လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်(စိုးပိုင်)

By | November 27, 2020

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်

(စိုးပိုင်)

အရေးတော်ပုံဂျာနယ် ၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအာဏာ သက်ဇိုး(ဆိုး)ရှည်ဖို့အတွက် နအဖစစ် အုပ်စုက စိတ်ကြိုက်အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးအရ ရှေ့တန်းခံကတုတ်တခုပဲ။ နောက်ဆုံးအခိုင်အမာ ခံကတုတ်ကတော့ သူတို့ပြောနေတဲ့ “တပ်မတော်ဆိုတဲ့ ခါးပိုက်ဆောင်ကြေးစားစစ်တပ်ပဲ။

စစ်အုပ်စုကို “စစ်သုံးစစ်” (စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရစီ ယန္တရား)လို့ ပြောတာဟာ စစ်အုပ်စုရဲ့သရုပ်ကို ပေါ်လွင်စေဖို့ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ စစ်အုပ်စုကိုယ်စားပြု ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီး ဒီချုပ်တောင်ပြိုကမ်းပြို အနိုင် ရကာ ရင်ကြားစေ့အစိုးရအဖြစ် အသွင်ပြောင်းသွားသော်လည်း၊ (စစ်အုပ်စုနှင့်အတူ) စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား(ကြေးစားတပ်အပါ)တို့ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ဒီရှေ့တန်းခံကတုတ်ကျလည်း နောက်ဆုံးခံကတုတ်ကိုအသုံးချပြီး သူတို့အာဏာကို အသေအလဲ ခုခံကာကွယ်ဦးမှာပဲဖြစ်တယ်။ ရှေ့တန်းခံကတုတ် ကျိုးပေါက်သွားရင် ပိုမိုစိတ်ချရအောင် တိုင်းပြည်နဲ့ပြည်သူလူထုဆီက လုယက်ရသမျှငွေတွေနဲ့ “ပြည်တွင်းရန်” ကိုချေမှုန်းဖို့ “စွမ်းအားပြည့်ဝတဲ့ ခေတ်မီတပ်မတော်ကြီး” ကိုတည်ဆောက်နေကြတာ အများမျက်မြင်ပဲ။

၂၀၀၈အခြေခံဥပဒေနဲ့အညီ “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” အရ“တရားဝင်”မှတ်ပုံတင်ကြရတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ ပေါ်ပေါက်လာတဲ့အစိုးရတွေ၊ လွှတ်တော်တွေဟာ၊ အမှန်တကယ်တော့ စစ်အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေဖို့ တည်ဆောက်ထားတဲ့ အသုံးချယန္တရားတွေသာဖြစ်တယ်။

ဒီယန္တရားတွေထဲကတခုဖြစ်တဲ့ ရွေးကောက်ပွဲမှာ စစ်အုပ်စုကခြွင်းချန်ပေးထားတဲ့ အရေးမပါတဲ့ အာဏာအရိုးအရင်းအတွက် နိုင်ငံရေးပါတီတွေဟာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲပြီး လူထုကိုမဲဆွယ်ကြရတယ်။ မိမိတို့ပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်ရင် “တိုင်းပြည်ကို ဘယ်လိုပြောင်းလဲ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ်”။ အမတ်လောင်းတဦးချင်းကလည်း မိမိမဲဆန္ဒနယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုဘာတွေ အကောင်အထည်ဖော်ပေးမယ် စတဲ့ စိတ်ကူးယဉ်ကြွေးကြော်သံတွေ ကတိတွေနဲ့မဲဆန္ဒရှင်တွေကို မဲဆွယ်ကြရတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်တာကာလအတွင်းက လက်တွေ့ဖြစ်ရပ်ကိုပဲကြည့်ရင် တိုင်းပြည်အခြေအနေ၊ ပြည်သူလူထုတွေရဲ့ဘဝတွေ ဘယ်လောက်တိုးတက် ပြောင်းလဲခဲ့သလဲဆိုတာ မြင်သာလှပါတယ်။

၂၀၀၈အခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၀ရွေးကောက်ပွဲမှာ အများကမျှော်လင့်ထားတဲ့အတိုင်း စစ်တပ်ကျောထောက်နောက်ခံ ကြံဖွံ့ပါတီက “အပြတ်အသတ်” အနိုင်ရသွားတယ်။ အစိုးရအဖြစ်တက်လာပြီး မကြာခင် စစ်ဗိုလ်လူထွက်သမ္မတက ” ပြုပြင်ပြောင်းလဲရေး”အပြောတွေ၊ ဟန်ပြအလုပ်တွေနဲ့ နိုင်ငံတကာနဲ့ပြည်သူလူထုကို ခဏတော့ လှည့်စားပြနိုင်ခဲ့တယ်။ နောက်ပိုင်းတော့ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ဘဝကတော့ ဒုံရင်းပြန်ဆိုက်တာပါပဲ။

၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲမှာတော့ တချိန်ကအတိုက်အခံပါတီဒီချုပ်က “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းနေတဲ့ ပြည်သူလူထုရဲ့ထောက်ခံမဲတွေနဲ့ “တောင်ပြိုကမ်းပြို” အနိုင်ရခဲ့တယ်။ အခု အစိုးရသက်တမ်း ငါးနှစ်နီးပါးသက်တမ်းအတွင်း ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ကတိတွေဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို လုံးဝအောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ အာဏာရှင်စနစ် နဲ့ ရင်ကြားစေ့ရေးဘက်ကို လှည့်သွား ခဲ့တယ်။

(ပထမအားဖြင့်) ရွှေဂုံတိုင်ရပ်တည်ချက်ကို ကျောခိုင်းကာ ၂၀၀၈အောက် ခေါင်းလျှိုခဲ့တဲ့ ဒီချုပ်ပါတီ ရွေးကောက်ပွဲဝင်ကတည်းက ၁၉၉၀ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး နိုင်ငံရေးလက်ဦးမှုမဲ့နေတဲ့စစ်အုပ်စု အသက်ရှုပေါက်ရသွားစေတယ်။ ၈ လေးလုံးကာလတလျှောက်လုံး ဒီချုပ်ကိုဝိုင်းရံပေးလာတဲ့ ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားအင်အားစုများအဖို့ နိုင်ငံရေးအကျပ်အတည်း ဖြစ်စေတယ်။

(ဒုတိယအားဖြင့်) အာဏာတပိုင်းရ လစ်ဘရယ်အစိုးရအနေနဲ့ ဦးကိုနီအသက်ပေးပြီး အကြံပြုခဲ့သလို ၂၀၀၈ စစ်တပိုင်းလွှတ်တော်ကိုဖျက်သိမ်း၊ ပြည်သူ့ညီလာခံခေါ်ယူ၊ ၂၀၀၈ ခြေဥကို (လူထုအားနဲ့ဖျက်သိမ်းတာ) အသစ်ပြန်လည်ရေးဆွဲတာကို (လွှတ်တော်တွင်း လွှတ်တော်ပ ပေါင်းစပ်တိုက်ပွဲ မဝင်နိုင်ရုံတင်မက) – စစ်အုပ်စုနဲ့ရင်ကြားစေ့ပြီး အခြေခံလူတန်းစား အမျိုးသားပြည်သူများအပေါ် ရန်လိုနေတာကြောင့် ဝင်ပြင်လမ်း(လွှတ်တော်တွင်းလမ်း)ဟာ ပိတ်သွားသလိုဖြစ်နေတယ်။”အတွင်း” နဲ့ “အပြင်” ဟန်ချက်ညီ ပေါင်းစပ် ပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေးစဉ်းစားပုံမှာ လူထုတိုက်ပွဲကို “ဖိအားပေးတဲ့ လက်နက်” အဖြစ်သာ သဘောထားပါတယ်။ လူထုတိုက်ပွဲကို အသုံးချအမြတ်ထုတ် ထုတ်တယ်၊ လူထုတိုက်ပွဲကို (နဂါးကြီးလိုပဲ) ကြောက်လည်းကြောက်တယ်၊ ဖြဲခြောက်စရာ လက်နက်အဖြစ်လည်း အသုံးချတယ်၊ “ပြုပြင်ရေး” အသေးစားလေးတွေ မလုပ်ရင် “ဝရုန်းသုန်းကားတွေ ဖြစ်လာပြီး ပြည်ပျက်လိမ့်မယ်”ဆိုတဲ့ စကားမျိုး ကို အများကြိုက် (ဓနရှင်အလွှာအမျိုးမျိုးအကြိုက်) စကားအဖြစ် သူတို့က ပြောရိုးပြောစဉ် စကားမျိုးလို ပြောတယ်။ ဒါပေမဲ့ လူထုက တကယ်တမ်းပေါက်ကွဲတော့မယ့်ပုံ ပေါက်တဲ့ အခါမျိုး ဆိုရင် သူတို့ကိုယ်တိုင်တောင် “လူထုတိုက်ပွဲ” စကား မဟရဲကြတော့ပါ။ လူထု ထိခိုက်နစ်နာမှာစိုးတယ်ဆိုတဲ့စကားနဲ့ လမ်းပေါ်လူထုတိုက်ပွဲတွေ မပေါ်ပေါက်အောင် ဟန့်တားထားတယ်။ ဒီနေ့ တိုင်းပြည်အများအပြားမှာ လမ်းပေါ်လူထုတိုက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပေါ်ထွက်လေလေ ကိုယ့်တိုင်းပြည်မှာ လူထုတိုက်ပွဲတွေ ပေါ်လာမှာ စိုးရိမ်လေလေ ဖြစ်နေကြပုံပဲ။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပရတဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီက အမတ်နေရာအများစုနဲ့ပဲအနိုင်ရရ၊ အနည်းစုနဲ့ပဲအနိုင်ရရ၊ သူတို့က နိုင်ငံရေးအရတော့ အမှန်တကယ်အနိုင်ရတာ မဟုတ်ပါဘူး။ တကယ်အနိုင်ရတာက စစ်အုပ်စုပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုဖန်တီးထားတဲ့ နိုင်ငံရေးဇာတ်ခုံမှာ အသုံးတော်ခံနေကြရတဲ့အဖြစ်ကို ကျရောက်သွားတာပဲဖြစ်တယ်။

၈၈ ဒီမိုကရေစီရေး လူထုအုံကြွလှုပ်ရှားမှုကြီးအတွင်းက ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုတွေအနေနဲ့၊ လွှတ်တော်တွင်းမှာ စစ်အုပ်စုက မသဒ္ဓါရေစာစွန့်ကြဲထားတဲ့ အခွင့်အာဏာအနည်းအကျဉ်းလောက်အတွက်၊ အချင်းချင်း ပြစ်တင်ဝေဖန်တိုက်ခိုက်ရင်း ဆက်လက်အသုံးတော်ခံနေကြရင် စစ်အာဏာဟာ ပိုပြီးခိုင်မာသည်ထက် ခိုင်မာနေဦးမှာပဲ။

အကယ်၍ စစ်အုပ်စုကဖန်တီးထားတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဘဝတူ ဒီမိုကရေစီပါတီတွေအနေနဲ့  ၂၀၀၈ဖျက်ရေးနဲ့(စစ်သုံးစစ်) ချုပ်ငြိမ်းရေးကို ဘုံနိုင်ငံရေးရည်မှန်းချက်ထားကာ အပြန်အလှန်လေးစားပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နိုင်ကြရင်တော့ သူတို့ပြောနေတဲ့ “လွှတ်တော်တွင်းတိုက်ပွဲ”ဆိုတာ တစုံတရာအဓိပ္ပာယ်ရှိမှာပါ။ ဒါတောင်မှ ကြီးမားတဲ့အကန့်အသတ်ဘောင်ထဲက ဒီလို လွှတ်တော်တွင်းတိုက်ပွဲမျိုး သက်သက်နဲ့တော့ ပြည်သူတွေအားလုံးလိုလားတဲ့ ၂၀၀၈ခြေဥဖျက်သိမ်းရေး စစ်သုံးစစ်အဆုံးသတ်ရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်ပါဘူး။

ဥပဒေတွင်းဒီမိုကရေစီအင်အားစုတွေကိုယ်တိုင်က ပြည်သူလူထုကိုအခြေခံတဲ့ လွှတ်တော်ပ၊ဥပဒေပ လူ့အဖွဲ့အစည်းအတွင်း လူတန်းစားတိုက်ပွဲသဘာဝအရဖြစ်နေတဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ လူမှုအခွင့်အရေးအမျိုးမျိုး ရရှိရေး လူထု လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေကို ဥပဒေတွင်းလုပ်ဆောင်ချက်များနဲ့ အားဖြည့် ပေါင်းစပ်နိုင်မှသာ သူတို့ကိုယ်တိုင်ပိတ်မိနေတဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်နိုင်တဲ့လမ်းစတခုကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဒီလိုဆောင်ရွက်နိုင်ကြမှလည်း စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ထိရောက်တဲ့ထောက်ခံမှုကို ရရှိကြမှာပါ။

စစ်အာဏာလွှမ်းမိုးနေဆဲ နိုင်ငံရေးအခြေအနေဆိုးကြီးကို ပြောင်းလဲနိုင်ဖို့ နဲ့စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးမှာ လွှတ်တော်ပြင်ပက လူထုလူတန်းစားအသီးသီးရဲ့ လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးလက္ခဏာဆောင်တဲ့ တိုက်ပွဲတွေကသာ အဓိကအခရာကျပါတယ်။ ဒီလူထုလှုပ်ရှားမှုတွေ တိုက်ပွဲတွေကတဆင့် ပေါင်းစည်းပေါ်ပေါက်လာမယ့် တော်လှန်ရေးကြီးတရပ်ကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒီတော်လှန်ရေးကြီးပေါ်ပေါက်လာဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ဆိုရင် တပါတီတအုပ်စုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲကာလက ဖတပလ (နောင်ဖဆပလအဖွဲ့)လို ကျယ်ပြန့်ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးတရပ် ဖွဲ့စည်းတည်ဆောက်ခဲ့သလိုမျိုး စစ်အုပ်စုကို အဓိကဘုံရန်သူအဖြစ်ဦးတည်ပြီး ၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံတရပ်ပေါ်ပေါက်ရေး၊ ဘုံလုပ်ငန်းစဉ်တရပ်နှင့်အတူ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ရှေ့တန်းရောက်နိုင်ငံရေးအင်အားစုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ (မူပေါ်အခြေခံတဲ့)ပြည်သူ့အင်အားစုစည်းမှုတရပ် လိုအပ်ပါတယ်။

ဒါမှသာ ဒီမိုကရေစီရေး ညီညွတ်ရေး ငြိမ်းချမ်းရေးအတွက် ၂၀၀၈ဖျက်သိမ်းရေး တရားတဲ့တိုက်ပွဲကို နိုင်ငံတကာက စာနာထောက်ခံမှု ပိုမိုရရှိနိုင်မှာဖြစ်တယ်။

ဒါမှသာ စစ်အုပ်စုရဲ့ ရှေ့တန်းနိုင်ငံရေးခံကတုတ်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိုသာမက နောက်ဆုံးခံကတုတ်ဖြစ်တဲ့ တလက်ကိုင်ခါးပိုက်ဆောင်စစ်တပ်ကိုပါ ယိုင်နဲ့ပျက်စီးအောင် ဖျက်ဆီးချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ခါးပိုက်ဆောင် ကြေးစားတပ်ကို ယိုင်နဲ့ပျက်စီးအောင်ချေမှုန်းရေးဆိုတာ စစ်တပ်ကိုအကြမ်းဖက် တွန်းလှန်တိုက်ခိုက်ရမှာသာမက နိုင်ငံရေးအရ စည်းရုံးဖြိုခွဲရေးလည်း ပါဝင်ရမှာဖြစ်ပါတယ်။

စိုးပိုင် ။၂၄ ၊ ၁၀ ၊၂၀၂၀

Leave a Reply

Your email address will not be published. Required fields are marked *