပလ၊ ဗိုလ်နေဝင်းတို့ကဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုငြိုငြင်တာ၊ တခြား ငြိမ်းချမ်းရေးအတွက် တောင်းဆိုလှုပ်ရှားတာတွေကို ဖိနှိပ်ဖြိုခွဲတာ၊ ဘယ်လိုမှမငြင်းသာတဲ့ အချက်တွေတပြုံတခေါင်းကြီးရှိပါတယ်။ သမိုင်းမှာနှစ်ပေါင်း၆၀ကျော်အာဏာလုယူထားတဲ့ စစ်ဗိုလ်ချုပ်တွေအဖို့ ငြိမ်းချမ်းရေးစကားပြောသူတိုင်းဟာ အကြီးဆုံးရန်သူလိုသဘောထား၊ နှိမ်နင်းခဲ့ပြီး အခုကျမှဖိနပ်ကြားကနတ်စကားထွက်သလို ဒင်းတို့ပါးစပ်က မအပ်ရာ မစပ်ရာ တွေထွက်လာတာဟာ ရယ်စရာလည်းကောင်း၊ ရွံစရာလည်းကောင်းလှပါတယ်။

ရဲဘော်ဖိုးသံချောင်း

Leave a Reply

Your email address will not be published. Required fields are marked *