ကမ္ဘာမကြေတဲ့တိုင်းပြည်

By | April 26, 2022

ကမ္ဘာမကြေတဲ့တိုင်းပြည်(မောင်သန်းမြရွှေ) မင်းအောင်လှိုင်စစ်ကောင်စီက ဖိနှိပ်ရေးလက်တံ တိုးချဲ့လာနေတယ်။

အပစ်အခတ်ရပ်စဲရေး ၂၀၂၂ ကုန်အထိ ၁၀လတိုးတယ်ဆိုသော်လည်း ထိုးစစ်တွေမရပ်တဲ့အပြင် လူနေရပ်ရွာတွေကို မြေလှန်မီးရှို့နေတယ်။ အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လူမဆန်တဲ့ ရက်စက်မှုမျိုးကိုလည်း လက်ရဲဇက်ရဲ ကျူးလွန်လာတယ်။ အရပ်သားတွေကို ဓားစာခံလုပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်။ လူနေအိမ်တွေကို လက်စားချေ ဗုံးကြဲပစ်ခတ် မီးရှို့ဖျက်စီးနေတယ်။ ရွာတွေထဲဝင် အဖိုးတန်ပစ္စည်းတွေယူ ရွာလုံးကျွတ်နီးပါး အိမ်တွေမီးရှို့နေတယ်။ ဒါတွေဟာ လူထုကြီးကို ငြိမ်ဝပ်ပိပြား ကြောက်လန့်တကြားဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေပါပဲ။

Data for Myanmar အဖွဲ့မှ ကောက်ယူတဲ့ စစ်တမ်းအရ (၅ မတ် ၂၀၂၂ အထိ) မီးရှို့ခံရတဲ့ အရပ်သားနေအိမ် အနည်းဆုံး ၆၁၅၈ လုံး ရှိတယ်လို့ဆိုတယ်။ စစ်ကိုင်း ချင်း မကွေး ကယား အများဆုံးဖြစ်ပြီး ရှမ်းတောင် ကရင် မန်း မှာလည်း ဒါဇင်ပေါင်းများစွာ မီးရှို့ခံရတယ်လို့ သိရတယ်။ အရပ်သားအနည်းဆုံး ၁၅၉၀ အသတ်ခံရပြီး ၁၂၅၀၀ နီးပါး ဖမ်းဆီးထားတယ်လို့ ဆိုတယ်။ စစ်ဘေးဒုက္ခသည် သောင်းပေါင်းများစွာ ရှိနေတယ်။

စကစဟာ စစ်ကိုင်းတိုင်း ၃၃ မြို့နယ်ကို အင်တာနက်ဖြတ်တောက်တာ၊ မှတ်ပုံတင်မပါရင် ဘယ်ကိုမှ ခရီးသွားလို့မရတာ၊ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီလို့ မရအောင် ကန့်သတ်တာတွေလည်း လုပ်နေပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ (နေပြည်တော်တော့ မပါဘူး) လျှပ်စစ်မီးပြတ်တောက်တာတွေ ဖြစ်နေတယ်။ မီးပြတ် ရေပြတ် ဓာတ်ဆီဈေးတက် ကုန်ဈေးနှုန်းတက် အလုပ်အကိုင်ပျက် အကျင့်ပျက် ခေတ်ပျက်နဲ့ ကြုံနေရတယ်။

စကစဟာ ပြည်တွင်းပြည်ပမှာ အထီးကျန်ဖြစ် အကျပ်ရိုက်လာတာနဲ့အမျှ စစ်ရှိန်မြှင့်ပြီး လူထုကိုတိုးဖိနှိပ်ဖို့ ညစ်နည်းပေါင်းစုံ ဉာဏ်နီဉာဏ်နက်ထုတ် လုပ်ဆောင်နေတယ်။ ငြိမ်းချမ်းရေးစကားပြောပြီး စစ်ရှိန်မြှင့်မယ်။ စေ့စပ်ဆွေးနွေးရေး စကားပြောပြီး လုပ်ကြံသတ်ဖြတ်မယ်။ တဖွဲ့ကိုအချိုသတ်ပြီး တဖွဲ့ကိုတိုက်မယ်။ ပြည်တွင်းပြည်ပ ကတိကဝတ်တွေ အမျိုးပေးပြီး မျက်နှာပြောင်တိုက် လိမ်မယ်။ ဖိနှိပ်မယ် ချော့မြှူမယ် သပ်လျှိုသွေးခွဲမယ်။ အာဏာကိုတော့ အသေထွက်ထွက်တဲ့အထိ လက်လွှတ်လိမ့်မယ် မဟုတ်ဘူး။

စကစလူရာဝင်ခွင့်ရတာက ICJ နိုင်ငံတကာတရားခုံရုံးရဲ့ တရားခံထိုင်ခုံနေရာမှာသာ ဖြစ်ပါတယ်။ ICJ က မှတ်ချက်ပြုတာက ဒီအမှုဟာ နိုင်ငံအပေါ် တရားစွဲတာဖြစ်ပြီး စကစကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မပြုတာနဲ့ သက်ဆိုင်ခြင်းမရှိလို့ ဆိုပါတယ်။ စစ်ရာဇဝတ်မှုအတွက် တာဝန်ရှိတာက စစ်တပိုင်းအစိုးရဖြစ်ပြီး တကယ့်ရာဇဝတ်သားက မင်းအောင်လှိုင်ဖက်ဆစ်ကြေးစားတပ် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ပြဿနာသူရှင်းပါလိမ့်မယ်။ ဘုန်းကြီးအမှုရွာပတ်ခံလို့ မဖြစ်ပါဘူး။

စစ်အုပ်စုဆိုတဲ့ ပလ္လင်ပေါ်ကမျောက်ကို ဆွဲချဖယ်ရှားဖို့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ (ရွာကိုပဲမီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့မြေကို မီးရှို့လို့မရဘူး)တဲ့။ မီးလောင်ပြာကျသွားတဲ့ရွာက လူထုရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ (နိုင်ငံရေးသိဒ္ဓိတင် အစာငတ်ခံဆန္ဒပြမှု)၊ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်များအတွက် (သွေးသစ္စာ)၊ ပြည်သူအထောင်အသောင်းရဲ့ အာဇာနည်များအပေါ် လေးနက်တဲ့တန်ဖိုးထားမှု … ဒါတွေက လှေခွက်ချည့်ကျန်အလံမလှဲ တော်လှန်ရေးအတွက် မကုန်ခန်းနိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ပါတယ်။

ခုတလော စစ်အုပ်စုက NUG NUCC နဲ့ပတ်သက်တဲ့ နိုင်ငံရေးသမားတွေကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်လာတယ်။ မင်းအောင်လှိုင်စစ်အုပ်စုက မရှိတဲ့အာဏာပြနေတာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို (ကျွန်ခေတ်မှာလူရာမဝင်ချင်ဘူး)လို့ တုံ့ပြန်သင့်ပါတယ်။ အာဏာသိမ်းစကစ ဘယ်လောက်ခံမလဲ။ယူကရိန်းစစ်ပွဲပေါ်လာတော့ စကစက ရုရှားကို ထောက်ခံကြောင်း ဖော်ပြတယ်။ အမှီရှာတာပါ။ စစ်တပ်အာဏာသိမ်းတာကို အကာကွယ်ရအောင် ကပ်တာပါ။

NUG က ရုရှားကိုရှုတ်ချကြောင်း ကြေညာချက်ထုတ်တယ်။ အမေရိကန်နဲ့ NATO ကို အမှီရှာတာပါပဲ။အခုတော့ နှစ်ဖက်စေ့စပ်ဆွေးနွေးတာ အရှိန်မြှင့်လုပ်နေပါတယ်။ နိုင်ငံခေါင်းဆောင်များကလည်း ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေပါတယ်။ ယူကရိန်းပြည်သူများကတော့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကုန်ကြပြီ။ ကမ္ဘာတဝန်းလည်း လောင်စာဈေးကွက် ဘဏ္ဍာဈေးကွက်တွေ ရုတ်ရက်ခတ်ကုန်ပြီ။ အာဏာသိမ်းစစ်ကောင်စီမှာ ထွက်ပေါက်မရှိပါဘူး။ ဟိုကပ်ဒီကပ် အမှီသဟဲရှာနေမှာပါပဲ။ ရုပ်ဝတ္ထုအရ အားကြီးတယ်ထင်ရပေမယ့် စိတ်ဓာတ်အရ ဟန်ကိုယ့်ဖို့ လုပ်နေရတာပါ။ ရုပ်ဝတ္ထုကအပြို မြန်ပါတယ်။ စိတ်ဓာတ်ကကမ္ဘာမကြေ တည်တံ့ပါတယ်။

စစ်အုပ်စုက အကျပိုင်းရောက်နေပါပြီ။ တက်လူ (လူငယ်မျိုးဆက်သစ်) မဟုတ်တော့ပါဘူး။ တော်လှန်ရေးအင်အားစုတွေ ပိုမိုစည်းလုံးညီညွတ်ပြီး ကိုယ့်အားကိုယ်ကိုး လုံးပန်းတိုက်ခိုက်တာနဲ့အမျှ စစ်အုပ်စုအသေထွက် ထွက်မှာပါ။မင်းအောင်လှိုင်စစ်ကောင်စအနေနဲ့ လူမျိုးပေါင်းစုံပြည်သူလူထုကြီးကို ဒူးထောက်တောင်းပန်တာ မှအပ တခြားနည်းလမ်းမရှိပါဘူး။ မောင်သန်းမြရွှေ(၉ မတ် ၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *