ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)(ထွန်းဇင်အောင်)

By | April 24, 2021

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)—-ထွန်းဇင်အောင်

၁၉၀၆ ခု စက်တင်ဘာ ၃၀ ရက်စွဲဖြင့် Proletary, No. 5 မှာပါရှိတဲ့ လီနင်ရဲ့ Guerrilla Warfare ‘ပြောက်ကျားစစ်’ ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။

ပြောက်ကျားစစ်ဆင်ရေးကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရော၊ အလုပ်သမားတွေရော အတော်လေး စိတ်ဝင်စားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အလွတ်သဘောလည်း အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ။ အခု ကျွန်တော်တို့ ကတိပြုခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့အမြင်တွေကို ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့တင်ပြပါရစေ။

အပိုင်း (၁)အစကပဲ စပြောကြရအောင်။ တိုက်ပွဲပုံစံတွေနဲ့ဆိုင်တဲ့ပြဿနာအပေါ် လေ့လာဆန်းစစ်မှုနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒီတိုင်း တောင်းဆိုရမယ့် အခြေခံတောင်းဆိုချက်တွေက ဘာတွေလဲ။ ပထမဆုံးပြောချင်တာက မာ့က်စ်ဝါဒအနေနဲ့ အရင့်အရင်ရှိခဲ့သမျှ ဆိုရှယ်လစ်အမြင်တွေနဲ့ မတူကွဲပြားတာက အရေးတော်ပုံကို တိုက်ပွဲပုံစံတခုမဟုတ်တခုနဲ့ အသေချည်နှောင်မထားဘူးဆိုတဲ့အချက်ဖြစ်တယ်။ အမျိုးအမည်အစုံလင်ဆုံး တိုက်ပွဲပုံစံတွေကို အသိအမှတ်ပြုတယ်။ မာ့က်စ်ဝါဒက ဒီတိုက်ပွဲပုံစံတွေကို “နည်းနာဖော်စပ်ပေးတာ” မလုပ်ပဲ၊ တော်လှန်တဲ့လူတန်းစားတွေရဲ့ အရေးတော်ပုံကာလမှာပေါ်ထွက်လာတဲ့ အဲဒီတိုက်ပွဲပုံစံတွေကို ခြုံငုံသုံးသပ်ပေးတာ၊ စုစည်းစီစဉ်ပေးတာ၊ အသိရှိရှိဦးတည်သင့်တဲ့ လမ်းကြောင်းမှန် ညွှန်ပြတာတွေပဲ လုပ်ပါတယ်။ မာ့စ်ဝါဒက အကောင်အထည်မဲ့ ဖော်မြူလာတွေမှန်သမျှ၊ တရားသေလမ်းညွှန်တွေမှန်သမျှကို လုံးဝဆန့်ကျင်ပြီး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်အတွင်းရှိ လူထုတိုက်ပွဲအပေါ် အာရုံစိုက်အလေးထားတဲ့ သဘောထားအမြင်ကို တောင်းဆိုတယ်။

အရေးတော်ပုံ ဖြစ်ပေါ်တိုးပွားလာတာနဲ့အမျှ၊ လူထုရဲ့ လူတန်းစားအသိ မြင့်မားလာတာနဲ့အမျှ၊ စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေ သည်းသန်လာတာနဲ့အမျှ လူထုတိုက်ပွဲက ခုခံကာကွယ်ရေးနဲ့တိုက်ခိုက်ရေး နည်းနာအသစ်တွေ၊ အမျိုးစုံလင်တဲ့နည်းနာတွေ ဖန်တီးလိမ့်မယ်။ ဒါကြောင့် မာ့က်စ်ဝါဒက ဘယ်တိုက်ပွဲပုံစံကိုမှ မပစ်ပယ်ဘူး။ ကာလတခုမှာသာ ဖြစ်နိုင်တဲ့၊ ရှိနေတဲ့တိုက်ပွဲပုံစံတွေကို ဘယ်တော့မှ ဖက်တွယ်မထားဘူး။ လူမှုအခြေအနေပြောင်းလဲတာနဲ့ လတ်တလော တိုက်ပွဲထဲမှာရှိသူတွေ မသိသေးတဲ့ တိုက်ပွဲပုံစံအသစ်တွေ ဧကန်မုချ ပေါ်ထွက်လာမှာကိုလက်ခံတယ်။

ဒီကိစ္စမှာတော့ မာ့က်စ်ဝါဒက လူထုလက်တွေ့ကနေ ‘သင်ယူတယ်’လို့ ကျွန်တော်တို့ ပြောနိုင်တယ်။ စာအုပ်ပုံတွေကြားမှာ ဧကစာရီကျင့်နေရင်း “စနစ်တကျဖြစ်အောင်လုပ်သူတွေ” ရဲ့ တီထွင်ထားတဲ့ တိုက်ပွဲပုံစံတွေအကြောင်း လူထုကို ‘သင်ပေးဖို့’ မရပ်ခံဘူး။ ဥပမာ – နောင်လာမယ့်ပဋိပက္ခက ကျွန်တော်တို့ အခုကြိုမသိနိုင်တဲ့ တိုက်ပွဲပုံစံအသစ်တွေ မိတ်ဆက်ပေးလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်လို့ ကောက်စ်ကီးက လူမှုတော်လှန်ရေးပုံစံတွေကို လေ့လာတုန်းက ပြောဖူးတယ်။

ဒုတိယအနေနဲ့ တိုက်ပွဲပုံစံတွေနဲ့ပတ်သက်လို့ မာ့က်စ်ဝါဒက လုံးဝဥသုံကို သမိုင်းရေးသဘောဆန်တဲ့ လေ့လာဆန်းစစ်မှုကိုလုပ်ဖို့ တောင်းဆိုတယ်။ ဒီကိစ္စကို အခိုင်အမာ သမိုင်းအခြေအနေကနေခွဲထုတ်ပြီး ကိုင်တွယ်တာဟာ အနုပဋိလောမရုပ်ဝါဒ အခြေခံတွေကို နားမလည်တာပဲ ဖြစ်တယ်။ စီးပွားရေးဖြစ်ပေါ်တိုးပွားမှု အဆင့်အမျိုးမျိုးမှာ နိုင်ငံရေး၊ အမျိုးသားယဉ်ကျေးမှု၊ ဘဝရှင်သန်ရပ်တည်ရေးနဲ့ တခြားအခြေအနေတွေ အမျိုးမျိုးပေါ်မူတည်ပြီး တိုက်ပွဲပုံစံအမျိုုးမျိုး ရှေ့ရောက်လာကာ အဓိကတိုက်ပွဲပုံစံတွေ ဖြစ်လာပါတယ်။ တဆက်တည်းမှာ ဒုတိယတန်းစားနဲ့ အရန်တိုက်ပွဲပုံစံတွေကလဲ လိုက်လျောညီထွေ ပြောင်းလဲပါတယ်။

အရေးတော်ပုံတရပ်ရဲ့ ဖြစ်ထွန်းတိုးတက်မှု အဆင့်တခုမဟုတ်တခုမှာရှိတဲ့ ယင်းရဲ့အခိုင်အမာအခြေအနေကို အသေးစိတ် လေ့လာဆန်းစစ်မှုမပြုဘဲ ဘယ်တိုက်ပွဲနည်းနာကို သုံးမလဲဆိုတဲ့မေးခွန်းကို ယတိပြတ်အဖြေပေးဖို့ ကြိုးစားတာဟာ မာ့က်စ်ဝါဒ ရပ်တည်ချက်ကို လုံးဝစွန့်လွှတ်လိုက်တာ ဖြစ်တယ်။

