နှစ် ၇၀ ပြည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး

By | January 7, 2015

ဒီ၂၀၁၅ ခုနှစ်ထဲမှာ ဗမာပြည်သားတွေ ဂုဏ်ယူစွာအထိမ်းအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်တရက်ကို သတိပေးလိုပါတယ်။ သတိပေးတယ်လို့ ဆိုတာက အခုအထိ မီဒီယာတွေထဲမှာ ပြောကြဆိုကြတာ သတိမထားမိလို့ပါ။

လာမယ့်မတ်လ၂၇ ရက်နေ့ဟာ ဗမာပြည်သူတွေက ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့တာ အနှစ် ၇၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဖက်ဆစ်ကို တိုင်းပြည်ထဲက လုံးဝမောင်းထုတ်နိုင်တဲ့ အောင်ပွဲဖြစ်သလို၊ အိန္ဒိယကတဆင့် အာရှတိုက်တောင်ပိုင်း အနောက်ဖက်ကိုလှမ်းမယ့် ဖက်ဆစ်ဂျပန်ရဲ့ခြေလှမ်းကို ရိုက်ချိုးပစ်လိုက်နိုင်ပြီး တပါတည်းမှာပဲ ဂျပန်ဖက်ဆစ်တွေရဲ့ တရုတ်ပြည်ကို နောက်ကျောကနေ ထိုးဖောက်ရေး အစီအစဉ်ကြီးကို ခါးကျိုးသွားစေတဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။

အဲဒါတွေအပြင် မပြောမဖြစ် ထည့်ပြောရမယ့်အချက်က အင်္ဂလိပ်နယ်ချဲ့ကိုလိုနီအစိုးရအောက်မှာ ခြောက်လက်မထက် ပိုရှည်တဲ့ ဓားမြှောင်ကိုတောင် ကိုင်ခွင့်မရခဲ့တဲ့ ဗမာပြည်သားတွေဟာ ခေတ်မီလက်နက်တွေကို ကိုင်တတ်သွားသလို ပြောက်ကျားတိုက်နည်း၊ နေရာယူစစ်တိုက်နည်းစတဲ့ ခေတ်မီစစ်ပညာတွေကိုလည်း ဒီစစ်ကတဆင့် တတ်မြောက်ခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ဗမာပြည်သားတွေရဲ့ခေါင်းထဲမှာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ဖို့လိုရင်လည်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် ကျသွားတာပါပဲ။

ဒီစစ်ကြီးပြီးသွားတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်ကိုလိုနီသမားက စဉ်းစားရာမှာ ဂျပန်ကို အတူတိုက်ခဲ့ဖူးတဲ့ ဗမာပြည်သားတွေရဲ့ ဒီပိုင်းဖြတ်ချက်ကို ထည့်မစဉ်းစားဘဲ နေလို့မရ ဖြစ်ခဲ့ရပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီအတွက်ကတော့ ဂျပန်တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံရှေ့တန်းက ပါဝင်တိုက်ခဲ့တာမို့ ပြည်သူလူထုက လက်ခံအသိအမှတ်ပြုတာ ခံခဲ့ရပြီး နဂိုက မြေအောက်ပါတီဘဝကနေ ထောက်ခံမှုအများကြီးရတဲ့ မြေပေါ် တရားဝင်ပါတီကြီး ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကျောင်းသား၊ ပညာတတ်၊ စာပေ အနုပညာသည်များနဲ့လည်း အဆက်အသွယ်ရခဲ့ပါတယ်။ ပညာတတ်လူငယ်တွေ စစ်တိုက်တတ်လာခဲ့ပါတယ်။

ဗမာပြည်က ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ခိုက်တဲ့ အရေးတော်ပုံဟာ အဲဒီတုန်းက တကမ္ဘာလုံးမှာ ဆင်နွှဲနေကြတဲ့ ဖက်ဆစ်ဝါဒနဲ့စစ်ဝါဒဆန့်ကျင်ရေး အရေးတော်ပုံကြီးထဲက အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောဖို့လိုတာတခုက ကမ္ဘာမှာ ဖက်ဆစ်ဝါဒကို ထုတ်ဖော်ကြေညာ အကောင်အထည်ဖော်ခဲ့ကြတဲ့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ဟာ ကိုယ့်နိုင်ငံ အတွင်းမှာ စစ်ဝါဒကို ဆွဲကိုင်လိုက်နာရာကနေ တဆင့်တက်ပြီး ဖက်ဆစ်ဝါဒကို ဖော်ထုတ်ကျင့်သုံးခဲ့ကြတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ စစ်ဝါဒဆိုတာကို ပထမဆုံးသုံးနှုန်းခဲ့တာဟာ ၁၉ ရာစုနှစ်အလယ်လောက်၊ တတိယနပိုလီယံ လက်ထက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပေါ်လာတဲ့ စစ်ဝါဒကို ဗီအိုင်လီနင်က “ခေတ်သစ်စစ်ဝါဒဟာ အရင်းရှင်စနစ်ရဲ့ ‘အရေးပါတဲ့ဖော်ပြချက်’ဖြစ်တယ်။ အရင်းရှင်နိုင်ငံတွေဟာ ဒီဝါဒကို ပြည်ပနိုင်ငံတွေနဲ့ဖြစ်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာနဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ဖိနှိပ်ရာမှာ အသုံးပြုတယ်”လို့ ထောက်ပြခဲ့ပါတယ်။ အဲဒီ စစ်ဝါဒဟာ ဒုတိယကမ္ဘာစစ် မဖြစ်မီလေးမှာ ဂျာမနီ၊ အီတလီနဲ့ဂျပန်တို့မှာ ခေါင်းထောင်အားယူပြီး ကမ္ဘာတလွှားကို ကျူးကျော်တဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာ စစ်ဝါဒီ – ဖက်ဆစ်ဝါဒ – ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှု၊ ဒီသုံးခုဟာ အပြန်အလှန် ဆက်သွယ်နေတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗမာပြည်သူတွေဟာ ကမ္ဘာကို အန္တရာယ်ပေးခဲ့တဲ့ ဖက်ဆစ်ဝါဒ – စစ်ဝါဒီတွေကို အနိုင်တိုက်ခဲ့တဲ့ သမိုင်းရှိသူလို့ ဂုဏ်ယူထိုက်သူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗမာနိုင်ငံက စစ်ဝါဒီတွေကတော့ ဒီနေ့ဒီရက်ရဲ့ ဂုဏ်ပြောင်မှုအဓိပ္ပာယ်ကို ဖျက်ဆီး၊ ဖျောက်ဖျက်ခဲ့ကြပါတယ်။ မတ်လ၂၇ ရက်နေ့မှာ ဖက်ဆစ်ဂျပန်စစ်ဝါဒီတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့အကြောင်း လုံးဝမပြောတော့ပါဘူး။ ဒါ့အပြင် ဗိုလ်နေဝင်းက သူ့တလက်ကိုင် ဒီစစ်တပ်ကို ဂုဏ်ပြုတဲ့နေ့အဖြစ်တောင် ဖန်တီးခဲ့ပါတယ်။ အဲဒီလောက် ယုတ်မာတဲ့ သမိုင်းသရုပ်ဖျက်မှုကို သူ့အမွေစားအမွေခံ လက်ရှိစစ်အုပ်စုဝင်တွေက ဒီနေ့အထိ ဆက်လက်ကျင့်သုံးနေကြပါတယ်။ ဒင်းတို့ ဘာလို့ ဒီလိုလုပ်တာလဲ။

၁။ ဂျပန်ဖက်ဆစ်တော်လှန်ရေးမှာ ဘယ်သူတွေရှေ့ဆောင်ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကို ဖျောက်ဖျက်ချင်တယ်။
၂။ ဖက်ဆစ်ဝါဒနဲ့ စစ်ဝါဒီ ဆက်စပ်မှုကို ဖော်ထုတ်မှာ စိုးတယ်။
၃။ ဂျပန်စစ်လျော်ကြေးကတဆင့် သူတို့စစ်အုပ်စုဟာ ဂျပန်လက်ဝေခံတွေ လုပ်လာကြပြီမို့ ဂျပန်တွေ ဆိုးဝါးရမ်းကားခဲ့တာကို မဖော်ထုတ်ဝံ့ဘူး။

ဒါကြောင့် ဒီနေ့အထိ ဗမာပြည်မှာ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်အဆောက်အဦ၊ ဒါမှမဟုတ် အဲဒီတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် အထိမ်းအမှတ်ကျောက်တိုင်- ဘာတခုမှ မရှိပါဘူး။ ဒါပေမဲ့ ဗမာပြည်ထဲကို ကျူးကျော်ရင်း သေသွားတဲ့ ဂျပန်ဖက်ဆစ် စစ်သားတွေရဲ့သင်္ချိုင်းတော့ ရှိနေပါတယ်။

ဗမာပြည်က စာနယ်ဇင်း၊ ရုပ်ရှင် စတာတွေမှာ အုပ်စိုးသူအစိုးရရဲ့ ကြေးစားတပ်သားတွေက ဗမာနိုင်ငံသားချင်းကို သတ်ဖြတ်တဲ့ ပြည်တွင်းစစ်အကြောင်း ဝတ္ထုတွေ၊ ရုပ်ရှင်တွေ အများအပြားရှိပေမယ့် ဖက်ဆစ်ဂျပန်တော်လှန်ရေး ဆင်နွှဲခဲ့သူတွေ၊ ဆင်နွှဲ ခဲ့ပုံတွေကို ဖော်ကျူးတဲ့ အနုပညာပစ္စည်းရယ်လို့ သိပ်ကိုနည်းပါတယ်။

ပြည်သူတွေကို လှံစွပ်နဲ့ထိုးသတ်၊ သံဃာတော်တွေကို ပါးရိုက်၊ အမျိုးသမီးတွေကို ဘလက္ကာယပြုတဲ့ ဖက်ဆစ်တွေဟာ စာပေရုပ်ရှင်တွေထဲမှာ ကျေးဇူးရှင်၊ ကရုဏာရှင်ကြီးတွေ ဖြစ်နေကြပါတယ်။ ဟုတ်ပါတယ် ဖက်ဆစ်အမွေကို ဆက်ခံထားတဲ့ စစ်အုပ်စုဝင်တွေ အတွက်တော့ အဲဒီစစ်ဝါဒီတွေဟာ ကျေးဇူးရှင်တွေပါ။ ဒါပေမဲ့ ဗမာပြည်သားတွေအတွက်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးသားကို ဘယ်တော့မှ မမေ့နိုင်လောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ပေးခဲ့သူတွေ ဖြစ်ပါတယ်။ (ဒါဟာ သာမန်ဂျပန်ပြည်သူတွေကို ဆိုလိုတာ မဟုတ်ပါဘူး)။

တိုင်းပြည်ကို စစ်အင်အားနဲ့ ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ ဗိုလ်သန်းစိန်ကို ထိပ်မှာတင်ထားတဲ့ အရပ်ဝတ်စစ်အစိုးရဟာ လွတ်လပ်ရေးနေ့ကို စစ်ရေးပြပွဲတွေနဲ့ ဝှဲချီးကျင်းပခဲ့ပေမယ့် ဗမာတပြည်လုံးရဲ့အောင်ပွဲဖြစ်တဲ့ ဂျပန်ဖက်ဆစ် တော်လှန်ရေးနေ့ကိုတော့ သူတို့နဲ့ လုံးဝမဆိုင်သလို လုပ်နေပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်၊ အဲဒီအောင်ပွဲဟာ ဒီစစ်အုပ်စုဝင်တွေနဲ့ ဘာမှမဆိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *