ယင်းမာပင် စုစည်းမှုမှသည်…

By | October 14, 2014

မတရားမှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ သေးငယ်တဲ့ တိုက်ပွဲလေးတွေ ဗမာပြည်မှာ ဖြစ်နေတာ အချိန်တခု ကြာခဲ့ပြီ။

ဒီတိုက်ပွဲတွေ အဆင့်တခုတော့ တက်လာခဲ့တယ်။

မတရားမှုကို ဆန့်ကျင်ရင်း အဖမ်းခံရတဲ့သူတွေအတွက် သူတို့ရဲ့ မိသားစုနဲ့ပြည်သူတွေက ဂုဏ်ယူတယ်လို့ ပြောလာကြတယ်။ ဒါဟာ တိုက်ပွဲဝင်ရင်း အဖမ်းခံရသူတွေအတွက် အကောင်းဆုံး အားပေးစကားပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ပျံ့နှံ့လွှမ်းမိုးပါစေ။

နောက်တချက်က တိုက်ပွဲဝင် ကျောင်းသားတွေ အလုပ်သမားတွေ သက်ကြီးရွယ်အိုတွေ လူငယ်တွေဟာ အဖမ်းခံရမှာ မကြောက်။ ထောင်တန်းကျမှာ မကြောက်တဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတာပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ခိုင်မာဖွံ့ဖြိုးပါစေ။

ကိုလိုနီခေတ်က (အမေကမွေး ထောင်ကကျွေး) ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဗမာလူငယ်တွေ ကိုလိုနီစနစ်ကို အန်တုတိုက်ပွဲဝင်ခဲ့ကြတယ်။ ဗမာပြည်အနှံ့ ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါ- ဆိုတဲ့ စိတ်ဓာတ်ကလည်း ကိုလိုနီစနစ်ကို အန်တုရင်း ဗမာပြည်တဝန်းလုံး ဒေသအသီးသီးကို မှီခိုမယ်၊ လက်တွဲမယ်၊ ပူးပေါင်းနေထိုင်မယ်-ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ပါဝင်ပါတယ်။ မျက်မှောက်အခြေအနေမှာလည်း ဒီလိုတိုက်ပွဲဝင်စိတ်ဓာတ်တွေ တပြည်လုံးမှာ ပိုမို ပျံ့နှံ့လာဖို့လိုတယ်။

အခု ဗကသ ရဲဘော် ဖြူနှင်းထွေးကိစ္စနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အကျိုးဆက် ရလဒ်တွေ ပေါ်ထွက်လာတယ်။

ဗကသ ရဲဘော်က အလုပ်သမား၊ လယ်သမားတွေနဲ့ အတူနေထိုင်ရင်း ပူးပေါင်းတိုက်ပွဲဝင်တာကို ဗကသ အဖွဲ့အစည်းကရော၊ ပြည်သူလူထုကပါ အတိအလင်း အသိအမှတ်ပြု ထောက်ခံလိုက်တာ ဖြစ်တယ်။ လယ်သမားတိုက်ပွဲတွေမှာ ဗကသ နဲ့ ကျောင်းသားတွေ ပိုမိုတိုးတက် ပူးပေါင်းလက်တွဲလာကြတာ တိုက်ပွဲတဆင့်မြင့်လာတာကို ပြတယ်။ အရင်က တိုက်ပွဲဝင်လယ်သမားတွေနဲ့ အတူနေ၊ အတူတိုက်ပွဲဝင်ဖို့ သွားခဲ့ကြသူ ရဲဘော်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ အခုလည်း ဖြူနှင်းထွေးတယောက် ပေါ်ထွက်ခဲ့ပြီ။ မလုံလောက်သေးဘူး။ အခု ပိုစတာကိုင် ဆန္ဒပြသူ လူငယ်တွေ အမျိုးသမီးတွေ ထပ်မံ ပေါ်ထွက်လာနေပြီ။

အခု ဖြူနှင်းထွေး ရုံးချိန်း ဆန္ဒပြပွဲတွေမှာ ကျောင်းသားတွေ၊ အခြေခံလူတန်းစား ပြည်သူတွေ၊ လယ်သမားတွေ လက်တွဲမိပြီ။ ဗကသ နဲ့ လူထု ဝမ်ပေါင်ကုမ္ပဏီရှေ့ သွားရောက်ဆန္ဒပြလိုက်တာဟာ လယ်သမားအရေးမှာ ကျောင်းသားထုပါဝင်လက်တွဲတာကို နောက်တဆင့်တက် ဖော်ပြလိုက်တာပဲ။

ကမ္ဘာပေါ်က ဘယ်တော်လှန်ရေးတိုက်ပွဲမဆို အစပိုင်းမှ သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေက အစချီခဲ့တာချည်း ဖြစ်တယ်။ သေးငယ်တဲ့ လှုပ်ရှားမှုလေးတွေ ပေါင်းစည်းမိပြီး အင်အားစုစည်းမိလာတဲ့အခါ တော်လှန်တိုက်ပွဲဝင်မှုတွေ အရေးအခင်းကြီးတွေ ဖြစ်ပေါ်လာတာပဲ။

ဒါပေမဲ့ သေးငယ်တဲ့ တိုက်ပွဲတွေဟာ သူ့အလိုအလျောက် ပေါင်းစည်းသွားမှာတော့ မဟုတ်ဘူး။ စည်းရုံးရမယ်။ စုစည်းရမယ်။ အဲသလို စည်းရုံးစုစည်းဖို့ တော်လှန်မှန်ကန်တဲ့ အတွေးအခေါ်တရပ်က ခေါင်းဆောင်မှု ပေးနိုင်တာတော့ ရှိရမယ်။

တော်လှန်မှန်ကန်တဲ့ အတွေးအခေါ်ကို ပြည်သူလူထုကြီးက ဆုပ်ကိုင်လာမိရင် မိုးအောက်မြေပြင်မှာ အပြောင်းအလဲတွေ ဖော်ဆောင်လာနိုင်မယ်ဆိုတာ ယုံကြည်ရင် ကြိုးစားစည်းရုံးသွားကြဖို့ပဲ။

ဒီကနေ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေမှာ တိုင်းပြည်ကို ကယ်တင်နိုင်မယ့်၊ တိုင်းပြည်ကောင်းကျိုး ဆောင်ကြဉ်းနိုင်မယ့် မူဝါဒနဲ့ လမ်းစဉ် ရှိရမယ်ဆိုတဲ့ အချက်ကို ထောက်ပြလာကြတယ်။ မှန်တယ်။ ဘယ်တိုင်းပြည်မှာမဆို တော်လှန်သူတွေဟာ ကိုယ့်တိုင်းပြည်ကို ကယ်တင်နိုင်မယ့် ဝါဒလမ်းစဉ်နဲ့ လမ်းကြောင်းကို ကျားကုပ်ကျားခဲ ရှာဖွေခဲ့ရတာချည်းပဲ။ ဒီနေ့ ဗမာပြည်မှာ နိုင်ငံရေးအင်အားစုအားလုံးလိုလို အဲသလို မူဝါဒ လမ်းစဉ်တွေ မရှိဘူးလို့ သိမ်းကျုံးပြောလို့တော့ မရဘူး။ ကိုယ့်မူဝါဒ လမ်းစဉ်နဲ့ ကိုယ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတချို့ ရှိတာကိုလည်း အသိအမှတ်ပြုဖို့ လိုတယ်။

အဓိကအချက်ကတော့ တော်လှန်မှန်ကန်တဲ့ အတွေးအခေါ်လက်နက်ကို ပြည်သူလူထုထံ ပေးအပ်နိုင်ရေးဖြစ်တယ်။ တော်လှန်မှန်ကန်တဲ့အတွေးအခေါ်ဟာ လူထုအတွက် လွတ်မြောက်ရေးလမ်းကြောင်းကို ညွှန်ပြနိုင်တဲ့ အတွေးအခေါ်ကို ဆိုလိုတာ ဖြစ်တယ်။ ဒါအတွက် နိုင်ငံရေးအင်အားစုတွေမှာ တာဝန်ရှိတယ်။ ဦးသိန်းစိန် စစ်အစိုးရရဲ့ မှိုင်းတိုက်မှုအောက်မှာ မျောပါဝေဝါးနေမှာလား။ အဲသလို ထိုင်းမှိုင်းတွေဝေတဲ့ အတွေးအခေါ်တခုကို အချိန် ကြည်ရှည်ကြာမြင့် ဖက်တွယ်ထားလေ တပြည်လုံးက ပြည်သူလူထုကြီးအတွက် နစ်နာဆုံးရှုံးမှုတွေ ပိုကြီးလေပဲ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်၊ ပြည်သူတွေ ဆင်းရဲမွဲတေစွာ အဖိနှိပ်ခံနေရတဲ့ တိုင်းပြည်မှာ အရေးအခင်းတခုအတွင်း လူထုသေကျေဆုံးရှုံးတဲ့ ဒုက္ခထက် နေ့စဉ်တတိတိ သေကျေဆုံးရှုံးနေမှုတွေက အချိန်ကြာမြင့်လာတာနဲ့အမျှ ပိုမိုကြီးမား၊ ပိုမိုအရေအတွက် များပြားလာတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေက အတိအလင်း ဖော်ပြနေပြီ။

အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ အခြေခံလူတန်းစားနဲ့ ပြည်ချစ်ပုဂ္ဂိုလ်များ ပိုမိုညီညွတ် စည်းရုံးသွားကြဖို့ လိုတယ်။ စစ်အစိုးရရဲ့ မဟာဗမာ လူမျိုးကြီးဝါဒကို အဓိကထား တိုက်ပွဲဝင်ရင်း အဖိနှိပ်ခံ ဗမာပြည်သူတွေနဲ့ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေ လက်တွဲပေါင်းစည်းဖို့ လိုတယ်။

ယင်းမာပင် ပေါင်းစည်းညီညွတ်မှုမှသည် ပိုမိုကြီးမားတဲ့ ပေါင်းစုမှုကြီးအဖြစ် စုစည်းနိုင်စေဖို့ နိုင်ငံရေးအင်အားစုများ ကျားကုပ်ကျားခဲ လုပ်ဆောင်သွားဖို့ လိုအပ်နေတဲ့ အချိန်ပဲ။ တိုးပွားလာတဲ့ မျိုးဆက်သစ်များကို တိုက်ပွဲအတွင်း ပြုစုပျိုးထောင်ရေး လုပ်ရမှာ ဖြစ်သလို တိုက်ပွဲဝင်မျိုးဆက်များ ပြတ်တောက်မသွားရေးနဲ့ တဗိုလ်ကျ တဗိုလ်တက် ဆက်လက်တိုက်ပွဲဝင်သွားနိုင်ရေးအတွက်လည်း ကြိုတင်မြော်မြင်စီစဉ်ထားဖို့ လိုအပ်ပါတယ်။

ကိုယ်ရင်ဆိုင်နေရတဲ့ ရန်သူဟာ ဖက်ဆစ်အဆန်ဆုံး၊ အကောက်ကျစ်ဆုံး၊ အရက်စက်ဆုံးရန်သူ ဖြစ်တယ်ဆိုတာတော့ အမြဲသတိပြုသင့်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *