ရဲဘော်ထွန်း (သို့ မဟုတ်) ဗမာပြည် ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ

By | February 19, 2023

ရဲဘော်ထွန်း (သို့ မဟုတ်) ဗမာပြည် ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ

—————————————————————–

( ရဲဘော်ထွန်း ရာပြည့် – သို့ အထိမ်းအမှတ်ပြု ချက် )

ဝင်းတင့်ထွန်း

( ၁ )

ဒီ ၂၀၂၃ ခုနှစ်ဟာ ‘ ရဲဘော်ထွန်း ရာပြည့်နှစ် ’ ။

ဗိုလ်ကြင်မောင် (ခေါ်) ရဲဘော်ထွန်း ကို ၁၉၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်တဲ့အတွက် ဒီ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက်နေ့ မှာဆိုရင်- ရဲဘော်ထွန်း နှစ်(၁၀၀)တင်းတင်းပြည့်ပြီလေ-။

ဒီတော့ – ဒီနှစ်ဟာ ရဲဘော်ထွန်း ရာပြည့်နှစ်- ရဲဘော်ထွန်းရာပြည့်သမယ။

၂၀၁၇ ခုနှစ်ထဲတုန်းက သခင်ဗဟိန်းရာပြည့် ။

၂၀၁၉ ခုနှစ်ထဲမှာက လေထီးဗိုလ်အုန်းမောင် နဲ့ ဗိုလ်ချုပ်ကျော်ဇောတို့ ရာပြည့် ။

၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ဗန်းမော်တင်အောင် နဲ့ ဗိုလ်မှူးချစ်ကောင်းရာပြည့် ။

၂၀၂၁ ခုနှစ်ထဲမှာက သခင်မြသန်း ရာပြည့် ဖြစ်ခဲ့ပြီး –

အခု ၂၀၂၃ ခုနှစ်ထဲမှာက ရဲဘော်ထွန်းရာပြည့် …

လတ်တလောနှစ်တွေအတွင်း ကမ္ပည်းမည်းတင်ထားရမယ့်ပု၈္ဂိုလ်ကြီးတွေရဲ့ ရာပြည့်တွေဟာ ဆက် တိုက်လိုလိုဆက်နေပါတယ်။ အကြမ်းဖျင်းအားဖြင့် ခြုံငုံပြီးဆိုရရင်- နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျှာက်မှာ ရှေ့တန်းအခန်းက ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့၊ တကယ့်တော်လှန်ရေးသမား-ပထမမျိုးဆက်ရဲဘော်ကြီးတွေဟာ သက်ရှိ ထင်ရှား မရှိရှာကြတော့ဘဲ၊ အားလုံးနီးပါးကွယ်လွန်ဆုံးပါးသွားကြပြီဖြစ်ပါတယ်။ တချို့ ဆိုရင်- ရာပြည့်ကာလတွေတောင် ကျော်လွန်သွားကြတာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး၊ တချို့ ကတော့- အခုမှ ရာပြည့်သမယ တိုင်ခဲ့ကြပြီ-လို့ ဆိုရမှာပါ။

ကျွန်တော့်တဦးချင်းအမြင်မှာတော့ ရဲဘော်ထွန်းဟာ ပထမတော်လှန်ရေးမျိုးဆက်ရဲ့ နောက်ဆုံး ရဲဘော်ကြီးတဦးဖြစ်ပြီး၊ စံထားစရာ လေးစားစရာတွေတပုံတပင်နဲ့ သမိုင်းမှာမှတ်တမ်းတင်ထားရ မယ့် တကယ့်တော်လှန်ရေးသမားခေါင်းဆောင်စစ်စစ်တဦးဖြစ်ပါတယ်။ အနီးခေတ် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ အလေးထားအပ် လေးစားအပ်တဲ့ သမိုင်းဝင်ခေါင်းဆောင်တွေ ထဲမှာ ကျွန်တော့်နှလုံးသားနဲ့ အဟပ်မိဆုံး၊ ကျွန်တော့်ရင်ထဲ အကြည်ညိုမိဆုံးပု၈္ဂိုလ်တဦး-လို့ ဆိုရမှာကလဲ ရဲဘော်ထွန်း-လို့ ပဲ ဆိုလိုက်ချင်ပါတယ်။

ဒါကြောင့် – အခုလို ရဲဘော်ထွန်းရာပြည့်သမယမှာ ရဲဘော်ထွန်းကို မှတ်မှတ်ရရနဲ့ အထိမ်းအမှတ်ပြုလိုစိတ်၊ အောက်မေ့သတိရစိတ်တွေဟာလဲ ကျွန်တော့်ရင်ထဲဆီ တလိပ်လိပ်နဲ့ တရိပ်ရိပ်ရိုက်ခတ်လာခဲ့ပါတယ်။

ရဲဘော်ထွန်းသက်ရှိထင်ရှားရှိစဉ်တုန်းကတည်းက ရဲဘော်ထွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်မှတ် မှတ်ရရကဗျာတပုဒ် ဖွဲ့သီမိခဲ့ဖူးသလို၊ ရဲဘော်ထွန်းကွယ်လွန်တော့လဲ လွမ်းလွမ်းမြမြ လေးလေး နက်နက်နဲ့ပဲ ကဗျာရှည်တပုဒ် ကျွန်တော်ဖွဲ့သီခဲ့ဖူးပါတယ်။ သက်ရှိထင်ရှားရှိစဉ်ကရော- ကွယ်လွန် စဉ်တုန်းကပါ ကဗျာ နဲ့ ပဲ ဖွဲ့သီခဲ့ဖူးပြီးဖြစ်တာကြောင့်၊ ဒီတခါ ရာပြည့်မှာတော့ စကားပြေနဲ့ ပဲ တို့ ထိဖေါ်ပြသွားလိုစိတ်တွေ တရိပ်ရိပ်နဲ့ ဝင်လာမိပါတယ်။ ‘ရဲဘော်ထွန်းရုပ်ပုံလွှာ’ ကို ကျွန်တော် တတ်နိုင်သလောက်လေး ကောက်ကြောင်းတို့ကြည့်ဖို့ အတွေးဝင်လာမိပါတယ်။ကျွန်တော့်ရဲ့ တဦးချင်းခံစားချက်အပေါ်ကနေ ကျွန်တော့်ရင်ထဲ စူးဝင်ထင်ဟပ်နေတဲ့အတိုင်း- ကောက်ကြောင်း ကောက်ကြည့်လိုက်မိတဲ့ ရဲဘော်ထွန်းရဲ့ ရုပ်ပုံလွှာဟာ ဘယ်လိုမှပြည့်ပြည့်၀၀နဲ့ ပီသပေါ်လွင် မှာတော့မဟုတ်ပါ။ ကျွန်တော်က ကျွန်တော်မြင်မိသိမိခံစားမိသလောက်ပဲ ကောက်ကြောင်းကောက်

ကြည့်နိုင်တဲ့အနေအထားကြောင့်ဖြစ်ပါတယ်။ ကျွန်တော် မမြင်နိုင်တာတွေ မသိနိုင်တာတွေက တပုံတပင်မဟုတ်လား။ ဘာပဲဖြစ်ဖြစ်-အခုလို ရဲဘော်ထွန်းရာပြည့်သမယမှာ ကျွန်တော်တတ်နိုင် သလောက် အထိမ်းအမှတ်ပြုလိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

( ၂ )

ရဲဘော်ထွန်းကို ကျွန်တော်က ‘အဘ’ လို့ ပဲ ခေါ်ခဲ့ပါတယ်။

ရဲဘော်ထွန်းနဲ့ လူချင်းစတင်ဆုံစည်းရစဉ်ကတည်းက ကျွန်တော့်နှုတ်ဖျားကနေ ရုတ်တရက်

‘အဘ’ လို့ ပဲ ခေါ်ဝေါ်သုံးစွဲလိုက်မိတာဟာ တလျောက်လုံး ‘အဘ’ လို့ပဲ အသားကျ အကျင့်ပါသွားခဲ့ပါတယ်။ တခြားတခြားသောပုဂ္ဂိုလ်များအနေနဲ့ ဘယ်တုန်းက ဘယ်လို ခေါ်ဝေါ် သုံးစွဲခဲ့ကြသလဲဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့- ကျွန်တော့်စိတ်ထဲ ပေါ်လာတဲ့ စိတ်အလျဉ်အတိုင်း၊ စတင်တွေ့ ဆုံရစဉ်ကတည်းကအဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲမိလိုက် တာဖြစ်ပါတယ်။ ကျွန်တော်တို့ အညာဒေသဘက်မှာက ‘ဖခင်’ ကို ‘အဘ’ လို့ ခေါ်ကြတာ တွေရှိသလို၊ မိခင်ဖခင်တွေရဲ့ ဖခင်ဖြစ်တဲ့ အဖိုးကိုလဲ ‘အဘ’ လို့ ပဲ ခေါ်ဝေါ်ကြတာတွေလဲ ရှိပါ

တယ်။ ကျွန်တော်ဆိုရင်- ကျွန်တော့်အဖေရဲ့ ဖခင်ဖြစ်သူ- ‘ဦးဖိုးချစ်’ ကိုလဲ ‘အဘ’ လို့ ပဲ ခေါ်ဝေါ်ခဲ့ရသလို၊ အမေရဲ့ ဖခင်ဖြစ်တဲ့ ‘ဦးစံဖေ’ ကိုလဲ ‘အဘ’ လို့ ပဲခေါ်ဝေါ်ခဲ့ဖြစ်ကာ၊ သက်ကြီးဝါကြီးလေးစားအပ်သူ အဖေအရွယ်-အဖိုးအရွယ်တွေတော်တော်များများကိုလဲ ဂါရ၀တရား နဲ့ ‘အဘ’ လို့ ပဲ ခေါ်ဝေါ်သုံးစွဲဖြစ်တာ ရှိခဲ့ပါတယ်။ကျွန်တော်ဟာ အဲသလိုပတ်ဝန်းကျင်ကြားကနေ ကြီးပြင်းလာရသူမျိုးဖြစ်ရာ၊ ရဲဘော်ထွန်းနဲ့ စတင်တွေ့ရ တွေ့ရချင်းမှာလဲ ကျွန်တော်က ကျွန်တော့်နှုတ်ဖျားက အလိုအလျောက်နေရင်း ‘အဘ’ လို့ ပဲ ခေါ်ဝေါ် သုံးစွဲဖြစ် လိုက်တာ ဖြစ်ပါတယ်။ ကြိုတင်စဉ်းစားထားမိခြင်းမရှိဘဲ၊ ဂါရ၀တရားအပြည့်နဲ့ စတင်ခေါ် ဝေါ်သုံးစွဲ မိတာဖြစ်ပါတယ်။

အဲဒီနေ့ က – ရဲဘော်ထွန်းနဲ့ စတင်တွေ့ ဆုံရတဲ့နေ့ က ဖြစ်စဉ်ဖြစ်ရပ်တွေဟာလဲ ကျွန်တော့်ဘ၀ မှာ မကြာခဏဆိုသလို အမှတ်ရစရာ အောက်မေ့စရာတွေဖြစ်နေရရင်း၊ အခုတော့ တကယ့်ကို လွမ်းမောစရာတွေလဲ ဖြစ်နေရပါတယ်။

ရဲဘော်ထွန်းနဲ့ ပထမဆုံး စတင်တွေ့ ဆုံရချိန်ဟာ ဂန္ဓာလရာဇ်ဘက်ခြမ်း ရွှေလီကမ်းဆီ ကျွန်တော်စတင်ရောက်ရှိ ခြေချမိပြီးပြီးချင်း တပတ်အတွင်းမှာပဲ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်ထဲဝင်စ ဇန်နဝါရီလထဲမှာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလဖွားဖြစ်တဲ့ ကျွန်တော်ဟာ ကျွန်တော့်မွေးနေ့ အကျော် မှာပဲ ရွှေလီကမ်းဆီ ရောက်ရှိလာခဲ့ရပြီး၊ ရက်ပိုင်းအတွင်းမှာပဲ ရဲဘော်ထွန်းနဲ့ ဆုံစည်းနိုင်ခွင့် ရခဲ့တာဖြစ်တဲ့အတွက်၊ ကျွန်တော့်အတွက်တော့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်မမေ့နိုင်စရာ-လို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီနေ့ က …

ရဲဘော်ထွန်းရဲ့ အစီအစဉ်အရ၊ ရဲဘော်ထွန်းနဲ့ တွေ့ ကြဖို့ ကျွန်တော့်ကို တကူးတက လာရောက်ခေါ်ယူသူဟာ ကျွန်တော့်ထက် အသက်အနည်းငယ်ပဲငယ်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက တကယ်ကိုသွက်သွက်လက်လက်နဲ့ လူငယ်လေးတဦးလိုဖြစ်နေပြီး၊ ကျွန်တော်ကတော့ အညာသား တောသားတယောက် အခုမှ မြို့တက်လာသလိုပုံမျိုး ပေါက်နေပါလိမ့်မယ်။ သူက ဂန္ဓာလရာဇ်ဘက်ခြမ်းမှာ အနေကြာပြီမို့ ဘောင်းဘီရှည်နဲ့ ရူးဖိနပ်နဲ့ အနွေးထည်သပ်သပ်ယပ်ယပ်နဲ့ တကယ့်ကိုစမတ်ကျကျအသွင်ပေါ်လွင်နေသလောက် ကျွန်တော်ကတော့ ဘောင်းဘီတောင် မ၀ယ် ရသေးတဲ့အတွက် အညာဆိပ်ခွန်လုံချည်တပတ်နွမ်းနဲ့ ရာဘာခြေညှပ်ဖိနပ်နဲ့ ဖြစ်နေပြီး၊ ဒါလောက် အေးစက်နေတဲ့ ဇန်နဝါရီဆောင်းတွင်းကြီးထဲမှာ အထာမကျလှတဲ့ပုံ ပေါက်နေပါလိမ့်မယ်။အဲသ

လို အောက်ပိုင်းကသာ ခြေညှပ်ဖိနပ်နဲ့ ပုဆိုးနဲ့ဖြစ်နေပေမယ့် အပေါ်ပိုင်းကတော့ ဂျင်းဂျာကင်ထူထူလေးကိုဝတ်ထားပါတယ်။ မန္တလေးမှာ ကျွန်တော့်ချစ်ဆွေကြီးကိုကျော်မြ ချွတ် ပေးထားတဲ့ ဂျင်းဂျာကင်နက်ပြာရောင်လေးဟာ ဒီဘက်ခြမ်း ဒီလိုရာသီမျိုးမှာတော့ တကယ်ကို ကွက်တိအံကိုက်ဖြစ်နေပါတယ်။

လမ်းမကြီးအတိုင်း ခပ်မတ်မတ်လေးတက်သွားရတဲ့ တောင်ပူစာကုန်းရပ်ကွက်လေးတခု အကျော်မှာတော့အ၀င်ညာဘက်ခြမ်းတလျှာက်မှာ လူနေအိမ်လေးတွေ အစီအရီ ရှိနေပါတယ်။ ဆိတ်ငြိမ်ရပ်ကွက်လေးလိုဖြစ်နေတဲ့ ဒီရပ်ကွက်ထဲက နှစ်ထပ်အိမ်လေးတခုရဲ့ အပေါ်ထပ်က အခန်းလေးတခန်းထဲမှာတော့ ရဲဘော်ထွန်းဟာအသင့်ကြိုတင် ရောက်ရှိနေပုံရပါတယ်။ ကျွန်တော့်ကို ဦးဆောင်ခေါ်ငင်လာသူက အဲဒီအခန်းလေးထဲဆီ ၀င်လိုက်ချိန်မှာ ကုလားထိုင်တလုံး ပေါ်မှာထိုင်နေရင်းက ကျွန်တော်တို့ ဝင်အလာကို အပြုံးလဲ့လဲ့နဲ့ လှမ်းကြည့်နေတဲ့ အသက် အရွယ်ရင့်ရင့် ဣနြေ္ဒရရ ‘အဘအရွယ်’ လူကြီးတဦးရဲ့ မျက်နှာကို ဘွားကနဲ တွေ့ လိုက်ရပါတယ်။

ဒါ..ဒါ.. ရဲဘော်ထွန်းပါပဲ။

ရှားစေးညိုရောင် ဘောင်းဘီရှည်နဲ့ ရှားစေးညိုရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ထားပေမယ့်၊ အဲဒီကြားကနေ- အညာသားပီသတဲ့ ဗမာပီသတဲ့ မျက်နှာပေါက် မျက်နှာကျဟာ အတိုင်းသား ပေါ်လွင်နေသလို၊ ခေါင်းပေါ်က ဆံပင်ခပ်တိုတိုတွေကလဲ ငွေရောင်နဲ့ မီးခိုးရင့်ရောင်အပြည့် ဖြစ်နေပါတယ်။ ဒါ.. ဒါ..ရဲဘော်ထွန်းပါပဲ။

ကျွန်တော့်မျက်နှာဆီ တည့်တည့်ကြည့်နေရာမှ အပြုံးတချက်ကို ထပ်မံသိသိသာပြုံးလိုက်ရင်း၊ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ၊ လက်တဖက်ကို နွေးနွေးထွေးထွေးကမ်းပေးလာပါတယ်။ “ ကျွန်တော် ရဲဘော်ထွန်းပါ..” တဲ့။ ကျွန်တော်ကလဲ ကမ်းပေးလာတဲ့လက်တဖက်ကို အားပါး တရပြန်ဆုပ်ထားမိရင်း၊ နှလုံးခုန်သံတွေပါမြန်လာမိပါတယ်။ ရဲဘော်ထွန်းရဲ့ အရပ်အမောင်းက တော်တော်ကြီးကို ထောင်ထောင်မောင်းမောင်းရှိလှရာ၊ကျွန်တော့်ထက် ခေါင်းတလုံးမက သိသိသာ သာ မြင့်မားနေတယ်လို့ လဲ ခံစားလိုက်ရပါတယ်။ အသက်(၇၀)နီးပါးအတွင်း ရောက်နေတာတောင် ခန္ဒာကိုယ်နဲ့ မျက်နှာသွင်ပြင်ကလဲ သန်သန်မာမာနဲ့ တောင်းတောင့်တင်းတင်းရှိနေဆဲ-လို့လဲ ဖျတ်ခနဲ ကောက်ချက်ဆွဲလိုက်မိပါတယ်။

“ ကိုင်း- ဗကပ ယူဂျီခေါင်းဆောင်နဲ့ ပြည်သူ့ တိုးတက်ရေးယူဂျီခေါင်းဆောင်တို့ – ဒီမှာ ပြန်တွေ့ ကြရပြီ.. လို့ ပဲ သဘောထားလိုက်ပေါ့နော်..” လို့လဲ အပြုံးစစနဲ့ပဲ ထပ်မံပြောဆိုလာလေရာ၊ ကျွန်တော့်ရင်ထဲလှိုက်ကနဲဖြစ်သွားခဲ့ရပြီး-

“ ဟာ.. အဲသလိုတော့မဟုတ်ပါဘူး အဘရယ်..အဲသလိုတော့ ဘယ်ဖြစ်မလဲ။ ကျွန်တော့်အနေအ ထားကို အဘလဲ သိပီသားပဲဗျာ..” လို့ ပျာပျာသလဲနဲ့ ပြန်လည် ပြောဆိုလိုက်ရပါတယ်။

ရဲဘော်ထွန်းနဲ့ တွေ့ ရင်- ဘယ်လိုခေါ်ဝေါ်မယ်ဆိုတာကိုလဲ ကြိုတင်စဉ်းစားထားမိခြင်းမရှိဘဲ၊ ကျွန်တော့်နှုတ်ဖျားကနေ ကျွန်တော့်ရင်ထဲ စီးဝင်လာတဲ့အတိုင်း အဲသလို ‘ အဘ ’ လို့ ပဲ သုံးစွဲလိုက်မိခြင်း ဖြစ်ပါတယ်။ ရဲဘော်ထွန်းက ပြုံးပါတယ်။ ရဲဘော်ထွန်းနဲ့ အဲသလို လူချင်း စတင်တွေ့ တဲ့နေ့ ကစပြီး၊ ‘အဘ’ လို့ ပဲကျွန်တော်ကတော့ သုံးစွဲခေါ်ဝေါ်လိုက်မိရာ၊ တလျှောက်လုံးတလျှောက်လုံးကိုပဲ ရာသက်ပန်သဘောဖြစ်သွားခဲ့ရပါတော့တယ်။

အဲဒီနေ့ က …

ရဲဘော်ထွန်းနဲ့ ကျွန်တော့်အကြား နောက်ထပ်နောက်ထပ် စကားတွေအများကြီး ပြောဖြစ်ခဲ့ ကြပါတယ်။

ပထမတော့- ရဲဘော်ထွန်း ရော ကျွန်တော်ရော ကျွန်တော့်ကို ခေါ်ဆောင်လာသူပါ သုံးဦးသား ဝိုင်းဖွဲ့ ပြီးစကားပြောဆိုသလို ပြောဆိုဖြစ်ခဲ့ရာမှ၊ နောက်ပိုင်းမှာတော့- လျှို့ဝှက်ထားရမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေပါရှိနေတဲ့အတွက် ကျွန်တော့်ကို လိုက်ပါပို့ဆောင်သူကို အပြင်အထွက်ခိုင်း ပြီးမှ နှစ်ဦးချင်း သီးသန့် ပြောဆိုဖြစ်ခဲ့ရ မေးမြန်းအတည်ပြုခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။ ကျွန်တော်ထောင်က မထွက်ခင်ကတည်းက ‘အဘ’က ကျွန်တော်နဲ့ ပတ်သက်ပြီး လူကြုံနဲ့ လှမ်းပြီး မေးလိုက်ပြောလိုက်တဲ့ကိစ္စကို ကျွန်တော် သိပြီးဖြစ်ကြောင်း၊ အဲဒီရဲဘော်ဟာ ကျွန်တော်ထောင်ထဲကမထွက်ခင်ကတည်းက သူက အရှေ့ မြောက်ကိုအရောက်သွားပြီး၊ရဲဘော်

ထွန်းနဲ့ တွေ့ဆုံဖြစ်ခဲ့ရာမှာ-ရဲဘော်ထွန်းက သူ့ အပြန်မှာ ကျွန်တော်နဲ့ ပတ်သက်ပြီး လူကြုံစကား အဖြစ်နဲ့ ပြောလိုက်တာကို ကျွန်တော် ထောင်ကထွက်ထွက်ချင်းမှာပဲ သိပြီးဖြစ်ကြောင်း၊ မန္တလေးမှာ ကျွန်တော်နောက်ဆုံး၀ရမ်းပြေးနေစဉ်ကလဲ ကိုကျော်မြနဲ့ ကျွန်တော်ဟာ မကြာခဏအတူဆုံဖြစ်- ရံဖန်ရံခါ အတူနေဖြစ်ခဲ့ကြပြီး၊ တချို့ ကိစ္စတွေကို ကျွန်တော်သိပြီးဖြစ်ကြောင်း- ဖြေဖြန့် ပြောဆိုဖြစ်ခဲ့ပါတယ်။ မလွှဲမရှောင်သာ ပီသုံးလုံးကို ပြန်ဖွဲ့ ကြတော့- ဦးခင်မောင်မြင့်ကိုယ်တိုင်ကပါ ‘အခု ပီသုံးလုံးဖွဲ့ တာဟာ စီပီဘီရဲ့ ယူဂျီပါတီအဖြစ် ဖွဲ့ တာမဟုတ်၊ လွတ်လွတ်လပ်လပ် ရပ်တည်မှာဖြစ်ပြီး၊တူတာတွေရှိနိုင်သလို မတူတာတွေလဲ ရှိနိုင်တယ်။ ရှင်းရှင်းလင်းလင်းရှိကြဖို့ -’ ပြောဆိုထားပြီးဖြစ်တော့- တခြားသူတွေတော့ မသိ၊ ကျွန်တော်ကတော့ အဲဒီကတိက၀တ်အတိုင်း

ထိန်းသိမ်းလိုက်နာခဲ့ပါတယ်-မလိမ့်တပတ်လုပ်တာမရှိ၊ ရိုးရိုးသားသားပဲ ရပ်တည်ခဲ့ပါတယ်။ အခုလက်ရှိအနေအထားအရဆိုရင်- ပီသုံးလုံးဗဟိုကော်မတီတခုလုံးက ( ဖမ်းမမိတဲ့ ကျွန်တော်နဲ့ ကိုမြအောင်-နှစ်ယောက်ကလွဲလို့ )အကုန်ထောင်ထဲမှာဆိုတော့- ပီသုံးလုံးရဲ့ လက်ရှိတာဝန် အရှိဆုံးက ကျွန်တော်ပဲ ဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ်- ဒီကိစ္စတွေ ရှင်းလင်းပြီးတဲ့နောက်မှ ကြိုက်သလို ရပ်တည်လို့ ရမယ်။ အခုကတော့- ကတိအတိုင်းပဲ ပီသုံးလုံးတာဝန်ရှိသူတဦးအနေနဲ့ပဲ ဆက်လက် ရပ်တည်ရမယ့်အနေအထားဖြစ်တယ်-ဆိုတာတွေကိုပါ ဖြေဖြန့်ပြီး ပြောဆိုခဲ့ရပါတယ်။ အခြေအနေ မှန်ကို သိပြီးဖြစ်တဲ့အဘက ကျွန်တော့်အခြေအနေကို သဘောပေါက်ပြီးဖြစ်ပါတယ်။ အခြေအနေ တွေက လူချင်းတွေ့ ဆုံကြဖို့ ဆိုတာ လွယ်မှာမဟုတ်တဲ့အတွက် ဆုံဖြစ် ဆုံခွင့်ရတုန်းလေးအတွင်းမှာ ပြောချင်ရာရာ သိလိုရာရာတွေကို အချိန်ပေးပြီး ထောင့်စုံအောင် ပြည့်စုံအောင် ပြောဖြစ်ဆို ဖြစ် ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ် စိတ်ရှည်လက်ရှည် ရှင်းပြပြီးတဲ့နောက် မှာတော့ရဲဘော်ထွန်းက “ ဆေးလိပ် ခဏသောက်ဦးမယ်နော်..” လို့ ဆိုကာ အနားက စီးကရက် ဘူးလေးထဲက စီးကရက်တလိပ်ကို ဆွဲထုတ်ကာ မီးညှိပါတယ်။ ကျွန်တော့်ကိုလဲ ဆေးလိပ် သောက်ချင်သောက်ဖို့ ကမ်းပါတယ်။

အဲဒီနေ့က ရဲဘော်ထွန်းသောက်တဲ့ဆေးလိပ်ဘူးလေးဟာ ‘ ချွန်းချိန်’ လို့ ခေါ်တဲ့ တရုတ် စီးကရက်ဘူးအစိမ်းလေးဖြစ်ပါတယ်။ ဒီဘက်ခြမ်းမှာ သာမန်လက်လုပ်လက်စား ဆင်းရဲသားအများစု သောက်ကြလေ့ရှိတဲ့ စီးကရက်ဘူးအမျိုးအစားဖြစ်ပြီး၊ အစီခံပါတဲ့ ‘ချွန်းချိန်’ က အဖြူ ရောင်ဘူးဖြစ်ကာ၊ အစီခံမပါတဲ့ ဈေးအပေါဆုံး ‘ချွန်းချိန်’ က အစိမ်းရောင် စက္ကူပျော့ ဘူးလေးဖြစ်ပါတယ်။ ဒီလို အစီခံမပါတဲ့ စီးကရက်မျိုးကို ဒီဘက်တကျောမှာက လက်လုပ် လက်စား သာမန်ဆင်းရဲသားတွေဟာ ‘ထော်ပါ’ လို့ ခေါ်တဲ့ ပြောင်းနဲ့ ပဲ သောက်ကြလေ့ရှိပါတယ်။

ရဲဘော်ထွန်းကတော့ ဒီလိုအစီခံမပါတဲ့ စီးကရက်လေးကို ‘ပြောင်း’ နဲ့ မဟုတ်ဘဲ၊ ဒီအတိုင်းပဲ သောက်နေတာဖြစ်ပါတယ်။ ရဲဘော်ထွန်း အားရပါးရဆေးလိပ်ဖွာနေတာကို ငေးကြည့်မိရင်း၊ ရဲဘော် ထွန်းကတော့တော်တော်ကို ဆေးလိပ်ကြိုက်တာပဲ-လို့ လဲ မှတ်မှတ်ရရ သတိမူလိုက်မိပါတယ်။

အဲဒီနေ့က – နောက်ဆုံးပိုင်းမှာ နှစ်ယောက်ချင်းပဲ စကားပြောဖြစ်ကြရာမှာ- ရဲဘော်ထွန်းက ပါတီရဲ့ နောက်ဆုံးအခြေအနေကို မိတ်ဆက်ပြရာမှာ- “ ပါတီရဲ့ လက်ရှိအခြေအနေကတော့ သေကောင်ပေါင်းလဲ ပဲ။တကယ်ကို သေကောင်ပေါင်လဲပဲ-” လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သလို၊ “ ဒီလိုသေကောင်ပေါင်းလဲ အခြေအနေကနေ နာလန်ထူလာအောင်တော့ ကြိုးစားရမှာပဲ။ အခုကတော့ တပါတီလုံး UG ပါတီအဖြစ် မြေအောက်ဆင်းနေရပြီ-” လို့လဲ ဆိုခဲ့ပါတယ်။ ‘ ၈၉အဖြစ်အပျက် နဲ့ ပါတီရဲ့ လက်ရှိအခြေအနေတွေ’ ကို အဲသလို ရှင်းပြပြောဆို နေချိန်မှာ ‘အဘ’ (ရဲဘော်ထွန်း) ရဲ့ မျက်နှာဟာ တကယ့်ကို ပြိုတော့မယ့်မိုးပမာ ခံစားမှုအပြည့် လေးနက်မှုအပြည့်နဲ့ ဖြစ်နေပြီး၊ လေသံဟာလဲ တကယ့်ကို လေးတွဲ့ ဆိုင်းပျသွားသယောင် ခံစားလိုက်ရပါတယ်။

အဲဒီနေ့ က – ရဲဘော်ထွန်းနဲ့ ကျွန်တော့်အကြားမှာ ပြောစရာစကားတွေကို တော်တော်ကို စုံအောင်ပြောဆိုဖြစ်ခဲ့သလို၊ ကျွန်တော့်ဘက်က တင်ပြချင်တာမှန်သမျှ၊ ပြောချင်တာမှန်သမျှကိုလဲ မချွင်းမချန်တင်ပြဖြစ်ခဲ့ပါတယ်။

( ၃ )

ရဲဘော်ထွန်းကို အဲသလို စတင်တွေ့ ဆုံချိန်ကစပြီး ကျွန်တော်က ‘အဘ’ လို့ ပဲ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး၊ ရဲဘော်ထွန်းကတော့ နောက်ပိုင်းမှာ ကျွန်တော့်ကို ‘ကဗျာကြီး’ ‘ကဗျာဆရာ’- စသဖြင့် အမှတ်အသားပြု ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ အထူးသဖြင့်- ၁၉၉၉ ခုနှစ်ကုန် ၂၀၀၀ ပြည့်နှစ် လောက်ကစပြီး အဲသလိုခေါ်ဝေါ်သုံးစွဲခဲ့တယ်လို့ပဲ အကြမ်းဖျင်းအားဖြင့် မှတ်မိနေပါတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင် ကွယ်လွန်အပြီး-ကျွန်တော့်ရဲ့

ဥက္ကဋ္ဌသခင်ဗသိန်းတင်အမှတ်တရ- ‘လွမ်းကြပါတော့ ရဲဘော်တို့ ရေ..’ ဆိုတဲ့ ကဗျာရှည်စာအုပ်လေး ထွက်ပေါ်အပြီး နောက်ပိုင်းလောက်ကစပြီး အဲသလို သုံးနှုန်းခေါ်ဝေါ်ခဲ့တာဖြစ်လိမ့်မယ်-လို့ ပဲ ထင်မြင်မိပါတယ်။တိတိကျကျတော့ မပြောတတ်ပါ။ သေချာတာကတော့ ရဲဘော်ထွန်းဟာ အဘဟာ သူကွယ်လွန်ခါနီးကာလနောက်ဆုံးကာလတွေအထိ ကျွန်တော့်ကို ‘ကဗျာကြီး’ လို့ ပဲ သုံးနှုန်းခေါ်ဝေါ်သွားခဲ့တာတော့ သေချာခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့- ‘အဘရဲဘော်ထွန်း’ ဆုံးခါနီး နောက်ဆုံးလပိုင်းတွေလောက်မှာပဲ ရဲဘော်ထွန်းရဲ့ မိသားစုဝင်တွေထဲကရော၊ ရဲဘော်ထွန်းရဲ့ တာဝန်ပေးထားခြင်းခံရတဲ့ ရဲဘော်ကြီးတဦးထံကပါ သူတို့ တွေကျွန်တော့်အိမ် ကျွန်တော့်ဆီ အကြောင်းအားလျော်စွာ ရောက်လာကြရင်း-

“ အဘက ခင်ဗျားကို သတိတရမေးနေတယ်။ ကဗျာကြီးအခြေအနေကော-” တဲ့။

“ အဘက ကဗျာကြီးလဲ မိသားစုအခြေအနေ တော်တော်ရုန်းကန်နေရမယ်ထင်တယ်။ ကလေးနှစ် ယောက်က ကျောင်းထားနေရတုန်းဆိုတော့-ဆိုပြီး သတိတရ မေးမေးနေတယ်..” တဲ့။ စသဖြင့် စသဖြင့် ဆက်တိုက်လိုလို ကြားနေခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။

အဲသလို အဲသလိုတွေ ကြားရတိုင်းလဲ ကျွန်တော်ဟာ အဘရဲ့ မျက်နှာညိုညိုကြီးကိုပဲ ဖျတ်ခနဲ ဖျတ်ခနဲ ပြေးပြေးမြင်မိရင်း နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်။ ဒါပေမဲ့ … ဒါပေမဲ့… အကြောင်းကြောင်းတွေကိုအကြောင်းပြုပြီး ကျွန်တော့်ဘက်က ‘အဘ’ နဲ့ တွေ့ဖို့ မကြိုးစားမိ၊ မတောင်းဆိုမိ၊ မပြောဆိုမိပါ။ လိုအပ်ရင်-ပြောမှာ ခေါ်မှာပေါ့။ မလိုအပ်လို့ပဲ မပြောတာ မခေါ်တာနေမှာပေါ့- လို့ ပဲ သဘောထားလိုက်မိရင်း၊ တွေ့ လိုစိတ်တွေမှန်သမျှ၊ တွေ့ ချင်တာတွေမှန်သမျှကို ကြိတ်မျို ဖယ်ရှားထားလိုက်မိပါတယ်။

အဲဒီကာလပိုင်းတွေမှာ သူ့ မိသားစုဝင်တွေဆီမှာ အဘရဲ့ နှုတ်ဖျားကနေ သတိရမိသလို အလွမ်းတ၀က်အောက်မေ့ချက်တပိုင်းနဲ့ ပြောဆိုလာလေ့ရှိတဲ့၊ အဘစားချင်သလိုလိုရှိတယ်ဆိုတဲ့ ‘ဂျင်းသုပ်’ ‘ရှောက်သီးသုပ်’လို ဗမာအစားအစာမျိုးလေးတွေကိုတော့ ကျွန်တော် မဖြစ်ဖြစ်အောင် ဖန်တီးကာ၊ သူတို့ ဆီကတဆင့် ပို့ ပေးခဲ့ဖူး၊ လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့- ‘အဘ’ ဟာ တဇွန်းစ နှစ်ဇွန်းစလောက်ပဲ မြည်းစမ်းကြည့်ပြီး၊ ဘာမှဟုတ္တိပတ္တိ မစားမသောက်တော့တာလဲ ကာယကံရှင်များဆီကနေ ကျွန်တော် ကြားနေ သိနေခဲ့ရပါတယ်။ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့- ကျွန်တော့်ဘက်က ‘အဘနဲ့ တွေ့ ချင်တယ်-တွေ့ လို့ ရမလား-’ လို့ တောင် မပြောခဲ့ မဆိုခဲ့ မစူးစမ်းခဲ့ပါ။ ‘မလိုအပ်ဘဲ စူးစမ်းလေ့လာခြင်းမပြုရ-’ ဆိုတာအပေါ်နား လည်သဘောပေါက်ထားမိတဲ့အတွက် ဖြစ်ပါတယ်။ အဘဟာ ယူဂျီပါတီတရပ်ရဲ့ တကယ့် စံထား ထိုက်တဲ့ယူဂျီခေါင်းဆောင်စစ်စစ်တဦးမဟုတ်လား။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ‘သခင်ချစ်’ ပြီးရင်-အတော်ဆုံးနဲ့ အခိုင်မာဆုံးသော ယူဂျီခေါင်းဆောင်စစ်စစ်ဟာ ရဲဘော်ထွန်းပဲ မဟုတ်လား။

တကယ်က အဘနဲ့ ကျွန်တော့်အကြားမှာ လူချင်းမဆုံဖူးခင်ကတည်းကလဲ အဆက် အစပ်ရှိခဲ့သလို၊ လူချင်း ဆုံရပြီးတဲ့နောက်မှာလဲ ပုံသဏ္ဌာန်မျိုးစုံနဲ့ အကြောင်းအားလျော်စွာ အဆက် မပြတ်ရှိခဲ့ပါတယ်။ ပြောစရာဆိုစရာကိစ္စဝိစ္စလေးတွေရှိပါက ‘ဒေါ်လေး’ ကိုလွှတ်ပြီး ပြောခဲ့ဆိုခဲ့ တာမျိုးလေးတွေရှိသလို၊ တာဝန်ရှိသူတဦးဦး (သို့ မဟုတ်)သင့်လျော်ရာတဦးဦးကိုလွှတ်ပြီး ‘ အဘက ပြောလိုက်တယ်-’ အဖြစ်၊ လူကြုံနဲ့ တဆင့် ပြောခဲ့ဆိုခဲ့တာတွေလဲ ရှိပါတယ်။ တချို့ ကိစ္စတွေဆိုရင် နှုတ်နဲ့ တောင် လှမ်းမပြောဘဲ၊ ‘အဘ’ကိုယ်တိုင်စာနဲ့ ရေးပြီးဆက်သွယ်ပြောဆိုခဲ့တာမျိုးတွေလဲ ရှိပါတယ်။ တချို့ စာလေးတွေက ချက်ချင်းဖတ်ပြီး ချက်ချင်းဖျက်ပစ်လိုက်ရတာမျိုးလေးတွေလဲ ရှိသလို၊ ဖျက်ပစ်ရန်မလိုတဲ့ (တချိန်ချိန်မှာ လိုအပ်ရင် လိုအပ်သလို အထောက်အထား

ပြုနိုင် အကိုးအကားပြုနိုင်ရုံမက တကယ်ကိုအမှတ်တရအဖြစ်အတွက်ပါ သိမ်းဆည်းထား ရမယ့်)စာမျိုးလေးတွေလဲ ရှိခဲ့ရာ၊ ကျွန်တော့်တဦးချင်းနဲ့ ပဲဆိုင်တဲ့-ပုဂ္ဂလိကသဘော ပုဂ္ဂိုလ် ရေးသဘောပဲဆောင်တဲ့စာလေးတချို့ကိုဆိုရင်-ကျွန်တော်က မြတ်မြတ်နိုးနိုးသိမ်းထားမိတာလဲ ရှိပါတယ်။ ‘အဘ’ ရဲ့ လက်ရေးသေးသေးလေးတွေနဲ့ ရေးထားတဲ့ အဲဒီစာလေးတွေဟာ စာတိုလေး တွေပဲ ဖြစ်ပေမယ့်၊ ကျွန်တော့်တဦးချင်းအတွက်ကတော့-တော်တော်ကိုအရေးပါတဲ့၊ အလေးထားရ လေးစားရမယ့်စာလေးတွေ ဖြစ်နေခဲ့ပါတယ်။ (တချိန်ချိန်မှာ- လိုအပ်မယ်ထင်ရင်တော့ သင့်လျော် သလို ဖြေဖြန့် ပြီး ရေးပြဖြစ်ချင်လဲ ရေးပြဖြစ်ပါလိမ့်ဦးမယ်။ အခုကတော့..အမှတ်တရ ရုပ်ပုံလွှာလေးကိုပဲ ကောက်ကြောင်းကောက်ကြည့်မိတာဆိုတော့- ဒီမျှနဲ့ ပဲ ထားလိုက်ပါ။)

ချုပ်ပြီးပြောရရင်- ‘အဘ’ နဲ့ ကျွန်တော့်အကြားမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ အမြဲမပြတ်ဆိုသလို အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ အမှတ်ရစရာတွေလဲ အများအပြားရှိနေခဲ့ပါတယ်။

ကျွန်တော် ကဗျာတွေ စာတွေရေးတာကို အစောကြီးကတည်းကသိပြီးဖြစ်တဲ့ ‘အဘ’ က ကျွန်တော်စာရေးတာကိုလဲ အားပေးအားမြှောက်ပြုခဲ့ပါတယ်။ ဒါကြောင့်-ကျွန်တော့်မှာ တကယ်ကို ကျေနပ်စရာ လွမ်းမောစရာတွေလဲ ဖြစ်ရပါတယ်။ သက္ကရာဇ် (၂၀၀၀)ပြည့်နှစ်အကုန်မှာ ‘၂၀၀၀ ပြည့်နှစ်ကုန်အထိ ကာလအပိုင်းအခြားထားပြီး’ ဗမာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားသမိုင်းကြီးကို ကျွန်တော်တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ရေးသားသွားဖို့ စိတ်ဆန္ဒတွေ တဖွားဖွား ပေါ်လာ မိတော့လဲ အဘက လိုလိုလားလားနဲ့ အားပေးခဲ့သူဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ ဆိုတဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းစာအုပ်ကြီးကို ၂၀၀၁ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့ ကစပြီး မှတ်မှတ်သားသား စတင်ရေးသား အကောင် အထည် ဖော်ဖြစ်တော့လဲ ‘အဘ’ က အဝေးကနေ “ရေးသင့်တယ်- ရေး..ရေး..” လို့ မှတ်ချက်ပြုခဲ့ အား ပေးစကားဆိုခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့-တကယ်ကို အားဖြစ်ခဲ့ရ ပီတိဖြစ်ခဲ့ရပါတယ်။

တခါတရံ သူ ရေးစေချင်တာလေးတွေရှိရင်လဲ အဘက လူကြုံနဲ့တဆင့် ကျွန်တော့်ကို လှမ်းပြောလိုက်တာမျိုးလဲ ရှားရှားပါးပါးရှိခဲ့ဖူးပါတယ်။ ဥပမာအားဖြင့်- “ ဧရာဝတီ နဲ့ ချင်းတွင်းအကြားက မူးမြစ်ဝှမ်းတကျောက တော်လှန်သမိုင်းနောက်ခံတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေအကြောင်း-‘ကဗျာကြီး’ကို ရေးစေချင်တယ်..”ဆိုပြီး ကျွန်တော့်ကို သတ်သတ်မှတ်မှတ် ပြောလိုက်တာမျိုးလဲ ရှိခဲ့ဖူးပါတယ်။ လူကြုံနဲ့ ပြောလိုက်တာဖြစ်ပါတယ်။ လူကြုံက – “ အဲဒီမှာဗျာ.. မူးတလျောက်မှာ ဗိုလ်ရန်အောင်ကြီးတို့တတွေ လွှသမားယောင်ဆောင်ပြီးဖြတ်သန်းလာရဖူး တာလေးတွေလဲ ထည့်ပြီး ရေးစေချင်တယ်-လို့ မှာလိုက်သေးတယ်ဗျ-” တဲ့။ မူးမြစ်ဝှမ်းတ

လျောက်ဟာ ကျွန်တော့်ရဲ့ ဇာတိဒေသလဲဖြစ်လေတော့ ကျွန်တော့်မှာ ရင်ခုန်သံသာမက သွေးခုန်သံတွေပါမြန်လာရပါတယ်။ ရလဒ်အဖြစ်- “ မူးတဝန်းသို့ တမ်းချင်းရှည်” ဆိုတဲ့ ကဗျာရှည်ကြီးကို ကျွန်တော်ရေးသားဖွဲ့ ဆိုဖြစ်ခဲ့ပါတယ်။ ဆိုရရင်- အဲဒီကဗျာရှည်ကြီးဟာ အဘရဲ့ နှိုးဆော်ချက် အားပေးချက်ကြောင့် ထွက်ပေါ်ခဲ့ရတာလို့တောင် ဆိုချင်ပါတယ်။ ဒါကြောင့်- ကျွန်တော်ကလဲ ကျွန်တော့်ကဗျာရှည် (၁၁)ပုဒ်ကို သီးသန့် ရွေးထုတ်စုစည်းပြီး ကဗျာရှည် စာအုပ်တအုပ်အဖြစ် (၂၀၁၄ ခုနှစ်ထဲမှာ-) ထုတ်ဝေဖြစ်တဲ့အခါ၊ ‘ မိခင်ဗမာပြည် နဲ့

မူးတဝန်းသို့ တမ်းချင်းရှည် ’ လို့ တောင် ခေါင်းစည်းတင် ထုတ်ဝေဖြစ်ခဲ့ပါတယ်။

( ၄ )

တကယ်ကတော့- ‘အဘ’ ကိုယ်တိုင်ဟာလဲ စာရေးကောင်းသူ၊ စာရေးတတ်သူ၊ စာရေးနိုင်သူအစစ်ဖြစ်ခဲ့ပါတယ်။ အဘရဲ့ ရေးသားသွားချက်တွေထဲမှာ ကိုယ်ပိုင်ဟန်ကို ထင်းကနဲ တွေ့ ရမှာဖြစ်သလို၊ ကိုယ်ပိုင်ဝေါဟာရနဲ့ ကိုယ်ပိုင်စကားလုံးကို စေးစေးပိုင်ပိုင် သုံးစွဲသွားရာမှာလဲ ထိထိရှရှ ရှိလှတာ အတုယူစရာတွေ့ ရပါတယ်။ ဥပမာအားဖြင့် – ‘ ကြံဆချက်’ တို့ ‘ မှီခိုသူ့ ဒုက္ခ ’ တို့ ‘တခါက ရဲဘော်ဟောင်းများ’ ‘ နုံအလွန်းရာရောက်လိမ့်မယ်’ ‘ ရိုးအလွန်းရာ ရောက်လိမ့်မယ်’ ‘ စစ်(၃)စစ် ’ တို့ ဆိုတဲ့ အရေးအသားမျိုးတွေ၊ သုံးစွဲသွားပုံမျိုးတွေဟာ တကယ်ကို ထိထိမိမိနဲ့ ပိုင်ပိုင်နိုင်နိုင် ရှိလှပါတယ်။ နမူနာသဘော အကြမ်းဖျင်းထုတ်နှုတ်ပြရမယ်ဆိုရင်-

‘ အာဏာကို တောင်းယူလို့ ရမယ်ထင်ရင်တော့ ရိုးအလွန်းရာ ကျပါလိမ့်မယ် ’ တဲ့ ။

‘ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကိုယ်က ရိုးရိုးကြီးစဉ်းစားလို့ မဖြစ်ပါ ။ တကြောင်း တိုက်စဉ်းစားလျှင်ရိုးအလွန်းရာ ကျလိမ့်မယ်-’ တဲ့ ။

လူကိုယ်တိုင်က ကွယ်လွန်သွားပြီဖြစ်တာတောင် ရန်သူတော် ဖောက်ပြန်ရေးသမားမျိုးစုံ တွေရဲ့‘အထိတ်ထိတ်အလန့်လန့် နဲ့ တုံလှုပ်ချောက်ချား ကြောက်ရွံ့ ခြင်းခံရတဲ့ တကယ့်ကလောင်’ တွေထဲမှာ ဗမာပြည်မှာ-အဘ ရဲ့ (ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကြင်မောင် ရဲ့ )ကလောင်လဲပဲ ပါပါတယ်။ အဘကွယ်လွန်ခါစ ၂၀၁၅ ခုနှစ်ထဲက ပထမဆုံးအကြိမ် ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့ ‘ ရဲဘော်ကြင် မောင်’ နာမည်နဲ့ ပဲ ရိုက်နှိပ်ခဲ့တဲ့ ‘ ပြည်သူ့ အာဏာ ဆောင်းပါးများ (၂၀၀၉ – ၂၀၁၃ )’ ဆိုတဲ့စာအုပ်ကို သာဓကအဖြစ် ကြည့်နိုင်ပါတယ်။ စာမျက်နှာ (၁၅၀)၀န်းကျင်ပဲ ရှိတဲ့ ‘ဆောင်းပါးပေါင်းချုပ်’ စာအုပ်လေး ဖြစ်ပါတယ်။ ကာလအပိုင်းအခြားအားဖြင့်လဲ (၂၀၀၉ မှ၂၀၁၃ အထိ) (၄)နှစ်တာ ဝန်းကျင်အတွင်းမှာ အကြောင်းအားလျော်စွာ ရေးသားထားတဲ့၊ သုံးသပ်ချက်၊ ဝေဖန်ချက်၊ မှတ်ချက်ပါ ဆောင်းပါးတိုလေး ( ၃၄) ပုဒ်ပဲ ပါပါတယ်။ တကယ်ကို ပြုပြင်ရေးသမား ယောင်ယောင်-ဒီမိုကရေစီလိုလားသူယောင်ယောင် အသွင်ဆောင်ထားတဲ့ ဘောင်းဘီချွတ်သမ္မတ ဦးသိန်းစိန်ဆိုသူ လက်ထက်မှာ- စာပေကင်ပေတိုင်ရုံးဖြစ်တဲ့ ‘စာပေစိစစ်ရေးရုံး’ ကို ဖျက်သိမ်း လိုက်ပြီး စာအုပ်စာပေထုတ်ဝေခွင့်ကို လွတ်လွတ်လပ်လပ်ရိုက်နှိပ်ထုတ်ဝေခွင့်ပြုလိုက်ပြီ ယောင်ယောင် အာဘော်ဖန်တီး မင်္ဂလာယူပြောဆိုကြွားဝါနေကြတဲ့ ကာလကြီးထဲမှာမှ ဒီ ‘ဆောင်းပါးပေါင်းချုပ်’ စာအုပ်လေးကို ရိုက်နှိပ်ထုတ်ဝေလိုက်တာဖြစ်ပေမယ့်၊ သက်ဆိုင်ရာ စစ်အုပ် စုနွယ်ဝင် မသူတော်အပေါင်းဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားကြပြီး၊ ဟန်ဆောင်ပန်ဆောင်

ဣနြေ္ဒလေးတောင်မဆောင်နိုင်တော့ပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ ‘ရဲဘော်ကြင်မောင်’ ရဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ကို ကရောသောပါး လိုက်လံပိတ်ပင် တားမြစ်တာတွေ လုပ်ကြပါတယ်။ တရားရုံးဆိုတာကနေ တရားမ၀င်စာအုပ်အဖြစ်သတ်မှတ်ကာ အတင်းအဓမ္မတားမြစ်ပိတ်ပင် သိမ်းဆည်းကြတဲ့အထိဖြစ်ခဲ့ကြတာ လက်တွေ့ မျက်တွေ့ သာဓကတခုပဲ မဟုတ်လား။ တခြားသော နိုင်ငံရေးသမား ပုဂ္ဂိုလ်ကြီးငယ်မျိုးစုံတွေရဲ့ စာအုပ်စာပေ လက်ရာတွေတော်တော်များများကို ပုံနှိပ်ထုတ်ဝေဖြန့် ချိခွင့် ပေးခဲ့ကြပေမယ့် ရဲဘော်ထွန်း (ခေါ်) ရဲဘော်ကြင်မောင်ရဲ့ သဘောထားအမြင်နဲ့ ရေးသားချက်တွေကိုတော့ နည်းနည်းလေးမှ အပျံ့ နှံ့ မခံရဲလေဘဲ၊ အ

ကြောက်ကြီးကြောက်ခဲ့ကြတာ အထင်အရှားလို့ ပဲ ဆိုရပါလိမ့်မယ်။

ရဲဘော်ထွန်းဟာ အတွေးရှင်းလို့ အရေးရှင်းသူ ဖြစ်ရုံမျှမက နိုင်ငံရေးရေချိန်ကလဲ မြင့်မား၊ အမြော်အမြင်ကလဲ ကြီးမားလှသူမျိုးဖြစ်တဲ့အတွက် သူ့ရဲ့ကြံဆချက်၊ သုံးသပ်ချက် ဝေဖန်ချက်တွေအပါ အမျိုးမျိုးသောစာပေရေးသားချက်တွေဟာ ဖတ်ရှုရသူတွေအကြား ရှင်းခနဲ လင်းခနဲနဲ့ လေးလေးနက်နက် သြဇာသက်ရောက်မှု ကောင်းခဲ့ရတာလို့ ပဲ ဆိုချင်ပါတယ်။

ရဲဘော်ထွန်းဟာ ‘ပြည်ချစ်ဝါဒအလံ’ ကို မြင့်မြင့်မားမား လွှင့်ထူကိုင်စွဲသွားသူဖြစ်သလို၊ နိုင်ငံကြီးတွေအကြားမှာ ကြားညပ်မခံဘဲ၊ မှန်မှန်ကန်ကန် ရပ်တည်နေထိုင်နိုင်ဖို့ အကြိမ်ကြိမ်အထပ်ထပ် သတိပေးသွားသူ ဆော်သြသွားသူ-လို့လဲ မြင်မိပါတယ်။ ပြည်တွင်းအခြေ အနေတွေသာမက နိုင်ငံတကာ့အခြေအနေတွေနဲ့ ပတ်သက်ပြီးလဲ တကယ်ကို အမြော်အမြင်ရှိရှိ ထောက်ပြ သုံးသပ်ပြခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့်- စစ်အေးခေတ်ပြီး နောက်- နိုင်ငံတကာ့ အခင်းအကျင်းသစ် ( ကမ္ဘာ့ စနစ်သစ် ) New World Order (N W O) နဲ့ ပတ်သက်ပြီးတော့လဲ အများဆုံး ဝေဖန်သုံးသပ် ထောက်ပြသွားခဲ့လေသူ ဖြစ်ပါတယ်။

ရဲဘော်ထွန်းက ‘ပြည်ချစ်ဝါဒ လမ်းစဉ်’ နဲ့ ပတ်သက်ပြီး- ဟောသလိုလဲ အကျဉ်းချုပ်ပြီး ပြောဆိုသွားခဲ့ပါတယ်။

“ ဗကပ ရဲ့ ပြည်ချစ်ဝါဒ လမ်းစဉ်က ပြည်တွင်းက လူတန်းစားတိုက်ပွဲလမ်းစဉ်ပဲ။ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် ဓနရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်မယ်။ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် နိုင်ငံတော်မြေရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်မယ်။ တိုင်းပြည်ရဲ့ နယ်မြေတည်တံ့ပြည့်စုံမှု (T I )ကို အထိပါးမခံ ဘူး။ ထိလာရင် ပြန်ချမှာပဲ လို့ လဲ အကျဉ်းချုပ်ပြီး ပြောနိုင်ပါတယ်။ ” တဲ့။

( ပြည်ချစ်ဝါဒလမ်းစဉ် – ဆောင်းပါး၊ စာမျက်နှာ-၈၅ ၊ သြဂုတ် ၂၀၁၁- မှ )

( ၄ )


ပါတီရဲ့ သမိုင်းမှာ ရွှေစာလုံးနဲ့ မော်ကွန်းတင်ထားရမယ့်ခေါင်းဆောင်မျိုးဖြစ်ခဲ့သလို၊ ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာလဲ ရှေ့ဆုံးတန်းအခန်းကနေမော်ကွန်းတင်ထားရမယ့် လေးစားအပ်တဲ့ တော်လှန်ရေးခေါင်းဆောင်စစ်စစ်တဦးဖြစ်ခဲ့ပါတယ်။

အခု ၂၀၂၃ ခုနှစ်ထဲမှာပဲ ရဲဘော်ထွန်းရဲ့ ရာပြည့်သမယဟာ အချိန်ကျလို့ လာပါပြီ။

လူတိုင်းလူတိုင်းဟာ မွေးဖွားချိန်ကနေ ရေတွက်ကြည့်ရင် ပြက္ခဒိန်သဘောအရ အသက် (၁၀၀)တိတိပြည့်မြောက်တဲ့အချိန်ကာလတွေဟာ အသီးသီးအသက အသကရှိကြ တွေ့ရမှာ ဖြစ်ပေ မယ့် တခြားသောပုဂ္ဂိုလ်များကတောင် ရာပြည့်ပွဲပြုလုပ်ပြီး၊ ‘ရာပြည့်အထိမ်းအမှတ်’ ကျင်းပပြီး ဂုဏ်ပြု ဦးညွှတ်ရမယ့်သူမျိုးကတော့-အင်မတန် အင်မတန်မှ ရှားပါးပါလိမ့်မယ်။ ဒီလို ရှားပါးလှတဲ့ပုဂ္ဂိုလ်တွေထဲမှာ၊ ရာပြည့်အဖြစ် အထိမ်းအမှတ်ပြုလုပ်ပြီး တလေးတနက် ဂုဏ်ပြု ဦးညွှတ်ရမယ့်ပုဂ္ဂိုလ်တွေထဲမှာ ‘ရဲဘော်ထွန်း’ ဟာ ရှေ့ ဆုံးတန်းက ပါဝင်နေတဲ့ တကယ့်နိုင်ငံရေး သမားစစ်စစ်တဦး-လို့ ကျွန်တော်ကတော့ ရိုးသားစွာ ယုံကြည်ယူဆပါတယ်။

ဒါကြောင့်- ‘ရဲဘော်ထွန်းရာပြည့်’ ကို ကျွန်တော် အထိမ်းအမှတ်ပြုလိုက် ဦးခိုက်လိုက်ပါတယ်။

ကျွန်တော်ကတော့- ရဲဘော်ထွန်းကို ‘ ရဲဘော်ထွန်း (သို့ မဟုတ်) ဗမာပြည်ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ’ လို့ ပဲညွှန်းဆိုလိုက်ချင်၊ မှတ်တမ်းတင်လိုက်ချင်ပါတယ်။

၀င်းတင့်ထွန်း

( ၃ – ၁ – ၂၀၂၃ )

Leave a Reply

Your email address will not be published. Required fields are marked *