ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်

By | February 28, 2015

ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံး လေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့ လူထုအတွက် စိတ်ကောင်းစေတနာကောင်း မရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။

သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲ ပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်း ပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။

ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့ ခရိုနီတွေက သိမ်းပိုက်ထားကြလို့ လယ်သမားတွေ ထွန်တုံးတိုက်ပွဲတွေဆင်ကြတယ်။ ဆန္ဒပြ လှုပ်ရှားတောင်းဆိုကြတယ်။ မှန်မှန်ကန်ကန် ဖြေရှင်းတာ မလုပ်ဘဲ လယ်သမားတွေ ရုံးတင်တရားစွဲ၊ အစုလိုက်အပြုံလိုက် ထောင်ချ။ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ စတဲ့ ဖိနှိပ်ရေးနည်းနာတွေကို ကျင့်သုံးခဲ့ကြတယ်။ လယ်ယာမြေ တည်ငြိမ်ပြီး လယ်သမားတွေ ငြိမ်သက်သွားသလား။ ခုကိုပဲ မတရားမြေအသိမ်းပိုက်ခံရလို့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်တာ လောလောလတ်လတ် ပေါ်လာပြန်ပြီ။ အလုပ်သမားတွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ သပိတ်တိုက်ပွဲတွေ ဖြစ်ပေါ်လာတာလည်း နှစ်နဲ့ချီ ကြာခဲ့ပြီ။ ရန်ကုန်က စက်မှုဇုန်များ၊ မန္တလေး၊ ပုလိပ် မြစ်ငယ် စသဖြင့် ပေါ်နေကြတာပါ။ ဒီလို မိုးထဲလေထဲ အလုပ်သမားတိုက်ပွဲတွေ ပေါ်နေတဲ့ ကာလမှာ အနိမ့်ဆုံးလခ သတ်မှတ်ပေးဖို့ ညွှန်ကြားတာကိုတောင် အလုပ်သမားရေးရာ ဝန်ကြီးဌာနက ၂ နှစ်ကျော် ကြာလာတဲ့အထိ သတ်မှတ်မပေးနိုင်ခဲ့ဘူး။ အစိုးရကောင်းဆိုတာ မပြောနဲ့ တခြားညံ့တဲ့ အစိုးရတွေတောင် သူလောက် ညံ့မယ်မထင်ဘူး။
ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်တဲ့ သပိတ်တိုက်ပွဲအကြောင်းတော့ တပြည်လုံးလိုလို သိလာကြပြီ။ လူထုဆန္ဒ၊ ကျောင်းသားထုဆန္ဒတွေကို အလေးမထားတဲ့ အစိုးရမို့ ဘယ်လိုဆန္ဒပြပြ၊ ဘယ်လိုတောင်းဆိုတောင်းဆို မှုစရာလားဆိုတဲ့ သဘောနဲ့ မျက်နှာလွှဲထားကြတယ်။ ဘာသံမှ မဟ။ တုတ်တုတ်မျှ မလှုပ်။ မီးတောက်လေးကနေ မီးတောက်ကြီး ဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အခြည်မြင်မှ ကပျာကယာ ကောက်ကာငင်ကာ ဖြေရှင်းဖို့ လုပ်လာတယ်။ ဖြေရှင်းရာမှာလည်း အစိုးရကောင်းတရပ်ရဲ့ လူကြီးလူကောင်းပီသတဲ့ သိက္ခာနဲ့ သမာဓိ သူတို့မှာ နည်းနည်းမှ မရှိဘူး။ မရိုးသားဘူး။ ကတိမတည်ဘူး။ ကောက်ကျစ်တယ်။ မသမာတဲ့ နည်း၊ ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ သူတို့ပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေကို ပြန်လည်ချေဖျက်ဖို့ လုပ်နေကြတယ်။

အားလုံးသော ပြဿနာတွေကို အနည်းအပါး လိုက်လျောမှုလေးတွေနဲ့ လှည့်စားတာကလွဲလို့ အကြမ်းဖက်ဖြိုခွဲမှုနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားတာကြောင့် ဘယ်ပြဿနာမှ ချောချောမောမော ပြေလည်မှုမရဘူး။ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေဆိုတာကတော့ သူတို့ကိုယ်တိုင် ဖန်တီးထားတာဆိုတော့ သူတို့ မလိုအပ်သေးတဲ့ အချိန် မီးခဲတွေပေါ် ပြာလေးတွေ ဖြူးပြီး ခဏသိမ်းထားတယ်။ လိုအပ်တဲ့အချိန် ပြာမှုတ်ပြီး မီးထတောက်အောင် လုပ်ဦးမှာပဲ။

အားလုံးသော ပြဿနာတွေအပေါ် သူတို့ ဖြေရှင်းပုံတွေကို ကြည့်ပြီး ဒီအစိုးရကို ကောက်ချက်ဆွဲလို့ ရတယ်။
ဒီအစိုးရဟာ တိုင်းပြည်ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းဖို့ အရည်အချင်း မရှိရုံ၊ စိတ်ကောင်းစေတနာ မရှိရုံ၊ မရိုးသားရုံမက အမြော်အမြင်မဲ့တယ်။ ဘယ်ပြဿနာကိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ အကြမ်းဖက်ဖြိုခွဲမှုနည်းနာကိုပဲ အစွမ်းထက်တဲ့ ပြဒါးရှင်လုံးလို သဘောထားပြီး အသုံးပြုလေ့ရှိတယ်။ သူတို့စစ်အုပ်စုအဝန်းအဝိုင်း၊ စစ်ခရိုနီတွေနဲ့ သူတို့ရဲ့ မိုက်ဖော်ဆိုးဖက်တွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန် ကာကွယ်မယ်ဆိုတဲ့ သဘောထားရပ်တည်ချက်တွေကြောင့် ဒီလိုဖြေရှင်းနေကြတာပဲ။

အခုလည်း လာပြန်ပြီ။ မီးတောက်တခု။ ပြဿနာတရပ်။ လောက်ကိုင်ပြဿနာ။ ပြဿနာတွေကို ဖြေရှင်းရာမှာ အစိုးရမှာသာ အရည်အချင်း မရှိတာမဟုတ်။ သူတို့အားကိုးအားထားပြုတဲ့ စစ်တပ်မှာလည်း တကယ့်မိုးထဲလေထဲမှာ ဘာအရည်အချင်းမှ မရှိဘူးဆိုတာ အတိအလင်း ဖော်ပြလာတယ်။ ဘာလို့လည်းဆိုတော့ ဒီစစ်တပ်ဟာ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်တဲ့ ပြည်သူ့တပ်မတော်စစ်စစ် မဟုတ်ဘဲ စစ်အုပ်စုရဲ့ တလက်ကိုင်ကြေးစားတပ် ဖြစ်နေလို့ပဲ။ တပ်တွင်း ဒီမိုကရေစီမရှိတဲ့တပ်၊ စစ်အုပ်စုရိုက်သွင်းထားတဲ့ စစ်အုပ်စုအတွေးအခေါ်နိုင်ငံရေးကလွဲလို့ နိုင်ငံရေးမရှိတဲ့ တပ်။ တပ်သားအအရေအတွက် စာရင်းပြကာ တကယ်မရှိတဲ့ စာရင်းပြတပ်သားအရေအတွက်တွေရဲ့ လစာကို အထက်ဆင့်အရာရှိတွေက စားသုံးနေကြလို့ လူဝကြီးလို့ ထင်ရပေမယ့် ဖောယောင်ပြီး အားမရှိတဲ့တပ်။ စစ်သုံးစားရိတ်တွေ ကြီးမားစွာ ရယူထားပေမယ့် တိုက်ရည်ခိုက်ရည် နိမ့်ကျလာတဲ့တပ် ။ ဗိုလ်မှူးဗထူးတို့ လက်ထက်ကလို ပြည်သူ့တပ်မတော်သားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချမှတ်ထိန်းသိမ်းခြင်းမရှိလို့ စည်းပျက်ကမ်းပျက် မုဒိမ်းကျင့်၊ လူသတ်၊ ဓားပြတိုက်၊ ခိုးဆိုးလုယက် အကျင့်ပျက်နေတဲ့တပ်။ ခုကိုပဲ ကိုးကန့်မှာ အရပ်သားတွေကို မည်းမည်းမြင်ရာ ပစ်သတ်နေတဲ့တပ်။ စစ်တပ်ကို လူထုက ထောက်ခံသယောင် မန်းကာမှုတ်ကာ အယောင်ဆောင် ပြကွက်လုပ်ကွက်တွေ လှုံ့ဆော်ခင်းကျင်းနေပေမယ့် ကျောင်းသားသတ်တဲ့၊ ပြည်သူသတ်တဲ့၊ ရဟန်းသံဃာတော်တွေကို သတ်တဲ့ ဒီစစ်တပ်ကို ပြည်သူလူထုက ရင်ထဲအသဲထဲက မထောက်ခံရုံမက နာကြည်းနေကြတာပါ။

ဒါကြောင့် ဒီစစ်တပ်ဟာ အင်အား ၁၀၀၀ လောက်ရှိတဲ့ ဖုန်ကြားရှင်းတပ်ကို တိုက်တာတောင်မှ တပ်ရင်းလိုက်ပြုတ်ပြီး ရှက်ရမ်းရမ်းကာ ဖုန်ကြားရှင်းတပ်ဖွဲ့မှာ ဟိုလူကူနေလို့ ဟိုအဖွဲ့တွေ ပါနေလို့ ဆိုပြီး လက်ညှိုးထိုး စွပ်စွဲနေကြတာပါ။

ဒါသာမက ကိုးကန့်ပြဿနာကို ဖြေရှင်းရာမှာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်စွမ်းမရှိဘဲ အမြော်အမြင်ကင်းမဲ့စွာ မီးတောက်ကို တဆင့်တိုး ကြီးထွားလာအောင် လုပ်နေပြန်ပါတယ်။ စစ်ဖက် ထိပ်ဆုံးခေါင်းဆောင်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပြောပြီး အောက်အဆင့်ဆင့်က ပြည်ပကပဲ ကျူးကျော် တိုက်ခိုက်နေသယောင် သွေးထိုးလှုံ့ဆော်နေကြတာပါပဲ။ ရည်ရွယ်ချက်က ပြည်တွင်းသပိတ်တိုက်ပွဲတွေကနေ အာရုံလွှဲဖို့လား၊ စစ်အာဏာသိမ်းဖို့နဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့လား။ ၂၀၁၅ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့လား။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက်တော့ အန္တရာယ်ကြီးပါတယ်။

အိမ်နီးချင်းဆိုတာ မဟာမိတ်တွေလို မိတ်ဆွေလို ကိုယ်က ရွေးချယ်ယူရတာမဟုတ်ဘဲ သဘာဝက ပေးအပ်ထားတာပါ။ အိမ်နီးချင်းနဲ့ ဘယ်လို ဆက်ဆံမလဲဆိုတာ ကိုယ့်ရဲ့ အမြော်အမြင်နဲ့ ဆိုင်ပါတယ်။ ကိုယ့်ပစ္စည်းတွေ ချေးငှားတာ၊ ထုတ်ရောင်းတာ၊ နှစ်ဦးသဘောတူ စီးပွားရေးလုပ်တာ အားလုံး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က အခရာပါ။ အိမ်နီးချင်းက အတင်းအဓမ္မ အနိုင်ကျင့်မယ်ဆိုရင်တော့ ရပ်ကွက်လူကြီးတွေ ရှိနေကြတာပဲ။

ဗမာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ လွန်ပွဲမှာ ဗမာပြည် မြေစာပင် မဖြစ်စေဖို့၊ ကြားမညပ်စေဖို့ ၊ အမြော်အမြင်ရှိဖို့ လွန်ခဲ့တဲ့ နှစ်အချို့ကတည်းက အစိုးရကို ဝိုင်းဝန်းသတိပေးလာခဲ့ကြတာပါ။ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် သတိပေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အင်အားကြီးနိုင်ငံတွေရဲ့ လွန်ပွဲကြောင့်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ်နယ်စပ်က မီးပွားလေးကို မီးတောက်ကြီးအထိ ကြီးထွားလာအောင် လုပ်နေတာလား။

လက်ပံတောင်းအရေးမှာ ဦးအောင်မင်းက တပည့်တော်တို့က တရုတ်ကြီးကိုလည်း ကြောက်ရပါတယ်ဘုရား- လို့ ဆိုခဲ့တာကို တချို့က ဦးအောင်မင်းကို အကြောက်ကြီးသူအဖြစ်ပဲ ပုံဖော်ခဲ့ကြပါတယ်။ အမှန်က အကြောက်ကြီးသူ မဟုတ်ပါဘူး။ ကောက်ကျစ်သူပါ။ ဦးပိုင်ရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်သူ အစိုးရက ဝမ်ပေါင်ကုမ္မဏီဘက်ကို အဓိက အပြစ်တွေပုံချဖို့ လွှဲပေးလိုက်တာပါ။ တရုတ်မုန်းတီးရေး တစတစ ပိုကြီးထွားအောင် မီးပျိုးထားပြီး လိုအပ်တဲ့အချိန်မှာ လူမျိုးရေးပဋ္ဋိပက္ခကို ထုတ်သုံးဖို့ လုပ်ခဲ့တာပါ။

ခု လောက်ကိုင်ပြဿနာဟာ တည်တည်ငြိမ်ငြိမ်၊ ပါးပါးနပ်နပ်၊ ကျင်ကျင်လည်လည်နဲ့ အမြော်အမြင်ရှိစွာ ကိုင်တွယ်ရမယ့်ပြဿနာပါ။

ခုတော့ ပြည်ပကို လက်ညှိုးထိုးလိုက်၊ ပြည်တွင်းက အင်အားစုတွေကို အပြစ်တင်လိုက်လုပ်နေတော့ ပြန်လည်တုံ့ပြန်မှုတွေ ပေါ်လာပါတယ်။ သူ့မှာ ရန်သူတွေလည်း ပိုများလာပါတယ်။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် မတည်ငြိမ်မှုတွေ ဆက်လက် ဖြစ်ပေါ်လာနိုင်ပါတယ်။

သူတို့ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်နေတာက ဗမာပြည်ဆိုတဲ့ လှေကြီးပေါ်မှာပါ။ သူတို့အနင်းမတတ်လို့ လှေကြီးမြုပ်သွားမှဖြင့်……

တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အမြော်အမြင် ရှိကြဖို့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *