ကြီး ၁၄ ကြီး

By | November 1, 2014

ကြီးဆယ့်လေးကြီးတဲ့။

            ဗိုလ်သိန်းစိန်စစ်အစိုးရက ကြီးကိုးကြီးအစည်းအဝေး ကျင်းပမယ်လို့  ကြေညာလိုက်တော့ ဆရာရွှေပြည်ဧရေးပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ နပမ်းဆံသီချင်းထဲက “နောက်တခါလာပြန်ပြီတမျိုး”ဆိုတာကို သတိရလိုက်မိတယ်။

            ဗိုလ်နေ၀င်းလက်ထက်တုန်းက စပါးပြီးစပါး-မယားပြီးမယားဆိုတဲ့ ဆိုရိုးစကား ပေါ်ထွက်ခဲ့သလို အခု ဗိုလ်သိန်းစိန် လက်ထက်မှာတော့ အစည်းအဝေးပြီးအစည်းအဝေး၊ ကော်မရှင်ပြီးကော်မရှင်လို့ ပြောရမလို ဖြစ်နေပါကလား။ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို မပြီးနိုင်မစီးနိုင် နှစ်နဲ့ချီအချိန်ဆွဲထားပြီး စစ်အစိုးရအတွက် နိုင်ငံရေးအမြတ်၊ သူတို့လူတဦးချင်းအတွက် စီးပွားရေးအမြတ်တွေ ထွက်လာအောင်ဖန်တီးနိုင်တာဟာ ကမ္ဘာမှာဒီအစိုးတခုရပဲ ရှိမယ်ထင်တယ်။

            ဒီတခါထိုးဇာတ်က အမေရိကန်သမ္မတအိုဘားမား လာမယ့်အချိန်နဲ့ တွက်ပြီးလုပ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တဦးက အင်တာဗျူးတခုမှာ ပြောသွားတာ ကြားလိုက်ရတော့ သူပြောတာ အကျိုးအကြောင်း ကိုက်ညီတယ်လို့ အောက်မေ့မိတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမစမီ နာရီပိုင်းအတွင်းမှာပဲ အိုဘားမားကနေ ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆီကို ဖုန်းဆက်လိုက်တယ်ဆိုတော့ ဒီအချက်ဟာ ပိုသေချာသွားတယ်။ အိုဘားမားကလည်း ခေါင်းငြိတ်ပြတဲ့သဘော။ ဒါကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပြတာ၊ နိုင်ငံရေးအကျဉ်းသား (သူတို့ကတော့ ဒီလို မပြောပါ။ နောက်ပြီး ရာဇဝတ်အကျဉ်းသားက အများစုပါ။) ကို ထောင်ကလွှတ် (ပြန်ဖမ်းတာကလည်းမနည်း) တာ၊ အပစ်ရပ်ဆွေးနွေးပွဲ စတာတွေနဲ့ အနောက်အုပ်စုကို မျက်နှာလိုအားရ လုပ်တာတွေထဲက ဗိုလ်သိန်းစိန်တို့ ဖြစ်စေချင်သလောက် အကျိုးဖြစ်မလာသေးတဲ့အတွက် စစ်အစိုးရက ဒီဆွေးနွေးပွဲနဲ့ နောက်ထိုးဇာတ်တခု ပွဲထုတ်လာပြန်တာ ဖြစ်တယ်လို့ ဆိုရမှာပဲ။

            လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် ဆိုတာကို ဖွဲ့ပြီးတဲ့နောက် ဘာမှထူးထူးခြားခြား ဖြစ်မလာဘဲ လူထုဟာ ဒုက္ခတွေပိုဖြစ်ပြီး ကုမ္ပဏီတွေဘက်က တလှမ်းပြီးတလှမ်း တိုးလုပ်နေတာသာ တွေ့ရတယ်မဟုတ်လား။ အပစ်အခတ်ရပ်စဲရေး စကားပြောတယ်ဆိုတာမှာလည်း ဒေသလူထုတွေ စစ်ဘေး၊ ပေါ်တာဘေးကလွတ်အောင် ပြေးလွှားရှောင်ပုန်းနေရတဲ့ ဘ၀က မလွတ်နိုင်ဘဲ စစ်အစိုးရစစ်တပ်ဘက်ကပဲ နေရာတွေ တိုး-တိုး ယူနေ၊ တိုက်ပွဲတွေ ဖန်တီးနေတယ် မဟုတ်ပါလား။ နောက်ပြီး လွန်ခဲ့တဲ့ ၃ ရက်လောက်ကပဲ ကာကွယ်ရေးစရိတ်ကိုလည်း  တိုးမြှင့်ပေးဖို့ စစ်တပ်က လွှတ်တော်ကို တင်ပြလိုက်တယ်။

                        ဒီဆွေးနွေးပွဲ လုပ်နည်းကိုင်းနည်းမှာ ထူးခြားချက်တခုက သူတို့ကြိုတင်သတ်မှတ်ထားတဲ့ အကြောင်းအရာ သုံးမျိုးကိုပဲ သူတို့ဘက်ကပြောပြီး ကျန်တဲ့လူတွေကို တယောက် ၁၀ မိနစ်လောက်ပဲ ပြောခွင့်ပေးတယ်။ အပြန်အလှန် ပြောတာမရှိ။ အင်မတန်ကြီးကျယ်တဲ့ ခေါင်းစည်းကြီးသုံးရပ်ကို ဆွေးနွေးတာ တရက်ထဲနဲ့ ပြတ်သွားတယ်။ ဒါပဲ။ အိုဘားမားကို ဖျော်ဖြေဖို့ တမင်စီစဉ်တဲ့ ယိမ်းကပွဲဟာ ဒီလိုနဲ့ ပြီးသွားတယ်။ နောက်ပြီး သတင်းထုတ်ပြန်တော့ ဆွေးနွေးပွဲအောင်မြင်တယ် တဲ့။ ဆွေးနွေးပွဲတက်တဲ့ သူတို့လူ မဟုတ်သူတွေရော၊ တခြားနယ်ပယ်အသီးသီးက အာဘော်တွေကိုရော နားထောင်ကြည့်လိုက်တော့ ဆွေးနွေးပွဲကို ကျေနပ်တယ်လို့ပြောတာ လုံးဝမကြားရ။ စစ်အစိုးရဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ ဖဲထုပ်ကို ကိုင်ထားသရွေ့ သူတို့ချပြချင်တဲ့ ဖဲချပ်တွေကို တချပ်ပြီးတချပ် ရွေးထုတ်ပြီးချပြနေဦးမှာ သေချာတယ်။

ချုပ်လိုက်တော့ ဒီဆွေးနွေးပွဲကနေ ဗိုလ်သိန်းစိန်အစိုးရ လက်ရှိလုပ်နေတဲ့ အစီအစဉ်တွေကို “ဆွေးနွေးပွဲ တက်ရောက်သူတွေက သဘောတူထောက်ခံတယ်၊ တိုင်းပြည်မှာ တခြားအရေးကြီးတဲ့ ဆွေးနွေးစရာမရှိ ဆိုတဲ့အဓိပ္ပာယ် ရောက်သွားတယ်။” ဒီချုပ်က တောင်းဆိုနေတဲ့ ကြီးလေးကြီးဆိုတာကိုလည်း ခေါင်းရှောင်ပြီး ဖြစ်သွားတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေထဲမှာတော့ သူ့ဖိတ်လို့ – ကိုယ့်မဖိတ်လို့ဆိုတဲ့ ပြဿနာကြီး ပေါ်ကျန်ရစ်တယ်။ သူတို့အတွက်တော့ တကယ်ပဲ အောင်မြင်တာပေါ့။ ဘယ်သူငြင်းမလဲ။

အဆုံးမှာ ဆရာဒဂုန်တာရာရဲ့ နာမည်ကျော်မိုးရွာထဲမှာ လမ်းလျှောက်ရအောင်မေ ဆိုတဲ့ကဗျာထဲက အဆုံးပိုဒ်စာသားများကို ရေးထည့်လိုက်မယ် -“ကြည့်ရင်းကြည့်ရင်း၊ ဒါနှင့်ပြီးသည်၊ ရယ်လည်းရယ်စရာပါတကား”။

Leave a Reply

Your email address will not be published. Required fields are marked *