၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ ညိုစိန်ဝင်း

By | February 22, 2021

၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီး အောင်ပွဲခံနိုင်ပါစေ။ညိုစိန်ဝင်းအရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၅) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၁ ဖေဖော်ဝါရီ ပြည်သူ့အရေးတော်ပုံကြီးသည် ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှု စတင်သည်နှင့် မကြာမီအချိန်အတောအတွင်း ဆရာဝန်များက အလုပ်မတက်ဘဲ အာဏာဖီဆန်မှုဖြင့် သပိတ်မှောက်ခြင်း၊ ဗမာပြည်တဝန်း ပြည်သူအသီးသီးက မိမိတို့အိမ်တွင်းမှနေ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သံပုံးတီး၍ ဆန့်ကျင်သပိတ်မှောက်ခြင်းတို့ဖြင့် စတင်လိုက်ပေသည်။ သည့်နောက်များမကြာမီပင် ရန်ကုန်မြို့တွင် အလုပ်သမား၊ ကျောင်းသားလူငယ်၊ တိုင်းရင်းသားလူငယ်တို့က လမ်းပေါ်ထွက်ဆန္ဒပြမှု စတင်ဖောက်ခွဲလိုက်သည်နှင့် လူထုသပိတ်သည် တောမီးပမာ တပြည်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားကာ တပြည်လုံးလက္ခဏာဆောင်သော သပိတ်ကြီးအဖြစ် ကြီးထွားလာခဲ့တော့သည်။ ဤသို့နှင့် အာဏာသိမ်းစစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်သော ဗမာပြည် ပြည်သူလူထုကြီး၏ တိုက်ပွဲဝင်လှုပ်ရှားမှုသည် နိုင်ငံတကာမှ မျက်ခြည်မပြတ် စောင့်ကြည့်လာရသော ပြည်သူ့အရေးတော်ပုံကြီးတရပ်အဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။ ဤအရေးတော်ပုံကြီးသည် ဗမာပြည် လူတန်းစားလူ့အလွှာအသီးသီး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ်ကို အထင်အရှား ဖော်ပြလိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို ကာလရှည်ကြာစွာခံစားခံစားလာရသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဌာနအသီးသီးဝန်ထမ်းများ၊ လုပ်ငန်းအလိုက်ပြည်သူများစသဖြင့် စစ်ခရိုနီများမှအပဖြစ်သောလူတန်းစားလူ့အလွှာ အသီးသီးက စည်းလုံးညီညွတ်စွာ နည်းသဏ္ဌာန်ကြွယ်ဝစွာဖြင့် အုံကြွဆန့်ကျင်လာသည့် ခေတ်သစ်အရေးတော်ပုံတရပ်လည်း ဖြစ်သည်။ ဤ လူတန်းစားအသီးသီး လူ့အလွှာအသီးသီး ပါဝင်မှုအခြေခံပေါ်တွင် လူကြီးလူလတ်လူငယ်၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်စသော မျိုးဆက်အသီးသီးမှ ပြည်သူများ၊ လူမျိုးပေါင်းစုံတိုင်းရင်းရင်းသားပြည်သူများ၊ ရဟန်းသံဃာ သီလရှင်များနှင့် ဘာသာပေါင်းစုံပြည်သူများ၊ ကာတွန်း၊ ရုပ်ရှင်ဇာတ်သဘင်။ စာရေးဆရာ၊ ပန်းချီဆရာ စသော အနုပညာနယ်ပယ်မှ ပြည်သူများတို့သည် အရေးတော်ပုံကြီးအတွင်း ပါဝင်၍ ပေါင်းစည်း ညီညွတ်ခဲ့ကြသည်ကို အားတက်စရာ မြင်တွေ့ရပေသည်။ ဗမာပြည် ပြည်သူများ ဤသို့ တခဲနက်ညီညွတ်စွာ စစ်အာဏာရှင်စနစ်ကို အန်တုဆန့်ကျင်လာကြသည်မှာ လတ်တလော စစ်အာဏာသိမ်းမှုကြောင့်သာမက စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ကာလ ရှည်ကြားစွာ ကြုံတွေ့ခဲ့ရသည့် ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးမှု၊ အသက်အိုးအိမ်ဆုံးရှုံးမှု၊ လူမှုဘဝလုံခြုံ အာမခံချက် ကင်းမဲ့မှု၊ ဆင်းရဲမွဲတေမှု၊ စသည့် အနိဋ္ဌာရုံများအပေါ် အနှစ်နှစ်အလလဖွဲ့တည်မျိုသိပ်ထားခဲ့ရသော နာကြည်းမုန်းတီးမှုများကြောင့်လည်း ဖြစ်သည်။ ဤအရေးတော်ပုံကြီးသည် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာများ၊ ဆရာ ဆရာမနှင့် ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ စသော လုပ်ငန်းအလိုက်ဝန်ထမ်းအသီးသီးတို့က မိမိတို့ လုပ်ငန်းခွင်သို့မသွားဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးတည်းဟူသော CDM လှုပ်ရှားမှု၊ မြို့ပြကျေးလက် ဗမာပြည်တဝန်းမှ သံပုံးတီးလှုပ်ရှားကြသော ပြည်သူတရပ်လုံး၏ စစ်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပြည်သူတရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းပေါ်ထွက်ပြီး ဆန္ဒပြသပိတ်မှောက်မှု စသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲပုံသဏ္ဌာန်များ ပေါင်းစည်း၍ တိုက်ပွဲဆင်နွှဲခြင်း ဖြစ်သည်။ ည ၈ အချိန် ဗမာပြည်သူတို့၏ သံပုံးတီးခေါက်သံသည် နိုင်ငံတကာ ပြည်သူများ၏ နားအထိ ပေါက်ရောက်ပြီး အမှုထမ်းပြည်သူတို့၏ CDM လှုပ်ရှားမှုသည်လည်း အာဏာသိမ်း စစ်အုပ်စုလက်အောက် လည်ပတ်နေသော အစိုးရယန္တရားများ လည်ပတ်မှုရပ်ဆိုင်းသွားလုနီးနီး ထိရောက်အောင်မြင်မှုများ ရှိလာခဲ့သည်။ လမ်းပေါ်ထွက် သပိတ်တိုက်ပွဲဆင်နွှဲသော သန်းနှင့်ချီ၍ အင်အားကြီးမားလှသော ရန်ကုန်မြို့ပြည်သူလူထုတိုက်ပွဲနှင့် အမြို့မြို့အနယ်နယ်မှ ပြည်သူလူထုကြီးတရပ်လုံး၏ တိုက်ပွဲများကြောင့် စစ်အုပ်စုနှင့် စစ်ဗိုလ်ချုပ်များ တုန်လှုပ်ချောက်ချားသွားရသကဲ့သို့ ဘဝတူကမ္ဘာ့ပြည်သူများကလည်း ဗမာပြည်သူများ၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြင်းပြသော စိတ်ဆန္ဒအမှန်ကို သိရှိနားလည်လာကြကာ စာနာထောက်ခံမှုများ ပြသလာခဲ့ကြလေသည်။ ဤအချိန်တွင် ဗိုလ်မင်းအောင်လှိုင်ခေါင်းဆောင်သော အာဏာသိမ်းစစ်အုပ်စုသည် တုန်လှုပ်ချောက်ချားမှု ဖြစ်ရခြင်းနှင့်အတူ တန်ပြန်လှုပ်ရှားမှုများလုပ်ကာ ပြည်သူ့အရေးတော်ပုံကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖြိုခွဲရန် နည်းမျိုးစုံဖြင့် ယုတ်ယုတ်မာမာ ကြံစည်လာကြသည်။ ရှေးဦးစွာ ဆန္ဒပြ ပြည်သူလူထုကို ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခြင်းကို စတင်ကျင့်သုံးလာသဖြင့် အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းတွင် သေနတ်ထိမှန်ကာ အာဇာနည်အဖြစ် ကျဆုံးသွားခဲ့ရသည်။ စစ်အုပ်စုသည် ပြည်သူလူထုအရေးတော်ပုံကြီးကို လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် နှိမ်နင်းဖို့ ဝန်မလေးသော်လည်း နိုင်ငံတကာ၏ ပြစ်တင်ဒဏ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ရှားရန်အတွက် ပစ်ခတ်သတ်ဖြတ်မှုအတွက် ဆင်ခြေကောင်းရရှိမည့် အခွင့်အလမ်းတရပ်ကို ကြံဆရှာဖွေနေသည်။ ဤအတောအတွင်း ရဲနှင့်စစ်တပ်တို့က ပြည်သူလူထုကို ရာဘာကျည်ဖြင့် ပစ်ခတ်မှုများ၊ ကျည်အစစ်ဖြင့် ပစ်ခတ်မှုများ၊ လောက်လေးခွဖြင့် ပစ်ခတ်မှုများကိုလည်း နေရာတချို့တွင် ယနေ့အထိ အကြမ်းဖက် ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။ အကျဉ်းထောင်တွင်းမှ အကျဉ်းသား ၂ သောင်းကျော်ကို လွှတ်ပေးပြီး မူးယစ်ဆေးဝါးသုံးစွဲသူထောင်ထွက်များ၊ ခိုးဆိုးလုယက် လူသတ်မှုကျူးလွန်သူ ထောင်ထွက်များကို အသုံးချကာ ညအချိန် ရပ်ကွက်ကျေးရွာနေ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်ပျက်စီးအောင် မီးကွင်းပစ်ခြင်း၊ လုယက်ခြင်း၊ ဖျက်ဆီးခြင်း များပြုလုပ်စေသကဲ့သို့ ရေတွင်းရေကန်များတွင် အဆိပ်ခပ်ခြင်းများပြုလုပ်စေသကဲ့သို့ နေ့ခင်းအချိန် တိုက်ပွဲဝင်ပြည်သူများအတွင်း အဆိပ်ထည့်သည့် ရေဘူးများဖြန့်ဝေခြင်း၊ လူဆိုးလူမိုက်အဖျက်သမားများအား လူထုအတွင်း ရောနှောပါဝင်ပြီး အဖျက်လုပ်ငန်းများလုပ်ရန် ခိုင်းစေထားခြင်း များ ပြုလုပ်နေကြသည်။ ညအချိန်တွင် ရဲများက CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား လာရောက်ဖမ်းဆီးခြင်း၊ နေ့ရောညပါ တင့်ကား၊ စစ်ကား၊ စစ်သားများက ပြည်သူလူထုကို ခြိမ်းခြောက်ခြင်း၊ လူထုသပိတ်ကို စစ်ထောက်ခံပွဲ တန်ပြန်သပိတ်ဖြင့် ရင်ဆိုင်ဖြိုခွဲရန် ကြိုးပမ်းခြင်း၊ စသည်တို့ကိုလည်း ဆက်တိုက်ပြုလုပ်နေသည်။ ထိုမျှသာမက ပြည်သူတရပ်လုံးအား စစ်ဆင်တိုက်ခိုက်မည့် အသွင်သဏ္ဌာန်များကိုလည်း ဖော်ပြလာကြသည်။ သို့ရာတွင် သူရဲကောင်းပီသသော ပြည်သူလူထုကြီးသည် ထိုသို့သော ပြည်သူဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြည်သူ့ညီညွတ်မှုစွမ်းအားဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြသည်။ ဝန်ထမ်းများ၏ ရုံးမတက်သော အာဏာဖီဆန်မှုသပိတ် ထိရောက် သကဲ့သို့ လမ်းပေါ်ထွက် လူထုဆန္ဒပြမှုသပိတ်တိုက်ပွဲများမှာလည်း ရန်သူ့ခြိမ်းခြောက်မှုအတား အဆီးများကြားမှပင် ပိုမိုကြီးထွားလာသည်။ နိုင်ငံတကာ သံတမန်များကလည်း တိုက်ပွဲဝင်ပြည်သူများဘက်မှ ရပ်တည်သော၊ စစ်အုပ်စု၏ ပြည်သူဆန့်ကျင်ရေးလုပ်ရပ်များကို အပြစ်တင်သော ကြေညာချက်များကို ထုတ်ပြန်လာကြသည်။ ထို့ကြောင့် မျက်မှောက် ပြည်သူ့အရေးတော်ပုံကြီးသည် ပြည်သူ့ညီညွတ်မှုစွမ်းအားကြောင့် စိတ်ဓာတ်ရေးရာအရ၊ သံတမန်ရေးအရနှင့် နိုင်ငံတကာ ထောက်ခံမှုအရ အောင်မြင်မှုကို ရရှိနေလေသည်။ အရေးတော်ပုံကြီးအတွင်း ဓမ္မတာအတိုင်း အားသာချက်များ ရှိသကဲ့သို့ အားနည်းချက်များရှိလေသည်။ လူငယ်များကို ရာဘာကျည်ဖြင့် ပစ်ခတ်ရာတွင် မိမိကိုယ်ဖြင့် ရှေ့မှ အနာခံကာကွယ်သူကဲ့သို့သော၊ မီးရထားသံလမ်းပေါ် လှဲအိပ်ပြီး အသက်စွန့်ကာ သပိတ်တားခြင်းပြုသည့် မီးရထားဝန်ထမ်းများကဲ့သို့သော ရဲရင့်စွာ ပြည်သူ့ဘက်မှ ရှေ့တန်းရောက်သူ သူရဲကောင်းများပေါ်ထွက်လာသကဲ့သို့ ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ရာတွင် ထူးချွန်သူများ၊ အရေးတော်ပုံအတွင်း ကျရာတာဝန်ကို မညည်းမညူဆောင်ရွက်သူများ၊ ကိုယ်ကျိုးကို စွန့်၍ CDM အောင်မြင်ရေးအတွက် ရာထူး အလုပ်အကိုင် အခွင့်အရေးကို စွန့်လွှတ်သူ ဝန်ထမ်းများ၊ ပြည်သူလူထုအတွက် ငွေကြေးစားနပ်ရိက္ခာလှူဒါန်းပေးသူများ စသည့် ကောင်းမှုပြုသူများ ပေါ်ထွန်းလာသည်။ မျိုးဆက်သစ် လူငယ်များက ဤအရေးတော်ပုံအတွင်း အများစုပါဝင်ပြီး ထက်သန်သော စိတ်ဓာတ်နှင့်အတူ ကြီးမားသော စွမ်းဆောင်ချက်များကို ဖော်ဆောင်ပေးခဲ့ကြသည်။ တဖက်တွင်လည်း လူထုအရေးတော်ပုံအတွင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲသကဲ့သို့သော မိမိတို့ကျော်ကြားရေးအတွက် မသင့်တော်သည့် ပါဝင်မှုဖြင့် ပါဝင်လာကြသူများ၊ လူထုတိုက်ပွဲ၏ နိုင်ငံရေးဂုဏ်သိက္ခာထိပါးမည့် လှုပ်ရှားမှုလုပ်သည့်သူများကိုလည်း တွေ့ရသည်။ သို့ရာတွင် အရေးတော်ပုံကြီးသည် မိမိ၏ ချို့ယွင်းချက်များကို အချိန်တိုအတွင် ပြုပြင်ထိန်းကျောင်းနိုင်ခဲ့သည်မှာလည်း လေးစားဖွယ် ဖြစ်သည်။ ဤသို့အားဖြင့် စစ်အာဏာရှင်စနစ်ကို လူထုကိုယ်တိုင်ဖျက်သိမ်းရေးဟူသော ဦးတည်ချက် အပျောက်အပျက်မခံ အသွေဖီမခံပဲ ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်သည်။ နိုင်ငံရေးလေထုရှုပ်ထွေးလှသည့်တိုင် စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးတို့ကဲ့သို့သော တူညီသည့် ဘုံကြွေးကြော်သံများကိုမူ အရေးတော်ပုံကြီးက တသမတ်တည်း ထိန်းသိမ်းထားနိုင်ခဲ့လေသည်။ ပြည်သူ့အရေးတော်ပုံကြီးသည် တပါတီ အဖွဲ့အစည်းတခုတည်း၏ အကျိုးစီးပွားအတွက်မဟုတ်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်၍ သားစဉ်မြေးဆက်အနာဂတ်အတွက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ဟူသော ဦးတည်ချက်ကို ချမှတ်ပေးနိုင်ခဲ့သည်။ ပြည်သူ့အရေးတော်ပုံကြီး ယခုကဲ့သို့ ဖွံ့ဖြိုးအောင်မြင်ပြီး အာဏာသိမ်းစစ်အစိုးရကို ကြံ့ကြံခိုင်ရင်ဆိုင်နိုင်ခြင်းမှာ ပြည်သူလူထုကြီးတရပ်လုံး၏ ညီညွတ်မှုစွမ်းအားကြောင့် ဖြစ်သည်ဆိုသောအပေါ် အလေးအနက် ရှိသင့်ပေသည်။ ဤအရေးတော်ပုံကြီးသည် ပြည်သူလူထုက ကိုယ့်အားကိုယ်ကိုး ဆင်နွှဲခဲ့ရခြင်း ဖြစ်သည်။ မကုန်ခန်းနိုင်သော အင်အားရှိသည့် ပြည်သူလူထုကြီးကသာလျှင် ဤအရေးတော်ပုံကြီးကို အောင်ပွဲရသည်အထိ ဆင်နွှဲထမ်းဆောင်နိုင်စွမ်းရှိပေသည်။ နိုင်ငံတကာ(အထူးသဖြင့် နိုင်ငံတကာမှ ဘဝတူ ပြည်သူများ)၏ စာနာထောက်ခံမှုနှင့် အကူအညီပေးမှုကို လိုလားအပ်သော်လည်း ကယ်တင်ရှင်မျှော်ကိုးပြီး နယ်ချဲ့အင်အားကြီးနိုင်ငံများ၏ မင်းပြောင်းမင်းလွှဲ(Regime Change) တော်လှန်ရေးတင်ပို့မှုကို ဖိတ်ခေါ်၍ မဖြစ်ပါ။ အာရပ်နွေဦး ဘာတွေ ဖြစ်နေသလဲ သင်ခန်းစာယူပါ။ ၈ လေးလုံးအရေးတော်ပုံဟာ ဂျင်းရှပ်ရဲ့ နိုင်ငံရေးအန်တုမှု သီအိုရီနဲ့အတူ၊ NED , ငြိမ်းပွင့် ဆိုးရပ်စ်ဖောင်ဒေးရှင်းတို့ရဲ့ စာနာထောက်ခံမှု(စွက်ဖက်မှု) အောက်မှာ (ရင်ကြားစေ့ပေါ်လစီနှင့်အတူ) သားလျှောခဲ့ရတာကို မမေ့ကြပါနှင့်။ လူတန်းစားတိုက်ပွဲအရေးတော်ပုံကို ပထဝီနိုင်ငံရေးအကျိုးအတွက် အမြတ်ထုတ်တာ လမ်းလွှဲတာ အဖြစ်ခံ၍ မရပါ။ စစ်အာဏာရှင်စနစ် မရှိသော တိုင်းပြည်တွင် ကျွန်တော်တို့ နေလိုပါသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ကျွန်တော်တို့ အစွမ်းကုန် လုံးပန်းတိုက်ပွဲဝင်သွားရပါမည်။ သို့ရာတွင် ဗမာပြည်ကို ကုန်းကောက်စရာမရှိသည့် ပြာပုံဘဝရောက်မည့်အခြေအနေကိုလည်း ကျွန်တော်တို့အမြော်အမြင်ရှိရှိ သတိထားရှောင်ရှားသွားရန် လိုအပ်ပါသည်။ ဗမာပြည် ပြည်သူ့အရေးတော်ပုံကြီးသည် မျက်မှောက် အောင်မြင်မှုအရှိန်ဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည် အထိ ၊ အောင်ပွဲရသည်အထိ မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်သွားရပေမည်။ အခက်အခဲအတားအဆီးများက ကြီးမားလှသော်လည်း ပြည်သူလူထုကြီးသည် အောင်ပွဲလင်းရောင်ခြည်ကို လှမ်းမျှော်ကြည့်ရှုနိုင်စွမ်းရှိသူများ ဖြစ်ကြပေသည်။ အကောင်းဆုံး အောင်ပွဲလင်းရောင်ခြည်နှင့် တောက်ပသော အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုရင်း အဆိုးဆုံးအခြေအနေများကို ရင်ဆိုင်နိုင်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်သွားရပေမည်။ ပြည်သူများအနေနှင့် ရန်သူ့အင်အားနှင့် နည်းပရိယာယ်များကို လျှော့မတွက်ဖို့၊ ရန်သူ့အင်အားပြိုကွဲမှုကို ပိုမတွက်ဖို့၊ တိုက်ပွဲအတွင်း မိမိအင်အား တိုးပွားအောင် တည်ဆောက်မှုကို အလေးထားဖို့ လိုအပ်ပါသည်။ ဗမာပြည် ပြည်သူလူထုကြီးတရပ်လုံး၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အရေးတော်ပုံတိုက်ပွဲ မုချအောင်ရမည်။

Leave a Reply

Your email address will not be published. Required fields are marked *