တော်လှန်ရေး၏ လင်းယုန်နီနှင့်အတူ
သိန်းထွန်းနိုင်
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့် ဆောင်းပါး
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ကွန်မြူနစ်တော်လှန်ရေးသမား ရိုဇာလူဇင်ဘတ် ကျဆုံးတာ ၁၀၂ နှစ်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာ သူနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ ကားလ်လိဘနက် ကျဆုံးတဲ့နေလည်း ဖြစ်တယ်။ ကျဆုံးချိန်မှာ နှစ်ယောက်လုံး အသက် ၄၇ နှစ်သာ ရှိပါသေးတယ်။ လိဘနက်ထက် လအနည်းငယ်သာပိုကြီးတဲ့ ရိုဇာလူဇင်ဘတ်က ၁၉၀၁ ခုနှစ်မှာ လီနင်နဲ့စတွေ့ဖူးတယ်။ ၁၉၀၅ ခုနှစ်နဲ့၁၉၀၆ ခုနှစ် ရုရှားနဲ့အရှေ့ဥရောပ ပစ္စည်းမဲ့အုံကြွမှုတွေ ပေါ်ပေါက်တဲ့အခါ သူတို့အတော် ရင်းနှီးနေကြပါပြီ။ တယောက်နဲ့တယောက် သဘောတရားပိုင်း ကွဲလွဲမှုတွေ၊ အပြန်အလှန် ဝေဖန်မှုတွေလည်း ရှိခဲ့ကြပါတယ်။ ၁၉၂၂ ခုနှစ်မှာ ဂျာမန်မင်ရှီဗစ်တယောက်က လီနင်နဲ့သဘောထားကွဲလွဲမှုရှိတဲ့ ရိုဇာလူဇင်ဘတ်ရဲ့ရေးသားချက်တချို့ကို ပြန်ထုတ်ဝေဖို့လုပ်ပါတယ်။ ဒီလိုလုပ်တာဟာ ဓနရှင်လူတန်းစားအကြိုက် ဖြစ်လိမ့်မယ်လို့လီနင်က မှတ်ချက်ပြုတယ်။ သုံးသပ်ချက်တချို့မှားခဲ့ပေမယ့် ရိုဇာလူဇင်ဘတ်ဟာ တော်လှန်ရေးရဲ့လင်းယုန်ဖြစ်တယ်လို့ရုရှားပုံပြင်တခုကို ကိုးကားပြီး သူကချီးကျူးပါတယ်။
လင်းယုန်တွေဟာ တခါတရံမှာ ကြက်သားအုပ်မလောက် မြင့်မြင့်ပျံချင်ပျံမယ်၊ ဒါပေမယ့် ကြက်သားအုပ်မကတော့ လင်းယုန်လောက် ဘယ်တော့မှအမြင့်မပျံနိုင်ဘူး။……. အမှားတွေ၊ရှိလင့်ကစား သူမဟာ လင်းယုန်ဖြစ်ခဲ့တယ်။ ကျနော်တို့အတွက် လင်းယုန်ဖြစ်နေဆဲပဲ။ တကမ္ဘာလုံးက ကွန်မြူနစ်တွေက သူ့ကို မြတ်နိုးတန်ဖိုးထားကြမှာဖြစ်သလို သူ့အတုပ္ပတ္တိနဲ့သူ့ကျမ်းအကုန်လုံးဟာလည်း တကမ္ဘာလုံးက ကွန်မြူနစ်မျိုးဆက်ပေါင်းများစွာကို လေ့ကျင့်ပျိုးထောင်ပေးဖို့အသုံးဝင်တဲ့လမ်းညွှန်မှုတွေဖြစ်နေပါလိမ့်မယ်”လို့ လီနင်က ပြောခဲ့ပါတယ်။
ဥရောပမှာ ပထမကမ္ဘာစစ်မီး တောက်လောင်တော့ အလုပ်သမား လူတန်းစားတွေကို စစ်တိုက်ဖို့အသုံးချပေမယ့် ဓနရှင်လူတန်းစားနဲ့ လူ့မလိုင်တွေရဲ့အကျိုးစီးပွားအတွက် စစ်ပွဲကို ဖြေရှင်းကြလိမ့်မယ်ဆိုတာ သူရော သူ့ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ရုရှားကွန်မြူနစ်တွေပါ အခိုင်အမာ ယုံကြည်ထားကြတယ်။ ရိုဇာလူဇင်ဘတ်၊ ကားလ်လိဘနက်နဲ့တခြားရဲဘော်တွေက စစ်ဆန့်ကျင်ရေး၊ ဆိုရှယ်လစ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် စပါတာကပ်အဖွဲ့ချုပ်ကို တည်ထောင်ကြတယ်။ သူတို့ဦးဆောင်ခဲ့တဲ့ ဂျာမန်တော်လှန်ရေးဟာ ဂျာမနီပြည်မှာ ဒီမိုကရေစီ အုတ်မြစ်ချခဲ့တယ်လို့ဆိုကြတယ်။
ဒီတော်လှန်ရေးမှာ အမျိုးသမီးရဲဘော်တွေ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ သမိုင်းဆရာတွေက ရဲဘော်မ ၂၅၆ ယောက်ကို ဖော်ထုတ်နိုင်ခဲ့သလို ဆက်လက် ရှာဖွေဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။ ဒီအထဲက ၅ ယောက်ကတော့ ဂါးထရုဗော်လ်ကာ၊ မာသာရီးဒ်၊ ဟီးလ်ဒါးကရားမား၊ လိုလာလန်းဒေါနဲ့ကလဲယွန်းတို့ဖြစ်တယ်။ ဗော်လ်ကာနဲ့ရီးဒ်က ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကီးလ်ဇာတိဖြစ်တယ်။ ဗော်လ်ကာက အလုပ်သမားသမဂ္ဂဝင်ဖြစ်တယ်။ တော်လှန်ရေးရဲ့ဗဟိုချက်ဖြစ်လာတဲ့ သမဂ္ဂရုံးချုပ်မှာ အလုပ်လုပ်ပါတယ်။ တော်လှန်ရေးကာလမှာ အသက် ၁၅ နှစ်သာရှိသေးတဲ့ ရီးဒ်ကတော့ မြို့ပေါ်က တော်လှန်ရေးသမားတွေအတွက် ဆက်သားလုပ်ခဲ့တယ်။ စစ်ဆန့်ကျင်ရေး၊ ဘုရင်စနစ် ဖျက်သိမ်းရေး လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဟီးလ်ဒါးကရားမားက မြူးနစ်မှာ တော်လှန်ရေးအောင်ပွဲခံပြီးလို့ဘာဗေးရီးယန်း ဆိုဗီယက်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကြောင်း ကြေညာပြီးတဲ့အခါ မြို့တော် စစ်တိုင်းမှူးရုံးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းပါတယ်။ အစိုးရလက်အောက်ကို မြူးနစ်ပြန်ကျသွားပြီးနောက်မှာ အဖမ်းခံရပါတယ်။ ၁၉၃၇ ခုနှစ်မှာ အင်္ဂလန်ကို ထွက်မပြေးခင် ဘာလင်နဲ့မော်စကိုက ကွန်မြူနစ်အစုအဖွဲ့တွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ အင်္ဂလန်ရောက်ပြီး နောက်မှာတော့ လေဘာပါတီအတွက် လုပ်ကိုင်ပေးခဲ့တယ်။
စာရေးဆရာမတွေ ဖြစ်ကြတဲ့ လိုလာလန်းဒေါနဲ့ကလဲယွန်းတို့ကတော့ တော်လှန်ရေးကာလမှာ ဘာလင်မှာပဲ ရှိနေကြတယ်။ လန်းဒေါက စစ်ဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ရေးသားဖြန့်ဝေခဲ့သလို ကလဲယွန်းကတော့ ဂျာမန်စစ်တပ်က စစ်ပြေးတွေကို နေစရာ၊ စားစရာ စီစဉ်ပေးခဲ့ပါတယ်။ တန်ပြန်တော်လှန်ရေး အကြမ်းဖက်မှုဖြစ်တော့ လက်နက်တွေ ဝယ်ယူစုဆောင်းပြီး မြို့တော်လမ်းတွေပေါ်မှာ သယ်ဆောင်ပေးတဲ့အလုပ်ကို စွန့်စွန့်စားစား လုပ်ခဲ့သူပါ။ လန်းဒေါက ၁၉၃၆ ခုနှစ်မှာ ပါလက်စတိုင်းကို ရွှေ့ပြောင်းသွားတယ်။ ကလဲယွန်းကတော့ ဂျာမနီမှာပဲ ကျန်နေခဲ့ပြီး နာဇီဆန့်ကျင်ရေး တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကွန်မြူနစ်လင်းယုန် ရိုဇာလူဇင်ဘတ်ရဲ့တောင်ပံခတ် လမ်းညွှန်မှုအောက်မှာ ရဲရဲတောက် စွန့်စားတိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသမီးရဲဘော်များထဲက တချို့ရဲ့ရုပ်ပုံလွှာများ ဖြစ်ပါတယ်။
ရည်ညွှန်း။
Vladimir Ilich Vs. Rosa Luxemburg — A Study Based On Lenin’s Writings
Beyond Rosa Luxemburg: five more women of the German revolution you need to know about
Beyond Rosa Luxemburg: five more women of the German revolution you need to know about (theconversation.com)
Rosa Luxemburg: freedom only for the members of one party isn’t freedom at all
Rosa Luxemburg: freedom only for the members of one party isn’t freedom at all (theconversation.com)