၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။
(လှကျော်ဇော)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး
သြဂုတ်လ(၁၄)ရက်နေ့က ကာချုပ်ဗိုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီကခေါင်းဆောင်များနဲ့ တွေ့ဆုံပါတယ်။ တပ်ကပြောတော့နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့ကပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံးလိပ်ပြာမလုံမှုကိုပြတာပါ) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများ ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။ သတင်းအရှုပ်အရှင်းအမျိုးမျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက်(၂)ရပ်ကတော့——
၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တပ်မတော်အနေနဲ့ဝင်ရောက်ကူညီဖို့—-ဆိုတာနဲ့
၂။ ကာချုပ်ရဲ့-မလုပ်ရဲတာမရှိ၊ဘာမဆိုလုပ်ရဲတယ်—-ဆိုတဲ့ပြောကြားချက်များပါ။
ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ(တကယ် တော့ခြေဆင်းလမ်းခင်းတာ)ပေါ်လာပါတယ်။
(—– ဗမာပြည်ဟာ၁၉၅၈ခုနှစ်တုန်းကလိုအခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းကနိုင်ငံရေးသမားများ အသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကိုအာဏာထိုးအပ်ရတာ။ တပ်အနေနဲ့မလွှဲမရှောင်သာလို့ဝင်အာဏာယူခဲ့ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကိုအကူအညီတောင်းရပြန်ပီ။——) တဲ့။
ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြဖို့လိုလာတာပေါ့။
(မှတ်ချက်။ အကြောင်းအရာအချက်အလက်များ၊ နေ့စွဲများစတာများကို ကိုးကားတဲ့စာအုပ်များကတော့——
ကိုးကားအမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂)။ ရဲဘော်သစ်မောင်။
ကိုးကားအမှတ်(၂)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ -တို့ဖြစ်ပါတယ်။
အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့်ကိုးကားထားတဲ့စာအုပ်က ၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။ ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။
ရှစ်-၄-လုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ-အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ပုံရိပ်ကိုတင်ဖို့အတွက် ထုတ်ဝေထားတဲ့စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံးမလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်တွေကို ဆန့်ကျင်ဘက်အမြင်ကနေပဲ ကြည့်ရှုကိုးကားတာ ဖြစ်ပါတယ်။) အဲဒီကာလက လူတချို့ကို လှည့်စားကောင်းလှည့်စားနိုင်ခဲ့ပေမယ့် အခုစစ်အာဏာရှင်စနစ်တကျော့ပြန်(နဝတ-နအဖ)အလွန်ကာလများမှာတော့ လက်တွေ့ဖြစ်ရပ်များနဲ့ချိန်ထိုးကြည့်ရအောင်ပါ။)
၁။၁၉၅၈ –မုန်တိုင်းအစ။
၁၉၅၈ခုနှစ် ဗမာပြည်ရဲ့နိုင်ငံရေးခရီးမှာ (အဆိုးဖက်)ပြောင်းဖို့တာစူတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင်စနစ်အစပျိုးတဲ့ ကာလလို့လည်း ပြောလို့ရပါတယ်။
၁၉၄၈ခုနှစ် ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးးနောက် အာဏာရလာတဲ့ဖဆပလပါတီဟာ အနှစ်(၄၀)ခံရစေမယ်လို့ ကြွေးကျော်ခဲ့ပေမယ့်(၁၀)နှစ်အကြာ-၁၉၅၈ဧပြီ(၂၇) မှာနုတင်(သန့်ရှင်း)-ဆွေငြိမ်း(တည်မြဲ)ဆိုပြီးနှစ်ခြမ်းကွဲပါတယ်။ ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများဟာ၁၉၄၇ ခုနှစ် သူတို့ရဲ့လက်ကိုင်တုတ်အဖြစ်မလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံလိုက်ပြီး ပြည်သူလူထုတွင်း ကျောင်းသားလှုပ်ရှားမှုအဝန်းအဝိုင်းတွင်းကလာလို့ လူထုအကြားမှာ အမြင်ကောင်းနေတဲ့ ဦးနုကိုဆွဲတင်လိုက်လို့သာ ဦးနုကဝန်ကြီးချုပ် ဖြစ်လာရတာ။ ဖဆပလထဲမှာ တကယ်တော့ မိုးကောင်းနေတာကဦးဗဆွေ-ဦးကျော်ငြိမ်းတို့ဆိုရှယ်လစ်အုပ်စုပါ။ တပ်တွင်း ဆိုရှယ်လစ်အုပ်စုဖြစ်တဲ့ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကျေးဇူးကြောင့် သူတို့ ဒီလို မိုးကောင်းနေနိုင်ကြတာပါ။ သူတို့တတွေ အဲဒီခေတ်ကကာကွယ်ရေးဝန်ကြီးဦးဗဆွေအိမ်မှာ အမြဲဆုံပြီး ဆိုရှယ်လစ်ပါတီခိုင်ခန့်ရေးအတွက် ဆွေးနွေးတိုင်ပင် နေကြသတဲ့။(ကိုးကားအမှတ်(၁) နှာ-၁၆၃)
ဒီတော့ဦးနုက နောက်ပိုင်း ဘဝရှင်မင်းတရားကြီး ဆန်လာမှုကြောင့်ရော၊ ဝန်ကြီးများအချင်းချင်း အဝေမတဲ့မှုတွေကြောင့်ရော ဦးနုနဲ့ ဦးကျော်ငြိမ်းတို့အုပ်အကြားကပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ နောက်ဆုံးဖဆပလနှစ်ခြမ်းကွဲရာမှာ ဦးနုဘက်ကို ပမညတဆိုတဲ့ လက်ဝဲတပ်ပေါင်းစုအုပ်က ထောက်ခံလို့သာ ဦးနုရာဇာပလ္လင်မပျောက်တာ။ တကယ်တော့ တပ်တွင်းဆိုရှယ်လစ်အုပ်စုက ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအင်အားတက်လာမှုကို မျက်စိစူးနေပါပြီ။ ဗိုလ်နေဝင်းကိုယ်တိုင်က ဒီအတိုင်းဆက်သွားရင်တော့ နောက်ရွေးကောက်ပွဲ (၂)ကြိမ်လောက်ဆိုဒီကောင်တွေ(ပမညတကိုဆိုလို) အာဏာရတော့မှာလို့ပြောဖူးသတဲ့။
ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ပြည်သူလူထုကိုလည်း ဘယ်တော့မှ ဒီမိုကရေစီမပေးပါဘူး။ (အခု ကာချုပ်မအလ သမ္မတရောဂါတက်နေတာရဲ့အခြေခံကလည်းဒါပါပဲ)
ဖဆပလကွဲအပြီး အချင်းချင်းကလော်ကြဆော်ကြရာက အပြစ်အနာအဆာတွေပေါ်လာပြီး နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာ ကျလာတာတွေလည်း ရှိတော့ရှိပါတယ်။ ၁၉၅၈ဖဆပလအကွဲကနေ တပြည်လုံးအင်အားစုအတော်များများ ပြိုကွဲသွားကြပြီး နိုင်ငံရေးအခြေအနေတွေ တင်းမာလာခဲ့ပါတယ်။
၁၉၅၈စက်တင်ဘာ(၂၃-၂၄)မှာ သန့်ရှင်းအစိုးရဝန်ကြီးချုပ်ဦးနုနဲ့ အဲဒီကာလ ဗမာ့တပ်မတော်က (ဆိုရှယ်လစ်များလည်းဖြစ်တဲ့) အရာရှိကြီးများဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အထက်မှာဖော်ပြခဲ့စာအုပ်များအရ ဦးနုကခေါ်လို့ တပ်ဖက်က သွားအခြေအနေတွေရှင်းပြရတာလို့ ဆိုပါတယ်။ ဦးနုတို့ဘက်ကတော့ တပ်ဘက်ကလာပြီး (၆)လအတွင်း(၁၉၅၉ ဧပြီလမကုန်မီ) ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ကတိကြောင့် အာဏာလွှဲပေးလိုက်ရတာ ဖြစ်ကြောင်းလို့ဆိုပါတယ်။အဲဒီကာလက ဦးနုအိမ်ကအောင်ပွဲခံပြန်လာတဲ့ စစ်ဗိုလ်များရဲ့ပုံကို သတင်းထောက်များက ရအောင် ရီုက်ယူနိုင်ခဲ့ပါတယ်။(ပူးတွဲပါပုံ။)
ဒီလိုနဲ့ စက်တင်ဘာ(၂၆)ရက်နေ့စွဲနဲ့ ဦးနုနဲ့ဗိုလ်နေဝင်းတို့ရဲ့ အပြန်အလှန်ပေးစာများထွက်လာပြီး အိမ်စောင့်အစိုးရတက်လာပါတော့တယ်။
အိမ်စောင့်အစိုးရက နောက်(၂)နှစ်အကြာ ၁၉၆၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီခေတ်ကာလ နိုင်ငံတကာသတင်းများက–ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရအပေါ်ဆန္ဒခံယူပွဲ–လို့ခေါ်ဝေါ်ခဲ့ပါတယ်။
တကယ်လည်း ဗမာပြည်သူတရပ်လုံးက-(စစ်တပ်နောက်ခံပြုထားတဲ့)တည်မြဲဖဆပလကို အပြတ်ဖယ်ရှားလိုက်ပြီးစစ်တပ်ကို နိုင်ငံရေးထဲက ပထမဆုံးအကြိမ် ပထုတ်လိုက်ပါတယ်။ ၁၉၆၀ မှာတက်လာတဲ့ ဦးနုရဲ့ပထစ(သန့်ရှင်းတဖြစ်လဲ)အစိုးရဟာ နိုင်ငံရေးသမားများအကြားမညီညွတ်ရင်၊ ပြည်တွင်းစစ်ကိုမရပ်နိုင်ရင် စစ်တပ်ကပဲကြီးစိုးဦးမှာမြင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးစားမှုတွေလုပ်လာပါတယ်။
ဒါပေမဲ့ပထစထဲမှာ ဦးဗိုလ်သခင်ဆိုပြီး ထပ်ကွဲကြပါတယ်။ ဒီတင် ၁၉၆၂မတ်လ(၂)ရက်နေ့မှာစစ်တပ်ကအပြတ်အာဏာသိမ်း
လိုက်ပါတော့တယ်။
၂။စစ်တပ်ရဲ့အပြော။(ဆိတ်ခေါင်းချိတ်လိုက်မှု)
ဒီ၁၉၅၈ နဲ့ ၁၉၆၂ စစ်တပ်ရဲ့အာဏာသိမ်းမှုများအပေါ် ကိုးကားစာအုပ် အမှတ်(၂)နှာ၃၃မှာ ဒီလိုရေးထားပါတယ်။
——အခြေအနေအရပ်ရပ်ကိုထောက်ချင့်၍ တပ်မတော်သည် နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်ဖြင့်ခြိမ်းခြောက်ရယူခဲ့သလော။သို့မဟုတ် ရုန်းထွက်ရန်အလွန်ခက်ခဲကျပ်တည်းနေသော နိုင်ငံရေးအကျပ်အတည်းများမှ ကယ်တင်လိုက်ခြင်းလောဆိုသည်ကို ဆန်းစစ်ဝေဖန်သုံးသပ်နိုင်ကြပါလိမ့်မည်။ တပ်မတော်သည် ထိုအချိန်ကဖြစ်ပေါ်နေသော လျော့ရဲရဲအခြေအနေအရပ်ရပ်တွင် မည်သည့် အချိန်မဆိုအာဏာသိမ်းယူနိုင်သည်သာဖြစ်ပေသည်။ သို့ရာတွင် တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်ခဲ့ပေ။ နိုင်ငံရေးသမားအချင်းချင်း ခုတ်ကြ၊ ဆော်ကြ၊ ကလော်ကြနှင့် ရန်စောင်ပြီး တိုင်းပြည်အရေးကို ဥပက္ခာပြုနေလင့်ကစား တပ်မတော်သည် ထိုအရေးများကို လေ့လာအကဲခတ်လျက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂရုတစိုက် ထမ်းဆောင်ကာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိခဲ့ကြောင်း မလွဲမသွေတွေ့ကြရပါလိမ့်မည်။ နောက်ဆုံးမဖြစ်နိုင် မတတ်နိုင်တော့ သည့်အဆုံးမှ လွှဲပြောင်းပေးအပ်လာသောတာဝန်ကိုယူခဲ့ရခြင်းဖြစ်ပေသည်။ ယူခဲ့ရသော်လည်း အာဏာကို လက်တွင်အမြဲဆုပ်ကိုင် မထားခဲ့ဘဲ ပေးထားသောကတိများအတိုင်း ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည့်အပြင် အနိုင်ရရှိလာသောအစိုးရကို စနစ်တကျပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းကပင် တပ်မတော်၏ရပ်တည်ချက်ကို ပြသခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနိုင်ငံရေးအကွဲရောဂါသည်အကင်းမသေနိုင်ဘဲ ဆိုးဝါးသောအကျိုးဆက်အဖြစ် ၁၉၆၂ ခုနှစ်တွင် ထပ်ဆင့်ရင်ဆိုင်တိုးလာရသည်ကို မည်သူမျှမငြင်းကွယ်နိုင်ခဲ့ပါချေ။
၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းယူခဲ့ရခြင်းမှာလည်း အလားတူအခြေအနေမျိုးများကို ထိုစဉ်က အာဏာရအစိုးရအနေဖြင့် နိုင်နင်းစွာကိုင်တွယ်နိုင်စွမ်း မရှိနိုင်တော့သည့်အပြင် ပြည်ထောင်စုကြီးပြိုကွဲ၍ လွတ်လပ်ရေးဆုံးရှုံးရတော့မည့် အခြေအနေဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့လာခြင်းကြောင့်ဖြစ်ပါသည်။ တပ်မတော်မှအာဏာယူခြင်းသည် အာဏာကို မက်မောတွယ်တာသဖြင့် အတင်းအဓမ္မ လုယူခဲ့ခြင်းမျိုးဟု ထင်စရာရှိသော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ဆိုရပါသော် အာဏာရပါတီတွင်း အစိတ်စိတ်ထပ်မံကွဲအက်လာခြင်းနှင့် ထိုအကွဲရောဂါအပေါ် အခြားသောပယောဂများ ဝင်ရောက်ပူးကပ်လာရခြင်းကြောင့်ဖြစ်ကြောင်းကို ထိုကာလကို သိမီလိုက်သူ မည်သူမဆိုဝန်ခံရပေလိမ့်မည်။ အမှန်တွင် ၁၉၅၈ ခုနှစ်ကာလများအတွင်းဆီက ဖြစ်ပေါ်လာသောဆိုးကျိုးများကို ဆက်လက်ခံစား ဖြစ်ပေါ်လာရသဖြင့်တပ်မတော်မှ ဝင်ရောက်ကုစားခဲ့ရခြင်းသာဖြစ်ပါသည်။—–တဲ့။
၁၉၆၂ မတ်လ(၂)ရက်နေ့ တိုင်းပြည်ကိုအသံလွှင့်ပြောခဲ့တဲ့ဗိုလ်နေဝင်းမိန့်ခွန်းမှာ—ပြည်ထောင်စုနိုင်ငံတော် အထူးယိုယွင်းလာသောအခြေအနေဆိုးတို့ကို ထိန်းသိမ်းသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း—လို့ပါပါတယ်။
အဲဒီတော့ ၁၉၅၈ မှာရော၊ ၁၉၆၂မှာရော စစ်တပ်က အာဏာသိမ်းရတာ အာဏာမက်လို့မဟုတ်။ တိုင်းပြည်အခြေအနေ ဆိုးဝါးလို့(နိုင်ငံရေးသမားတွေအသုံးမကျလို့) ဝင်ရောက်ထိန်းသိမ်းပေးရတာတဲ့။
ထို့အတူ-၁၉၈၈ မှာ နဝတအာဏာသိမ်းစဉ်ကလည်း ဒီလိုပဲ တိုင်းပြည်အခြေအနေတွေဆိုးနေလို့ ဝင်ကယ်ရတာပါလို့ပြောခဲ့ပါတယ်။
၁၉၅၈-၂၀၁၅အထိ(ကြားထဲမှာ၁၉၆၀-၆၂ ပထစအရပ်သားအစိုးရရှိခဲ့) အနှစ်(၅၀)ကျော် နာမည်အမျိုးမျိုးနဲ့ ဗမာပြည်ကြီးကို အုပ်ချုပ်လာတဲ့တပ်မတော်အစိုးရတွေ တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာသိရအောင် လက်တွေ့ဖြစ်ရပ်များကို ကြည့်ရအောင်ပါ။
၃။ စစ်တပ်ရဲ့လုပ်ဆောင်ချက်များ။ စစ်အာဏာရှင်စနစ်-ခွေးသားရောင်းခြင်း။
၁၉၆၂ ခု အာဏာသိမ်းချိန်မှာ ဖယ်ဒရယ်မူကို တိုင်းရင်းသားတွေကတောင်းဆိုလို့ တိုင်းပြည်ပြိုကွဲမှာစိုးသတဲ့။ ကိုလိုနီစနစ်၏ အမွေဆိုးဖြစ်သော ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကြီးသည် တစ်ခန်းရပ်၍ ချုပ်ငြိမ်းသွားရလေပြီလို့လည်း ကြွေးကြော်ခဲ့ပါတယ်။
၁၉၆၂ ဧပြီလမှာတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးကွမ်းယာဆိုင်ကအစ နိုင်ငံပိုင်သိမ်း ပါတယ်။
တကယ်တော့ ဗမာ့တပ်မတော်က အဲဒီခေတ်အဲဒီအခါကခေတ်စားနေတဲ့ ဆိုရှယ်လစ်-ဆိုတဲ့ဆိတ်ခေါင်းချိတ်ပြီး စစ်အာဏာရှင်စနစ် ခွေးသားကို စပြီးရောင်းခဲ့တာပါ။(တကယ် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသူများ ဘယ်သူဆိုတာအခုအခါ လယ်ပြင်မှာ ဆင်သွားသလိုရှင်းနေပါပြီ)
အဲဒီကာလက လက်ဝဲအမည်ခံ နိုင်ငံရေးသမားများကတောင် ဗိုလ်နေဝင်းကို ဗမာပြည်ကကက်စထရိုလို့ ကင်ပွန်းတပ်ခဲ့ပါသေးတယ်။
အဲသလို ပေါ်ပေါက်လာတဲ့ မဆလအစိုးရဟာ ၁၉၆၂-၁၉၈၈ ခုနှစ်အထိ ၂၆နှစ်ကြာ ဗမာပြည်ကြီးကို စိတ်တိုင်းကျအုပ်ချုပ်ခဲ့ပါတယ်။
နိုင်ငံရေးသမားတွေအသုံးမကျလို့၊ တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ် ယိုယွင်းလာတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကိုလည်း (၁)နှစ်အတွင်းရယူပေးပါ့မယ်လို့ ကတိတွေပြုခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးများဟာ ဘယ်နိုင်ငံရေးသမားမှ မရဖူးတဲ့စည်းစိမ်တွေ ဆွေစဉ်မျိုးဆက် စားမကုန်အောင် အခွင့်အရေးတွေယူ တကမ္ဘာလုံးလှည့် ပျော်ပျော်ရွှင်ရွှင်ကြီး ဇိမ်ခံခဲ့ကြတာပါ။ (မှတ်ချက်။ ကြည်ဝင်းစိန်ရေး တော်လှန်ရေးကောင်စီလက်ထက်-ကျွန်တော်နှင့်ဗိုလ်ချုပ်ကြီးများနဲ့ ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်များရှာဖတ်ကြည့်ပါ။)
အရင်ဖဆပလခေတ်မှာ တိုင်းရင်းသားထဲက ကရင်အမျိုးသားတွေရဲ့တော်လှန်ရေးတခုသာ ရှိခဲ့ပေမယ့် မဆလခေတ်မှာတော့ လူမျိုးစုထဲက လက်နက်ကိုင်တော်လှန်ရေး မလုပ်တဲ့လူမျိုးစုမရှိသလောက်ပါပဲ။ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုကလည်း အမျိုးမျိုးပါ။ တနိုင်ငံလုံးထောက်လှမ်းရေးကွန်ရက်ဖြန့်ပြီး ဘယ်သူမှမလှုပ်နိုင်အောင် လုပ်ထားခဲ့တာပါ။ ပြည်မကြီးက ထောင်များမှာသာမက ကိုးကိုးကျွန်းမှာတောင် ထောင်ဆောက်ပြီး နိုင်ငံရေးသမားများ(အထူးသဖြင့်လက်ဝဲသမားများ)ကိုပို့ခဲ့ပါသေးတယ်။
စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ မကြုံစဖူး ကျိကျိတက်ချမ်းသာလာပေမယ့် တိုင်းပြည်ကြီးကတော့ နိုင်ငံခြားကြွေးမြီတွေ မဆပ်နိုင်တော့ဘဲ၁၉၈၀ ခုနှစ်များမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ ခံယူလိုက်ရပါတယ်။
ဒိနောက် ရှစ်လေးလုံးအပြီးတက်လာတဲ့နဝတ-နအဖကရော–
၁။ ချမ်းသာမှုက ဘယ်မဆလဗိုလ်ချုပ်မှမမီဘူး။
၂။ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်း ရစရာမရှိအောင်ကျဆင်းသွား။
၃။ နိုင်ငံရေးအကျဉ်းသမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု မကြားရက်စရာ။
(ဒီဗွီဘီရဲ့ သာယာဝတီထောင်ရဲ့ သွေးစွန်းသောနေ့ရက်များသတင်းကား။ ဟံသာဝတီဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်များ။)
၄။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲ အထွတ်အထိပ်လို့ဆိုနိုင်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုရားသားတော် သံဃာတော်များကို ရက်ရက်စက်စက်နှိပ်ကွပ်မှု။ ဒါတွေအားလုံးအပြီးမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပေါ်လာပြီး ၂၀၁၀ မှာ စစ်ဗိုလ်ချုပ် တဖြစ်လဲ ဦးသိန်းစိန်အစိုးရပေါ်လာတယ်။ ဒီမိုကရေစီအကူးအပြောင်းတွေ ဖော်ဆောင်တယ်ဆိုပြီး သူတို့တတွေ အစိုးရသက်တမ်းကုန်ခါနီး တိုင်းပြည်ကိုအေးဓားပြတိုက်သွားတာ ကြည့်ပါ။(နိုင်ငံခြားထွက် ကျွန်ခံရတဲ့ လူဦးရေသန်းချီရှိလာတယ်။)
တလောက Mizzima TV (မဇ္စျိမ တီဗီ)ကဒုက္ခိတရဲဘော်များနဲ့ဗိုလ်ချုပ်ကြီးများ ဘဝကွာခြားချက်ဆိုတဲ့ သတင်းကားလေးကြည့်ပါ။
ဒါတွေအားလုံးက စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်ကြီးကို ဘယ်လောက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတာတွေကို ဘက်စုံကဖော်ပြနေတာပါ။
၄။ ပြည်သူလူထုရဲ့ပြတ်သားတဲ့သန္နိဋ္ဌာန်။
ဒီလောက် ပြည်သူတွေအပေါ် နှစ်ပေါင်း(၅၀)ကျော် နှိပ်စက်ခဲ့တဲ့ စစ်တပ်ကို ဗမာပြည်သူတွေက ဘယ်လိုသဘောထားခဲ့သလဲ။
အခွင့်ရရင်ရသလို နည်းသဏ္ဌာန်ပေါင်းစုံသုံးကာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ချပစ်ဖို့ ကြိုးစားနေတာပါ။။
(၁၉၆၀ ရွေးကောက်ပွဲ၊ ၁၉၈၈အရေးတော်ပုံ၊ ၂၀၁၅ ရွေးကောက်ပွဲ) စစ်တပ်နဲ့နီးစပ်တယ်လို့ယူဆရတဲ့ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ဘယ်တော့မှ နေရာပေးမှာမဟုတ်ပါဘူး။
အခုလည်း စစ်တပ်နောက်ဆုတ်ပေးသလိုနဲ့ အခရာအားလုံးကိုချုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ် နောက်ဆုံးခံတပ်အဖြစ် ချန်ထားတဲ့၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ရတဲ့နည်းနာပေါင်းစုံနဲ့ ဖျက်သိမ်းနိုင်ရေးကိုကြိုးစားနေကြပါတယ်။
စစ်အာဏာရှင်စနစ်ကို စတင်တည်ထောင်သူ ဗိုလ်နေဝင်းဟာဗ ိုလ်ချုပ်ကြီးတလှည့်လုပ်လိုက်-(ဦး)နာမည်ခံလိုက်နဲ့ ရာထူးအမျိုးမျိုးယူသွားတာ။ တခါ ဗိုလ်သန်းရွှေကလည်းအသက်(၇၀)ကျော် (၈၀)နီးပါးအထိ နိုင်ငံတော်အမြင့်ဆုံးခေါင်းဆောင်အဆင့်ကို ယူထားခဲ့တာ၊ဘယ်သူမှ ဘာမှပြောစရာမလို၊ ကိုယ့်စိတ်ကြိုက်လုပ်ဆောင်သွားနိုင်ခဲ့ကြတယ်။ သူတို့သာမက သူတို့နဲ့ခေတ်ပြိုင် မိုက်ဖော်ဆိုးဖက်ဗိုလ်ချုပ်ကြီးများပါ သားစဉ်မြေးဆက် စားမကုန်အောင်ချမ်းသာသွားကြတာ။
ဒီတော့ အခုလက်ရှိကာချုပ်ကြီးခမျာ သမ္မတလုပ်ချင်ရှာတာပေါ့။ ဒါမှရရှိထားတဲ့အခွင့်အရေးတွေကို ကာကွယ်နိုင်မယ်။ ဆက်လက်တိုးပွားအောင်လုပ်နိုင်မယ်။ ဒါပေမဲ့ သူသတိလစ်နေတာက နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေ၊ ပြည်သူတွေရဲ့စိတ်နေသဘောထားတွေ အများကြီးပြောင်းသွားပြီဆိုတာပါပဲ။
၁၉၅၈တုန်းကလို စစ်တပ်အနေနဲ့ ပြည်သူတွေကို အလွယ်တကူလိမ်လို့ မရတော့ပါဘူး။ အခုပဲကြည့်ပါ။ ကာချုပ် ပရမ်းပတာ ပြောသမျှတွေကို (သြဂုတ်လ(၁၉)ရက်နေ့ပင်လုံညီလာခံမိန့်ခွန်း) ပြန်ချေပပြောဆိုနေတာများ အားရစရာကြီး။ ကာချုပ်နဲ့သွားတွေ့တဲ့ ပါတီများကလည်း ဖြေရှင်းချက်အမျိုးမျိုးထုတ်နေရတာကလည်း တဒုက္ခ။
ဒါတွေအားလုံးက ပြဆိုနေတဲ့အချက်ကတော့—-
ဗမာပြည်သူတွေဟာ စစ်တပ်ကို သူ့နေရာမှန်ကို မဖြစ်မနေပြန်ပို့တော့မယ်ဆိုတဲ့အချက်ပါ။ ဗမာပြည်သူတွေအတွက် စွန့်လွှတ်ရမှာကနှောင်ကြိုးပဲဖြစ်ပြီး၊ ရနိုင်မှာက မိမိတို့အတွက် တကမ္ဘာလုံးရသလောက်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းတဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ စည်းလုံးညီညွတ်တဲ့ ဗမာပြည်သစ်ကြီးပါ။
ဒါကို အာဏာလောဘဇောမသတ်နိုင်သေးတဲ့ ကာချုပ်အပါအဝင် အဆင့်အသီးသီးက စစ်ဗိုလ်ချုပ်အဟောင်းအသစ်အားလုံးကို အရှင်ထွက် မထွက်ချင်ရင်တော့ဖြင့် အသေထွက် ထွက်ရလိမ့်မယ်ဖြစ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်ပါရစေ။
လှကျော်ဇော။၂၃-၈-၂၀၂၀။