ကြီးမြတ်တဲ့ ဗမာပြည်ပြည်သူတွေနဲ့အတူ ချီတက်ကြစို့

By | July 13, 2014

ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။

ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။ နောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးပြဿနာမှာလည်း တမင်ခပ်လှမ်းလှမ်းမှာ ခွာနေကြတာကလည်း ထင်ထင်ရှားရှား သတိပြုစရာ ဖြစ်နေပါတယ်။

အမှန်က ဒီနေ့ဗမာပြည်အနေအထားအပေါ်၊ လက်ရှိအစိုးရအပေါ် ကြည့်မြင်သဘောထားတာတွေကနေ လာတဲ့ “မတူကွဲပြားမှုတွေ”လို့ ဆိုရမှာပါ။ ဗမာပြည်သူပြည်သားတွေကို ကျွန်အဖြစ် နိုင်ငံတကာကို ရောင်းပို့နေတဲ့၊ ဗမာပြည်ရဲ့ သယံဇာတနဲ့ မြေကွက်မှန်သမျှကို ပြည်ပအရင်းရှင်တွေနဲ့ ဝေစားမျှစားလုပ်နေတဲ့၊ လယ်သမားတွေဆီက မြေတွေကို ဗြိတိသျှခေတ်ကထက် ဆိုးတဲ့နည်းတွေနဲ့ အဓမ္မလုယက်ယူငင်နေတဲ့၊ ဘာသာရေး-လူမျိုးရေးပြဿနာတွေ တမင်ဖန်တီးပြီး လူတွေသတ်နေတဲ့၊ ပြည်တွင်းစစ်ကို အချိန်ဆွဲထားပြီး အမြတ်ထုတ်ချမ်းသာနေတဲ့၊ အင်မတန်ကောက်ကျစ်စုတ်ပဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်နေတဲ့ အာဏာရှင်စစ်အစိုးရကို “အပြုသဘောပဲ ဝေဖန်မယ်”၊ “လွှတ်တော်ထဲမှာပဲ ဝေဖန်ပြုပြင်သွားမယ်”၊ “လက်တွဲလုပ်ဆောင်သွားမယ်” စသဖြင့် ပြောတာတွေ ပေါ်ထွက်လာပြီး အခုလို အနေအထားတွေ ဖြစ်ပေါ်လာတာပါပဲ။

ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာက လက်ရှိစစ်အစိုးရနဲ့ လက်တွဲခြင်း = ပြည်သူလူထုနဲ့လမ်းခွဲခြင်း ဆိုတဲ့အချက်ကိုမေ့လို့ မဖြစ်ပါဘူး။ နှစ်ဘက်လုံးနဲ့ သင့်မြတ်အောင် ပေါင်းတယ်ဆိုတဲ့သူဟာ နောက်ဆုံးတော့ နီးရာဓားကြောက်ရတယ် ဖြစ်သွားတာပါပဲ။ ဒီလိုပြောတဲ့အတွက် ဥပဒေတွင်းမှာ လှုပ်ရှားနေသူတွေဟာ လက်ရှိစစ်အစိုးရကို တက်ထောင်မောင်းနင်း ကလော်ဆဲပြီး တိုက်ခိုက်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါမျိုးက ရှစ်လေးလုံးလို အရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာမှ လုပ်နိုင်တာမျိုးပါ။ ဒါပေမဲ့ အနည်းဆုံး ဒီကနေ့ပြည်သူတွေနဲ့ ကိုယ့်နိုင်ငံတွေ့ကြုံနေရတဲ့ ဒုက္ခအ၀၀ဟာ ဘယ်သူ့မှာ တ၀န်ရှိတယ်ဆိုတာကိုတော့ သင့်တော်တဲ့နည်းနဲ့ ထောက်ပြပြောဆိုဖို့ လိုပါလိမ့်မယ်။

ဗမာပြည်သမိုင်းမှာ (နိုင်ငံတကာ့သမိုင်းမှာလည်း အတူတူပါပဲ) အခြေခံကျတဲ့ အပြောင်းအလဲတရပ်ဆိုတာဟာ ပြည်သူလူထုကြီးပါဝင်မှ ဖြစ်ပေါ်တာပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်တာ၊ ကိုလိုနီအင်္ဂလိပ်အစိုးရကို တွန်းလှန်တာ စတာတွေဟာ ပြည်သူလူထုကြီးပါဝင်လို့ အောင်မြင်ခဲ့တာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ပေါ်လွင်ထင်ရှားဆုံးနဲ့ အရေးကြီးဆုံး ထူးခြားချက်ဟာ လူထုကြီးရဲ့ပါဝင်မှုပါပဲ။

အခုအခါမှာ လူထုကြီးဟာ သူတို့ချည်း ရုန်းကန်တိုက်ပွဲဝင်နေရပါတယ်။ သူတို့ရဲ့တိုက်ပွဲတွေကို ဘယ်အင်န်ဂျီအို၊ ဘယ်စပွန်ဆာကမှ မကူညီပါဘူး။ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ရှောင်သလေလေ့ လုပ်ပါတယ်။ သူတို့ကို ၀င်ကူညီ၊ အားပေးသူတွေကျတော့ အဖမ်းခံရ၊ သတိပေးခံရ၊ ခြိမ်းခြောက်ခံရ ဖြစ်နေပါတယ်။

ပြဿနာရဲ့အရင်းခံက အခုလိုလူထုကြီးအနေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မပြောနဲ့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ မြေပေါ်မြေအောက်သယံဇာတွေနဲ့ ကိုယ့်ဘိုးဘွားပိုင်မြေကိုတောင် ပိုင်ခွင့်မရတဲ့ အနေအထားကို ဒီမိုကရေစီလမ်းပေါ်ကို ရောက်နေပြီလို့ သတ်မှတ်နေကြတဲ့ကိစ္စပါ။ တိတိလင်းလင်း ပြောပါမယ်။ ဒီနေ့ဗမာပြည်လို အနေအထားမှာ ဒီမိုကရေစီဆိုတာ ဘက်လိုက်မှု ရှိပါတယ်။ အပြည့်ကို ရှိပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အတန်းအစားသာ နိုင်ငံရေး၊ စီးပွားရေး၊ အာဏာတွေနဲ့အခွင့်အရေးတွေ ခံစားခွင့်ရှိတယ်ဆိုတာ တိတိကျကျသတ်မှတ်ထားပါတယ်။ သာမန်လူတွေအတွက် ဘယ်လိုမှ အဖြေမထွက်တဲ့၊ ထိရောက်မှုမရှိတဲ့ “ပြောခွင့်”၊ “ရေးခွင့်”ဆိုတာတွေကို ပေးကောင်းပေးပါလိမ့်မယ်။ ဒါပေမဲ့ တကယ် အဆုံးအဖြတ်ကျတဲ့လုပ်ပိုင်ခွင့်တွေကို စစ်ဗိုလ်တစုလက်ထဲမှာပဲ ထားခဲ့၊ ထားသွားမှာပါ။ ကိုယ့်ဘိုးဘွားပိုင်မြေကို ပိုင်ဆိုင်ခွင့် မရှိတဲ့၊ ကိုယ့်မွေးရာပါ အခွင့်အရေးတွေကို အသုံးပြုခွင့်မရတဲ့ ပြည်သူတွေရှေ့မှာ ဒီမိုကရေစီရနေပါပြီ၊ ဒီမိုကရေစီခရီးကြောင်းပေါ်ကို ရောက်နေပါပြီ စသဖြင့် ပြောတာတွေဟာ လူတွေကို စော်ကားသလိုတောင် ဖြစ်နေပါတယ်။

ဒီတော့ ဒီနေ့အခါမှာ လက်ရှိအခြေအနေကို လက်တွေ့အမှန်အတိုင်းပြောဆိုတဲ့၊ လူထုကိုရှင်းပြတဲ့၊ လူထုကို မှန်ကန်တဲ့လမ်းကြောင်းအပေါ် သိမ်းသွင်းခေါ်ဆောင်တဲ့ လူနဲ့အဖွဲ့အစည်းတွေ သိပ်လိုအပ်နေပါတယ်။ အထူးသဖြင့် ဒီနေ့လို လူထုရဲ့အာရုံကို လွဲစေဖို့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေ ဖော်ထုတ်နေတဲ့အခါမှာ လူထုကြီးအနေနဲ့ ကိုယ့်ရပ်တည်ချက်ကနေ ရွေ့လျောမသွားအောင်၊ ကိုယ့်တိုက်ပွဲကိုယ် မမှိတ်မသုံယုံကြည် ဆက်လက်ဆင်နွှဲအောင် သတိပေး အကူအညီပေးနေသူတွေ လိုအပ်လှပါတယ်။

ဗမာပြည်သားတွေ မမေ့သင့်တာက ဒီနေ့အခါမှာ စစ်အစိုးရဟာ လူမျိုးရေး-ဘာသာရေး ပြဿနာတွေကို အချိန်မရွေး၊ နေရာမရွေး ဖန်တီးလို့ရတဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာပါပဲ။ ရန်ကုန်မြို့လယ်ခေါင်မှာ အဲဒီလို အဓိကရုဏ်းတွေကြောင့် ပုဒ်မ (၁၄၄) ထုတ်ထားရတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပလို့ရမတဲ့လား။ အခု မန္တလေးမှာ ဖန်တီးလိုက်တာဟာ နောက်နှစ်အတွက် ဇာတ်တိုက်တာများလား။ လူမျိုးရေး-ဘာသာရေး ပြဿနာတွေဟာ တခါထက်တခါ ပိုဆိုးလာတယ်ဆိုတာ သတိထားမိကြမယ် ထင်ပါတယ်။

မှန်တာပြောရရင် ဗိုလ်သိန်းစိန်စစ်အစိုးရဟာ လက်ရှိအခြေအနေမှာ ပြည်သူလူထုကြီးက အုံကြွဆန့်ကျင်တာက လွဲပြီး တခြားဘာကိုမှ မကြောက်ပါဘူး။ ဘယ်အဖွဲ့အစည်းကိုမှလည်း ကြောက်စရာလို့ သဘောမထားပါဘူး။ တချို့သော နိုင်ငံရေးသမားတွေနဲ့ တချို့သော နိုင်ငံရေးအဖွဲ့အစည်းတွေ မျက်ကွယ်ပြုထားတဲ့ ပြည်သူလူထုကြီးရဲ့အစွမ်းကို စစ်အာဏာရှင်တွေဟာ သူတို့ရဲ့အတွေ့အကြုံနဲ့ သင်ခန်းစာတွေအရ သိကြပါတယ်။ ဒီနေ့ သူတို့ဖန်တီးနေတဲ့ လူမျိုးရေး-ဘာသာရေး ပြဿနာတွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို ဒုက္ခပေးဖို့ဆိုတာထက် လူထုကြီးကို ဒုက္ခပေးဖို့၊ အာရုံလွှဲဖို့နဲ့ လှည့်စားဖို့သာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအထိတော့ ပြည်သူလူထုက မျက်စိမလည်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *