အာရှအထည်ချုပ်အလုပ်သမားများ

By | January 24, 2014

ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်း အလုပ်သမားတွေ သပိတ်မှောက်ကြပြန်ပါပြီ။ အထည်ချုပ်လုပ်ငန်းဆိုတော့ အားလုံးသိကြတဲ့အတိုင်း အမျိုးသမီးက ပိုများပါတယ်။ အမျိုးသားတွေလည်း မပါတော့ မဟုတ်။ တော်တော်ပါကြပါတယ်။

အခုသပိတ်ဟာ မကြာသေးခင်က ရပ်သွားတဲ့ ဆန္ဒပြပွဲကြီးရဲ့ အဆက်ပါ။ ပြီးခဲ့တဲ့ဆန္ဒပြပွဲကြီးမှာ တနိုင်ငံလုံးရှိ စက်ရုံပေါင်း ၅၀၀ လောက်က အထည်ချုပ်လုပ်သား ၃ သိန်းလောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လမ်းပေါ်တက်ပြီး ဆန္ဒပြတောင်းဆိုကြတာပါ။

အဓိက တောင်းဆိုကြတဲ့ အချက်က အနိမ့်ဆုံးလစာ တလကို ဒေါ်လာ ၁၆၀ ရရှိရေးပါ။ ဗမာငွေ ကျပ်နဲ့ တွက်ကြည့်ရင် တသိန်းခွဲကျော်လောက် ရှိပါလိမ့်မယ်။ လက်ရှိရကြတဲ့ လစာက ပျမ်းမျှ တလကို ဒေါ်လာ ၈၀ ကျော် ပတ်ဝန်းကျင်ရှိပါတယ်။ ကျပ်ငွေ ၈ သောင်း ဝန်းကျင်ဆိုပါတော့။ ဒီတော့ လစာ နှစ်ဆတိုးမြှင့်ရေး တိုက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလစာက ဆန္ဒမပြခင်မှာ ၆၁ ဒေါ်လာ ဖြစ်ပါတယ်။ ကျပ်ငွေနဲ့ဆိုရင် ၆ သောင်းကျော်ပါ။

ကျွန်တော်တို့ ဗမာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရင် တော့ မဆိုးသေးဘူးလို့တောင် ဆိုရမလို ဖြစ်နေတယ်။ ဗမာပြည်မှာက အနိမ့်ဆုံးလစာ သတ်မှတ်ပေးဖို့ တကြော်ကြော်အော်ဟစ် တောင်းဆိုနေကြတာကိုတောင် အစိုးရက လုပ်မပေးချင်လို့ ခုထိ နေ့ရွှေ့ညရွှေ့ လုပ်နေကြသေးတာလေ။ ဒါတောင် ဗမာပြည်က အလုပ်သမားတွေ တောင်းဆိုနေကြတဲ့ အနိမ့်ဆုံးလစာက သိပ်များလှတာ မဟုတ်ဘူး။ တောင်းဆိုနေတာကိုက ၅ သောင်းလောက်ပဲ ရှိသေးတာ။ ဒီတော့ ကမ္ဗောဒီးယားမှာ ဆန္ဒမပြခင် အခြေအနေမှာကိုက လက်ရှိဗမာပြည်မှာ မရနိုင်သေးလို့ တောင်းဆိုတိုက်ပွဲဝင်နေကြတာထက်တောင် အပုံကြီးသာနေသေးတယ်လို့ ဆိုရမှာပါ။

ကမ္ဗောဒီးယား အကြောင်းကို ဆက်ရရင်တော့ အလုပ်သမားထုဘက်က ဆန္ဒပြတဲ့ အင်အားသိပ်များပြီး တိုက်ပွဲကလည်း အရှိန်ရလာတဲ့အခါ အစိုးရဘက်က မလွဲသာ မရှောင်သာ တဖြည်းဖြည်း လိုက်လျောလာပါတယ်။ အနိမ့်ဆုံးလစာကို ဒေါ်လာ ၈၀ ကျော်သတ်မှတ်ပေးမယ်လို့ လိုက်လျောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေဘက်က လက်မခံနိုင်ကြပါဘူး။

နောက်ဆုံးမှာတော့ အစိုးရက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပါတယ်။ အနည်းဆုံး လူ ၄ ယောက်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ တချို့ကလည်း ဒဏ်ရာရသူ အရေအတွက်ဟာ ၄၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံတက် ဆေးကုသမယ့်သူတွေကို ဆေးကုမပေးဖို့ တားမြစ်ခံရလို့လည်း ဒေါသ အကြီးအကျယ် ထွက်ကြပါတယ်။

ဒီလို ပဋိပက္ခတွေ ဖြစ်ပြီးနောက်မှာတော့ အစိုးရက အနိမ့်ဆုံးလစာကို တလ ဒေါ်လာ ၁၀၀ အထိ သတ်မှတ်ပေးဖို့ သဘောတူလိုက်ပါတယ်။ ကျပ်နဲ့ဆိုရင် တလ တသိန်းပေါ့။
ဒါကပြီးခဲ့တဲ့ နောက်ဆုံးဆန္ဒပြပွဲ အခြေအနေပါ။ အလုပ်သမားတွေဘက်ကတော့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲလို့ အားမတန်လို့သာ မာန်လျှော့လိုက်ရတယ်။ ကျေနပ်ပုံမရဘူး။ ဒါ့ကြောင့်လည်း အခု သပိတ်ဆက်မှောက်ကြပြန်ပါတယ်။ ဒါပေမဲ့ ဒီတခါက သပိတ်ပါ။ လမ်းပေါ်ထွက်ဆန္ဒပြတာတော့ မဟုတ်ဘူး။ စက်ရုံထဲဝင်ပြီးမှ အလုပ်မလုပ်ကြဘဲ ထိုင်သပိတ် ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် တနှစ်အတွင်းမှာတင် ကမ္ဗောဒီးယားမှာ အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတာ သပိတ်မှောက်တာ ၁၃၁ ကြိမ်ရှိပါတယ်။ အလုပ်သမားတွေဘက်က ဒီလောက်တောင် တောင်းဆိုကြဆန္ဒပြနေကြတာဟာ တကယ်ကို မစားလောက်လို့ဆိုတာ တွက်ဆလို့ရနိုင်ပါတယ်။ ဘယ်သူမှ အားအားယားယား အလကားနေရင်း အသေမခံပါဘူး။

အမေရိကန် ဥရောပနိုင်ငံတွေမှာတော့ မြို့လယ်လမ်းမကြီးတွေမှာ ဆိုင်ကြီး ကန္နားကြီးတွေဖွင့်ပြီး အက်ဒီးဒပ်စ် တို့၊ ဂျီအေပီတို့၊ နိုက်ကီတို့ ဆိုတဲ့ အဝတ်အထည်တွေ ရှူးဘိနပ်တွေကို လှလှပပကြီးပြသ ရောင်းချကြပါတယ်။ ဒီအထည်တွေ ဒီအဝတ်တွေရဲ့နောက်မှာ သွေးတွေ ၊ ချွေးတွေ ဘယ်လောက်တောင် စွန်းပေနေတယ်ဆိုတာတော့ လူအများက သိကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဗမာပြည်မှာလည်း ဒီလိုပါပဲ။ လူငယ်တွေကြားမှာ branded မှဆိုတဲ့ ရောဂါ မွေးမြူပေးထားတော့ အဝတ်ချင်းတူရင်တောင် အဲဒီ တံဆိပ်ကလေးတွေအတွက် ဈေးကြီးပေးဝယ်ကြ ကြွားကြဝါကြပါတယ်။ ဒါပေမဲ့ အဲဒီအဝတ်တွေမှာ သွေးစွန်းနေကြပါကလားရယ်လို့တော့ ဘယ်သူမှ တွေးမိကြမယ်မထင်ဘူး။

ကမ္ဗောဒီးယားမှာ အထည်ချုပ်ကုမ္ပဏီအများစုက အမေရိကန်နဲ့ ဥရောပက ကုမ္ပဏီကြီးတွေပါ။ သူတို့က ကမ္ဗောဒီးယားကို ရွေးပြီးလာကြတာကလည်း အကြောင်းရှိပါရဲ့။ တခြား မဟုတ်ပေဘူး။ လုပ်ခဈေးချိုလို့ပါ။ အသေအချာ တွေးကြည့်ရင် အရင်းရှင်စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ၊ ၃၀၀ နဲ့ အခုနဲ့ ဘာမှ သိပ်မကွာလှသလိုပါပဲ။ အရင်တုန်းကလည်း သယံဇာတလိုချင်လို့ ရောက်လာကြတယ်။ အမြတ်အစွန်း ရှာဖွေကြတယ်။ လုပ်ခ ဈေးချိုလို့ ခိုင်းစားတယ်။ အမြတ်အစွန်း ရှာဖွေကြတယ်။ အခုလည်း ဒါပါပဲ။ အဓိကက အမြတ်အစွန်းပါပဲ။ ကွာတာကတော့ အရင်တုန်းက အရင်းရှင်ကြီးကိုယ်စား အစိုးရတွေက လက်နက်တွေယူလာပြီး ကိုယ်တိုင် သေနတ်ကိုင် အုပ်ချုပ်တယ်။ အခု အဲသလို မလုပ်တော့ဘူး။ အဲသလို မလုပ်တော့ဘူးဆိုတော့ အရင်းရှင်ကြီးတွေအတွက် သေနတ်ကိုင် အုပ်ချုပ်နှိမ်နင်းပေးမယ့်သူ မရှိတော့ဘူးလို့တော့လည်း မထင်လိုက်ပါနဲ့။ ရှိဆဲရှိမြဲပါ။ နိုင်ငံခြားသား အစိုးရနေရာမှာ တိုင်းရင်းသား အစိုးရတွေက အရင်းရှင်ကြီးတွေကိုယ်စား သေနတ်ကိုင် ဖိနှိပ် အုပ်ချုပ်ပေးနေကြရတာပါ။ ခုခေတ် ကိုလိုနီစနစ်က အရင်တုန်းက ကိုလိုနီစနစ်ထက် တွက်ချေကိုက်လှပါတယ်။ အုပ်ချုပ်ရေး စရိတ်တွေ မလိုတော့ဘူးလေ။ အမျိုးသားရေးအခြေခံတဲ့ တော်လှန်ပုန်ကန်မှုတွေကို ခေါင်းခံဖြေရှင်းစရာလည်း မလိုတော့ဘူးလေ။ သူတို့အစား လုပ်ပေးမယ့် သူတို့ကိုယ်စားလှယ် တိုင်းရင်းသား အစိုးရတွေ ရှိနေပြီကိုး။

တိုင်းရင်းသား အစိုးရတွေကတော့ ပြောကြတာပါပဲ။ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ၊ ကိုယ့်မင်းကိုယ့်ချင်း ဖြစ်သွားကြပြီ။ ဒါဟာ အရင် တိုင်းတပါး အစိုးရထက် အများကြီးသာတယ်လို့ ပြောကြတာပဲ။ ပြောမှာပေါ့။ သူတို့က အုပ်ချုပ်ရတဲ့သူကိုး၊ သူတို့က ဗိုလ်ကျရတဲ့သူကိုး။ ဒါပေမဲ့ အလုပ်သမား လယ်သမား နင်းပြားဆိုတဲ့သူတွေ အဖို့ရာမှာတော့ ဖိနှိပ်တဲ့ အစိုးရ သေနတ်နဲ့ ပစ်တဲ့ အစိုးရဟာ နှာခေါင်းရှည်ကြီးဖြစ်ဖြစ် နှာခေါင်းတိုလေးတွေဖြစ်ဖြစ် ဘာမှ တယ်မထူးလှပါဘူး။ အရင်းရှင်အစိုးရက အရင်းရှင် အစိုးရပါပဲ။ ကိုယ်တွေက ခံရတာက ခံရတာပါပဲ။ ကိုယ်လူမျိုးချင်းကဆော်လို့ ခံရတာ နည်းနည်းပိုအရသာထူးတယ်လို့ မရှိပါဘူး။

ကမ္ဗောဒီးယားဖြစ်စဉ်ကိုပဲကြည့်။ အမေရိကန်အရင်းရှင်ကြီးတွေ၊ ဥရောပအရင်းရှင်ကြီးတွေရဲ့ မျက်နှာကို ကြည့်ပြီး တိုင်းရင်းသားအစိုးရက ဘာလို့များ လစာတိုးမပေးရေးကို တွယ်ကပ်ကာကွယ်နေကြတာလဲ။ ကမ္ဗောဒီးယားက လုပ်ခဈေးချိုတယ် ဆိုတာလေးကို ထိန်းထားချင်လို့ပါ။ မျက်နှာဖြူသခင်ကြီးတွေကို ဟေ့မင်းတို့ဆီက ကျွန်တွေ သိပ်ဈေးကိုင်နေရင် မခိုင်းနဲ့၊ ငါတို့ဆီက ကျွန်တွေကို ဈေးပေါပေါနဲ့ လာခိုင်းလှည့်လို့ ပြောချင်လို့ပဲ။ ကမ္ဗောဒီးယားမှာ အထည်ချုပ်လုပ်ငန်းကနေ ရနေတဲ့ ဝင်ငွေက တနှစ် ဒေါ်လာ သန်း ၅ ထောင် ရှိတယ်လေ။ ဒီရင်းနှီးမြှုပ်နှံမှုတွေ ဒီနိုင်ငံမှာ တည်မြဲနေဖို့ အရေးကြီးတယ်လေ။ ဒါတွေ တည်မြဲမှာ အုပ်ချုပ်သူတွေ ဝင်ငွေ ကောင်းကောင်းရမှာပေါ့။ ဒီဝင်ငွေတွေရမှာ အာဏာတည်မြဲကြမှာပေါ့။ ဒီတော့ လုပ်ခတိုးတောင်းနေတဲ့ ကိုယ့်လူမျိုးဘက် မရပ်ဘဲ၊ လုပ်ခကပ်စေးနှဲတဲ့ အရင်းရှင်လူဖြူကြီးတွေဘက် ရပ်တာ ဘာဆန်းသလဲ။

အုပ်ချုပ်တဲ့ ကိုယ့်လူမျိုးအစိုးရ ဆိုးလေ၊ အလုပ်သမားတွေရဲ့ အခြေအနေ ပိုဆိုးလေပါပဲ။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ပိုတောင်ဆိုးပါသေး။ မနှစ်က ဖြစ်သွားတဲ့ ရာနာပလာဇာ ပြိုကျမှုကြီးကိုပဲကြည့်။ “အလုပ်ခွင်အခြေအနေ သိပ်ဆိုးပါတယ်၊ အဆောက်အအုံကြီးက မကောင်းတော့ပါဘူး” ပြောတဲ့ အလုပ်သမားတွေကို ရာဇသံပေးပြီး အလုပ်ဆင်းခိုင်းပါတယ်။ အလုပ်မဆင်းရင် အလုပ်ထုတ်ပစ်မတဲ့။ နောက်ဆုံးကျတော့ အသက်ပါ ပေးလိုက်ရပါရောလား။ ပလာဇာပြိုကျမှုကြီးမှာ လူပေါင်း တထောင်ကျော် သေခဲ့ပါတယ်။

လစာကျတော့လည်း ၂၀၁၃ စက်တင်ဘာမှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပြီးနောက် နိုဝင်ဘာကျမှ တိုးပေးလိုက်တာက အထည်ချုပ်တွေရဲ့ အနိမ့်ဆုံးလစာဟာ ၆၈ ဒေါ်လာတဲ့။ ကျပ်နဲ့ဆို ၇ သောင်းနီးပါးပေါ့။ ဒါပေမဲ့လည်း အလုပ်ရှင်တွေရဲ့ ၄၀ ရာနှုန်းက အနိမ့်ဆုံးလစာ မီအောင်မပေးဘဲထားပြီး စည်းကမ်း ချိုးဖောက်ကြပါတယ်။ ထုံးစံအတိုင်း အုပ်ချုပ်သူ အစိုးရက အလုပ်ရှင်ဘက်ကဆိုတော့ တရားစွဲလို့ မရ၊ အရေးဆိုလို့ မရ၊ တိုင်လို့မရ၊ တောလို့မရပေါ့။ နောက်ဆုံးမခံနိုင်လို့ လမ်းပေါ်တက် ဆန္ဒပြရင်တော့ ဆန္ဒပြသူကို အဆိုးပြောပြီး သေနတ်နဲ့ ပစ်ဦးမယ်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းက ဒေါ်လာ ဘီလျံ ၂၀ ပမာဏရှိတဲ့ စီးပွားရေးပါ။ ကမ္ဗောဒီးယားထက် အများကြီးကြီးပါတယ်။ အလုပ်သမားတွေဘဝကလည်း အများကြီး ပိုဆိုးပါပေရဲ့။

ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယရော ဘာများထူးသလဲ။ အထည်ချုပ်အလုပ်သမားတွေဟာ တနေ့ကို အလုပ်ချိန် ၁၀ နာရီ ပျမ်းမျှ လုပ်ကြရတယ်။ အဲသလောက်လုပ်မှ ရတဲ့လစာက တနေ့ ၃ ဒေါ်လာတဲ့။ ကျပ်နဲ့ဆိုရင် သုံးထောင်ပေါ့။ ဗမာပြည်နဲ့ နှိုင်းစာရင်တော့ မဆိုးဘူးဆိုစရာပေါ့။ ဗမာပြည်ထက်ကတော့လည်း အားလုံးက သာနေသလိုပါပဲ။ ဒါပေမဲ့ လူချင်းတူတူသူချင်းမျှမျှတော့ မဟုတ်သေးဘူး။ အိန္ဒိယမှာဆိုရင် အမျိုးသမီးတွေရဲ့ အလုပ်ပါလားရယ်လို့လည်း ခွဲခြားမနေနိုင်ကြတော့ဘူး။ အမျိုးသားတွေလည်း ဒီအထည်ချုပ်အလုပ်မှာ ရရာဝင်လုပ်ကြရတော့တာပဲ။ ဒီကြားထဲ ပိုဆိုးလိုက်ပုံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကိုပါ ခိုင်းလိုက်ကြသေးပါတယ်။

ဒီတိုင်းပြည်တွေမှာ ဖြစ်နေကြတာတွေကို ကျွန်တော်တို့ သင်ခန်းစာယူကြရပါလိမ့်မယ်။ သူတို့က ရှေ့ကသွားကြသူတွေ၊ ကျွန်တော်တို့က နောက်ကလိုက်ကြရမယ့်သူတွေပါ။ ကျွန်တော်တို့ အလုပ်သမားတွေကိုလည်း ပြည်တွင်းပြည်ပ ပေါင်းပြီး ညီညီညာညာ အရေခွံခွာဖို့ ပြင်နေပါပြီ။ ကျွန်တော်တို့ ပိုဆိုးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့အစိုးရဟာ သူတို့အစိုးရတွေထက် ပိုဆိုးလို့ပါ။

တချို့လူတွေက နိုင်ငံရေးကို သူ့တိုင်းပြည်နဲ့ ကိုယ့်တိုင်းပြည်ဆိုပြီး နယ်နမိတ်အခြေခံနဲ့ ကြည့်ကြတယ်။ ဒါ့ကြောင့်လည်း ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဆိုရှယ်လစ်တွေက အဖနိုင်ငံတော်အတွက်ဆိုပြီး အရင်းရှင်အစိုးရအကြိုက် လက်တွဲပြီး ပြိုင်ဘက်နိုင်ငံတွေနဲ့ စစ်ဝင်တိုက်တာမျိုး ဖြစ်ခဲ့ဖူးတယ်။ တချို့လူတွေကျတော့လည်း နိုင်ငံရေးကို လူမျိုးရေး၊ ဘာသာရေးအခြေခံနဲ့ ကြည့်ကြတယ်။ ကိုယ့်လူမျိုးကိုယ့်ဘာသာမှ ကောင်းတယ် ထင်ကြတယ်။ နာဇီ၊ ဖက်ဆစ်ဝါဒီတွေက ဒါကိုလှုံ့ဆော်ပြီး အာဏာရယူကြတယ်။

ကျွန်တော်တို့ ကွန်မြူနစ်တွေကတော့ နိုင်ငံရေးကို လူတန်းစားအမြင်နဲ့ ကြည့်ပါတယ်။ အဖိနှိပ်ခံအလုပ်သမား၊ လယ်သမားလူတန်းစားတွေဘက်က ရပ်တည်တယ်။ ဖိနှိပ်အုပ်ချုပ်သူ အရင်းရှင်၊ မြေရှင်လူတန်းစားတွေကိုဆိုရင် ဆန့်ကျင်တယ်။ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံလူတန်းစားဆိုရင် အမေရိကန်ကအလုပ်သမား ဖြစ်ဖြစ် ၊ အာရပ်က အလုပ်သမားဖြစ်ဖြစ်၊ အာဖရိကက အလုပ်သမားဖြစ်ဖြစ် ဒေသမရွေး၊ နိုင်ငံမရွေးဘူး၊ အဖိနှိပ်ခံ အလုပ်သမားတွေဘက်က ရပ်တည်တယ်။ အရင်းရှင်ဆိုရင်လည်း အမေရိကန် အရင်းရှင်ပဲဖြစ်ဖြစ် ၊ အာရပ်အရင်းရှင်ပဲဖြစ်ဖြစ်၊ အာဖရိက အရင်းရှင်ပဲ ဖြစ်ဖြစ် ဒေသ၊ နိုင်ငံ၊ လူမျိုးမရွေး ဆန့်ကျင်တယ်။

ဒါ့ကြောင့် ကမ္ဗောဒီးယား အထည်ချုပ်အလုပ်သမားအရေးဟာ ကိုယ်နဲ့ မဆိုင်တဲ့ အရေးမဟုတ်။ ကိုယ်နဲ့ ဆိုင်တဲ့ အရေး။ တချိန်မှာ ကိုယ်တိုင်ရင်ဆိုင်လာရမယ့် အရေးလို့သာ ဆိုချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *