ဒီနေ့အထိ ဂုဏ်ပြောင်၊ ဒီနေ့အထိ စံပြဖြစ်နေတဲ့ အရေးတော်ပုံကြီး

By | August 7, 2015

ဗမာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံလို့ ပြောလိုက်ရင် မျက်နှာဝင်းပသွားသူ၊ မျက်စိမျက်နှာ ပျက်သွားသူ၊ မျက်ရည်လည်လာသူ၊ မျက်နှာလွှဲသွားသူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အံကြိတ်တဲ့လူ၊ တက်ခေါက်တဲ့လူ ရှိသလို၊ သရော်ပြုံးပြုံးသူ၊ ကျေနပ်ပြုံးပြုံးသူတွေလည်း ရှိပါမယ်။

ရှစ်လေးလုံးရဲ့ တောင်းဆိုချက်တွေလို့ ပြောလိုက်ရင်လည်း တုံ့ပြန်ချက်တွေ အမျိုးမျိုးတွေ့ရမှာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ၊ တောင်းဆိုချက်တွေ ဘယ်အထိအကောင်အထည် ပေါ်ခဲ့ပြီလဲလို့ မေးလိုက်ရင် လေးလေးနက်နက်ပြန်ဆွေးနွေးတဲ့လူလည်းရှိ၊ ကိုယ်နဲ့မဆိုင်သလို ရှောင်ဖယ်သူ၊ ဒိတ်အောက်နေတဲ့/ခေတ်နောက်ကျတဲ့ ပြဿနာကို တင်လာရကောင်းလားလို့ နှာခေါင်းရှုံ့သူလည်း ရှိပါမယ်။ ဘာပဲပြောပြော စစ်အုပ်စုထိပ်သီးတွေကတော့ ဒီလိုငြင်းခုံနေတာကိုကြည့်ပြီး ဒူးနှန့် ပြုံးနေကြမှာ သေချာပါတယ်။

ဒီနေ့ဗမာပြည်ရဲ့သမိုင်းဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်တယ်လို့ဆိုရင် ကွဲလွဲမှု နည်းနိုင်ပါတယ်။ ဒါပေမဲ့ အရေးတော်ပုံကြီးက တောင်းဆိုခဲ့တာတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်တွေ မျှော်မှန်းခဲ့တာတွေ အကောင်အထည်ပေါ်ပြီလားလို့ မေးရင်တော့ လက်ရှိကိုယ့်အခြေအနေ၊ ကိုယ့်ရပ်တည်ချက်အပေါ် မူတည်ပြီး အဖြေအမျိုးမျိုး ပေးကြပါလိမ့်မယ်။

ဖြေကြည့်ကြရအောင်ပါ။

အလွယ်ဆုံး ခြုံပြီးပြောရမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဓိကဦးတည်ချက်ဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားရေးပါ။ ဒါဖြင့် ဒီကနေ့တိုင်းပြည်မှာ အုပ်စိုးနေတာဟာ စစ်ဗိုလ်တွေ ဟုတ်မဟုတ်ဆိုတာသာ ပြန်စဉ်းစားလိုက်ပါ။ တမတ်သားပေမယ့် သေနတ်ပါတယ်ဆိုတာ သတိပြုသင့်ပါတယ်။

နောက်တခု ပြောစရာရှိတာက စစ်ဝတ်စုံမဝတ်တာနဲ့ အရပ်သားဖြစ်ကရောတဲ့လား။ ရှစ်လေးလုံးက ဦးတည်တိုက်ခဲ့တာဟာ ခေါင်းပေါင်းတလူလူနဲ့ ဦးနေဝင်း၊ ဦးစိန်လွင်စတဲ့ အာဏာရှင်တွေ မဟုတ်ဖူးလား။ အရေးတော်ပုံရဲ့ အာဇာနည်တွေကို သတ်ဖြတ်ခဲ့တာကရော အခု လက်ရှိစစ်တပ်ပဲ မဟုတ်ဘူးလား။ ရွေးကောက်ပွဲ-ညီမျှခြင်း- ဒီမိုကရေစီလို့ ပြောရင်တော့ အားနာနာနဲ့ပဲ ဒါလောက်တောင် နုံရသလားလို့သာ ပြောလိုက်ဖို့ပဲ ရှိပါတယ်။ ဗမာပြည်က မဆလ ရွေးကောက်ပွဲသာမက ထိုင်း၊ အာဂျင်တီးနား စတာတို့မှာလည်း စစ်အာဏာရှင်တွေက သူတို့အာဏာရစေချင်သူ (သူတို့ရဲ့လူ) တွေ အာဏာရအောင် လုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲ သာဓကတွေ အနီးခေတ်သမိုင်းမှာကိုပဲ နည်းလို့လား။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို အဆုံးသတ်အောင် လုပ်ခဲ့တာဟာ ဘယ်တရားဥပဒေထဲမှာမှ မပါဝင်တဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းခွင့်ကို ဥပဒေနဲ့တောင် အတည်ပြုထားတယ်ဆိုတာ တွေးမိကြမယ် ထင်ပါတယ်။ တကယ်လို့သာ ရှစ်လေးလုံးအရေးတော်ပုံတုန်းက အာဏာပိုင်တွေဘက်က ဒီလိုဖွဲ့စည်းပုံနဲ့ အစိုးရတရပ် ထူထောင်ပေးပါမယ်လို့ အာမခံပါတယ်ပြောရင် အရေးတော်ပုံတပ်သားတွေက ဘယ်လိုပြောကြမလဲ ပြန်တွေးကြည့်ပါ။

အဖြေဟာ ရှင်းနေတယ် မဟုတ်ပါလား။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးပါလှတဲ့ ထူးခြားချက်တခုက ပြည်သူတွေအားလုံး စုစည်းညီညွတ်ကြတာ ဖြစ်ပါတယ်။ ခြေဆုံးခေါင်းဖျား လက်နက်အပြည့်တပ်ထားတဲ့ စစ်အာဏာရှင်တွေကို ရင်ဆိုင်ဖို့ဆိုရင် အားလုံးစည်းလုံးညီညွတ်ရမယ်ဆိုတဲ့ တရားကို ကိုင်စွဲခဲ့ကြလို့သာ အရေးတော်ပုံကြီးဟာ အခုလို ဂုဏ်ပြောင်၊ နိုင်ငံတကာက လေးစားစရာ ဖြစ်ခဲ့ကြတာပါ။ နောက်ပြီး အဲဒီညီညွတ်မှုကြီးကို ဟိုတယ်တွေ၊ ခန်းမဆောင်တွေထဲမှာ တည်ဆောက်ခဲ့တာ မဟုတ်ဘူး၊ လမ်းမတွေပေါ်မှာ တိုက်ပွဲအတွင်း တည်ဆောက်ခဲ့တာ ဖြစ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ပြောရရင် တိုက်ပွဲဝင်ညီညွတ်မှုပါ။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဗမာပြည်ပြည်သူလူထုတွေရဲ့ တိုက်ပွဲမျိုးစုံထဲမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ တပြည်လုံးလက္ခဏာအဆောင်ဆုံး၊ စစ်အာဏာရှင်တွေကို အခြောက်ခြားစေဆုံးလို့ဆိုရင် လုံးဝမမှားပါဘူး။ ဒါ့အပြင် အာဇာနည်တွေ အများဆုံး ကျဆုံးခဲ့တဲ့ တိုက်ပွဲကြီးလို့ဆိုရင်လည်း မမှားပါဘူး။ ဗမာပြည်ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ထွန်းကားရေး တိုက်ပွဲလမ်းကြောင်းကြီးပေါ်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ လမ်းပြကြယ်ကြီးလို ထွန်းလင်းနေမှာပါ။ ရှစ်လေးလုံးစိတ်ဓာတ်၊ ရှစ်လေးလုံးအတွေးအခေါ်ဟာ တိုက်ပွဲဝင်သူတွေရဲ့ ရင်ခုံသံနဲ့အတူ လိုက်ပါချီတက်နေမှာ သေချာလှပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ် ထာဝစဉ်အဓွန့်ရှည်ပါစေ။

ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားတဲ့အာဇာနည်ရဲ့ဂုဏ်ရောင် ထာဝစဉ်ထွန်းပြောင်ပါစေ။

Leave a Reply

Your email address will not be published.