တောင်အာဖရိက သတ္တုတွင်း အလုပ်သမားများ သပိတ်။

By | February 4, 2014

ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းလုပ်ငန်း ၃ ခုမှာ အလုပ်သမား တစ်သိန်းကျော်က ဆန္ဒပြကြတဲ့အတွက် တောင်အာဖရိကမှာ ပလက်တီနမ် ထုတ်လုပ်မှု ရပ်ဆိုင်းသွားပါတယ် ။
အင်ပလာ ပလက်တီနမ် ၊ အင်ဂလိုအမေရိကန် ပလက်တီနမ် ၊ လုံမင် သတ္တုတွင်းတွေက အလုပ်သမားတွေဟာ အနည်းဆုံးလစာ ဒေါ်လာ ၁၂၀၀ ပေးဖို့ တောင်းဆိုချက် အပယ်ချခံရတဲ့အတွက် အကန့်အသတ်မရှိတဲ့သပိတ်ကို ၂၃ ရက် ဇန်နဝါရီမှာ စတင်ခဲ့ပါတယ် ။ ဒေါ်လာ ၁၂၀၀ ဟာ လက်ရှိရနေတဲ့ လစာရဲ့ နှစ်ဆတိုးမြှင့်ပေးဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။
လုပ်ခလစာ အငြင်းပွားမှုက တောင်အာဖရိကသတ္တုတွင်း အလုပ်သမားနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ (AMCU) တို့ကတဖက် သတ္တုတွင်း ကုမ္ပဏီကတဖက် ရင်ဆိုင်တွေ့စေတယ် ။ နှစ်ဘက်စလုံးမှာ အလျော့ပေးလို့ မရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေကို ရင်ဆိုင်နေကြရတယ်။ သပိတ်ရဲ့ ရည်မှန်းချက်ဟာ အလုပ်ရှင်တွေ တွေ့ဆုံဆွေးနွေးရေးစားပွဲဆီ ရောက်လာဖို့ ဖိအားပေးတာ ဖြစ်တယ်လို့ AMCU အထွေထွေ အတွင်းရေးမှူး ဂျက်ဖ် မက်ဖာလဲလီက ပြောပါတယ် ။ ဒီသပိတ်က ၂၀၁၂ ခုနှစ် မာရီကာနာ့မှာ ဖြစ်ပွားခဲ့တဲ့ သတ္တုတွင်းအလုပ်သမား ၃၄ ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သပိတ်ပြီးနောက် အကြီးဆုံးသပိတ်လည်း ဖြစ်ပါတယ် ။
တောင်အာဖရိက ဒုသမ္မတ ဟလီရမ်မာ မွတ်တလန်သီ ကတော့ အစိုးရအနေနဲ့ ဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား လုပ်ဆောင်မယ်လို့ ပြောပါတယ် ။ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်စလုံးက အလျော့ပေး ညှိနှိုင်းမှုတွေ မလုပ်ပဲ ခေါင်းမာနေကြရင် အခြေအနေတွေက ပိုဆိုးလာဖို့သာရှိတယ်လို့လည်း ပြောပါတယ်။ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ပြောတဲ့ အလုပ်သမား ညီလာခံ မိန့်ခွန်းမှာ “ကျွန်တော်တို့ တိုင်းပြည်ရဲ့ သတ္တုတွင်းလုပ်ငန်းကဏ္ဍက ဝရုန်းသုန်းကား ဖြစ်နေပြီး တချို့ အဖြစ်တွေမှာ ဘဝတွေ ပျက်ရတာတွေ အများကြီး ရှိတယ်” ။ “သတ္တုတွင်း လုပ်ငန်းက ကျဆင်းနေတယ်လို့ လူတော်တော်များများက မြင်ကြတယ် ။ ဒါ့ကြောင့်သတ္တုတွင်းလုပ်ငန်းကဏ္ဍမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ခေါ်ပြီး တည်ငြိမ်မှုရအောင် လုပ်ရမယ်” လို့ သမ္မတက ကျွန်တော့ကို ခိုင်းပါတယ် ။ ကျွန်တော်ရဲ့ အဓိကလုပ်ငန်းဆောင်တာထဲမှာ “သတ္တုတွင်းအလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ လုပ်ခတိုးမြှင့်ရေး တောင်းဆိုခွင့်ကို ဘယ်သူ့မှ ကြောက်စရာ မလိုဘဲ ကျင့်သုံးနိုင်ဖို့၊ အလုပ်သမားတွေရဲ့ စည်းရုံး လှုပ်ရှားမှုတွေဟာ အကြမ်းဖက်ဖြိုခွင်းခံရမယ့် အန္တရာယ် မရှိဘဲ ဆောင်ရွက်နိုင်ဖို့” လည်း ပါဝင်ပါတယ်။ ဒီလုပ်ငန်းတာဝန်တွေ အောင်မြင်ဖို့ဆိုရင် သတ္တုတွင်းလုပ်ငန်း တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းရေး လမ်းကြောင်းအတွင်းမှာပဲ သဘောတူညီချက် တွေ ရယူနိုင်ကြအောင် လူတိုင်းကို ဆွေးနွေးရေး စားပွဲဝိုင်းဆီရောက်အောင် ခေါ်ရပါမယ်။
AMCU ရဲ့ သီးခြား ရွှေတွင်းလုပ်ငန်း သပိတ်ကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် တရားရုံး အဆုံးအဖြတ်အရ ဆိုင်းငံ့ခဲ့ပါတယ် ။ အလုပ်ရှင်တွေဘက်က ရွှေတွင်းအလုပ်သမားတွေ သပိတ်မှောက်ရင် ပလက်တီနံ အလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတာကို ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။ တရားရုံးကလည်း ပလက်တီနံ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြတာ မပြီးဆုံးသေးခင်မှာ ရွှေအလုပ်သမားတွေ သပိတ်မှောက်တာဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ပြီးနောက်မှာ ဆိုင်းငံ့ခဲ့ပါတယ် ။
တောင်အာဖရိက သတ္တုတွင်းကဏ္ဍမှာ အလုပ်သမား ငါးသိန်းကျော် အလုပ်လုပ်နေပြီး တိုင်းပြည် စုစုပေါင်းထုတ်ကုန်ရဲ့ ငါးပုံ တစ်ပုံ နီးပါး ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *