ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)

By | November 26, 2020

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်

(နီအောင်ဝေ)

စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။ 

လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါသေးတယ်။

စစ်အုပ်စု ထူထောင်ပေးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာကို ကြံ့ဖွတ်အစိုးရလို စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေနဲ့တင် ရေရှည်တည်မြဲအောင် လုပ်လို့မရပါဘူး။ ရွှေရည်စိမ်ဆိုတာ အရောင်ကျွတ်မှာပါ။ ပုံမှန် အရောင်ပြန်တင်ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေက ငါးနှစ်တခါ ရွှေရည်စိမ်တဲ့အလုပ်ကို လုပ်တာပါ။ တစညလို ကြံ့ဖွံ့လိုပါတီတွေနဲ့ပြည်သူကို ဆက်ပြီးညာချဖို့မလွယ်တာ သူတို့သိပါတယ်။ ဒါကြောင့် အတုအယောင် ပြည်သူ့ဘက်သားတွေ၊ အင်အားစုတွေ ဖန်တီးပါတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကစလို့ အောက်ဆုံးအဆင့် ပုလိပ်အဆုံး ထောင်ထွက် ရာဇဝတ်သားပါမကျန် ပြည်သူ့ဘက်သားအယောင်ဆောင် သူတို့လူတွေကို သူတော်ကောင်းလို၊ လူအများ လေးစားထိုက်သူတွေလို သြဇာထူထောင်ပေးပြီး ဟန်ပြတရားစွဲ၊ ယောင်ပြ ထောင်ချတာစတဲ့ နည်းမျိုးစုံသုံးပါတယ်။ ဒီလူတွေက အချိန်တန်ရင် ပါတီထောင်၊ လူစုပြီး၊ တခြားနိုင်ငံရေးပါတီတွေမှာလည်း ဝင်လို့ရသလောက် ဝင်ရောပြီး ငါးနှစ်တကြိမ်လုပ်တဲ့ ရွှေရည်စိမ်ပွဲကြီးကို ကျင်းပနိုင်အောင် လုပ်ထားတာ ပါ။

စစ်အုပ်စုရဲ့ဒီမိုကရေစီအရေခြုံ နိုင်ငံတော်ကို နယ်ချဲ့အနောက်အုပ်စုကလည်း ထောက်ခံပါတယ်။ သူတို့ဗမာပြည်သူကိုသွေးစုပ်ဖို့၊ အာရှပစိဖိတ်ဒေသကိုလွှမ်းမိုးထားနိုင်ဖို့ ဗမာပြည်မှာ ဒီမိုကရေစီစစ်စစ် ရှိနေစရာမလိုဘူး။ ရွှေရည်စိမ်နဲ့အလုပ်ဖြစ်တယ်။ ဒါကြောင့် ဗိုလ်သိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး အိုင်ကွန်ဘွဲ့ပေးပြီး ချီးမြှောက်တယ်။ အတိုက်အခံ ဒီချုပ်နဲ့စစ်အုပ်စုအကြား ရင်ကြားစေ့ရေး ဘေးတီးပေးတယ်။ သူတို့အကျိုးစီးပွားအတွက် ဗမာပြည် “လူမှုတည်ငြိမ်ရေး” (လူထု ငြိမ်ငြိမ်နေရေး)ဟာ အရေးကြီးလို့ ခေတ်စကားနဲ့ပြောရရင်တော့ ဝိုင်းပြီး အရောက်ပို့ကြတာပါ။ ဒီလိုနဲ့ဒီချုပ်လည်း စစ်လွှတ်တော်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါ တယ်။ 

၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီ အနိုင်ရတဲ့အခါ ဗိုလ်သန်းရွှေက သူ့မြေးကို ဆက်သားလုပ်ပြီး ဒေါ်စုနဲ့တွေ့ဖို့ ချိန်းပါတယ်။ ဒေါ်စုနဲ့တွေ့ဆုံ ဆွေးနွေးတယ်၊ ဒေါ်စုကို အားပေးထောက်ခံတယ်။ (တကယ်တမ်းမှာ သန်းရွှေ-ဒေါ်စု တွေ့ဆုံပွဲက ခုထိဘာတွေ လျှို့ဝှက်သဘောတူထားတယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပါ။) ပြည်တွင်း၊ ပြည်ပ သတင်းတွေမှာ စစ်အာဏာရှင်ဟောင်းဗိုလ်သန်းရွှေက ဒေါ်စုကို ထောက်ခံကြောင်း သတင်းတွေ ဘဝဂ်ညံသွားတာပါ။

အဲဒီအချိန်မှာ ဗိုလ်သန်းရွှေက တိုင်းပြည်အတွက် သားရွှေအိုးထမ်းကိန်းကြုံပြီလို့ဆိုပါတယ်။ စစ်အုပ်စု အဟောင်း၊ အသစ်နဲ့ဒီချုပ်အုပ်စု သုံးအုပ်စုက သားလည်းမသေ၊ မိဘနှစ်ပါးလည်း မျက်စိအလင်းပြန်ရတဲ့အပြင် ရွှေအိုးကြီးပါရလိုက်တဲ့ Win-Win-Win ကိန်းကို ဆိုက်တာပါ။ စစ်အုပ်စုက အသေမထွက်ဘဲ အရှင်ထွက်သွားသယောင် လုပ်ဇာတ်ခင်းလိုက်တယ်။ (အုပ်စုဟောင်းက အငြိမ်းစားတယ်၊ အုပ်စုသစ်က မှိန်းစားတယ်)။ ဒီချုပ်က ၂၀၀၈ မြှုံးထဲဝင်သွားတယ်

ပြည်သူတွေကတော့ သန်းရွှေပေးလိုက်တဲ့ ဒုက္ခအိုးကို ထမ်းရပါတယ်။ 

ဒါပေမဲ့ ဆိုရှယ်မီဒီယာကို အာဏာသုံး၊ ဓနအင်အားသုံးပြီး အိတ်ထဲထည့်ထားသူတွေက ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီရပြီ၊ ဒီမိုကရေစီခေတ်ကိုရောက်ပြီဆိုပြီး လိမ်ညာမှိုင်းတိုက်ကြပါတယ်။ ဒီနည်းနဲ့ ဒီမိုကရေစီအရေခြုံ စစ်အုပ်စုရဲ့နိုင်ငံတော် မယိုင်လဲအောင် ဝိုင်းပြီးကျားကန်ပေးကြတယ်။ သူတို့က ထောက်လှမ်းရေး၊ သတင်းပေး၊ ခရိုနီရောင်စုံ စတဲ့အင်အားတွေသုံးပြီး အင်မတန်အရေးကြီးတဲ့ မီဒီယာဒေါက်တိုင်ကြီးကို ပင့်ကြမကြတာပါ။

ဒီချုပ်အစိုးရ တက်ပြီးနောက်ပိုင်း ကြားရတဲ့ ဒီချုပ်လိုလားသူ၊ ထောက်ခံသူတွေရဲ့အသံကို နားထောင်ကြည့်ပါ။ ရိုးရိုးသားသား ထောက်ခံသူတွေရှိပေမယ့် ဒီကနေ့ဒေါ်စုနဲ့ ဒီချုပ်ကို ကြိုက်သူ အတော်များများက ဒီချုပ်အပေါ် ဖိနှိပ်မှုပြင်းထန်စဉ်က အနစ်နာခံပြီး ဝန်းရံထောက်ခံခဲ့သူတွေနဲ့လေသံ၊ ဟန်ပန် မတူပါဘူး။ သူတို့က ဒေါ်စုကိုလုံးဝ ဗဟိုပြုထားကြပြီး တခြား နိုင်ငံရေးသမား ဝါရင့်ဝါနု၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်ရင် ဒါမှမဟုတ် ဒေါ်စုနဲ့ဒီချုပ်ကိုဝေဖန်ရင် ရန်စွယ်ငေါငေါနဲ့ဆဲဆိုတိုက် ခိုက်လေ့ရှိပါတယ်။ လိုအပ်သလို ဥပဒေတွင်းနည်း၊ ဥပဒေပနည်းတွေနဲ့ခြိမ်းခြောက်တာတွေပါ လုပ်တတ်ပါတယ်။

သူတို့လို လူတွေ တဖောင်ဖောင်ပြောလေ့ရှိတာက ဒီမိုကရေစီရနေပြီ၊ ဒီမိုကရေစီခေတ်ကိုရောက်နေပြီ ဆိုတာပါ။ (တကယ်တော့ ဒါဟာ သန်းရွှေခင်းပေးထားတဲ့လမ်းကို အမွှမ်းတင်ပေးနေတာတွေပါပဲ။)

အခုလို ရွေးကောက်ပွဲကာလမှာဆိုရင် ကြံ့ဖွံ့နဲ့ တခြားစစ်အုပ်စုအလိုတော်ရိပါတီတွေကို မဲမထည့်ဖို့၊ ဒီချုပ်အစိုးရကိုသာမဲပေးဖို့ အုံနဲ့ကျင်းနဲ့ဆော်သြကြပြန်ပါတယ်။ တချို့ဆိုရင် တိုင်းရင်းသားတွေက ကိုယ့်တိုင်းရင်းသားပါတီကို မဲမပေးဘဲ ဒီချုပ်ကို မဲပေးရမယ်လို့တောင် စည်းရုံးသလိုလို၊ ခြိမ်းခြောက်သလိုလို လုပ်သေးတာပါ။ သူတို့က ကြံ့ဖွတ်နဲ့စစ်တပ်ကို မကြိုက်ကြောင်းပြတယ်၊ ဒေါ်စုနဲ့ဒီချုပ်ကို ထောက်ခံကြောင်းပြတယ်။ ဒါပေမဲ့ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့ ဘာမှမပြောဘူး။ စနစ်ဆန့်ကျင်ရေး လေသံမဟပါဘူး။ စနစ်ဟောင်း၊ ခေတ်ဟောင်း မဟုတ်တော့ဘူး ဒီမိုကရေစီခေတ်ရောက်နေပြီ ဒီမိုကရေစီချန်ပီယံဖြစ်တဲ့ ဒီချုပ်ပါတီကို မဲပေးရေးသာလုပ်ကြဆိုတဲ့ အတွေးအခေါ်ကို လူထုကြားမှာစိမ့်ဝင်အောင် လုပ်နေတာပါ။

စစ်အုပ်စုအတွက် ကြံ့ဖွံ့၊ တစညနဲ့ တခြားအလိုတော်ရိပါတီတွေ အာဏာရရေး မရရေးထက် လမ်းပြမြေပုံ (၇) ချက်နဲ့ထူထောင်ထားတဲ့ ဒီမိုကရေစီအရေခြုံနိုင်ငံတော် တည်တံ့ခိုင်မြဲရေးက ပိုအရေးကြီးပါတယ်။ စစ်အုပ်စုတွင်း အကျိုးစီးပွားကိုယ်စီရှိနေလို့၊ ဖြစ်နိုင်ရင် ဖွတ်တလှည့် ဒေါင်းတလှည့်ဆိုတာမျိုးလည်း လိုလားပုံရပါတယ်။ ဘယ်လက်ဝေခံအစိုးရတက်တက် ဒီမိုကရေစီအရေခြုံနိုင်ငံတော်တည်မြဲအောင် ကျားကန်ပေးမယ့် ဒေါက်တိုင်ဖြစ်ဖို့က ပိုအရေးကြီးလာတယ်။ ပြည်သူတွေကို နိုင်ငံရေးနဲ့ပတ်သက်ရင် ရွေးကောက်ပွဲမှာ မဲပေးတဲ့အလုပ်တခုကိုပဲ လုပ်နေစေချင်တယ်။ ဒါကြောင့် ငါးနှစ်တခါ မဲပေးရင်ရပြီ၊ တခြားဘာမှလုပ်ဖို့မလိုတော့ဘူး။ လက်သီးလက်မောင်းတန်းမယ့်အစား လက်သန်းပဲမင်စွန်းခံလိုက်ကြလို့ သူတို့ပြောနေကြတာပါ။ လမ်းပေါ်နိုင်ငံရေး ခေတ်ကုန်ပြီဆိုတာ ဒီသဘောပါပဲ။

စစ်အုပ်စုက သူတို့အကျိုးစီးပွားအတွက်ပြောတိုင်း တိုင်းပြည်အတွက်လို့ပဲ ပြောတာပါ။ ဗိုလ်သန်းရွှေ က တိုင်းပြည်အတွက် သားရွှေအိုးထမ်းကိန်းကြုံပြီလို့ပြောခဲ့တာက စစ်အုပ်စုနဲ့ ဒီချုပ်ဟာ ဟိုတချိန်က ရန်သူတွေဖြစ်ခဲ့ပေမယ့် အခုတော့ မိတ်ဆွေဖြစ်လာပြီး။ အတူတူ ရွှေအိုးထမ်းနိုင်တာကို ပြောတာပါ။ ဒါပေမဲ့ ပြည်သူတွေကတော့ ရွှေအိုး ထမ်းရတဲ့အဖြစ် မဟုတ်ဘဲ ဒုက္ခအိုးကို ထမ်းနေရတဲ့အဖြစ် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *