ဒီနေ့အထိ မှန်ကန်နေတဲ့ မာ့က်စ်ရဲ့ပြောဆိုရေးသားချက်တွေ

By | February 6, 2014

(တစ်) စီးပွားရေးထိုင်းမှိုင်းမှုကြီး- အရင်းရှင်စနစ်ရဲ့ထိန်းမနိုင်သိမ်းမရလက္ခဏာ

မာ့က်စ်ရဲ့ရေးသားချက်တွေထဲမှာ သန္ဓေအရကိုပဲ ထိန်းမနိုင်သိမ်းမရဖြစ်တတ်မှု၊ အကျပ်အတည်းတွေ ပြွမ်းတီးမှု လက္ခဏာတွေရှိတဲ့ အရင်းရှင်စနစ်အကြောင်းဟာ အဓိကအပိုင်းတခုဖြစ်ပါတယ်။ အမြတ်အစွန်းအတွက် မနားမနေ လုံးပမ်းမှုကနေ ကုမ္ပဏီတွေဟာ သူတို့ရဲ့အလုပ်ရုံတွေမှာ စက်တွေ တပ်ဆင်လာကြလိမ့်မယ်။ ဒီလိုနဲ့ တဖက်မှာ အလုပ်သမားတွေရဲ့ လစာတွေကို ဖြစ်ညှစ်ထားပြီး တဖက်မှာ ကုန်ပစ္စည်းတွေကို များသထက်များအောင် ထုတ်လိုက်တာ အလုပ်သမားတွေဟာ သူတို့ထုတ်လုပ်တဲ့ပစ္စည်းကို သူတို့ဝယ်လို့မနိုင်အောင်ဖြစ်လာမယ်လို့ သူကဆိုခဲ့ပါတယ်။ အမှန်ပါပဲ။ ခေတ်သစ်သမိုင်းရဲ့ ဖြစ်ရပ်တွေ- စီးပွားရေးကပ်ကြီး (၁၉၃၀ စုနှစ်များ) ကနေ ဒီနေ့ ဒေါ့ကွန်ဗူဗောင်း(dot.com bubble) ပြဿနာအထိ၊ ဒီဟာတွေရဲ့ဇာစ်မြစ်ကို မာ့က်စ်ရဲ့အသုံးအနှုန်းအရ “လက်တွေ့မတည်ရှိတဲ့ စိတ်ကူးထဲက အရင်းအနှီး (fictitious capital)”- ဘဏ္ဍာရေးကိရိယာတွေဖြစ်တဲ့ စတော့ခ်လက်မှတ်၊ ပြန်မဆပ်နိုင်တဲ့ ငွေပေးချေမှု- စတာ တွေမှာ ခြေရာခံလို့ ရပါတယ်။ ထုတ်လုပ်ပြီးရင်း ထုတ်လုပ်လိုက်တာ နောက်ကျတော့ ကိုယ့်ကုန်တွေကို ၀ယ်မယ့်လူ မရှိတော့ဘူး။ ဈေးကွက်အသစ်တွေလည်း မရှိတော့၊ ငွေချေးပေးတာလည်း မရှိတော့ဘူး။ ဒီသံသရာကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့မှာပဲ လည်ပတ်နေပါတယ်။ နည်းနည်းချဲ့ပြောရရင် ၂၀၀ဂ ခုနှစ်တုန်းက အိမ်မြေဈေးကွက်တွေ ပြိုကျသွားတာဟာလည်း ဒါကြောင့်ပါပဲ။ အဆင့်အတန်း မညီမျှမှု ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေတာကြောင့် ၀င်ငွေတွေ လျော့ဆင်းလာပြီး အမေရိကန်နိုင်ငံသားတွေအဖို့ ပို-ပိုပြီး ငွေချေးလာရပါတယ်။ (Subprime Lending) လို့ခေါ် တဲ့ စိတ်မချရတဲ့လူတွေကို အတိုးကြီးကြီးနဲ့ ငွေချေးပေးတာ မလုပ်နိုင်တော့တဲ့အခါမှာ မာ့က်စ်ကြိုဟောထားတဲ့အတိုင်း အားလုံးပြိုကျတော့တာ ဖြစ်ပါတယ်။

(နှစ်) အိုင်ဖုန်း ၅ အက်စ် (iPhone 5S)- စိတ်ကူးထဲကအာသာဆန္ဒတွေ

လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ထုတ်လုပ်တဲ့ကုန်တွေအပေါ်မှာ တန်ဖိုးအကြီးကြီးသတ်မှတ်တဲ့ အရင်းရှင်စနစ်ရဲ့ လုပ်ကိုင်နည်းဟာ တချိန်ကျရင် “လူသားမဆန်တဲ့၊ ရှုပ်ထွေးတဲ့၊ သဘာဝမကျတဲ့၊ စိတ်ကူးထဲက အာသာတွေကို ဖန်တီးတာ၊ ထိပ်ပေါ်တင်တာတွေ ဖြစ်လာလိမ့်မယ်” လို့ မာ့က်စ်က သတိပေးခဲ့ပါတယ်။ ဒါဟာ အသုံးအနှုန်းတခုအနေနဲ့ ပြင်းထန်ပေမယ့် လက်ရှိအမေရိကန်နိုင်ငံကို တိကျစွာသရုပ်ဖော်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ မယုံကြည်နိုင်လောက်အောင် စည်းစိမ်တွေ ခံစားနေရပေမယ့် နောက်ထပ်ပစ္စည်းတွေ ထပ်ဝယ်ဖို့ လိုအပ်ချက်ရဲ့နှိုးဆော်မှုနဲ့ တွေ့ဆုံနေရပါတယ်။ ခင်ဗျားမှာ ရှိပြီးသား ဖြစ်ချင်ဖြစ်နေမယ့် အိုင်ဖုန်း ၅ အက်စ်ကိစ္စကိုပဲ စဉ်းစားကြည့်ပါ။ ဒါဟာ မနှစ်တုန်းက ခင်ဗျားမှာရှိခဲ့တဲ့ အိုင်ဖုန်း ၅၊ ဒါမှမဟုတ် တမြန်မနှစ်က ရှိခဲ့တဲ့ အိုင်ဖုန်း ၄ အက်စ်ထက် တကယ်ပဲ ပိုကောင်းသလား။ ဒါဟာ တကယ်လိုအပ်ချက်လား၊ ဒါမှမဟုတ် အဲဒီလိုယူဆအောင် လုပ်ထားတာလား။ တရုတ်မိသားစုတွေ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကြောင့် ကင်ဆာရောဂါတွေ ရနေကြချိန်မှာ မီဂါကော်ပိုရေးရှင်းကြီးတွေက လုံးဝကောင်းမွန်နေတဲ့ ပစ္စည်းတွေကို အကြောင်းမဲ့ဖျက်ဆီးပစ်ဖို့ ကြော်ငြာတွေ အကြီးအကျယ်ဖြန့်နေကြပါတယ်။ ဒါကိုသာ မာ့က်စ်ကတွေ့ရင် ခေါင်းတညိတ်ညိတ် လုပ်နေမှာပါ။

(သုံး) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အရင်းရှင်စနစ် တကမ္ဘာလုံးလက္ခဏာဆောင်ခြင်း (globalization)

ထုတ်လုပ်မှုပိုလျှံခြင်းနဲ့ပတ်သက်တဲ့ အယူအဆတွေကနေ မာ့က်စ်ဟာ အခု ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်နေကြတဲ့ အရင်းရှင်စနစ် တကမ္ဘာလုံးလက္ခဏာဆောင်ခြင်းကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါဟာ အရင်းရှင်စနစ်က တကမ္ဘာလုံးကို ဖြန့်ကြက်ပြီး ဈေးကွက်သစ်တွေ ရှာဖွေတာ ဖြစ်ပါတယ်။ သူက “မိမိထုတ်ကုန်တွေအတွက် ဈေးကွက်ကို မပြတ်တိုးချဲ့ဖို့ လိုအပ်ခြင်းကြောင့် ဓနရှင်လူတန်းစားဟာ ကမ္ဘာမြေပြင်အနှံ့ ဖြန့်ကြက်ရတယ်” လို့ ရေးခဲ့ပါတယ်။ နောက်ပြီး “ဓနရှင်တွေဟာ နေရာတိုင်းမှာ အသိုက်ဖွဲ့၊ အခြေချ၊ ဆက်သွယ်မှုတွေ တည်ဆောက်ရတယ်” တဲ့။ ဒီနေ့အခါမှာ ဒါဟာ ရှင်းနေပြီဖြစ်ပေမယ့် မာ့က်စ်က ဒါကို လွန်ခဲ့တဲ့ ရာစုတခုကျော် ၁၈၄၈ ခုနှစ်တုန်းက ရေးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး သူဟာ ၂၀ ရာစုနှစ် အကုန်ပိုင်းမှာ ဘယ်လိုဖြစ်လိမ့်မယ်လို့ ပြောတာတင်မက ဘာကြောင့်ဖြစ်မယ်လို့ အကြောင်းရင်းတွေ ပြောခဲ့တာဟာလည်း မှန်နေပါတယ်။ ဈေးကွက်သစ်တွေနဲ့ ဈေးပေါတဲ့လုပ်အားကို မနားမနေရှာဖွေခြင်းနဲ့ ပိုများတဲ့ သဘာဝအရင်းအမြစ်တွေကို မနားတမ်း တောင်းဆိုနေတာတို့ဟာ မပြတ်ကျွေးမွေးနေရတဲ့ သတ္တ၀ါကြီးတွေဖြစ်ပါတယ်။