အထက်ဖော်ပြပါတွေကတော့ ကျွန်တော်တို့ကို လမ်းညွှန်ထိန်းကျောင်းမယ့် အဓိက သဘောတရားရေး အဆိုပြုချက်နှစ်ခု ဖြစ်ပါတယ်။ အခုပြောခဲ့တာတွေ မှန်ကန်ကြောင်းအတည်ပြုထားတဲ့ မရေမတွက်နိုင်တဲ့သာဓကတွေ အနောက်ဥရောပ မာ့က်စ်ဝါဒသမိုင်းမှာ ရှိပါတယ်။ မျက်မှောက်ကာလမှာ ဥရောပ ဆိုရှယ်ဒီမိုကရေစီက ပါလီမန်လမ်းအတိုင်းလိုက်မှုနဲ့ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုကို အဓိကတိုက်ပွဲပုံစံတွေအဖြစ် သဘောထားတယ်။ အရင်က အုံကြွပုန်ကန်မှုကို လက်ခံခဲ့တယ်။ နောင်လည်း အခြေအနေတွေ ပြောင်းလဲရင် အဲဒီနည်းကိုလက်ခံဖို့ အတော်လေးပြင်ဆင်ထားတယ်။ ရုရှားကဒက်တွေနဲ့ ဘက်ဇာဂလတ်ဇီ (ကဒက်တပိုင်း မင်ရှီဗစ်တပိုင်း ရုရှားဓနရှင်ပညာတတ်အုပ်စု) လို လစ်ဘရယ်ဓနရှင်တွေရဲ့ အမြင်တွေအတိုင်း လိုက်မရပ်ခံပါဘူး။ ဆိုရှယ်ဒီမိုကရေစီက ၁၈၇၀ ခုနှစ်များမှာ အထွေထွေသပိတ်ကို လူ့အဖွဲ့အစည်းရဲ့ ပဋိပက္ခမှန်သမျှ ဖြေရှင်းနိုင်မယ့် နည်းနာအဖြစ်၊ ဆိုလိုတာက ဓနရှင်လူတန်းစားကို တချက်တည်းနဲ့အလဲထိုးမယ့် နိုင်ငံရေးနည်းမဟုတ်တဲ့ နည်းနာအဖြစ် လက်မခံဘူး။ ဒါပေမဲ့ လူထုနိုင်ငံရေးသပိတ်ကိုတော့ ‘တစုံတရာ’ အခြေအနေတွေမှာ မုချလိုအပ်တဲ့ တိုက်ပွဲနည်းနာ ‘တခု’ အဖြစ် (အထူးသဖြင့် ၁၉၀၅ ခုနှစ် ရုရှားအတွေ့အကြုံ နောက်ပိုင်းမှာ) လုံးဝလက်ခံတယ်။

၁၈၄၀ ခုနှစ်များမှာ လမ်းပေါ်ခံတပ်တိုက်ပွဲကို လက်ခံတယ်။ ၁၉ ရာစုအကုန်မှာတော့ တိကျခိုင်မာတဲ့ အကြောင်းအရင်းတချို့ကြောင့် အဲဒါကို လက်မခံဘူး။ ဒါပေမဲ့ ဒီဒုတိယအမြင်ကို ပြန်သုံးသပ်ပြင်ဆင်ဖို့နဲ့ ကောက်စ်ကီးရဲ့စကားနဲ့ပြောရရင် ခံတပ်တိုက်ပွဲ နည်းပရိယာယ်အသစ်တွေကိုစတင်လိုက်တဲ့ မော်စကိုအတွေ့အကြုံနောက်ပိုင်းမှာ ခံတပ်တိုက်ပွဲရဲ့အားသာချက်ကိုဝန်ခံဖို့ လုံးဝအဆင်သင့်ရှိမှုကို ပြခဲ့တယ်။ ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၁)

Leave a Reply

Your email address will not be published. Required fields are marked *