အိုဘားမားကဗိုလ်သိန်းစိန်တို့ကို ဘိသိက်မြှောက်လိုက်တာလား

By | May 29, 2014

၂၇-၅-၁၄ နေ့က အမေရိကန်နိုင်ငံရဲ့စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက ဗမာပြည်က ဗိုလ်သိန်းစိန်အစိုးရကို ဗန်းတင်ပြလိုက်တာဟာ တခြားသူတွေ ဘယ်လိုထင်မယ်မသိရပေမယ့် ဒါဟာ အရင်က၀ှက်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ထုတ်ပြောလိုက်တာလို့ ယူဆရပါတယ်။

ဒါဟာ အိုဘားမားက ဗိုလ်သိန်းစိန်ကို “လိမ္မာလာပြီ” လို့ကျောသပ်ပြလိုက်တာဖြစ်သလို အရှေ့တောင်အာရှမှာ သူ့ရဲ့ဂိုဏ်သားတဦး တိုးလာပြီလို့ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးလောက ကတော့ “အိမ်ဖြူတော်ဟာ ဗမာပြည်ကနိုင်ငံရေးထဲ သူတို့ဝင်စွက်နေတာကို ၀န်ခံလိုက်တာ၊ ဗိုလ်သိန်းစိန်တို့စစ်အာဏာရှင်တသိုက် သူတို့အိတ်ထဲရောက်ပြီလို့ပြောလိုက်တာ၊ တရုတ်ကို မီးနီပြလိုက်တာ”လို့ သဘောပေါက်ကြပါတယ်။

ဒီနေ့ဗမာပြည်မှာ ပြည်သူလူထုတွေ၊ အထူးသဖြင့်အောက်လွှာပြည်သူလူထုတွေ အလူးအလဲ ဒုက္ခရောက်နေကြပြီး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးဖိနှိပ်မှုတွေ မပြတ်ပေါ်ပေါက်နေလို့ ပြည်သူလူထုကြီးရဲ့ မျက်လုံးထဲမှာ ဗိုလ်သိန်းစိန်တို့ဟာလည်း ဒီပုတ်ထဲကဒီပဲဖြစ်တယ်လို့ ပိုပြီးသဘောပေါက်လာနေချိန်မှာ အိုဘားမားပြောလိုက်တာဟာ အိမ်ဖြူတော်က တလျှောက်လုံး လုပ်နေခဲ့တာတွေဟာ ဗမာပြည်ပြည်သူလူထုအတွက်မဟုတ်ဘဲ သူတို့အကျိုးအတွက်သာဖြစ်တယ်ဆိုတာ ပိုပြီးပေါ်လာပါတယ်။

ဒီကနေ ဆက်ပြောနိုင်တာက ဗမာပြည်ဟာ အရပ်ဝတ်အစိုးရရဲ့လုပ်ရပ်ကြောင့် အမေရိကန်-တရုတ်ပဋိပက္ခမှာပိုမို နက်ရှိုင်းစွာကြားညပ်တော့မယ်ဆိုတာပါပဲ။

အိုဘားမားပြောတာနဲ့ပတ်သက်လို့ ဗိုလ်သိန်းစိန်တို့ဘက်က ပြန်ပြောတာဘာမှ မကြားရသေးပါဘူး။ တကယ်တော့ ဆိတ်ဆိတ်နေရင် ၀န်ခံရာကျမယ်ဆိုတာ သူတို့မသိတာ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ ကြက်ခေါင်းဆိတ်မခံတဲ့ အာဏာမာန်ဝင့်လှတဲ့ ဗိုလ်ချုပ်တတွေဟာ ထသွားမှအကျိုးမှန်းသိမှာစိုးလို့ တိတ်နေတာလား၊ အမေရိကန်ကအသိအမှတ်ပြုတာကိုပဲ ငြိမ်ပြီးမင်္ဂလာယူနေတာလားဆိုတာ သူတို့မှ သိပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *