စစ်ဗျူရိုကရက်လူတန်းစား စစ်အာဏာရှင်စနစ် နဲ့ စစ်တပ်အာဏာသိမ်းမှု

By | June 1, 2014

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီ။ အာဏာသိမ်းတာ မဟုတ်ဘူး၊ မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်တယ်လို့ ပြောပြီးနှစ်ရက်အကြာမှာ အာဏာသိမ်းကြောင်း စစ်တပ်က တရားဝင် ကြေညာလိုက်တယ်။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ခေါင်းဆောင် ၁၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းခံရမယ့် နိုင်ငံရေးသမားများဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သွားရောက်သတင်းပို့ပြီး အဖမ်းခံကြရတယ်။ ဒီတကြိမ် စစ်တပ်အာဏာသိမ်းတာဟာ သွေးထွက်သံယိုမရှိ ညင်သာလှတယ်။

ထိုင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၆ လ ကျော် ၇ လ လောက် ကြာနေခဲ့ပြီ။ လွှတ်တော်လည်း ဖျက်သိမ်းထားရတယ်၊ ဝန်ကြီးချုပ်လည်း ပြုတ်သွားပြီး ယာယီဝန်ကြီးချုပ်နဲ့ ထိန်းထားရတယ်။ အစိုးရယန္တရားလည်း (လွှတ်တော် အစိုးရအဖွဲ့ နိုင်ငံခြားရေးစတဲ့) မလည်ပတ်နိုင် ဖြစ်နေတာ ကြာပြီဖြစ်တယ်။ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ရှပ်နီတွေ ရှပ်ဝါတွေ အပြိုင်အဆိုင် ရက်ရှည်လများ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့အတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်နေတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အကြမ်းဖက်လုပ်ရပ်များလည်း ပေါ်ပေါက်လာတယ်။ တချို့က ဖွဲ့စည်းအုပ်ချုပ်ပုံ အကျပ်အတည်းလို့လည်း ဆိုကြတယ်။

ရင်းချာတဲ့ မဟာမိတ်လည်းဖြစ် ဒီမိုကရေစီဖခင်ကြီးလည်းဖြစ်တဲ့ အမေရိကန်က ဘယ်လိုအကြောင်းပြချက်နဲ့မှ စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ရွေးကောက်ခံ ဒီမိုကရေစီ အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးဖို့ လိုကြောင်း ထုတ်ဖော်ပြောကြားတယ်။ အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတချို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ညှိနှိုင်းကြဖို့နဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားတယ်။ သံခင်းတမန်ခင်း သဘောအရ ဒီထုတ်ဖော်ချက်တွေဟာ အပျော့စားမှတ်ချက်တွေပဲ ဖြစ်တယ်။

တကယ်တော့ ထိုင်းနိုင်ငံရေးဟာ ဗမာပြည်သားတွေအတွက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ ဒါပေမဲ့ ဒီတခါမှာတော့ ဒီလိုအခြေအနေမျိုး ဖန်တီးပြီး ဗမာစစ်တပ်က (နောက်ဆုံးမှာ) အာဏာသိမ်းသွားနိုင်တာမို့ စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ ထိုင်းစစ်တပ်က ဒီတခါကြာမယ် ပြောထားတယ်။ အထက်လွှာ လစ်ဘရယ်ဓနရှင် ပါတီကြီးနှစ်ခုရဲ့ ရေပေါ်ဆီလူတန်းစားတွေ အာဏာလွန်ဆွဲပွဲနဲ့ အားပြိုင်မှုပဲဖြစ်တယ်။ အဂတိလိုက်စားမှု အာဏာအလွဲသုံးစားမှု အကျင့်ပျက်ခြစားမှု ဆိုတာတွေဟာ ရိုးနေပြီဖြစ်လို့ မဆန်းတော့သလို ဖြစ်နေတာ ကြာပါပြီ။ မဲလိမ် မဲခိုး မဲဝယ် ဥပဒေလက်တလုံးခြားမှု တွေဟာ အရိုးစွဲနေပါတယ်။ အပြန်အလှန် လက်ညှိုးထိုး ပြဿနာရှာနေကြတာ ကြာပါပြီ။ ထိုင်းပညာတတ် အသိုင်းအဝိုင်းနဲ့ အခြေခံလူတန်းစားတွေအဖို့ ပွဲကြည့်ပရိတ်သတ်လို ဖြစ်နေတယ်။ လွတ်လပ်အမှီအခိုကင်းတဲ့ လှုပ်ရှားမှုများ မဖော်ထုတ်နိုင် ဖြစ်နေတာ ကြာပါပြီ။ ဒီလိုဖြစ်အောင်လည်း ထိုင်းဓနရှင်အသိုင်းအဝိုင်းက လုပ်ထားကြတာပါ။ ထိုင်းဒီမိုကရေစီဟာ ထိုင်းဓနရှင်လူတန်းစား အာဏာလုရာ ပါဝါကစားကွင်း ဖြစ်နေတာကြာပါပြီ။

ဓနရှင်လစ်ဘရယ်ဒီမိုကရေစီဆိုတာ ဓနရှင်ပါတီကြီး နှစ်ပါတီ သုံးပါတီ လေးနှစ်ငါးနှစ်တကြိမ် စနစ်တကျ (ခေါ်ဆိုလေ့ရှိတဲ့) ဖွဲ့စည်းအုပ်ချုပ်ပုံ ဒီမိုကရေစီဘောင်ထဲက အလှည့်ကျ အုပ်ချုပ်ကြတာပါ။ လွှတ်တော်သက်တမ်း လေးနှစ်ငါးနှစ်တကြိမ် အမတ်များကို အလဲအလှယ်လုပ်ဖို့ ရွေးကောက်တင်မြှောက်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်ကို လွှတ်တော်ပြင်ပမှာ ညှိကြတာပါ။ အပေးအယူလုပ်ကြတာပါ။ နောက်ပြီးလူထုကတင်မြှောက် ထားတာမဟုတ်တဲ့ ဘုရင်ကလည်း ၀င်ပါတတ်ပါတယ်။ ဒီလိုညှိရာမှာ ကိုယ့်ဘက်က အသာစီးရဖို့၊ လူထုထောက်ခံမှုရှိကြောင်း ပြသဖို့ လူကြိုက်များမယ့် စကားလုံးတွေနဲ့ နိုင်ငံရေးမီးရှူးမီးပန်းတွေ ဖောက်ကြပါတယ်။ လွှတ်တော်ထဲမှာ စကားစစ်ထိုးတယ်ဆိုတာ ပြဿနာကို အဖြေရှာတာ မဟုတ်ပါဘူး။ စကားပြောစွမ်းရည် ပြိုင်ကြတာပါ။ မိမိတို့ ဓနရှင်လူတန်းစား အကျိုးစီးပွားကို ဥပဒေ နည်းဥပဒေ အမျိုးမျိုးနဲ့ ဟိုလိုကာကွယ်မလား၊ ဒီလိုကာကွယ်မလား ဆိုတာကိုပဲ ငြင်းခုန်ကြတာပါ။
ဖွံ့ဖြိုးပြီး အရင်းရှင်နိုင်ငံများမှာ ဒါဟာ အသားကျနေပါပြီ။ အင်္ဂလန်နဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံများလို စည်းမျဉ်းခံဘုရင်စနစ်လား၊ ပြင်သစ်၊ အမေရိကန်တို့လို သမ္မတနိုင်ငံစနစ်လား ဆိုတာပဲကွဲတာပါ။ စစ်ရှုံးပြီးနောက်ပိုင်းမှ အရင်းရှင် လစ်ဘရယ်ယဉ်ကျေးမှု အသားကျပါတယ်။ အာရှမှာတော့ ဂျပန်နဲ့ (ခေါ်ဆိုလေ့ရှိတဲ့) ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ လစ်ဘရယ်ဒီမိုကရေစီ အသားကျပါတယ်။ စစ်ပြီးခေတ် အမေရိကန်ရဲ့ ကြီးကြပ်မှုအောက်မှာ ဂျပန်မှာ လစ်ဘရယ်ဒီမိုကရက်ပါတီနဲ့ အင်္ဂလိပ်ကိုလိုနီဟောင်းနဲ့ စေ့စပ်ကာ လွတ်လပ်ရေးရလာတဲ့ အိန္ဒိယမှာ အမျိုးသားကွန်ဂရက်ပါတီတို့ ကြီးစိုးပါတယ်။ လောက်လောက်လားလား ရှိရှိမရှိရှိ (ခေါ်ဆိုလေ့ရှိတဲ့) ဥပဒေတွင်း အတိုက်အခံပါတီတချို့ ပေါ်ပေါက်ပါတယ်။

ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်လာတဲ့ အာရှ – အာဖရိက – လက်တင်အမေရိက ဖွံ့ဖြိုးဆဲနိုင်ငံ အများစုကြီးမှာ အနောက်တိုင်းစံတန်ဖိုးများနဲ့ ကိုက်ညီတဲ့ လစ်ဘရယ်ဒီမိုကရေစီ အသားကျဖို့ ခက်ပါတယ်။ သမိုင်းဖြတ်သန်းမှုခြင်း မတူဘူး။ စီးပွားရေး အဆင့်နေရာခြင်း မတူဘူး။ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်ပုံခြင်း မတူဘူး။ မတူတာတွေများတယ် ပုံတူကူးချလို့ အံမဝင်ပါဘူး။ အဓိကကွာခြားချက်က အနောက်ဖွံ့ဖြိုးပြီးနိုင်ငံတွေက အရင်းရှင်စနစ် ရင့်မှည့်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက အရင်းရှင်စနစ်ထဲ တိုးဝင်ဆဲပဲ ရှိပါသေးတယ်။

လစ်ဘရယ်ဒီမိုကရေစီက အထွတ်အမြတ်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုတာမှာကို ပြဿနာရှိပါတယ်။ အနောက်တိုင်း ကျောင်းတော်ကြီးများက ဖွင့်ဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာ အုပ်စိုးသူ (အစိုးရ) နဲ့ အုပ်စိုးခံ (ပြည်သူ) တို့ရဲ့ တာဝန်နဲ့ရပိုင်ခွင့်ကို ပဋိဉာဉ်ပြုခြင်းဆိုတာ လူကြားကောင်းရုံ ရေးသားထားတဲ့ စိတ်ကူးစံတရပ်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံတို့၊ ပဋိဉာဉ်တို့ဆိုတာ စစ်နိုင်သူ ဓားထက်သူတို့က အပေါ်စီးကနေ ရေးဆွဲကြတာပါပဲ။ ဒါဟာ တလောကလုံးဆိုင်ရာ အမှန်တရားဖြစ်ပါတယ်။ ဓနရှင်နိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုတာ အုပ်စိုးသူ ဓနရှင်လူတန်းစား အချင်းချင်း စေ့စပ်အပေးအယူလုပ်ပြီး (ပဋိဉာဉ်ပြု) တည်ထွင်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံများပဲ ဖြစ်ပါတယ်။ ဓနရှင်လူတန်းစားက (အလှည့်ကျ) ထာဝရအုပ်စိုးဖို့နဲ့ အလုပ်သမား၊ လယ်သမား (အခြေခံလူတန်းစား) ထာဝရ အုပ်စိုးခံဖြစ်ဖို့ ရေးဆွဲထားတာပါ။

အလုပ်သမား၊ လယ်သမား အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကိုယ်တိုင် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲနိုင်မှ အဲဒီဖွဲ့စည်းအုပ်ချုပ်ပုံကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ပြည်သူ့အားကို စုစည်းထားနိုင်မှ စစ်မှန်တဲ့ ပြည်သူ့ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဖွံဖြိုးဆဲနိုင်ငံတွေက လက်ဝေခံဓနရှင်လူတန်းစားဟာ (သူတို့က အမျိုးသားဓနရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ်ပုံဖော်ပြီး ဇာတိသွေးဇာတိမန် မျိုးချစ်စိတ်ဓာတ် အမျိုးဘာသာသာသနာဆိုတဲ့ ဓနရှင်အမျိုးသားရေးဝါဒ နဲ့လည်း မှိုင်းတိုက်လေ့ရှိတယ်) အမှီခိုကင်းတဲ့လူတန်းစား မဟုတ်ဘူး။ သူတို့ဟာ လူထုနဲ့ကင်းကွာတယ် နိုင်ငံစုံဘဏ္ဍာအရင်းကို မှီခိုမှရှင်သန်တယ်။ ဒါကြောင့် သူတို့ချင်း မိတ်ဖက်ဖြစ်တာထက် ပြိုင်ဖက်ဖြစ်တာ များပါတယ်။ စည်းစိမ်ဥစ္စာ၊ အာဏာ၊ ဓန အခွင့်အရေး အဝေမတည့်ကြပါဘူး။ တည်ငြိမ်ဖွံ့ဖြိုးတဲ့ကာလမှာ တည့်သလို ရှိကြပေမယ့် ဆုတ်ကပ်နဲ့ကြုံတဲ့အခါ ကွဲပြဲလွယ်ပါတယ်။ (သူတို့ချင်း) နိုင်ငံအရေး အကျပ်အတည်း ပေါ်ပါတယ်။ ဒီအခါမှာ ဓားပါတဲ့ကုလား စားသွားသလို စစ်ဗျူရိုကရက် ဓနရှင်လူတန်းစားက အာဏာသိမ်းတော့တာပါပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာလည်း ဘယ်လောက်ပဲ အဆီအသားပါတဲ့ စကားလုံးများနဲ့ ရေးဆွဲထားသည်ဖြစ်ပါစေ စက္ကူစုတ်ဖြစ်တော့တာပါပဲ။ သူတို့စိတ်ကြိုက် အသစ်ပြန်ဆွဲတော့တာပါပဲ။

လစ်ဘရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအရ အာဏာရနဲ့ အတိုက်အခံ ပါတီကြီးနှစ်ရပ် (အနည်းဆုံး) လိုပါတယ်။ လစ်ဘရယ်ယဉ်ကျေးမှုအရ ဖွဲ့စည်းအုပ်ချုပ်ပုံဘောင်ထဲက အတိုက်အခံပြုရပါတယ်။ ကိုလိုနီထမ်းပိုးအောက်က လွတ်လပ်ရေးရလာတဲ့၊ ခေတ်နောက်ကျတဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများမှာတော့ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ပါတီများက အဓိကပါတီကြီးအဖြစ် အာဏာရပါတီ ဖြစ်တာများပါတယ်။ သားစဉ်မြေးဆက်လည်း အမွေဆက်ခံကြပါတယ်။ ထိုင်းမှာတော့ စစ်ဗျူရိုကရက်တွေက စစ်တပ်ကိုင်အာဏာသိမ်းတာ လက်ယဉ်ပါတယ်။ ၁၉ ကြိမ် ရှိပြီလို့လည်း ပြောကြပါတယ်။ ထိုင်းဓနရှင်ဂိုဏ်းတွေ အဝေတည့်ကြရင် အစိုးရနဲ့အတိုက်အခံ လစ်ဘရယ်ဖွဲ့စည်းပုံ အသက်ဝင်ပါတယ်။ စစ်ဗျူရိုကရက်တွေက သူ့ဝေစုသူယူပြီး စစ်တန်းလျားပြန်ပါတယ်။ သူ့အကျိုးစီးပွား ထိပါးလာရင် ကုလားခြင်းအတူတူ ဓားပါတဲ့ကုလားက အာဏာသိမ်းတာပါပဲ။

ဗမာပြည်မှာက ၁၉၅၈ မှာ အစမ်း ၁၉၆၂ မှာ တရားဝင် စစ်တပ်က အာဏာသိမ်းပါတယ်။ ယခုထိပါပဲ။ ဗမာပြည် လွတ်လပ်ရေးနောက်ပိုင်းခေတ်ဟာ စစ်ဗျူရိုကရက်များရဲ့ခေတ်လို့တောင်ပြောနိုင်တယ်။ စစ်ဗိုလ်ချုပ်ကြီး (ဟောင်း-သစ်) များက ၂၀၀၈-၂၀၁၀ နဲ့ လစ်ဘရယ်ဒီမိုကရေစီကို အသက်သွင်းလာတယ်။ စစ်တပိုင်းအစိုးရက အရပ်ဝတ်နဲ့ စစ်ဗျူရိုကရက်အာဏာကို ဆက်ထိန်းပါတယ်။ စစ်တပ် (စစ်ဗျူရိုကရက်များ) ရဲ့ ကိုယ်စားလှယ် ၂၅ % လွှတ်တော်မှာ အလိုအလျောက်ပါတယ်။ လိုအပ်ရင် စစ်တပ်က တရားဝင် အာဏာသိမ်းနိုင်အောင် ၂၀၀၈ မှာ ပြဌာန်းချက်တွေ ထည့်ထားတယ်။ နိုင်ငံရေးအကျပ်အတည်း (တခုခု) အကြောင်းပြပြီး အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးများရဲ့ ဂိုလ်ခါပါတီကို စံပြုရေးဆွဲထားတဲ့ ၂၀၀၈ အောက်က စစ်တပိုင်းအစိုးရဟာ ထိုင်းဗိုလ်ချုပ်ကြီးများကို စံနမူနာယူပြီး တရားဝင်အာဏာပြန်သိမ်းရင် အံ့ဩစရာတော့ မဟုတ်ပါဘူး။

အနောက်ရဲ့ပိတ်ဆို့မှုတွေ လျော့ပါးအောင်နဲ့ ပြုပြင်ရေးမှိုင်းတိုက်နိုင်အောင် လစ်ဘရယ်ဖြေလျော့မှုတချို့ လုပ်တယ်။ NLD ကို တူတာတွဲလုပ်ဖို့ လုပ်ဖော်ကိုင်ဘက်ပါတီအဖြစ် ၂၀၀၈ အောက်မှာ နေရာပေးတယ်။ ၈၈ တက်ကြွလှုပ်ရှားသူများကို လစ်ဘရယ်ယဉ်ကျေးမှုအရ အရပ်ဖက်အဖွဲ့အစည်းများအဖြစ် မွေးတယ်။ NLD က နေရာဝင်မယူရင် တစည ကို ပေးနိုင်တာပါပဲ။ အာဏာရနဲ့ အတိုက်အခံရယ်လို့ရှိမှလည်း လစ်ဘရယ်ဒီမိုကရေစီ ပီပြင်မှာ ဖြစ်တယ်။ NLD နဲ့ ၈၈ ငြိမ်းပွင့် တို့က ၂၀၀၈ နဲ့ ပုဒ်မ ၄၃၆ ပြင်ရေး တောင်းဆိုလှုပ်ရှားမှုများ လုပ်လာကြတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ စစ်အုပ်စုကို ဖျောင်းဖျနားချရုံနဲ့ လစ်ဘရယ်ဒီမိုကရေစီကို ပီပြင်အောင် ဖော်ဆောင်နိုင်လိမ့်မယ်လို့ ထင်ရင် မှားလိမ့်မယ်။ ငါ့ကုလားက ဓားမပါလို့ရှုံးတာ ဖြစ်မှာစိုးပါတယ်။

ဒါပေမဲ့ ဗမာပြည်နိုင်ငံရေးက ထိုင်းနဲ့မတူပါဘူး။ ထိုင်းလောက်တောင်လည်း လစ်ဘရယ်ဒီမိုကရေစီ အသားမကျသေးဘူး။ ဗမာပြည် လူထုကြီးက မျိုးဆက်နဲ့ချီပြီး နိုင်ငံရေးအသိ နိုးကြားနေရုံမက သွေးစွန်းနေတဲ့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး မုန်းတီးပါတယ်။ ဗမာပြည်မှာက ရေပေါ်ဆီအသိုင်းအဝိုင်းသာ ပြည်ပသက်ရောက်မှု အောက်မှာ လစ်ဘရယ်နိုင်ငံရေး လှုပ်ရှားနေတာဖြစ်ပြီး အဖိနှိပ်ခံ ပြည်သူလူထုကြီးက မိမိတို့ရဲ့ အတ္တဘာဝ အကြောင်းအချက်အရ ရုန်းကန်တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ လူထုဟာ နိုင်ငံရေးသေမသွားဘူး။ စစ်ဗျူရိုကရက် အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ တိုင်းပြည်ဟာ ရှေ့ကိုတလှမ်းမှ တက်နိုင်မှာ မဟုတ်ဘူး။

Leave a Reply

Your email address will not be published.