အခုတလော ဗမာပြည်နိုင်ငံရေးမှာ ပြီးခဲ့တာတွေ/အရင်ကဟာတွေကို ပြန်မဖော်ထုတ်နဲ့၊ လက်ရှိဖြစ်နေတာတွေကိုပဲပြော ဆိုတဲ့အဆိုမျိုး မကြာခဏကြားနေရပါတယ်။ သာမန်အချိန်မှာဆိုရင်တော့ ဒါဟာ စကားနည်းရန်စဲဆိုတဲ့ စိတ်ကောင်းသဘောကောင်းနဲ့ ပြောတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အခုလို ပြောတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီလိုအတိတ်ကို ဖျောက်ဖျက်ပစ်ရတာမျိုးလား။ လူတွေဟာ အတိတ်မှာ လုပ်ချင်တာလုပ်ပြီး ဒီနေ့မှာ လူလိမ္မာစကားပြောတာနဲ့ နတ်ရေကန်ထဲဆင်းလိုက်သလို လူကောင်းဖြစ်သွားရောလား။ နောက်ပြီး သမိုင်းဆိုတာဟာ အဖြစ်အပျက်မှန်တွေကို ချောင်ထိုးထားလို့ရတာမျိုးလား။
ပြီးခဲ့တာတွေ၊ အတိတ်တွေကိုပြောတာ မှားသလား။ အမှားတွေကိုပြောတာ မှားသလား။ လူကောင်းကို မကောင်း ပြောတာ၊ မကောင်းတဲ့လူကို လူကောင်းလို့ ပြောတာကရော မှန်သလား။
ဒီလို“ကျေပါတယ်မအေးစိန်”ဆိုတဲ့စကားမျိုးတွေ ကြားရတိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားရတဲ့ အာဇာနည်မဝင်းမော်ဦးရဲ့ မိဘများက သူတို့သမီးအတွက် ဒီနေ့အထိရေစက်မချ၊ သပိတ်မသွတ်သေးကြောင်းပြောတာ၊ မဝင်းမော်ဦးက ကျဆုံးကာနီးမှာ ဒီမိုကရေစီမရမချင်းကျမအတွက်အမျှ မဝေပါနဲ့လို့ပြောတာ၊ ကိုပါကြီးရဲ့သူငယ်ချင်း တယောက်က ကိုပါကြီးကျဆုံးတာ တနှစ်ပြည့်တော့ ဖေ့စ်ဘုတ်ပေါ်မှာ တနှစ်တင်းတင်းပြည့်ခဲ့ပြီ……ပါကြီးရေ…… ကမ္ဘာမကြေဘူးဟေ့. လို့ ရေးခဲ့တာတွေကို ပြန်သတိရမိပါတယ်။ နောက်ပြီး လက်ပန်းတောင်းက ဒေါ်ခင်ဝင်းရဲ့အုတ်ဂူပေါ်က စာသားတွေ။
ဒီမှာ မေးရမှာက သမိုင်းကို ပစ်ပယ်လိုက်လို့ အောင်မြင်ခဲ့တဲ့ အရေးတော်ပုံရယ်လို့ ဘယ်မှာရှိဖူးပါသလဲ။ သမိုင်း သင်ခန်းစာကို မယူတတ်လို့ ရှုံးနိမ့်တယ်ဆိုတာပဲ ရှိတယ်၊ သမိုင်းသင်ခန်းစာကို ဖျက်ပစ်လိုက်လို့ အောင်မြင်တဲ့ ပြည်သူ့ခေါင်းဆောင်ရယ်လို့ ဘယ်သူရှိဖူးပါသလဲ။ ဒီနေ့ ဖြစ်ပေါ်နေတာတွေဟာ သမိုင်းရဲ့အဆက် မဟုတ်ဘူးလား။ အတိတ်မရှိပဲ ပစ္စုပ္ပန်၊ အနာဂတ် ရှိနိုင်ပါသလား။ နောက်မျိုးဆက်တွေ၊ နောင်လာနောက်သားတွေကို သမိုင်းပညာပေးရင်၊ သမိုင်းစာအုပ်ရေးရင် ဘယ်လိုလုပ်ကြမလဲ။ အဲဒီ သမိုင်းတရားခံတွေကို အခုခွင့်လွှတ်ပါတယ်လို့ပြောပြီး နောင်သမိုင်းရေးတော့မှ အပြစ်ရှိပါတယ်လို့ ပြောကြမှာလား။ သမိုင်းဆိုတာ ကိုယ်လိုရင်လိုသလို ပြောင်းလို့ရပါသလား။ ဒေါက်တာသန်းထွန်းက သမိုင်းကိုသင်တာ မအအောင်သင်တာလို့ ပြောတာကို ကြားဖူးဖတ်ဖူးထားတော့ သမိုင်းကို ထိမ်ဝှက်တာဟာ ဘာကြောင့်ပါလိမ့်လို့ တွေးသင့်ပါတယ်။
သမိုင်းနဲ့ပတ်သက်လို့ ကလီကမာလုပ်ရင် သမိုင်းတရားခံ ဖြစ်တတ်တယ်ဆိုတာ မမေ့သင့်ပါဘူး။
ဘယ်နိုင်ငံ၊ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် အရေးတော်တခုအတွက် ဇွဲသတ္တိဆိုတာဟာ ကိုယ့်အရင်ကျဆုံးသွားတဲ့၊ အနစ်နာခံသွားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက်တွေ၊ သူတို့ရဲ့စွန့်လွတ်မှု၊ သူတို့နာကြည်းချက်၊ ကိုယ့်နာကြည်းချက်တွေကို ပြန်စဉ်းစား၊ ပြန်သတိရပြီး ပေါ်ထွက်တာမျိုး ဖြစ်ပါတယ်။ သာမန် ကိုယ်ကျိုးအပေါ် အခြေခံတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်အနစ်နာခံမှုလို့ ဘယ်သူကမှ အသိအမှတ်မပြုပါဘူး။ ထို့နည်းတူပဲ အတိတ်မေ့ရောဂါ ရှိနေသူတဦးမှာ နာကြည်းချက်၊ လက်စားချေလိုစိတ် မရှိသလို ရဲစိတ်ရဲမာန်လည်း မရှိနိုင်ပါဘူး။
စဉ်းစားကြည့်ပါ။ မောင်လွန်းဆိုတဲ့ ဆယ်နှစ်သားဘုန်းကြီးကျောင်းသားလေးဟာ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သူမြင်ခဲ့ရတဲ့ အရှင်နှစ်ပါး ပါတော်မူတဲ့ပုံကို သူကြီးပြင်းလာတဲ့အခါမှာ သင်ပုန်းချေပစ်လိုက်ရင် သူ့ရဲ့
သြော် ဝေးခရီးက ပေမဲ့၊ အရေးကြီး လျှင်ဖြင့်၊ သွေးနီရာ ပါစမြဲပေမို့၊ ဆရာလဲကွာ၊ ပထမ အရင်- ကနဦး ဆီက၊ မြန်မာ တစ်ခွင်မှာ- သမတရှင်ဘုရင် မလူးခင်ပ။“ထ”ဆင်ထူး ကို၊ တမြည်မြည် သင်ခဲ့သမို့၊ “ထီ”မထင် ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ်မှာ-ခေါင်းအပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့ ဆိုတဲ့လေး ချိုးကြီးမျိုးတွေထွက်လာမှာ မဟုတ်သလို ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအတွက် အင်အားတွေလည်း အများကြီးလျော့သွားမှာ သေချာပါတယ်။
အခု စစ်အစိုးရခေါင်းဆောင်နဲ့ ပါတီအဖွဲ့အစည်းခေါင်းဆောင်တွေမှာ သမိုင်းမရှိခဲ့ဘူးလား။ ဘယ်သူမှ မနေ့တနေ့ကမှ ပေါ်ပေါက်လာတဲ့ မိုးကျရွှေကိုယ်တွေ မဟုတ်ပါဘူး။ လက်ရှိစစ်အစိုးရအဖွဲ့ဝင်တွေဟာ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့တဲ့ နံပါတ်တစ်စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းရဲ့အမိန့်တွေကို တက်တက်ကြွကြွ ကျေကျေပြွန်ပြွန် လုပ်ခဲ့ကြတဲ့ အန္တေဝါသိကတွေ၊ သူတို့ အပြစ်ပြောနေကြတဲ့ မဆလ ပါတီဝင်တွေ၊ ဗိုလ်သန်းရွှေလက်အောက်မှာ ဆရာကောင်းတပည့် လုပ်ခဲ့ကြတဲ့၊ ပြည်တွင်းစစ်ကို သဲသဲမဲမဲတိုက်ခဲ့ကြတဲ့၊ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ကြတဲ့ လူတွေချည့် မဟုတ်ပါလား။ ရှစ်လေးလုံးကာလတုန်းက ဘယ်လိုရပ်တည်ပြီး၊ ဘယ်လိုပြော၊ ဘယ်လိုလုပ်ခဲ့ကြသလဲလို့ သူတို့တဦးစီကို မေးကြည့်ပါ။
ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး သမိုင်းဝင်လူဆိုးကြီးဟစ်တလာဟာ ဘယ်သူကမှ အပြစ်မပေးရဘဲ သူ့ကိုယ်သူသတ်သေပြီး ဇာတ်သိမ်းသွားတာပါ။ ဒါပေမဲ့ သူ့ကို အခုအခါမှာ လူသားတွေနဲ့ သမိုင်းက ခွင့်လွှတ်ပါသတဲ့လား။ သူသေပြီးတဲ့ နောက်ပိုင်းမှာ သူ့ကိုခွင့်လွှတ်သူဆိုလို့ နာဇီအစွန်းရောက်တွေပဲ ရှိတယ်ဆိုတာကို မမေ့သင့်ပါဘူး။
သမိုင်းဆိုတာ ဆက်နေတာပါ။ ဘယ်သူမှ ဖြတ်တောက်ပစ်ခွင့်မရှိသလို၊ ဖြတ်တောက်လို့လည်း မရပါဘူး။ ရှေ့က လူတွေလုပ်သွားတဲ့ အကျိုးကျေးဇူးကိုတော့ ခံစားတယ်၊ ဒါပေမဲ့ သူတို့ချန်ထားခဲ့တဲ့၊ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေကိုတော့ မလုပ်ဘူး၊ သူတို့ကို နှိပ်စက်သတ်ဖြတ်ခဲ့သူတွေကို ဒဏ်မပေးရုံမက သူတော်ကောင်းလို့တောင် သတ်မှတ်တယ်ဆိုရင် ဖြစ်ပါ့မလား။ သမိုင်းတရားခံတွေကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ ကိုယ့်သဘောနဲ့ကိုယ် ခွင့်လွှတ်ကျေအေးတာ လုပ်လို့မရပါဘူး။ သမိုင်းတရားခံတွေဆိုတာ ဘွာတေးခတ်ကျေအေးလို့ရတဲ့ အမှုကိစ္စမျိုးလည်း မဟုတ်ပါဘူး။
ဗမာပြည်ခေတ်သစ်သမိုင်းမှာ တောထဲမှာရော၊ မြို့တွေထဲမှာပါ သရဏဂုံတင်တာလို ဘာသာရေးအရ ထုံးတမ်းစဉ်လာတွေ မလုပ်ရသေးတဲ့အပြင် မှတ်တမ်းတောင် မတင်ရသေးတဲ့ အစိုးရလက်ချက်နဲ့ သေခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့သောင်းနဲ့ရှိပါတယ်။ ၇ ရက်ဇူလိုင်၊ ရှစ်လေးလုံးအရေးတော်ပုံ၊ ၂ဝဝ၇ ခုနှစ် သံဃာ့အရေးတော်ပုံတုန်းက လူသတ်တရားခံတွေကို အခုဒီ“သဘောထားကြီးသူကြီး”တွေက ဘယ်ကရတဲ့ အခွင့်အာဏာတွေနဲ့ ကွင်းလုံးကျွတ်လွတ်ခွင့်၊ ဘေးမဲ့ပေးနေကြတာလဲ။
ရှင်းပါတယ်။
ဒီနေ့အထိ မြေတွေအလုခံနေရ၊ ဆင်းဆင်းရဲရဲဘဝမှာ လုံးပန်းနေရတဲ့ လက်ပန်းတောင်းတောင်က လူထုလို လူသားတွေက သူတို့မြေလုသူ၊ သူတို့သံဃာတွေကို မီးလောင်တိုက်သွင်းခဲ့သူတွေကို ခွင့်မလွှတ်ပါဘူး။ အစိုးရတပ်ရဲ့အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရပြီး ကနေ့အထိ အမှုကို ထိန်ဝှက်ထားတာ ခံနေရတဲ့ ကချင်ဆရာမလေးတွေရဲ့ မိဘဆွေးမျိုးမိတ်သင်္ဂဟတွေက ကျေးအေးတယ် မပြောပါဘူး။
ပြီးခဲ့တာတွေကို မပြောချင်တော့တဲ့ သူတွေဟာ ဒီနေ့ခါမှာ သာယာနေ၊ အခွင့်အလမ်းတွေ ပွင့်နေသူတွေသာ ဖြစ်ပါတယ်။ ဓမ္မတာပဲ၊ ‘ဗိုလ်’ကနေ ‘ဦး’ပြောင်းခဲ့တဲ့အာဏာရနေသူများလည်း ပါသပေါ့။ နောက်ပြီးအဏာရ မဟုတ်သူတွေထဲက ဒီလိုပြောတာ မှန်သမျှဟာ လက်ရှိအာဏာရ အစိုးရနဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ကဏ္ဋကောစမဖြစ်ဖို့ ရည်ရွယ်တာချည်း ဖြစ်နေတာဟာ စဉ်းစားစရာပါပဲ။