စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ

By | February 23, 2023

စည်းလုံးခြင်းဟာ အမြှောက်လက္ခဏာ

မြစမ်းအေး

ပါတီစုံစနစ်နဲ့ စစ်အာဏာရှင်စနစ်ဆိုတာ ပြဒါးတလမ်းသံတလမ်းပါပဲ။ သန်းရွှေစစ်အုပ်စုက အင်ဒိုနီးရှားဆူဟာတိုရဲ့ ဂိုလ်ခါပါတီကို အတုယူပြီး ၂၀၀၈ ကို ရေးဆွဲခဲ့တာပါ။ ၂၀၀၈ခြေဥမှာ ၂၅% အသာစီးယူထားတာတောင် စစ်အုပ်စု ရွေးကောက်ပွဲမနိုင်ဘူး။ လူထုက နိုင်ငံရေး အတွေ့ အကြုံများပြီး နိုင်ငံရေးအသိ နိုးကြားနေလို့ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲရှုံးလို့ အာဏာထပ်သိမ်းတာ ရှင်းပါတယ်။

လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတက သူတို့နိုင်ငံရဲ့ အတွေ့အကြုံကို လာပြောပြ စည်းရုံးဖို့ ဗိုလ်ချုပ်ကြီးတယောက်ကို လွှတ်ဦးမယ်ဆိုတော့ မင်းအောင်လှိုင်က စိတ်ဝင်စားပါ့မလား။ မင်းအောင်လှိုင်စစ်မျိုဆက် စိတ်ဝင်စားတာက စစ်အာဏာ အဓွန့်ရှည်ဖို့ပါ။ ပါတီစုံတွေ ဒီမိုကရေစီ တွေ ဖယ်ဒရယ်တွေ မဟုတ်ပါဘူး။

သူတို့က ၂၀၀၈ ခြေဥကိုလည်း ပြင်ဦးမယ်။ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီဥပဒေ စတာတွေကိုလည်း ပြင်ဦးမယ်။ ၁၉၇၄ မဆလတပါတီ အာဏာရှင်စနစ်ခြေဥလို (ဗြောင်လုပ်လို့ မကောင်းလို့) လက်ဝေခံပါတီအချို့နဲ့ အတုအယောင်ပါတီစုံကိုလုပ်ပြီး စစ်အာဏာရှင်စနစ် ပိုခိုင်မာအောင်၊ ရေရှည်တည်တံ့အောင် လုပ်နေတာပါ။ ဒေါ်စုနဲ့ဒီချုပ်ကို ဦးချိုးမှာပါ။ အပြတ်ရှင်းမှာပါ။ နိုင်ငံရေးရှင်သန်ခွင့် ပေးမှာမဟုတ်ပါဘူ။

ဦးနုတို့ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ သခင်စိုးတို့ စသည်ဖြင့် နိုင်ငံရေးသမားကြီးတွေ သူတို့မျိုး ဆက်တွေ စစ်အာဏာရှင်စနစ်အောက်မှာ ပြားပြားမှောက်သွားခဲ့ရတာတွေကို သင်ခန်းစာယူဖို့ လိုပါတယ်။ သူတို့ လုပ်ချင်တိုင်းလုပ်မရတာ ဗမာပြည်ကွန်မြူနစ်ပါတီပဲ ရှိပါတယ်။ ပြည်သူနဲ့အတူ အမြဲရပ်တည်ပြီး စစ်သုံးစစ်အပေါ် ရန်-ငါ အမြင်ရှင်းလို့ပါ။

