တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ (နိုင်မိုးအေး)

By | January 29, 2021

တောင်တရုတ်ပင်လယ်ထဲက တရုတ်အမေရိကန် အားပြိုင်ပွဲတွေ

(နိုင်မိုးအေး)

အမေရိကန် စစ်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်တရုတ်ပင်လယ်ထဲကို ချင်းနင်းဝင်ရောက် သွားခဲ့ပါပြီ။ ဒါက သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ တရုတ်ပြည်ရေးရာအယူအဆကို စတင် ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။

စစ်သင်္ဘော သီအိုဒိုရုစဗဲ့ တောင်တရုတ်ပင်လယ်ထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အတူ ဘိုင်ဒင်အစိုးရဟာ တရုတ်ပြည်ရေးရာ ထရန့်ပေါ်လစီတချို့ကို သဘောတူကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အဲဒါကတော့ တခြား မဟုတ်ပါဘူး။ တရုတ်အစိုးရက ဝီဂါတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်အစိုးရအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ပြောဆိုချက်ကို ဂျိုးဘိုင်ဒင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဝီဂါလူမျိုးတွေဟာ တရုတ်ပြည်အနောက်ပိုင်း စင်ကျန်းပြည်နယ်ထဲက အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပါ။ သူတို့ဟာ ရှေးနှစ်ပေါင်း များစွာကတည်းက ကိုယ်ပိုင်ဓလေ့ ကိုယ်ပ်ုင်ယဉ်ကျေးမှုတွေရှိခဲ့ပြီး ပြည်မကြီးနဲ့အတူ ဥမကွဲသိုက်မပျက် နေလာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီဒေသအတွင်း ခွဲထွက်ရေးလှုပ်ရှားမှုပေါ်ပေါက်လာပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ပျက်ပြားခဲ့ပါတယ်။

တရုတ်ပြည် ဗဟိုအစိုးရဟာ ပြဿနာအတော်များများကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရမှာ အကဲဆတ်တဲ့ ပေါ်လစီတချို့ရှိပါတယ်။ အဲဒါတွေကတော့ နယ်စပ်ဒေသပြဿနာတွေ၊ တရုတ်ပြည်နယ်နိမိတ်ကို ထိခိုက်မယ့်အရေးကိစ္စတွေနဲ့ တရုတ်ပြည်ပိုင်နက်ကို ကျူးကျော်မယ့်ကိစ္စတွေပါ။ အခြေအနေသဘာဝ မတူညီမှုကြောင့် အမျိုးမျိုးခွဲပြောနေရပေမယ့် ကိစ္စရပ်က တခုတည်းပါ။ တရုတ်ပြည်ဟာ သူစိုးမိုးအုပ်ချုပ်ထားတဲ့နယ်မြေ(အချုပ်အခြာ အာဏာပိုင်နက်နယ်မြေ)ကို ဘယ်လိုနည်းနဲ့မှ အထိအခိုက် မခံဘူးဆိုတဲ့သဘောပဲ။

ဒီအထဲမှာ ဟောင်ကောင် မကာအိုနဲ့ ထိုင်ဝမ်ကျွန်းကိစ္စတွေလည်း အပါအဝင်ဖြစ်တယ်။ ဟောင်ကောင်နဲ့မကာအိုဟာ တရုတ်ပြည်လွတ်မြောက်တဲ့နောက်မှာ အငှားစာချုပ်ကျန်ပြီး ပေါ်တူဂီလက်အောက်က မလွတ်မြောက်ဘဲကျန်နေတာဖြစ်ပြီး ထိုင်ဝမ်ကတော့ သီးခြားပြဿနာပါ။ ၁၉၄၉ ခုနှစ် တရုတ်ပြည် လွတ်မြောက်ရေးစစ်ပွဲအောင်နိုင်ချိန်မှာ ချန်ကေရှိတ်က ထိုင်ဝမ်ကျွန်းကိုထွက်ပြေးရတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ အမေရိကန်ကိုယ်တိုင် သဘောတူခဲ့ပြီးသားပါ။ ဒါပေမဲ့ ဒီကနေ့ တရုတ်အမေရိကန်ဆက်ဆံရေး ပြန်တင်းမာလာချိန်မှာ ထိုင်ဝမ်ကို သီးခြားလွတ်လပ်တဲ့နယ်မြေအဖြစ် ပုံဖော်ပြောဆိုမှုတွေရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေအငြင်းပွားမှုမှာလည်း ပစိဖိတ်သမုဒ္ဒရာ နှုတ်ခမ်းပေါ်က အနားသတ်နိုင်ငံ အတော်များများ ပါဝင် ပတ်သက်နေပြန်တယ်။ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာရေပြင်ဟာ အင်မတန်ကျယ်ဝန်းပါတယ်။ အငြင်းပွား ကျွန်းစုတွေ ဟာလည်း ကျွန်းသိမ်ကျွန်းမွှားတွေဖြစ်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဧရာမ ရေနံနှင့်ဓာတ်ငွေ့သိုက်ကြီးတွေ ရှာဖွေ တွေ့ရှိလာပြီးနောက်မှာ ဒီဒေသဟာ စစ်ရေး စီးပွားရေးအရ အကဲဆတ်တဲ့ဒေသအဖြစ် တမုဟုတ်ချင်း ကူးပြောင်းသွားပါတယ်။ ကမ္ဘာ့အကြီးဆုံး ငါးဖမ်းလုပ်ငန်းတချို့အပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ ကမ်းရိုးတန်းဒေသတွေကနေ အရင်းအမြစ်ထုတ်ယူဖို့ အတွက် စိတ်ဝင်စားမှုတွေဖြစ်လာတယ်။။ ဒီအရင်းအမြစ်တွေက အရှေ့တောင်အာရှကမ်းရိုးတန်းနေ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းကြီးလည်း ဖြစ်နေတာပါ။ ဒေသတွင်းမှာ ဒီလို ပဋိပက္ခအသွင်ဆောင်လာတာနဲ့တပြိုင်နက် အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာပါတယ်။

ထိုင်ဝမ်ပြဿနာကို အကြောင်းပြုပြီး တရုတ်ပြည်တွင်းရေးကို စွက်ဖက်ဖို့ကြိုးစားနေတဲ့ အမေရိကန်ရဲ့ အကြံအစည်ဟာ နျူကလီးယားစစ်အထိ ကြီးထွားသွားနိုင်တဲ့ ရန်စမှုတွေထဲက တခု ဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူများက ဆန့်ကျင်ကြရမှာပါ။

ပရာတပ်စ် ကျွန်းစုတွေအနီးက သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နိုင်ငံ ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အတော်လေး ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်ဝမ်ကပြောလိုက်တဲ့ စနေနေ့မှာပဲ အမေရိကန်ရဲ့ စစ်သင်္ဘောအုပ်စုဟာလည်း တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ အဲဒီ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ ကြည်းရေလေ ပူးတွဲတိုက်ခိုက်မှုမျိုးစုံပြုလုပ်နိုင်တဲ့ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၃ ပုံ ၂ ပုံဟာ တောင်တရုတ်ပင်လယ်ထဲကနေ ဖြတ်သန်းသွားလာနေတာကြောင့် အမေရိကန်အနေနဲ့ ဒီဒေသမှာ ဆက်ရှိနေဖို့က အရေးကြီးတယ်လို့လည်း အမေရိကန် စစ်ရေယာဉ်အုပ်စုရဲ့ ရေတပ်ဗိုလ်ချုပ် ဒေါ့ခ်ဘာရစ်ဆီမို (Doug Verissimo) က ပြောပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ စစ်ရေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင်ကျွန်းစုတွေနားကို ပိုပြီးတော့ ကပ်လာနေတယ်လို့ ပြောဆိုနေပါတယ်။

တရုတ်ပြည်ရဲ့ ကန့်ကွက်ပြောဆိုမှုတွေ ပြင်းထန်လာတဲ့နောက် ဘိုင်ဒင်အစိုးရဟာ သီအိုဒိုရုစဗဲ့ကို အားဖြည့်တဲ့အနေနဲ့ နောက်ထပ် ပဲ့ထိန်းတပ်ဒုံးကျည်ပစ်နိုင်တဲ့ စစ်သင်္ဘော ၃ စင်း ထပ်လိုက်သွားခဲ့ပြန်ပါတယ်။ ဒါက ဘိုင်ဒင်အစိုးရဲ့ တရုတ်ပြည်ပေါ်လစီကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြသလိုက်တာပါ။ ဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် ခန့်မှန်းပြောဆိုနိုင်တာက ဘိုင်ဒင်ခေတ် တရုတ်အမေရိကန်ဟာ ကုန်သွယ်ရေးစစ်ပွဲဟာ ဆက်ပြီး ပြင်းထန်နေဦးမယ် ဆိုတာပါပဲ။ ဒါ့အပြင် ဒီကုန်သွယ်ရေးစစ်ပွဲရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုဟာ နာလန်မထူနိုင်ပဲ ဖြစ်နေဦးမှာပါ။

တရုတ် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ပြည်က အမေရိကန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ ၂၀၂၈ ခုနှစ်မှာ တရုတ်ပြည်ဟာ အမေရိကန်ကိုကျော်တက်ပြီး ကမ္ဘာ့စီးပွားရေး နံပါတ် ၁ အင်အားအကြီးဆုံး နိုင်ငံဖြစ်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းတွက်ချက်မှုတွေ ရှိနေပါတယ်။ ဒီလို ဖြစ်စေဦးတော့ အမေရိကန်ရဲ့ စစ်အင်အားက တရုတ်ပြည်ထက် အဆအင်မတန် သာလွန်နေဆဲဖြစ်ပါတယ်။ အမေရိကန်ဟာ မိမိရဲ့ အစစအရာရာ သာလွန်မှုအနေအထား၊ လက်ဝါးကြီးအုပ်အနေအထားကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဘာမဆိုလုပ်တဲ့ဖြစ်စဉ်အတွင်းမှာ ကမ္ဘာ့ပြည်သူများရဲ့ဘဝကို စတေးတော့မှာပါ။ ကမ္ဘာ့ပြည်သူများအနေနဲ့ ဒီကံကြမ္မာကို အုပ်စိုးသူလူတန်းစားလက်ထဲ ပုံအပ်မထားသင့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *