လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ(နီအောင်ဝေ)

By | November 27, 2020

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ

(နီအောင်ဝေ)

အရေးတော်ပုံဂျာနယ် ဆောင်းပါး

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ဂျာမနီကွန်မြူနစ်ပါတီ တည်ထောင်သူ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကားလ်လိဘနက်နဲ့ ရိုဇာလူဇင်ဘာ့ ကျဆုံးတာ ၁၀၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လူဇင်ဘာ့နဲ့လိဘနက်က မူလက ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမနီပါဝင်မှုအပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်လာတယ်။ ၁၉၁၄ ခုနှစ် နှစ်ကုန်မှာ ကားလ်လိဘနက်၊ ရိုဇာလူဇင်ဘာ့၊ ဖရန့်မဲရင်း၊ ကလာရာဇတ်ကင်းနဲ့ တခြားတော်လှန်ရေးသမားတွေစုစည်းပြီး နောင်အခါ ဂျာမနီကွန်မြူနစ်ပါတီဖြစ်လာမယ့် ‘စပါတာကပ်အဖွဲ့ချုပ်’ကို တည်ထောင်ကြတယ်။ ‘စပါတာကပ် ပေးစာများ’ ဆိုတဲ့ သတင်းစာမှာ သူတို့အမြင်တွေကို ဖော်ပြကြတယ်။ သတင်းစာ တရားမဝင်ကြေညာခံရပြီးနောက်မှာ လိဘနက်က ရှေ့တန်းစစ်မြေပြင်ကိုပို့တာ ခံရပါတယ်။ ဒါပေမဲ့ စစ်တိုက်ဖို့ငြင်းဆန်ပြီး အလောင်းတွေကို မြေမြှုပ်သဂြိုဟ်တဲ့အလုပ်သာ လုပ်ခဲ့တယ်။ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် သူ့ကို ရှေ့ တန်းကနေ ပြန်ပို့ပေးတယ်။ ၁၉၁၆ ခုနှစ် စပါတာကပ် အဖွဲ့ချုပ်ရဲ့ဆန္ဒပြပွဲ ပေါ်ထွက်ပြီးနောက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရပါတယ်။

လိဘနက် (ဖခင်ဖြစ်သူ ဗီဟိန်းလိဘနက်က သြဂတ်စ်ဘိဘဲလ်တို့နဲ့အတူ ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်သူတဦး ဖြစ်တယ်) က လိုက်ပဇစ်နဲ့ဘာလင် ဟမ်းဘော့တက္ကသိုလ်မှာ ဥပဒေပညာနဲ့နိုင်ငံရေး ဘောဂဗဒေကို လေ့လာခဲ့တယ်။ ဗာ့စ်ဘာ့တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရတယ်။ ၁၉၀၀ ခုနှစ်မှာ ဆိုရှယ်ဒီမိုကရက်ပါတီဝင်ဖြစ်လာပြီး ၁၉၀၇ မှ ၁၉၁၀ အထိ ဆိုရှယ်လစ် လူငယ် အင်တာနေရှင်နယ်ရဲ့ဥက္ကဋ္ဌတာဝန်ကို ယူခဲ့တယ်။ စစ်ဝါဒကိုဆန့်ကျင်တဲ့စာပေတွေ အမြောက်အမြား ရေးသားခဲ့တယ်။ စစ်ဝဒါဆန့်ကျင်ရေး စာတမ်းတွေကြောင့် အဖမ်းခံရပြီးထောင်ကျစဉ်မှာပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ဆိုရှယ်လစ်လူငယ် အင်တာနေရှင်နယ်ကို တည်ထောင်သူတဦး ဖြစ်ပြီး ‘ဒုတိယအင်တာနေရှင်နယ်’ မှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။

ရိုဇာလူဇင်ဘာ့က ပိုလန်လူမျိုးဖြစ်ပြီး သစ်ကုန်သည်ဖြစ်တဲ့ သူ့ဖခင်က သူ့ကို လစ်ဘရယ် အတွေးအခေါ်တွေနဲ့ ရင်းနှီးစေခဲ့တယ်။ မိခင်က ဘာသာရေးကိုင်းရှိုင်းပြီး စာဖတ်နာသူဖြစ်တယ်။ တင်ပါးဆုံရိုးလွဲတဲ့ရောဂါကြောင့် အသက် ငါးနှစ်အရွယ်မှာ အိပ်ယာထဲလဲခဲ့ရပြီး ရာသက်ပန် ခြေတဖက် ထော့နင်းထော့နင်းနဲ့လျှောက်ခဲ့ရတယ်။ အထက်တန်းကျောင်းသူဘဝမှာ ပိုလန် လက်ဝဲပါတီဖြစ်တဲ့ ‘ပစ္စည်းမဲ့ပါတီ’ရဲ့ပါတီဝင် ဖြစ်လာတယ်။ အထွေထွေသပိတ်တွေကို စည်းရုံးစီစဉ်ခဲ့တယ်။ ဒါကြောင့် ပါတီခေါင်းဆောင်လေးယောက် အသတ်ခံရပြီး ပါတီလည်းဖျက်သိမ်းခံရတယ်။ ရိုဇာနဲ့အတူ ကျန်တဲ့ပါတီဝင်တွေက ဆက်ပြီး လျှို့ဝှက်စည်းဝေးကြ၊ လှုပ်ရှားကြတယ်။ ၁၈၈၉ ခုနှစ်မှာ ဆွစ်ဇာလန်ကိုရှောင်တိမ်းရင်း ဇူးရစ်တက္ကသိုလ်မှာ ပညာဆည်းပူးတယ်။ ဒဿနိကဗေဒ (အဘိဓမ္မာ)၊ သမိုင်း၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ သချာင်္ပညာတွေကို လေ့လာခဲ့တယ်။ ၁၈၉၇ မှာ ဥပဒေပညာ ပါရဂူဘွဲ့ရတယ်။ ပါရဂူဘွဲ့ရ အမျိုးသမီး အနည်းစုလေးထဲက တယောက်ဖြစ်တယ်။ စစ်ဆန့်ကျင်ရေး၊ အထွေထွေသပိတ် ဖော်ဆောင်ရေး လှုပ်ရှားမှုတွေကြောင့် အကြိမ်ကြိမ်ထောင်ကျတယ်။ ၁၉၁၆ ခုနှစ်မှာ လိဘနက်နဲ့အတူ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရတယ်။ ၁၉၁၈ မှာ ထောင်ကလွတ်ပြီး ‘အလံနီ’ သတင်းစာကို ထုတ်ဝေတယ်။ တနှစ်အကြာ စပါတာကပ်အဖွဲ့ချုပ် ကွန်ဖရင့်တခုမှာ ဆိုရှယ်လစ်တွေနဲ့ကွန်မြူနစ်တွေပူးပေါင်းပြီး ဂျာမနီကွန်မြူနစ်ပါတီကို တည်ထောင်လိုက်တယ်။ 

လိဘနက်နဲ့လူဇင်ဘာ့က ပါတီခေါင်းဆောင်တွေ ဖြစ်တယ်။ ၁၉၁၉ ခုနှစ် ဇန်နဝါရီလမှာ အလယ်အလတ်လမ်းစဉ်ကိုင်စွဲတဲ့ အာဏာရ ဆိုရှယ်လစ်ပါတီအစိုးရကိုဆန့်ကျင်တဲ့ ‘စပါတာကပ် အုံကြွမှု’ ပေါ်ပေါက်တယ်။ လိဘနက်နဲ့လူဇင်ဘာ့က အစပိုင်းမှာ ပုန်ကန်မှုကို ကန့်ကွက်ပေမဲ့ နောက်တော့ ပူးပေါင်းပါဝင်တယ်။ အလုပ်ပြုတ်စ ဘာလင်က ရက်ဒီကယ် ရဲအရာရှိချုပ်က ဆန္ဒပြသူတွေကို လက်နက်တွေထုတ်ပေးတယ်။ လမ်းတွေမှာ အဟန့်အတားတွေ၊ ခံကတုတ်တွေ တည်ဆောက်ကြတယ်။ စပါတာကပ်အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ သတင်းစာတိုက်တွေကို သိမ်းပိုက်လိုက်ကြတယ်။ အထွေထွေသပိတ်ကို ဆော်သြလိုက်ပြီး မြို့လယ်မှာ ဆန္ဒပြသူတွေ ထောင်သောင်းချီ စုဝေးလာတယ်။ အထွေထွေသပိတ်နဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ပုံဖော်တယ်။ ဒါပေမဲ့ သူပုန်ထမှုကို ဦးဆောင်မှုပေးရမယ့် ‘တော်လှန်ရေးကော်မတီ’ က နောက်ဘာဆက်လုပ်မလဲဆိုတာအတွက် သဘောတူညီမှု မယူနိုင်ကြဘူး။ တချို့က လက်နက်ကိုင် တိုက်ပွဲကို ဆက်တိုက်ချင်တယ်။ တချို့က အစိုးရနဲ့စေ့စပ်ဆွေးနွေးမှုတွေ လုပ်လာတယ်။ ဘာလင်က တပ်ရင်းတချို့ကို ပုန်ကန်မှုမှာ ပူးပေါင်းလာအောင်စည်းရုံးတာလည်း အထမမြောက်ဘူး။ ဇန်နဝါရီ ၁၁ ရက်မှာ လိဘနက်နဲ့လူဇင်ဘာ့တို့က အဖြစ်အပျက်တွေကို မထိန်းသိမ်းနိုင်တော့ဘူး။ ဇန်နဝါရီလ ၅ ရက်မှ ၁၂ ရက်အထိ ကြာခဲ့တဲ့ စပါတာကပ်အုံကြွမှုဟာ စစ်တပ်နဲ့ ကမ္ဘာစစ်ပြန်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေချေမှုန်းတာ ခံလိုက်ရပါတယ်။

တော်လှန်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ ရဲဌာနချုပ်၊ စစ်ရုံးနဲ့တခြား အဆောက်အဦးတွေကို အစိုးရက ပြန်သိမ်းယူနိုင်လိုက်တယ်။ လက်နက်ချသူတွေ အပါအဝင် ဆန္ဒပြသူတွေကို စစ်တပ်က ပစ်သတ်လိုက်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မိတ်ဆွေတွေဝှက်ပေးထားတဲ့ အိမ်တအိမ်မှာ လိဘနက်နဲ့လူဇင်ဘာ့ကို ပြည်သူ့စစ် တပ်စိတ်တခုက ဖမ်းမိသွားတယ်။ သူတို့ကို စစ်တပ် ကွပ်ကဲရေးရုံးဖွင့်ထားတဲ့ အီဒင်ဟိုတယ်ကိုခေါ်သွားပြီး စစ်ကြောရေး လုပ်ပါတယ်။ စစ်ကြောပြီးတဲ့အခါ သူတို့နှစ်ယောက်ကို သီးခြားယာဉ်တန်းတခုစီနဲ့ ခေါ်ထုတ်သွားကြတယ်။ လိဘနက်ကို တီးယားဂါးတန်း ပန်းခြံထဲရောက်တဲ့အခါ ကားပျက်ဟန်ပြုပြီး လမ်းဆင်းလျှောက်ခိုင်းတယ်။ နောက်ကနေ ပစ်သတ်လိုက်ပြီး ရုပ်အလောင်းကို အမည်မတပ်ဘဲ ရေခဲတိုက် ပို့လိုက်တယ်။ ရိုဇာလူဇင်ဘာ့ကိုတော့ စစ်ကြောရေးလုပ်ရာ ဟိုတယ်ကနေ အမိုးဖွင့် မော်တော်ယာဉ်နဲ့ထုတ်လာစဉ်မှာပဲ အရပ်ဝတ်နဲ့စစ်အရာရှိတဦးက အနီးကပ် လုပ်ကြံသတ်ဖြတ်လိုက်တယ်။ သူ့အလောင်းကို အနီးနားက တူးမြောင်းတခုထဲ ပစ်ချထားတာ လနဲ့ချီပြီး ကြာပါတယ်။

ရန်သူ့လက်မှာ ကျဆုံးသွားပေမယ့် ကားလ်လိဘနက်နဲ့ရိုဇာလူဇင်ဘာ့ဟာ ကြီးမြတ်ကာ ဂုဏ်ပြောင်တဲ့ ကွန်မြူနစ် သူရဲကောင်းတွေအဖြစ် သမိုင်းမော်ကွန်းတင် ကျန်ရစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း သူတို့ကျဆုံးတဲ့နေ့မှာ ကမ္ဘာတဝန်းမှာ အထိမ်းအမှတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်ကြပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ‘နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ညနေခင်း’ ပွဲကို စီစဉ်ခဲ့တဲ့ ဂျာမနီ လက်ဝဲပါတီ ဒုတိယဥက္ကဋ္ဌ ဒန်နီယဲလာက ဖရန့်ဖာ့ သတင်းစာနဲ့မေးမြန်းခန်းမှာ လူဇင်ဘာ့နဲ့လိဘနက်တို့ရဲ့အမွေက သူတို့(မျိုးဆက်သစ်တွေ) ရဲ့နိုင်ငံရေး ဒီအင်အေ (DNA) အပိုင်းအစတခုပဲလို့ဆိုပါတယ်။ နိုင်ငံရေးစင်မြင့်ပေါ်ကို သပိတ်တိုက်ပွဲတွေ ပြန်ရောက်လာနေတယ်။ ပြင်သစ်မှာတွေ့ ရတယ်။ အိန္ဒိယမှာ တွေ့ရတယ်။ ဂျာမနီမှာ တွေ့ရတယ်။ ၂၀၂၀ မှာ အဓိကဦးတည်တာ သပိတ်တိုက်ပွဲပဲ။ လူတိုင်းမှာ ၂၀၂၀ အတွက် အစီအစဉ် ကြီးကြီးမားမားတွေရှိတယ်လို့ သူကဆိုတယ်။

ကိုးကား။

Who was Rosa Luxemburg?

https://www.workersliberty.org/…/who-was-rosa-luxemburg

The man who murdered Rosa Luxemburg by Claus Gietinger

https://www.jacobinmag.com/…/rosa-luxemburg-murder…

Luxemburg und Liebknecht: Ein teil unserer politischen DNA

https://www.journal-frankfurt.de/…/Luxemburg-und…

Karl Liebknecht

https://en.wikipedia.org/wiki/Karl_Liebknecht

Rosa Luxemburg

https://en.wikipedia.org/wiki/Rosa_Luxemburg

Leave a Reply

Your email address will not be published. Required fields are marked *