လက်ရှိမှာ မအလစစ်အစိုးရက နိုင်ငံရေးအရ ခံစစ်ပါ။ စစ်ရေးအရလည်း ခံစစ်မရောက်သေးပေမယ့် ထိုးစစ်ကြီးတွေ မလုပ်နိုင်ဘဲ အကန့်အသတ်နဲ့ စစ်ဆင်ရေးကလေးတွေ နေရာအနှံ့ လုပ်နေရတဲ့ အနေအထားပါ။ ရန်သူဝိုင်းနေတာပါ။ တိုင်းပြည်စီးပွားရေးက အကန့်အသတ် တွေများလာ၊ စစ်စရိတ်ကပိလာ၊ နိုင်ငံတကာမှာ စစ်အုပ်စုပုံရိပ် ကျဆင်းလာနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂ အာဆီယံ အမေရိကန် အီးယူ ဂျပန် တရုတ် အိန္ဒိယ ရုရှား ထိုင်း စတဲ့ နိုင်ငံစုံက ဗမာပြည်အရေးကို အာရုံစိုက်လာကြပါတယ်။ ပထဝီနိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဒေသအရေးဖြစ်လာမှာ အပူကွက်ဖြစ်လာမှာကို (ကိုယ်စီရှုထောင့်က) စိုးရိမ်ကြတာလဲ ပါပါတယ်။ ကမ္ဘာ့အခြေအနေက ဧက ဝန်ရိုးနဲ့ ဗဟုဝင်ရိုး စည်းစနစ်သစ်အပြောင်းအလဲ အားပြိုင်နေတဲ့ကာလ ဖြစ်ပါတယ်။ တည်ငြိမ်လှ တာ မဟုတ်ဘူး။ ၂၁ရာစုမှာ အာရှ-ပစိဖိတ်ဒေသကြီးရဲ့ (Look East) အရေးပါမှုက ကြာလေ မြင့်မားလာလေ ဖြစ်နေတာပါ။

ဗမာပြည်အရေးကို ဗမာပြည်ပြည်သူတွေကိုယ်တိုင် ဖန်တီးရမှာပါ။ အာဏာသိမ်းစစ်ကောင်စီကို အဖိနှိပ်ခံပြည်သူတရပ်လုံး တစည်းတလုံးတည်း (လက်နက်ကိုင်တိုက်ပွဲကို အဓိကထား၊ ကျန်တိုက်ပွဲသဏ္ဌာန်အသီးသီးနဲ့ ပေါင်းစပ်ပြီး) တိုက်ရမှာပါ။ လူထုတိုက်ပွဲဒီရေဟာ လမ်းကြောင်း မှန်ပေါ် ရောက်နေပါပြီ။ စစ်အုပ်စုလုပ်သလို ဟိုလူ့မျက်နှာချိုသွေး ဒီလူ့မျက်နှာချိုသွေး လုပ်နေ လို့မဖြစ်ပါ။ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ရပါမယ်။ လက်နက်ကိုင်တိုက်ပွဲ အရှိန်မြှင့်ဖို့ နည်းပေါင်းစုံနဲ့ လုံးပန်းရပါမယ်။

စစ်အုပ်စုက အာဏာမြဲဖို့အရေး ပုတ်သင်ညိုလို အရောင်ပြောင်းတတ်တာ၊ ခွတုပ်လုပ် တတ်တာ၊ တိုင်းပြည်ကိုရောင်းစားတာ၊ ဗြောင်လိမ်ဗြောင်စားလုပ်တာမှာ အင်မတန်မျက်နှာပြောင်ပါတယ်။ စစ်အုပ်စုအဆက်ဆက် နေဝင်း သန်းရွှေ ခင်ညွန့် မင်းအောင်လှိုင် လုပ်နည်းလုပ်ဟန် အတူတူပါပဲ။

ပြည်ပမှာသာ အရောင်ပြောင်းတတ်တာ မဟုတ်ဘူး။ ပြည်တွင်းမှာလည်း အရောင်ပြောင်း တတ်ပါတယ်။ အတုအယောင်ဆိုရှယ်လစ်၊ ပါတီစုံဒီမိုကရေစီ၊ ဖယ်ဒရယ် (တကယ်ကဖက်ဆစ်) မျက်နှာဖုံးအမျိုမျိုးနဲ့ပါ။

ဒီချုပ်အမာလိုင်းက လက်နက်ကိုင်တိုက်ပွဲကို (မလွှဲမရှောင်သာပဲဖြစ်ဖြစ်) ရွေးလမ်းအနေနဲ့ တိုက်လာတာကို အသိအမှတ်ပြုကြိုဆိုပါတယ်။ ဗမာပြည်ရဲ့ အဓိကပဋိပက္ခဟာ (စစ်အုပ်စုကတဖက် – အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူများကတဖက်) ဖြစ်ပွားနေတဲ့ပဋိပက္ခ ဖြစ်ပါတယ်။ ဗမာလူမျိုးနဲ့ တိုင်းရင်းသားလူမျိုးများ ဖြစ်ပွားနေတဲ့ပဋိပက္ခ မဟုတ်ပါဘူး။ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေး တိုက်ပွဲမှာ (လူဦးရေအများစုဖြစ်တဲ့) ဗမာ(တိုင်းရင်းသား)လူမျိုးပဲလွတ်မြောက်ပြီး ကျန်တိုင်းရင်း သား လူမျိုးတွေ မလွတ်မြောက်ရင် တိုင်းပြည်လွတ်မြောက်တယ်လို့ မဆိုနိုင်ဘူး။ အလားတူပဲ ကျန်တိုင်းရင်းသားလူမျိုးတွေ လွတ်မြောက်ပြီး ဗမာလူမျိုးတွေ မလွတ်မြောက်ရင် တိုင်းပြည်လွတ် မြောက်တယ်လို့ မဆိုနိုင်ပါဘူး။

ပင်လုံစာချုပ်ဟာ တောင်တန်း မြေပြန့် မခွဲခြား တစည်းတလုံးတည်း လွတ်လပ်ရေးကို အတူ ရယူဖို့ နယ်ချဲ့အင်္ဂလိပ်က သွေးခွဲနေတဲ့ကြားက သဘောတူခဲ့တဲ့စာချုပ်ပါ။ လွတ်လပ်ရေးရပြီး အမျိုး သား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံးနေရတာဟာ တရားခံက စစ်အုပ်စုအဆက်ဆက်ပါ။

လွတ်လပ်ရေးရပြီး ၃လတောင် မပြည့်သေးဘူး ပြည်တွင်းစစ်ဖြစ်ပါတယ်။ စစ်တပ်ဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါလာတယ်။ ၁၀ နှစ်အကြာ ၁၉၅၈မှာ စစ်တပ်က အာဏာ (အစမ်း)သိမ်းပါတယ်။ ဒီနောက် အကြိမ်ကြိမ်သိမ်းပါတယ် ( ၁၉၆၂ -၁၉၈၈ – ၂၀၂၁)။ စစ်အုပ်စုမင်းဆက် (စစ်သုံးစစ်)ဟာ အာဏာသိမ်းအတွေ့အကြုံ အရိုးရင့်နေပါပြီ။

သူ့အာဏာခိုင်မာမှုအပေါ် မူတည်ပြီး ဦးတည်ရန်သူ ပြောင်းနေတာပါ။ လောလောဆယ် ဦးတည်ရန်သူဟာ NUG/CRPH ပါ။ PDF LPDF နဲ့ လက်နက်ကိုင် ပြောက်ကျားများပါ။ EAO များကိုလည်း သွေးခွဲစည်းရုံးနေပါတယ်။ စစ်အုပ်စုဟာ ရန်သူဝိုင်းနေလို့ ရိုဟင်ဂျာတောင်မှ မျက်နှာချို ပြန်သွေးနေတာ တွေ့နေရပါတယ်။

ဘုံရန်သူစစ်အုပ်စုကို ဦးတည်တိုက်ရာမှာ တော်လှန်ရေးလက်နက်ကိုင်အင်အားစုများ အားလုံး ပိုမိုသွေးစည်းညီညွတ်ခြင်းဖြင့်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ပြီး၊ တန်းတူတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းနိုင်တဲ့ တစည်းလုံးတည်းဖြစ်တဲ့ နိုင်ငံတော်တရပ်ကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရာမှာ အဖိနှိပ်ခံလူမျိုးပေါင်စုံပြည်သူများ စည်းလုံးညီညွတ်ခြင်းဟာ အမြှောက်လက္ခဏာ ဆောင်ပါတယ်။

မြစမ်းအေး (၂၀ မတ် ၂၀၂၃)

Leave a Reply

Your email address will not be published. Required fields are marked *