နာဂစ်နဲ့ကိုဗစ်-၁၉(စောအယ်ထူး)

By | November 28, 2020

နာဂစ်နဲ့ကိုဗစ်-၁၉

(စောအယ်ထူး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီးရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲ့ဒီတုန်းက လူမျိုးစုံပြည်သူတရပ်လုံး၊ တမျိုးသားလုံးဟာ လွတ်လပ်ရေးကိုပဲ အာရုံစိုက်သလို နိုင်ငံရေးအင်အားစုအားလုံးဟာလည်း လွတ်လပ်ရေးအတွက် ဦးတည်လုံးပမ်းကြတာပဲဖြစ်တယ်။ လွတ်လပ်တဲ့အမျိုးသားတရပ်ရဲ့အကျိုးအတွက် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်တော့ ပြည်သူလူထုတရပ်လုံးအကျိုးရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ထပ်မံဖြည့်စွက် ပြင်ဆင်ချင်တဲ့ကိစ္စတွေအနည်းအပါးရှိတာကလွဲပြီး အခြေခံဥပဒေအကျပ်အတည်းမရှိပါ။ 

ဒါကြောင့် အဲ့ဒီအခြေခံဥပဒေအရရွေးကောက်ပွဲတွေဟာလည်း အကျပ်အတည်းမရှိပါ။ နိုင်ငံရေးအင်အားစုတွေရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်ကြပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျပ်အတည်းမဖြစ်စေခဲ့ပါ။ ပြည်သူလူထုက ကြိုက်တဲ့အင်အားစုကို မဲပေးနိုင်သလို မဲမပေးဘဲလည်း နေနိုင်ပါတယ်။

၁၉၇၄ အခြေခံဥပဒေဟာ စစ်အုပ်စုကအာဏာသိမ်းတာကို တရားဝင်စေဖို့ရေးဆွဲတဲ့အခြေခံဥပဒေဖြစ်တယ်။ ဟန်ပြလူထုဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်။ လူထုကမကြိုက်လည်း အဲဒီဥပဒေကိုအတည်ပြုတာပဲ။ အဲ့ဒီတုန်းက ဥပဒေတွင်းနိုင်ငံရေးအင်အားစုအားလုံးကို ဖျက်သိမ်းထားတာဖြစ်တယ်။ မီဒီယာဆိုတာတွေဟာလည်း အားလုံးလိုလို “ပြည်သူပိုင်”တွေဖြစ်ပါတယ်။ မဆလတပါတီတည်း တရားဝင်တည်ရှိစေတဲ့ အခြေခံဥပဒေဖြစ်တယ်။ စစ်အာဏာရှင်စနစ် တည်မြဲအခြေခိုင်စေဖို့နဲ့ ပြည်သူလူထုကြီး ဒုက္ခဆင်းရဲရောက်စေမယ့်အခြေခံဥပဒေဖြစ်တယ်။ အဲဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်တဲ့အခါ လူထုက မဆလပါတီကိုထောက်ခံမဲပေးရင် ပေး၊ မပေးရင်ကန့်ကွက်မဲပေးရတယ်။ လူထုကကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ မဆလတပါတီအာဏာရှင်စနစ်ပဲအနိုင်ရတော့ လူထုကြီးမှာမဆလပါတီရော၊ ရွေးကောက်ပွဲတွေအပေါ်မှာပါ ဘာမျှော်လင့်ချက်မှ မထားတော့တာတွေဖြစ်လာပါတယ်။ လူထုဟာ ကျဉ်းကျပ်မှုကိုခံစားလာရပါတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ လူထုကြီးက လူထုနည်းနဲ့ လူထုသဘောထားကို အဖြေပေးလိုက်တော့တာပဲ။ မဆလပါတီလည်းပျက်၊ ၇၄ အခြေခံဥပဒေလည်းပျက်တာပါပဲ။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်အုပ်စုက ဗိုလ်စောမောင်ကိုအာဏာသိမ်းစေပြီး လူထုကြီးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတယ်။ ပြီးတော့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ကတိနဲ့ လူထုကိုချွေးသိပ်ပြီး နဝတစစ်အစိုးရက စစ်အာဏာရှင်စနစ်တည်မြဲအောင် ကြိုးပမ်းပါတယ်။ နိုင်ငံရေးပါတီတွေဖွဲ့တယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကျင်းပတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နိုင်ငံရေးအင်အားစုတွေကို ဆက်ပြီးချိုးနှိမ်ပါတယ်။

နဝတ၊ နအဖစစ်အစိုးရဟာအနှစ် ၂၀ လောက်အချိန်ယူပြီး စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်တည်မြဲစေမယ့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူလူထုကို ဒုက္ခပင်လယ်ဝေစေမယ့် ၂၀၀၈ အခြေခံဥပဒေကိုအတည်ပြုလိုက်တယ်။ ဒါကြောင့်ဒီအခြေခံဥပဒေကို နာဂစ်အခြေခံဥပဒေလို့လည်းပြောကြတယ်။ ဒီအခြေခံဥပဒေဟာ စရေးဆွဲကတည်းကလူမျိုးစုံပြည်သူလူထုက မထောက်ခံပါ။ 

လူမျိုးစုံပြည်သူလူထုကို ကိုယ်စားပြုတဲ့နိုင်ငံရေးအင်အားစုအသီးသီးကလည်း ကန့်ကွက်ကြပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေဟာ စောစွာကတည်းက အကျပ်အတည်းဖြစ်နေတာကနေ့အထိပါပဲ။

နိုင်ငံရေးအင်အားစုတွေမှာလည်း ၂၀၀၈ အခြေခံဥပဒေအရပြုလုပ်တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးအကျပ်အတည်းဖြစ်လာတယ်။ ၂၀၁၀ ရွေးကောက် ပွဲမှာ ကြံ့/ဖွံ့အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကြံ့ဖွံ့ အနိုင်ရတယ်။ ကြံ့ဖွံ့ပါတီအစိုးရဟာ စစ်အစိုးရကိုအရပ်ဝတ်လဲထားတဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရဖြစ်သွားတယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတဦး(ဗိုလ်) သိန်းစိန်အစိုးရဟာ စစ်ဗျူရိုကရေစီယန္တရားကြီးကိုမောင်းနှင်ပြီး စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုကို ကာကွယ်ထိန်းသိမ်းလိုက်တယ်။ အဆင့်ဆင့်လွှတ်တော်တွေဟာလည်း အရပ်ဝတ်လဲထားတဲ့စစ်အစိုးရ၊ စစ်ဗျူရိုရေစီယန္တရားနဲ့ စစ်အာဏာရှင်စနစ်ကိုထိန်းကျောင်းရတဲ့ လွှတ်တော်တွေဖြစ်ကုန်တယ်။ တရားရေးဌာနတွေဟာလည်း မတရားတဲ့ဥပဒေတွေအရ စီရင်ဆုံးဖြတ်တာတွေဖြစ်ကုန်တယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒီချုပ်ဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ ဒီချုပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေထဲမှာ မတည်မငြိမ်ဖြစ်မှုဟာ ပိုပြီးပြင်းထန်သွားတယ်။ အကျပ်အတည်းတွေ တိုးပွားလာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ဒီချုပ်အမတ်တွေလွှတ်တော်ထဲမှာ သစ္စာဆိုရေး၊ မဆိုရေးအကျပ်တွေ့ပါတယ်။ ဒီချုပ်အလျှော့ပေးလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်က ၂၀၀၈ အခြေခံဥပဒေပြင်မယ်၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုပြီး ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်သံနဲ့ မဲအပြတ်အသတ်အနိုင်ရလိုက်တယ်။ အစိုးရဖွဲ့နိုင်ခဲ့တယ်။ ဒီမှာတင် ဒီချုပ်အစိုးရဟာဘေးကျပ်နံကျပ် အကြီးအကျယ်တွေ့တော့တာပဲ။ မဲဆန္ဒရှင်အများစုကြီးက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရဖြစ်ပေမယ့် စစ်ဗျူရိုကရေစီယန္တရားကြီးကို မောင်းနှင်ရပြီး၊ စစ်အာဏာရှင်စနစ်ကို ကာကွယ်ထိန်းသိမ်းရတဲ့အစိုးရပဲဖြစ်နေလို့ပါပဲ။ ဒီမိုကရေစီထွန်းကားအောင် ဘယ်အချက်ကစပြီး လုပ်နေပါပြီဆိုတာကို အစီစဉ်တကျ ဘာတခုမှ မလုပ်နိုင်ဘဲရှိနေခဲ့တယ်။ အရင်အစိုးရကလုပ်ထားခဲ့တဲ့အရှုပ်တွေကိုရှင်းနေရပါတယ်ဆိုတာနဲ့ပဲ ၂၀၂၀ ရွေးကောက်ပွဲအချိန်ကို ရောက်လာပါတယ်။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ အရင်သမ္မတ ဦး (ဗိုလ်)သိန်းစိန်အစိုးရ လုပ်ထားတဲ့အဆက်ကိုကိုင်ပြီး ၂၁ ရာစု ပင်လုံဆိုတာကိုလုပ်နိုင်ပါတယ်။ သဘောတူညီချက်တွေဘာတွေရတယ်။ ဘယ်နှစ်ချက်ရှိတယ်ဆိုတာပြောပြီး ကာချုပ်မူ (၆) ချက်ကိုမကျော်နိုင်တော့ အလုပ်အားလုံး အကောင်အထည်ဖော်ဖို့ ကျပ်တည်းနေချိန်မှာ ရွေးကောက်ပွဲချိန်ရောက်လာပြီဖြစ်တယ်။ 

တောင်သူလယ်သမားတွေရဲ့ မြေယာကိစ္စတွေလည်း ပွက်လောရိုက်နေတယ်။ စီးပွားရေးမှာလည်း ခရိုနီတွေ သောင်းကျန်းလို့ ကောင်းတုန်း၊ဦးပိုင်လီမိတက်က အားကောင်းနေတုန်း၊ ပြည်သူလူထုကြီးမှာ ခရုဆန်ကျွတ်ဖြစ်နေတယ်။ ဒီလိုအချိန်မှာကိုဗစ်-၁၉ ကလည်း ကပ်ဆိုးကြီးတခုဖြစ်ပေါ်လာနေတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုကြီးကို အကျပ်တွေ့စေတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ပြည်သူလူထုကြီးဟာ ၁၉၉၀ ပြည့်နှစ် မှာလည်းဒီချုပ်ကို အပြတ်အသတ်မဲပေးခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်ခွင့်မရဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ကိုအပြတ်အသတ်မဲပေးအနိုင်ရစေခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ လူထုကြီးရဲဆန္ဒနဲ့မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်မလာခဲ့ဘူး။ ဒီအတွက် လူထုကြီးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးရေး၊ မပေးရေးဆိုတဲ့ အကျပ်အတည်း ဆိုက်လာပါတယ်။ ဒီအကျပ်အတည်းကို ပိုဆိုးစေတာ ကိုဗစ် ၁၉ ပါပဲ။ ကိုဗစ် ၁၉ ကြောင့် လူတွေသွားလာလှုပ်ရှားရတာ ကျပ်တည်းတာကတကြောင်း၊ ရွေးကောက်ပွဲမှာ မျှော်လင့်စရာက ခပ်ရှားရှားဖြစ်နေတာကတကြောင်းကြောင့် လူထုကြီးမှာ နေ့ဖို့ညစာကလွဲပြီး ဘာမှစိတ်ဝင်စားတဲ့ပုံမပေါ်တော့ပါ။

ကနေ့ဗမာပြည်မှာ နိုင်ငံရေးအရ အရေးအကြီးဆုံးဖြေရှင်းရမှာ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးပဲဖြစ်တယ်။ လစ်ဘရယ်ဝါဒ လိမ်ညာမှုလှိုင်းအကြောင်းကို အတွေ့အကြုံအရသိရှိသွားကြတဲ့ လူထုကြီးဟာ ၂၀၂၀ ကိုဗစ်ရွေးကောက်ပွဲကို ၁၉၉၀၊ ၂၀၁၅ ခေတ်ကလို စိတ်မဝင်စားတော့ပါဘူး။ တော်လှန်တဲ့လူထုကြီးဖြစ်ပါတယ်။ ကိုဗစ်ကပ်က သဘာဝကပ်ဘေးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲနဲ့ ခြေဥအကျပ်အတည်းက လူလုပ်အကျပ်အတည်း ဖြစ်ပါတယ်။ ကိုဗစ်လွန် စီးပွားရေး နိုင်ငံရေး လူမှုရေး ပုံပန်း (Paradigm) ဟာ ကမ္ဘာနဲ့ချီ ပြောင်းလဲပါလိမ့်မယ်။

သမိုင်းမှာ သဘာဝကပ်ဘေးမျိုးစုံကို သဘာဝသိပ္ပံပညာ ထွန်းကားတိုးတက်လာတာနဲ့အမျှ ကျော်လွှားနိုင်ခဲ့သလို၊ လူလုပ်ကပ်ဘေးများ ဖြစ်တဲ့ နိုင်ငံရေး-စီးပွားရေးကပ်များကို လူမှုသိပ္ပံပညာဖြစ်တဲ့ နိုင်ငံရေးတိုက်ပွဲများဖြင့် ကျော်လွှားကြပါလိမ့်မယ်။

ဒီလောက်ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီးမှာ ပြည်သူလူထုကြီးဟာ အုပ်စိုးသူအဆက်ဆက်ကို နည်းမျိုးစုံနဲ့ဆန့်ကျင်ပြီး တော်လှန်ရေး အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ကူညီခဲ့ကြတယ်။ အသက်အိုးအိမ်စွန့်ကြတယ်။ ၈ လေးလုံးလို လူထုအုံကြွမှုတွေလည်းပေါက်ကွဲတယ်။ လူထုကြီးမှာ ကျပ်တည်းလွန်းမကကျပ်တည်းရင် ပေါက်ကွဲပါတယ်။ တော်လှန်သောသဘောတရားတရပ်က လူထုကြီးကို ချုပ်ကိုင်မိတဲ့အခါ ကြီးမားတဲ့ ရုပ်ဝတ္ထုအင်အားအဖြစ် ပြောင်းလဲသွားပါတယ်။

စောအယ်ထူး

Leave a Reply

Your email address will not be published. Required fields are marked *