စစ်နဲ့ဒီမိုကရေစီ

By | February 7, 2014

တလောဆီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်ဘူး ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောသွားပါတယ်။

အဲဒီနောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဆိုတာမှာလည်း“ငြိမ်းချမ်းရေးမရလို့ရှိရင် ဒီမိုကရေစီကို ဘယ်လိုမှ သွားလို့ရမှာမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိုယူတာ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီမထွန်းကားဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် စီးပွားရေးမတိုးတက်ဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးမရှိနိုင်ဘူး။ အဲဒီလိုစဉ်ပြီး ပြောလိုက်ရင် ဟုတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ ဒီမိုကရေစီမရှိတာလား၊ ဒီမိုကရေစီ မရှိလို့ ပြည်တွင်းစစ်ဖြစ်တာလား။ သေချာ စဉ်းစားကြည့်သင့်ပါတယ်။ ဒီစစ်နဲ့ဒီမိုကရေစီပြဿနာဟာ ကြက်ဥနဲ့ကြက်မ ပြဿနာလို ဘယ်ဟာက အရင်လဲဆိုတာ ရှင်းမရတဲ့ပြဿနာမျိုး မဟုတ်ပါဘူး။

ဗမာပြည် ကိုလိုနီဘ၀ကို ပြန်စဉ်းစားပါ။ အဲဒီတုန်းက ဗမာပြည်မှာ ပြည်တွင်းစစ်မရှိပါဘူး။ ဒါပေမဲ့ ဗမာနိုင်ငံသားတွေဟာ ဒီမိုကရေစီကို အင်္ဂလိပ်က သဒ္ဒါသလောက်ပဲ ခံစားရပါတယ်။ နောက်ပြီး ၁၉၄၈ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ကိစ္စကို ပြန်ကြည့်ပါ။ အာဏာရနေတဲ့ အုပ်စိုးသူတွေက ပါတီရပ်တည်ခွင့်မပေးဘဲ လူတွေကို ဖမ်းဆီးချုပ်နှောင်ဖို့လုပ်လို့၊ တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနိမ့်ဆုံးအခွင့်အရေးကိုတောင် မပေးလို့ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်၊ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဆရာစံတို့ သူပုန်ထကြတာဟာ ဒီမိုကရေစီ မရလို့ ဖြစ်ပါတယ်။ ဆရာစံတို့သူပုန်ထလို့ အင်္ဂလိပ်က ဒီမိုကရေစီမပေးတာ မဟုတ်ပါဘူး။

ဒီနေ့အခါမှာလည်း ဆရာစံတို့ခေတ်ကလိုပဲ မြေတွေအလုခံနေရလို့ ကျေးလက်နေလူတွေတွေ ခေါင်းတရမ်းရမ်း- ဓားတစမ်းစမ်း ဖြစ်နေကြတာကို ပြန်စဉ်းစားစေချင်ပါတယ်။ ပြည်တွင်းစစ် ဖြစ်နေလို့၊ စစ်တိုက်နေတဲ့နေရာတွေမှာ စစ်တိုက်နေတုန်း ဒီမိုကရေစီကို ကန့်သတ်ထားတယ်ဆိုရင် တစုံတရာနားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခုဒီတိုင်းပြည်မှာ ဖြစ်နေတာက စစ်ဖြစ်တဲ့နေရာနဲ့ မိုင်ပေါင်းရာထောင်ဝေးတဲ့ နေရာတွေမှာ မြေလုခံရလို့ ဆန္ဒပြသူကို ဖမ်းတယ်၊ သတင်းမှန်ရေးလို့ အယ်ဒီတာအဖွဲ့ဝင်တွေကို ဖမ်းတယ် ဆိုတာမျိုးတွေပါ။ ကချင်ပြည်နယ်ထဲမှာ စစ်တိုက်တာနဲ့ ရန်ကုန်တိုင်းထဲမှာ မြေလုတာ ဘာဆိုင်သလဲ။ ညောင်ဦးကမ်းပါးပြိုလို့ စမ္ပါနဂိုကနွား ပေါင်ကျိုးတယ်ဆိုတဲ့အတိုင်း ဖြစ်ပါတယ်။

အရပ်ဝတ်စစ်အစိုးရ တာဝန်ရှိသူတွေက ဒီလိုပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ ဒီမိုကရေစီမရှိဘဲ ဖြစ်နေတယ်လို့ ဆိုတာမှာ ဒီနေ့ဒီမိုကရေစီခေါင်းပါးနေတာအတွက် လက်နက်ကိုင်တော်လှန်နေသူတွေမှာလည်း တာဝန်ရှိတယ်လို့ သေဖော်ညှိတဲ့သဘောလည်း ပါပါတယ်။

ဒီကနေတဆင့် ဆက်တွေးလိုက်ရင် ဒီနေ့ဒီတိုင်းပြည်မှာ ဒီမိုကရေစီမရှိတာ သဘာဝကျတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးမှ မရသေးဘဲကိုးဆိုတာ ဖြစ်လာပါမယ်။

အခုလို ပြည်တွင်းစစ်ကို လက်ညှိုးထိုးပြပြီး စစ်တပ်က လုပ်ချင်တိုင်း လုပ်လို့ရနေတယ်၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ဖို့အကြောင်းပြစရာ ဖြစ်နေတယ်ဆိုရင် ဗမာပြည်မှာ စစ်အုပ်စုအဆက်ဆက်က ဘာကြောင့်ပြည်တွင်းစစ်ကိုဖန်တီး၊ ပြည်တွင်းစစ်ကို ထိန်းသိမ်းထား၊ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်မပေါ်အောင် လုပ်နေတယ်ဆိုတာ ရှင်းသွားပါတယ်။

ဗိုလ်မင်းအောင်လှိုင်နဲ့ ဦးခင်အောင်မြင့်တို့ပြောတဲ့ တရားအရဆိုရင် ကလော့ဇ်ဝစ်ပြောတဲ့ “စစ်ဆိုတာနိုင်ငံရေးကို ပုံစံတမျိုးနဲ့ ဆက်လုပ်တာ ဖြစ်တယ်”ဆိုတဲ့ စကားကိုတောင် “နိုင်ငံရေးဆိုတာ စစ်ကိုပုံစံတမျိုးနဲ့ ဆက်လုပ်တာ ဖြစ်တယ်” လို့ ပြင်ရမလို ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *