ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဆင့် ရောက်နေတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေ

By | May 26, 2015

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ ထင်ရှားပေါ်လွင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းပြောရင် မပြောမဖြစ်ပြောရမယ့် အချက်က ဒီလှုပ်ရှားမှုတွေကို အာဏာရသူရဲ့လှုပ်ရှားမှုနဲ့၊ အာဏာရမဟုတ်သူတွေရဲ့လှုပ်ရှားမှုတွေလို့ အခြေခံကျကျ ခွဲခြားလို့ရတယ်ဆိုတာပါပဲ။ လက်ရှိပေါ်ပေါက်နေတဲ့လှုပ်ရှားမှုတွေဟာ ရည်ရွယ်ချက်အမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးပဲလို့ ဆိုရင်လည်းရပါတယ်။ စစ်ပွဲကအစ၊ လွှတ်တော်၊ ဆန္ဒပြပွဲအလယ် အခုနောက်ဆုံး မိမိကိုယ်မိမိ အဆုံးစီရင်တဲ့သဏ္ဍာန် အထိ မကြုံဖူး၊ မကြားဖူးတဲ့သဏ္ဌာန်တွေ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေကို ခေါင်းစည်းခွဲထည့်လိုက်ရင်တော့ လက်ရှိတည်ရှိနေတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရက ခွင့်ပြုထားတဲ့ နိုင်ငံရေးဘောင်အတွင်း စည်းကမ်းသေဝပ်စွာ လှုပ်ရှားတာနဲ့၊ ဒီဘောင်ခတ်ထားတာကြီးကို ဖောက်ထွက်လုပ်ကိုင်နေကြတာရယ်လို့ အထင်အရှား တွေ့ရပါလိမ့်မယ်။

ပိုပြီးထင်ရှားအောင် သရုပ်ခွဲပြောရရင် စစ်အစိုးရသဘောကျ၊ ခွင့်ပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်နဲ့ စစ်အစိုးရ သဘောမကျ ခွင့်မပြုနိုင်တဲ့ လှုပ်ရှားမှုသဏ္ဌာန်တွေလို့ ခွဲခြားနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံကြီးမှာ ဟိုတယ်ထဲမှာ ရှင်းလင်းပွဲကျင်းပပြီး ကိုယ့်သဘောထားဖော်ပြတာ၊ အချုပ်ကားပြတင်းပေါက်ကနေ လက်သီးဆုပ်ပြပြီး ကိုယ့်သဘောထားဖော်ပြတာ၊ ကိုယ့်ကိုယ်ကိုသတ်ပြီး သဘောထားဖော်ပြတာ စသဖြင့် အမျိုးမျိုးအဖုံဖုံ တွေ့နေရတာပါပဲ။ လမ်းပေါ်မှာ ဆန္ဒဖော်ပြသူကို အရပ်ဝတ် စစ်အစိုးရက ရိုက်နှက်ဖမ်းဆီး၊ သတ်ဖြတ်တာလုပ်ပြီး၊ လွှတ်တော်အတွင်း (သူတို့ခွင့်ပြုတဲ့ ဘောင်အတွင်းမှာသာ) တင်ပြသူတွေကိုတော့ လစာ ၁၀ သိန်းအထိ တိုးပေးပါတယ်။

မှန်ပါတယ်၊ ဒီလိုတပြိုင်နက်တည်း ပေါ်ပေါက်နေတဲ့ လှုပ်ရှားမှုတွေအထဲမှာ လွှတ်တော်တွင်း လှုပ်ရှားမှုတွေနဲ့ လွှတ်တော်အထဲမှာ နေရာရရေးအတွက် လှုပ်ရှားမှုတွေဟာ လမ်းပေါ်က ဆန္ဒပြပွဲအမျိုးမျိုးနဲ့ ပြဒါးတလမ်း၊ သံတလမ်း ကိုယ့်လမ်းကိုယ်သွားနေကြသလို ဖြစ်နေပါတယ်။ လွှတ်တော်တွေထဲမှာ ဒီဆန္ဒပြပွဲတွေကို ထင်ဟပ်တဲ့ တင်ပြပြောဆိုချက်တွေ ကြားရခဲလှပါတယ်။ ခက်တာက လွှတ်တော်ထဲကို တင်တာတွေထဲမှာ စစ်အစိုးရက တင်စေချင်တာတွေကလွဲရင် ကျန်တာတွေဟာ (Black Hole) တွင်းနက်ကြီးထဲ ရောက်သွားသလို ပျောက်ခြင်းကြီးမလှ ပျောက်သွားလေ့ရှိတာပါ။ ပြဿနာတွေဟာ အဲဒီကြပ်ပြေး လွှတ်တော်ထဲကို ရောက်သွားရင် လမ်းဆုံးသွားတာချည့်ပဲ ဖြစ်နေပါတယ်။

တကယ်က ဗိုလ်သိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ သူတို့ကြေညာမထားတဲ့ လမ်းပြမြေပုံတခုနဲ့ ရှေ့ကိုသွားနေတာပါ။ သူတို့ရဲ့ ဒီချီတက်ရာလမ်းကြောင်းကြီးကို မထိခိုက်ဘူး၊ သူတို့ပေးထားတဲ့ နှပ်ကြောင်းအတိုင်းသာဆိုလို့ကတော့ အသံဘယ်လောက်ပဲကျယ်ပါစေ သူတို့က“နောဇာနာမိ ငါမသိ”လုပ်ထားလိုက်တာပါပဲ။ ၂ဝဝဂဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ကြေညာ၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ပြီးတဲ့နောက်မှာ သူတို့သိမ်းတဲ့မြေ၊ ဖမ်းတဲ့ကျောင်းသားနဲ့ နိုင်ငံရေးသမား ဘယ့်ကလောက် များလာသလဲဆိုတာကို ပြန်ကြည့်သင့်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားဆန္ဒပြပွဲတွေနဲ့ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တုံ့ပြန်မှုတွေသာ မရှိရင် ဒီအရပ်ဝတ်စစ်အစိုးရဟာ “အာဏာခရီး၊ ပျော်ပျော်ကြီးမှာ ယီးလေးဆို”လို့တောင်နေမှာပါ။ ဒါပေမဲ့ အခုတော့ သူတို့ဟာ သူတို့လိုချင်တဲ့ သူတို့စိတ်ကြိုက်အပြောင်းအလဲတွေ ရှောရှောရှူရှူဖြစ်ပေါ်စေဖို့အတွက် ကိုပါကြီးလို “လက်စဖျောက်ပစ်သင့်သူတွေကို” လက်စဖျောက်ပစ်နေရပါတယ်။ ငါ့ဝမ်းပူဆာမနေသာလို့ မဟုတ်ဘဲ ငါ့အမျိုးဂုဏ်ရောင် စိန်ရွှေတွေနဲ့ ဝင်းပြောင်စေဖို့  သူတကာရဲ့ လယ်တွေမြေတွေကို လုနေရပါတယ်။ ပြည်သူတွေကို ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်တွေပေါ်အောင် လုပ်နေကြပါတယ်။ ငြိမ်းချမ်းရေးစကား ပြောတယ်ဆိုပါမှ တိုက်ပွဲတွေပိုပြင်း၊ လက်နက်အသစ်အဆန်းတွေကို ပိုသုံးနေတာ၊ ဒီမိုကရေစီ စကားတွေ ပြောပါမှ အကျဉ်းထောင်တွေထဲကို နိုင်ငံရေးအကျဉ်းသမားအရေအတွက် တိုးများနေတာ၊ လူမြင်ကွင်းမှာ ရိုက်နှက်သတ်ဖြတ်နေတာ၊ နိုင်ငံ့သယံဇာတတွေ ပြည်ပကို ဒလဟော စီးဆင်းထွက်နေချိန်မှာ စစ်အုပ်စုနဲ့ သူတို့အပေါင်းပါတွေရဲ့ ဘဏ်စာရင်းတွေထဲကို ဒေါ်လာတွေ ဒလဟောစီးဆင်းလာနေတာ၊ မမြင်ဟန်၊ မသိဟန် ဆောင်လို့မရတော့တဲ့ ဒီအခြေအနေတွေက ပြည်သူတွေကို သွေးစည်းကြမှ၊ ပြည်သူ့အားနဲ့ ရင်ဆိုင်လှုပ်ရှားကြတော့မှ ဖြစ်မယ်လို့ ပြသနေပါတယ်။ ဦးမြင့်အောင်က သူ့အသက်နဲ့ပူဇော်ပြီး ကြေညာသွားတာကတော့ ဒီနိုင်ငံမှာ ဒီလိုဆက်ပြီး လူလုပ်နေလို့ မဖြစ်တော့ဘူး ဆိုတာပါပဲ။

အရပ်ဝတ်စစ်အစိုးရနဲ့ သူတို့ရဲ့အလိုတော်ရိတွေက ဖုံးဖိတာ၊ မျက်ကွယ်ပြုတာတွေ အကြားကပဲ ဒီအဖြစ်အပျက်တွေဟာ လူတွေအာရုံအစိုက်ဆုံးနဲ့ ရှေ့တန်းအရောက်ဆုံး သတင်းတွေ ဖြစ်လာနေပါပြီ။ ဒါတွေအပေါ် ဘယ်လိုသဘောထားတယ် ဆိုတာကို ဒီနိုင်ငံမှာ နိုင်ငံရေးလုပ်သူတိုင်းသာမက စာရေးဆရာ၊ အနုပညာသည်စတဲ့ လူထုအာရုံစိုက်ခံရသူတွေပါ အဖြေပေးနေရပါပြီ။ စစ်အာဏာရှင်စနစ်ကို တကယ်ဆန့်ကျင်ခြင်း ရှိမရှိဆိုတာကို ဒီစံနဲ့ တိုင်းရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ ဖြစ်နေတာတခုက အရင်က အတိုက်အခံ၊ ဒီမိုကရေစီလိုလားသူလို့ ဆိုကြတဲ့လူတွေထဲမှာ အစုတွေကွဲ၊ အမြင်တွေကွဲနဲ့ ညီညွတ်ရေး ချည့်နဲ့လာတာပါ။ ‘အချင်းချင်း’ညီညွတ်သင့်ကြောင်းတောင် မပြောသူတွေလည်း အများအပြား ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာရဲ့ အကြောင်းရင်းကတော့ တခုနဲ့တခုမတူ၊ အမျိုးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ထဲက တော်တော်များများဟာ ပြည်သူတွေရဲ့ နာကြည်းချက်အတွက် တိုက်ပွဲဝင်ဖို့မပြောနဲ့ ပြည်သူတွေ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတာတွေကို ထောက်ခံတယ်လို့ ပြောရမှာတောင် ဝန်လေးနေကြတာ တွေ့ရပါတယ်။ ဖိနှိပ်သူစစ်အစိုးရကို ရှုတ်ချဖို့ဆိုတာကတော့ ဝေလာဝေး။

ဒါနဲ့ဗြောင်းဗြန် အရပ်ဝတ်စစ်အစိုးရကတော့ သူတို့အတွင်း တကယ်တည်ရှိနေတဲ့ ကွဲလွဲမှုတွေကို ဖုံးတဲ့အနေနဲ့ မီဒီယာသမားတွေ မျက်စိလည်အောင် အကွဲကောလာဟလတွေ တမျိုးမျိုးထုတ်နေပါတယ်။

လူတွေအသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဒီလူ့အဖွဲ့အစည်းကြီးမှာ မတူကွဲပြားတဲ့ လူ့အုပ်စုကြီးနှစ်ခု အထင်အရှားတည်ရှိနေပါတယ်။ တစ်စုက အာဏာကြောင့် ကျိကျိတက်ချမ်းသာပြီးရင်း ချမ်းသာကာ အာဏာအတွက် ပြည်သူကို ရက်ရက်စက်စက် နှိပ်စက်လုယက်နေတဲ့ စစ်အာဏာရှင်နဲ့ အပေါင်းပါတွေ ဖြစ်ပါတယ်။ နောက်တစုကတော့ အဲဒီဖိနှိပ်ရက်စက်မှုတွေကို ခံနေရရင်း မတတ်သာတော့တဲ့ အဆုံးမှာ ကုန်းရုန်းထလာနေတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ ဒါကို မျက်ကွယ်ပြုသူကို နိုင်ငံရေးအရ မရိုးသားသူလို့သာ ပြောရပါလိမ့်မယ်။

ဒီနှစ်စုမှာ သင်လည်း တဖက်ဖက်က ရပ်ပါ။

 

Leave a Reply

Your email address will not be published.