စစ်တပ်ရဲ့ဘီလူးပါးစပ်ကို ခြေမနဲ့ဖြဲပြီး အစွယ်တွေပြသခဲ့တဲ့ ကိုပါကြီး

By | October 30, 2014

ကိုပါကြီးကို ကျွန်တော်မသိ။ မတွေ့ဖူး၊ ၀န်ခံရရင် နာမည်တောင် မကြားဖူးပါဘူး။ ဒါပေမဲ့ အခုတော့ သူ့နာမည်၊ သူ့ဘ၀ဟာ ကျွန်တော့်အာရုံထဲမှာ အမြဲထိပ်ဆုံးနေရာ ရောက်နေပါတယ်။

            မဖြူနှင်းထွေး၊ ကိုပါကြီး၊ တလတောင် မကြာဘူး၊ ဒီအစိုးရလက်ထက်မှာ မတရားချုပ်ချယ်သတ်ဖြတ်တယ် ဆိုတာတွေဟာ စိပ်သထက်စိပ်လာနေတာ သတိထားမိကြပါလိမ့်မယ်။ ဒါ့အပြင် ဗိုလ်သိန်းစိန်စစ်အစိုးရက သူတို့နဲ့မတူသူတွေအပေါ် ကိုင်တွယ်မှုတွေဟာ ကြမ်းသထက်ကြမ်းလာ၊ ဖမ်းဆီးသတ်ဖြတ်ခွင့်တွေကိုလည်း အတိုင်းမသိခွင့်ပြုတာ ပိုပြီးများသထက်များလာတာ တွေ့နေရပါတယ်။

            “ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်”ဆိုတဲ့ဆင်ခြေကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ဗမာပြည်ရဲ့ ပထမဆုံးစစ်အစိုးရ (သူတို့အခေါ်“အိမ်စောင့်အစိုးရ”) လက်ထက်မှာ ဗိုလ်အာဠာဝကကို သတ်လိုက်တဲ့ကိစ္စကို ပြန်သတိရမိပါတယ်။ ဗိုလ်အာဠာကို  ဖမ်းမိတာက စစ်ကိုင်းတောင်ပေါ်မှာ ဗိုလ်အာဠာက ဆေးလာကုနေတုန်း ဖမ်းခဲ့တာပါ။ အဲဒီနောက်မှာ သူ့ကို မန္တလေးနန်းတွင်းထဲက စစ်ထောင်ထဲမှာ ချုပ်ထားပြီး စစ်ဆေးပါတယ်။ ဗိုလ်အာဠာဆိုတာက ဂျပန်ခေတ်တလျှောက်လုံး မန္တလေးမှာရှိတဲ့ ဘီအိုင်အေတပ်နဲ့ နေလာခဲ့တာဆိုတော့ သူဟာဗိုလ်မှူးဗထူးလို့ပဲ မန္တလေးက မြို့မျက်နှာ ဖုံးတွေ၊ သံဃာတော်တွေကအစ မန္တလေးသူ မန္တလေးသားတွေနဲ့  အင်မတန်ရင်းနှီးသူ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီတုန်းက နန်းတွင်းမှာရှိတဲ့ တိုင်းမှူးက သူကိုယ်တိုင် မဆုံးဖြတ်ဝံ့လို့  ဗိုလ်နေ၀င်းဆီကို လှမ်းတင်ပြလိုက်ပါတယ်။ ဒီတော့မှ ဗိုလ်နေ၀င်းက “အာဠာ့မျက်နှာ ငါမမြင်ချင်ဘူး”လို့ တခွန်းတည်း ပြောလိုက်တာနဲ့ ဗိုလ်အာဠာကို ညမှာ မန္တလေးနန်းတွင်းထဲကနေ ကားပေါ်တင်ထုတ်သွားပြီး မန္တလေးတောင်ရဲ့မြောက်ဘက်က ရွှေကျင်ဂိတ်အလွန်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ ဗိုလ်အာဠာကို အဲဒီလိုထုတ်သွားစဉ်မှာ ဗိုလ်အာဠာက သူ့ကိုထုတ်သွားသူတွေကို “မင်းတို့ငါ့ကို သတ်ပစ်မလို့ မဟုတ်လား”လို့ မေးသေးတယ်ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။

            ပြောချင်တာက ဗိုလ်နေ၀င်းတို့သန္ဓေချ မွေးထုတ်လိုက်တဲ့ စစ်အုပ်စုလက်ကိုင်တုတ် စစ်တပ်ဟာ အခုမှမဟုတ် အရင်ကတည်းက ဒီလိုပဲ တရားမရှိဓားမရှိ လုပ်လေ့ရှိတယ်ဆိုတာ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ အရှင်ဖမ်းမိတာကို သတ်ပစ်ကြတာကတော့ ပြောဖို့တောင် မလိုပါဘူး။ မန္တလေးက ဦးမောင်လေးကိစ္စလို ထောက်လှမ်းရေးမှာ စစ်ဆေးရင်း သတ်ဖြတ်တာမျိုးကလည်း အများကြီးပါ။ ဒါ့အပြင် ထောင်ထဲမှာ တမင်သေအောင် အေအိုင်ဒီအက်စ်ရောဂါ ကူးအောင်လုပ်တာ အပါအ၀င် နည်းအမျိုးမျိုးနဲ့သတ်ခဲ့၊ သတ်နေတာလည်း ရေတွက်လို့တောင် မရတော့ပါဘူး။

            အခုတော့ သတ်တယ်၊ အလောင်းဖျောက်တယ်၊ ပြီးတော့ – ပြောင်ပဲ- သေပြီလို့ ကြေညာလိုက်တယ်၊ ဒါဟာ သတ္တိပြတာလား၊ စိန်ခေါ်တာလား၊ ဘယ်သူ့မှ ဂရုမစိုက်ဘူးလို့ ပြောချင်တာလား၊ အားလုံးပဲလား။ ရိုးသားတာကလွဲရင် ဘာမဆို ဖြစ်နိုင်ပါတယ်။

            အဆိုးထဲက အကောင်းလို့ပဲ ဆိုကြပါစို့။ ကိုပါကြီးကို သတ်ဖြတ်မှုသတင်း ထွက်လာတဲ့နောက်မှာ ဗမာပြည်အရပ်ရပ်မှာ မကျေနပ်လို့ ဆန္ဒပြတာ၊ အချင်းချင်း ပို-ပိုစုစည်းမိလာကြတာ၊ နိုင်ငံတကာမှာ ဗိုလ်သိန်းစိန်အစိုးရရဲ့ သရုပ်သကန်ကို အမှန်အတိုင်း ပိုမြင်လာကြတာ၊ ဗမာပြည်နိုင်ငံရေးလောက က ပုဂ္ဂိုလ်တချို့ရဲ့ ရပ်တည်ချက်တွေ ပိုပြီးပွင့်ကျလာတာတွေ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။

            တခုတော့ သေချာပါတယ်။ ဗိုလ်သိန်းစိန်တို့ စစ်အစိုးရဟာ သူတို့ရဲ့အဓိကကျောရိုး အင်အားလည်းဖြစ်၊ သူတို့ထိပ်ပိုင်းတွေ အကြားက ညီညွတ်မှုကို ထိန်းထားသူလည်းဖြစ်တဲ့ သူတို့ရဲ့အစဉ်အလာ လက်ကိုင်တုတ် ဒီစစ်တပ်ကိုတော့ နည်းနည်းမှ အထိပါးခံမှာ မဟုတ်ပါဘူး။ စစ်တပ်က မှားတယ်လို့ ဘယ်တုန်းကမှ ၀န်မခံခဲ့သလို နောင်မှာလည်း ၀န်ခံမှာ မဟုတ်ပါဘူး။ ဒီနှစ် အဦးပိုင်းလောက်တုန်းက ဗိုလ်အောင်မင်းက သူတို့စစ်တပ်အတွင်း ပေးနေတဲ့“သူရ”“သီဟသူရ” စတဲ့ဘွဲ့တွေကို ထိပါးပြောဆိုသလို ပြောလိုက်မိလို့ လူသိရှင်ကြား သူ့အထက် ဆရာသမားတွေကို ၀န်ချတောင်းပန်ကြောင်း ကြေညာခဲ့ရတာကို မှတ်မိကြမယ် ထင်ပါတယ်။

            သူတို့က ဗမာပြည်ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဘယ်လိုလှည့်စားမလဲ၊ အာရုံပြောင်းစရာ ဘာလှည့်ကွက် ဖန်တီးလာဦးမလဲ ဆိုတာကို စောင့်ကြည့်ကြရပါလိမ့်မယ်။

            အခုတော့ ကျွန်တော် ကိုပါကြီးကို သိပါပြီ။ တပြည်လုံးနဲ့ တကမ္ဘာလုံးကလည်း သိပါပြီ။ သိရုံမက ဘယ်တော့မှလည်း မေ့တော့မှာ မဟုတ်ပါ။

            ပြောရရင် ကိုပါကြီးကတော့ တာဝန်ကျေသွားပါပြီ။ ရှင်ကျန်ရစ်တဲ့လူတွေက တာဝန်ကျေဖို့သာ လိုပါတော့တယ်။

Leave a Reply

Your email address will not be published.