ဒီနေ့ဗမာပြည်မှာ သံဃာ့တိုက်ပွဲနဲ့ လယ်သမားလှုပ်ရှားမှုတွေ ပေါ်ထွက်လာ၊ ဒါ့အပြင် အလုပ်သမားတိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး ကျောင်းသားတိုက်ပွဲတွေကလည်း ထပ်ဆင့်ပေါက်ကွဲလာတော့ လူတွေက ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအုံကြွမှုကြီးတခု တွေ့မြင်လာရတော့မလားလို့ ပြောဆိုဆွေးနွေးလာကြပါတယ်။
နိုင်ငံရေးအလားအလာဆိုတာ ဗေဒင်ဟောသလို တွက်လို့မရပါဘူး။ အဲဒီလိုတွက်လို့လည်း မဖြစ်ပါဘူး။ သမိုင်းနဲ့ချီတဲ့ အလားအလာ – ဥပမာ ကိုလိုနီကျွန်ပြုခံနေရသူတွေ တနေ့မှာ မုချလွတ်မြောက်ရမယ်ဆိုတာမျိုး- ကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအဆင့်တွေကို ကြိုပြောဖို့ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိနေတော့ တိုင်းပြည်မှာ အာဏာရနေတဲ့ လူတွေတောင် ဒီလိုအတိအကျ၊ ဒက်ထိမပြောနိုင်ပါဘူး။
ဒီတော့ ဒီနှစ်တွေအတွင်း ဆက်တိုက်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေဟာ ဘယ်ဆီကို ရောက်မယ်ဆိုတာ အတိအကျ ပြောရခက်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၉၇၄-၇၅-၇၆ ခုနှစ်များဆီက အလုပ်သမား-ကျောင်းသား တိုက်ပွဲတွေလိုတော့ ဖြစ်မယ်လို့ မှန်းဆနိုင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဲဒီဆယ်စုနှစ်တခု မတိုင်မီက တိုက်ပွဲတွေက အစပြုခဲ့တာ၊ အဲဒီတိုက်ပွဲတွေ မပေါ်ခဲ့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး မပေါ်နိုင်ဘူးဆိုတာလို ဒီနေ့တိုက်ပွဲတွေဟာလည်း သမိုင်းမှာ ဘယ်လိုမှ ချေဖျက်လို့မရတဲ့ သမိုင်းအခန်းကတော့ ပါနေမှာပါ။ နောက်လာတော့မယ့် အရေးတော်ပုံကြီးအတွက် အင်အားစမ်းတာ၊ လူထုကို တပ်လှန့်တာတော့ မုချဖြစ်သွားပါလိမ့်မယ်။
ဒီနေရာမှာ အသေအချာထောက်ပြချင်တာတခုက အာဇာနည်သူရဲကောင်းတွေကို တိုက်ပွဲငယ်လေးတွေအတွက် အဆုံးရှုံးအနစ်နာခံခဲ့သူ၊ တိုက်ပွဲကြီးတွေအတွက် အဆုံးရှုံးအနစ်နာခံခဲ့သူ၊ အောင်ပွဲမရတဲ့တိုက်ပွဲအတွက် အဆုံးရှုံး အနစ်နာခံခဲ့သူ၊ အောင်ပွဲရတဲ့ တိုက်ပွဲအတွက် အဆုံးရှုံးအနစ်နာခံခဲ့သူရယ်လို့ မခွဲခြားသင့်ဘူးဆိုတာပါပဲ။ အားလုံးအတူတူပဲ ဖြစ်ပါတယ်။ တပါတည်း ပြောသင့်တာက စွန့်လွှတ်အနစ်နာခံတယ် ဆိုရာမှာ ပါမောက္ခနဲ့ကျောင်းသား၊ သူဌေးနဲ့အလုပ်သမား၊ အားလုံးအတူတူပဲ ဆိုတာပါ။ စွန့်လွတ်တာချင်းအတူတူ အခြေအနေအချက်အလက်ရှိသူက ဆုံးရှုံးနစ်နာတာ ပိုများတဲ့အတွက် သူတို့က ပိုကြီးမြတ်တယ်လို့ မပြောသင့်ပါဘူး။ အရေးကြီးတာဟာ အဆုံးရှုံးအနစ်နာခံမှုတွေ လုပ်ခဲ့ပြီး ပြန်ဘက်ပြောင်းမသွားဖို့ပါပဲ။ ကျဆုံးသွားသူကတော့ ပြောစရာမရှိဘူးပေါ့။
အခုလို လက်ရှိဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုမျိုးစုံကို လူထုကြီးက ကိုယ်တတ်နိုင်သလို ထောက်ခံကူညီနေကြရင်း တဖက်မှာလည်း ဘာဖြစ်လာမလဲလို့ မှန်းဆနေစဉ်မှာ တွေ့နေရတာက တချို့ကတော့ အခုအခါမှာ ဒါတွေကို အဆုံးအဖြတ်တိုက်ပွဲကြီးတခုလို အကုန်ပုံအောပြီး အသေအကျေ ခုခံဖျက်ဆီးနေကြပါတယ်။ အဲဒါကတော့ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်အာဏာပိုင်တွေပါ။ နောက်ပြီး သူတို့ကို ကာကွယ်နေတဲ့၊ သူတို့ကို မျက်နှာလိုအားရလုပ်နေတဲ့ သာယာစီးတွေ ဖြစ်ပါတယ်။
ဗိုလ်သိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ ရွေးကောက်ပွဲမတိုင်မီ တတ်နိုင်သလောက် အမှတ်ယူသွားမယ်လို့ စဉ်းစားထားပေမယ့် အခုလို လူထုလှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ များပြားပြင်းထန်လာတဲ့ အခါကျတော့ တောင်ရှည်ပုဆိုးကိုချွတ်၊ စစ်ဘောင်းဘီကို ကောက်စွပ်ပြီး သူတို့ကို ကန့်ကွက်ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းနေပါတယ်။ ဒါဟာ အိမ်ဖြူတော်ကို သူတို့တင်ထားတဲ့ အယူခံလွှာကို ပြန်ရုပ်သိမ်းသလို ဖြစ်လိမ့်မယ်ဆိုတာ သိရက်နဲ့ကိုပဲ နိုင်ငံသိ၊ ကမ္ဘာသိ ယုတ်မာပြ၊ လိမ်ညာပြ၊ ရက်စက်ပြနေတာ ဖြစ်ပါတယ်။ သူတို့ကို အာခံလို့ကတော့ သိသွားစေမယ်ဆိုတဲ့ သဘောမျိုးနဲ့ အားလုံးမြင်အောင် တမင်အပြတ် လုပ်ပြနေတာပါ။ ကိုးကန့်မှာ ရက်ရက်စက်စက် သတ်ဖြတ်ပြနေတာဟာလည်း ဒီသဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုသတ်ဖြတ် နှိမ်နင်းမှုတွေ အကြိမ်ကြိမ်လုပ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုး နောက်တန်းရောက်သွားတယ်ဆိုတဲ့ ဘေးထွက်အကျိုး ပေါ်လာတယ် မဟုတ်ပါလား။
သခင်ရှေ့တန်းထွက်ရင် ကျွန်လည်းနောက်ပါးက လိုက်ရတယ်ဆိုတာလို ဗိုလ်သိန်းစိန်ကိုယ်တိုင် ရှေ့တန်းတက်ပြီး ဆဲရေးပြ၊ လိမ်ညာပြတော့ သူတို့ကို မျက်နှာလုပ်သူများကလည်း ဒီပွဲမှာရှေ့တန်းထွက်လာပြီး သူတို့သခင်တွေ လုပ်သမျှကို ကာကွယ်နေတာတွေ ဆက်တိုက်လို တွေ့နေရပါတယ်။ ဒီလိုနဲ့ ဒီတကွေ့မှာ သူတို့လည်း သခင်လိုပဲ သူဌေးဖြစ်ခွေးဖြစ် အောရတာ ဖြစ်လာပါတယ်။ တကယ်ခွေးဖြစ်မှာပါ။ တိုက်ပွဲတွေ ဘာပဲဖြစ်သွားသွား အာဏာရှိတဲ့ သူတို့ရဲ့သခင်ဟာ အာဏာရှိနေသရွေ့ အာဏာအရှိန်နဲ့ မူလအဆင့်အတိုင်း ဆက်တည်တံ့နေနိုင်ပေမယ့် သခင်အားရကျွန်ပါးဝ လုပ်ခဲ့သူတွေကတော့ အခြေအနေတွေ ပြန်အေးသွားတဲ့အခါမှာ လူထုကြားထဲမှာ ပွင့်ကျ၊ နဂိုရှိခဲ့တဲ့ အဆင့်နေရာ လက်လွတ်ပြီး (လူငယ် စကားနဲ့ ပြောရရင်) ဟပ်ကော့ကြီး ဖြစ်နေခဲ့တတ်ပါတယ်။
ဒီနေ့ဒီပွဲမှာ ပြည်သူလူထုဘက်က အကုန်မအောကြသေးပေမယ့် ပြည်သူကိုဆန့်ကျင်သူတွေက အကုန်အောပြီး လုပ်နေတာကို သတိထားဖို့ ပြောတာပါ။ ပြည်သူလူထုအဖို့ကတော့ ဒီပွဲမှာ အကုန်အောသင့်ရက်နဲ့ မအောမိရင်အချိန်တခု ကျော်လွန်တဲ့အခါမှာ အလားတူအခွင့်အရေး ပြန်ပေါ်လာမှာပါ။ ပြည်သူလူထုဆန့်ကျင်ရေး လုပ်သူတွေအဖို့ကတော့ ဒီတခါ အောလိုက်တဲ့အတွက် သူတို့ဂုဏ်သိက္ခာတွေအားလုံး မြောင်းထဲရောက်သွားပါပြီ။
သူတို့နဲ့ပြောင်းပြန်ပဲ ဒီတိုက်ပွဲစဉ်တွေထဲမှာ ဂုဏ်ပြောင်စွာ ကျဆုံးခဲ့တဲ့၊ ဒဏ်ရာတွေရရှိ၊ ထောင်တွေကျခဲ့တဲ့ သူရဲကောင်းတွေကတော့ တိုက်ပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ မိမိတို့တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့အချက်တွေ အပေါ်မှာ ကြံ့ခိုင်စွာရပ်တည်နေသရွေ့ ဂုဏ်ပြောင်ပြီး ပြည်သူလူထုနဲ့သမိုင်းရဲ့ အသိအမှတ်ပြုခြင်းကို ခံကြရမှာပါ။ ခွပ်ဒေါင်းအလံအပါ တိုက်ပွဲဝင်အလံတွေဟာ ကိုယ်ကတခါထူခဲ့၊ လွှင့်ခဲ့တာနဲ့ တသက်လုံး ကိုယ့်ဟာဖြစ်သွားတော့တာမျိုး မဟုတ်ပါဘူး။ မသေမချင်း နိုင်ငံရေးလှိုင်းတံပိုးတွေရဲ့ စမ်းသပ်တာ၊ စစ်ဆေးတာကို ခံကြရပါတယ်။ သမိုင်းမှာ တကွေ့တုန်းကတော့ သူရဲကောင်း၊ နောက်တကွေ့ကျတော့ ဖွတ်ရှူးဆိုတဲ့လူမျိုးတွေ အများကြီးတွေ့ခဲ့ကြရပါပြီ။
နိုင်ငံရေးသံသရာဆိုတာကိုက တိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေပေါ်လာရင် သူရဲကောင်းနဲ့ သစ္စာဖောက်ရယ်လို့ ပေါ်လာတတ်တာချည်းပဲ မဟုတ်ပါလား။