မီးတုတ်ကိုင်ဖို့ပြင်ကြလော့ (နီအောင်ဝေ)

By | January 25, 2021

မီးတုတ်ကိုင်ဖို့ပြင်ကြလော့

(နီအောင်ဝေ)

စစ်တပ်က ရွေးကောက်ပွဲရလာဒ်ကို ပြဿနာရှာနေတာ မပြီးနိုင်မစီးနိုင်။ ဒီချုပ်ပါတီကိုမဲပေးရာမှာ မဲမသမာမှုတွေဖြစ်ခဲ့တယ်ဆိုရင်တောင် အာဏာပိုင်အစစ်အမှန်ဖြစ်တဲ့စစ်အုပ်စုလက်ချက်သာဖြစ်လိမ့်မယ်။ ဒီချုပ်ဟာ ရွေးကောက်ပွဲနိုင်ဖို့ မဲခိုးရမယ့်ပါတီမဟုတ်တာ ပြည်တွင်းပြည်ပ သိသာမြင်သာတဲ့ကိစ္စပါ။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြော င့်ပြဿနာရှာနေသလဲ။ ဒီချုပ်ဆက်ပြီး အစိုးရနေရာ၊ လွှတ်တော်နေရာတွေမှာ နေရာယူမှာကို မလိုလားတာတခုတည်းတော့မဟုတ်ဘူး။ ရွေးကောက်ခံအစိုးရမှာရှိတဲ့အာဏာဆိုတာ မဖြစ်စလောက် ယောင်ပြဆိုတာ သူတို့အသိဆုံးပဲ။

အခြေခံဥပဒေ အတည်ပြုပွဲကစလို့၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲတွေမှာ သူတို့မဲခိုး၊ မဲလိမ်၊ မဲဝယ်၊ မဲဓားပြတိုက်ခဲ့သမျှ ဘူးပေါ်သလိုပေါ်ခဲ့တာတွေအတွက် သူခိုးကလူပြန်ဟစ်ပြီး ဒီချုပ်ကို တန်းညှိချင်တာ၊ ၂၀၀၈ အခြေခံဥပဒေကို ပြဒါးရှင်လုံးလို သူတို့လိုသလို သုံးနိုင်တယ်လို့ထင်နေတာ၊ သည်အခြေခံဥပေဒနဲ့သူတို့အာဏာကို တည်မြဲနေစေလို့ဥစ္စာရူး၊ အာဏာရူး ရူးနေတာ စသဖြင့် အကြောင်းအရင်းတွေ အစုံရှိလိမ့်မယ်။ ၂၀၀၈ အခြေခံဥပဒေ တည်မြဲရေးအတွက် ရန်ဖြစ်ပြပြီး ဒီမိုကရေစီအရေခြုံ စစ်အာဏာကို သိဒ္ဓိတင်ပေးနေတာလည်း ဖြစ်နိုင်တာပဲ။

ဟိုဟိုဒီဒီ သီးခြားအခြေအနေများ အပေါ်ကြည့်ရှုရုံမျှမဟုတ် အခြေအနေတခုလုံးအပေါ် ခြုံငုံသုံးသပ်ပါက စစ်အုပ်စုဟာ ရွေးကောက်ပွဲကိစ္စသာမက နိုင်ငံရေး စီးပွားရေးကိစ္စမှန်သမျှကို ကြိုးကိုင်ထားကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ ကြိုးကိုင်ထားသူနဲ့ လက်ဝေခံအကြား အားပြိုင်မှုဟာလည်း အမြဲရှိနေမှာပါဘဲ။ စစ်အုပ်စုအနေနဲ့က ဒီချုပ်အပေါ် ကြိုးလည်းကိုင် အစွယ်လည်းချိုးချိုးပေးနေဆိုတဲ့ နည်းကို အမြဲသုံးနေမှာပါပဲ။

ပါလီမန်နိုင်ငံရေးမှာ သူတို့ပြဿနာလုပ်နေတာတွေကို သာဝတို့သာလှတို့ဆိုတာလောက်ပြောပြီး ရယ်ပွဲဖွဲ့နေလို့မဖြစ်ဘူး။ နိုင်ငံရေး ထိုးစစ်ဆင်ရင်း တချိန်တည်းမှာ လက်နက်ကိုင် အတိုက်အခံတွေနဲ့ပါ ပြဿနာတွေဖန်တီးနေတာကို သတိပြုမိဖို့လိုပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူတွေ ကြားမှာလည်း အငြိမ်မနေရအောင်၊ အငြိမ်မနေနိုင်အောင် လုပ်ပါလိမ့်မယ်။ စစ်အုပ်စုအုပ်စိုးမင်းမူနေသ၍ ဖြစ်နေမယ့်ပြဿနာတွေပါ။ ဒီချုပ် အာဏာရလို့ပြဿနာတွေ အလုံးစုံချုပ်ငြိမ်းသွားတာ မဟုတ်ဘူး။ဒီချုပ်ဖြစ်စေ၊ တခြားပါတီဖြစ်စေ ရွေးကောက်ပွဲအနိုင်ရခြင်း၊ အစိုးရဖွဲ့နိုင်ခြင်းတွေဟာ အဖြေမဟုတ်ဘူး။ ပြဿနာကို ပိုခိုင်မာလာစေတာ၊ သက်ဆိုးရှည်စေတာတာ ဖြစ်တယ်။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ခါးစည်းခံလာရတဲ့ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူတွေကိုယ်တိုင် တိုက်ပွဲဆင်ဖြိုချဖျက်ဆီးပစ်နိုင်မှ အထွေထွေ နိုင်ငံရေး၊ စီးပွားရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာပါ။ စစ်အာဏာကို ဖြိုချဖို့၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့စရမှာပါ။ စစ်တပ်က ဒီစာအုပ်စိမ်းနဲ့အာဏာ တည်မြဲနေတယ်။ ဒီစာအုပ်စိမ်းကိုင်ပြီး ပြဿနာကိုမီးခွက်ထွန်းရှာနေတာ ဖြစ်တယ်။ ဒီစာအုပ်စိမ်းကို မီးရှို့ပြာချပစ်မှ အေးမှာပါ။ မီးတုတ်ကိုင်ဖို့ပြင်ကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *