စစ်အာဏာရှင်စနစ်ဘက်မှ ၂၀၁၅ ခုမတိုင်မီ ခုအချိန်ကတည်းက အကြမ်းဖက်နည်းဗျူဟာကို မိုက်မိုက်ကန်းကန်း ကျင့်သုံးတော့မည်ဖြစ်ကြောင်း သေနတ်သံပေးအချက်ပြလိုက်ပေပြီ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲမှု၊ ကျောင်းသားများအကြားသွေးခွဲမှုတို့ကို တဖက်က လုပ်ရင်း အကြမ်းဖက်ဖိနှိပ်မှုတို့ကို ဟန်ချက်ညီညီပေါင်းစပ်ကျင့်သုံးနေခြင်း ဖြစ်သည်။ သူတို့တလျှောက်လုံး ကျင့်သုံးလာခဲ့သော လက်သုံးတော် နည်းလမ်းဟောင်းများကို အခြေအနေနှင့်အညီ တိုးချဲ့ကျင့်သုံးလာခြင်း ဖြစ်သည်။
လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နှင့် ထုခြင်းမှအစ၊ သပိတ်နှင့် ဆန္ဒပြပွဲများကို ဖမ်းဆီးထောင်ချ ဖိနှိပ်ခြင်း၊ ကိုပါကြီးကို သတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်မဲ့ ပြည်သူများ၏ တဲအိမ်များကို အကြမ်းဖက် ဖျက်ဆီးခြင်းအလယ်၊ ယခု လက်ပံတောင်း ပစ်ခတ်သတ်ဖြတ်မှုအဆုံး စစ်အာဏာရှင်စနစ်ဘက်မှ (ငါ့ကုလားက ဓားပါတယ်) ဟု ပြည်သူလူထုအား အသိပေးခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ အာဏာပိုင်တို့၏ စော်ကားအနိုင်ကျင့်မှု လုပ်ဟန်လည်း ဖြစ်သည်။
လူ့အရိုင်းအစိုင်းတို့အုပ်စိုးသော တိုင်းပြည်ဝယ် လယ်သမားထု သွေးအိုင်ထုထဲ နစ်နေစဉ် လယ်သမားအရေးကို လျစ်လျူမရှုဘဲ အလေးအနက်ထားသူ အင်အားစုကသာ သမိုင်းတွင် လယ်သမားထု ထောက်ခံမှု ရရှိပြီး နောက်ဆုံးတွင် အဆုံးသတ် အောင်ပွဲကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။ လက်နက်ကိုင်ထားသော အာဏာရအုပ်စိုးသူများကို ဘဝအရ လောက်လေးခွများနှင့် ခုခံနေရသော လယ်သမားထုအရေးကို ဂရုတစိုက် စာနာထောက်ခံသူ၊ လက်တွဲကူညီသူ၊ ဝန်းရံဖေးမသူများကို သမိုင်းက မော်ကွန်းတင်ပေလိမ့်မည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးခဲ့ရသော မဝင်းမော်ဦးကို ယနေ့တိုင် မမေ့နိုင်သေးသလို၊ ဖဆပလ ခေတ်က ထွန်းတုံးတိုက်ပွဲဝင်ရင်း အသက်စွန့်သွားရသော မဆောင်းတင်ကို ယနေ့တိုင် မမေ့နိုင်ကြသေးသလို မိမိမြေယာကို ကာကွယ်ဖို့ ဘဝပေးအသိဖြင့် တိုက်ပွဲဝင်ရင်း အသက်ပေးသွားရသော ဒေါ်ခင်ဝင်းကိုလည်း ပြည်သူများ မေ့လျော့နိုင်ကြလိမ့်မည် မဟုတ်ပါ။ ယနေ့ခေတ်သည် အာဏာရ အရိုင်းအစိုင်းများကို အမျိုးသမီးနှင့် ကလေးသူငယ်များပါမကျန် တိုက်ပွဲဝင်နေရသောခေတ် ဖြစ်လေသည်။
အုပ်စိုးသူက မည်သို့ပင် အကြမ်းဖက်လာသည်ဖြစ်စေ တပြည်လုံးမှ အသွင်သဏ္ဌာန်မျိုးစုံသော တိုက်ပွဲဝင်မှုများကို အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ဆင်လက်ဆင်နွှဲသွားရပေမည်။
စစ်အာဏာရှင်စနစ်ဘက်မှ အကြမ်းဖက်သတ်ဖြတ်ဖိနှိပ်မှုများဖြင့် အမှားများကို ဆက်တိုက် ကျူးလွန်လာနေသည်။ လက်ပံတောင်း သတ်ဖြတ်ခံရမှုအပါအဝင် တပြည်လုံးမှ ပြည်သူများ မတရား အဖိနှိပ်ခံနေရသော အရေးကိစ္စများသည် ကြေကွဲဖွယ် နာကြည်းဖွယ် ဒေါသပေါက်ကွဲဖွယ် ဖြစ်ရပ်များပင် ဖြစ်သည်။ သို့ရာတွင် တိုက်ပွဲဝင် ပြည်သူများသည် ခေါင်းအေးအေးနှင့် တည်ငြိမ်သော စိတ်ဓာတ်ကို ကိုင်စွဲကာ အခြေအနေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာသင့်သည်။ ရန်သူ့အမှားကို အသုံးချကာ မိမိဘက်မှ တည်ငြိမ်မှန်ကန်သော နည်းလမ်းများဖြင့် ဆက်လက်တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးပမ်းသွားသင့်သည်။
ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်တပ်အားကိုးနှင့် အနိုင်ကျင့်နေသော အာဏာရအုပ်စိုးသူများကို လက်နက်မဲ့ အဖိနှိပ်ခံ ပြည်သူများက တိုက်ပွဲဝင်နေရခြင်းသည် နဂါးမင်းနှင့် သူတောင်းစား စစ်ခင်းနေရသည်နှင့် အလားသဏ္ဌာန်တူသည်။ မှန်ကန်သော နည်းဗျူဟာဖြင့် ပြည်သူများဘက်မှ တုံ့ပြန်တိုက်ပွဲဝင်နိုင်မှသာ ရေရှည်တိုက်ပွဲတွင် ပြည်သူများဘက်မှ အောင်ပွဲခံနိုင်ပေလိမ့်မည်။
ယနေ့ ဗမာပြည်တွင် တကွဲတပြားစီ ပြန့်ကျဲနေသော အဖိနှိပ်ခံပြည်သူလူထု၏ ခုခံတွန်းလှန်မှုများကို အာဏာရအုပ်စိုးသူများက တဖဲ့ချင်း ဝါးမြိုစားသလို တိုက်ပွဲတခုချင်းစီ ဖိနှိပ်ဖြိုခွဲနေသည်။ ပိုမိုကြီးမားသော အင်အားဖြင့် ပြည်သူများ အင်အားစုစည်း တိုက်ပွဲဝင်ဖို့ အခြေအနေက တစတစ တောင်းဆိုလာနေသည်။
တိုက်ခိုက်ရမည့် ရန်သူပစ်မှတ်ကို ဝေဝါးသွားစေရန် လမ်းကြောင်းလွှဲသော လူမျိုးရေး၊ ဘာသာရေး အရှုပ်အထွေး ဖန်တီးမှု အရိပ်အခြည်များကိုလည်း တွေ့မြင်လာနေရသည်။ အဓိက တရားခံဖြစ်သော စစ်အာဏာရှင်စနစ်နှင့် အပေါင်းပါများကိုသာ အဓိက ပစ်မှတ်အဖြစ် ဦးတည်ထားသင့်ပေသည်။
“ဖိနှိပ်ခံရသူကျွန်တွေက ပုန်ကန်ဖို့ မစဉ်းစားရင် ကျွန်ဖြစ်နေရတာပဲ ကောင်းပါတယ်” ဟု လီနင်က ပြောခဲ့ဖူးသည်။ မတရားဖိနှိပ်ခံရသော ဘဝမှ လွတ်မြောက်ဖို့ဆိုလျှင် ခုခံတိုက်ပွဲဝင်ခြင်းသည်သာလျှင် လွတ်မြောက်ရေးလမ်းကြောင်း ဖြစ်ပေလိမ့်မည်။
ဗမာပြည်မှ အဖိနှိပ်ခံ ပြည်သူများသည် သူရသတ္တိပြည့်ဝသောတိုက်ပွဲများ၊ နည်းပရိယာယ်ကြွယ်ဝပြီး အမြော်အမြင်ရှိသော တိုက်ပွဲများ၊ စည်းရုံးနိုင်စွမ်းရှိပြီး အင်အားစုစည်းကာ ညီညွတ်ကျယ်ပြန့်သော တိုက်ပွဲများကို အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ဆက်လက်ဆင်နွှဲရင်း ခုတ်မည့်ဓားအောက် ထုံပေပေဖြင့် လည်စင်းပေးသော သိုးသူငယ်များမဟုတ်ကြောင်း သက်သေပြရမည့်အချိန်သို့ ရောက်လာချေပြီ။