ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု ဘရစ် BRICS ရဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် NDB

By | July 1, 2023

ဖွံ့ဖြိုးဆဲနိုင်ငံများအုပ်စု ဘရစ် BRICS ရဲ့ ဖွံ့ဖြိုးရေးဘဏ်သစ် NDB

မြစမ်းအေး

ဘရာဇီး ရုရှား အိန္ဒိယ တရုတ် တောင်အာဖရိက တို့ပါဝင်တဲ့ BRICS အုပ်စုဟာ ဆက်လက်တိုးချဲ့ပြီး ဒေါ်လာလွှမ်းမိုးမှုကို စိန်ခေါ်မယ့် စီးပွားရေးဗိသုကာပုံစံသစ်ကို တည်ဆောက်လာနေပြီဖြစ်တယ်။ BRICS က ဖန်တီးလိုက်တဲ့ အရေးအကြီးဆုံး အဖွဲ့အစည်းကတော့ ဖွံ့ဖြိုးရေးဘဏ်သစ် New Development Bank (NDB) ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ (ဖွံ့ဖြိုးဆဲ) အတွက် အမေရိကန်ထိန်းချုပ်တဲ့ ကမ္ဘာ့ဘဏ်အစား အပြောင်းအလဲဖြစ်စေမယ့်ဘဏ်ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ (၂၀၂၃) က NDB အကြီးအကဲသစ်အဖြစ် တောင်အမေရိက လက်ဝဲအလုပ်သမားပါတီ ဘရာဇီးသမ္မတဟောင်း Dilma Rousfess ဒလ်မာရောစ်ဖက် ကို ခန့်အပ်လိုက်တယ်။ သူမက NDB ရဲ့ ရည်မှန်းချက်ဟာ အခြေအခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့ဖို့၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့နဲ့၊ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်တယ်လို့ ပြောတယ်။

သူမက အဖွဲ့ဝင်နိုင်ငံသစ်များကိုလည်း NDB မှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တယ်။ လောလောဆယ် NDB အဖွဲ့ဝင်တွေကတော့ BRICS ငါးနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ် ယူအေအီး အီဂျစ်တို့ ဖြစ်ကြပြီး ဥရုဂွေးက အဖွဲ့ဝင်ဖြစ်ဖို့ ရှိပါတယ်။ ဇွန်လ ၁ ရက်နေ့က အာဂျင်တီးနား ဆော်ဒီအာရေဗျ ဇင်ဘာဗွေ အပါအဝင် နိုင်ငံလေးနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပါတယ်။

အဖွဲ့ဝင်သစ်စာရင်းကို ဩဂုတ်လ တောင်အာဖရိကမှာ အလှည့်ကျကျင်းပမယ့် ဘရစ် BRICS ထိပ်သီးအစည်းအဝေးမှာ တရားဝင်ကြေညာပါလိမ့်မယ်။

ဒီအတောအတွင်း အာဂျင်တီးနား စီးပွားရေးဝန်ကြီး Sergio Massa ဟာ ရှန်ဟဲ NDB ရုံးချုပ်သို့ အလည်အပတ်ရောက်နေတယ်။ BRICS ထူထောင်ရာမှာ ပါဝင်ခဲ့တယ့် ဘရာဇီးလ်သမ္မတ လူလာ Lula da Silva ဟာ ဇန္နဝါရီ ၂၀၂၃ မှာ အာဏာပြန်ရလာတယ်။ လူလာဟာ အာဂျင်တီးနား ဘရစ်အဖွဲ့ဝင်ဖြစ်ရေး အဓိကဆော်ဩသူ ဖြစ်ပါတယ်။ မေလက ဘရာဇီးမှာကျင်းပတဲ့ တောင်အမေရိက ထိပ်သီးအစည်းအဝေးမှာ လူလာက ဗင်နီဇွဲလားနိုင်ငံကိုလည်း ဘရစ်အဖွဲ့ဝင်ဖြစ်ဖို့ ထောက်ခံကြောင်း ပြောပါတယ်။

မေ ၂၀-၂၁ မှာ NDB စတည်ထောင်ချိန် ၂၀၁၅ မှစ၍ ၈ ကြမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပတယ်။ NDB ဥက္ကဌ Rousfess က ဘဏ်ရဲ့ အဆုံးစွန်ရည်မှန်းချက်က ဒေါ်လာပေါ်မှီခိုမှု လျှော့ချရေး de-dollarization ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သွားပါတယ်။ ရေတိုရည်မှန်းချက်အဖြစ် NDB ချေးငွေ ၃၀%ကို ဒေသန္တရငွေကြေးဖြင့် ချေးငှားဖို့ဖြစ်ပြီး၊ ဒါဟာလက်ရှိ ၂၂% မှ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Rousfess ဟာ NDB ရဲ့ ဒေါ်လာအားပြုမှု ကင်းလွတ်ရေး အသွင်ကူးပြောင်းမှု အစီအစဉ်ကို ဧပြီလမှ စတင်ထုတ်ဖော်ခဲ့တာဖြစ်ပြီး၊ ၂၀၂၆ မှာ ဘဏ်ချေးငွေ သုံးပုံတပုံကို အဖွဲ့ဝင်နိုင်ငံများရဲ့ ငွေကြေးဖြင့် ချေးငှားဖို့တင်ပြသွားပါတယ်။

ငွေကြေးအမျိုးမျိုးသုံးစွဲခြင်းဖြင့် ဒေါ်လာပေါ်မှီခိုမှု လျှော့ချရေးသာမက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ငွေလဲနှုန်း ဆိုးဆိုးဝါးဝါး မတည်မငြိမ်ဖြစ်မှုကိုလည်း ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေကြေး ဖြစ်တဲ့အလျောက် ဝါရှင်တန်ရဲ့ ပြည်တွင်းငွေကြေးမူဝါဒဟာ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိပါတယ် (ဒီအချင်းအရာကို Triffiun Dilemma လို့ခေါ်တယ်)။

မတ်လ ၂၀၂၂ မှစ၍ အမေရိကန်ဗဟိုဘဏ် The Federal Reserve က ဘဏ်တိုးနှုန်းကို ဆိုးဆိုးဝါးဝါး မြှင့်တင်လိုက်တယ်။ ဒါဟာ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများရဲ့ ငွေကြေးတန်ဖိုးကျဆင်းဖို့ ဖိအားသက်ရောက်ပါတယ်။ နိုင်ငံခြားမှ ကုန်စည်တင်သွင်းရာမှာ ဒေါ်လာနဲ့ ပေးချေရမှာ ဖြစ်လို့ ပိုမိုကုန်ကျစေပါတယ်။ အရင်းအနှီးတွေ စွန့်ခွာသွားဖို့ မီးထိုးပေးပါတယ်။

မတူကွဲပြားတဲ့ ငွေကြေးအမျိုးမျိုး သုံးစွဲတဲ့ ကမ္ဘာ့ငွေကြေးစနစ်တရပ် ထူထောင်ရန် NDB နှစ်ပတ်လည်အစည်းအဝေးမှာ ဥက္ကဌ Rousfess ကပြောပါတယ်။ အနာဂတ် ကမ္ဘာ့ငွေကြေးစနစ်မှာ ငွေကြေးတမျိူးတည်းက လွမ်းမိုးထားတာ မဖြစ်သင့်ပါဘူး။ ဒေသဆိုင်ရာ ငွေကြေးမျာကို ကုန်သွယ်ရာမှာ ပိုမိုအသုံးပြုတာကို မြင်တွေ့ရပါလိမ့်မယ်လို့ ဆက်ပြောပါတယ်။

လောလောဆယ် တရုတ်ငွေကြေး ရင်မင်ပီး(ယွမ်)ဖြင့် တန်ဖိုးသတ်မှတ်တဲ့ ငွေစုစာချုပ်(ဘွန်း)များ ထုတ်ဝေရောင်းချ ထားပါတယ်။

ကမ္ဘာ့ဘဏ် World Bank နဲ့မတူဘဲ NDB ဘဏ်ဟာ တကယ့်နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး တစုံတဦးက အာဏာလွှမ်းမိုးထားတာ မရှိပါဘူး။ ၂၀၁၄ တည်ထောင်စမှာပဲ NBC ဘဏ်သို့် ကနဦးထည့်ဝင်တဲ့ အရင်းငွေကို အဖွဲ့ဝင်နိုင်ငံများသို့ အညီအမျှ ခွဲဝေပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဖွဲ့ဝင်နိုင်ငံများရဲ့ မဲအင်အားဟာ ထည့်ဝင်တဲ့ အရင်းငွေပမာဏပေါ် မူတည်တယ်။ မည်သည့်နိုင်ငံကမှ ဗီတိုအာဏာ ပိုင်စိုးခွင့်မရှိ။ ဘဏ်ဥက္ကဋ္ဌကို အဖွဲ့ဝင်နိုင်ငံများမှ အလှည့်ကျ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပြီး ကျန်အဖွဲ့ဝင်များက အနည်းဆုံး ဒုဥက္ကဋ္ဌတဦး တင်မြှောက်ရမှာဖြစ်တယ်။

ကမ္ဘာ့ဘဏ်ကိုတော့ အမေရိကန်ပြည်ထောင်စုက အနှစ်သာရအရ ထိန်းချုပ်ထားပြီး ရုံးချုပ်ကို ဝါရှင်တန်ဒီစီမှာ ဖွင့်ထားပါတယ်။ ကမ္ဘာ့ဘဏ်ဝက်ဆိုက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာက – အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်ရဲ့ အကြီးဆုံးရှယ်ယာပိုင်ရှင်ဖြစ်ကာ တဦးတည်းသော ဗီတိုအာဏာပိုင်ရှင်အဖြစ် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ အရေးပါပြီး ဩဇာသက်ရောက်မှုရှိတဲ့ နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အစဉ်အလာအားဖြင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကို အမေရိကန်နိုင်ငံက အမည်စာရင်းတင်သွင်းတဲ့ အမေရိကန်နိုင်ငံသားတဦးကိုသာ အစဉ်အမြဲ တင်မြှောက်ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ငွေချေးဘဏ်ဖြစ်တဲ့ The International Bank of Reconstruction and Development (IBRD) မှာ မဲပေးနိုင်တဲ့အင်အား ၁၅.၈၁% ရှိပြီး မည်သည့်နိုင်ငံကမျှ ယှဉ်လို့မရပါဘူး။ ဂျပန် ၇.၂၂% ဖြင့်ဒုတိယ၊ အမေရိကန်ထက် လူဦးရေလေးဆများတဲ့ တရုတ် ၅.၆၀%၊ ဂျာမနီ ၄.၃၀%၊ ဗြိတိန် ၃.၈၁% ဖြစ်တယ်။ လူဦးရေ ၁.၄ ဘီလီယံကျော်တဲ့ အိန္ဒိယက လူဦးရေ ၆၆သန်းတောင်မရှိတဲ့ ပြင်သစ်နဲ့တန်းတူ ၃.၈၁% စီ ရှိကြပါတယ်။ ရုရှား ၂.၈၈%၊ ကနေဒါ ၂.၅၆% နဲ့ အီတလီ ၂.၅၀% ဖြစ်တယ်။

ကမ္ဘာ့ဘဏ်ဟာ အနောက်အုပ်စု လွှမ်းမိုးထားတဲ့ နီယိုလစ်ဘရယ် အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ဘဏ်မဟုတ်ဘဲ ဝါရှင်တန်ဘဏ် ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက စိုးမိုးထားတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့မောင်နှမအဖွဲ့အစည်းအဖြစ် ဘရစ်တန်ဝုဒ်အစည်းအဝေးက မွေးထုတ်ပေးလိုက်တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့တောင်ခြမ်း (ဖွံ့ဖြိုးဆဲ) နိုင်ငံများအား စက်ဆုတ်ဖွယ် ကြွေးထောင်ခြောက်အတွင်း ကျရောက်စေတဲ့ နာမည်ဆိုးရှိပါတယ်။

မြီစားနိုင်ငံများ ကြွေးမဆပ်နိုင်တော့တဲ့အခါ အမေရိကန်ထိန်းချုပ်ထားတဲ့ ကမ္ဘာ့ဘဏ် – IMF တို့မှ ‘အဆောက်အအုံထိန်းညှိရေးအစီအစဉ်” ဆိုတဲ့ နီယိုလစ်ဘရယ် စီးပွားရေးပေါ်လစီဆိုတာနဲ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါတယ်။ သက်ဆိုင်ရာအစိုးရကို လူမှုဖူလုံရေးအသုံးစရိတ်တွေဖြတ်၊ လုပ်ခလျှော့၊ ပင်စင်ငွေဖြတ်တောက်၊ ကျန်းမာရေး ပညာရေး အသုံးစရိတ်လျှော့၊ အမတော်ကြေးတွေရပ်၊ နိုင်ငံပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကပိုင်ပြု၊ ဈေးကွက်ဖြေလျော့ စတာတွေ တောင်းဆိုပါလိမ့်မယ်။

ရည်ညွှန်း/ Ben Norten ရဲ့ Geopolitical Economy Report မှာ မူလဖော်ပြတဲ့ BRICS New Developement Bank de-dollarizing, adding Argentina, Saudi Arabia, Zimbawe as manbars

မြစမ်းအေး (၁၈ ဇွန် ၂၀၂၃)

Leave a Reply

Your email address will not be published. Required fields are marked *