(လေး) ဝေါလ်မတ် (Walmart) – လက်ဝါးကြီးအုပ်မှု

ဘောဂဗေဒရဲ့စံတော်ဝင်သီအိုရီအရဆိုရင် ပြိုင်ဆိုင်မှုဟာ သဘာဝကျတယ်၊ ဒါကြောင့် သူ့ဟာသူ ထိန်းသိမ်းတည်ရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ မာ့က်စ်ကတော့ ကုမ္ပဏီကြီးတွေချင်း သတ်ဖြတ်ဝါးမျိုကြရင်း ဈေးကွက်ရဲ့ အင်အားဟာ ဧရာမကုမ္ပဏီကြီးတွေရဲ့ လက်ထဲမှာ စုစည်းမိသွားမယ်လို့ ပြောထုတ်ခဲ့ပါတယ်။ ၁၉ ရာစုနှစ်တုန်းက စာဖတ်သူတွေအတွက်တော့ ဒါဟာ အင်မတန်ကြောင်တယ် ဖြစ်နေမှာပါ။ ရစ်ချတ်ဟော့ဖ်စတယ်ဒါ (Richard Hofstadter ) က ဆိုရင် “ဥစ္စာဓနကို အကျယ်အပြန့် ဖြန့်ကြက်ပစ်မယ်၊ စီးပွားရေးနဲ့နိုင်ငံရေးအင်အားတွေကို တနေရာထဲမှာ စုမထားဘဲ ခွဲပစ်လိမ့်မယ်” လို့ ရေးခဲ့ပါတယ်။ ဒါပေမဲ့ မာ့က်စ် ကြိုတင်မြင်ခဲ့တာတွေဟာ အဲဒီနောက် ၂၀ ရာစုနှစ်ထဲကျမှ အရှိန်ရလာခဲ့ပါတယ်။ ဒီကနေ့မှာတော့ မိသားစုဖွင့်တဲ့ဆိုင်လေးတွေကို ဝေါလ်မတ်လို ကုန်တိုက်ကြီးတွေက အစားထိုးပစ်လိုက်ပါပြီ။ လူမှုရေးဘဏ် အသေးစားလေးတွေကို တကမ္ဘာလုံးဖြန့်ထားတဲ့ ဂျေပီမော်ဂင်အင် ချေ့စ် (J.P. Morgan Chase) လိုဟာက အစားထားလိုက်ပြီး လယ်သမားလေးတွေကိုလည်း အာချာဒင်နီယယ်မစ်ဒ်လင်းလို လုပ်ငန်းကြီးတွေက အစိုးထိုးလိုက်ပါပြီ။ နည်းပညာလောကမှာလည်း လက်ဝါးကြီးအုပ်တွေ လက်ထဲစုစည်းတာတွေ ဖြစ်လာနေပြီး ဧရာမ ကော်ပိုရေးရှင်းကြီးတွေက အသစ်ပေါ်တာလေးတွေကို စုပ်ယူတာတွေ အလျင်အမြန် လုပ်နေပါတယ်။ နိုင်ငံရေးသမားတွေဟာ လက်တဆုပ်လောက်သာ ကျန်ကောင်းလို့ကျန်တဲ့ လုပ်ငန်းငယ်ကလေးတွေကို နှုတ်နဲ့စောင်မတဲ့ အနေနဲ့ မမှန်ကန်တဲ့ ထရပ်စ်လုပ်ငန်း လုပ်နည်းလုပ်ဟန်တွေကို ဖော်ထုတ်တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဒီလက်ဝါးကြီးအုပ်လုပ်ငန်းကြီးတွေဟာ အခြေခိုင်နေကြပါပြီ။

(ငါး) လုပ်ခနည်း၊ အမြတ်များ (စက်မှုလုပ်သား အရန်တပ်မတော်)

မာ့က်စ်က စက်မှုလုပ်သားအရန်တပ်မတော်ကြောင့် လုပ်ခတွေ အနှိမ်ခံရမယ်လို့ ယုံခဲ့ပါတယ်။ ဒါကို သူက စံကျတဲ့ ဘောဂဗေဒနည်းနာတွေကိုသာ အသုံးပြုပြီး ရှင်းပြခဲ့ပါတယ်။ အရင်းရှင်တွေဟာ လုပ်အားအတွက် နည်းနိုင်သမျှနည်းတဲ့ လုပ်ခကို ပေးချင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အလုပ်သမားတွေ အများကြီးပိုလျှံနေရင် အလွယ်ဆုံးပါပဲ။ ဒါကြောင့် မာ့က်စ်ရဲ့ ခွဲခြမ်းစိတ်ဖြာနည်းအရဆိုရင် စီးပွားရေးထိုင်းမှိုင်းမှု တခုပြီးတဲ့အခါမှာ မြင့်မားတဲ့ အလုပ်လက်မဲ့နှုန်းကြောင့် လုပ်ခတွေ လျော့ဆင်းပြီး အမြတ်တွေ ထိုးတက်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။ အလုပ်သမားတွေဟာ သူတို့ကို သွေးစုပ်တဲ့ အလွန်ဆိုးတဲ့ အလုပ်တွေကို မစွန့်လွှတ်ဝံ့ကြဘူး ဖြစ်နေလို့ပါပဲ။ ဒီကနေ ဘာကိုသိရသလဲ။ အမေရိကန် ဝေါလ်စထရိ ဂျာနယ်က သတိပေးလိုက်တာကိုကြည့်ပါ- “ဒီတလော အမေရိကန်စီးပွားရေး နာလန်ထူမှုဟာ မာ့က်စ်ဝါဒရဲ့ လက္ခဏာတွေ ပြသနေတယ်။ ကော်ပိုရေးရှင်းကြီးတွေရဲ့ အမြတ်တွေဟာ ထောင်တက်လာနေတယ်။ နောက်ပြီး ထုတ်လုပ်မှုနှုန်း တိုးမြင့်လာတာကြောင့် ကုမ္ပဏီတွေဟာ အလုပ်လက်မဲ့နှုန်းကို လျှော့ချဖို့ သိပ်မလိုဘဲ တိုးတက်လာခဲ့တယ်။” ဒီဟာက ပြသနေတာကတော့ အလုပ်သမားတွေဟာ အလုပ်တွေကို စွန့်ခွာရမှာ စိုးရွံ့တဲ့အတွက် ဈေးဆစ်နိုင်စွမ်း မရှိနိုင်ဘူးဆိုတာပါပဲ။ တရားမျှတ ကျိုးကြောင်းဆီလျော်တဲ့ စိးပွားရေးတိုးတက်မှုဆိုတာ အလုပ်လက်မဲ့နှုန်း နိမ့်ကျပြီး အလုပ်သမားတွေအနေနဲ့ နောက်အလုပ်တခုရှာ လုပ်နိုင်တယ်လို့ခြိမ်းခြောက်နိုင်တဲ့ အချိန်မျိုးတွေမှာသာ ဖြစ်တယ်လို့ဆိုရင် အံ့သြစရာမရှိပါဘူး။

Rolling Stone ၀က်ဆိုက်ပေါ်က ရှော်န်မက်အယ်လ်ဝီး (Sean McElwee ) ရေးတဲ့ မာ့က်စ်ရဲ့ ၂၀၁၄ ခုနှစ်ကို အံ့စဖွယ်ဟောကိန်းထုတ်ထားပုံ (Five Surprising Ways Marx Predicted 2014) ဆိုတဲ့ ဆောင်းပါးထဲက ထုတ်နုတ်ပြန်ဆိုထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *