၂၀၀၅ ခုနှစ်မှာ ထွက်လာတဲ့ သောမတ်စ်ဖရိုက်မန်းရဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့စာအုပ်ဟာ ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တယ်။ ဒီစာအုပ်မှာ ကမ္ဘာကြီးဟာ စီးပွားကုန်သွယ်ရောင်းဝယ်မှုမှာ တပြေးညီကစားကွင်းကြီး ဖြစ်သွားပြီလို့ သူက အဆိုပြုထားတယ်။ အင်တာနက်ချိတ်ဆက်မှုတွေ တဖြည်းဖြည်းတိုးပွားလာပြီမို့ ကမ္ဘာကြီးရဲ့ ဘယ်နေရာကမဆို ဒီကစားကွင်းကြီးထဲမှာ ၀င်ပါကစားနိုင်ပြီလို့ ဆိုပါတယ်။ ကမ္ဘာပြားရခြင်းအကြောင်းအဖြစ် အချက် (၁၀) ချက် တင်ပြတယ်။ ဘာလင်တံတိုင်းပြိုသွားတဲ့ အချက်ကလွဲပြီး ကျန်တာတွေက အင်တာနက်ဆက်သွယ်မှုနဲ့ သက်ဆိုင်တာတွေချည်း ဖြစ်ပါတယ်။
အခုလည်း အမှုဆောင်အရာရှိကြီးတွေ၊ ဥပဒေပြုအမတ်တွေနဲ့ စွန့်ဦးတီထွင်အရင်းရှင်ကြီးတွေက “တိုးပြီးချိတ်ဆက်မိလာတဲ့ ကမ္ဘာကြီးအကြောင်း” အမြှုပ်တစီစီထအောင် ပြောနေကြတာကို ကြားနေရပါတယ်။ သူတို့မပြောကြတာကတော့ ကမ္ဘာကြီးချိတ်ဆက်မိနေတဲ့ သူတွေဆိုတာ အင်တာနက်ဘရော့ဘင်ဖိုး တတ်နိုင်သူတွေသာ ဖြစ်တယ်ဆိုတာပါပဲ။
ဆင်းရဲတဲ့နိုင်ငံတွေ အသာထားပြီး ကမ္ဘာ့အချမ်းသာဆုံး၊ ရှေ့တန်းအရောက်ဆုံး အမေရိကန်နိုင်ငံကိုပဲ ကြည့်ရအောင်ပါ။ အမေရိကန်ရှိ အိမ်ထောင်စုစုပေါင်းရဲ့ ၄၆% ဟာ တနှစ်ဝင်ငွေ ဒေါ်လာ ၃၀,၀၀၀ အောက်ပဲရှိပြီး ပုံမှန်အင်တာနက် မတပ်ဆင်ထားနိုင်ကြပါဘူး။ အင်တာနက်ပုံမှန်မရှိတာကြောင့် အိမ်စာလုပ်ဖို့၊ အလုပ်လျှောက်ဖို့၊ အလုပ်လက်မဲ့ခံစားခွင့်နဲ့ ရိက္ခာထောက်ပံ့ရေးစတဲ့ အစိုးရစီမံကိန်းတွေ လျှောက်ဖို့တောင် ခက်ကြပါတယ်။
အရှေ့ဟာလင် (East Harlem) က ၁၉ နှစ် အရွယ် အထက်တန်းကျောင်းသူလေး ဘာလ်ဂိုဘင်ဟာ အိမ်မှာ ကိုယ်ပိုင်ကွန်ပျူတာမရှိသလို အင်တာနက်လည်း မသုံးနိုင်ပါ။ ကျောင်းမှာပဲ ကွန်ပျူတာသုံးတယ်။ အင်တာနက်သုံးဖို့လိုတဲ့ အိမ်စာလုပ်ဖို့ကျတော့ စာကြည့်တိုက်ကို အားကိုးရပါတယ်။ စာကြည့်တိုက်တွေမှာက ကွန်ပျူတာနဲ့အင်တာနက်ကို အလကားအသုံးပြုခွင့်ရတယ်။
ဒီလို အင်တာနက်သုံးဖို့ စာကြည့်တိုက်တွေကို အားကိုးနေရသူဟာ သူတယောက်တည်း မဟုတ်ပါ။ စာကြည့်တိုက်ဟာ စာအုပ်တွေ လာဖတ်တဲ့နေရာအတွက်သာ မဟုတ်တော့ဘဲ ကွန်ပျူတာနဲ့ အင်တာနက်လာသုံးကြတဲ့ နေရာလည်း ဖြစ်လာနေပါပြီ။ ၂၀၁၃ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ ပူး (Pew) စစ်တမ်းအရ ကွန်ပျူတာနဲ့အင်တာနက် အလကားသုံးခွင့်ရတာဟာ စာကြည့်တိုက်တွေရဲ့ “အလွန်အရေးကြီးတဲ့” ၀န်ဆောင်မှုဖြစ်တယ်လို့ ၇၇% က ဖြေကြားခဲ့တယ်။
ဒါဟာ ရှေ့တန်းအရောက်ဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံက အချက်အလက်တွေ ဖြစ်ပါတယ်။ ဗမာပြည်အပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ပိုဆိုးပါတယ်။ ဟင်ဒူသတင်းစာ (The Hindu) ရဲ့ ကျေးလက်ရေးရာ အယ်ဒီတာဖြစ်သူ ပီဆိုင်းနတ်က ဖရိုက်မန်းကို ဝေဖန်တဲ့ စကားလေးနဲ့ပဲ အဆုံးသတ်ပါရစေ။ “ပြားသွားတာက ‘ကမ္ဘာကြီး’ မဟုတ်ပါဘူး။ ပြားသွားတာက သောမတ်စ် ဖရိုက်မန်းရဲ့ ‘ဦးဏှောက်’ ပါ” တဲ့။
ရည်ညွှန်း – theguardian.com, Monday 6 January 2014