ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား(မောင်မိုးဦး)

By | November 27, 2020

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား

(မောင်မိုးဦး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

—–

ဗမာပြည်မှာ ဒီမိုကရေစီရေးကိစ္စကိုပြောရင် တန်းတူရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဟာ တွဲဆက်ပါလာပါတယ်။ ဒီကိစ္စ ၃ ခုဟာ တပေါင်းတစည်းတည်းဖြစ်သလို တခုချင်းကိစ္စတွေလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တခုချင်းကိစ္စကိုကိုင်တွယ်တာနဲ့တပြိုင်တည်းမှာ တပေါင်းတည်းအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှ တပေါင်းတည်းအခြေအနေကိစ္စကိုကိုင်တွယ်တဲ့အခါမှာ တခုချင်းကိစ္စတွေနဲ့ ဟသဇာတဖြစ်ပြီး အောင်မြင်ချောမောတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။

ဗမာပြည်ပြည်တွင်းစစ်ဟာ ရှည်ကြာခဲ့သလောက် ပြည်တွင်းစစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကြိုးပမ်းမှု၊ လိုလားတောင့်တမှုဟာလည်း ရှည်ကြာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားတာနဲ့ တချိန်တည်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူမနာကိုယ်မနာ ငြိမ်းချမ်းရေးကိုလုပ်ဖို့ တောင်းဆိုကမ်းလှမ်းခဲ့တယ်။ ဆရာကြီးဆိုလိုတာက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲကြပြီး တန်းတူရည်တူညှိနှိုင်းဆွေးနွေးကာ ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီနည်းကျကျ ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ အဲဒီလို (ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတဲ့ နိုင်ငံရေးပြဿနာတခုချင်းကို အဆင်ပြေအောင်ကိုင်တွယ်ပြီး တပေါင်းတည်းဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးကြမယ်ဆိုရင် ဗမာပြည်ငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်တာကြာလောက်ပါပြီ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက လက်ခံကြတယ်။ အာဏာရအစိုးရအဆက်ဆက်က ငြင်းပယ်တယ်။ ငြင်းပယ်တဲ့ တကယ့်အကြောင်းရင်းက နယ်ချဲ့သြဇာကို မလွန်ဆန်နိုင်တာ အာဏာလက်မလွှတ်နိုင်တာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဗမာပြည်ပြည်တွင်းစစ်ဟာ ဒီလောက်ရေရှည်လာတာဖြစ်တယ်။ အမျိုးသားပြိုကွဲမှုဟာ နက်ရှိုင်းသည်ထက် နက်ရှိုင်းသွားတယ်။ စစ်အာဏာရှစ်စနစ်ထွန်းကားပြီး ဗမာပြည်ဟာ အဆင်းရဲအမွဲတေဆုံးနိုင်ငံ၊ အမျိုးသားဂုဏ်သိက္ခာ ကျဆင်းနေတဲ့နိုင်ငံ၊ ကျရှုံးနိုင်ငံဖြစ်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်နေပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို အုပ်စိုးသူဖဆပလအစိုးရက ငြင်းပယ်ပြီးနောက်မှာ တော်လှန်ရေးအင်အားစုတွေကို သောင်းကျန်းသူတွေ ရောင်စုံသူပုန်တွေဆိုပြီး သတ်မှတ်တယ်။ ကိုလိုနီခေတ်မတရားသင်းဥပဒေတွေနဲ့ မတရားသင်းတွေအဖြစ် ကြေညာတယ်။ အပြုတ်ချေမှုန်းပစ်ရေးပေါ်လစီ ချမှတ်ကျင့်သုံးတယ်။ လက်နက်ချရင် (အညံ့ခံရင်၊ အလင်းဝင်ရင်၊ လက်နက်နဲ့ဒီမိုကရေစီလဲရင်၊ ဥပဒေဘောင်ထဲဝင်ရင်၊ ပြည်သူ့စစ် Boarder guard လုပ်ရင်… ) လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ပေါ်လစီချမှတ်တယ်။ နယ်ချဲ့နိုင်ငံကြီးတွေအလိုကျ ကွန်မြူနစ်ဆန့်ကျင်ရေး အစွမ်းကုန်လုပ်တယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လိုလိုလားလားနဲ့လက်နက်ချသူရှိသလို မတတ်သာဘဲလက်နက်ချသူတွေ ပေါ်ပေါက်လာတယ်။

ဒီလိုနဲ့ ပြည်တွင်းစစ်တလျှောက် လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပျောက်သွားလိုက် နောက်တော့ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေတယ်။ အဲဒါဟာ ကနေ့အထိဖြစ်နေတယ်။ အုပ်စိုးသူဘက်ကလည်း ကွဲလိုက်ပြဲလိုက်ဖြစ်ပြီးနောက် စစ်အုပ်စုဖွဲ့တည်လာကာ ဝန်ကြီးချုပ်ဦးနုရဲ့ ပထစအစိုးရကို ဗိုလ်နေဝင်းစစ်အုပ်စုက ဖြုတ်ချအာဏာသိမ်းခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ထူထောင်တယ်။ စစ်ဗျူရိုကရေစီယန္တရား ကြီးထွားလာတယ်။ စစ်အုပ်စုမင်းဆက်တိုင်းဟာ ပြည်တွင်းစစ်ကို အပြုတ်ချေမှုန်းရေးပေါ်လစီပဲ ဆက်လက်ကျင့်သုံးပြီး ဖက်ဆစ်နဲ့ ကိုလိုနီနယ်ချဲ့သမားကျင့်သုံးခဲ့တဲ့ ပြည်သူဆန့်ကျင်ရေး ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်တာကနေ့အထိပဲ။ ၁၉၆၃ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ဖြစ်တယ်ဆိုရုံလောက်ပဲလုပ်ပြီး တဖက်သတ် ဖျက်သိမ်းပစ်ခဲ့တယ်။

ဆရာမသေခင် ငြိမ်းချမ်းရေးရတာ တွေ့သွားချင်တယ်ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း တိုင်းပြည်အခြေအနေတော့ ရှေ့မှာပိုဆိုးတော့မှာပဲလို့ ညည်းညူရှာတယ်။ တကယ်လည်း တိုင်းပြည်အခြေအနေဟာ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းသွားတယ်။

စစ်အုပ်စုအစဉ်အဆက်ဟာ နိုင်ငံတော်အာဏာနဲ့ တိုင်းပြည်ဘဏ္ဍာကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ပြီး စစ်ဗျူရိုကရေစီယန္တရားကြီးနဲ့ တိုင်းပြည်အုပ်ချုပ်ခဲ့တာ ကနေ့အထိပဲ။ 

စစ်အုပ်စုက စစ်အာဏာသိမ်းမှုကို တရားဝင်ဖို့အတွက် မဆလပါတီထောင်တယ်၊ ၇၄ အခြေခံဥပဒေ ဇွတ်ရေးဆွဲအတည်ပြုပြီး မဆလပါတီ၊ ကောင်စီ၊ လွှတ်တော်၊ အစိုးရထူထောင်တယ်။ တိုင်းပြည်မှာ နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊လူမှုရေး အဘက်ဘက်မှာ ဆုတ်ယုတ်ပျက်ပြားလာတယ်။ မှောင်ခိုဈေးကွက်နဲ့စစ်ဗျူရိုကရေစီလူတန်းစား ကြီးထွားလာတယ်။ 

တပါတီစစ်အာဏာအောက်မှာ ၆၂ ခု ၇ ဇူလိုင်မှစလို့- ၆၇ဆန်ပြဿနာ၊ ၆၉၊ ၇၀၊ ၇၄-၇၅-၇၆ လူထုတိုက်ပွဲများ အလယ် – ၁၉၈၈ ခုနှစ်ရောက်တဲ့အခါ ရှစ်လေးလုံးလူထုအုံကြွမှု ဒီမိုကရေစီအရေးတော်ပုံကြီး ပေါက်ကွဲတော့တာပဲ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို စစ်အုပ်စုက အကြမ်းဖက်နှိမ်နင်းပြီးနောက် မဆလပါတီကို ဘေးချိတ်လိုက်ကာ နဝတ-နအဖစစ်အစိုးရကို ပုံဖော်တယ်။ နဝတ-နအဖစစ်အစိုးရက လက်နက်ကိုင်တပ်ဖွဲ့အချို့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်တယ်လို့ဆိုတယ်။ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ အပစ်အခတ်ရပ်စဲထားပြီး ဦးတည်ရန်သူ လက်နက်ကိုင်အဖွဲ့အစည်းကို အပြတ်ရှင်းပစ်ဖို့ပါပဲ။ လက်တွေ့မှာ အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့အစည်းတွေနဲ့ ဘာနိုင်ငံရေးစကားမှ အပြောမခံဘဲ ဥပဒေပ/တရားမဝင် စီးပွားရေးလုပ်ငန်းတွေထဲ နွံနစ်အောင်လုပ်ပြီး အချင်းချင်းသွေးကွဲအောင် ဖန်တီးလိုက်တာဖြစ်တယ်။ ဦးတည်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တယ်။

မှောင်ခိုဈေးကွက်ကြီးဖြစ်တဲ့၊ နည်းလမ်းတကျမဟုတ်တဲ့ Informal စီးပွားရေးများဟာ ဗြောင်ပေါ်လာသလို စစ်အုပ်စုနဲ့ အမြီးစားဖက်ခေါင်းစားဖက် စီးပွားရေးသမား(ခရိုနီ)တွေလည်း သောင်းကျန်းလာတော့တယ်။ ဗမာပြည်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (LDC) ဘဝက မလွတ်ကျွတ်နိုင်ဖြစ်သွားတယ်။

ဗမာပြည်ဟာ မငြိမ်းချမ်းပါ။ နဝတ-နအဖအစိုးရလက်ထက်မှာ ပြည်ပနိုင်ငံတွေထွက် အလုပ်ကြမ်းမျိုးစုံလုပ်ရတဲ့လူတွေ၊ အိမ်နီးချင်းနိုင်ငံတွေရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရသူတွေ၊ ပြည်တွင်းမှာပဲ စစ်ဘေးဒုက္ခသည်တွေ ဖြစ်သွားတဲ့သူတွေ၊ ပြည်တွင်းမှာပဲ မိသားစုလိုက်နေရပ်စွန့်ခွာ ကြုံရာကျပန်းအလုပ်လုပ်ရသူတွေ၊ ကလေးအလုပ်သမားတွေ စသည်ဖြင့် အမြောက်အမြား ထွက်ပေါ်လာတယ်။ လူမှောင်ခိုကူးတဲ့ ဒုစရိုက်မှုတွေလည်း ကြီးထွားလာတယ်။

၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ (ဗိုလ်ချုပ်ကြီးတဖြစ်လဲ) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ တက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ်ထားတဲ့ ဥပဒေဖြစ်တော့ သူ့ကိုယ်သူ ဒီမိုကရေစီအစိုးရလို့ မပြောရဲပါဘူး။ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို (အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအောက်က) ဖော်ဆောင်မယ်လို့ပဲ ပြောပါတယ်။ အရင်စစ်အစိုးရတွေလိုပဲ လက်နက်ကိုင်အင်အားစုတချို့နဲ့ အပစ်အခတ်ရပ်စဲပြီး လက်နက်ကိုင်အဖွဲ့အချို့ကို ဦးတည်တိုက်တဲ့ပေါ်လစီပဲ ခန့်ခွဲပါတယ်။ လက်နက်ကိုင်အဖွဲ့အချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး NCA စာချုပ်ချုပ်တဲ့အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကာချုပ်မူ(၆)ချက်ကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အချို့ လက်မှတ်ထိုးဖို့ငြင်းဆိုပါတယ်။ တချို့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တိုက်ပွဲပြန်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ တနည်းနည်းနဲ့ လုံးပါးပါးပြီးပျက်စီးသွားဖို့ ချေမှုန်းပစ်ဖို့နဲ့ စစ်အာဏာရှင်စနစ် တည်မြဲဖို့ပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီချုပ်အစိုးရ တက်လာပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရတက်လာတဲ့အစိုးရဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီအစိုးရလို့ မကြေညာရဲပါဘူး။ ဒီမိုကရေစီအတွက် အပြောင်းအလဲလုပ်ပါမယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာ သမ္မတဦး(ဗိုလ်) သိန်းစိန်အစိုးရ လုပ်ခဲ့တဲ့အဆက်ကိုပဲ ကိုင်တွယ်လိုက်တယ်။ ကာချုပ်မူ(၆)ချက်အရ လှုပ်ရှားရတယ်။ ၂၁ ရာစုပင်လုံညီလာခံ ဆိုတာတွေဆက်ကျင်းပ ဖို့တောင် မနည်းတာစူနေရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ချိုသာယဉ်ကျေး ပညာပေးစကားလုံးတွေနဲ့ ရုပ်ပြကောင်းအောင် မနည်းကြိုးစားပမ်းစား ကျင်းပနေရပါတယ်။ ငြိမ်းချမ်းရေးအတွက် လွန်းထိုးလှုပ်ရှားနေရတဲ့လူတွေလည်း မအားရ၊ မနားရပါ။ အဆင့်ဆင့်လည်း လုံးပန်းကြပါတယ်။ အခုတော့ငြိမ်းချမ်းရေးလုပ်ငန်းကို ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်တက်လာတဲ့ အစိုးရလက်ကိုလွှဲလိုက်တဲ့သဘောတောင် ပြောနေပါပြီ။

ဒီချုပ်အစိုးရဟာ စစ်အုပ်စုရဲ့ ပြည်တွင်းစစ်အပေါ်ထားတဲ့သဘောထားကို မလွန်ဆန်နိုင်ပါဘူး။ ဒါကြောင့် မတရားအသင်း ဥပဒေတွေလည်း မဖျက်သိမ်းနိုင်ခဲ့ပါ။ တပြည်လုံး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ စေ့စပ်ဆွေးနွေးပွဲမျိုးလည်း မလုပ်နိုင်ခဲ့ပါ။ တဦးကိုတဦး မယုံမကြည်နဲ့ သတိကြီးကြီးထားတဲ့ သဘောတူညီချက်မျိုးကို အင်အားစုအချို့နဲ့ လက်မှတ်ထိုးတာပဲ လုပ်ဆောင်နိုင်ပါတယ်။ ပိုဆိုးတာက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တာ မတရားသင်းအဖြစ်ကြေညာတာဟာ အပြုတ်တိုက်ဖို့လုံးပန်းတာပါပဲ။ ဒါက နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ချိုးနှိမ်ပစ်ချင်တာဖြစ်တယ်။

ဗမာပြည်မှာ ထူးခြားချက်က အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ လက်နက်မကိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကို မလေးစားတာနဲ့ လက်နက်ကိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကို ရွံ့ကြောက်ကြီးဖြစ်နေတာပါပဲ။ အစိုးရအာဏာကို ချုပ်ကိုင်ထားသူတွေအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီးမှာ သဘာဝကျတဲ့လိုအင်ဆန္ဒတွေ ၊ တင်ပြတောင်းဆိုတာတွေ ရှိနေပါလားလို့ နားလည်လက်ခံကာ ပြေလည်စွာဖြေရှင်းလိုစိတ်နဲ့တန်းတူရည်တူသဘောထားမဆွေးနွေးနိုင်မချင်းပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဘယ်တော့မှအောင်မြင်ပြီးမြောက်မှာမဟုတ်ပါကြောင်း။ ။

မောင်မိုးဦး

Leave a Reply

Your email address will not be published. Required fields are marked *