အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ
(မောင်သန်းမြရွှေ)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး
၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။
လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။
ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆(ဃ) ၄၇ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့တာ ဖြစ်တယ်။
အမှုကကြာပြီ။ ရုံးချိန်း ၄ ကြိမ်ရှိပြီ။ ကိုဗစ်၁၉ နဲ့ သင်္ကြန်မတိုင်မီ ကတည်းကဖြစ်ပြီး ၅လကြာနေပြီဖြစ်တယ်။ ဒီကြားထဲ အလုပ်သမတွေ လူစုကွဲ ဖရိုဖရဲဖြစ်၊ တချို့ရွာပြန် တချို့ရရာအလုပ်ရှာလုပ်၊ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေ၊ ဘယ်သူက ကျွေးထားလို့လဲ။ တရားသူကြီးက ပြောလိုက်ပုံက နင်တို့က တရားခံတွေဖြစ်နေပြီတဲ့။ အလုပ်သမားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံနေတယ်။ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုကို ရာဇဝတ်မှုအဖြစ်ပုံဖော်နေတယ်။ ရဲလွှတ်ပြီးဖမ်းမယ်၊ ဒဏ်ငွေ သိန်း၅၀လည်း ရိုက်ဦးမယ်တဲ့။ ဒါလား အလုပ်သမားတွေအပေါ်ထားတဲ့ သဘောထား။ ဒါလား ဆင်ခြင်တုံတရားနဲ့ တရားရေးမဏ္ဍိုင်။
နှိုင်းယှဉ်ကြည့်နိုင်ဖို့ နောက်အမှုတချို့တင်ပြပါမယ်။
သြဂုတ် ၅ ရက် – တောင်ဒဂုံ EURO Gate အထည်စက်ရုံပိုင်ရှင်မှ ၅ ကြိမ်မြောက်သည်အထိ ရုံးချိန်းမလာ။ အလုပ်သမား ၇၀၀ ကျော်အတွက် မတ် – ဧပြီ ၂ လစာလုပ်ခ ကျပ်သိန်း ၁၀၀၀ နီးပါး မပေးဘဲရှောင်နေတယ်။ တရားရုံးက ဖမ်းဝရမ်းမထုတ်၊ အလဆရုံးကလည်း တုတ်တုတ်မျှ မလှုပ်၊ မတို့မထိ။ အလုပ်သမားတွေကတော့ ငတ်တလှည့်ပြတ်တလှည့်။
သြဂုတ် ၇ ရက် – ရွှေပြည်သာစက်မှုဇုန်(၁) ABLE GLAD MYANMAR စက်ရုံ အလုပ်သမား ၆၆၉ ဦးအား လုပ်ခရှင်းမပေးဘဲ လုပ်ငန်းရှင်ထွက်ပြေး။
သြဂုတ်လ ၆ ရက် – လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် DENSO ဝါယာကြိုးစက်ရုံ အလုပ်သမား ၇၆ ဦး လုပ်အားလျှော့ချ ( အလုပ်ရပ်စဲ)။ အလုပ်သမားများမှ လျော်ကြေးမယူဘဲ ၁၀ ရက်စာလုပ်ခကျန်ငွေ ထုတ်ပေးရေးနဲ့ အလုပ်ပြန်ရရေး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားသော်လည်း ဘာမှမတတ်နိုင်။
သြဂုတ် ၆ – Vince Myanmar ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ကျော် အလုပ် ၄၅ရက် ယာယီရပ်ဆိုင်းမယ်။ အလုပ်နားစဉ် တရက်လုပ်ခ ၄၈၀၀ ကျပ် (မှတ်ချက်။ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၄၃(ဇ)အရ ယာယီပိတ်သိမ်းချိန်ကာလမှာ တာဝန်ထမ်းဆောင်နေသကဲ့သို့ အပြည့်အဝပေးရမည်လို့ ပြဋ္ဌာန်းထားသော်လည်း) မပေးဘဲ ကျပ် ၂၀၀၀ လောက်သာပေးမယ်လို့ ဆိုတယ်။ အလုပ်သမားများက ထိုင်သပိတ်မှောက်တောင်းဆိုတော့ ကိုဗစ်၁၉ကာလ ကူးစက်ရောဂါကာကွယ်ရေးပုဒ်မ ၁၅ ဖြင့် အရေးယူတယ်။
လှိုင်သာယာ အနော်ရထာစက်မှုဇုန် Dishing Group (Myanmar) အုပ်စု Dihuali အထည်ချုပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ကို ဇူလိုင် ၃၀ မှာ အလုပ်မှထုတ်ခဲ့တယ်။ အလုပ်ထုတ်နစ်နာကြေးကို ဥပဒေအတိုင်းမပေးဘဲ တဦးလျှင် ကျပ် ၂သိန်းမှ ၂သိန်းခွဲသာ ပေးတဲ့အတွက် မတတ်သာလို့ (ငတ်မှာစိုးလို့) ယူရသော်လည်း မယူဘဲနေသူ ၁၀၀ကျော်ရှိတယ်။ မြန်မာပြည်တရားဥပဒေများကို အားကိုးလို့မရတဲ့အတွက် အမှတ်တံဆိပ် Brand (အပ်ထည်ပင်ရင်း)ကိုသာ စာပို့တိုင်ကြားထားတယ်လို့ ဆိုတယ် (တရားကျစရာ)။
ကိုဗစ်ကာလ (သင်္ကြန်မှစတွက်ရင် ၄ လ) အတွင်း စာရင်းအတိအကျမသိပေမယ့် စက်ရုံပိတ်တာ- ရာကျော်မယ်။ အလုပ်ပြုတ်တာ ၂ သိန်းကျော်မယ်။ တရားစွဲခံရအဖမ်းခံရတဲ့ အလုပ်သမားတွေ တပုံကြီးရှိတယ်။ ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သား ၁သိန်းကျော်မယ်။ မပြန်နိုင်သေးတာလည်း သိန်းပေါင်းများစွာပဲ။ အကြမ်းဖျင်း ခန့်မှန်းကြည့်တာပါ။ ကမ္ဘာနဲ့ချီဖြစ်တဲ့ ရောဂါကပ် စီးပွားရေးကပ် ဖြစ်လို့ မရှောင်လွှဲနိုင်တာကို နားလည်နိုင်သော်လည်း၊ ရင်ကြားစေ့အစိုးရဟာ ကုစားရေးနည်းလမ်းမှန်ကို မရှာကြံနိုင်တဲ့အပြင် ခရိုနီလုပ်ငန်းရှင်တွေကိုသာ အကာအကွယ်ပေးပြီး အလုပ်သမားတွေအပေါ် မျက်နှာလွှဲခဲပစ် တဖက်သတ်ဖိနှိပ်နေတယ်။
စက်ရုံတွေက အလုပ်ထုတ်တာ အလုပ်သမားလျှော့ချတာမှာ သမဂ္ဂဝင်တွေကို ရွေးပြီးအလုပ်ဖြုတ်တယ်။ ပြန်ခန့်တဲ့အခါ တခြားလူ ခန့်တယ်။ သမဂ္ဂဝင်တွေ အလုပ်သမားခေါင်းဆောင်တွေကို အမည်ပျက်စာရင်း Black List ပြုစုထားပြီး အလုပ်ရှင်ချင်းဝံသာနုဖွဲ့ ကြတယ်။ ဒါဟာ ဥပဒေကိုလက်တလုံးခြားလုပ် အလုပ်သမားကို ကျွန်ပြုချင်တာ မဟုတ်ဘူးလား။ အလုပ်သမားတွေ တောင်းဆိုနေတာက – Brandအော်ဒါမရလို့ စက်ရုံပိတ်ရရင် ဥပဒေအတိုင်း နစ်နာကြေးပေးပါ။ ပြန်ဖွင့်ရင် ဦးစားပေးပြန်ခန့်ပါ ဆိုတာပါပဲ။ တချို့စက်ရုံတွေက တကယ်ပိတ်တာမဟုတ်ဘူး။ ပိတ်ယောင်ပြပြီး မလိုသူကိုထုတ်ပယ် လိုသူကိုပြန်ခန့် လုပ်ကြပြန်တယ်။ အလုပ်သမားတွေက မကျေနပ်လို့ သပိတ်မှောက်ပြန်တော့ မဆိုင်တဲ့ဥပဒေမျိုးစုံတပ်ပြီး ထောင်ချပြန်တယ်။ မဲကျတော့လိုချင်ပြန်ရော။ No Vote မလုပ်ကြပါနဲ့တဲ့။
မြန်မာ့အထည်ချုပ်လုပ်ငန်း အနေနဲ့ ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ချုပ်ထည်တင်ပို့မှုကနေ ဒါ်လာ ၃.၇ ဘီလီယံကျော် ရရှိထားပြီး၊ ဒါဟာ မနှစ်ကဒီကာလထက် ဒေါ်လာ ၆၀ သန်းကျော် လျော့နည်းတယ်လို့ သတင်းတရပ်ကဆိုတယ်။ ဒါဟာ ၂% လောက် လျော့သွားတာပါ။ ဒီဒဏ်ကို အလုပ်သမားတွေခေါင်းပေါ် ပုံချလို့မဖြစ်ပါဘူး။ ဓနဥစ္စာတိုးပွားအောင် လုပ်အားနဲ့အရင်း ပူးပေါင်းဖန်တီးရာမှာ မျှတစွာခွဲဝေတဲ့ မူဝါဒ ထိန်းကျောင်းမှု ရှိဖို့လိုပါတယ်။ တရုတ်ပြည် အတွေ့အကြုံအရ တံခါးဖွင့်စီးပွားရေး အစောပိုင်းကာလမှာ ဘိုရင်းလေယာဉ်တစီး ဝယ်နိုင်ဖို့ အထည် သန်း၆၀ ချုပ်ရတယ်လို့ ဆိုတယ်။ ယခုနှစ် ၄၀ အကြာမှာ သူတို့ကိုယ်တိုင် ခေတ်မီလေယာဉ်တွေ တည်ဆောက် တင်ပို့နိုင်နေပြီ။ဗမာပြည်အတွေ့အကြုံအရ Dihuali အထည်ချုပ်စက်ရုံမှာ တထည်ပျမ်းမျှ ဒေါ်လာ၂၀၀ (ကျပ် ၃သိန်းခန့်)တန် ဂျာကင်တထည်ချုပ်ခ ကျပ်၂၂၀ သာရရှိတယ်။ စက်ရုံကတောင်းဆိုတဲ့ အထည်၃၀ မပြီးရင် ထပ်အဖြတ်ခံရတယ်။ ဒါကြောင့် လုပ်ခရှင်းတော့ အပြည့်အဝ မရကြပါဘူး။ တထည်ချုပ်ခ ကျပ် ၄၀၀ အထိတိုးပေးဖို့ တောင်းဆိုတော့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတယ်။ အုပ်စိုးသူလူတန်းစား အဆက်ဆက်ဟာ အလုပ်သမားတွေကို နလပိန်းတုံးတွေ ခိုင်းဖတ်တွေလို့ သဘောထားခဲ့တယ်။ ဒီပုံနဲ့တော့ ဗမာပြည်ကျောက်ခေတ်က တက်တော့မှာ မဟုတ်တော့ဘူး။
၂၀၀၈ နဲ့ အကာအကွယ်ပေးထားတဲ့ စစ်ခရိုနီလူတန်းစားရဲ့အကျိုးစီးပွားကို မထိပါးရဲတဲ့ ရင်ကြားစေ့လစ်ဘရယ်အစိုးရဟာလည်း အလုပ်သမားလူတန်းစားကို ပြဿနာကောင်တွေလို့ မြင်နေတယ်။
ဗမာပြည်အလုပ်သမားလူတန်းစားဆိုတာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးမှာ ကတည်းက သမိုင်းဖန်တီးရာမှာ လှံသွားနေရာရ ပါဝင်တဲ့ လူတန်းစားဖြစ်ပါတယ်။
မောင်သန်းမြရွှေ (၁၀ သြဂုတ် ၂၀၂၀)